အခန်း ၁-၃
Vol. 1 Ch. 1-3
အခန်း 1- ကံကြမ္မာအမှတ်တစ်သန်းဖြင့် စတင်ခြင်း။
"ကျွန်တော် ပြောစရာစကားတောင်မဲ့တယ်။ ဒီကောင်းကင်ဘုံလမ်းကြောင်းဂိမ်း(စနစ်)ရဲ့ လျှို့ဝှက်သေတ္တာ က ပရိယာယ်များလွန်းတယ်။ ကျွန်တော် သေတ္တာတစ်ရာကျော်ကို ဖွင့်ပြီး ရလာတဲ့ အရာတွေ အားလုံးက အမှိုက်နီးပါးပဲ။ ရှားပါးအဆင့် ပစ္စည်း တစ်ခု မပြောနဲ့ သုံးလို့ရတဲ့ အဆင့်မြင့်အဆင့်ပစ္စည်း တစ်ခုတောင်မပါဘူး!!"
" မှန်တယ်။ လဝက်နီးပါး လျှို့ဝှက်သေတ္တာတွေကို Cဖွင့်ထားပေမယ့် အလယ်အလတ်အဆင့် ပစ္စည်းတစ်ခုပဲ ရနိုင်ခဲ့တယ်!”
"ဘယ်တတ်နိုင်ပါ့မလဲ! ရှားပါးအဆင့် ပစ္စည်းတစ်ခု ရဖို့ဆိုတာကလည်း ကိုယ့်ကံတရားပေါ် လုံးလုံးမူတည်နေတာကိုး။"
ချူမြို့အထက်တန်းကျောင်း(၁၂)တန်း၏ စာသင်ခန်း(၄) တွင်.စာသင်နေသော်လည်း ကျိုးဟောင် တစ်ယောက် အာရုံမရဘဲ သူ့ရှေ့က ဖန်သားမျက်နှာပြင်ကိုသာ ကြည့်နေခဲ့သည်။ သူသည်လည်း ကောင်းကင်ဘုံ လမ်းကြောင်းဂိမ်း(စနစ်)ရဲ့ အသုံးပြုသူတယောက် ဖြစ်လေသည်။
တစ်နေ့ကမှ ဒီဂိမ်း(စနစ်)ကို စ ကစားဖို့ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ဤဂိမ်း(စနစ်)တွင် ဤမျှလောက် အသုံးပြုသူအများအပြားရှိမည်ဟု သူ မမျှော်လင့်ထားပေ။
လျှို့ဝှက်သေတ္တာများကတော့ ဒီဂိမ်း(စနစ်)ရဲ့ ရေပန်း အစားဆုံး အရာတွေထဲကတစ်ခုဖြစ်သည်။ အသုံးပြု
သူများသည် လျှို့ဝှက်သေတ္တာတစ်ခုဖွင့်ရန် ကောင်းကင်ဘုံလမ်းကြောင်းဂိမ်းရဲ့ ဒင်္ဂါး ၁၀ ပြားကို ပေးဆောင်ရသည်။ ဤလျှို့ဝှက်သေတ္တာအတွင်းတွင် ဂိမ်း (စနစ်)အတွက်လိုအပ်တဲ့ပစ္စည်းများပါရှိသည်။
ဥပမာ- ကောင်းကင်ဘုံဒင်္ဂါးများ၊ နှင်းဆီပန်းများ၊ ကျင့်ကြံရေးနည်းလမ်းများ၊ လက်နက်များ၊ ဆေး၀ါးများနှင့် အချို့အထူးပစ္စည်းများ အထိပါဝင်သည်။ အလယ်အလတ်အဆင့် ပစ္စည်းများကို မကြာခဏ ရရှိနိုင်ပြီး အကျိုးကျေးဇူးအချိို့ကိုပေးစွမ်းနိုင်သော်လည်း ထိုအရာများသည် သာမန်လူများ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရန် မလုံလောက်ပေ။
အဆင့်မြင့်ကျင့်ကြံရေးနည်းလမ်းများ သို့မဟုတ် အဆင့်မြင့်ဆေးလုံးများကဲ့သို့သော အဆင့်မြင့်
ပစ္စည်းများကို ဖွင့်လှစ်နိုင်မှသာ လူတစ်ဦး၏ကံကြမ္မာကို ပြောင်းလဲနိုင်မှာဖြစ်ပေသည်။ ရှားပါးအဆင့် ပစ္စည်းများကလည်း ဖီးနစ်အမွှေး သို့မဟုတ် ချီလင်(တရုတ်ဒဏ္ဍာရီလာသတ္တဝါ) ၏ဦးချိုထက်ပင် ရှားပါးသေးသည်။ ယခုအချိန်အထိ လူတစ်ဦးတည်းသာ ရှားပါးအဆင့်ပစ္စည်းတစ်ခုကို ရရှိဖူးသည်။ ထိုအရာသည် လူတစ်ယောက်၏သွေးအနှစ်သာရကို ဆယ်ဆ တိုက်ရိုက်တိုးမြင့်စေသော သွေးအနှစ်သာရ မြှင့်တင်ပေးသည့်အရာဖြစ်ပြီး ထိုလူကို ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ထိုးဖောက်စေနိုင်ပြီး နယ်ပယ်အတွင်းရှိ ပညာရှင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာစေနိုင်သော အရာမျိုးဖြစ်သည်။
ကျိုးဟောင်လည်း လျှို့ဝှက်သေတ္တာတွေ၏ အလုပ်လုပ်ပုံကို ရင်းနှီးကျွမ်း၀င်သည်နှင့်အမျှစိတ် လှုပ်ရှားမှုလည်းမြင့်တက်လာသည်။သူ သည် အဆင့်မြင့်ပစ္စည်းတစ်ခုခု သို့မဟုတ် ရှားပါးပစ္စည်းတစ်ခုခုကို ရရှိနိုင်ပါက အခြေအနေကို အလှည့်အပြောင်းလုပ်နိုင်ပြီး ကျောင်းတွင်လည်း အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ယောက် ဖြစ်လာနိုင်သည်။ သို့သော်လည်း ယခုထက်ထိတော့ ရလဒ်မကောင်းသေးပေ။
ယခု ပင်မခန်းဆောင်တွင် အပြင်းအထန် ဆွေးနွေးနေကြသော အသုံးပြုသူများကဲ့သို့ပင် ကျိုးဟောင် သည်
လည်း သူ့ပိုက်ဆံအားလုံးကို သုံးစွဲခဲ့ပြီး သူ့အတန်းဖော် ရူလင်း ထံမှ တရုတ်ယွမ်ငွေ ၁သောင်းတောင်
ချေးယူခဲ့ရသည်။ သို့သော်လည်း ယခုအချိန်အထိ သူသည် ဘယ်နေရာတွင်သုံးရမှန်းမသိသော နှင်းဆီပန်း
အချို့ကိုသာ ရရှိခဲ့သည်။
"ငါ့ရဲ့ကံကြမ္မာအမှတ်တွေကိုပဲ အားကိုးကြည့်ရမှာပေါ့" ဟုဆိုပြီးနောက် ကျိုးဟောင် ၏အကြည့်သည်
ဖန်သားမျက်နှာပြင် ၏ဘယ်ဘက်အောက်ခြေရှိ မီးခိုးရောင်သင်္ကေတဆီသို့ ရောက်သွားခဲ့သည်။
ကံကြမ္မာအမှတ်များ- ၁၀သန်း (အသက်မသွင်းရသေးပါ)
ကျိုးဟောင် သည် ဤဂိမ်း(စနစ်)ကို စတင်အသုံးပြုချိန်ထဲက ဤကံကြမ္မာအမှတ်များပေါ်လာသော်လည်း
ဖွင့်၍မသုံးစွဲနိုင်ခဲ့ပေ။အခြားအသုံးပြုသူများနှင့် မေးမြန်းစကားပြောပြီးနောက် ဤ ကံကြမ္မာအမှတ်
များက သူ့ထံတွင်သာ ရှိကြောင်း သိရှိခဲ့ရသည်။ သို့သော် ယခုအချိန်အထိ ကံကြမ္မာအမှတ်များကို
မည်သို့အသက်သွင်းရမည်ကို မသိသေးသလို၊ ၎င်းကို ဘာအတွက် အသုံးပြုရမှန်းမသိရှိသေးပေ။
"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က ဒီကမ္ဘာမြေကြီး ဟာ ကြီးမားတဲ့ပြောင်းလဲမှုတွေကြုံတွေခဲ့ပြီး အက်ကွဲ
ကြောင်းတွေ နေရာတိုင်းမှာ ပေါ်ပေါက်လာခဲ့တယ်။ဒီအက်ကွဲကြောင်းတွေထဲမှာ ရှင်သန်နေထိုင်နေတဲ့
မျိုးနွယ်အသစ်တွေကို တွေ့ရှိခဲ့ရပြီး ဒီမျိုးနွယ်တွေထဲမှာ နတ်ဆိုးမျိုးနွယ်၊ အင်းဆက်ပိုးမွှားမျိုးနွယ်နဲ့
စက်ရုပ်မျိုးနွယ်တွေက အကြမ်းကြုတ်ဆုံးပဲ။ ကမ္ဘာလောက ကို သူတို့ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းမှာ၊ သူ
တို့ဟာ ကမ္ဘာကလူသားတွေကိုကျူးကျော်သတ်ဖြတ်ပြီးက ငါတို့မြေကိုသိမ်းပိုက်ဖို့စတင်ခဲ့တယ်..”
ဟူသော သမိုင်းဆရာ၏ ပျင်းရိဖွယ်စာသင်သံကြောင့် ကျိုးဟောင် တစ်ယောက်စိတ်ရှုပ်သွားပြီး ဖန်
သားပြင်ကိုပိတ်ကာ စားပွဲပေါ်တင်လိုက်သည်။ သမိုင်းဆရာရဲ့စရိုက်ကိုသိနေတဲ့ကျောင်းသားတွေ
ကတော့ ကမ္ဘာမြေကိုနှစ်ပေါင်းတစ်ရာနီးပါး အရှက်ကွဲစေခဲ့တဲ့သမိုင်းကြောင်းသင်ခန်းစာက မကြာခင်လာတော့မယ်ဆိုတာသိလိုက်ကြပေ၏.
သမိုင်းဆရာက ရည်ရွယ်ချက်ကောင်းဖြင့် ကျောင်းသားတွေကို ကျင့်ကြံတဲ့နေရာမှာကြိုးစားဖို့
အားပေးလိုခြင်းဖြစ်သော်လည်း ကျင့်ကြံခြင်းဆိုသည်မှာ ပြောသလောက်လုပ်ရလွယ်သော ကိစ္စမဟုတ်ပေ။
ချူမြို့အထက်တန်းကျောင်း၏ သူလိုကိုယ်လို ကျောင်းသား၅ထောင်ထဲတွင် ကျောင်းသား၅ယောက်
သာ အခြေခံကျင့်ကြံရေးနည်းလမ်းဖြစ်သော "နဂါးနှင့် ဆင်တို့၏ စွမ်းအား ဉာဏ်ပညာနည်းလမ်း" ကိုအားကိုး
ပြီး သွေးအနှစ်သာရ တတိယအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခြင်းဖြစ်သည်။ ထို့အပြင် ထို၅ယောက်မှာ
လည်း မိသားစု နောက်ခံကောင်းကောင်း မှလာသူများဖြစ်ကြသည်။
သာမန်မိသားစုမှ ဆင်းသက်လာသော ကျိုးဟောင် ကဲ့သို့သော အခြားသော ကျောင်းသားများသည်
သွေးအနှစ်သာရ၏ ပထမအဆင့်ကိုပင် မရောက်ရှိနိုင်ကြပေ။ သုံးနှစ်ကြာ လေ့ကျင့်ပြီးနောက် ကျောင်းသားအများစုသည် ကျင့်ကြံရေးတွင် မျှော်လင့်ချက်တွေ ပျောက်ဆုံးလာရသည်။ သူတို့အားလုံး ဘွဲ့ရပြီးနောက် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတွင် သူတို့အား ကူညီပေးနိုင်ပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မည့် အလုပ်အကိုင်ကို မည်သို့ရှာဖွေရမည်ကို တွေးဆနေ
ကြသည်။ သို့သော် ကျိုးဟောင် သည် လက်လျှော့ရန် ဆန္ဒမရှိခဲ့ပေ။
သူသည် မြို့ထဲတွင်သာ ထာဝရနေပြီး သိုင်းပညာရှင်တို့၏ အကာအကွယ်အောက်တွင် သူရဲဘောကြောင်
စွာနေထိုင်ရသော ဘဝတွင်မနေလိုပေ။ သူ့ကံကြမ္မာကို ပြောင်းလဲရန် တစ်ခုတည်းသောနည်းလမ်းမှာလည်း လျှို့ဝှက်သေတ္တာထဲမှ ရှားပါးအဆင့် ပစ္စည်းတစ်ခုကို ရရှိနိုင်ရန်သာဖြစ်သည်။ သို့ပေမဲ့လည်း ယခုအချိန်ထိ အကြောင်းမထူးသောကြောင့် ကျိုးဟောင်တယောက် စိတ်ပျက်စွာခေါင်းငိုက်စိုက်ချနေပြီး အတန်းပြီးချိန်ကိုသာ စောင့်နေခဲ့သည်။
ကျိုးဟောင်လည်းသူ့ရှေ့က ဘယ်သူမှ မမြင်ရတဲ့ ဖန်သားပြင်ကို တစ်ဖန်ထပ်ဖွင့်ပြီး အသက်မ၀င်သေးတဲ့
မီးခိုးရောင် ကံကြမ္မာအမှတ်များကိုကြည့်ကာ သက်ပြင်းချမိလေသည်။ ဤကံကြမ္မာအမှတ်များကို
အသက်သွင်းနိုင်ပါက အခွင့်အရေးရှိနိုင်သော်လည်း ယခုအချိန်အထိအသက်သွင်းရန် နည်းလမ်းကိုသူရှာ
မတွေ့သေးပေ။
ထိုအချိန်မှာပဲ အစိမ်းရောင်အင်းဆက်ပိုးကောင်များက ယင်ကောင်ကဲ့သို့အနားမှာ တဝီဝီလာလုပ်နေ
သောကြောင့် မျက်မှောင်ကြုတ်မိပြန်သည်။
"လာပြန်ပြီ ဒီအင်းဆက်မျိုးနွယ်တွေ!!!"
"စိတ်ရှုပ်စရာကောင်းလိုက်တာ" ဟုဆိုကာ အနီးမှကျောင်းသားများက လက်ဖြင့်ပုတ်ထုတ်ကာ
ရိုက်သတ်လိုက်သည်။ဤအင်းဆက်အစိမ်းများမှာ အင်းဆက်မျိုးနွယ်၏ အနိမ့်ဆုံး အလုပ်သမားများဖြစ်ကြသည်။ တိုက်ခိုက််နိုင်စွမ်းမရှိသော်လည်း ခြင်များကဲ့သို့ အရေအတွက်
အများအပြား မျိုးပွားနိုင်ပြီး ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်အား လျှို့ဝှက်ထောက်လှမ်းသည့်နေရာတွင်
အထိရောက်ဆုံးလည်းဖြစ်သည်။ နှစ်ရက်ခြားတစ်ခါဆိုသလို လူတွေကြားထဲ ထိုးဖောက်၀င်ရောက်ကာ
လူသားတွေအကြောင်းထောက်လှမ်းကြသည်။
ထို့ကြောင့် လူသားများကလည်း ထိုအင်းဆက်များကို တွေ့တဲ့နေရာတွင် ချက်ချင်းသတ်ဖြတ်ကြလေသည်။
ကျိုးဟောင်လည်း စိတ်ဆိုးစွာဖြင့် အနီးရှိ အနံ့ပြင်းပြင်း ပိုးကောင်တစ်ကောင်ကို ရိုက်သတ်လိုက်သည်။
ပြီးနောက် ဖန်သားပြင်အား ပိတ်ရန်ပြင်လိုက်ချိန်တွင် သူ၏မီးခိုးရောင်ကံကြမ္မာအမှတ်များက ရုတ်တရက်
လင်းလာသည်ကိုတွေ့လိုက်ရသည်။ထို့နောက် မျက်နှာပြင်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာခဲ့သည်။
"သင်၏ကံကြမ္မာအမှတ်များ အသက်၀င်ပါပြီ။ မူလ
ကံကြမ္မာအမှတ်: ၁သန်း အသုံးပြုပြီး ကောင်းကင်ဘုံလမ်းကြောင်း
လျှို့ဝှက်ဆန်းကြယ်သေတ္တာအား ဖွင့်ရန် အခိုင်အမာ အကြုံပြုပါသည်!!!"
…............................................................................
အခန်း (၂) - အမြင့်ဆုံးကျင့်ကြံရေးနည်းလမ်း ဆင့်ကဲဖြစ်စဉ်ကတ်
"ဟုတ်ပြီ ငါရပြီကွ" ဆိုပြီး ကျိုးဟောင် ဝမ်းသာသွားခဲ့လေသည်။ သို့သော်သူ လျှို့ဝှက်သေတ္တာ ဝယ်ဖို့
အတွက်တော့ ငွေ အလုံအလောက်မရှိတော့ပေ။ လျှို့ဝှက်သေတ္တာ တစ်လုံးရဲ့ အနိမ့်ဆုံး တန်ဖိုးက
ကောင်းကင်ဘုံလမ်းကြောင်း ဒင်္ဂါး ၁၀ ပြား ဖြစ်သည်။
ကောင်းကင်ဘုံလမ်းကြောင်း ဒင်္ဂါးများက အလွန်ဈေးကြီးသည်။ ကျိုးဟောင် သည် ယခင်က ရှုလင်း
ထံမှ တရုတ်ယွမ်ငွေတစ်သောင်း ချေးခဲ့သည်။ထိုပိုက်ဆံဖြင့် ကျိုးဟောင်သည် "ချီပေါင်းစပ်ဆေးလုံး
"ကို ဝယ်ယူခြင်းမှလွဲ၍ ကျန်ရှိသော ယွမ် ၃ထောင်ကို ကောင်းကင်ဘုံလမ်းကြောင်းဒင်္ဂါး ၃၀ဖြင့်သာ
လဲလှယ်ခဲ့ခြင်းဖြစ်သည်။အချက်အလက်ကျကျ ပြောရရင် ယွမ် ၁၀၀သည် ကောင်းကင်ဘုံ
လမ်းကြောင်း ဒင်္ဂါး ၁ပြားနှင့် ညီမျှသည်။
"နောက်ထပ် ယွမ် ၁ထောင် ဘယ်မှာ ရနိုင်မလဲ”ဆိုပြီး ကျိုးဟောင် စိတ်ပူသွားသည်။ ရှုလင်း ဆီကထပ်
ချေးဖို့ အတွက်လည်း အဆင်မပြေတော့ပေ။ မိဘတွေထံမှ တောင်းဆိုပါကလည်း ပိုလို့တောင်မ
တောင်းချင်ပေ။
အဘယ့်ကြောင့်ဆို ကျိုးဟောင်၏ မိဘများမှာ ကျိုးဟောင်ကျောင်းတက်ပြီး ကျင့်ကြံနိုင်ရေးအတွက်
မိုးလင်းကနေမိုးချုပ်ထိ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရသည်။ သူတို့အတွက်နားချိန်တောင် မရှိခဲ့ပေ။
ဒါကို တွေးပြီးတဲ့နောက် သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက သူနဲ့ရင်းနှီးသော အတန်းဖော်တွေဆီ
ကနေ ပိုက်ဆံချေးဖို့ ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ ဒီအတွေးနဲ့ သူ ချက်ချင်း ဖုန်းခေါ်လိုက်
တယ်။
"ဟေး! လောင်ဝေ မင်းငါ့ကို ပိုက်ဆံ နည်းနည်းလောက်ချေးလို့ရမလား"
"ဘယ်လောက်လဲ" ဟု လောင်ဝေ ကပြန်မေးလေသည်။ လောင်ဝေ ရဲ့ မိသားစုနောက်ခံကသိပ်မဆိုးလှ
သလို ကျိုးဟောင်နှင့်လည်းကောင်းမွန်တဲ့ သူငယ်ချင်းဆက်ဆံရေးရှိလေသည်။
"ယွမ် ၁ထောင်" ကျိုးဟောင်က ခပ်မြန်မြန်ပြော လိုက်သောအခါ လောင်ဝေမှာ "ဟိုလေ သူငယ်ချင်း၊
ငါလုပ်စရာလေးရှိလို့ ပြီးမှပြောမယ်"ဟုဆိုကာ ဖုန်းချ သွားလေတော့သည်။
ကျိုးဟောင်လည်း ခဏတာ တိတ်ဆိတ်သွားပေမဲ့ ယွမ် ၁ထောင်ဆိုတာ ကျောင်းသားတစ်ယောက်
အတွက်တော့ များတဲ့ ပမာဏပဲလို့ သဘောပေါက်လိုက်လေသည်။ ထို့နောက် တခြားသူငယ်ချင်းတွေဆီ
လည်း လိုက်ချေးကြည့်ခဲ့သည်။ သို့သော် ရလဒ်မှာအတူတူပေ။ မည်သူကမှ သူ့အားပိုက်ဆံမချေးလိုပေ။
ကျိုးဟောင်လည်း စိတ်ညစ်သွားခဲ့သည်။ သူငယ်ချင်းတွေဆီက ပိုက်ဆံမချေးလို့မရရင်
ချေးငွေယူဖို့တစ်ခုပဲ ရှိတော့လေသည်။ သို့သော် သူသည် ကျောင်းသားတစ်ဦးသာဖြစ်ပြီး ထိုသို့ပြုလုပ်
ရန်မှာ သူ့အတွက် အလွန်ခက်ခဲမည်ဖြစ်သည်။
ကျိုးဟောင်လည်း နောက်ဆုံးအတန်းဖော်၏ ဖုန်းနံပါတ်ကို တစ်ချက်ကြည့်လိုက်သည်။အကြာကြီး တုံ့
ဆိုင်းနေပြီးမှ သူဖုန်းခေါ်လိုက်သည်။
"ဟဲလို သူငယ်ချင်း ဘာကိစ္စလဲ" ဟု တဖက်မှ
ခေါင်းဆိုးသံဖြင့် ပြန်ဖြေသည်။
"ငါ့ကိုပိုက်ဆံချေးနိုင်မလား ကျန်းယိ " ဟု ကျိုးဟောင်လည်း တိုးတိုးလေးမေးလိုက်လေသည်။တစ်ဖက်မှ ခဏ တိတ်ဆိတ်သွားလေသည်။
ကျိုးဟောင်လည်း တခြားသူငယ်ချင်းတွေလိုပဲ ဖြစ်တော့မည်ဟု တွေးနေတုန်းမှာပင် "မင်းမှာ အခက်အခဲ
ရှိနေလို့လား" ဆိုသောမေးသံကို ကြားလိုက်ရလေသည်။
"အေး နည်းနည်း" ဟုဆိုကာ ကျိုးဟောင်ကလိမ်ပြောလိုက်သည်။ တစ်ဖက်မှ "မင်းဘယ်လောက်လိုနေတာ
လဲ" ဟုထပ်မေးလာသည်။
"ယွမ် ၁ထောင်လောက် ပါ" ဟု ကျိုးဟောင်မှ ပြန်ဖြေလိုက်သည်။နောက်ထပ်
တကြိမ် တစ်ဖက်လူမှာတိတ်ဆိတ်သွားပြန်သည်။ ကျိုးဟောင်လည်း သတိထားမိလိုက်ပြီး "မင်း
အတွက်ခက်ခဲရင် ထားလိုက်ပါ။ ငါတခြားနည်းလမ်းရှာလိုက်မယ်" ဟု ပြန်ပြောလိုက်သည်။
ကျန်းယိ ရဲ့ မိသားစု အခြေအနေမှာ ပိုက်ဆံရှာဖို့ အတော်ရုန်းကန်ရကြောင်း ကျိုးဟောင်သိပြီးသား
လည်းဖြစ်သည်။ကျန်းယိတို့အတွက် ယွမ် ၁ထောင်မှာ ၂ လစာ နေထိုင်စားသောက်ဖို့နှင့်ကျင့်ကြံ
လုံလောက်သောပမာဏပင်။ ကျိုးဟောင်လည်း ကျန်းယိဆီ ဖုန်းဆက်ခဲ့မိတာကို နောင်တရနေခဲ့လေ
သည်။
"ရတယ်လေ၊ မင်းဘယ်မှာလဲ ငါအခုလာပေးမယ်" ဟု ကျန်းယိ ရဲ့ပြန်ပြောသံကြောင့် ကျိုးဟောင်အံ
အားသင့်ကာ ရှက်လည်းရှက်သွားခဲ့သည်။သို့သော်လည်း သူ အရာအားလုံးပုံအောဖို့ ဆုံးဖြတ်
လိုက်ပြီး "ငါ ကျောင်းမှာပဲရှိသေးတယ်" ဟု ပြန်ဖြေ
လိုက်သည်။
"ငါ ခဏနေရင်ရောက်မယ်" ဟုဆိုပြီးနောက် ဖုန်းချသွားခဲ့သည်။
ဖုန်းပြောပြီးနောက် ကျိုးဟောင်လည်း အနည်းငယ်စိတ်ထိခိုက်သွားခဲ့သည်။ကျန်းယိ သူ့ကို ပိုက်ဆံ
တကယ် ချေးလိမ့်မယ်ဟု သူလုံး၀ထင်မထားခဲ့ပေ။
အချိန်တစ်နာရီခွဲလောက်ကြာပြီးနောက် ကျန်းယိရောက်လာခဲ့သည်။သူမောပန်းနေပုံပေါက်
သော်လည်း ကျိုးဟောင်ကိုတွေ့တာနဲ့ ချက်ချင်းသူရဲ့ကျောင်း၀တ်စုံ အဟောင်းလေးထဲမှ ယွမ် ၁ထောင်
အားထုတ်ပေးလိုက်လေသည်။
ဤပိုက်ဆံမှာ ကမ္ဘာကြီးကကြီးမားသော ပြောင်းလဲမှုနှင့် ကြုံတွေပြီးနောက်ပိုင်း စွမ်းအင်ပုံစံအသစ်တစ်
မျိုးနှင့် ထုတ်လုပ်ထားသော ငွေဖြစ်သည်။ထိုငွေထုတ်စက္ကူမှာ အချိန်အကြာကြီးသိမ်းဆည်းထား
ခြင်း မဟုတ်ပါက အလွယ်တကူ ဟောင်းနွမ်းတွန့်ကြေသွားနိုင်သော အမျိုးအစားမဟုတ်ပေ။
ကျိုးဟောင်လည်း ငွေစက္ကူများကို ကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း "ငါအမြန်ဆုံးပြန်ပေးပါ့မယ်"
ဟုပြောချင်သော်လည်း နှုတ်မှပြောမထွက်နိုင်ခဲ့ပေ။အဲဲဒီအစား "ကျေးဇူးတင်ပါတယ်"ဟု သာပြောလိုက်မိ
လေသည်။
"ကိစ္စမရှိဘူး ဘာပဲဖြစ်ဖြစ် ငါတို့က အတန်းဖော်တွေပဲလေ" ဟုဆိုကာ ကျန်ယိမှ ပြုံးရင်းပြန်ပြောလေသည်။ ကျိုးဟောင်လည်း "ငါ့ကိုဒီလောက် ပမာဏချေးလို့ မင်းတကယ်အဆင်ပြေရဲ့လား"ဟု ထပ်မေး
လိုက်သည်။
ကျန်းယိ က ဖာသိဖာသာဘဲ ပခုံးတွန့်လိုက်ရင်း
"အဆင်ပြေပါတယ်။ ကော်ဖီဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်လို့ရတယ်။ အနည်းဆုံးတော့ ငါငတ်မ
သေပါဘူး။ မင်းအရေးတကြီး လိုအပ်နေမှတော့ မင်းအရင်သုံးလိုက်ပါ။ လူတိုင်းမှာ သူ့အခက်အခဲနဲ့သူရှိ
ကြတာပဲ။"ဟု ကျန်းယိမှအေးဆေးစွာပြန်ပြောလိုက်သည်။
ကျိုးဟောင် လည်း ဘာပြောရမှန်းမသိဘဲ သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်နေမိသည် ။ ကျန်းယိ နှင့်
လမ်းခွဲပြီးနောက် ဘတ်စ်ကားစီးပြီး သူအိမ်သို့ ပြန်သွားခဲ့သည်။ သူ့မိဘတွေ ပြန်မရောက်သေးတာ
ကြောင့် ကျိုးဟောင် လည်း မျက်နှာသစ်ဖို့ အရင်သွားပြီး သူ့ခံစားချက်တွေကို တည်ငြိမ်အောင်လုပ်ပြီး
နောက် သူ့အခန်းထဲကို လျှောက်သွားပြီး ကောင်းကင်ဘုံလမ်းကြောင်းဂိမ်းကို ဖွင့်လိုက်လေသည်။
"အောင်မြင်မလား ကျရှုံးမလားက ဒီပေါ်ပဲ မူတည်တော့တယ်” ဟုဆိုကာ ကျိုးဟောင် သည် ဂိမ်းထဲရှိ
လျှို့ဝှက်ဆန်းကြယ်သေတ္တာစာမျက်နှာကို ဖွင့်လိုက်သည်။ သူ အသက်ပြင်းပြင်းရှူပြီး "ဒင်္ဂါးများဝယ်မည်" ကို နှိပ်လိုက်သည်။
"ဝှစ်" ဆိုသောအသံနဲ့အတူ သူ့လက်ထဲရှိယွမ် ၁ထောင်ပျောက်ကွယ်သွားပြီး အဲဒီအစား
ကောင်းကင်ဘုံလမ်းကြောင်း ဒင်္ဂါး ၁၀ပြားပေါ်လာခဲ့သည်။
ကံကြမ္မာအမှတ်များကို စကန်ဖတ်ပြီးနောက်တွင် သူသည် “ဒီအပေါ်ပဲ အားလုံးမူတည်သွားပြီ!” ဟုရေရွတ်
လိုက်သည်။ အသက်ပြင်းပြင်းရှူရင်း လျှို့ဝှက်သေတ္တာတစ်လုံးကို ကျွမ်းကျင်စွာပဲဝယ်ယူလိုက်သည်။
“လျှို့ဝှက် သေတ္တာကို ဖွင့်ချင်ပါသလား”ဆိုသောမေးသံအား ပြန်ဖြေ သော ကျိုးဟောင်၏ “ဟုတ်ကဲ့!” ဆို
သောလေသံမှာ ခိုင်မာနေသည်။ ဤအချိန်တွင် သူသည် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
"ဝှစ်"
ကံကြမ္မာအမှတ် တစ်သန်း မှာချက်ခြင်း ကုန်သွားလေသည်။ ထို့နောက် လျှို့ဝှက်သေတ္တာမှာ လှုပ်ရှားသွားလေသည်။ သေတ္တာမှာ ချက်ချင်း မပွင့်ပဲ အချိန်ခဏ အကြာအထိလည်နေလေသည်။
"ဒင်! လျှို့ဝှက်သေတ္တာကိုဖွင့်ပြီး ရှားပါးအဆင့် အမြင့်ဆုံးကျင့်ကြံရေးနည်းလမ်း ဆင့်ကဲဖြစ်စဉ်ကတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ဤပစ္စည်းကို သင့်ကျောပိုးအိတ်ထဲသို့
ထည့်လိုက်ပါပြီ။ ကျေးဇူးပြု၍ မှတ်သားထားပါ။"
"ရှားပါးအဆင့်ပစ္စည်းလား" ဟု ဆိုကာ ကျိုးဟောင် တယောက် မျက်လုံးပြူးသွားသလို ရင်တွေပါခုန်လာ
ခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံလမ်းကြောင်းဂိမ်းအသုံးပြုသူ အားလုံးဆီသို့ ထွက်ပေါ်လာသော
ကြေညာချက်မှာ
"ဒင်! လျှို့ဝှက်သေတ္တာမှ ရှားပါးအဆင့်ပစ္စည်းတစ်ခုဖြစ်သော "အမြင့်ဆုံးကျင့်ကြံ
ရေးနည်းလမ်းဆင့်ကဲဖြစ်စဉ်ကတ်" ကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် သုံးစွဲသူ xx အား ဂုဏ်ပြုပါသည်။
အသုံးပြုသူသည် ၎င်း၏ ကျင့်ကြံရေးကို ပြိုင်ဘက်ကင်းအောင် မြှင့်တင်နိုင်ပါသည်!” ဟူသော
ကြေညာချက်ပင်ဖြစ်သည်။
တခဏအတွင်းမှာပင် အသုံးပြုသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"ဘာလဲ၊ ဒါက လိမ်ယူတာပဲ!!"
“ရှားပါးအဆင့်ရှိပစ္စည်းဖြစ်ပြီး ငါ့ရဲကျင့်ကြံမှုကို ပြိုင်ဘက်ကင်းအောင်ပါ တိုးမြှင့်နိုင်တဲ့ပစ္စည်းပဲ။ ငါ့
ကံကအရမ်းကောင်းနေပြီ!။”
“မနာလိုဖြစ်မလား အားကျရမလားတောင်မသိတော့ဘူး။ ဘာလို့ ငါမဖြစ်လိုက်တာတာလဲ!"
“ေသစမ်း၊ ငါ လျှို့ဝှက်သေတ္တာ ၃၀၀ ကျော်ကို ဖွင့်ပြီးပြီ။ ရှားပါးအဆင့်ကျင့်ကြံရေးနည်းလမ်းတွေမပြောနဲ့
ရှားပါးအဆင့် လက်နက်တွေတောင် မတွေ့ဖူးဘူး။ ငါရတာဆိုလို့ နှင်းဆီပန်းတစ်စည်းနဲ့ ကောင်းကင်ဘုံ
လမ်းကြောင်း ဒင်္ဂါးပြားတွေပဲရှိတယ်၊ အန်ချင်သလို တောင်ခံစားလာရပြီ။"
............................................................................
အခန်း(၂) ပြီးပါပြီ။
အခန်း (၃)- နဂါး နဲ့ ဆင်တို့၏ စွမ်းအားဉာဏ်ပညာများ အဆင့် ၁၀၈
အခြားအသုံးပြုသူများ၏ မနာလိုသောမှတ်ချက်များကိုကြည့်ရင်း ကျိုးဟောင် လည်း နောက်ဆုံးတွင်
စိတ်သက်သာရာရသွားသည်။ ကံကြမ္မာ အမှတ်တစ်သန်းသည် အမှန်တကယ် အံ့မခန်းပင်။ မဆိုင်းမတွဘဲ သူ့ကိုယ်ရေးကိုယ်တာစာမျက်နှာကို အမြန်လှည့်ကာ ပစ္စည်းထည့်သည့် ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။
“သင်အသုံးပြုလိုပါသလား” ဟူသော စကားလုံးများနှင့်အတူ အတွင်းတွင် အမြင့်ဆုံးကျင့်ကြံရေးနည်းလမ်းဆင့်ကဲဖြစ်စဥ်ကတ်တစ်ခု ရှိနေသည်။ ကျိုးဟောင် လည်း အသုံးပြုမည်ဟု တွေးလိုက်သည်နဲ့ တပြိုင်နက်နဲ့ ဝုန်းခနဲ အသံကြီးနဲ့အတူရုတ်တရက် လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမားသော
စွမ်းအင်တစ်ခုက သူ့ကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
နဂါးအဆင့်၊ ဆင် အဆင့်ပညာများနှင့်ပတ်သက်သော အတွေ့အကြုံများစွာနှင့် နားလည် သဘောပေါက်နိုင်စွမ်းတို့သည် ကျိုးဟောင် ၏စိတ်ထဲသို့ ဒီရေကဲ့သို့ တိုးဝင်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်၌ ပိတ်ဆို့နေသော စွမ်းအင်လမ်းကြောင်းများသည် အပေါ်မှ
အောက်ခြေအထိ သန့်စင်သွားခဲ့သည်။ သူ့ကိုယ်ထဲ ပိတ်ဆို့နေသောအရာများ အားလုံးက ချက်ချင်းဆိုသလို
ရှင်းလင်းသွားသည်။ သူ၏ ခန္ဓာကိုယ်ရှိ သွေးအနှစ်သာရသည်လည်း နဂါးများနှင့် ဆင်များ ကဲ့သို့
ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပွက်ပွက်ဆူနေပြီး၊ ၎င်းတို့သည် သူ၏ ခြေလက်နှင့် အရိုးများရှိ စွမ်းအင်လမ်းကြောင်းများတစ်လျှောက် သန့်စင်ပေးနေလျက်ရှိသည်။
ကျိုးဟောင်လည်း တောင့်ခံ မထားနိုင်တော့ဘဲ လက်သီးချက် တစ်ချက်အား ယောင်ပြီးထိုးလိုက်။
မိသည်။သူ၏ သွေးအနှစ်သာရထဲရှိ စွမ်းအင်လမ်းကြောင်းများ ပွင့်ထွက်လာပြီး ကြီးမားပြင်းထန်
သော အင်အားတစ်ခုထွက်ပေါ်လာခဲ့သည်။သူ့လက်သီးသည် ဓားတချောင်းကဲ့သို့ လေကိုထိုးခွင်းသွားပြီး
အခန်းအတွင်းတွင် ပြင်းထန်သော ပဲ့တင်သံပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်သွားစေခဲ့သည်။
"ဒါ..ဒါက!!" ဟု ဆိုကာ ကျိုးဟောင် ပင် အံ့အားသင့်သွားခဲ့သည်။ စနစ်မှ အဆင့်မြှင့်တင်ပေးထားသော ကျင့်ကြံရေးနည်းလမ်း သည် တမူထူးခြားလိမ့်မည် ဟု သူမျှော်လင့်ထားခဲ့သော်လည်း ယခုကဲ့သို့ လက်သီးချက်တချက် တည်းနှင့်ပင် ပဲ့တင်သံများပေါက်ကွဲထွက်လာလိမ့်မည်လို့တော့ သူ မထင်ထားခဲ့ပေ။ အသံလှိုင်းများကို ပဲ့တင်ပေါက်ကွဲစေဖို့မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ အဆင့်မြင့်သိုင်းပညာရှင် ၏
အစွမ်းကုန် တိုက်ခိုက်မှုမှသာ ထွက်ပေါ်လာနိုင်သော ဖြစ်စဉ်တခုဖြစ်ပေသည်။
"ဒါ ဘယ်လိုဖြစ်တာလဲ"
"နေပါဦီး" ဟုဆိုကာ ကျိုးဟောင်သည် တစ်ချိန်က သူ့သမိုင်းဆရာထံမှ ကြားသိခဲ့ရသည့် အကြောင်းအရာ
တစ်ခုကို ရုတ်တရက် သတိရသွားသည်။ သမိုင်းဆရာ၏ အဆိုအရ “နဂါးနှင့်ဆင်တို့၏ ဉာဏ်ပညာ
နည်းလမ်း” သည် အထွတ်အထိပ်အဆင့် လူသားပညာရှင်တစ်ဦးထံမှ ဆင်းသက်လာသော အခြေခံ
ကျင့်ကြံရေးနည်းလမ်း တစ်ခုဖြစ်သည်။ ထိုအချိန်တွင်၊ ဤပညာရှင် သည် ကမ္ဘာမြေပေါ်ရှိ လူသားများ
ကျင့်ကြံနိုင်ရန် သင့်လျော်သော အခြေခံ ကျင့်ကြံရေးနည်းလမ်းကို ဖန်တီးခဲ့ပြီး ထိုနည်းလမ်းတွင် အဆင့်
၃၆ ဆင့်အထိပါ၀င်သည်။
ဤအခြေခံ ကျင့်ကြံရေး နည်းလမ်းဖြင့် ထိုပညာရှင်သည် အင်းဆက်ပိုးမွှားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့်
စက်ရုပ်မျိူးနွယ်တို့မှ အဆင့်မြင့် ကျွမ်းကျင်သူများကို ခေါင်းမထောင်နိုင်တဲ့အထိ အနိုင်ယူနိုင်ခဲ့
ဖူးသည်။
သို့သော်လည်း နောက်ပိုင်းတွင် သူသည် တိုင်းတပါးသားတို့၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေဆုံး
သွားခဲ့ရသည်။ သို့သော်လည်း သူ၏ ကျင့်ကြံရေးနည်းလမ်းသည် မပျောက်ကွယ်သွားဘဲ ဆက်လက်
ကျန်ရစ်နေခဲ့သည်။သို့သော် ထိုပညာရှင်ကြီး၏ ကျင့်ကြံနည်းမှာ အလွန်ခက်ခဲလှသည်။အချိန်တော်
ကြာသည်အထိ ကျင့်ကြံသူအများစုသည် စွမ်းအင် အဆင့် ၉ ဆင့်ကိုသာ ဖွင့်လှစ်နိုင်ခဲ့သည်။အဓိပ္ပါယ်ကတော့ ၎င်းတို့၏ကိုယ်တွင်း စွမ်းအားအရင်းအမြစ်လမ်းကြောင်း ၉ကြောင်း ကိုသာ ဖွင့်နိုင်ခဲ့ခြင်းဖြစ်လေသည်။
သို့သော် ကျိုးဟောင်သည် စွမ်းအင်လမ်းကြောင်းများကို ၁၀၈ ခုထိ ဖွင့်နိုင်ခဲ့သည်။" ဒါဆို ငါက နဂါးနဲ့
ဆင်တို့၏ စွမ်းအားဉာဏ်ပညာ နည်းစနစ်ကို ၁၀၈ ဆင့်အထိ ကျင့်ကြံပြီးပြီလို့ ဆိုလိုတာလား?" ဟု တွေး
ကာ ကျိူးဟောင်တစ်ယောက် ထခုန်မတက် စိတ်လှုပ်ရှားသွားလေသည်။
"ကောင်းကင်ဘုံလမ်းကြောင်း ဆော့လ်ဝဲလ် က ထင်ထားတာထက် အံ့ဩဖို့ကောင်းတာပဲ" ထိုသို့ တွေးပြီး
နောက် ကျိုးဟောင် တစ်ယောက်သူ၏ ခွန်အားကို စမ်းသပ်ရန် ကျောင်းသို့သွားဖို့ ဆုံးဖြတ်လိုက်လေ
သည်။ ထိုနည်းဖြင့် သူ၏ စွမ်းအားကို ကောင်းစွာ သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပြီး အဆုံးအဖြတ်
စာမေးပွဲ မှာလည်း အမှားတွေမလုပ်မိစေရန် ဖြစ်သည်။
ကျိုးဟောင်သည် တစ်ခုခုလုပ်ချင်လျှင် မဆိုင်းမတွ ထလုပ်တတ်သောသူ ဖြစ်သည်။ ယခုလည်း ကျောင်းသို့
ပြန်သွားရန် ကျောင်း၀တ်စုံနှင့် အနက်ရောင်ခေါင်းစွပ်အနွေးထည်ကို ၀တ်ဆင်လိုက်သည်။
ကျောင်းတွင် လေ့ကျင်းရေး ကိရိယာ အပြည့်ရှိသော လေ့ကျင်းရေး ခန်းမ တစ်ခုရှိလေသည်။
ကျောင်းတံခါးဝသို့ရောက်သောအခါ ကျိုးဟောင် သည် တံခါးဝရှိ လုံခြုံရေးအစောင့်ကိုကြည့်ကာ
လမ်းမလျှောက်မီ တုံ့ဆိုင်းသွားခဲ့သည်။
“အဲဒီမှာ ရပ်ပါ။” ကျိုးဟောင် သည် သူ့ကျောင်းဝတ်စုံဝတ်ထားသည်ကို တွေ့ပြီးနောက် လုံခြုံရေး
အစောင့်က သူ့သတိကို လျှော့ချလိုက်သည်။
“အရမ်းနောက်ကျနေပြီ။ ကျောင်းမှာ ဘာလုပ်နေတာလဲ” ဟု မေးသောအခါ ကျိုးဟောင် က “ကျွန်တော်က
တတိယနှစ်ကပါ ။ စာသင်ခန်းထဲမှာ တစ်ခုခုကျန်ခဲ့လို့ပါ" ဟု ပြန်ဖြေလိုက်သည်။ လုံခြုံရေးကလည်း အမြဲ
ဖြစ်နေကျ ကိစ္စမလို့ ဘာမှ ထပ်မေးမနေတော့ဘဲ "မြန်မြန်
သွားယူ ပြီး ပြန်လာခဲ့" ဟုပြောလိုက်လေသည်။
"ကျေးဇူးတင်ပါသည်။" ဟု ပြန်ပြောလိုက်ပြီး ကျိုးဟောင်လည်းတံခါးဝသို့ အမြန်ဝင်ကာ စင်္ကြံ
လမ်းအတိုင်း လျှောက်သွားပြီး လေ့ကျင့်ရေးခန်းမဆောင်သို့ ရောက်ရန် စာသင်ခန်းအား နှစ်ခုကို ဖြတ်သွားခဲ့သည်။ထိုအချိန် တွင် အနောက်မှ ဘယ်သူလဲဟု
မေးသံကြားလိုက်ရသည်။
ကျိုးဟောင် လည်း ဤနေရာတွင် အခြားတစ်ယောက် ရှိနေဦး မည်ဟု မမျှော်လင့်ခဲ့ပေ။ သူလည်း
“ကျွန်တော်က တတိယနှစ်က ကျောင်းသားပါ။ စွမ်းအားတွေကို စမ်းသပ်ကြည့်ချင်လို့ပါ” ဟု အမြန်ပြန်
ဖြေလိုက်သည်။
“ညဘက် လေ့ကျင့်ရေးခန်းမဆောင်ထဲကို ဝင်ခွင့်မပေးဘူး။ မနက်ဖြန် မနက် ၉ နာရီမှာ ဖွင့်မယ်” ဟု ထိုလူက
ပြန်ပြောသည်။ဤလူသည် ကျောင်း၏လုံခြုံရေးအစောင့်တစ်ဦးဖြစ်ပြီး လေ့ကျင့်ရေးခန်းမဆောင်ကို
စောင့်ကြပ်ရန် တာဝန်ကျသူဖြစ်သည်။ပြီးတော့ လေ့ကျင့်ရေး ခန်းမဆောင် ထဲက ပစ္စည်းတွေကလည်း
တန်ဖိုးကြီးလေသည်။
"ဆရာ ဒီတစ်ခါတော့ ခြွင်းချက်ထားပေးပါလား။ စမ်းသပ်ပြီးတာနဲ့ ချက်ချင်းပြန်ပါ့မယ်"ဟု ကျိုး
ဟောင်ကပြောသည်။
လုံခြုံရေး အရာရှိက ခေါင်းရမ်းပြီး မရဘူး မင်းထွက်သွားရမယ်။ မထွက်သွားရင်တော့ မင်းကို
လုံခြုံရေးအခန်း ကို ခေါ်သွား ပြီး မနက်ဖြန် မင်းဆရာလာခေါ်တဲ့ အထိစောင့်ရမယ်ဟု ပြောသောအခါ
ကျိုးဟောင် အတွက်ထွက်သွား ဖို့ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။သို့သော်လည်းကျိုးဟောင်သည်
ပြန်လှည့်ချင်ယောင်ဆောင်ကာ ထောင့်ကွယ်တစ်ခုအရောက်မှာ ပုန်းနေခဲ့လေသည်။ သူကျောင်းကို စထွက်
လာကတည်းက လက်ဗလာနဲ့ပြန်ဖို့ ရည်ရွယ်ချက်မရှိပေ။
တစ်ဖက်တွင် လုံခြုံရေးအစောင့်က ကျောင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် လေ့ကျင့်ရေးခန်းမဆောင်၏ ရှေ့ တံခါးဆီသို့ ပြန်သွားခဲ့သည်။ သူ့ကတ်ဖြင့် တံခါးဖွင့်ကာ အထဲကို ဝင်သွားခဲ့သည် ။ ထို့နောက် လုံခြုံရေးအစောင့်သည် လေ့ကျင့်ရေးခန်းမဆောင်တစ်ဝိုက်တွင် လက်နှိပ်ဓာတ်မီးကို ဝှေ့ယမ်းကာ သူပြန်မထွက်မှီ ဘယ်သူမှမရှိတာ သေချာအောင် စစ်ဆေးနေခဲ့သည်။
ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ကျိုးဟောင်လည်း သူ့ခေါင်းကို ကုတ်ကာ စိတ်သိပ်မရှည်တော့ပေ။ သူသည် သူ၏ စွမ်းအားကို စမ်းသပ်ရန် အလွန်အာရုံစိုက်နေသဖြင့် လေ့ကျင့်ရေးခန်းမဆောင်ထဲသို့ ဝင်ရန် နည်းလမ်းကို မေ့လုနီးပါး ဖြစ်လာသည်။ ကျိုးဟောင်လည်း အမှုမဲ့အမှတ်မဲ့ဖြစ်နေသော အစောင့်ကို တိတ်တဆိတ် ဖမ်းချုပ်လိုက်ပြီး အစောင့်အား သူ့လက်ဖြင့် ရိုက်ချလိုက်သည်။ လုံခြုံရေး အစောင့်မှာ သူ့လက်ချက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ကျိုးဟောင် သည် သူ၏ ခွန်အားကို ကောင်းစွာ မထိန်းနိုင်မည်ကို စိုးရိမ်သောကြောင့် သူ၏
ခွန်အား အနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဒါတောင် လုံခြုံရေးအစောင့်ရဲ့ လည်ပင်းက ရောင်လာ
ခဲ့သည်။
"သူ မသေသေးဘူးမှတ်လား?!!” ဟု ဆိုကာကျိုးဟောင် ကြောက်လန့်တကြားခုန်ပြီး အမြန်ထိုင်
ချလိုက်တယ်။ သူ၏ လက်ချောင်းလေးတွေကိုသုံးပြီး အစောင့် အသက်ရှူနေသေးလား စမ်းကြည့်လိုက်
ပြီး အသက်ရှင်နေသေးကြောင်းသိရသောအခါမှ စိတ်အေးသွားလေသည်။ထို့နောက် လုံခြုံရေး
အစောင့်ကတ်ကို ယူကာ လေ့ကျင့်ရေးခန်းမဆောင်သို့ အမြန်လျှောက်သွားလိုက်ပြီး အစောင့်၏ကတ်ဖြင့် တံခါးကိုဖွင့်လိုက်လေသည်။ ခန်းမဆောင်ထဲသို့ ၀င်ရောက်နိုင်ခဲ့သော်လည်း မီးမဖွင့်ရဲပေ။ သို့သော် သူ့အမြင်
စွမ်းအားမှာ ပိုမိုကောင်းမွန်လာပြီး အမှောင်ထဲတွင်လည်း ကောင်းစွာမြင်နိုင်လေသည်။
လေ့ကျင့်ရေးခန်းမဆောင် ထဲတွင် ကိရိယာအစုံရှိပြီး ၎င်းတို့ကို သွေးအနှစ်သာရ စမ်းသပ်မှုစက်နှင့် ခွန်အား
စမ်းသပ်မှုစက် ဆို ပြီးခွဲခြားထားလေသည်။ပထမဦးစွာ သူသည် သွေးအနှစ်သာရ စမ်းသပ်စက်ဆီ
သို့ သွားပြီး သူ့ရဲ့လက်အား စက်ပေါ်သို့ တင်၍ သူ၏ သွေးအနှစ်သာရကို တွက်ချက်လိုက်
သည်။
"ဝုန်း...."
သူ၏သွေးအနှစ်သာရထဲ ရှိ စွမ်းအင်လမ်းကြောင်း ၁၀၈ခုလုံး ဆူပွက်လာခဲ့သည်။ သူ၏ သွေး
အနှစ်သာရကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု၏ ကွဲအက်သံကိုကြားလိုက်ရလေသည်။ သူအောက် ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက်အံ့ဩသွားလေတော့သည်။
.....….…...........................................................……....
အခန်း(၃) ပြီးပါပြီ။