အခန်း (၅၈၃-၅၈၅)
Vol. 39 Ch. 583-585
အခန်း (၅၈၃) ဒူးထောက်
ချူးယွင်ဖန်းက ခန်းမ၏တံခါးကို ကန်ဖွင့်လိုက်ပြီးနောက် ခန်းမထဲဝင်သွားခြင်းကို ငေးကြည့်နေရာမှ ရှောင်းဟေးနှင့် အခြားလူများက အသိစိတ် ပြန်ကပ်လာကြသည်။
ဤဖြစ်စဉ်သည် ၎င်းတို့၏စိတ်ကူးကို လုံးလုံးလျားလျား ကျော်လွန်သွားခဲ့သည်။ ၎င်းတို့၏အမြင်တွင် ကျားတစ်ကောင်နှင့်တူသော သခင်လေးဝမ်သည် ချူးယွင်ဖန်း၏မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေသည်။ ချူးယွင်ဖန်း၏ သခင်လေးဝမ်ကို စိတ်ရှိသရွေ့ ကန်ထုတ်လိုက်သောအပြုအမူသည် ၎င်းက လင်ကျန်းရှန်ကို ဆက်ဆံခဲ့သည်အပြုအမူကဲ့သို့ သိက္ခာစောင့်စည်းခြင်းမရှိခဲ့ပေ။
ချူးယွင်ဖန်း၏ အပြုအမူသည် အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိကြောင်းကို ၎င်းတို့သည်လည်း တပ်အပ်ပြောနိုင်ကြသည်။ အထူးသဖြင့် ချူးယွင်ဖန်းကို ဆက်ဆံရာတွင် သခင်လေးဝမ်သည် ကျားတစ်ကောင်နှင့် ရင်ဆိုင်ရနေသည့်နှယ်ဖြစ်နေခြင်းကို ၎င်းတို့အားလုံးက ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
ထိုမျက်နှာချိုသွေးသော အပြုံးသည် မယုံနိုင်ဖွယ် ကောင်းလှသည်။
'ဒါလား တည်ငြိမ်သမုဒ္ဒရာမြို့မှာ ကြီးစိုးနေတဲ့ သခင်လေးဝမ်ဆိုတာ'
"ရွှမ်ရွှမ်... နင့် အစ်ကိုက အံ့သြဖို့ကောင်းလိုက်တာ"
ထျန်ချန်က သူမ၏ပါးစပ်ကို ဖုံးအုပ်လျက် မယုံနိုင်ကြည်နိုင်ဖွယ်ဖြစ်နေသော အပြုအမူဖြင့် ပြောလိုက်သည်။
“ဟုတ်ပါ့။ နင့်အစ်ကိုက တကယ်ပဲ ဘယ်သူလဲ"
ရှောင်းဝူက မှင်သက်စွာ မေးလိုက်၏။
"သူ့မှာသာ ကုမ္ပဏီတစ်ခုရှိရင် ကြီးစိုးတဲ့သူဌေးကြီးဖြစ်နေမှာ သေချာတယ်"
ရှောင်ဟေးသည်လည်း မျက်လုံးများအရောင်တောက်ပလျက် ပြောလိုက်သည်။
“အဲ့လိုပြောတော့မှ၊ ငါ့အစ်ကိုမှာ ကုမ္ပဏီတစ်ခုရှိတယ်တဲ့၊ ကုမ္ပဏီက သေးမယ့်ပုံတော့ မပေါ်ဘူး။ အာ ဒါပေမယ့် လူလိမ်ကုမ္ပဏီတော့ မဟုတ်လောက်ပါဘူးနော်"
ချူးချင်ရွှမ်က သည်လည်း ထိတ်လန့်တုန်လှုပ်မှုထဲတွင် နစ်မြှုပ်နေပုံပေါ်သည်။
သူမ၏အစ်ကိုသည် အထက်တန်းကျောင်း တတိယနှစ်တွင် ရှိနေချိန်တွင်ပင် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် ၎င်းသည် အလွန်အင်အားကြီးမားသူဖြစ်ကြောင်း
သိထားသော်လည်း သူမ၏အစ်ကိုသည် ပြင်ပလောကတွင် ထိုမျှနာမည်ကျော်ကြားနေကြောင်းကို ချူးချင်ရွှမ်က မသိခဲ့ပေ။
"ဘုရားရေ။ နင့်မိသားစုက လျှို့ဝှက်ထားတဲ့ လူချမ်းသာ မိသားစုမျိုးဖြစ်နေတာကို"ထန်ချန်က ပြောသည်။
ချူးချင်ရွှမ်က ခေါင်းခါကာ ပြောလိုက်သည်။
“ငါတို့မိသားစုက သာမန်မိသားစုတစ်ခုပါ။ ဘယ်လိုလုပ် ချမ်းသာတဲ့ မိသားစုဖြစ်ရမှာလဲ။ အဲ့ဒါတွေအကုန်လုံးက ငါ့အစ်ကိုက သူ့ဘာသာ ကြိုးစားခဲ့တာတွေချည်းပဲ"
"မြန်မြန် လာကြည့်ကြ"
ခန်းမတံခါးဝသို့ လျှောက်သွားသော ရှောင်ဟေးက အခြားလူများကို လှမ်းအော်လိုက်သည်။
ချူးယွင်ဖန်းသည် ခန်းမတံခါးကို ကန်ဖွင့်လိုက်ပြီးနောက် ခန်းမထဲသို့ ဝင်သွားခဲ့သည်။ ဤကဲ့သို့ရုတ်တရက် အပြောင်းအလဲသည် ခန်းမတစ်ခုလုံးရှိလူများကို ဆွဲဆောင်စေခဲ့သည်။
လူငယ်တစ်ဦးက ဝင်ရောက်လာပြီးနောက် လူအုပ်ကို ဖြည်းညှင်းစွာ လှည့်လည်ကြည့်ရှုလိုက်သည်။
"ဒီမှာ တော်တော်လေး စည်ကားနေကြတာပဲ"
ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်တွင် မည်သူမျှရှိမနေသည့်ဟန်ဖြင့် လူအုပ်ကြီး၏အကြည့်ကို ဂရုမစိုက်ဘဲ ဝင်ရောက်လာခဲ့သည်။
"ဒီလူက ဘယ်သူလဲ"
လူအများစုက အံ့ဩသွားကြသည်။ မည်သို့သော အကြောင်းအရာမျိုး ဖြစ်ပွားခဲ့သည်ကို ၎င်းတို့က မသိသည့်အပြင် ဤလူသည် ရုတ်တရက် ဝင်ရောက်လာခဲ့သည်
"ချူးယွင်ဖန်း။ အဲ့တာ ရှန်ဟဲဆေးပညာကုမ္ပဏီရဲ့ သူဌေး ချူးယွင်ဖန်းပဲ"
တစ်စုံတစ်ယောက်က ချူးယွင်ဖန်းကို ချက်ချင်း မှတ်မိသွားခဲ့ရာ ၎င်းသည် ရုန်းရင်းဆန်ခတ်များ ဖြစ်သွားစေသည်။
ထိုကုန်သည်များက ချူးယွင်ဖန်းကို သိထားကြသည်။ အချက်ကျစွာပြောရမည်ဆိုလျှင် သူသည် ဤလူများကြားတွင် အလွန်နာမည်ကျော်ကြားသူဖြစ်သည်။ ရှန်ဟဲဆေးပညာကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်များတွင် အလွန်ကျော်ကြားခဲ့သည့် ကုမ္ပဏီဖြစ်ရာ၊ ၎င်း၏သူဌေးသည်လည်း မည်သို့မျှ လူအများ၏ အာရုံစူးစိုက်မှုကို မခံရခြင်းဖြစ်မည်နည်း။ သူသည် အသစ်ထုတ်လုပ်ထားသည့် ချီဖြည့်တင်းဆေးတစ်ခုတည်းဖြင့်သာ မရေမတွက်နိုင်သော လူများ၏ အာရုံကို ဆွဲဆောင်ထားခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် သူ၏မျက်နှာကို မကြာခဏ ပြသခဲ့ခြင်းမရှိသောကြောင့် လူအများစုက သူ၏အသွင်အပြင်ကို မသိခဲ့ကြပေ။ အများစုသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကသူ၏ ဓာတ်ပုံကိုသာ မြင်ဖူးကြသည်။ ချူးယွင်ဖန်း၏အသွင်အပြင်သည် များစွာပြောင်းလဲခြင်းမရှိသော်လည်း သူ၏အပြုအမူသည် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ကနဦးတွင် လူများစုက ချူးယွင်ဖန်းကို မမှတ်မိကြသော်လည်း တစ်စုံတစ်ယောက်က သတိပေးလိုက်သည်နှင့် လူတိုင်းက ချက်ချင်း မှတ်မိသွားကြသည်။ တစ်ဖက်မှကြည့်လျှင် သူသည် ဤစုဝေးပွဲ၏ အခြားသော အဓိကဇာတ်ဆောင်ဖြစ်သည်။ နောက်ထပ် အခြားသော အဓိကဇာတ်ဆောင်များမှာ ကျန်းဖေးယန်နှင့် ဟွမ်ချိုးတို့သာဖြစ်သည်။
ထိုဖြန့်ဝေသူများသည် မြောက်မြားစွာသော စီးပွားရေးတိုက်ပွဲများကို ကြုံတွေ့ခဲ့ရ၍ မြို့ရိုးများနှင့် နှိုင်းယှဉ်နိုင်သည်အထိ လေ့ကျင့်သင်ကြားခဲ့ရသော်လည်း ချူးယွင်ဖန်းကို တွေ့လိုက်ရသည်နှင့် ၎င်းတို့က အနည်းငယ် ရှက်ရွံ့သွားကြသည်။
ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ ဖိအားအောက်တွင်၊ ရှန်ဟဲဆေးပညာကုမ္ပဏီနှင့် ချုပ်ဆိုထားသော သဘောတူညီချက်ကို လူအများက ဖျက်ဆီးခဲ့ကြသည်။
"အဓိကဇာတ်ဆောင် ရောက်လာပြီပေါ့"ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်ထားသည့် ဟွမ်ချိုးက မထီမဲ့မြင်ပြုသော အပြုံးဖြင့် ပြောလိုက်သည်။
"သူရောက်လာတော့ရော ဘာဖြစ်လဲ" ကျန်းဖေးယန်က လှောင်ရယ်လိုက်သည်။
"ငါသာ သူ့နေရာမှာဆိုရင် ကိုယ့်ကိုယ်ကို သိက္ခာအကျခံပြီး ဒီနေရာကိုလာမှာ မဟုတ်ဘူး"
"ချူးယွင်ဖန်း မင်းက ဒီကိုဘာလာလုပ်တာလဲ"
ကုန်သည်တစ်ဦးက ချူးယွင်ဖန်းကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။ သူသည် ချူးယွင်ဖန်းကို ကြောက်ရွံ့ခြင်း မရှိကြောင်း ဝန်ခံရပေလိမ့်မည်။ မိမိသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့နှင့်အတူ ပူးပေါင်းပြီးပြီဖြစ်သောကြောင့်၊ သူ၏ရပ်တည်မှုကို ဖော်ပြရန် အချိန်တန်ပြီဖြစ်သည်။
"ပြောပါဦး မင်း နာမည်ဘယ်လိုခေါ်လဲ။ မင်းက ငါ့ကို ကောင်းကောင်း မသိနိုင်သေးဘူးထင်တယ်။ ငါက ဒေါသကြီးပြီး အငြိုးလည်းကြီးတဲ့ လူ။ ငါလဲကျနေတဲ့အချိန် ဖိနှိပ်တဲ့သူတိုင်းကို ငါက မှတ်ထားတတ်တယ်" ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ရိုင်းစိုင်းချက်ကတော့။ ဒီနေရာက မင်း သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ နေရာများ ထင်နေလား"
ချူးယွင်ဖန်းသည် အားနည်းချက်ကိုမပြသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် မိမိကိုပင် ခြိမ်းခြောက်ဝံ့ကြောင်း ကုန်သည်က မြင်လိုက်သည်နှင့် ၎င်း ချက်ချင်း ဒေါသထွက်သွားလေသည်။
၎င်းအရောင်းကိုယ်စားလှယ်သည် များသောအားဖြင့် အထက်စီးဆန်လေ့ရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုများကဲ့သို့ အင်အားကြီးမားသည့် မိသားစုများက မဟုတ်လျှင် မည်သို့မျှ ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းငုံ့သည်အထိ ပြုမူရန် စေခိုင်းနိုင်မည်နည်း။
"ဒူးထောက်"ချူးယွင်ဖန်းက အော်လိုက်သည်။
အဆက်မပြတ်ပြောနေသည့် ကုန်သည်က ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသကဲ့သို့ ခံစားလိုက်ရ၍ သူ၏ခြေထောက်များကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ချက်ချင်း ဒူးထောက်ကျသွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းက အလွန် အံ့သြမှင်သက်သွားကြသည်။
ဤကုန်သည်သည် နှစ်ပေါင်းများစွာကြာ ကျင့်ကြံခဲ့သူဖြစ်သည်။ တိုက်ပွဲစွမ်းရည်အရဆိုလျှင် သူသည် တစ်နှစ်ပတ်လုံး စစ်မြေပြင်တွင် တိုက်ပွဲဝင်နေရသူများနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း သူ၏ ကျင့်ကြံမှုသည် မရီးဒျန်သန့်စင်ခြင်းအဆင့်အောက် မနိမ့်ကျသောကြောင့် ကြံ့ခိုင်မှုအရကြည့်လျှင် အားနည်းသူဟု မယူဆနိုင်ပေ။ သူ၏ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုသည်လည်း အားနည်းသူဟု ယူဆနိုင်မည် မဟုတ်ပေ။ မည်သို့မျှ တစ်စုံတစ်ယောက်၏ ခြောက်လှန့်မှုဖြင့် ဒူးထောက်ခဲ့ရခြင်းဖြစ်သနည်း။
အရောင်းကိုယ်စားလှယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချွေးစေးများဖြင့် ဖုံးလွှမ်းနေသည်။ သူသည်ကြောက်မက်ဖွယ် အကောင်းဆုံးအရာတစ်ခုဖြင့် ကြုံတွေ့ခဲ့ရသည့်နှယ့် ခံစားလိုက်ရသည်။
ချူးယွင်ဖန်းသည် အရောင်းကိုယ်စားလှယ်ကို တစ်ချက်မျှ လှည့်မကြည့်ခဲ့ပေ။ သူသည် ၎င်းကို အာရုံစိုက်နေသည့်ဟန် မပေါ်ပေ။ အော်ဟစ်ရုံမျှဖြင့် လူတစ်ဦးကို ဒူးထောက်သွားစေနိုင်သည့် သူ၏လှုပ်ရှားမှုသည် ရှေးဟောင်းလူသားများကာလရှိ နတ်ဆိုးဂိုဏ်းတစ်ခု၏ ဝိညာဉ်စုပ်ယူခြင်း သိုင်းပညာတစ်ခုဖြစ်သည်။ ၎င်းသည် စိတ်ဓာတ်ပျော့ညံ့သူများနှင့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသူများကို အလွယ်တကူ ထိခိုက်စေနိုင်သည်။
“တစ်ပါးသူရဲ့ အခြေအနေကို ဒီ့ထက်ဆိုးရွားအောင် လုပ်ချင်တယ်ဆိုရင် လုပ်နိုင်စွမ်းရှိဖို့တော့ လိုဦးမှပေါ့။ အခုအချိန်မှာ ဒီလိုလုပ်ဖို့က စောလွန်းမနေဘူးလား" ချူးယွင်ဖန်းက လှောင်ရယ်ပြောပြီးနောက် ကျန်းဖေးယန်နှင့် ဟွမ်ချိုးတို့ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
"မင်းတို့က ကျန်းမိသားစုနဲ့ ဟွမ်မိသားစုရဲ့ ကိုယ်စားလှယ်တွေလား" ချူးယွင်ဖန်းက မေးလိုက်သည်။ လူအများ၏ ဤလူနှစ်ဦးအပေါ်ထားရှိသော အာရုံစူးစိုက်မှုကို မြင်တွေ့နိုင်သောကြောင့် ၎င်းတို့ကို ခန့်မှန်းရန် မခက်ခဲလှပေ။
"သခင်လေးဟွမ်နှင့် သခင်မလေးကျန်းတို့က ကျန်းမိသားစုနဲ့ ဟွမ်မိသားစုကိုကိုယ်စားပြုတဲ့လူတွေ။ မင်းက မောက်မာလွန်းအားကြီးတယ်။ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုကို ယှဉ်နိုင်မယ်လို့ မင်းထင်နေတာလား" လူငယ်တစ်ဦးက အရှေ့သို့ အလျင်အမြန် လှမ်းလာ၍ ပြောလိုက်သည်။
“ဟာသပဲ။ သူတို့နှစ်ယောက်လုံးက စကားတစ်ခွန်းတောင် မပြောရသေးဘဲ မင်းတို့က တစ်ယောက်ပြီးတစ်ယောက် ခုန်ပေါက်နေကြပါလား။ သူတို့က ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေ ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူတို့ထဲက အယောက် ၈၀ လောက်က ငါ သတ်လို့သေသွားပြီ၊ ငါ့ရှေ့လာပြီး ဘဝင်လေဟပ်မနေနဲ့" ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။
ချူးယွင်ဖန်း၏ စကားကို ကြားလိုက်ရသော လူအများက မယုံကြည်ကြပေ။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် မြင့်မြတ်သော မိသားစုကြီးရှစ်ခုများအနက် တစ်ခုဖြစ်သည်။ ၎င်းတို့သည် အင်အားကြီးမားသူများ ဖြစ်ခဲ့ကြရာ၊ ၎င်းတို့မိသားစုမှ ဆယ်ချီ ရာချီသော လူများကို သတ်ဖြတ်ရန် မဆိုနှင့် ၎င်းတို့ထဲမှ တစ်ဦး နှစ်ဦးကို သတ်ဖြတ်ခြင်းသည် ကြီးမားသော ကိစ္စတစ်ခုဖြစ်နေပြီဖြစ်သည်။ ၎င်းသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ ကလဲ့စားချေမှုကို ခံစားရစေမည့် အပြုအမူဖြစ်သည်။
ထိုလူများအနက် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများ၏ အမူအရာများ အလွန်ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းက ကြွားဝါပြောနေခြင်း မဟုတ်ကြောင်းကို ၎င်းတို့သိထားကြသည်။ ချူးယွင်ဖန်း၏ပြောချက်နှင့် ပတ်သက်၍ တိကျသေချာသည့် အထောက်အထားများမရှိသော်လည်း၊ သူပြောခဲ့သော စကားများ၏စစ်မှန်မှုကို လူတိုင်းက သိထားကြသည်။
ဤသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ဦး ဖြစ်သည်။
'ချူးယွင်ဖန်းက ချူးယွင်ဖန်းပါပဲလေ' ဟူသော အတွေးတစ်ခုက ၎င်းတို့၏ အာရုံသို့ ဝင်ရောက်လာခဲ့သည်။ ဤနေရာသည် နဂါးသိုက်နှင့် ကျားဂူဖြစ်နေကြောင်း ရှင်းလင်းစွာ သိထားသော်လည်း သူ့တွင် ဤနေရာသို့ ရောက်လာဝံ့သည့် သတ္တိရှိနေသေးသည်။
အခန်း (၅၈၄) ဒီလောက်ပါပဲ
ချူးယွင်ဖန်း၏အမည်သည် လွန်ခဲ့သော နှစ်လအတွင်း ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေခဲ့သည်။ အခြေအနေကို အာရုံစိုက်နေသူတိုင်းက ၎င်းကို သိထားပေလိမ့်မည်။
ချူးယွင်ဖန်း၏ အဆက်မပြတ် သတ်ဖြတ်မှုအကြောင်းကိုလည်း ထိုအလူများက သိထားကြပေလိမ့်မည်။ သူ၏ တိုက်ပွဲမှတ်တမ်းများ ထပ်မံ စုပုံလာချိန်တွင် ချူးယွင်ဖန်းသည် လက်တွေ့အားဖြင့် မျိုးဆက်သစ်များ၏ နံပါတ်တစ် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးဖြစ်လာသည်။
သို့သော် ဤအကြောင်းအရာသည် တက္ကသိုလ်များနှင့် ဂိုဏ်းများစွာကြားတွင် အဓိကပျံ့နှံ့နေခဲ့သည်။ ၎င်းတို့အပြင် ဤကိစ္စကို ဂရုစိုက်ကြသူအများအပြား မရှိကြပေ။ မည်သို့ဆိုသော် ပြည်ထောင်စုအစိုးရက ဤကိစ္စကို ဖုံးဖိထားခဲ့သောကြောင့်ဖြစ်သည်။
ချူးယွင်ဖန်းနှင့် ပြဿနာရှာရန် ရောက်လာကြသော ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့သည် ၎င်းတို့ဘက်မှ အပြည့်အဝ ပြင်ဆင်ထားကြမည်မှာ သေချာသည်။ ချူးယွင်ဖန်းက ၎င်းတို့ဆီသို့ လာရောက်ပြဿနာရှာခြင်းကို ၎င်းတို့က စောင့်ဆိုင်းရုံမျှသာ နေနိုင်ကြသည်။
ဤအရာအားလုံးကို အလွယ်တကူ ကောက်ချက်ချနိုင်သည်။ သို့သော် ချူးယွင်ဖန်းက ထိုသို့သောအခြေအနေမျိုးတွင် သတ္တိရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ကျန်းမိသားစုများနှင့် ဟွမ်မိသားစုများ၏ ဝှက်ဖဲအချို့ကို သိနေသော်လည်း ချူးယွင်ဖန်း၏ ဤနေရာကို ရောက်လာသော အပြုအမူသည် ပြည်ထောင်စုတက္ကသိုလ်ရှိ ကျောင်းသားများတွင် အတွေးတစ်ခုသာပေါ်လာခဲ့သည်။ ချူးယွင်ဖန်းသည် ဥာဏ်ပညာမရှိခြင်း၊ အကြောက်တရားကင်းမဲ့ခြင်း၊ အမှန်တကယ် ရဲရင့်ခြင်းမျိုး မဟုတ်လျှင် မည်သို့ဆိုရမည်ကို ၎င်းတို့ မသိခဲ့ကြပေ။
"ချူးယွင်ဖန်း၊ မင်းက ကောလဟာလတွေထက်တောင် ပိုပြီးမောက်မာနေပါလား။ ဘယ်အရာကိုမဆို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား။ မင်းက နုံအလွန်းတယ်" ဟွမ်ချိုးက ချူးယွင်ဖန်းကို စိုက်ကြည့်၍ လှောင်ရယ်၍ ပြောလိုက်သည်။
"သခင်လေးဟွမ်၊ သူပဲ။ သူ ကျွန်တော့်ကို တိုက်ခိုက်ခဲ့တာ။ သခင်လေးဟွမ်၊ ကျွန်တော့်ကို လက်စားချေပေးပါ"
သခင်လေးဝမ်သည် တံခါးအပြင်ဘက်မှ ရုန်းကန်၍ ပြေးဝင်လာခဲ့ရာ ထိုနေရာတွင် ရပ်နေသော ရှောင်ဟေးနှင့် အခြားသူများပင် ကြောက်လန့်သွားကြသည်။
၎င်းတို့သည် ချူးယွင်ဖန်းက ယခုနေရာအထိ လျှောက်လှမ်းသွားခြင်းကို ကြည့်နေခဲ့ကြသည်။ သူသည် အလွန် အံ့သြဖွယ်ကောင်းသူသာဖြစ်သည်။ သူ၏ခွန်အား တစ်ခုတည်းကို အသုံးပြု၍ လူအများက မဆင်မခြင်ပြုမူရဲ့ခြင်း မရှိတော့သည်အထိ ခြိမ်းခြောက်ခဲ့သည်။
"သူက ခန့်ညားလိုက်တာ။ ရွှမ်ရွှမ် နင့် အစ်ကိုက အရမ်းမိုက်တာပဲ။ ငါ့နှလုံးသားလေးတောင် တစ်သိမ့်သိမ့်တုန်နေတုန်းပဲ။ အဲ့ဒီ့ဒူးထောက်ချက် အရမ်းမိုက်လွန်းတယ်"
ထျန်ချန်သည် လင်ကျန်းရှန်ကြောင့် ဖြစ်ပေါ်လာသည့် တင်းမာသောအခြေအနေကို မေ့လျော့သွားခဲ့သည်။ သူမ၏ စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသော အရာမှာ ချူးယွင်ဖန်း၏ ခန့်ညားမှုများသာဖြစ်သည်။
"ငါ နင့်ရဲ့ယောက်မ လုပ်မယ်လေ။ ရွှမ်ရွှမ်၊ နင် ငါ့ကို စဉ်းစားရမယ်နော်"
ရှောင်ဟေးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါစဉ်းစားတော့ ဘာအသုံးဝင်မှာမို့လို့လဲ။ ငါဆုံးဖြတ်လို့ရတာမှ မဟုတ်တာကို"
ချူးချင်ရွှမ်သည် သူမ၏ သူငယ်ချင်းနှစ်ဦးကို ဆွံ့အနေသောအမူအရာဖြင့် မျက်စောင်းထိုးလိုက်သည်။
“ငါ အစ်ကို့အတွက် စိတ်ပူတယ်။ ဘယ်လိုပဲကြည့်ကြည့် ဒီလူတွေက လူကောင်းဖြစ်မယ့်ပုံ မပေါ်ဘူး”
ချူးချင်ရွှမ်သည် အတွေ့အကြုံရှိသူ မဟုတ်သော်လည်း ထိုလူများက လူကောင်းမဟုတ်မှန်း သူမ သိနေသည်။
"ချူးယွင်ဖန်း၊ မင်းက မောက်မာလှချည်လား။ ငါ့သူငယ်ချင်းကို ဒူးထောက်ပြီး မတောင်းပန်ရင် မင်းဒီနေ့ ဒီကနေ ထွက်သွားရမယ် မထင်နဲ့"
ဟွမ်ချိုးသည် ယိုင်နဲ့နဲ့ဖြစ်နေသော သခင်လေးဝမ်ကိုကြည့်၍ လှောင်ရယ်လိုက်သည်။ သခင်လေးဝမ်က မည်သူဖြစ်သည်ကို သူ ဂရုမစိုက်ပေ။ သူသည် ချူးယွင်ဖန်းကို အရှက်ရစေရန်အတွက် ဤအခွင့်အရေးကို အသုံးချနေခြင်းဖြစ်သည်။
"ဖြစ်နိုင်ခြေရှိမယ်လို့ မင်းက တကယ်ထင်နေတာလား" ချူးယွင်ဖန်းက အပြုံးဖြင့် ပြောလိုက်သည်။
"မင်းက ဒီနေရာကို ငါ့အတွက်လာခဲ့တာဆိုတော့ ငါ့အတွက် ဘာတွေပြင်ဆင်ထားလဲ
ဆိုတာ ကြည့်ရသေးတာပေါ့"
"ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ စီနီယာတစ်ယောက်အနေနဲ့ မင်းကို သင်ခန်းစာပေးလိုက်မယ်။ တစ်ခါတစ်လေ အရမ်း မောက်မာလွန်းရင် မြန်မြန် သေရလိမ့်မယ် ကွ”
ထိုသို့ လှောင်ရယ်ပြောရာမှ ဟွမ်ချိုး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူသည် သူ၏ ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ ဆိုင်ကလုန်းမုန်တိုင်းကို ဖန်တီးစေခဲ့သည်။
"မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်"
တစ်စုံတစ်ယောက်က အတည်ပြုပြောလိုက်ရာမှ သူ၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။
မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သည် ဆိတ်ငြိမ် သမုဒ္ဒရာမြို့ကဲ့သို့ မြို့ငယ်လေးကိုပင် စိုးမိုးရန် လုံလောက်သည်။ ဟွမ်ချိုးသည် အလွန်ငယ်ရွယ်သူ တစ်ဦးဖြစ်သော်လည်း ဟွမ်မိသားစု၏ ထူးချွန်သူ တပည့်တစ်ဦးဖြစ်ရန် ထိုက်တန်သူဟု ထင်မှတ်ရမည်ဖြစ်သည်။
“ဘာစွမ်းအင်လဲ။ ဟွမ်မိသားစုဝင်တွေအားလုံးက ဒီလောက်အင်အားကြီးလို့လား"
"မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်။ ဒါ ဟွမ်မိသားစုက ထူးချွန်တဲ့ တပည့်တွေရဲ့ စွမ်းအင်အစစ်အမှန်ပဲ”
“မြင့်မြတ်တဲ့ မိသားစုကြီးရှစ်ခုက သူတို့ဂုဏ်သတင်းတွေနဲ့ ထိုက်တန်ပါပေတယ်"
ဤခွန်အားကိုမြင်လိုက်ရသော ကုန်သည်များစွာက အံ့သြတကြီးဖြင့် တောက်ခေါက်နေကြသည်။ မြင့်မြတ်သော မိသားစုကြီးရှစ်ခုသည် အလွန်အင်အားကြီးမားသည်ဟု ကြားသိထားသော်လည်း ထိုမိသားစုများက မည်မျှ အင်အားကြီးမားသည်ဟူသော အခြေခံသဘောတရားကို ၎င်းတို့ မသိထားကြပေ။ ယခုအချိန်မှသာလျှင် ထိုမိသားစုများ မည်မျှ အင်အားကြီးမားသည်ကို အမှန်တကယ် သိရှိသွားကြသည်။
၎င်းတို့၏ လူငယ်မျိုးဆက် တစ်ဦးက ဤမျှအစွမ်းထက်လျှင် ၎င်းတို့၏မျိုးနွယ်စုတစ်ခုလုံးသည် ကျွမ်းကျင်သူပေါင်းများစွာဖြင့် ပြည့်နှက်နေမည် မဟုတ်လော။
"ဘယ်လိုထင်လဲ ချူးယွင်ဖန်း။ မင်း ယှဉ်နိုင်ပါ့မလား"
ဟွမ်ချိုးက ကျယ်လောင်စွာ ပြောလိုက်သည်။ ပေါက်ထွက်လာသော သူ၏ အင်အားအစစ်အမှန်များနှင့်အတူ သူ၏ယုံကြည်မှုသည်လည်း ကန့်သတ်ချက်တစ်ခုအထိ တိုးမြင့်လာစေသည်။
'ချူးယွင်ဖန်းက ပါရမီရှင်ဆိုတော့ရော ဘာဖြစ်လဲ။ အသက်အရွယ် ကွာဟနေတာက အားနည်းချက်တစ်ခု ဖြစ်နေတုန်းပဲဟာကို'
ချူးယွင်ဖန်းသည် ဟွမ်ချိုးကိုကြည့်၍ လှောင်ရယ်လိုက်သည်။
"မင်းက ဟွမ်ယုနဲ့ယှဉ်ရင် ပိုပြီးတောင် နိမ့်ကျသေးတယ်။ ဒီအသက်အရွယ်ရောက်နေတာတောင် အစွမ်းအစက မရှိသလောက်ပဲ"
"ဘာပြောလိုက်တယ် မင်းကတော့ သေချင်နေပြီပဲ"
ထိုစကားကိုကြားလိုက်ရသော ဟွမ်ချိုးက အလွန်ဒေါသထွက်သွားသည်။ ချူးယွင်ဖန်းသည် မိမိကို နှိမ့်ချဆက်ဆံရဲသည့်အပြင် သေဆုံးသွားသောဟွမ်ယုနှင့်ပင် နှိုင်းယှဉ်ရန် မရနိုင်ကြောင်း ပြောခဲ့သည်။
ဒေါသများဖြင့် တောက်လောင်နေသော ဟွမ်ယုက လှုပ်ရှားမှုပြုလုပ်လိုက်သည်။ လင်းယုန်လက်သည်းတစ်စုံနှင့် ဆင်တူသော သူ၏ လက်သည်းများဖြင့် ချူးယွင်ဖန်းကို ကုတ်ခြစ်လိုက်သည်။ သူသည် လင်းယုန်ငှက်တစ်ကောင်က သားကောင်ကို ခုန်အုပ်နေကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ချီတတ်လိုက်သည်။
ဘုံး
ဟွမ်ချိုးသည် လေထုကို ဖြတ်တောက်လိုက်သည်။ တစ်ခဏမျှသာ ကြာမြင့်ခဲ့သော်လည်း ဟင်းလင်းပြင်တစ်ခုလုံး ကွဲအက်သွားသကဲ့သို့ ဖြစ်ပွားစေသည့် ခံစားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာအမူအရာများ အလွန်ပြောင်းလဲသွားကြသည်။ ဟွမ်ချိုး၏ စွမ်းအင်သည် ၎င်းတို့ထက် လုံးလုံးလျားလျား မြင့်မားလွန်းသည်။ ထို့အပြင် သူ၏ ခွန်အားသည် စစ်မြေပြင်မှ ရရှိလာသော အတွေ့အကြုံများဖြစ်သည်။ မြို့ထဲတွင် တစ်နှစ်ပတ်လုံး နေထိုင်ကြသော ၎င်းတို့၏ကျင့်ကြံမှု အဆင့်နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ ခွန်အားသည် သာမန်အဆင့်တွင်ရှိနေ၍ လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
တစ်ခဏချင်းအတွင်း၌ပင် ၎င်းတို့၏ သေရေး ရှင်ရေးသည် ဟွမ်ချိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့သည် အသက်ရှူရန်ပင် ခက်ခဲလာသကဲ့ ခံစားခဲ့ရသည်။ စစ်မြေပြင်သို့ မသွားခဲ့သော်လည်း အဖြစ်အပျက်များကို နားလည်လာကြသည်။
ရာနှင့်ချီသော တိုက်ပွဲများကို တွေ့ကြုံဖူးသူများသာ ထိုကဲ့သို့ အပြုအမူများကို စွမ်းဆောင်နိုင်မည်ဖြစ်သည်။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ရင်ဆိုင်နေသော ချူးယွင်ဖန်းသည် တစ်ချက်သာ ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် သူ၏လက်ကို မြှောက်တင်၍ ၎င်းတိုက်ခိုက်ကို လက်ဖဝါးချက်ဖြင့် ရင်ဆိုင်လိုက်သည်။
လေထုတစ်ခုလုံး၏ ဖြိုခွင်းသံများကို အဆက်မပြတ် ကြားလိုက်ရသည်။ ဟွမ်ချိုး၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် အရောင်အဝါသည် ချူးယွင်ဖန်း၏လက်ဖဝါးချက်ဖြင့် ဝါးတစ်ခုကဲ့သို့ ကျိုးပဲ့သွားခြင်းကို လူအများ မြင်တွေ့လိုက်ရသည်။ ၎င်းတိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို အနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။
ဘန်း
ဟွမ်ချိုး၏ တိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို ထိခိုက်ဒဏ်ရာ မဖြစ်စေသည့်အပြင် သူသည် ၎င်းကို ပေါ့ပါးသော လက်ဖဝါးချက်ဖြင့် ခုခံခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟွမ်ချိုး၏ မျက်လုံးများသည် ယုံကြည်မှုကင်းမဲ့စွာ ပြူးကျယ်သွားခဲ့သည်။ သူ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို အနည်းငယ်မျှပင် မထိရောက်နိုင်ခဲ့ပေ။
ဟွမ်ချိုးသည် မရီးဒျန်သန့်စင်ခြင်း၏ အထွတ်အထိပ်သို့ တက်လှမ်းခဲ့သူဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့ခေတ်၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် လူသိများသည့်အပြင် တာအိုညီလာခံ၏ ချန်ပီယံတစ်ဦးဖြစ်ကြောင်းကို သူ သိထားသည်။
'ဒါပေမယ့် အဲ့ဒီ့တော့ ဘာဖြစ်လဲ'
ဟွမ်ချိုးသည် ပြည်ထောင်စုတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးသူဖြစ်၍ ချူးယွင်ဖန်းထက် အသက်ကြီးသူတစ်ဦးဖြစ်သည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားသစ်များနှင့် မကြုံတွေ့ဖူးသူ မဟုတ်ပေ။
ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်လာခဲ့သည့် ကျောင်းသားသစ်တစ်ဦးမျှသာဖြစ်သည်။ ၎င်းက မည်မျှ အင်အားကြီးမားနေသူပါစေ မည်သည့်အခြေအနေအထိ အင်အားကြီးမားနိုင်မည်နည်း။
ထို့ကြောင့် ဟွမ်ချိုးသည် ချူးယွင်ဖန်းကို ကနဦးတွင် အလေးအနက်ထား ဆက်ဆံခြင်းမရှိခဲ့ပေ။
ဟွမ်ချိုး၏ အရောင်အဝါကို ချူးယွင်ဖန်းက အလွယ်တကူ ဖျက်ဆီးပစ်ခဲ့ခြင်းကို ကုန်သည်များက မြင်သောအခါ ၎င်းတို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ၎င်းတို့သည် အလွန် အံသြထိတ်လန့်နေကြသည်။
'ဘာတွေဖြစ်ကုန်တာလဲ'
"ဆိုးတော့ မဆိုးပါဘူး"
ချူးယွင်ဖန်းက တီးတိုး ပြောလိုက်သည်။ ပြီးနောက် လက်ဖဝါးချက်တစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်သည်။ သူ၏ချီစွမ်းအင်ကို လက်ဖဝါးချက်တစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲကာ ၎င်းကို တိုက်ရိုက်တွန်းထုတ်လိုက်သည်။ ၎င်းလက်ဖဝါးရိုက်ချက်သည် ပြိုင်ဘက်ကင်းမဲ့သော အရှိန်အဟုန်ဖြင့် ဟွမ်ချိုး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဘန်း
ဟွမ်ချိုးသည် ဆိုးရွားစွာ အော်ဟစ်ပြီးနောက် ဤလက်ဖဝါးချက်၏ ရိုက်ခတ်မှုကို မတားဆီးနိုင်ခြင်းဘဲ ချက်ခြင်း လွင့်ပျံသွားခဲ့သည်။
အခန်း (၅၈၅) နောက်ထပ် ရှုံးနိမ့်မှု နှစ်ခု
ဟွမ်ချိုးသည် နာကျင်စွာ အော်ဟစ်၍ အနောက်သို့ လွင့်ပျံသွားပြီးနောက် မြေပြင်ပေါ်သို့ တည့်တည့် ပြုတ်ကျသွားလေသည်။
သာမန်လက်ဖဝါးချက် တစ်ခုမျှသာဖြစ်သော်လည်း ၎င်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ ကျိုးကြေသွားသည့်နှယ် ခံစားလိုက်ရသည်။
တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားသည်။
ဟွမ်ချိုး၏တိုက်ခိုက်မှုသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်အထိ လူအများကို ထိတ်လန့်စေပါစေ ချူးယွင်ဖန်းအတွက်တော့ ၎င်းသည် လက်ဖဝါးတစ်ချက်စာမျှသာ အင်အားရှိသည်။
မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်အကြားရှိ ကွာဟချက်သည် ဤမျှကြီးမားသည်။ ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်သည် မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နှိုင်ယှဉ်နိုင်နေပြီဖြစ်သည်။ ထိုဝေါဟာရတစ်ခုတည်းတွင်၊ သူနှင့် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာရှိနေသော ဟွမ်ချိုးတို့ကြားတွင် အခြေခံ ကွာခြားချက်တစ်ခုရှိနေပြီဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို အသုံးပြုရုံမျှသာ အသုံးပြုခဲ့သည်။
လူအုပ်ကြီးက လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ မကြာသေးမီက ဟွမ်ချိုးသည် ဟွမ်မိသားစု၏ မျိုးဆက်ဖြစ်ထိုက်သူဟု ၎င်းတို့က တွေးထင်နေကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက ရှုံးနိမ့်သွားခဲ့သည်။ ၎င်းဖြစ်စဉ်သည် အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းသာဖြစ်သည်။
"ဘယ်လိုလုပ်ပြီး... ချူးယွင်ဖန်းက ဒီလောက်တောင် သန်မာနေရတာလဲ"
"အဲဒီလို အင်အားကြီးတဲ့လူက တည်ငြိမ်သမုဒ္ဒရာမြို့မှာ ဘယ်တုန်းက ပေါ်လာရတာလဲ"
“ကြောက်စရာကောင်းလွန်းတယ်။ ငါ ခုနက ဝင်မပါခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် အခုအချိန် ပညာပေးခံနေရတဲ့လူက ငါဖြစ်နေလောက်ပြီ"
ထိုကုန်သည်များက ချက်ချင်း အံသြမှင်သက်သွားကြသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသော ဟွမ်ချိုးကို အလွယ်တကူ အနိုင်ယူနိုင်သောသူသည် မည်သို့သော အဆင့်တွင် ရှိနေခြင်းဖြစ်မည်နည်း။
ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိနေခြင်းများ ဖြစ်နေသလော။ ဤသို့ မဟုတ်လျှင်ပင် မရီးဒျန်သန့်စင်ခြင်း၏ အထွတ်အထိပ်သို့ တက်လှမ်းနေခြင်းဖြစ်သည်မှာ သေချာသည်။ ဂြိုလ်တုမြို့အများစု၏ မြို့တော်ဝန်များလျှင်ပင် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာရှိနေသည်။ ၎င်းတို့အနက် လူနည်းစုသည်သာ မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေကြသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဂြိုလ်တုမြို့တစ်မြို့၌ပင် ထိန်းမနိုင်သိမ်းမရ ပြုလုပ်နိုင်သူများဖြစ်ကြသည်။
ထိုသို့သော ခွန်အားမျိုးကိုပြသခဲ့သည့် ချူးယွင်ဖန်းကို ကံကောင်းသော ဂျူနီယာတစ်ဦးဟု မည်သူမျှ တွေးထင်ကြတော့မည် မဟုတ်ပေ။ ချူးယွင်ဖန်း၏ စွမ်းရည်သည် ကျောင်းသားသစ်တစ်ဦးထက်ပင် ပိုမိုသာလွန်နေရာ အာဏာရှင်တစ်ဦးဖြစ်ရန်ပင် အရည်အချင်းပြည့်မီသူဖြစ်သည်။
"ကျန်းမိသားစုနဲ့ ဟွမ်မိသားစုက မြစ်နှစ်စင်းကိုဖြတ်နေတဲ့ သားရဲတွေလို့ ထင်ထားခဲ့တာ။ ချူးယွင်ဖန်းက ဒီလောက်ရက်စက် ကြမ်းကြုတ်လိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး။ ဒီဒေသခံမြွေက တော်တော်ကြီးတာပဲ”
"ဟားဟား၊ ချူးယွင်ဖန်းက ဘယ်လိုလုပ် ဒေသခံမြွေဖြစ်ရမှာ သူက မရင့်ကျက်သေးတဲ့ နဂါးတစ်ကောင်ပဲဖြစ်မှာ။ ခြေသည်းနဲ့ သွားတွေကို မဖွဲ့စည်းရသေးပေမယ့် ရန်သူကို ကိုက်သတ်နိုင်လောက်တဲ့အထိတော့ အရွယ်ရောက်နေပြီ"
"အခုတော့ ချူးယွင်ဖန်းက ဒီကို ဘာလို့ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာလဲဆိုတာ ကျုပ် နားလည်သွားပြီ။ သူက ဒီနေရာမှာ ပြဿနာရှာပြီး ကျုပ်တို့ကို အစွမ်းပြချင်လို့ဖြစ်မယ်။ သူသာ အားနည်းနေမယ်ဆိုရင် ကိုယ့်သေတွင်းကိုယ်တူးနေပြီး စိတ်တိုလွယ်တဲ့ လူငယ်ပေါ့။ ဒါပေမယ့် သူရဲ့ ကြံ့ခိုင်မှုက လုံလောက်တယ်ဆိုရင်တော့ အဟန့်အတား အစစ်အမှန်ပေါ့”
လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းခဲ့ကြသည်။ ဘေးတွင်ယှဉ်ရပ်နေစဉ် အမြင့်ရှိလူကို မြှောက်ပင့်ကာ အနိမ့်ရှိလူကို ချနင်းခြင်းက မှန်ကန်သောလုပ်ရပ်ဟု သူက ၎င်းတို့ကို သတိပေးနေခြင်းဖြစ်သည်။ သို့သော် ချူးယွင်ဖန်းဖြစ်သော မိမိသည် အနိမ့်ဘက်တွင် ရှိနေသူ မဟုတ်ပေ။
“ဘယ်လိုတောင်လဲ။ ငါလည်း မရီးဒျန်သန့်စင်ခြင်အဆင့် ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲတွေကို မှတ်ချက်ပေးဖူးပါတယ်။ ဒါပေမယ့် သူတို့တွေက နင့်အစ်ကိုလောက် အင်အားကြီးကြပါဘူး” ရှောင်ဟေးသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရာမှ ပြောလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းများ တဖျပ်ဖျပ် လင်းလက်နေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် သာမာန် ချီပင်လယ်အဆင့်တွင်သာရှိသောကြောင့် သူမ၏စွမ်းရည်ကို ပျမ်းမျှအဆင့်ဟုသာ မှတ်ယူနိုင်သည်။ သို့သော် သူမသည် ကျွမ်းကျင်သူများကြားက တိုက်ပွဲများစွာကို မှတ်ချက်ပေးခဲ့ဖူးသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများကြားက တိုက်ပွဲမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးခဲ့သူ မဟုတ်ပေ။
သို့သော် ၎င်းတို့သည် ဟွမ်ချိုးနှင့်ပင် မနှိုင်းယှဉ်နိုင်ကြပေ။ ထို့အပြင် ဟွမ်ချိုးသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် သူ၏ သိုင်းကွက်တစ်ကွက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
ထျန်ချန်နှင့် ရှောင်းဝူတို့သည်လည်း ထိုသို့ခံစားနေရသည်။ ယနေ့ခေတ်တွင် virtual သိုင်းပညာပြိုင်ပွဲများသည် အလွန်ရေပန်းစားလာခဲ့သည်။ ၎င်းတို့အများစုကို မိမိတို့က မှတ်ချက်ပေးဖူးကြသည်။ စိတ်အားထက်သန်မှုအရ ၎င်းတို့သည် ယခုတိုက်ပွဲထက် များစွာသာလွန်နေခဲ့သော်လည်း လက်တွေ့တွင် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ချူးချင်ရွှမ်သည်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ သူမ၏အစ်ကိုသည် မတွေ့ခဲ့ရသော တစ်နှစ်တာကာလအတွင်းတွင် အမှန်တကယ် သန်မာလာခဲ့သည်။ သူမသည် သုန်ဖန်ဟောက်၏တိုက်ပွဲများကို မှတ်ချက်ပေးချိန်တွင် ၎င်းက အလွန်သန်မာသူဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် သုန်ဖန်ဟောက်သည် သူမ၏အစ်ကိုနှင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ရုတ်တရက် သံချပ်ကာယာဉ်များနှင့် ဆင်တူသော ပုံရိပ်နှစ်ခုသည် ချူးယွင်ဖန်း၏ ဘယ်ညာတွင် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ချူးယွင်ဖန်းဆီသို့ ချက်ချင်း ခုန်အုပ်လိုက်ကြသည်။
၎င်းတို့သည် ခြောက်ပေခွဲကျော်မြင့်သည့် ထွားကျိုင်းသောအမျိုးသားများဖြစ်၍ သံမျှော်စင်များနှင့်ပင် ဆင်တူသည်။ ထို့အပြင်၊ ၎င်းတို့နှစ်ဦး၏ တစ်ထပ်တည်း ဆင်တူနေပုံအရ ၎င်းတို့သည် အမွှာများဖြစ်ကြသည်။
၎င်းတို့၏ ခွန်အားများ ပွင့်ထွက်လာချိန်တွင် ၎င်းတို့နှစ်ဦးစလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများဖြစ်သည်ကို သိလိုက်ကြရသည်။ ၎င်းတို့သည် ဟွမ်ချိုးထက်ပင် ပိုမိုအင်အားကြီးကြသည်။ ထို့အပြင် အမွှာများဖြစ်ကြသောကြောင့် ၎င်းတို့က စိတ်ခြင်းဆက်သွယ်ထားသူများဖြစ်ကြသည်။ ၎င်းတို့သည်တိုက်ခိုက်ပွဲ စတင်သည်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြသူများဖြစ်သည်။ ၎င်းတို့နှင့် ရင်ဆိုင်ရာတွင် သာမာန် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများပင် တစ်ခဏချင်း ရှုံးနိမ့်သွားလေ့ရှိသည်။
အမျိုးသားနှစ်ဦးစလုံး၏ မျက်နှာများတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် ဟွမ်ချိုး၏ ကိုယ်ရံတော်များဖြစ်ကြ၍ ဟွမ်ချိုးကို ကာကွယ်ရန်အတွက် ၎င်းတို့ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဟွမ်ချိုးကို ထိခိုက်ဒဏ်ရာ မရှိစေရန် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ ချူးယွင်ဖန်းက ဟွမ်ချိုးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။
ဤအရာသည် တာဝန်ဝတ္တရား ပျက်ကွက်မှုကြီးတစ်ခုဖြစ်သည်။ ၎င်းတို့က ပြန်ရောက်ချိန်တွင် ဟွမ်မိသားစု၏ အပြစ်ပေးခြင်းကို မလွဲမသွေခံရပေလိမ့်မည်။
၎င်းတို့နှစ်ဦးစလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေကြသော်လည်း ၎င်းတို့၏ အဆင့်အတန်းသည် ဟွမ်ချိုးအောက် အဆပေါင်းများစွာ နိမ့်ကျသည်။ ဟွမ်ချိုးသည် ဟွမ်မိသားစုများ၏ အလေးပေးမှုကိုခံရသော လက်ရွေးစင်တစ်ဦးဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့သို့ ဝင်ရောက်လာချိန်တွင် ချီဖြည့်တင်းဆေးကို ရယူရန်အတွက် ဟွမ်ချိုးက တာဝန်ရှိခဲ့သော်လည်း သူသည် ဤနေရာတွင် ဒဏ်ရာရရှိခဲ့သည်။
ချူးယွင်ဖန်းသည် အဓိကတရားခံဖြစ်သော်လည်း ၎င်းတို့သည်လည်း အပြစ်မကင်းပေ။
ဟွမ်ချိုးသည် အလွန်လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့သည်။ ၎င်း၏ ကျရှုံးမှုက အလွန်မြန်ဆန်လွန်းရာ ၎င်းတို့တွင် တုံ့ပြန်ချိန် မရှိသည့်အပြင် ၎င်းကို ကယ်တင်ရန်ပင် အချိန်မရှိလိုက်ပေ။
ယခု ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ဒေါသစိတ်များကို ချူးယွင်ဖန်းထံသို့ လုံးလုံးလျားလျား ပုံချလိုက်ကြသည်။ ဘယ်ဘက်တွင် တစ်ယောက်နှင့် ညာဘက်တွင် တစ်ယောက်ရှိနေ၍ ၎င်းတို့၏ ခန့်ညားသော အမူအရာသည် ကောင်းကင်သို့ ပျံတက်လုနီးပါးဖြစ်နေသည်။ ဧရာမတောင်ကြီးနှစ်စင်းသည် ချူးယွင်ဖန်းကို အသားပြားအဖြစ် ကြေမွသွားရန် ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်။
ခန္ဓာကိုယ်ထွားကျိုင်းသန်မာ၍ လက်တံခြေတံရှည်လျားသူများသည် သိုင်းပညာလေ့ကျင့်ရန် သင့်လျော်သူများဖြစ်ကြသည်။ ၎င်းအချက်ကို ဤညီအစ်ကိုနှစ်ဦးက ပြတ်သားစွာ လက်တွေ့ပြသခဲ့သည်။
ဘယ်ညာတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ချူးယွင်ဖန်းသည် အနည်းငယ်မျှ ပျာယာခတ်ခြင်း မရှိပေ။
ဘန်း
ဘန်း
၎င်းတို့နှစ်ဦးစလုံး၏ တိုက်ခိုက်မှုများ ချူးယွင်ဖန်း၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ၎င်းတို့၏လက်များသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်သို့ အပြင်းအထန် ကျရောက်လာသော သတ္တုကျည်ပွေ့များနှင့် ဆင်တူကြ၍ ၎င်းတို့သည် သတ္တုချင်း တိုက်မိသံများကိုပင် အမှန်တကယ် ဖြစ်ပေါ်စေခဲ့သည်။
ဤသို့သော တိုက်ခိုက်မှုမျိုးတွင် သတ္တုများလျှင်ပင် ချိုင့်ဝင်သွားပေလိမ့်မယ်။ ညီအစ်ကိုနှစ်ဦး၏ တိုက်ခိုက်မှုများ ချူးယွင်ဖန်း၏ကိုယ်ပေါ်သို့ ကျရောက်ချိန်တွင် ၎င်းတို့၏မျက်နှာများတွင် အောင်ပွဲခံသည့် အပြုံးများ ပေါ်ထွက်လာသည်။ သို့သော်လည်း ၎င်းတို့၏ အပြုံးများ ရုတ်တရက် အေးခဲသွားကြသည်။ မည်သို့ဆိုသော် ချူးယွင်ဖန်းက လှုပ်ရှားမှု မပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်း သွေးသံရဲရဲဖြစ်သည်အထိ ရိုက်နှက်ခံရခြင်း မရှိခဲ့ပေ။
ပြီးနောက် ချူးယွင်ဖန်းက လှုပ်ရှားမှု ပြုလုပ်လိုက်သည်နှင့် သူ၏လက်နှစ်ချောင်းကို လှံရှည်နှစ်စင်းကဲ့သို့ ဝှေ့ယမ်းလိုက်ရာ တစ်ခဏချင်းအတွင်းမှာပင် သူ၏လက်သီးချက်သည် ညီအကိုနှစ်ဦးကို ရိုက်နှက်လိုက်သည်။
ဘန်း
ဘန်း
ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းလှရာ တစ်ခဏချင်းအတွင်မှာပင် ညီအကိုနှစ်ဦး၏ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ချူးယွင်ဖန်းက မိမိတို့၏တိုက်ခိုက်မှုကို ရင်ဆိုင်တိုက်ခိုက်နိုင်မည်ဟု ညီအစ်ကိုနှစ်ယောက် မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် သူ၏တန်ပြန်တိုက်စစ်အရှိန်သည် အလွန်မြန်ဆန်လွန်းသောကြောင့် ၎င်းတို့က လုံးလုံးလျားလျား သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ၎င်းတို့က နာကျင်စွာ အော်ဟစ်၍ အနောက်သို့လွင့်ပျံသွားပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာကျရောက်သွားသည်။
၎င်းတို့နှစ်ဦးလုံးသည် မြေပြင်ပေါ်တွင် လူးလှိမ့်လျက် ရင်ဘတ်များကို ဆုပ်ကိုင်၍ နာကျင်စွာ အော်ဟစ်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့ ရှုံးနိမ့်သွားကြ၏။
ရင်ဘတ်၏ အစိတ်အပိုင်းတစ်ခုက ခန္ဓာကိုယ်အတွင်းသို့ နစ်ဝင်သွားခြင်းကို လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့လိုက်ရကြသည်။ ၎င်းသည် လက်သီးနှစ်ချက်စာမျှသာ ရှိသေးသော်လည်း အောင်နိုင်သူကို ချက်ချင်း အဆုံးအဖြတ်ပေးနိုင်ခဲ့၏။