← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁) ငါ မင်းကို ယုံကြည်တယ်

ချူးယွင်ဖန်းက ဤစကားကို လေးလေးနက်နက် ပြောလိုက်ခြင်းဖြစ်သည်။ သူသည် ဤဆေးကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ရမည်ဆိုလျှင် ရှေးဦးစွာဖြင့်၊ အခြားလူများတွင်မရှိသော မရေတွက်နိုင်သည့် ဆေးဖော်စပ်မှု အတွေ့အကြုံနှင့် ညီမျှသော ဆေးဧကရာဇ်၏ မှတ်ဉာဏ်များက သူ့ကို ပံ့ပိုးထားသည်။ ဒုတိယအနေဖြင့် ချူးယွင်ဖန်းသည် ကျရှုံးမှုကို မည်သို့မျှ လက်ခံမည်မဟုတ်ပေ။ ဆေးဘုရင်က အများဆုံးအခွင့်အရေး ၃၀% ရှိသည်ဟု ပြောခြင်းသည် ကျရှုံးမှုသည် အောင်မြင်မှုထက် များစွာမြင့်မားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် ဆေးဘုရင်အတွက် ဖော်စပ်ရန် ကျရှုံးခဲ့သော ဆေးများစွာထဲမှတစ်ခု ဖြစ်နိုင်သည်။

သို့သော် ကျန်းယွမ်ပင်အတွက် သူ၏တစ်သက်တာတွင် နတ်အဆင့် သို့ တက်လှမ်းနိုင်ခွင့်ရှိမရှိဟူသော အခွင့်အရေးတစ်ခုသာ ဖြစ်နိုင်သည်။ ပြီးနောက် ချူးယွင်ဖန်း၏နောက်ဆက်တွဲအစီအစဥ်များ အောင်မြင်နိုင်ခြင်းရှိမရှိဟူသော အခွင့်အရေးလည်းဖြစ်နိုင်၏။

ထို့ကြောင့် ချူးယွင်ဖန်းက ဆေးဘုရင်ကို အခွင့်အရေးပေးမည်မဟုတ်ပေ။

"ဟားဟားဟား။ မင်းက တကယ့်ကို အရူးပဲ။ ဆေးဘုရင်က ပြည်ထောင်စုမှာ နံပါတ်တစ် ဆေးပညာရှင်ဆိုတာကို မသိတဲ့သူ ဘယ်သူမှမရှိဘူး။ သူတောင် အောင်မြင်နိုင်နှုန်း ၃၀% ပဲရှိတာကို မင်းက ၇၀% ရှိတယ်လို့ ပြောရဲတယ်"

ကျန်းယွမ်ပင်က ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ သူသည် အပြည့်အဝ ရယ်မောပြီးသည်နှင့် သူ၏အမူအရာ ပြန်လည်လေးနက်သွား၍ ပြောလိုက်သည်။

"ဒါပေမယ့် ချူးယွင်ဖန်း၊ မင်းပြောတာကို ငါယုံတယ်။ မင်းက ဒီလိုကိစ္စတွေနဲ့ ပတ်သက်လာပြီး ပေါက်ကရပြောမယ့် လူမျိုးမဟုတ်ဘူးဆိုတာ ငါသိတယ်။ ပြီးတော့ မင်းက နတ်အဆင့် မွန်းစတားရဲ့ အူတိုင်နဲ့ ပတ်သက်ပြီး နောက်ပြောင်မှာ မဟုတ်ဘူး။ နတ်အဆင့်ကို တက်လှမ်းချင်တဲ့ မင်းရဲ့ ဆန္ဒက ငါ့လိုပဲ ပြင်းထန်လွန်းတယ်”

အကယ်၍သာမန်လူတစ်ဦးက ၎င်းတို့သည် ဆေးဘုရင်ထက် သာလွန်သည်ဟုဆိုခဲ့လျှင် ကျန်းယွမ်ပင်၏ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းတို့၏ အဖွားဖြစ်သူ၏အိမ်သို့ ပြန်ရောက်သည်အထိ ရိုက်ထုတ်လိုက်ခြင်းသာဖြစ်ပေလိမ့်မည်။ ၎င်းသည် ဖြစ်နိုင်ချေမရှိသော စကားများဖြစ်သည်။ ထိုလူများသည် လိမ်လည်သူများဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေလိမ့်မည်။ သို့သော် ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းက ဟာသအဖြစ်ပြောမည့် အကြောင်းအရင်းတစ်ခုကိုပင် ရှာမတွေ့သောကြောင့် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်ဟု ထင်မှတ်ထားသည်။

ချူးယွင်ဖန်းက ဤမျှပြင်းထန်စွာ တောင်းဆိုနေလျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေမည်ဖြစ်ရာ၊ မိမိတွင်လည်း အကြောင်းပြချက်ရှိသည်။ ချူးယွင်ဖန်းက နတ်အဆင့် မွန်းစတား၏အူတိုင်ကို ဤသို့အလောင်းအစားအဖြစ် ပြုလုပ်ရဲလျှင် ၎င်းသည် ကျရှုံးမည့် လုပ်ငန်းစဉ်မဟုတ်ပေ။ ဤကိစ္စတွင် ၎င်းတို့နှစ်ဦးစလုံး၏ အကျိုးစီးပွားသည် တူညီသော ကဏ္ဍတွင်ရှိသောကြောင့် ခြားနားမှုရှိမည်မဟုတ်ပေ။

"ဟုတ်တယ် ကျွန်တော်က အရူး။ ဆရာကျန်းကလွဲပြီး ကျွန်တော့်ကို တခြားဘယ်သူမှ ယုံကြမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။

ချူးယွင်ဖန်းသည်လည်း ကျန်းယွမ်ပင်က မိမိကို ယုံကြည်နိုင်ခြင်းရှိမရှိကို အလောင်းအစားပြုလုပ်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဝရှိသော်လည်း မိမိတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ ရှိနေသည်ကို ကျန်းယွင်ပင်က မသိပေ။ သို့သော် သူသည် သဘောတူညီမှုရရှိရန် ကျန်းယွမ်ပင်၏ယုံကြည်မှုကို အားကိုးရန် ရွေးချယ်ခဲ့သည်။

ဤကဲ့သို့ ယုံကြည်မှု ရရှိခဲ့ခြင်းသည် ချူးယွင်ဖန်းကို အလွန်စိတ်လှုပ်ရှားစေ၏။

"ငါက မင်းကိုယုံကြည်ဖို့ ရွေးချယ်ခဲ့မှတော့ သံသယတွေဖြစ်နေလို့ အသုံးမဝင်မှာမဟုတ်ဘူး။ မင်းရထားတဲ့ ဆေးပညာအမွေအနှစ်တွေထဲမှာ လူတစ်ယောက်ကို နတ်အဆင့်ထိ အဆင့်ဖြတ်ကျော်နိုင်မယ့် ဆေးဖော်မြူလာမျိုးပါလား" ကျန်းယွမ်ပင်က လေးနက်စွာ မေးမြန်းလိုက်သည်။

မူလက ကျန်းယွမ်ပင်သည် ဆေးလုံးကို ဖော်စပ်ရန်အတွက် ဆေးဘုရင်ကို ရှာဖွေချင်ခဲ့သည်။ ဆေးဘုရင်၏ ဆေးပညာ မြင့်မားသောအဆင့်မှလွဲလျှင် အခြားအရေးကြီးသော အချက်တစ်ခုရှိနေသေးသည်။ ကျန်းယွမ်ပင် သိရှိထားရသလောက် အောင်မြင်နိုင်သည့် သာဓကများရှိဖူးသည့် ဆေးဖော်မြူလာမျိုးသည် ဆေးဘုရင်တွင်သာရှိနေသည်။ အခြားသော ဆေးပညာရှင်ကြီးများတွင်၊ ၎င်းနှင့် သက်ဆိုင်သည့် ဆေးဖော်မြူလာမျိုး ပိုင်ဆိုင်ထားခြင်း မရှိချိန်တွင် အောင်မြင်မည်ဟု မည်သို့မျှ ယူဆနိုင်မည်နည်း။

ဆေးဖော်မြူလာများသည် လက်ဝါးကြီးအုပ်ထားခံရသော အရင်းအမြစ်များထဲမှ တစ်မျိုးဖြစ်သည်။ အထူးသဖြင့် လတ်တလော တိုးတက်လာသော ပြည်ထောင်စု၏ ဆေးပညာအရှိန်အဟုန်နှင့် ကြည့်လျှင်၊ ဤကဲ့သို့သော ဆေးဖော်မြူလာမျိုးသည် အဖိုးမဖြတ်နိုင်သော အရာတစ်ခုဟုဆိုလျှင်လည်း မှားယွင်းမည်မဟုတ်ပေ။

ကျန်းယွမ်ပင်သည် အခြားလူများက မည်သို့တွေးတောကြသည်ကို မသိသော်လည်း ဤဆေးဖော်မြူလာမျိုးသည် မိမိအတွက် အဖိုးတန်ဆုံးသောအရာဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်းများသည် ဒုတိယအဖိုးတန်ဆုံး ပစ္စည်းများဖြစ်သည်။ သို့သော် ဆေးဖက်ဝင်ပစ္စည်းများသည် ချူးယွင်ဖန်းအတွက် အဖိုးတန်ဆုံးအရာများဖြစ်သည်။ နောက်ဆက်တွဲ ဆေးဖက်ဝင်ပစ္စည်းများက တန်ဖိုးကြီးလှသောကြောင့် ဆေးဖော်မြူလာသည်သာ ချူးယွင်ဖန်းအတွက် အသက်သာဆုံး အရာဖြစ်သည်။ သူ့တွင် ယခင်အချိန်က ဆေးဧကရာဇ် စုဆောင်းခဲ့သည့် ဆေးဖော်မြူလာမျိုးစုံရှိနေသည်။

"ဟုတ်ပါတယ်။ နတ်စွမ်းအင်ဖြည့်တင်းဆေးလို့ခေါ်တဲ့ ဆေးဖော်မြူလာမျိုးကို ကျွန်တော်သိထားတယ်။ အဲ့ဆေးက ဆရာကျန်းကို နတ်အဆင့်ထိ အဆင့်ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဆရာရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ခွန်အားအရဆိုရင် အဆင့်ဖြတ်ကျော်ဖို့ အခွင့်အလမ်းက ၇၀ ကနေ ၈၀ရာခိုင်နှုန်းအထိ ရှိတယ်”

ချူးယွင်ဖန်းသည် ၎င်းကို အာမခံနိုင်ခြင်းမရှိပေ၊ မည်သည့်ဆေးဝါးမျိုးနေဖြစ်ပါစေ ၎င်းတို့၏အာနိသင်သည် အထောက်အကူပြုရန်သာဖြစ်သည်။ ၁၀၀% သေချာမှုဖြင့် အခြားလူများကို အဆင့်ဖြတ်ကျော်ရန် ကူညီပေးနိုင်မည် မဟုတ်ပေ။ နောက်ဆုံးရလဒ်ကို အဆုံးအဖြတ်ပေးနိုင်မည့်အရာသည် လူကိုယ်တိုင်သာဖြစ်သည်။

“ဒီလောက်ဆို လုံလောက်တယ်။ အခုလက်ရှိ ငါ့အခြေအနေနဲ့ဆိုရင် အဆင့်ဖြတ်ကျော်ဖို့ ၁၀% တောင် မရှိဘူး။ ဒီနတ်စွမ်းအင်ဖြည့်တင်းဆေးက အဆင့်ဖြတ်ကျော်ဖို့အတွက် ၇၀-၈၀% လောက် အခွင့်အရေးရစေမယ်ဆိုရင် ဒီလောက်နဲ့ လုံလောက်နေပြီ” ကျန်းယွမ်ပင်က အလွန်ပျော်ရွှင်နေသည့် ပုံစံမျိုးဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

ကျန်းယွမ်ပင်သည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းရှိခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူသည် နတ်အဆင့်သို့ အဆင့်ဖြတ်ကျော်ခြင်းနှင့် ပတ်သက်သော အချက်အလက်များကို အစောပိုင်းတွင် စတင်စုဆောင်းခဲ့သည်။ သူ သိရှိထားသည်များအရ၊ ဆေးဘုရင်ပိုင်ဆိုင်ထားသော ဆေးဖော်မြူလာ၏ ဆေးသည်၊ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လျှင်ပင် ၎င်းကို သောက်သုံးပြီးနောက် ၃၀% မှ ၄၀% အထိသာ အဆင့်ဖြတ်ကျော်နိုင်စေရန် အခွင့်အလမ်း ရရှိမည်ဖြစ်သည်။

ဤသို့ဆိုလျှင်ပင် ၎င်းသည် မရေတွက်နိုင်သော လူများက အပူတပြင်းတောင်းတနေသော နတ်ဆေးတစ်မျိုးဖြစ်သည်။ နတ်အဆင့်သို့ အဆင့်ဖြတ်ကျော်ရခြင်းသည် အလွန်ခက်ခဲသည်။ ၎င်းသည် ကောင်းကင်ကို တတ်လှမ်းရခြင်းကဲ့သို့နှယ် ခက်ခဲလွန်းလှသည်။

တစ်ချိန်တည်း၌ပင် ကျန်းယွမ်းပင်သည် ထိုကဲ့သို့သော အမွေအနှစ်မျိုးကို ပိုင်ဆိုင်ထားသည့် ချူးယွင်ဖန်းက ရတနာတစ်ခုကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိထားသည်။ ၎င်း၏တန်ဖိုးသည် စိတ်ကူးမယှဉ်နိုင်လောက်အောင် အလွန်ကြီးမားသည်။ ဤကိစ္စသာ ပျံ့နှံ့သွားလျှင် အကျိုးဆက်ကို မှန်းဆ၍ ရနိုင်မည်မဟုတ်ပေ။

'နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားနဲ့ ယှဉ်ရင် ဒီဆေးပညာအမွေအနှစ်တွေကမှ ပိုပြီးတန်ဖိုးကြီးသေးတယ်'

ကျန်းယွမ်ပင်သည် နတ်အဆင့်သို့ အဆင့်ဖြတ်ကျော်ပြီးသည်နှင့် ချူးယွင်ဖန်းကို အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ ထိုအချိန်သို့ မရောက်မီ သတိထား၍ ပြုမူနေထိုင်ရပေလိမ့်မည်။

“ဒီအကြောင်းတွေကို တခြားလူတွေကို မပြောပြတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီစကားတွေ ထွက်လာရင် ပြည်ထောင်စုတက္ကသိုလ်ကတောင် မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”

စကားတစ်ခွန်းမျှ ထွက်ပေါ်လာသည်နှင့် ကမ္ဘာပေါ်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအားလုံး ရူးသွပ်သွား၍ ချူးယွင်ဖန်းဆီ လာရောက် ပြဿနာရှာကြပေလိမ့်မည်။ ထိုသို့သော ဆေးဖော်မြူလာကို ပိုင်ဆိုင်သော ချူးယွင်ဖန်း၏တန်ဖိုးသည် တိုင်းတာ၍ မရနိုင်အောင် မြင့်မားလွန်း၏။ ထိုသို့သောအချိန်တွင်၊ စွန့်စားမှုပြုလုပ်ခြင်းသည် လူအများအတွက် သာမန်ဖြစ်စဉ်သာ ဖြစ်ပေလိမ့်မည်။

"ကျွန်တော် နားလည်ပါတယ်။ ဒီကိစ္စကို ဆရာကျန်းကလွဲရင်၊ ကျွန်တော် ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ပါဘူး"

ချူးယွင်ဖန်းသည်လည်း ကျရောက်နိုင်သော အန္တရာယ်များကို ကောင်းမွန်စွာ နားလည်ထားသည်။ ဤသတင်းများထွက်လာသည်နှင့် ပြည်ထောင်စုတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည်အထိ ရုန်းရင်းဆန်ခတ်ကိစ္စများ ဖြစ်ပေါ်သွားမည်မှာ သေချာသည်။ မိမိ၏ အလုံအလောက် ကြံ့ခိုင်မှုမရှိသေးသော အခြေအနေတွင် ဤကိစ္စကို ဖော်ထုတ်ခြင်းက သင့်လျော်သော အပြုအမူမဟုတ်ပေ။ ချူးယွင်ဖန်းက သူ၏အကြံဉာဏ်ကို လက်သင့်ခံကြောင်း သိရှိရသည့်အတွက် ကျန်းယွမ်ပင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“နောက်ဆုံးတော့ မင်းဆီက အကူအညီကို လက်ခံရလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး”

“ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး။ ကျင့်ကြံခြင်းလမ်းစဉ်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီနိုင်မှသာ ကြီးမြတ်တဲ့တာအိုရဲ့ တစ်ဖက်ကမ်းကို ရောက်ရှိနိုင်မှာမဟုတ်လား"

"ဟားဟား၊ ငါက မင်းလောက် သေသေချာချာ အမြင်မကျယ်ခဲ့ဘူးကွာ" ကျန်းယွမ်ပင်က သူ၏ခေါင်းကို ခါယမ်း၍ ရယ်မောလိုက်သည်။

“ဒီနတ်စွမ်းအင်ဖြည့်တင်းဆေးက ဘယ်လို ဖြည့်စွက်ဆေးဖက်ဝင်ပစ္စည်းတွေ လိုအပ်တာလဲ။ ငါ့ကို စာရင်းပေးထား။ ငါရနိုင်သမျှ အကုန်ရောင်းချပြီး ရှာကြည့်ထားမယ်။ ငါတို့ ဆရာ တပည့်နှစ်ယောက်ရဲ့ အနာဂတ်က ဒီဆေးအပေါ်မှာ မူတည်တယ်"

"ကောင်းပါပြီ"

ချူးယွင်ဖန်းသည် ဆေးဖက်ဝင်စာရင်းများကို ကျန်းယွမ်ပင်ဆီသို့ အမြန်ပေးလိုက်သည်။ ၎င်းသည် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများ၏ စာရင်းဖြစ်၍ ဆေးဖော်မြူလာ၏ ပင်မလျှို့ဝှက်ချက်သည် ၎င်းနှင့်သက်ဆိုင်မှု မရှိသောကြောင့် အခြားလူတစ်ဦးက မြင်တွေ့ခဲ့လျှင်ပင် အရာရောက်မည်မဟုတ်ပေ။ စာရင်းကိုလက်ခံပြီးနောက် ကျန်းယွမ်ပင်သည် နေရာတွင် တုံ့ဆိုင်းမနေခဲ့ပေ။ သူ၏ မျက်နှာပြင်သည် ငြိမ်သက်နေပုံရသော်လည်း အမှန်တကယ် စိတ်လှုပ်ရှားနေ၏။ သူသည် ၎င်းကိုပြင်ဆင်ရန် အလျင်အမြန် ထွက်ခွာသွားသည်။

ကျန်းယွမ်ပင်သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းများစွာကြာ ပိတ်မိနေခဲ့သည်။ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း အဆင့်ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့သေးပေ။ ယခုကဲ့သို့ အခွင့်အရေးရရှိလာချိန်တွင် ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို စုဆောင်းရန် အချိန်ခဏပင် မစောင့်နိုင်တော့ပေ။ အဆင့်ဖြတ်ကျော်ရန် အခွင့်အလမ်းသည် သူ၏အရှေ့တွင် ရှိနေပြီဖြစ်သည်။

အခန်း (၅၇၂) သာမန်မဟုတ်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ

ကျန်းယွမ်ပင်ကို လိုက်ပို့ပေးပြီးနောက်တွင် ချူးယွင်ဖန်းက အပေါ်ထပ်သို့ တက်သွားခဲ့သည်။ ကျန်းယွမ်ပင် ပြောခဲ့သည့်အတိုင်း ဤညီလာခံ၏ ဆုကြေးများသည် ခွဲထုတ်ပြီးဖြစ်သည်။ ငွေသားများကိုလည်း ချူးယွင်ဖန်း၏ အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။

အဓိကအရာများသည် နက္ခတ်ဂိုဏ်း၏ အစာရှောင်ဆေးများဖြစ်သည်။ နက္ခတ်ဂိုဏ်း၏ အစာရှောင်ဆေး တစ်ထောင်ကျော်သည် ချူးယွင်ဖန်းကို အချိန်အတော်ကြာမျှ အားဖြည့်ပေးနိုင်ရန် လုံလောက်မည်ဖြစ်သည်။ ဤအစာရှောင်ဆေးများသည် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများအတွက်ပင် အလွန်အကျိုးရှိသော အရာများဖြစ်သည်။ ၎င်းတို့သည် စွမ်းအင်ထောက်ပံ့မှုကို အာမခံနိုင်ရုံသာမက ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကိုလည်း လျှော့ချပေးနိုင်သည်။ ထို့ကြောင့် မရီးဒျန်သန့်စင်ခြင်းအဆင့်် ကျွမ်းကျင်သူများအတွက်၊ ပို၍ပင် အာနိသင်ရှိသော ဆေးမျိုးဖြစ်သည်။ ပထမဆုအပြင် မွေးဖွားခြင်းနယ်မြေအဆင့် ဆေးလည်း ရှိနေသေးသည်။ ဤရိုးရှင်းသော မွေးဖွားခြင်းနယ်မြေအဆင့် ဆေးသည် အခြားသူများအတွက် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းရန် လုံလောက်မည် ဖြစ်သော်လည်း ချူးယွင်ဖန်းအတွက် မဖြစ်နိုင်မည် မဟုတ်ပေ။

နက္ခတ်ဂိုဏ်း၏ အစာရှောင်ဆေးများကို တောင်မြစ်ပန်းချီကားထဲတွင် သိမ်းဆည်းပြီးနောက် ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့် ဆေးလုံးကို သူ၏လေ့ကျင့်ရေးအခန်းထဲသို့ ယူဆောင်သွားခဲ့သည်။ သူသည် ၎င်းကို ရေနှင့်စိမ်ပြီးနောက် ရေဇလုံခြောက်လုံးဖြင့် ခွဲထုတ်လိုက်သည်။ သန့်စင်သော ဆေးဖက်ဝင်စွမ်းအင်များ အတွင်းမှ စိမ့်ထွက်လာသောကြောင့် လေ့ကျင့်ရေးအခန်းတစ်ခုလုံး ဆေးဖက်ဝင် အမွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။

၎င်းသည် ချူးယွင်ဖန်းအတွက် အသုံးမဝင်သော်လည်း၊ မွေးဖွားခြင်းနယ်မြေဆေးအစစ်အမှန် ဖြစ်နေဆဲဖြစ်သည်။ ထို့နောက် ချူးယွင်ဖန်းက ချန်ရှန်နှင့် အခြားသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကိုယ်ရံတော် ခြောက်ဦးကို ဆင့်ခေါ်လိုက်သည်။ တန်းစီလျက် မတ်တပ်ရပ်နေကြသော လူခြောက်ဦးသည် စစ်တပ်မှ လာခဲ့ကြသူများဖြစ်သည်။ အမျိုးသားများ၊ အမျိုးသမီးများ ပါဝင်ကြ၍ ၎င်းတို့အားလုံးတွင် အလွန်ရဲရင့်သော ကိုယ်ရောင်ကိုယ်ဝါများရှိနေသည်။

"သခင်လေးချူး" ၎င်းတို့ခြောက်ဦးက တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။

“ကောင်းပြီ။ ချန်ရှန်၊ ကျွန်တော်အရင်က ပြောခဲ့တာကို မင်း သူတို့အားလုံးကို ပြောပြပြီးပြီလား"

"ဟုတ်ကဲ့ သခင်လေးချူး" ချန်ရှန်က ခေတ္တ အံ့အားသင့်သွားပြီးနောက်၊ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ မိမိကိုယ်ကိုယ် ထိန်းချုပ် ဟန့်တားနိုင်ရုံမျှသာ ပြုလုပ်နိုင်သော ချန်ရှန်၏မျက်နှာတွင် အလွန်စိတ်လှုပ်ရှားသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။ ကျန်းယွမ်ပင်က မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းများစွာကြာ ရပ်တန့်နေခဲ့သကဲ့သို့ ဤလူများသည်လည်း မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းများစွာကြာ ရပ်တန့်နေခဲ့ရသည်။ ၎င်းတို့တွင် အဆင့်ဖြတ်ကျော်ရန် အခွင့်အရေးဟူ၍ မည်သည့်အချိန်ကမှ မရှိခဲ့ပေ။

၎င်းတို့သည် စစ်တပ်မှထွက်ခွာကာ ကိုယ်ရံတော်များအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ၎င်းတို့မိသားစုကို ထောက်ပံ့ပေးရန်အပြင်၊ အခြား အရေးကြီးဆုံးအချက်မှာ ငွေကြေးများစုဆောင်း၍ မွေးဖွားခြင်းနယ်မြေအဆင့် ဆေးဝါးများ ဝယ်ယူနိုင်ရန်ဖြစ်သည်။ သို့မှသာ ၎င်းတို့တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အဆင့်ဖြတ်ကျော်ရန် အခွင့်အလမ်းရှိမည်ဖြစ်သည်။ အဆင့်ဖြတ်ကျော်ပြီးသည်နှင့် ၎င်းတို့၏ အဆင့်အတန်းသည်လည်း လုံးလုံးလျားလျား ကွဲပြားသွားပေလိမ့်မည်။

ချန်ရှန်ပြောသော စကားများ၏ အဓိပ္ပာယ်ကို နားလည်ကြသော တခြားသူများက အလွန်စိတ်လှုပ်ရှားနေကြသည်။ ချူးယွင်ဖန်းက မည်ကဲ့သို့ လုပ်ဆောင်မည်ကို ၎င်းတို့မသိသော်လည်း ဤနေရာတွင် အချိန်အတော်ကြာမျှ နေထိုင်ပြီးနောက် ချူးယွင်ဖန်းက အပျော်အပြက် စကားများပြောမည့်လူ မဟုတ်ကြောင်းကို ၎င်းတို့က သဘောပေါက် နားလည်ထားကြသည်။ ဤသို့သော ကိစ္စများနှင့် ပတ်သက်လျှင် ပို၍ပင် အပျော်အပြက်ပြောမည့်မဟုတ်သည့်အပြင် ပြောရန်လည်း လိုအပ်မည်လည်း မဟုတ်ပေ။

“ခင်ဗျားတို့ အားလုံး ခန့်မှန်းပြီးသားဖြစ်မယ် ထင်တယ်။ အခု ကျွန်တော် ပြောချင်တာက အရင်က ချန်ရှန်ကိုလည်း ပြောခဲ့ဖူးတဲ့ ခင်ဗျားတို့ကို မွေးဖွားခြင်းနယ်မြေအဆင့်ကို အဆင့်ဖြတ်ကျော်ဖို့ ကူညီပေးမယ့် ကိစ္စပဲ"

ဤသတင်းကိုကြားသိသော အခြားလူများအားလုံးက အလွန်စိတ်လှုပ်ရှားနေကြသည်။

“ဒါပေမယ့် ခင်ဗျားတို့ကို အဆင့်ဖြတ်ကျော်ဖို့ မကူညီခင် ကျွန်တော့်ဘက်က အကျည်းတန်တဲ့ စကားမျိုးတော့ အရင်ပြောရမယ်။ ဒီလောကမှာ အလကားရတဲ့ နေ့လယ်စာဆိုပြီး မရှိဘူး၊ ခင်ဗျားတို့အားလုံးက တုံးအတဲ့လူတွေ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်က အလကား ကူညီပေးမယ်ပြောရင်တောင် ခင်ဗျားတို့လည်း ယုံမှာမဟုတ်ဘူး"

လူတိုင်းက ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းကာ သဘောတူ ခေါင်းညိတ်လိုက်ကြသည်။

“စျေးနှုန်းက ခင်ဗျားတို့ရဲ့လက်ရှိကုမ္ပဏီကနေထွက်ပြီး ကျွန်တော့်ကုမ္ပဏီကို စိတ်ရင်းနဲ့ ဝင်လာဖို့ပဲ။ ကျွန်တော့် နာမည်အောက်မှာ ဆေးကုမ္မဏီတစ်ခုရှိတယ်ဆိုတာ ခင်ဗျားတို့ သိပြီးသားဖြစ်မှာပါ။ အဲ့ကုမ္ပဏီမှာ လုံခြုံရေးဌာနတစ်ခု တည်ထောင်ရင် ခင်ဗျားတို့အားလုံးကို ကိုယ်ရံတော်တွေအဖြစ် ခန့်အပ်မယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ အဓိကတာဝန်က ကျွန်တော့်မိသားစုကို ကာကွယ်ဖို့ပဲ။ ကျွန်တော်တို့ဆီကနေ ထွက်လို့လည်း မရသလို သစ္စာဖောက်လို့လည်းမရဘူး"

"သဘောတူတယ်ဆိုရင် ခင်ဗျားတို့အားလုံးကို အဆင့်ဖြတ်ကျော်ဖို့ ကျွန်တော် ကူညီပေးမယ်"

“ဒါပေမယ့် အမျိုးကောင်းသားထက်စာရင် ကျွန်တော်က ဗီလိန်ဖြစ်ရတာ ပိုကြိုက်တယ်။ ဒါက ကြိုပြီးသတိပေးထားတာ။ မွေးဖွားခြင်းနယ်မြေအဆင့်ကို အဆင့်ဖြတ်ကျော်နိုင်သွားတာနဲ့ ကျွန်တော့်ကို သစ္စာဖောက်နိုင်မယ်လို့ထင်ရင် အမှားကြီးမှားသွားလိမ့်မယ်။ ကျွန်တော်က ပြည်ထောင်စုတက္ကသိုလ်မှာ ၀င်ခွင့်ရခဲ့တဲ့အပြင် ပြည်ထောင်စုတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်လည်း ဖြစ်တယ်။ ကြိုးစားကြည့်လို့ရတယ် ဒါပေမယ့် အောင်မြင်မယ်တော့ မထင်နဲ့"

"သခင်လေးချူးက ကျွန်တော်တို့ကို မွေးဖွားခြင်းနယ်မြေအဆင့်ကို အဆင့်ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တာကပဲ ကျွန်တော်တို့အတွက် ကံဆိုးခြင်းထဲက ကောင်းချီးတစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က သခင်လေးချူးကို သစ္စာဖောက်ရဲရင် အဲ့ဒီ့လူကို သတ်ပစ်ဖို့ ကျွန်တော် ဝန်လေးနေမှာ မဟုတ်ပါဘူး” ချန်ရှန်က သူ၏ရင်ဘတ်ကို ပုတ်လျက် ကတိပြုလိုက်သည်။

ဤအခိုက်အတန့်တွင် ကောင်းမွန်စွာ မထမ်းဆောင်လျှင် ချူးယွင်ဖန်းက ၎င်းတို့၏ ခွဲတမ်းကို အလေးမထားမည်ကို စိုးရိမ်ကြသော အခြားလူများသည်လည်း စတင်ပြောလာကြသည်။ အလွန်အကျွံ စိတ်လှုပ်ရှားနေခြင်း မဟုတ်သော်လည်း ဤခွဲတမ်းသည် ၎င်းတို့အတွက် အလွန်အရေးပါသော အရာဖြစ်သည်။ မွေးဖွားခြင်းနယ်မြေနှင့် မရီးဒျန်သန့်စင်ခြင်းအဆင့်တို့ကြားက ခြားနားချက်သည် ပါးလွှာသော မျဉ်းတစ်ကြောင်းမျှသာဖြစ်သော်လည်း ၎င်းသည် လူ့အဖွဲ့အစည်း၏ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့ကြားက ကွာခြားချက်ဖြစ်သည်။

ချူးယွင်ဖန်းကြောင့်သာ မဟုတ်လျှင် ၎င်းတို့ဘဝတစ်ခုလုံးတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ခြေချရန် အခွင့်အရေးဟူ၍ ရှိလာမည် မဟုတ်ပေ။ ဤအရာသည် ၎င်းတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သည်။ ချူးယွင်ဖန်းမှလွဲ၍ ၎င်းတို့ကို ပြုစုပျိုးထောင်ရန် မည်သူက ဤမျှ အင်အားစိုက်ထုတ်မည်နည်း။ အဆုံးတွင်၊ ၎င်းတို့ကဲ့သို့ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူအများအပြား မရှိသော်လည်း အရေအတွက်နည်းသည်ဟုလည်း မဆိုနိုင်ပေ။ တိုးတက်စေမည့် အလားအလာမရှိလျှင် ၎င်းတို့သည်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ရန်သာ ချန်ရစ်ခြင်းခံရပေလိမ့်မည်။

ထိုဘဏ္ဍာရေးကုမ္ပဏီကြီးများ၊ မိသားစုကြီးများနှင့် ဂိုဏ်းခွဲကြီးများသည် ၎င်းတို့၏ ကြွယ်ဝမှုနှင့် အရင်းအမြစ်များကို မိမိတို့အတွက် အသုံးချမည် မဟုတ်ပေ။

"ကောင်းပြီ"

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ ဤလူများနှင့် တစ်နှစ်ကြာ အလုပ်လုပ်ကိုင်နေသော ချူးယွင်ဖန်းသည် ၎င်းတို့က ယုံကြည်စိတ်ချရသူများဖြစ်ကြောင်း သိရှိထားသည်။ မဟုတ်လျှင် ရွှယ်ပိုင်လုံက မိမိကို ၎င်းတို့နှင့် မိတ်ဆက်ပေးမည် မဟုတ်သည့်အပြင်၊ မိမိသည်လည်း ၎င်းတို့ကို အဆက်ဖြတ်ကျော်နိုင်စေရန် အခွင့်အရေးပေးမည် မဟုတ်ပေ။ တည်ငြိမ်သမုဒ္ဒရာ၏ ဌာနခွဲခေါင်းဆောင်ပြောသည့်စကားအရ မွန်းစတားဂိုဏ်းသည် တစ်စုံတစ်ခုကို ပြုလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်ကြောင်းကို ချူးယွင်ဖန်းသိထားသည်။ ချူးယွင်ဖန်းကို လက်အောက်ခံအဖြစ် တွန်အားပေးနိုင်ရန်အတွက် သူ၏မိသားစုဝင်များသည် သူ၏ အကြီးမားဆုံးသော အားနည်းချက်ဖြစ်သည်။

ယခင်က ချူးယွင်ဖန်း ပြသခဲ့သည့်တန်ဖိုးကိုအခြေခံလျှင် နတ်ဆိုးဂိုဏ်းက မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးမျှသာ တိုက်ခိုက်ရန် စေလွှတ်မည်ဖြစ်သည်။ သို့သော် သူ့တွင် အူတိုင်နှင့် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားတို့ ရှိနေသောကြောင့် သူ၏တန်ဖိုးသည် ရုတ်ခြည်း တိုးမြင့်လာခဲ့သည်။ အကယ်၍ မွန်းစတားဂိုဏ်းက နောက်တစ်ကြိမ် ထပ်မံလှုပ်ရှားလိုပါက၊ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို စေလွှတ်ရန် အလားအလာရှိနေသည်။

ပြီးနောက် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ငွေကြေးဖြင့် ငှားရမ်း၍ မရနိုင်သည့်အပြင် လိုအပ်သလို ငှားရမ်း၍လည်း ရနိုင်မည်မဟုတ်ပေ။ ငွေကြေးအများအပြား အသုံးပြုလျှင် ထိရောက်မှုရှိနိုင်သော်လည်း ချူးယွင်ဖန်းတွင် ထိုကဲ့သို့ အငွေကြေးအမြောက်အမြား မရှိပေ။

ထို့ကြောင့် ချူးယွင်ဖန်းတွင် အခြားရွေးချယ်စရာမရှိပေ။ သူသည် အချိန်များစွာကြာ တွေးတောပြီးနောက် အခြားနည်းလမ်းများဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ရရှိနိုင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ၎င်းသည်သာ အယုံကြည်ရဆုံးသော နည်းလမ်းဖြစ်ပေလိမ့်မည်။

"ချန်ရှန်၊ ဒီဆေးရည်ကို လာသောက်လိုက်"

ချန်ရှန်သည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီးနောက် မဆိုင်းမတွဘဲ မွေးဖွားခြင်းနယ်မြေအဆင့် ဆေးလုံးပါဝင်သည့် ဆေးရည်ကို သောက်သုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ ကြီးမားသည့် ဆေးဖက်ဝင် စွမ်းအင်များစွာ စိမ့်ဝင်လာသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် စွမ်းအင်အရှိန်အဟုန်များအဖြစ် ပြောင်းလဲ၍ ပြင်းထန်စွာ လည်ပတ်နေတော့သည်။ ဆေးများကို ခြောက်ပိုင်းခွဲခြားထားသော်လည်း ၎င်း၏ဆေးဖက်ဝင်စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။

"တင်ပျဉ်ခွေထိုင်ပြီး မင်းရဲ့ စွမ်းအားတွေကို လည်ပတ်လိုက်" ထိုအခြေအနေကို မြင်သော ချူးယွင်ဖန်းက ချက်ချင်း ပြော၏။

ချန်ရှန်သည် နှောင့်နှေးမနေဘဲ လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ချ၍ စွမ်းအင်လည်ပတ်မှုကို လမ်းညွှန်ရန် သူ၏စွမ်းအင်များကို လှည့်လည်လိုက်သည်။ တခြားလူများက တစ်ဦးကို တစ်ဦး ကြည့်နေကြသည်။ ချန်ရှန်သည် အဖွဲ့ကို ဦးဆောင်သူဖြစ်ရာ၊ သူအောင်မြင်ခြင်း မအောင်မြင်ခြင်းသည် ချူးယွင်ဖန်းအပေါ်ထားရှိသော ၎င်းတို့၏ယုံကြည်မှု မည်မျှရှိသည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

အသံကျယ်ကျယ် မပြောကြသော်လည်း ၎င်းတို့၏နှလုံးသားထဲတွင် သံသယအချို့ ရှိနေသေးသည်။ အဆုံးတွင်မူ မျက်စိဖြင့် မြင်နိုင်မှသာ ယုံကြည်ကြရမည်ဖြစ်၏။

အခန်း (၅၇၃) မွေးဖွားခြင်းနယ်မြေအဆင့်များကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်း

ချန်ရှန်က မွေးဖွားခြင်းနယ်မြေအဆင့်သို့ အမှန်တကယ် ဝင်ရောက်သွားခြင်းကို မြင်မှသာလျှင် ၎င်းတို့၏ စိုးရိမ်မှုကို ဖယ်ရှားနိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းကို ယုံကြည်သော်ငြားလည်း ဤအချက်ကို အတည်ပြုရမည်ဖြစ်သည်။ ချန်ရှန်သည် အဆင့်ဖြတ်ကျော်ရာတွင် အတွေ့အကြုံ မနည်းလှပေ။ ထိုဆေးရည်ကို သောက်သုံးပြီးနောက် ၎င်းတွင် အလွန်ထိတ်လန့်ဖွယ်ရာ ဆေးဖက်ဝင် အာနိသင်များပါရှိနေသည်ကို မစဥ်းစားလျှင်ပင် သူ သိလိုက်ရသည်။

ဆေးရည်၏ ဆေးအာနိသင် ပမာဏသည် အလွန်ကြီးမား၍ ချက်ချင်းပင် ပျံ့နှံ့သွားသည်။

အတွေ့အကြုံ ကြွယ်ဝသော ချန်ရှန်သည် သူ၏ ရန်နှင့်တုမရီးဒျန်များထံသို့ ဆေးဖက်ဝင်အာနိသင်များကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။ အကယ်၍ သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်မှ မွေးဖွာခြင်းနယ်မြေအဆင့်သို့ အဆင့်ဖြတ်ကျော်လိုပါက ကောင်းကင်နှင့် မြေကြီးတံတားကို ဖွင့်လှစ်ရမည်ဖြစ်သည်။ ၎င်းအချက်သည် ရန်နှင့်တုမရီးဒျန်များကို ဖွင့်လှစ်နိုင်ရန်ဖြစ်သည်။ ထိုအချိန်မှစ၍ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်သွား၍ ၎င်း၏ ခွန်အားကို တိုက်ရိုက် အသုံးချနိုင်မည်ဖြစ်သည်။

သို့သော် သူသည် ရန်နှင့်တုမရီးဒျန်များကို အဆင့်ဖြတ်ကျော်ရန် ကြိုးစားခဲ့သည်မှာ တစ်ရက် နှစ်ရက်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုးတက်မှုမရှိသေးသော်လည်း ရေဇလုံထဲမှ ဆေးစွမ်းရည်သည် ကောင်းကင်နှင့် မြေကြီးတံတားကို လုံးလုံးလျားလျား ဖွင့်လှစ်ရန် လုံလောက်မည် မဟုတ်ကြောင်း သူသိထားသည်။ သူသည် သေးငယ်သော တစ်စိတ်တစ်ပိုင်းမျှသာ ဖွင့်နိုင်ခဲ့သည်။ သူ၏တစ်နှစ်တာ ကြိုးစားအားထုတ်မှု ရလဒ်နှင့်ယှဉ်လျှင် အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်သော်လည်း အသုံးဝင်မှုနည်းပါးဆဲဖြစ်သည်။

ထိုအချိန် ချန်ရှန်က ချူးယွင်ဖန်း အသုံးပြုမည့်နည်းလမ်းကို ခန့်မှန်းရန် ကြိုးစားနေစဉ်တွင် သူသည် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချန်ရှန်၏ နောက်ကျောကို အကြိမ်အနည်းငယ် နှိပ်လိုက်သည်။ သူ၏လက်ချောင်းသည် ချန်ရှန်၏ အကြောတစ်ခုပေါ်ကိုသို့ ဖိနှိပ်လိုက်သည်။ ချန်ရှန်သည် သူ၏ခန္ဓာကိုယ် အနှံ့တွင် ဖြန့်ကျက်နေသည့် စွမ်းအင်များအားလုံး စုစည်းသွားခြင်းကို ချက်ခြင်း ခံစားလိုက်ရသည်။ ပြီးနောက် ကြောက်မက်ဖွယ် ဆေးအာနိသင်များသည် ရန်နှင့်တုမရီးဒျန်များတို့ကို အပြင်းအထန် တိုက်ခိုက်ကြသည်။

ဤခံစားချက်သည် အလွန် ပြင်းထန်လွန်းလှသဖြင့် သူ၏မရီးဒျန်များအတွင်းရှိ ဖိအားများသည် ချန်ရှန်သည်းခံနိုင်သော ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သည်။ သူသည် ယခင်အချိန်က သူ၏စွမ်းအင်များကို စုစည်းခဲ့သော်လည်း ယခုကဲ့သို့ စုစည်းခဲ့ဖူးခြင်း မရှိပေ။ သူ၏ စွမ်းအင်အားလုံးသည် ခန္ဓာကိုယ်အနှံ့တွင် ဖြန့်ကျက်နေခဲ့သောကြောင့် ချန်ရှန်သည် ၎င်းကို ပြုလုပ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့ကို ချက်ချင်း စုရုံးရန် ဖြစ်နိုင်သော်လည်း၊ ၎င်းတို့အားလုံးကို စုစည်းခြင်းသည် လက်တွေ့ဆန်မည် မဟုတ်ပေ။ သူ၏အာရုံများကို လွှဲပြောင်း၍ ထိန်းချုပ်ရမည်ဖြစ်သောကြောင့် ၎င်းသည် ဖြစ်နိုင်ခြေမဲ့သော လုပ်ငန်းစဉ်ဖြစ်သည်။

သို့သော် ချန်ရှန်၏နောက်ကျောရှိ အကြောများကို အနည်းငယ်ဖိနှိပ်ရုံဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီစွမ်းအင်များအားလုံး အလိုအလျောက် စုဆောင်းလာကြသည်။ ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအင်လှိုင်းတစ်ခု ထပ်မံ ဝင်ရောက်လာခြင်းကို ခံစားလိုက်ရသည်။ သူသည် ရန်နှင့်တုမရီးဒျန်များကို တိုက်ခိုက်ရန် သူ၏ချီစွမ်းအင်များကို ထိန်းချုပ်ခဲ့သည်။

ဆေးအာနိသင်မှ ဖြစ်ပေါ်လာသော စွမ်းအင်များ စတင်ကုန်ဆုံးလာချိန်တွင် အဆက်မပြတ် ထပ်မံ ဖြည့်တင်းနေခဲ့သည်။ ၎င်းသည် ရန်နှင့်တုမရီးဒျန်များကို ပိုမိုပြင်းထန်သော အရှိန်နှုန်းဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ သူ၏အနောက်ရှိ ချူးယွင်ဖန်း၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့လာသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များ လျင်မြန်စွာ စီးဆင်းနေခဲ့သည်။ ချူးယွင်ဖန်းသည် ရန်နှင့်တုမရီးဒျန်များကို တိုက်ခိုက်ရန် ချန်ရှန်၏ ချီစွမ်းအင်များကို အနောက်မှ လမ်းပြနေသောကြောင့်ဖြစ်သည်။

ဤသည်မှာ အထူးပြုလုပ်ထားသော နည်းပညာတစ်ခုဖြစ်သည်။ ရှေးဟောင်းလူသားများကာလတွင် ပညာရှင်များသည် ဆော်လမွန်ငါး ရေဆန်ကူးခပ်နေသည့်နှယ် ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် အရေအတွက် အလွန်များပြားခဲ့ကြရာ၊ ကျင့်ကြံရန် နည်းလမ်းအမျိုးမျိုးကို တီထွင်ခဲ့ကြသည်။ ၎င်းတို့အနက် သွေးလည်ပတ်မှု ဖြတ်တောက်ခြင်းဟုခေါ်သော တရားမဝင် သိုင်းပညာတစ်ခုရှိခဲ့သည်။ ဤသိုင်းပညာသည် လူတစ်ဦး၏ ခန္ဓာကိုယ်ရှိ မရီးဒျန်အများစုကို ပိတ်ဆို့စေ၍ မရီးဒျန် အနည်းငယ်ကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။

၎င်းသည် ရုတ်တရက် ပိတ်ဆို့သွားသော လမ်းမကြီးတစ်ခုနှင့် ဆင်တူသည်။ လမ်းအနည်းငယ်သာ အသုံးပြုနိုင်သောကြောင့် ကားများအားလုံးက ဖွင့်လှစ်ထားသော လမ်းများဆီသို့သာ ကူးပြောင်းသွားလာကြမည်သည်။ ၎င်းသည် အသုံးပြုသူ၏ ချီစွမ်းအင် လမ်းညွှန်မှုနှင့်အတူ ရန်နှင့်တုမရီးဒျန်များကို တိုက်ခိုက်နိုင်ရန် စွမ်းအင်များအားလုံးကို ဆွဲဆောင်နိုင်သောကြောင့် ၎င်း၏အောင်မြင်နိုင်ခြေနှုန်းကိုလည်း တိုးမြင့်လာစေသည်။

ချန်ရှန်သည် သူ၏စွမ်းအင်များကို ကိုယ်တိုင်ကိုယ်ကျ ဖြန့်ကျက်၍ စုရုံးနိုင်မည် မဟုတ်ပေ။ သူ၏ စွမ်းအင်များကို တစ်ပြိုင်နက်တည်း ဖြန့်ကျက်မည်ဆိုလျှင်ပင် သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် အောင်မြင်မှု အခွင့်အလမ်းသည် သိသိသာသာ လျှော့ချသွားစေလိမ့်မည်။

ယခု ချန်ရှန်၏ စွမ်းအင်သည် မွေးဖွားခြင်းနယ်မြေအဆင့် ဆေးရည်တွင်ပါရှိသည့် အစွမ်းထက် ဆေးအာနိသင်များ၏ အကူအညီဖြင့် ခန္ဓာကိုယ်အနှံ့ အပြည့်အဝ ပျံ့နှံ့နေခဲ့ရာ၊ သူ၏ ယခင်က ပြုလုပ်နိုင်ခြင်းမရှိသည့် အဆင့်ဖြတ်ကျော်စွမ်းများ လွန်စွာ တိုးမြင့်လာ၍ ထောပတ်ကို ပူပြင်းသောဓားတစ်ချောင်းက လှီးဖြတ်နေသကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့်သို့ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိသွားပေလိမ့်မည်။

၎င်းသည် ချန်ရှန်က မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသောကြောင့်ဖြစ်သည်။ သူ၏ အားနည်းချက်သည် ရန်နှင့်တုမရီးဒျန်များကို ဖွင့်လှစ်ခြင်းတွင်သာဖြစ်သည်။ အကယ်၍ ၎င်းသည် သာမန်အဆင့် မရီးဒျန်သန့်စင်ခြင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပါက၊ သူ၏မရီးဒျန်ကို လုံးလုံးလျားလျား ဖွင့်လှစ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ မရီးဒျန်များသည် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်သောကြောင့် ၎င်းတို့၏ မရီးဒျန်များကို ဖိနှိပ်ချိန်တိုင်း သေဆုံးသွားနိုင်သည်။ ချန်ရှန်သည် ဤအခြေခံအုတ်မြစ်ကြောင့်သာ အောင်မြင်မှုသို့ ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက ၎င်းကို ပေါ့ဆစွာ မလုပ်ဆောင်ခဲ့ပေ။

လည်ပတ်မှုတစ်ခုပြီး တစ်ခု၊ အချိန်တစ်ခုပြီး တစ်ခု ကြာမြင့်ပြီးနောက်တွင်၊ မူလက အနှိုင်းမဲ့ ခိုင်ခံ့သော ရန်နှင့်တုမရီးဒျန်များက အဆုံးတွင် လှစ်ဟမှု အရိပ်အယောင်များ ပြသလာခဲ့သည်။ ချန်ရှန်၏မျက်နှာတွင် နာကျင်မှုအမူအရာတစ်ခု ဦးစွာပေါ်ပေါက်လာပြီးနောက် ချီစွမ်းအင်သည် သူ၏မရီးဒျန် တစ်လျှောက်သို့ ပျံ့နှံ့သွားခဲ့သည်။ မကြာမီတွင် သူ၏ ရန်နှင့်တုမရီးဒျန်များအပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခြင်းကို ခံစားလိုက်ရ၍၊ သူ၏မျက်နှာတွင် ကြည်နူးသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

မြင်ကွင်းတစ်ခုလုံးသည် အချိန်ခဏကြာမျှ ထူးဆန်းနေခဲ့သည်။ ၎င်းတွင် ပျော်ရွှင်မှုနှင့် နာကျင်မှုများ ရောယှက်နေခဲ့သည်။ ၎င်းဖြစ်စဉ်ကို အခြားသော ကိုယ်ရံတော်ငါးဦးက မြင်တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးသည် အသက်ရှုနှုန်းကို ထိန်းသိမ်း၍ အာရုံစူးစိုက်နေကြရာ၊ မျက်တောင်ခတ်ခြင်းကိုပင် ရပ်တန့်စေလိုသည့် ဆန္ဒရှိပုံပေါ်သည်။

အခြားနာကျင်ရသူမှာ ချူးယွင်ဖန်းသာ ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတွင်း သူသည် သူ၏ချီစွမ်းအင်ကို အဆက်မပြတ် လမ်းညွှန်ရန် အသုံးပြုခဲ့သည်။ ၎င်းသည်ချီစွမ်းအင် သုံးစွဲမှုနှုန်း အလွန်မြင့်မားသောကြောင့် ပို၍ အင်အားကြီးသည့် အကြီးအကဲတစ်ဦးက လုပ်ဆောင်ခဲ့သင့်သော လုပ်ငန်းစဉ်ဖြစ်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံခြင်းအဆင့်သည် ချန်ရှန်တမျှ မမြင့်မားသော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိနေသည့် ချန်ရှန်ထက် အဆများစွာ ပိုနက်ရှိုင်းခဲ့သည်။ ထို့ကြောင့်သာ ၎င်းကို ထိန်းနိုင်ရုံမျှ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုသည် ချန်ရှန်၏ခန္ဓာကိုယ်မှ ဗုံးတစ်လုံးကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။ အချိန်အတော်ကြာအောင် ဖိနှိမ်ခံထားရသော ချန်ရှန်သည် အဆုံးတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် စုစည်းထားသော ချီစွမ်းအင်များသည် လေ့ကျင့်ရေးအခန်း၏ အထက်တွင် စုဝေးနေကြသည်။ ၎င်းသည် မရေတွက်နိုင်သည့် တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၍ ချန်ရှန်၏ အသက်ရှူသံနှင့်အတူ လှုပ်ရှားနေကြသည်။

ကျန်ရှိနေသော ကိုယ်ရံတော်ငါးဦးက အံသြသွားကြသည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ဖူးခြင်း မရှိသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ချိန်တွင် ဖြစ်ပေါ်သည့် မြင်ကွင်းကို ကောင်းမွန်စွာ နားလည်ထားကြရာ၊ ၎င်းသည် ထိုသို့သော မြင်းကွင်းမျိုးဖြစ်သည်။

လူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးတံတားကို ဖွင့်လှစ်ပေး၍ ၎င်း၏မရီးဒျန်များသည် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်မည်ဖြစ်သည်။ ထို့ကြောင့်သာ စွမ်းအင်များက လူ့ခန္ဓာကိုယ်၏ လှုပ်ရှားမှုများအတိုင်း ပြောင်းလဲကြခြင်းဖြစ်သည်။

ပြီးနောက် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များကို အာရုံခံရုံမျှသာ ပြုလုပ်နိုင်သော မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် မတူသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက ၎င်းစွမ်းအင်များကို လုံးလုံးလျားလျား စုပ်ယူနိုင်ကြသည်။ ထို့ကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင်သည် အဆုံးမရှိသည့်အပြင် ၎င်းကို ဖြတ်တောက်နိုင်ခြင်းလည်း မရှိသလောက်နည်းပါးသည်။

၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးရှိ စွမ်းအင်ကို အချိန်မရွေး ငှားရမ်း၍ လွှမ်းမိုးနိုင်ခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် အဆင့်တစ်ခုသို့ ရောက်ရှိချိန်တွင် ကောင်းကင်နှင့်မြေကြီးရှိ စွမ်းအားကိုပင် အပြည့်အဝ အသုံးချကာ မယုံနိုင်ဖွယ်ကောင်းသော အရာအားလုံးကို လုပ်ဆောင်၍ ကျွမ်းကျင်မှု အမျိုးမျိုးကို ဖန်တီးနိုင်မည်ဖြစ်သည်။

"သူ တကယ် အောင်မြင်သွားပြီ"

ကျန်ရှိနေသော ငါးဦးသည် အလွန် အံ့အားသင့်သွားပြီးနောက် ကြည်နူးပျော်ရွင်နေကြသည်။ ချန်ရှန်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အောင်မြင်စွာ အဆင့်ဖြတ်ကျော်ပြီးသည်နှင့် လျင်မြန်စွာ လှည့်၍ ဒူးထောက်ချလိုက်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးချူး။ အနာဂတ်မှာ သခင်လေးပေးမယ့် အမိန့်မှန်သမျှကို မတွန့်မဆုတ်ဘဲ တာဝန်ထမ်းဆောင်ပါ့မယ်"

အနည်းငယ် မောပန်းနွမ်းနယ်နေပုံပေါ်သော ချူးယွင်ဖန်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ခေတ္တ အနားယူပြီးသည်နှင့် ဒုတိယတစ်ယောက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ဒီတစ်ခါ ခင်ဗျားအလှည့်"

All Chapters