အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အခန်း (၅၈၀) ဘယ်သူက ငါ့ကို ဆန့်ကျင်ရဲတာလဲ
သူ၏ အင်အားကြီးမားသည့် စကားလုံးများကို ကြားလိုက်ရသော ရှောင်ဟေးနှင့် အခြားလူများက ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။
အထူးသဖြင့် ထျန်ချန်နှင့် ရှောင်းဝူတို့သာဖြစ်သည်။ ချူးယွင်ဖန်းသည် လည်း ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားတစ်ဦးဖြစ်နေကြောင်းကို ၎င်းတို့ မသိခဲ့ကြသော်လည်း သခင်လေးဝမ်သည် ပြည်ထောင်စုတက္ကသိုလ်၏ကျောင်းသား စစ်စစ်တစ်ဦးဖြစ်ကြောင်း ၎င်းတို့ သိထားကြသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် ဝင်ခွင့်ရရုံသာရှိသေးချိန်တွင် ၎င်း၏ကျောင်းသား အများအပြားကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ထုံးစံအတိုင်း သူသည် ဤကိစ္စကို အာရုံစိုက်ထားခြင်းမရှိပေ။ သို့သော် သာမန်လူများအတွက်မူဤအချက်ကို ဖော်ပြနေခြင်းက ကြီးစွာသော အဟန့်အတားဖြစ်သည်။
ပဒေသရာဇ်ခေတ်ကဆိုလျှင် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများသည် အနှစ်သက်ခံရဆုံးသော ပုဂ္ဂိုလ်များဖြစ်မည်မှာ သေချာသည်။ ၎င်းတို့သည် ဧကရာဇ်မင်းမြတ်၏ တပည့်များဟု ပြောခြင်းသည် ချဲ့ကားပြောခြင်းမဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်က ဘွဲ့ရပြီးနောက် ပြည်ထောင်စု၏ သမ္မတဖြစ်ခဲ့သူမှာ တစ်ဦး နှစ်ဦးထက်မက ပိုမို များပြားသည်။ လူဦးရေပေါင်း သန်းဆယ်နှင့်ချီရှိနေသည့် တည်ငြိမ်သမုဒ္ဒရာမြို့ကဲ့သို့ နေရာမျိုးတွင်ပင် ပြည်ထောင်စုတက္ကသိုလ်သို့ နှစ်စဉ် ဝင်ရောက်နိုင်သူမှာ အရေအတွက် အများအပြား မရှိလှပေ။
ဤလူတစ်ဦးသည် အင်အားကြီးမားသည့် နောက်ခံအသိုင်းအဝိုင်းရှိသည်ဟုဆိုလျှင် ၎င်းသည် အာဏာရှင်များအနက် ပို၍ပင် အာဏာရှင်ဆန်သူဟု ဆိုနိုင်သည်။ မည်သူမျှ ၎င်းကို ရန်စဝံ့မည်မဟုတ်ပေ။ ၎င်းတို့ကဲ့သို့သော သာမာန်လူများသည် ဤသို့သောလူမျိုးများကို ရှောင်ကြဉ်ရပေလိမ့်မည်။ ၎င်းကို ရန်စရန်အတွက် မိမိတို့တွင် အင်အားအလုံအလောက်ရှိမည် မဟုတ်ပေ။
“ရှောင်ဟေး၊ နောက်နေ့ကစပြီး နင့်အဲ့ကုမ္ပဏီမှာ ဆက်နေလို့မဖြစ်တော့ဘူး။ တတ်နိုင်သလောက် မြန်မြန်သာ ထွက်တော့၊ ဒါမှ လင်ကျန်းရှန် နင့်ကို ထပ်ပြီး လှည့်စားလို့မရမှာ” ရှောင်းဝူက ပြော၏။
“ဟုတ်တယ်။ အလွန်ဆုံးမှ စာချုပ်ဖောက်ဖျက်မှုနဲ့ လျော်ကြေးပေးရတာပဲရှိမှာ။ မဟုတ်ရင် အနှေးနဲ့အမြန် သူ နင့်ကို အခွင့်ကောင်းယူဖို့ လုပ်လိမ့်မယ်"
ထျန်ချန်က ခေါင်းညိတ် သဘောတူလိုက်သည်။
ထိုအချိန်တွင် ရှောင်ဟေး၏ မျက်နှာအမူအရာ နက်မှောင်စပြုလာသည်။ ဤကိစ္စသည် ပြေလည်နေသည်ဟု ထင်မြင်ရသော်လည်း ၎င်းသည် လက်တွေ့တွင် အစပျိုးရုံသာ ရှိသေးသည်။ ကုမ္ပဏီ၏သူဌေးကို မနာခံခြင်းသည် အနာဂတ်နေ့ရက်များ လွယ်ကူမည်မဟုတ်ကြောင်း မည်သူမဆို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။
“ဒီကောင်က ဘာမဆို လုပ်နိုင်တဲ့လူမျိုး။ နင် သတိထားမှဖြစ်မယ်” ချူးချင်ရွှမ်က သတိပေးလိုက်သည်။
၎င်းတို့အားလုံးသည် ပြဿနာမဖြစ်ပေါ်စေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆွေးနွေးနေကြရာ၊ ချူးယွင်ဖန်း၏ စကားများကို နှလုံးသွင်းထားပုံ မပေါ်ပေ။ အင်တာနက် ဆယ်လီလုပ်ငန်းနှင့် စောစီးစွာ ထိတွေ့ခဲ့သော ၎င်းတို့သည် သက်တူရွယ်တူများထက် ပိုမိုရင့်ကျက်၍ အမှောင်ဘက်ခြမ်းကို ပိုမိုမြင်တွေ့ဖူးကြသည်။ ၎င်းတို့၏နှလုံးသားထဲတွင် ချူးယွင်ဖန်းက ကမ္ဘာကြီး၏ အမှောင်ဘက်ခြမ်းကို မသိရှိထားသော သွေးပူတတ်သည့် လူမျိုးဟုပင် ထင်မြင်မိကြသည်။ ကမ္ဘာပေါ်တွင် သွေးပူရုံဖြင့် မဖြေရှင်းနိုင်သော ပြဿနာများစွာရှိနေသည်။
ချူးယွင်ဖန်းသည် ဤအရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သို့သော် သူသည် မည်သည့်စကားမှ ပြောခဲ့ခြင်း မရှိပေ။ သူသည် သာမန် တက္ကသိုလ်ကျောင်းသားများနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်သည့်အပြင် သူ၏အပေါင်းအသင်းများထက် ရပ်တည်မှု ပိုမိုခိုင်မြဲနေပြီဖြစ်သည်။ သူ့ကို လူ့လောက၏ အထက်တန်းလွှာများအနက် ပုဂ္ဂိုလ်တစ်ဦးဟုပင် သတ်မှတ်နိုင်သည်။
ချူးယွင်ဖန်းသည် ယနေ့ကိစ္စကို လုံးလုံးလျားလျား အဆုံးသတ်ရန် စီစဉ်ထားသည်။ မဟုတ်ပါက သူ၏ညီမဖြစ်သူ ချူးချင်ရွှမ်ကိုလည်း မကြာမီတွင် ငြိစွန်းစေမည်ဖြစ်သည်။ သူသည် ထန်ချန် နှင့် ရှောင်းဝူတို့ မှန်းဆထားသည့်အတိုင်း ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ကြောင်းကို လျှော့တွက်နေခြင်း မဟုတ်ပေ။ ယင်းအစား သူသည်လည်း ၎င်းအချက်ကို ကောင်းကောင်းသိနေသည်။ မိမိ၏ လက်ရှိအဆင့်အတန်းအရ၊ လင်ကျန်းရှန်ကို နှုတ်ဆက်ခြင်းမျိုး ပြုလုပ်လိုက်လျှင်ပင်၊ ၎င်းသည် မိနစ်ပိုင်းအတွင်း သေဆုံးသွားပေလိမ့်မည်။
တည်ငြိမ်သမုဒ္ဒရာမြို့တစ်ခုတည်းတွင် ပြည်ထောင်စုတက္ကသိုလ်၏ အကြီးအကဲများစွာရှိနေသည်။ အများစုသည် ရာထူးကြီးမြင့်သူများဖြစ်ကြသည်။ ချူးယွင်ဖန်း၏ လက်ရှိအဆင့်အတန်းအရ မိမိကို ရိုသေစွာနှုတ်ဆက်ခြင်းလိုသူများစွာ ရှိနေသည်။
လင်ကျန်းရှန်သည် စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခု၏ သူဌေးတစ်ဦးမျှသာဖြစ်သည်။
ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် ချူးယွင်ဖန်းကိုသတ်ဖြတ်ရန်ပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပေ။ ကမ္ဘာတစ်ဝှမ်းလုံးက မိမိကို ဆန့်ကျင်နေသကဲ့သို့ အင်အားစုအားလုံးက မိမိကို ဖိအားပေးနေကြသည်။ သို့သော် အမှန်တရားသည် ဤမျှ ဆိုးရွားမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် မြင့်မားသောအဆင့်တွင် ရပ်တည်နေသည်။ မိမိကို မျက်နှာချိုသွေးရန် စောင့်နေကြသူများသည် မြစ်ကိုဖြတ်သန်းနေသည့် ငါးများကဲ့သို့များပြားစွာရှိနေသည်။
ထိုအချိန်တွင် တံခါးအနောက်ဘက်ရှိ ခန်းမတွင် လူသံများစွာဖြင့် စည်ကားနေသည်။ အလွန်ကျယ်ဝန်းသော ဗဟိုခန်းမသည် လူတစ်ထောင်ခန့်ကိုပင် ပြည့်ကျပ်ခြင်းမရှိစေဘဲ ထားရှိနိုင်သည်။ ဘေးပတ်ဝန်းကျင်သည် အဆက်မပြတ်လာရောက် ဝန်ဆောင်မှုပေးနေသော စားပွဲထိုးများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ပင် စားပွဲပေါ်တွင် အစားအသောက်မျိုးစုံကို ခင်းကျင်းထားသည်။ ၎င်းအစားအသောက်များသည် အလွန်လက်ရာမြောက်လှသည်။ အနောက်တိုင်းအစားအစာ၊ ဂျပန်အစားအစာ စသည်တို့အပါအဝင် ဟင်းမျိုးစုံကိုလည်း မှာယူရရှိနိုင်သည်။
ခန်းမတွင်းရှိလူများသည် ချမ်းသာ မြင့်မြတ်သူများဖြစ်သည်။ ၎င်းတို့ကို အချမ်းသာ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်များဟု မဆိုလိုနိုင်သော်လည်း၊ တည်ငြိမ်သမုဒ္ဒရာမြို့နှင့် တုန်ဟွာမြို့တို့၌ သင့်လျော်သည့် ရပ်တည်မှုဟု ယူဆနိုင်သေးသည်။ အရက်ခွက် ပြိုင်တူမြှောက်နေကြသော ၎င်းတို့၏မျက်နှာသည် အရယ်အပြုံး ကင်းမဲ့နေကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ မျက်နှာပေါ်တွင် သုန်မှုန်မှု အမူအရာမျိုးသာ ရှိနေသည်။
၎င်းတို့အားလုံးသည် ဒေသန္တရ ဆေးဖြန့်ချိရောင်းချသူများဖြစ်ကြသည်။ အထူးတလည် ကြီးမားခြင်းမရှိသော်လည်း ၎င်းတို့တွင်လည်း ကိုယ်ပိုင် ဆေးကုမ္မဏီများရှိကြသည်။ ရှန်ဟဲဆေးပညာကုမ္ပဏီသည် ၎င်းတို့အတွက် ပြိုင်ဘက်တစ်ခုဖြစ်စေခဲ့သော်လည်း ခြုံငုံကြည့်မည်ဆိုလျှင် အားသာချက်တစ်ခုသာဖြစ်ခဲ့သည်။ ရှန်ဟဲဆေးပညာကုမ္ပဏီတွင် ကိုယ်ပိုင် ဖြန့်ချိရေး လမ်းကြောင်းများ မရှိသောကြောင့် ၎င်းတို့၏ လမ်းကြောင်းများကို ငှားရမ်းအသုံးပြုနေရသည်။
အတိုချုပ်ပြောရမည်ဆိုလျှင် ရှန်ဟဲဆေးပညာကုမ္ပဏီ ထွန်းကားလာစဉ်ကာလတွင် ၎င်းတို့သည်လည်း အကျိုးအမြတ်များစွာရရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှင့် ရှန်ဟဲဆေးပညာကုမ္ပဏီတို့ကြားရှိ ပဋိပက္ခများက လျော့ပါးသွားခဲ့သည်။ သို့သော် ကျန်းမိသားစုနှင့် ဟွမ်မိသားစုများဖြစ်သည့် အင်အားကြီးမိသားစုနှစ်ခုသည် ၎င်းအခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေသည်။
၎င်းတို့၏ အားသာချက်သည် ဤအင်အားကြီးမိသားစုနှစ်ခု၏ရှေ့တွင် ပြောပါ့လောက်ဖွယ်မရှိပေ။ ဤကုမ္ပဏီနှစ်ခု ဝင်ရောက်လာမှုသည် ရှန်ဟဲဆေးပညာကုမ္ပဏီအတွက်သာမက ၎င်းတို့အတွက်ပင် ခြိမ်းခြောက်မှုများဖြစ်စေခဲ့သည်။
၎င်းတို့သည် ဤနေရာသို့ လာရောက်ရုံကလွဲလျှင် အခြားရွေးစရာမရှိတော့ပေ။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့က မည်သို့သော လုပ်ရပ်ကို ပြုလုပ်ချင်ကြသည်ကို သိရှိထားသော်လည်း ခေါင်းညွှတ်၍ နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ခန်းမ၏အလယ်တွင် အသက်နှစ်ဆယ်အရွယ်ခန့်ရှိနိုင်သော လူငယ်နှစ်ဦးဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရပ်နေကြသည်။ အမျိုးသားသည် အရပ်ရှည်၍ ဖြောင့်မတ်သော အသွင်အပြင်ရှိကာ ထူးခြားသည့် အရောင်အဝါများရှိနေသည်။
ထိုအမျိုးသားနှင့်မျက်နှာချင်းဆိုင်တွင် အသက်နှစ်ဆယ်အရွယ်ခန့် အမျိုးသမီးတစ်ဦးရှိနေသည်။ သူမသည် တန်ဖိုးကြီးအဝတ်အစားများကို အလားတူ ၀တ်ဆင်ထား၍ ချောမောလှပသည့် မျက်နှာအသွင်အပြင်မျိုးရှိသည်။ သူမ၏တောက်ပသော မျက်ဝန်းများဖြင့် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် ဂုဏ်ယူသောအမူအရာတစ်ခု ပေါ်ပေါက်လာသည်။
ဤလူနှစ်ဦးသည် မြင်ကွင်းတစ်ခုလုံး၏ အချက်အချာဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ငယ်ရွယ်ကြသူများဖြစ်သော်လည်း ဟွမ်မိသားစု၏ လက်ရွေးစင်များဖြစ်ကြသည်။ ၎င်းတို့သည် ကျန်းမိသားစုမှ ကျန်းဖေးယန်နှင့် ဟွမ်မိသားစုမှ ဟွမ်ချိုးတို့ဖြစ်ကြသည်။ ဟွမ်မိသားစုသည် လုပ်ငန်းကြီးများရှိသည့် မိသားစုကြီးတစ်ခုဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စတိုင်းအတွက် မိသားစု၏ အထက်ပိုင်းပုဂ္ဂိုလ်များကို စည်းရုံးရန် မဖြစ်နိုင်ပေ။ ၎င်းတို့၏အမြင်တွင် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ကိစ္စသည် သေးငယ်သည့် အမှုကိစ္စတစ်ခုမျှသာဖြစ်သည်။
ဤသည်မှာ မိသားစုကြီးများ၏ အလေ့အထဖြစ်သည်။ လူငယ်များသည် လေ့ကျင့်မှုမရှိဘဲ လုံလောက်သည့် အတွေ့အကြုံမျိုး မည်သို့မျှ ရရှိနိုင်မည်နည်း။ ထိုနှစ်ဦး၏ ဘေးပတ်လည်တွင် အခြားသော လူငယ်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်။ ၎င်းတို့သည် တည်ငြိမ်သမုဒ္ဒရာမြို့မှမဟုတ်လျှင် တုန်ဟွာမြို့ရှိ မိသားစုကြီးများမှ လူငယ်များဖြစ်ကြ၍ ၎င်းတို့အားလုံးမှာ သက်တူရွယ်တူများဖြစ်ကြသည်။
အများအားဖြင့် ၎င်းတို့အနက် တစ်စုံတစ်ယောက်က ဤပါတီကြီး၏ ပင်မပုဂ္ဂိုလ်တစ်ဦး ဖြစ်နေနိုင်သည်။ ယခုမူကား ၎င်းတို့သည် ကျန်းဖေးယန်နှင့် ဟွမ်ချိုးနှစ်ဦးကိုသာ အဓိကပုဂ္ဂိုလ်အဖြစ် ဝိုင်းရံထားရသည်။
"သခင်လေးဟွမ်၊ ဒီတစ်ကြိမ်၊ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုက တည်ငြိမ်သမုဒ္ဒရာမြို့ကို အတူတူဝင်ကြတော့ ရှိသမျှအရာအားလုံးကို ဖြတ်ပြီး သိမ်းသွားနိုင်မှာ သေချာတယ်။ အဲ့ချူးယွင်ဖန်းဆိုတဲ့ တစ်ယောက်တော့ လုံးဝ သွားပြီပဲ” ပြုံးဖြီးနေသော လူငယ်တစ်ဦးက ဟွမ်ချိူးကို ကြည့်၍ ပြောလိုက်သည်။
"ဒါပေါ့ ချူးယွင်ဖန်းက သာမန်လူတန်းစား သာသာပဲရှိတာ။ သခင်လေးဟွမ်နဲ့ သခင်မလေးကျန်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
တည်ငြိမ်သမုဒ္ဒရာမြို့၏ အခြားလူငယ်တစ်ဦးက ၎င်းတို့နှစ်ဦးနှင့် စကားပြောခွင့်ရခြင်းကို ဂုဏ်ယူနေသည့်ဟန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော်တို့ မိသားစုက ကျွန်တော်တို့ကို ဒီနေရာထိ လာခိုင်းခဲ့တယ်ဆိုပေမယ့် ချူးယွင်ဖန်းက ဆူးညှောင့်သာသာပဲရှိတာ” ဟွမ်ချိုးက အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။
"အရေးအကြီးဆုံးအချက်က ဟွမ်မိသားစုနဲ့ ကျန်းမိသားစုက မဟာမိတ်ဖွဲ့ပြီး တည်ငြိမ်သမုဒ္ဒရာမြို့မှာရှိတဲ့ ဆေးကုမ္မဏီတွေကို ပေါင်းစည်းဖို့ပဲ။ ဒါက လူတိုင်းကို အကျိုးရှိစေမှာပါ”
သက်လတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက်ဆိုသကဲ့သို့ပင် အုပ်စုအစွန်းရှိ လူငယ်တစ်ဦး၏ နံဘေးသို့ ယိုင်နဲ့စွာ လျှောက်လှမ်းသွားပြီးနောက် သူက တစ်ခုခုကို ပြောလိုက်သည်။
လူငယ်သည် အလွန်အမျက်ထွက်နေသော မျက်နှာထားဖြင့် ချက်ချင်းပင် ပြောလိုက်သည်။
“ကောင်းကင်ကို အာခံချင်တယ်ပေါ့လေ။ ငါ့ကို ဆန့်ကျင်ရဲတဲ့ ဒီလူကို ကြည့်ရသေးတာပေါ့"
လူငယ်သည် ပြောပြီးသည်နှင့် ထွားကျိုင်းသော ကိုယ်ရံတော်နှစ်ဦးကို ခေါ်ဆောင်၍ တံခါးကိုတွန်းဖွင့်ကာ ခန်းမထဲက ထွက်ခွာသွားသည်။
အခန်း (၅၈၁) နံပါတ်တစ် သတ်ဖြတ်ခြင်း နတ်ဘုရား ချူးယွင်ဖန်း
ဟွမ်ချိုးက မိမိကို အလေးမထားဘဲ ထွက်ခွာသွားသူကို တစ်ချက်ကြည့်ရုံမျှသာ ကြည့်လိုက်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသည့် ဟွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်သောမိမိကို မျက်နှာချိုသွေးလိုသည့် မိသားစုများစွာရှိနေသည်။
ထွက်ခွာသွားသူသည် ၎င်းတို့အနက် တစ်ဦးသာဖြစ်သည်။ ဟွမ်ချိုးအတွက် သူသည် ထောင့်တစ်နေရာက ငါးပေါက်တစ်ကောင်မျှသာဖြစ်၍ လုံးလုံးလျားလျား အရေးပါခြင်း မရှိပေ။ ဟွမ်မိသားစု၏လက်ရွေးစင် မျိုးဆက်တစ်ဦးအနေဖြင့် မိမိနှင့် တူညီသော အဆင့်တွင်ရှိနေသည့် အရည်အချင်းပြည့်မီသူသည် အရေအတွက် အနည်းငယ်သာရှိသေးသည်။
ဥပမာအားဖြင့် ကျန်းဖေးယန်ဖြစ်သည်။
ကျန်းဖေးယန်သည် မိမိအောက် ငယ်ရွယ်သူဖြစ်သော်လည်း လျှော့တွက်သင့်သူ မဟုတ်သည်မှာ သေချာသည်။ သူမသည် ပြည်ထောင်စုတက္ကသိုလ်တွင် တက်နေဆဲဖြစ်သော်လည်း သူမ၏အမည်အောက်တွင် ကုမ္ပဏီကြီးနှစ်ခုရှိနေပြီဖြစ်သည်။
ကျန်းဖေးယန်သည် စီးပွားရေးတွင် အလွန်ထက်မြက်သူဖြစ်သောကြောင့် ရှန်ဟဲဆေးပညာကုမ္ပဏီကို ရယူရန် ကျန်းမိသားစုက သူမကို ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု၏ နောက်ဆုံးပန်းတိုင်သည် ရှန်ဟဲဆေးပညာကုမ္ပဏီကို အပြီးသတ်ဝယ်ယူရန်ဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ချေမှုန်းလိုသော်လည်း ရှန်ဟဲဆေးပညာကုမ္ပဏီကို ပြိုင်ဘက်များ၏လက်ထဲသို့လည်း မကျရောက်လိုဘဲ ၎င်းတို့၏ ထိန်းချုပ်မှုအောက်သိုသာ ကျရောက်စေချင်သည်။
"ဟုတ်တယ်။ ဒီမဟာမိတ်အဖွဲ့က လူတိုင်းအတွက် အကျိုးရှိစေမှာ၊ ချီဖြည့်တင်းဆေးရဲ့ရောင်းအားကို လူတိုင်းကြားဖူးကြမှာပါ။ ကျွန်မတို့ ကုမ္ပဏီရဲ့ ခန့်မှန်းချက်အရဆိုရင် စျေးကွက်က ဘီလီယံတစ်ရာကျော်လောက် တန်ဖိုးရှိတယ်။ အရေးကြီးဆုံးက နောက်လာမယ့် နှစ်နှစ်ဆယ်အတွင်းမှာ သူ့ကိုယှဉ်နိုင်တဲ့ ပြိုင်ဘက်ကို ရှာတွေ့ဖို့ ခက်ခဲမှာ” ကျန်းဖေးယန်က လှည့်ပတ်ကြည့်ရှုနေစဉ် ပြောကြားလိုက်သည်။
ထိုစကားကိုကြားသော လူများစွာက ၎င်းတို့၏ အသက်ရှုနှုန်းများ မြန်ဆန်လာသည်ဟု ခံစားလိုက်ရသည်။ ဤတစ်ရာဘီလီယံသည် တစ်နှစ်အတွက် ခန့်မှန်းခြေသာဖြစ်သည်။ ၎င်းတို့က အကျိုးအမြတ်ကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာလျှင်ပင် ငွေကြေးအမြောက်အမြား ကျန်ရှိနေဆဲဖြစ်သည်။
မိသားစုကြီးများနှင့် ကုမ္ပဏီကြီးများက ကျောထောက်နောက်ခံပြုထားသော်လည်း ၎င်းတို့သည် ငယ်ရွယ်သူမျိုးဆက်များထဲမှ တစ်ဦးသာဖြစ်ကြသည်။ ၎င်းတို့သည် မိသားစုကို ကြိုးကိုင်ထားခြင်း မရှိသော်လည်း ဤငွေများက ၎င်းတို့၏ လက်ထဲသို့ ရောက်ရှိသွားနိုင်ခြေရှိသည်။ မိသားစုက မိသားစုဖြစ်၍ တစ်ဦးချင်းစီက တစ်ဦးချင်းစီသာဖြစ်သည်။
ဟွမ်ချိုးနှင့် ကျန်းဖေးယန်တို့ကဲ့သို့သော ပုဂ္ဂိုလ်များသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့ကို ကိုယ်စားပြုသော်လည်း ၎င်းတို့ကိုယ်တိုင်ကိုယ်ကျသည်လည်း ကိုယ်စားပြုသူများဖြစ်သည်။ ဤမျှကြီးမားသော စျေးကွက်ကို သိမ်းပိုက်ရန် ၎င်းတို့၏ကိုယ်ပိုင်အင်အားကိုသာ အားကိုးနိုင်မည်မဟုတ်ကြောင်း ၎င်းတို့နှစ်ဦးစလုံးက သိထားကြသည်။ ချူးယွင်ဖန်းလျှင်ပင် တခြားလုပ်ဖော်ကိုင်ဖက်များ ရှာဖွေ၍ ဝေစုခွဲရခြင်းကိုသိလျှင် ၎င်းတို့သည်လည်း ထိုနည်းလမ်းကို ကောင်းစွာနားလည်ထားသည်။ သို့သော် မိသားစုများက ၎င်းတို့၏ကိစ္စကို ဝင်ရောက်စွက်ဖက်စေလိုခြင်း မရှိပေ။
ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် မရေတွက်နိုင်သော လူသိရှင်ကြားနှင့် ပုန်းလျှိုးကွယ်လျှိုး ပဋိပက္ခများစွာကို ဖြတ်သန်းခဲ့ရသော်လည်း အဆုံးတွင် ၎င်းတို့၏ ဂိုဏ်းများက အနိုင်ရရှိခဲ့သည်။ ၎င်းတို့၏မျိုးနွယ်စုရှိ အခြားပြိုင်ဘက်များဖြင့် ပူးပေါင်းမည့်အစား ၎င်းတို့အချင်းချင်းသာ ပူးပေါင်းဆောင်ရွက်လိုကြသည်။
"ဖေးယန်ပြောတာ မှန်တယ်။ ဒီမဟာမိတ်အဖွဲ့ကို တည်ထောင်မှဖြစ်မယ်။ ကျုပ်တို့နောက်ကို လိုက်မယ်ဆိုရင် ခင်ဗျားတို့လည်း သေချာပေါက် အကျိုးအမြတ်ရရှိမှာပဲ။ ဒါပေမယ့် မဟာမိတ်အဖွဲ့ကို တားဆီဖို့ လုပ်ရင်တော့ ကျုပ်တို့ကို အဆိုးမဆိုနဲ့ပေါ့" ဟွမ်ချိုးက ပေါ့ပါးစွာ ပြောခဲ့သော်လည်း သူ၏လေသံမှ သတ်ဖြတ်ချင်စိတ်များဖြင့် လူအုပ်ကြီးကို သတိပေးနေသည်။
ဟွမ်ချိုး၏ စကားများသည် နေ့တစ်နေ့ကဲ့သို့ ရှင်းလင်းပြတ်သားသည်။ လူအများက ၎င်းတို့၏ မဟာမိတ်ဖွဲ့စည်းရေးအတွက် စိတ်ပူနေကြသည်။ မဝင်လိုသောသူသည် ၎င်းတို့၏ရန်သူဖြစ်ရာ ၎င်းတို့၏ရန်သူအဖြစ် သတ်မှတ်ခံရလျှင် သေဆုံးရပေလိမ့်မည်။
၎င်းသည် အလွန်ရ်ိုးရှင်းလွန်းလှသည်။
“ဒီမဟာမိတ်အဖွဲ့ ထူထောင်တာကို ကျွန်တော်တို့ဘက်က သဘောတူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဟာမိတ်အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကျွန်တော်တို့လည်း သေချာပေါက် အကျိုးအမြတ်ရရှိမှာပဲလေ" လူငယ်တစ်ဦးက ကမန်းကတန်း ပြောလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်။ မဟာမိတ်အဖွဲ့ကို ပူးပေါင်းအားဖြည့်ပေးဖို့ ကျွန်တော်တို့ မိသားစုတွေကိုလည်း စည်းရုံးပေးမှာပါ" လူတိုင်းက အလျင်အမြန် ပဲ့တင်ထပ်စွာ ပြောနေကြသည်။
ဟွမ်ချိုး၏ ရန်သူအဖြစ် စာရင်းသွင်းခံရခြင်းကို မည်သူတစ်ဦးတစ်ယောက်ကမှ မလိုလားကြပေ။ ဟွမ်မိသားစုနှင့် ကျန်းမိသားစုနှစ်ဦးစလုံးသည် ပြိုင်ဘက်ကင်းသည့် ကြောက်မက်ဖွယ် မိသားစုကြီးများဖြစ်ကြသည်။
"ဒါပေမယ့် ရှန်ဟဲဆေးပညာကုမ္ပဏီကိုဖြေရှင်းဖို့အတွက် ဖြန့်ချိသူတွေကို ဒီနေရာမှာ စုပေးထားတာဆိုတော့ ချူးယွင်ဖန်းက ဒီမှာ ပေါ်လာလောက်မယ်လို့ ထင်ကြလား" လူငယ်တစ်ဦးက ကျယ်လောင်စွာ ပြောလိုက်သည်။
“သူ မလာရင် ကောင်းတယ်ဆိုပေမယ့် သူလာရင် ပိုတောင် ကောင်းဦးမယ်” ဟွမ်ချိုးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
နံဘေးတွင်ရပ်နေသည့် ကျန်းဖေးယန်သည် ချူးယွင်ဖန်းကို ဂရုစိုက်ခြင်းမရှိပေ။
'သူလာတော့ရော ဘာဖြစ်မလဲ။ သူက အတွေ့အကြုံနုနေပါသေးတယ်'
ခန်းမအပြင်ဘက်ရှိ စင်္ကြံတွင်ရပ်နေသော ထျန်ချန်က စတင်၍ စိတ်မသက်မသာဖြစ်လာသည်။
"ငါတို့ မသွားသေးဘူးလား"
"သွားမယ်ဟုတ်လား။ ဘယ်သူက ထွက်သွားချင်တာလဲ။ ငါ့ကို ဆန့်ကျင်ရဲတဲ့လူက ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့"
မောက်မာသော လေသံ၏နောက်တွင်၊ ရမ်းကားသည့် အပြုအမူရှိသော လူငယ်တစ်ဦးက ထွားကြိုင်းသော ကိုယ်ရံတော်နှစ်ဦးတို့အပြင် ချူးယွင်ဖန်း၏ မောင်းထုတ်မှုကို ခံခဲ့ရသည့် လင်ကျန်းရှန်နှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့သည်။
"သခင်လေးဝမ် အဲ့ဒါ ဒီကောင်ပါ"
လင်ကျန်းရှန်က ချူးယွင်ဖန်းကို လက်ညှိုးထိုးပြ၍ ဒေါသတကြီး ပြောလိုက်သည်။
“သွား။ ငါ့အတွက် သူ့လက်နှစ်ချောင်းကို အရင်ဖြတ်လာခဲ့” သခင်လေးဝမ်က ၎င်းတို့ကိုပင် ကြည့်ရှုခဲ့ခြင်းမရှိဘဲ ပြောလိုက်သည်။
ထွားကြိုင်းသော လူနှစ်ဦးသည် ချူးယွင်ဖန်းကို ခုန်အုပ်လိုက်ကြသည်။ ကောင်းကင်သို့ ပျံတက်လာသော ၎င်းတို့နှစ်ဦးစလုံး၏အရောင်အဝါများသည် လင်ကျန်းရှန်ကဲ့သို့ ချီပင်လယ်အဆင့်၏ အထွတ်အထိပ်တွင်ရှိနေသည့် သိုင်းပညာရှင်များဖြစ်ကြကြောင်းသိသာ၏။ သို့သော် တစ်နှစ်ပတ်လုံး ရာထူးကြီးနေရာတွင် ရှိနေခဲ့သည် လင်ကျန်းရှန်နှင့် မတူသည်မှာ ၎င်းတို့တွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် လူများသတ်ဖြတ်၍ သွေးသံရဲရဲမြင်တွေ့ဖူးသူများ ဖြစ်ကြသည်။
"ကိုကို၊ သတိထား" ချူးချင်ရွှမ်၊ ရှောင်ဟေးနှင့် အခြားလူများက ကမန်းကတန်း ထအော်လိုက်ကြသည်။
"ဟား" ချူးယွင်ဖန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးတစ်ခု တစ်ဖန်ပေါ်ပေါက်လာသည်။ အရပ်ရှည်၍ ထွားကြိုင်းသော လူနှစ်ဦးကို ဧရာမလက်ကြီး၏ အရှိန်ဖြင့် သုတ်သင်လိုက်သည်နှင့် ချက်ချင်း လွင့်ပျံသွားခဲ့ကာ ၎င်းတို့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး အက်ကွဲသံများနှင့်အတူ ကွဲကြေသွားသည်။ ၎င်းတို့သည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အဆက်မပြတ် အော်ဟစ်ရုန်းကန်နေကြသော်လည်း မတ်တပ်ရပ်နိုင်ခြင်း မရှိပေ။
ဒေါသထွက်နေသော သခင်လေးဝမ်သည်လည်း အံ့အားသင့်သွားခဲ့သည်။ မိမိခေါ်ဆောင်လာသော သက်တော်စောင့်နှစ်ဦးသည် အကောင်းဆုံးဟု မယူဆနိုင်သော်လည်း သာမန်လူများက ၎င်းတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ယခုမူကား ၎င်းတို့နှစ်ဦးသည် စွမ်းအင်လက်ဖဝါးကြီးတစ်ခုဖြင့် လွင့်ပျံသွားလေသည်။
သခင်လေးဝမ်သည် ချူးယွင်ဖန်းဖြစ်နေကြောင်း မြင်လိုက်ရသည်နှင့် သူ၏မျက်နှာအမူအရာ ပြောင်းလဲကာ နှလုံးသားတစ်ခုလုံး တုန်ရီသွားလေသည်။ ကောင်းကင်နှင့်မြေကြီး၏ ကြီးမြတ်မှုကို မသိသူတစ်ဦးက သူ၏လုပ်ငန်းတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏မျက်နှာကို မြင်လိုက်ရသည်နှင့် သူ၏နှလုံးသား အလွန်တရာမှ တုန်လှုပ်သွားတော့သည်။
သခင်လေးဝမ်သည် ဤမျက်နှာကို ရင်းနှီးကျွမ်းဝင်စွာ သိနေသည်။ မကြာသေးမီက ပြည်ထောင်စုတက္ကသိုလ်တွင် အဓိကသတင်းစကားဖြစ်ခဲ့သည့် ချူးယွင်ဖန်းသည် ကျောင်းဝင်းဖိုရမ်များတွင် ထာဝရခေါင်းစီးနေရာ၌ ရရှိခဲ့သူဖြစ်သည်။
၎င်းသည် နံပါတ်တစ် သတ်ဖြတ်သူ ချူးယွင်ဖန်းဖြစ်သည်။
ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်လခန့်တွင် ဒဏ်ရာကုသကာ သီးသန့်ကျင့်ကြံနေခဲ့သည်။ သူသည် ပြင်ပကမ္ဘာတွင် သတင်းကြီးမဟုတ်သော်လည်း သူ၏နာမည်သည် ပြည်ထောင်စုတက္ကသိုလ်တွင် အလွန်ပျံ့နှံ့နေခဲ့သည်။
ချူးယွင်ဖန်းသည် ယခုအချိန်ထပ်ပို၍ နာမည်ကျော်ကြားခဲ့ချိန်မျိုး မရှိခဲ့ပေ။
ချူးယွင်ဖန်း၏ကျော်ကြားမှုသည် နေ့ချင်းညချင်း အလွန်ပျံ့နှံ့သွားခဲ့သည်။ တာအိုညီလာခံတွင် ပါဝင်သူများက ပြည်ထောင်စုတက္ကသိုလ်သို့ ပြန်ရောက်ချိန်မှစ၍ ချူးယွင်ဖန်း၏အမည်သည်လည်း လူတိုင်း၏အာရုံစူးစိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ညီလာခံတွင် အမှားအယွင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် မွန်းစတားဂိုဏ်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းအကြောင်းအရာသည် လူတိုင်း၏ စကားဝိုင်းတွင် ဗဟိုချက်ဖြစ်လာသည်။ ဤဖြစ်စဉ်တွင် ချူးယွင်ဖန်းသည် ဖြေးညှင်းစွာ မြင့်တက်လာသည့် ကြယ်တံခွန်ကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သည်။
ညီလာခံတွင် ချူးယွင်ဖန်း၏ မွန်းစတားများနှင့် နတ်ဆိုးများကို ဘယ်သို့ ညာသို့ သုတ်သင်ခဲ့သော အပြုအမူသည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေသည်။ မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်နေပါစေ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအောက်တွင် အချိန်ကြာကြာ ထိန်းထားနိုင်ကြမည် မဟုတ်ပေ။
မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်၊ ဟန်ပင်း၊ ကျန်းပိုင်းဖေးနှင့် ဟွမ်ယုကဲ့သို့သော တစ်ချိန်က ထင်ရှားကျော်ကြားသူများပင် သေဆုံးခြင်းမဟုတ်လျှင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအောက်တွင် မည်သူမျှ ကြာကြာ တောင့်ခံနိုင်ခြင်းမရှိကြပေ။
အခန်း (၅၈၂) ဘယ်သူက မိတ်ဆွေ ဘယ်သူက ရန်သူလဲ
ထိုအချိန်မှစ၍ ချူးယွင်ဖန်းက အဆက်မပြတ် သတ်ဖြတ်ခဲ့သည်။ တက္ကသိုလ်များနှင့် ဂိုဏ်းပေါင်းစုံမှ လူအယောက် ရာပေါင်းများစွာသည် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ၎င်းတို့အနက် တစ်ချိန်က နာမည်ကျော်ကြားခဲ့သည့် ကျန်းပိုင်ဖေးနှင့် ဟွမ်ယုတို့သကဲ့သို့သော ထူးချွန်ပြောင်မြောက်သည့် သူရဲကောင်းများလည်း ပါဝင်ခဲ့သည်။
ပို၍ ကြီးကျယ်ခမ်းနားစေသည့်အရာမှာ မွန်းစတားဂိုဏ်း၏ ကျူးကျော်မှု၏ တာဝန်ရှိသူ၊ မွန်းစတားဂိုဏ်းမှ ထင်ပေါ်ကျော်ကြားသည့် မင်းသားလေးပါးအနက် မင်းသားတစ်ပါးဖြစ်သည့် သွေးမင်းသားသည်လည်း တောင်ခြေရင်းသို့ ချူးယွင်ဖန်း၏ မောင်းထုတ်ရိုက်နှက်မှုကို ခံခဲ့ရပြီးနောက် သူ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။
ရုန်းရင်းဆန်ခတ်များ ဖြစ်နေခဲ့သော်လည်း ထိုအခိုက်အတန့်ရှိ မြင်ကွင်းကို မှတ်တမ်းတင်ထားဆဲဖြစ်သည်။ ၎င်းတို့သည် အလွန်ဝေးကွာ၍ အနည်းငယ်မျှ မှုန်ဝါးနေသော်လည်း ချူးယွင်ဖန်းက သွေးမင်းသားကို ချေမှုန်းပြီးနောက် တောင်ပေါ်ရှိ မွန်းစတားများကို ဆက်လက် သုတ်သင်ခဲ့သည်။
ချူးယွင်ဖန်းသည် လူ့ဘုံသို့ဆင်းသက်လာသည့် နတ်တစ်ပါးကဲ့သို့ ညီလာခံရှိ ကျောင်းသားများကို ကယ်တင်ခဲ့သည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် ဒီညီလာခံတွင် ယခုထက် အဆပေါင်းများစွာ ပို၍ အသေအပျောက်ဖြစ်ပေါ်စေမည်ကို လူတိုင်းက သိနေသည်။ ဤသည်မှာ ချဲ့ကားပြောထားခြင်း မဟုတ်ပေ။
၎င်းတို့ကြားရှိ အကွာအဝေးသည် သိပ်မဝေးလှသော်လည်း ထိုမွန်းစတားများက ကွာဟချက် အနည်းငယ် ပြုလုပ်လိုက်သည်နှင့် နောက်ဆက်တွဲဆိုးကျိုးသည် စိတ်ကူးမယှဉ်နိုင်လောက်အောင် ဆိုးရွားပေလိမ့်မည်။ ထိုသို့သောဖြစ်စဉ်တွင် လူပေါင်းများစွာ ပိုမို သေဆုံးပျက်စီးရခြင်းသည် သာမန်သာဖြစ်သည်။
မွန်းစတားဂိုဏ်းကို ရိုက်ပုတ် သတ်ဖြတ်၍ လူအများကို ကယ်တင်ခဲ့သည့် အခြေအနေအောက်တွင် ချူးယွင်ဖန်းသည် မရေတွက်နိုင်သော လူများ၏ နှလုံးသားတွင် ကောင်းကင်မှဆင်းသက်လာသည့် နံပါတ်တစ် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်တွင် နောက်လာမည့် ဆယ်နှစ်ကြာသည့်တိုင် နံပါတ်တစ် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
တက္ကသိုလ်တစ်ခုလုံးက ကျွမ်းကျင်သူအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံထားရသည့် ကျန်းလင်းရှောင်လျှင်ပင် ချူးယွင်ဖန်းကဲ့သို့ သတ်ဖြတ်ဖူးခြင်းရှိမည် မဟုတ်ပေ။
သာမာန်လူများတွင်ရှိသည့် သိက္ခာစောင့်စည်းမှုသည် ချူးယွင်ဖန်း၏ အမြင်တွင် အသေးအမွှားကိစ္စဖြစ်ခဲ့ပေ။
ကျန်းမိသားစု၊ ဟွမ်မိသားစုကဲ့သို့သော နာမည်ကြားရုံဖြင့် လူအများက ကြောက်လန့်ခဲ့ရသော ဤဧရာမမိသားစုကြီးများရှိ မျိုးဆက်များကိုပင် ချူးယွင်ဖန်းက ဤသို့ဖြင့် သတ်ဖြတ်ခဲ့သည်။
ချူးယွင်ဖန်း၏မျက်နှာကို မြင်တွေ့လိုက်ရသော သခင်လေးဝမ်သည် သူ၏နှလုံးသား နစ်မြုပ်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။
'သေစမ်း၊ ဒီသတ်ဖြတ်ခြင်းနတ်ဘုရားကို ငါ ဘယ်လိုများ ရန်စခဲ့မိပါလိမ့်'
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်အတန် ကြာမြင့်ခဲ့သော်လည်း ၎င်းသည်အချိန်ခဏသာ ကြာမြင့်ခဲ့သည်။ ထွားကြိုင်းသော လူနှစ်ဦး လဲကျသွားပြီးနောက် ရှောင်းဟေးနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ ၎င်းတို့၏အတွေးများနှင့် မတူသည်မှာ ချူးယွင်ဖန်းက ထွားကျိုင်းသော လူနှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်ခဲဲ့ခြင်းမရှိပေ။ ယင်းအစား ထွားကျိုင်းသောလူနှစ်ဦးက တိုက်ခိုက်ခံခဲ့ရသည်။
သခင်လေးဝမ်ကို တွေ့သောအခါ ၎င်းတို့၏ နှလုံးသားများ ရင်ဘတ်အတွင်းမှ ခုန်ထွက်လုမတတ် ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် မြို့၏ ဖျော်ဖြေရေးသတင်းများတွင် ဤမျက်နှာကို မကြာခဏတွေ့ခဲ့ဖူးသည်။ သို့သော် ၎င်းသတင်းသည် သတင်းကောင်း မဟုတ်ပေ။ ၎င်းသည် ချမ်းသာကြွယ်ဝသော မိသားစုများမှ လူငယ်မျိုးဆက်များက နာမည်ကြီးအမျိုးသမီး သရုပ်ဆောင်များနှင့် အရောတဝင် ပတ်သက်လေ့ရှိသည့် သတင်းမျိုးသာဖြစ်သည်။
“ ဘယ်လိုလုပ် မင်းဖြစ်နေရတာလဲ…”
အချိန်အတော်ကြာသည့်နောက်မှ သခင်လေးဝမ် ပြောခဲ့သည့်စကားသည် လင်ကျန်းရှန်၊ ရှောင်းဟေးနှင့် အခြားလူများကို လုံးလုံးလျားလျား မှင်သက်သွားစေသည်။ သူ၏ သက်တော်စောင့်များက ချက်ခြင်း တိုက်ခိုက်ခံခဲ့သော်လည်း မည်သို့သော တုံ့ပြန်စကားမှ ပြောခဲ့ခြင်းမရှိပေ။ ယင်းအစား သူ၏အားနည်းမှုကိုပင် ပြသနေပုံပေါ်သည်။
"ငါ့ကိုသိလို့လား"
ချူးယွင်ဖန်းက တည်ငြိမ်သော အမူအရာဖြင့် မေးလိုက်သည်။
“အာ…”
သခင်လေးဝမ်က ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ ထို့နောက် အနောက်သို့လှည့်၍ လင်ကျန်းရှန်ကို ကန်ထုတ်လိုက်ရာ၊ ၎င်းသည် ချက်ချင်းဆိုသလိုပင် လွင့်ပျံသွားခဲ့သည်။ သူသည် နာကျင်စွာ အော်ဟစ်၍ အံသြမှင်သက်နေမိသည်။ သခင်လေးဝမ်က သူ့ကို မည်သို့ကြောင့် ရုတ်တရက် တိုက်ခိုက်ခဲ့သည်ကို သူ မသိပေ။
ထိုအချိန်မှသာ သခင်လေးဝမ်၏ အမျက်ဒေါသသည်လည်း အနည်းငယ် ပြေပျောက်သွားတော့သည်။
'ချီးပဲ။ သတ်ဖြတ်ခြင်းနတ်ဘုရားကို ရန်စပြီးတာတောင် ဒင်းက မတော်မတရား ခံလာရတယ်လို့ ပြောရဲသေးတယ်'
“သခင်လေးချူးဖြစ်နေမှန်း ကျွန်တော်မသိလိုက်လို့ပါ။ ခုနက ဒီအရူးကောင်က ကျွန်တော့်ကို ဘာမှသေချာ မရှင်းပြထားလို့ပါ"
သခင်လေးဝမ်၏ မျက်နှာပေါ်တွင် ခယသော အပြုံးတစ်ခုရှိနေသည်။
အလှည့်အပြောင်းသည် မြန်ဆန်လွန်းသဖြင့် လူတိုင်းကပင် သတိမမူခဲ့ပေ။ အထူးသဖြင့် ရှောင်ဟေးနှင့် အခြားသူများက မျက်လုံးများကို အစွမ်းကုန် အမှိတ်အဖွင့် လုပ်နေကြသည်။
‘မှားမြင်လိုက်တာများလား’
၎င်းတို့သည် ဖျော်ဖြေရေးနယ်ပယ်မှ မဟုတ်ကြသော်လည်း သခင်လေးဝမ်၏ ပုံမှန်အပြုအမူကို သိထားကြသည်။ ကနဦးတွင် သူသည် တစ်ချက်မျှ လှည့်မကြည့်ဘဲ ချူးယွင်ဖန်း၏လက်များကို ဖြတ်တောက်ခိုင်းခဲ့ပြီးနောက် လင်ကျန်းရှန်ကို ကန်ထုတ်လိုက်သည်။ ဤအချက်ဖြင့် သူသည် စိတ်ထားကောင်းမွန်သူ မဟုတ်ကြောင်း သိသာထင်ရှားစေသည်။
ယခုမူ သခင်လေးဝမ်က ချူးယွင်ဖန်းကို မျက်နှာချိုသွေးသော အမူအရာဖြင့် ကြည့်နေသည်။ ၎င်းအပြောင်းအလဲသည် မြန်လွန်းလှသည်။
အထူးသဖြင့် ချူးချင်ရွှမ်သည်လည်း မယုံကြည်နိုင်ခဲ့ပေ။
'ဒါက ငါ့အစ်ကိုမှ ဟုတ်ရဲ့လား'
သူ၏ဂုဏ်သတင်း တစ်ခုတည်းကို အားကိုးရုံဖြင့် ကြမ်းကြုတ်သည့် ဂုဏ်သတင်းဖြင့် ကျော်စောသော သခင်လေးဝမ်ကိုပင် ဦးညွှတ်အောင် ပြုလုပ်နိုင်ခဲ့သည်။
“ရှင်းရှင်းပဲ ပြော။ ငါမှန်းသာသိရင် မင်း ဒီကိုမလာတော့ဘူးလား" ချူးယွင်ဖန်းက အေးစက်သော အပြုံးဖြင့် ပြောသည်။
"အခုအချိန်မှ ငါ့ရှေ့မှာ ကောင်းချင်ယောင် ဟန်ဆောင်ပြချင်တယ်ဆိုရင်။ နောက်ကျနေပြီလို့ မထင်ဘူးလား"
"ချူးယွင်ဖန်း၊ မင်း ဘာကိုဆိုလိုတာလဲ"
သခင်လေးဝမ်သည် သူ၏ခယနေသော အပြုံးကို ရုပ်သိမ်းလိုက်သည်။ ချူးယွင်ဖန်း၏ တင်းမာသောအကြည့်ကို မြင်လိုက်ရချိန်တွင် မိမိ၏မာနက ဤသို့ဆက်လက် ပြုမူခွင့်မပြုခဲ့ပေ။ သခင်လေးဝမ်သည် မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသည့်အပြင် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားတစ်ဦးပင် ဖြစ်သည်။ အကယ်၍ သူသည် တက္ကသိုလ်၏ သာမာန် ကျောင်းသားတစ်ဦးဖြစ်ခဲ့လျှင် ဤမျှ ကြောက်ရွံ့နေမည်မဟုတ်ပေ။ သူသည် ချူးယွင်ဖန်း၏ မျက်နှာကို မြင်လိုက်ရလိုက်ရုံဖြင့် သေလုမတတ် ကြောက်ရွံ့သွားခဲ့သည်။
ချူးယွင်ဖန်း၏ သတ်ဖြတ်သူ ဂုဏ်သတင်းသည် အလွန်ကြီးမားလှသည်။ သခင်လေးဝမ်သည် ပြည်ထောင်စုတက္ကသိုလ်၏ ဂုဏ်ယူဖွယ်ရာ ကျောင်းသားတစ်ဦးဖြစ်၍ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများကို ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူ၏ဂုဏ်ယူမှု မှန်သမျှသည် ချူးယွင်ဖန်း၏အရှေ့တွင် မည်သို့မျှ အသုံးဝင်မည်မဟုတ်ပေ။ မိမိထက် ဆယ်ဆပို၍ ထူးချွန်သော ကျန်းပိုင်ဖေးနှင့် ဟွမ်ယုလျှင်ပင် အလွယ်တကူ အသတ်ခံခဲ့ရသေးသည်။
သို့သော် အဓိကကျသော စည်းမျဉ်းဘောင်တစ်ခုရှိနေသည်။
"ငါက ဘာကိုဆိုချင်တာလဲ ဟုတ်လား။ ဟန်ဆောင်ချင်သေးလား။ နေရာမှာ ငါ့ကို ဘယ်လိုရှင်းကြမလဲဆိုတာ ဆွေးနွေးဖို့ စုရုံးနေကြတယ်ဆိုတာ ငါသိတယ်။ မင်းက ဒီကိုရောက်နေတာတောင် ငါကို ဘာကိုဆိုလိုချင်တာလဲလို့ မေးချင်သေးတာလား"
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ၎င်းတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သခင်လေးဝမ်က နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤအချိန်တွင် နှစ်ဦးနှစ်ဖက်စလုံးက ဟန်ဆောင်ပြောနေရန် မလိုအပ်တော့ကြောင့် သူ သိသွားသည်။
"ချူးယွင်ဖန်း၊ ဒီနေ့ကိစ္စက ငါ့အမှား။ ဒီအင်တာနက် ဆယ်လီတွေက မင်းသူငယ်ချင်းဖြစ်မှန်း ငါ မသိခဲ့ဘူး။ ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးလို့ မရဘူးလား"
"မင်းကို မျက်နှာသာပေးရမယ်တဲ့လား"
ချူးယွင်ဖန်းသည် သခင်လေးဝမ်၏ နံဘေးသို့ လျှောက်လှမ်းသွားကာ လှောင်ရယ်လိုက်သည်။ ပြီးနောက် သူ၏ခြေထောက်ကို မြှောက်၍ ချက်ခြင်းပင် ကန်ထုတ်ပစ်လိုက်သည်။ ဤကန်ချက်သည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းသောကြောင့် သခင်လေးဝမ်က ရှောင်တိမ်းချိန်ပင်မရခဲ့ပေ။ သူသည် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ချူးယွင်ဖန်း၏ ကန်ချက်ဖြင့် လွင့်ပျံသွားခဲ့သည်။
"မင်းကိုယ်မင်း ဘာထင်နေတာလဲ"
ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ သူသည် သခင်လေးဝမ်အပေါ် အမြင်မကြည်ပေ။ ဤအမျိုးသားသည် လူယုတ်မာတစ်ယောက်သာဖြစ်သည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့က ချူးယွင်ဖန်းကို ဖယ်ရှားရန် စီစဉ်နေခြင်းကို တွေ့လိုက်ရသည်နှင့် သခင်လေးဝမ်ဆိုသူသည် ၎င်းတို့နောက်မှ လိုက်ပါခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော လူများသည် မရေတွက်နိုင်အောင် များပြားလှသည်။ ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို တစ်ဦးချင်း လိုက်လံသတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် ၎င်းတို့တစ်ဦးဦးက မိမိလက်ထဲသို့ ကျရောက်လာခဲ့လျှင် ချူးယွင်ဖန်းက လွှတ်ပေးမည် မဟုတ်ပေ။
သခင်လေးဝမ်သည် နာကျင်နေသော အမူအရာဖြင့် သူ၏ရင်ဘတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ ရင်ညွှန့်ရိုးသည် ချူးယွင်ဖန်း၏ ကန်ချက်ဖြင့် လုံးလုံးလျားလျား ကျိုးကြေသွားခဲ့သည်။ သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ချူးယွင်ဖန်း၏ ခွန်အားကို အကဲဖြတ်ပြီးသော်လည်း သူ၏အကဲဖြတ်မှုသည် ၎င်းကို လျှော့တွက်ခဲ့ခြင်းဖြစ်မည်ဟု မည်သည့်အချိန်ကမှ မထင်မှတ်ထားပေ။ ၎င်းတို့နှစ်ဦးစလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များဖြစ်ကြသော်လည်း သူသည် ချူးယွင်ဖန်း၏ ကန်ချက်တစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
"စည်းကျော်မလာနဲ့ ချူးယွင်ဖန်း။ ဒီနေ့ သခင်မလေးကျန်းနဲ့ သခင်လေးဟွမ်တို့ နှစ်ယောက်လုံး တက်ရောက်လာကြတာ။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုက ဒီနေရာမှာ ရှိနေတယ်။ မင်း မောက်မာဖို့ မစဉ်းစားနဲ့” သခင်လေးဝမ်သည် ရင်ဘတ်နာကျင်မှုကို သည်းခံ၍ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် လက်နှစ်ဖက်လုံးကို သူ၏အိတ်ကပ်ထဲသို့ထည့်ကာ သခင်လေးဝမ်ကို နံရံဆီသို့ ကန်ထုတ်လိုက်သည်။
“သတိပေးနေစရာ မလိုဘူး။ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုကို ဖြေရှင်းဖို့ ငါ ဒီနေ့ ဒီကိုရောက်လာတယ်။ တော်လှန်ရေးမှာ အရေးကြီးဆုံးအချက်က ဘယ်သူကမိတ်ဆွေ ဘယ်သူကရန်သူဆိုတာ ဆုံးဖြတ်ရမယ်လို့ ဘိုးဘေးတွေက ပြောခဲ့ကြတယ်။ ငါ့မိတ်ဆွေက ဘယ်သူ၊ ငါ့ရန်သူက ဘယ်သူလဲဆိုတာ ကြည့်ရတာပေါ့"
ဘန်း
ချူးယွင်ဖန်းသည် ထိုသို့ပြောပြီးသည်နှင့်၊ ကမ္ဘာသစ်တစ်ခု၏ တံခါးကို ကန်ထုတ် ဖွင့်လှစ်လိုက်သကဲ့သို့ စားသောက်ပွဲအခမ်းအနား၏ တံခါးကို ကန်ထုတ်လိုက်သည်။ ဆူညံသံများ ဖြင့် ပြည့်နှက်နေသည့် ခန်းမကြီးက ခေတ္တ တိတ်ဆိတ်သွား၏။