← Chapters

အခန်း ၇-၉

Vol. 1 Ch. 7-9

အခန်း ၇-၉

Vol. 1 Ch. 7-9

အခန်း(၇)- ကျိုးဟောင်၏ တိုက်ခိုက်မှုများ

ကလင် ကလင်

ကျောင်းဆင်းခေါင်းလောင်းထိုးသော်လည်း ကျောင်းသားများမှာ အရင်လို မြန်မြန် မပြန်ကြတော့

ပေ။ အဲ့ဒီအစား ကျောင်းသားရေးရာ သို့ ပြေးသွားကြပြီး ပြိုင်ပွဲ အကြောင်းကို စုံစမ်းကြလေသည်။

ကျိုးဟောင်လည်း ကျန်းယိ နဲ့အတူ ကန်တင်းရှိ ကျန်ရှိနေသေးသော စားသောက်စရာများ စားရန် ကော်ဖီ

ဆိုင်သို့ လိုက်သွားခဲ့လေသည်။ ထို့နောက် အတူထိုင်စားရင်း စကားပြောနေကြသည်။

"ကျန်းယိ ရေ မင်းရဲ့ သွေးအနှစ်သာရ က အဆင့်(၂) ရောက်ပြီပဲ မင်းလည်းဒီ ပြိုင်ပွဲကို ၀င်ပြိုင်သင့်တယ်မဟုတ်လား" ဟု ကျိုးဟောင်မှ စကားလမ်းကြောင်းစ လိုက်လေသည်။

ကျန်းယိလည်း ခေါင်းငြိမ့်ပြီး စားလျက်စ မုန့်ကို မျိုချပြီးနောက် ဆက်ပြောလေသည်။

" ငါ ၀င်ပြိုင်လို့ရတာ မှန်ပေမဲ့ ငါတော့ စာရင်းမသွင်းချင်သေးဘူး”

"ဘာလို့လဲ" ဟု ကျိုးဟောင်က သိချင်စိတ်ဖြင့်မေးလေသည်။

"ငါပြိုင်ရင်တောင် ဒါက အချိန်ဖြုန်းတာသက်သက်ပဲဖြစ်မယ်"ဟု ကျန်းယိက ပြုံးပြီး‌ပြန်ပြောသည်။

" ဒီပြိုင်ပွဲရဲ့ ဆုကြေးက မက်မော‌စရာကောင်းတဲ့အတွက် သွေးအနှစ်သာရ အဆင့် (၃) ရောက်နေသူတိုင်း ဝင်ပြိုင်မှာသေချာတယ်။ ငါ ၀င်ပြိုင်ဖြစ်ရင်တောင် ငါ့အတွက် ဆဌမ ကနေ ဒဿမ နေရာ အတွင်းရဖို့ တော်တော်အာရုံစိုက်ရလိမ့်မယ်။ ငါ့ရဲ့ သွေးအနှစ်သာရ စွမ်းအားက တခြား အဆင့်(၂) သွေးအနှစ်သာရ ရောက်နေသူတွေထက် သာသော်လည်း ငါ့မှာ လတ်တလော သွေးအနှစ်သာရ မလုံလောက်မှု ပြဿနာ ရှိနေတာကို သိထားသင့်သည်။ ငါ စာမေးပွဲတွေမှာတော့ ကောင်းကောင်းဖြေနိုင်ပေမဲ့ တကယ်တိုက်ပွဲ‌တွေမှာဆိုရင်တော့ အဆင်မပြေလောက်ဘူး" ကျန်းယိက ဆက်ပြောလေသည်။

ကျိုးဟောင် က မျက်မှောင်ကြုတ်ပြီး မင်းတကယ်ဝင်ပြိုင်ရင်ကွာ ဘယ်လောက်ရမယ်လို့ထင်လဲ"ဟု ထပ်မေးလိုက်သည်။ ကျန်းယိက ခဏလောက်စဉ်းစားပြီး

" ငါတို့ နှစ်မှာ ငါ့ထက် သွေးအနှစ်သာရ အဆင့် မြင့်တဲ့သူ ၁၃ ယောက်ရှိပြီး ငါ့နဲ့ အဆင့်တူတူလောက်ရှိတဲ့သူ က ၇ ယောက်ရှိတယ်။တကယ်လို့သာ ငါဝင်ပြိုင်ရင် ငါ့ အဆင့်က ၂၁ပဲ”

ကျိုးဟောင်လည်း ကျန်းယိကိုနားလည်သွားပြီး…

"ဘာမှ စိတ်မပူနဲ့ ဝင်ပြိုင်လိုက်ပါ ငါမင်းကို ပထမ ၁၀ယောက်ထဲ ပါအောင် ကူညီမယ်"

ကျန်းယိလည်း အံ့အားသင့်သွားပြီး ကျိုးဟောင်အား နားမလည်သလိုနဲ့ ကြည့်လိုက်မိသည်။

"ငါ့ကို ယုံစမ်းပါ ကျန်တာတွေကို စိတ်ပူမနေနဲ့" ဟု ကျိုးဟောင်က ပြောလိုက်လေသည်။ ကျန်းယိလည်း "ဒါဆိုလည်း ငါ၀င်ပြိုင်တာပေါ့ကွာ" ဟု ခေါင်းကိုလေးပင်စွာ ငြိမ့်လိုက်ပြီး ပြန်ပြောသည်။

အချိန်နှစ်ရက်ဟာ မျက်စိတမှိတ်အတွင်းကုန်ဆုံးသွားလေသည်။

တတိယမြောက်နေ့တွင် အရှိန်မြင့်နေသော တတိယနှစ်အတွက် ခွန်အား စမ်းသပ်မှု ပြိုင်ပွဲကြီး၏ စာရင်းသွင်းခြင်းမှာ ပိတ်သွားခဲ့လေပြီ။ လျှောက်ထားသူစာရင်းကို ကျောင်းသားရေးရာဌာန၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထား‌ခဲ့သည်။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ကျောင်းသားအများအပြားသည် ကြော်ငြာဘုတ်ဆီသို့ အပြေးအလွှားလာကြည့်ကြသည်။

"ပထမအဆင့် သွေးအနှစ်သာရနှင့် အထက်ရှိသော ကျောင်းသားပေါင်း ၄၀၀ကျော်ရှိ‌လေသည်။ ဒီစာရင်းမှာလည်း လူပေါင်း ၄၀၀ ကျော်လောက်ရှိနေပြီး အားလုံးနီးပါး ပါဝင်နေကြပုံရတယ်။”

"ဒီလောက်များပြားတဲ့ ဆုကြေးတွေကြောင့် ဘယ်သူမဆို ပါ၀င်မှာပဲ။"

"မှန်တယ်မင်းသာ ထိပ်ဆုံး ၁၀ ယောက်ထဲ ပါနိုင်ရင် ကျိန်းသေပေါက်ချမ်းသာမှာပဲ။"

"အိပ်မက် ဆက်မက်နေလိုက်ကြ!!! ထိပ်ဆုံး ၁၀ ယောက်ထဲ ပါဖို့က လွယ်တယ်ထင်လား?"

စုပြုံတိုးဝှေ့နေသော ကျောင်းသားအုပ်ကြီးထံမှ တယောက်တပေါက် ပြောဆိုသံများဖြင့် ဆူညံနေလေသည်။ အားလုံးရဲ့ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ၀င်းလက်နေကြ‌သည်။

ကျိုးဟောင်က လူအုံကြီးဆီ လှမ်းကြည့်လိုက်သည်။ သူ့မှာ အမြင်အာရုံ ကောင်းကောင်းရှိနေတာတောင်မှ ထိုလူအုပ်ကြီးကိုကျော်ပြီး ကြေငြာဆိုင်းဘုတ်ကို မြင်ရရန်မလွယ်ကူခဲ့ပေ။ ဒါကြောင့် လူအုပ်ကြားထဲ တိုး၀င်သွားခဲ့ ပြီး အားကိုလျော့ကာ တချို့ ကျောင်းသားများကို ဘေးသို့ တွန်းဖယ်လိုက်သည်။

ကျိုးဟောင်ကို သိသော ကျောင်းသား တချို့သည် ကျိုးဟောင်ကိုမြင်တော့ " စာရင်းသွင်း ဖို့တောင် အဆင့်မမှီတာ ကို မင်းက ဘာကိစ္စ လူစာရင်းကြော်ငြာစာကို လာတိုးကြည့်နေတာလဲ" ဟု လှောင်ပြောင်ကြလေသည်။ကျိုးဟောင်လည်း သူတို့ကို လျစ်လျူရှုလိုက်ပြီး ရှေ့ဆုံးသို့ရောက်အောင်တိုးသွားလိုက်သည်။ ထို့နောက် မျက်လုံးဖြင့် လျင်မြန်စွာ ကြည့်လိုက်ပြီး ပထမဆုံး ၁၀ ယောက်ထဲ ၀င်နိုင်ခြေရှိသော ကျောင်းသားများကို တိတ်တဆိတ် မှတ်ထားလိုက်လေသည်။

နေ့လည်စာစားချိန်တွင်...

ပြိုင်ပွဲ အတွက် စာရင်းသွင်းထားသော ကျောင်းသားများ အပြင်းအထန်လေ့ကျင့်နေကြလေသည်။ နေ့လည်ခင်းတွင် စတင်ကျင်းပမည့် ရှုံးထွက်အဆင့် ပွဲစဉ်အတွက် ပြင်ဆင်ရင်းအလုပ်များနေကြသည်။

သွေးအနှစ်သာရ ဒုတိယအဆင့် ကျောင်းသားများသာမက ရူလင် ကဲ့သို့ တတိယအဆင့် ကျောင်းသားများပင် အပြင်းအထန်လေ့ကျင့်နေကြသည်။

ဘယ်သူ့မှ သတိမထားမခင်မှာပဲ ခွန်အားစမ်းသပ်မှု ပြိုင်ပွဲ စတင်ကြောင်း ကြေငြာသံကိုကြားလိုက်ရသည်။

ကျိုးဟောင်သည် ပတ်၀န်းကျင်သို့ တချက်ကြည့်လိုက်သည်။ ထိပ်ဆုံး ၁၀ ယောက်ထဲ ထဲပါနိုင်ချေရှိသော ကျောင်းသားများရဲ့ နေရာ‌များကို စိတ်ထဲတွင်မှတ်ထားလိုက်ပြီးနောက် ခေါင်းငုံကာ ဆက်လျှောက်သွားသည်။

ကျိုးဟောင်သည် သူ့ထက် သုံးဆလောက်ပိုသန်မာခဲ့ဖူးသော ၀မ်မင် ကိုဦးစွာချဉ်းကပ်လိုက်သည်။

ကျိုးဟောင်သည် သူ့အနားသို့ ၃ မီတာ ၄ မီတာလောက်အထိကပ်သွားလိုက်ပြီး မတော်တဆ ယိုင်လဲသွားသလိုဟန်ဖြင့် တိုက်ချလိုက်သည်။

၀မ်မင် က ချက်ချင်းတုံပြန်ကာ ကျိုးဟောင်အား ရှောင်ရှားလိုက်ပြီး " မင်း မျက်စိမပါဘူးလား"ဟု

အေးစက်စွာ ပြန်မေးလေသည်။

ကျိုးဟောင် လည်း ကိုယ်ကို နိမ့်ပြီးတောင်းပန်လိုက်သည်။ထို့နောက် ၀မ်မင်ရဲ့ကျောကို ပုတ်လိုက်ပြီး

ငါ့ကြောင့် ထိခိုက်မိသွားသေးလား"မေးလိုက်သည်။

"မင်းကြောင့်လား မဖြစ်နိုင်တာတွေ ပြောပြီး ငါ့လေ့ကျင့်ရေးကို မနှောင့်ယှက် စမ်းနဲ့ကွာ" ဝမ်မင်က လှောင်ပြောင်လိုက်သည်။

"အေး အေး" ဟုဆိုကာ ကျိုးဟောင်လည်း အမြန်ထွက်သွားခဲ့‌သော်လည်း သူ့စိတ်ထဲတွင် ကြိတ်ရီနေခဲ့သည်။ ဆက်ပြီး မောက်မာနေလိုက်ဦး ခဏလောက်ကြာရင်တော့ မင်းလှုပ်နိုင်တော့မှာ မဟုတ်ဘူး စိတ်ထဲကပြောလိုက်သည်။

မနေ့ညက လေ့ကျင့်ရေးခန်းမ ထဲမှာ ကျိုးဟောင်သည် သူ့ခွန်အား ကို စမ်းသပ်ခဲ့ပြီး ထိန်းချုပ်နိုင်ရန်လည်းလေ့ကျင့်ခဲ့လေသည်။

ကျိုးဟောင်က ပုတ်လိုက်ရုံသာဖြစ်သော်လည်း ၀မ်မင်၏ စွမ်းအင်လမ်းကြောင်းငယ်လေးများကို ပျက်စီးစေခဲ့သည်။ ၀မ်မင် သည် သူ၏သွေးများကို လှည့်ပတ်ပြီး သွေးအနှစ်သာရအစွမ်းကို ဆက်သုံးနေပါက စွမ်းအင်လမ်းကြောင်းလေးများတွင် သွေးများခဲလာကာ ကိုယ်ခန္ဓာလှုပ်ရှားနိုင်စွမ်း ရပ်တန့်သွားပေလိမ့်မည်။

ထို့နောက် ကျိုးဟောင်သည် တခြားသော ထိပ်ဆုံး၁၀ယောက်တွင် ပါ၀င်နိုင်စွမ်း ရှိသူများကို ထိုနည်းလမ်းအတိုင်းဆက်လက် လုပ်ဆောင်ခဲ့သည်။

အမှန်တကယ်တွင် ထိုကဲ့သို့ ဒဏ်ရာအသေးစားလေးများသည် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ကျောင်းသားများအတွက် မပြောပလောက်ပေ။ တရက် နှစ်ရက်အတွင်း ပြန်ကောင်းလာမည်ဖြစ်သည်။

သို့သော် ကျိုးဟောင်၏ ရည်ရွယ်ချက်မှာ နေ့လည်ခင်းကျင်းပမည့် ပြိုင်ပွဲတွင် မပါ၀င်နိုင်စေချင်ရုံသာ ဖြစ်ပေသည်။ဒါ့ပြင် ကျိုးဟောင် သုံးသော အင်အားသည် တယောက်နှင့်တယောက်အပေါ်တွင် တူညီမှု မရှိပေ။ သူနှင့် အာဃာတ ရှိသောသူများပေါ်တွင်တော့ သူ မသက်ညှာပေ။

အတန်ကြာ ပတ်ကြည့်နေပြီးနောက် "ဟမ် လုကျန်း မလေ့ကျင့်နေဘူးပဲ" ဟု ကျိုးဟောင် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ သူ့မှာ လုကျန်း အတွက် အစီအစဉ်ဆွဲထားပြီးသားဖြစ်သည်။

လုကျန်း သည် မကောင်းသတင်းဖြင့် နာမည်ဆိုးကျော်ကြားသူဖြစ်ပြီး သူ့အပေါ်တွင်လည်း အနိုင့်ကျင့်ခဲ့ဖူးသူဖြစ်သည်။

" သူကျောင်းလစ်သွားပြန်ပြီလား" ဟု ကျိုးဟောင်တွေးလိုက်သည်။ သူ့မှာ လုကျန်းကို လွှတ်ပေးလိုက်ဖို့ ရည်ရွယ်ချက်မရှိပေ။သူလည်း ကျောင်းမှချက်ချင်းထွက်လာခဲ့ပြီး လမ်းကျယ်ကြီး၏ ညာဘက်ရှိ လူနေထူထပ်‌သောအိမ်ယာများဘက်သို့ လိုက်လာခဲ့သည်။ထိုနေရာသည် လုကျန်း မကြာခဏ နေ့လည်စာလာစားတတ်သောနေရာဖြစ်ကြောင်း သူကြားထားလေသည်။

သူသည် အနီးနားရှိ အဆောက်အဦတစ်ခုသို့ ရောက်သောအခါ ယောက်ျား၊မိန်းမ အနည်းငယ်နှင့် တစ်စုံတစ်ခု ဆွေးနွေးနေသော လုကျန်း ကို တွေ့လိုက်ရသည်။ အနီးကပ်သွားကြည့်ပြီးစစ်ဆေးလိုက်သောအခါ လုကျန်း သည် ကျောင်းတွင်းလျှို့ဝှက်လောင်းကြေးများစတင်ရန် ဤပြိုင်ပွဲကို အသုံးချနေကြောင်း ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုကြီး လီ ဒီမှာ စုစုပေါင်း ယွမ်ငွေ ၁သိန်းပါ"ဟု လုကျန်းက လူငယ်တစ်ဦးအား နှိမ့်ချသောအကြည့်ဖြင့် ပြောသည်။ “ဘာလို့ ဒီလောက်လေးပဲ ရှိသေးတာလဲ” ဟု ဆိုပြီး လူငယ်က မကျေမနပ်ဖြစ်သွားသည်။

"အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိပါဘူး။ ချူမြို့က လုပ်ငန်းစတင်ဖို့အတွက် ဆင်းရဲလွန်းတယ်။ ပြိုင်ပွဲသာရုတ်တရက်မပေါ်လာခဲ့ရင် ယွမ် ၁သိန်း လောက်တောင်ရနိုင်မှာမဟုတ်ဘူး။”ဟု လုကျန်းကဆိုသည်။

“ကောင်းပြီ၊ ပုံမှန်စည်းကမ်းအတိုင်း ငါ့ကို ယွမ် ၆သောင်းပေးပြီး စွမ်းအင်လမ်းကြောင်းပွင့်ဆေးကိုတော့ မနက်ဖြန် ဒီမှာလာယူ" ဟု လူငယ်ကပြောသည်။

ကျိုးယောင်၏ နားနှစ်ဖက်မှာ လှုပ်ရှားသွားခဲ့သည်။ စွမ်းအင်လမ်းကြောင်းပွင့်ဆေး က သွေးရောနှော ပေါင်းစပ်ဆေးထက် ပိုပြီးဈေးကြီးနေခဲ့သည်။ ထိုဆေးများသည် နဂါးနှင့် ဆင်တို့၏ စွမ်းအားကျင့်စဉ် ကျင့်ရာတွင် အဓိက အသုံးပြုသောဆေးများဖြစ်ကြသည်။ လုကျန်း ဒီကို မကြာခဏ ဒီကိုလာတာ အံ့ဩစရာမရှိတော့ပေ။ သူ့အတွက် ဆေးဈေးကွက် တခု ရှိနေကြောင်း ထင်ရှားလေသည်။

ကျိုးဟောင်လည်း တုံဆိုင်းမနေဘဲ ခပ်သွက်သွက်လှုပ်ရှားလိုက်လေသည်။

" ဘယ်သူလဲ" ဟုဆိုကာ အစ်ကိုကြီး လီ ဆိုသူက ရုတ်တရက် အလစ်တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့သည်။

ဘမ်း ဘမ်း!!!

သို့သော် ကျိုးဟောင်က သူတို့ကို အမှောက်သိပ်နိုင်ခဲ့သည်။ဒါ့ပြင် ကျိုးဟောင်သည် လုကျန်းကို နှစ်ချက်လောက်ပိုထိုးခဲ့လိုက်သည်။ သူနှစ်၀က်လောက်အထိ အိပ်ယာထဲလဲတော့မှာသေချာသည်။

ကျိုးဟောင်လည်း အစ်ကိုကြီး လီဆိုသူနှင့် လုကျန်းဆီမှ ပိုက်ဆံတွေယူပြီး ခပ်မြန်မြန်ထွက်လာခဲ့သည်။

ထိုလိုသူတွေဆီမှာ လုယူခဲ့သော ပိုက်ဆံအများအတွက် သူ့မှာ စိတ်မလုံဖြစ်စရာ မလိုပေ။ အပြန်လမ်းတွင် ကျိုးဟောင် တယောက် စိတ်ပျော်နေခဲ့သည်။ အရင် က ယွမ် ၁ထောင် တောင်မရှိခဲ့၍ ကျန်းယိ ဆီမှ ချေးငှားခဲ့ရသည်။ ယခုတော့ သူ့တွင် ယွမ် ၁သိန်းတောင် ရှိနေခဲ့လေပြီ။

ဒါကြီးမားတဲ့ တကျော့ပြန် အောင်မြင်မှုဖြစ်သည်။

" ဒီ ယွမ်၁ သိန်းကို ငါ ဘယ်လိုသုံးရမလဲ" ဟု ကျိုးဟောင်‌တွေးတောနေသည်။ ရုတ်တရက် သူ့ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ပေါင်သူ ပြန်ရိုက်လိုက်ကာ " ကျောင်းတွင်း အလောင်းအစား ကို လုပ်နေတာ

လုကျန်း တယောက်ထဲ မဟုတ်ဘူး"ဟု တွေးမိလိုက်‌လေသည်။

…............................................................................

အခန်း(၇)ပြီးပါပြီ။

အခန်း(၈) - တစ်ခုခုတော့ဖြစ်‌လေပြီ

ကျောင်းသို့ပြန်ရောက်သည့်အချိန်တွင် ကျိုးဟောင်ခိုးလာသော ယွမ်၁သိန်းမှာ မရှိတော့သော်လည်း သူ့စိတ်ကတော့အဆင်ပြေနေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ယခုပြိုင်ပွဲအဆုံးသတ်တာနှင့် သူပိုပြီးပိုက်ဆံရှာနိုင်မယ်ဆိုတာသေချာနေသောကြောင့်ဖြစ်သည်။

သူ ကျောင်းအဆောက်အဦးကို ရောက်သည်နှင့် အပြင်းအထန် ဆွေးနွေးနေသံ နှင့် ငြင်းခုံသံတွေ ကို ကြားလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိပ်ဆုံး၁၀ယောက်စာရင်းထဲ ပါနိုင်သည့်အလားအလာရှိသည့် ဝမ်မင် လီကျိနဲ့ တခြားပြိုင်ပွဲဝင်တွေထံမှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့‌လေပြီ။

"ချီးပဲ ဘာဖြစ်နေတာလဲ?"

"ဒီလောက် အချိန်တွေ အများကြီးရှိရဲ့သားနဲ့ ဘာလို့ပြိုင်ပွဲစတဲ့ အခုချိန်မှာမှ ထဖြစ်တာလဲ?"

"ဘယ်သူသိမှာလဲ? ငါကြားတာတော့ သူလေ့ကျင့်ရင်းနဲ့ ခါးအဆစ် လွဲသွားတယ်တဲ့"

"ထွီ အဆစ်၁ခု လောက်လွဲတာက လက်ခံလို့ ရသေးတယ် ဒါပေမဲ့ ၁၀ခု ကျော်ကြီး တစ်ပြိုင်တည်း လွဲတာကတော့ ရူးနေတဲ့လူပဲ ဒါက မတော်တဆပါ ဆိုတာကို ယုံလိမ့် မယ်"

သတင်းပျံ့သည်မှာ အလွန်ပင်မြန်လေသည်။ ကျောင်းသားများသာမက ကျောင်းရဲ့ခေါင်းဆောင်များနှင့် ဆရာတွေအထိပါ ယခုကိစ္စကိုကြားမိကြသည်။

ကျောင်းအုပ်ရုံးခန်းထဲတွင်ဌာနမှူး ဒုကျောင်းအုပ်နှင့် ဆရာ၊ဆရာမ အများအပြားမှာ ရုံးခန်းထဲတွင်စုဝေးနေကြသည်။

"ကျောင်းအုပ် ပြိုင်ပွဲကိုဖျက်သိမ်းလိုက်ကြရအောင် ကျောင်းသားအများစုက လှုပ်တောင်မလှုပ်နိုင်တာ သူတို့ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"ဝမ်မင် နဲ့ လီကျိအပါအဝင် ထိပ်ဆုံးကျောင်းသား၅ယောက် အားလုံးဒဏ်ရာတွေရနေကြတာ တကယ်လို့သာ ဒီကိစ္စကို သေချာ မစစ်ဆေးရင် ဒီပြိုင်ပွဲက ဘာအဓိပ္ပာယ်မှမရှိတော့ဘူး"

"ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ဖို့က မသင့်တော်ဘူး ကျွန်တော့် အထင်တော့ ရက်ပိုင်းလောက် ရွှေ့ဆိုင်းထားသင့်တယ် လို့ထင်တယ်"

ဆရာများ၏ တစ်ယောက်တစ်ပေါက် ပြောသံများဖြင့် ရုံးခန်းတွင်းမှာ ဆူညံသံများနှင့် ပြည့်နှက်နေတော့သည်။

ကျောင်းအုပ်ကျန်းမှာ ဘာစကားတစ်ခွန်းမှ ဝင်မပြောပေ။ ထိုအစား သူသည် တတိယနှစ် ဌာနမှူးကိုကြည့်ပြီး စကားတစ်ခွန်း မေးလိုက်သည်။ "ဌာနမှူးဟုန် ခင်ဗျားအမြင်ကရော"

ဌာနမှူးဟုန်မှာ ပင်စင်ယူထားသော သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် ရှည်လျားသောအမာရွတ်တစ်ခုရှိနေပြီး အလွန်ပင်ကြည့်ရဆိုးလေသည်။ သူသည် ကျောင်းအုပ်၏ မေးခွန်းကိုကြားလိုက်သည့်အခါ ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်ရင်း

"ပြိုင်ပွဲဆိုတာ စစ်ပွဲတစ်ခုလိုပဲ။ မမျှော်လင့်ထားတဲ့အခြေအနေတွေဆိုတာ ဖြစ်လာနိုင်တယ်။ စစ်ပွဲတစ်ပွဲကို ဒီလောက်လွယ်လွယ်နဲ့ ဖျက်သိမ်းလို့ရလို့လား?"

"ဟမ် ဘယ်လိုအမှိုက်မျိုးက လေ့ကျင့်နေရင်း ခါးအဆစ်လွဲတဲ့အထိဖြစ်မှာလဲ မတော်တဆ ဟုတ်ဟုတ် မဟုတ်ဟုတ် သူဒါကိုကြိုတင်မကာကွယ်နိုင်ခဲ့တာ သူအားနည်းလို့ပဲ"

"ဒီလိုပြိုင်ပွဲမှာ ဒီလိုကျောင်းသားမျိုးတွေ ဝင်ပြိုင်တာ ကျောင်းရဲ့အရင်းအမြစ်ကို အလဟဿဖြုန်းတီးနေတာပဲ"

ဌာနမှူးဟုန်ရဲ့စကားက ဆရာအများစု၏မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သော်လည်း မည်သူမှအသံမထွက်ရဲပေ။အဘယ့်ကြောင့်ဆိုသော် ယခု ထိုစကားများအားပြောနေသည့်ပုဂ္ဂိုလ်မှာ တစ်ချိန်ကသွေးသံရဲရဲတိုက်ပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဌာနမှူးဟုန်ဆီက စကားကိုကြားလိုက်ရသောအခါ ကျောင်းအုပ်ကျန်းမှာ ရှေ့က စားပွဲကို အသံမြည်အောင်ရိုက်ချလိုက်ပြီးနောက် " ကောင်းတယ် ပြောတာကောင်းတယ် ချက်ချင်း ပြန်သွားပြီး ကျောင်းသားတွေကိုထိန်းလိုက် စွမ်းအား စမ်းသပ်ပွဲ နာရီဝက်အတွင်းဆက်ကျင်းပမယ်"

တတိယနှစ်ရှိ ဆရာများမှာ ခေါင်းညိမ့်ပြပြီးရုံးခန်းထဲမှထွက်သွားကြတော့သည်။ ဌာနမှူးဟုန်မှာမူ ထွက်မသွားသေးဘဲ မျက်မှောင်ကြုတ်၍ ကျောင်းအုပ်အား စူးစမ်းသည့်ဟန်ဖြင့် စူးစိုက်ကြည့်နေလေသည်။

"လောင်ကျန်း ပွင့်ပွင့်လင်းလင်းပြောစမ်းပါ ခင်ဗျား လူလွှတ်ပြီး ခိုင်းထား တာမလား?"

ကျောင်းအုပ်ကျန်းမှာ ခေါင်းခါပြလိုက်သည်။ "ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်က ကျုပ်တို့ကျောင်းက အဲဒီပါရမီရှင်ကိုရှာဖို့ပဲ တကယ်လို့ကျုပ်သာလှုပ်ရှားဖို့လူလွှတ်လိုက်ရင် ဒီကိစ္စတစ်ခုလုံးက အဓိပ္ပာယ်မရှိဖြစ်မသွားဘူးလား?"

"လောင်ကျန်း ခင်ဗျားပြောချင်တဲ့ သဘောက အဲဒီပါရမီရှင်က ဒီကိစ္စကိုလုပ်ခဲ့တဲ့လူပေါ့?" ဌာနမှူးဟုန်ရဲ့စိတ်ထဲတွင် လျှို့ဝှက်ဖြစ်သွားရသည်။

ထိုစကားကြားလိုက်သောအခါ နံဘေးရှိ ဒုကျောင်းအုပ်မှာ ရယ်မောပြီး "အဲဒီလူကလွဲရင် တခြားဘယ်သူကများ ထိပ်ဆုံး၁၀ယောက်ထဲပါဖို့ အလားအလာရှိတဲ့ ကျောင်းသား၁၀ယောက်ကို ဒီလောက်အလွယ်တကူ ဒဏ်ရာ ရစေနိုင်မှာလဲ?"

"ဒါပေမဲ့ ကျုပ်သဘောမပေါက်တာက သူဘာလို့ဒီလိုလုပ်လဲဆိုတာကိုပဲ။ သူ့ဘာသာ ဒီတိုင်း လူလုံးထွက်ပြလိုက်လို့မရဘူးလား?" ဌာနမှူးဟုန်မှာ ယခုထိကို နားမလည်နိုင်သေးပေ။

" ကျုပ်တို့ကျောင်းက ဒီပါရမီရှင်က သူ့သရုပ်မှန်ကို တခြားလူတွေ မသိစေချင်တာ ဖြစ်လောက်တယ်။ ဒါပေမဲ့ သူက ဆုကြေး ကိုလည်းလိုချင်တယ် ဒါကြောင့်ပဲ သူ့မှာတခြားနည်းလမ်း သုံးရုံကလွဲ ရွေးချယ်စရာမရှိဘူး" ကျောင်းအုပ်ကျန်းကရှင်းပြလိုက်သည်။

ဌာနမှူးဟုန်မှာလည်း တုံးအနေသောသူမဟုတ်ပေရာ သိပ်မကြာမီပင်သဘောပေါက်သွားတော့သည်။

" ခင်ဗျားပြောချင်တာက သူကသူ့သူငယ်ချင်း ဝင်ပြိုင်လို့ရအောင် လုပ်ပေးနေတာ လို့ပြောချင်တာလား?"

"ဟဟ...." ကျောင်းအုပ်ကျန်းနှင့်ဒုကျောင်းအုပ်မှာ ရယ်မောလိုက်မိသည်

"ဉာဏ်များလိုက်တဲ့ကောင်လေး" ဌာနမှူးဟုန်မှာ ပြောရင်းပြုံးလိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အမာရွတ်မှာ ပိုလို့ပင်အကျည်းတန်သွားလေတော့သည်။ကျောင်းအုပ်ကျန်းမှာမြှောက်ပင့်ပြီး ချီးကျူးလိုက်လေသည်။

" ဉာဏ်များတာကောင်းတာပဲ။တခြားမျိုးနွယ်တွေက ကျုပ်တို့ကိုအားကျပြီးစောင့်ကြည့်နေတာ ဒီတော့ ကျုပ်တို့ကျောင်းမှာ ဒီလိုပါရမီရှင်ရှိနေတာ လုံးဝကောင်းတဲ့ကိစ္စကြီးပဲလည်း မဟုတ်ဘူး"

"ကျုပ်ရဲ့မူလရည်ရွယ်ချက်က သူ့ကိုရှာပြီး ကမ္ဘာလုံးဆိုင်ရာလေ့ကျင့်ရေး အခြေစိုက်စခန်းကိုပို့မလို့ပဲ။ ဒါပေမဲ့ သူက သူ့ကိုယ်သူ မဖော်ထုတ်ချင်ဘူး ဆိုမှတော့လည်း ထားလိုက်ပါ"

ဌာနမှူးဟုန်မှာ ထိုစကားကို ကြားကြားချင်းပင် နှာခေါင်းရှုံ့ကာပြောလိုက်လေသည်။

"လောင်ကျန်း ဒီတစ်ခေါက်ခင်ဗျားလုပ်ရပ်မှန်တယ်။ ကမ္ဘာလုံးဆိုင်ရာ လေ့ကျင့်ရေးအခြေစိုက်စခန်းက အပြင်ပန်းကကြည့်လိုက်ရင် လူသားပညာရှင်တွေအများကြီးနဲ့ကာကွယ်ထားလို့ မထိုးဖောက်နိုင်ဘူးလို့ထင်ရပေမဲ့ ဒီလောက်နှစ်တွေအကြာကြီး တခြားမျိုးနွယ်စုတွေရဲ့ လုပ်ကြံခံရပြီးသေသွားတဲ့ လူငယ်ပါရမီရှင်ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ?"

ဒုကျောင်းအုပ်မှာ အနည်းငယ်တွေဝေနေသည့်ပုံပင်။ "ဒါပေမဲ့ ဒါကလည်းအရမ်းအန္တရာယ်များသေးတာပဲ ကျွန်တော်တို့ကျောင်းမှာ ဒီလိုပါရမီရှင်ကို ကာကွယ်နိုင်တဲ့စွမ်းရည်မရှိသလို အရင်းအမြစ်လည်း များများစားစားမရှိဘူး ကျွန်တော်စိုးရိမ်တာက သူ့အတွက်ကျွန်တော်တို့က အဟန့်အတားဖြစ်စေမှာကိုပဲ"

ကျောင်းအုပ်ကျန်းမှာ ဌာနမှူးဟုန်ကိုကြည့်လိုက်လေသည်။

ထိုအကြည့် နောက်ကွယ်က အဓိပ္ပာယ်ကို သူဘယ်လိုသဘောမပေါက်ပဲရှိမည်နည်း။ သဘောပေါက်သွားသည်နဲ့ စအော်လေတော့သည်။ "လောင်ကျန်း လောင်ချောင် ခင်ဗျားတို့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းပဲ ကျုပ်ကိုတောင် ပေါင်းကြံလိုက်သေးတယ်။ ခင်ဗျားတို့ ကျုပ်ကို ခေါ်ကတည်းက ကောင်းတဲ့ကိစ္စမဟုတ်မှန်း သိသားပဲ"

"ထားလိုက်တော့ ဘယ်လိုဖြစ်ဖြစ် ကျုပ်လည်းခေါင်းဆောင်ဟောင်းကြီးတွေနဲ့ ဒီနှစ်တွေအတွင်း မဆက်သွယ်ဖြစ်ဘူး။ ကျောင်းမှာ အသက်ငယ်တဲ့ပါရမီရှင်ပေါ်လာဖို့က မလွယ်ဘူးဆိုမှတော့ ကျုပ်လက်ထဲမှာ ဒီအခွင့်အရေးကိုအလဟဿ အဖြစ်ခံမှာမဟုတ်ဘူး"

စွမ်းအားပြိုင်ပွဲအား အစီအစဉ်အတိုင်းဆက်လက်ကျင်းပသည့်ကိစ္စမှာ ကျောင်းသားအများစုအား အံ့ဩသွားစေခဲ့သည်။ ဝမ်မင်၊ လီကျိ၊ တခြားကျောင်းသားများနှင့် ဆက်ဆံရေးကောင်းသော ကျောင်းသူကျောင်းသားများမှာ တရားမျှတမှုမရှိဘူးဟုဆိုတာ ဆန့်ကျင်ကြသော်လည်း ဆရာများ၏နှစ်သိမ့်မှုနှင့်ဖိအားပေးမှုများအောက်တွင် ထိုအသံများမှာလည်း သိပ်မကြာခင်ပျောက်ကွယ်သွားလေတော့သည်။

နေ့လယ် ၂နာရီခွဲအချိန်တွင်....

တတိယနှစ်ကျောင်းသားများအားလုံးသည် လေ့ကျင့်ရေးခန်းမဆောင်တစ်ဖက်တစ်ချက်ရှိ ပွဲကြည့်ပရိတ်သတ်ခုံများတွင် ထိုင်နေကြသလို ပထမနှစ်နှင့်ဒုတိယနှစ်မှ ထူးချွန်ကျောင်းသား အချို့လည်းရှိနေလေသည်။ ကျိုးဟောင်နှင့်ကျန်းယိတို့သည်လည်း ဘေးတွင်မတ်တတ်ရပ်နေကြသည်။

ကျန်းယိကကျိုးဟောင်ကိုကြည့်ရင်း သံသယရှိသောပုံစံနှင့်မေးလိုက်လေသည်။

"ကျိုးဟောင် ဒါမင်းလုပ်တာလား"

ကျိုးဟောင်က ခါးသက်စွာပြုံးလိုက်သည်။ "ကျန်းယိ ငါက‌သွေးအနှစ်သာရ ပထမအဆင့်တောင် မရောက်သေးတာ ဒီလိုကိစ္စမျိုးငါလုပ်နိုင်မယ်လို့ မင်းထင်လား?"

ကျန်းယိမျက်လုံးထဲရှိ သံသယအရိပ်အယောင်တို့မှာ အနည်းငယ်ပြေလျော့သွားသော်လည်း စိတ်ထဲတွင်တော့ဒွိဟဖြစ်နေဆဲပင် "ဒါပေမဲ့...."

"ဒါပေမဲ့ ဆိုတာမရှိဘူး" ကျိုးဟောင်ကကြားဖြတ်ပြောလိုက်သည်။ "မင်းညီမလေးအတွက်တွေး သူ့ကိုမင်းလိုမျိုး စားစရာမရှိ ကျင့်ကြံဖို့အရင်းအမြစ်မရှိ‌တဲ့ ဘဝမျိုးနဲ့ အဆုံးသတ်သွားစေချင်လို့လား"

ကျန်းယိ၏အမူအရာမှာပြောင်းလဲသွားပြီး တစ်ဆက်တည်းမှာပင် လက်သီးကိုပါ ကျစ်ကျစ်ပါအော င်ဆုပ်လိုက်မိသည်။ကျိုးဟောင်မှာ ကျန်းယိရဲ့ပခုံးကိုအသာပုတ်လိုက်ရင်း

"ဒါမင်းအတွက်အခွင့်အရေးပဲ ဖမ်းဆုပ်ထားလိုက်စမ်းပါ အကောင်းဆုံးကြိုးစား"

"ကျေးဇူးပဲ" ကျန်းယိမှပြန်ပြောလိုက်သည်။

"ရှူံးထွက်ပွဲစဉ်စတင်ပြီ! ပါဝင်ယှဉ်ပြိုင်သူအားလုံး အဆင်သင့်ပြင်ကြပါ" ဆိုသောအသံအားကြားလိုက်ရသည်။

အခန်း(၈) ပြီးပါပြီ..........

အခန်း(၉) -သူဌေးဖြစ်အောင်လုပ်ခြင်း

ရှုံးထွက်ပွဲစဉ်မှာ အလျင်အမြန်ပင်ပြီးသွားလေသည်။

ကျန်းယိမှာလည်းအလျင်အမြန်ပင် ထင်ပေါ်လာလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏သွေးအနှစ်သာရမှာ ဒုတိယအဆင့်သို့ရောက်နေပြီဖြစ်သည်။ ကျင့်ကြံရေးတွင် အထောက်အပံ့အလုံအလောက် မရှိလျှင်တောင် သူ့ခွန်အားမှာ သွေးအနှစ်သာရ ပထမအဆင့်သာ ရှိသေးသော ရန်သူများအား ချေမှုန်းဖို့တော့ လုံလောက်လေသည်။

သိပ်မကြာမီမှာပင် တစ်နာရီကျော်လွန်သွားပြီးနောက် လေ့ကျင့်ရေးကွင်းထဲတွင် ကျောင်းသူကျောင်းသားအယောက်၂၀ သာ ကျန်တော့လေသည်။

ရှုလင်မှလွဲ၍ ကျန်လူအားလုံးမှာ သွေးအနှစ်သာရ ဒုတိယအဆင့်သာရှိကြသည်။ ကျန်းယိထက် သွေးအနှစ်သာရအဆင့် ပိုမြင့်သည့်သူမှာ ၃ယောက်သာရှိသည်။

"ငါသေချာပေါက် ကြိုးစားမှဖြစ်မယ်" ကျန်းယိက တခြား ကျောင်းသူကျောင်းသားများကို ကြည့်ပြီးသူ့ကိုယ်သူအားပေးလိုက်သည်။ ယခုအချိန်သည် သူ့အတွက်အကောင်းဆုံးအခွင့်အရေးပင်ဖြစ်သည်။

အကယ်၍ သူသာထိပ်ဆုံး ၅ယောက်ထဲဝင်နိုင်ပါက ဆုကြေးငွေအဖြစ် ယွမ်၂သိန်း ရပေလိမ့်မည်။

အခြား ကျောင်းသူကျောင်းသားများ မှာလည်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေကြပြီး အားလုံးစိတ်လှုပ်ရှားနေကြပုံပင်။ ယခုရှိနေသောလူများကြားတွင် ထိပ်ဆုံး၁၀ယောက်ထဲပါနိုင်သော အလားအလာရှိသည့် သွေးအနှစ်သာရ တတိယအဆင့်ရှိသောလူလေးယောက်နှင့် သွေးအနှစ်သာရဒုတိယအဆင့်ရှိသော လူ၈ယောက်ကို ကိုင်တွယ်ပြီးပြီ ဖြစ်သည်။

ယခုအချိန်သည် သူတို့အတွက်ထိပ်ဆုံး၁၀ယောက်ထဲပါနိုင်ဖို့အတွက် အခွင့်အရေးအများဆုံးအခြေအနေဟုပြောလို့ရပေသည်။

"ထိပ်ဆုံး ၁၀ယောက်ရွေးချယ်မဲ့ပြိုင်ပွဲ မကြာခင်စတင်ပါ့မယ်"

ဒိုင်လူကြီး၏စကားအတိုင်း ကျန်းယိအပါအဝင် ကျောင်းသူကျောင်းသားအယောက်၂၀မှာ အမည်စာရင်းအတိုင်း စတင်တိုက်ခိုက်ကြလေတော့သည်။

နာရီဝက်ကြာပြီးနောက် ပြိုင်ပွဲရလဒ်ထွက်လာပေပြီ။ မျှော်လင့်ထားသည့်အတိုင်းပင် ရှုလင်ကပထမနေရာရပြီး ကျန်းယိမှာထိပ်ဆုံး၅ယောက်၏ ပဉ္စမနေရာအား ရရှိသွားလေသည်။ ပရိတ်သတ်များမှာလည်း ရုတ်ရုတ်သဲသဲနှင့်ဆူညံနေလေတော့သည်။

အများစုမှာ အားကျနေကြခြင်းပင်။

"ငါမူးလဲတော့မယ်။ ရှုလင်ပထမနေရာရတာကို ငါအပြစ်မပြောပါဘူး ဒါပေမဲ့တခြားလူတွေကတော့ ထိပ်ဆုံး၁၀ယောက်ထဲတောင် မပါသင့်တဲ့လူတွေပဲ!"

"ပုံမှန်အခြေအနေမှာဆို ကျန်းယိကထိပ်ဆုံး၁၀ယောက်ထဲမပါနိုင်ဘူး အခုတော့သူကပဉ္စမနေရာရပြီး ဆုကြေးယွမ်၂သိန်းတောင်ရသွားသေးတယ် မနာလိုလိုက်တာ"

"ဒီလိုမှန်းသာသိရင် ငါလည်းဝင်ပြိုင်ပါတယ်"

နံဘေးရှိမနာလိုအားကျသံများကို ကြားရသည့်အခါ ကျိုးဟောင်မှာအလွန်ပင်စိတ်လှုပ်ရှားလာလေသည်။

ကျန်းယိထိပ်ဆုံး၅ယောက်ထဲပါမည်ဟု သူမမျှော်လင့်ထားပေ။

သို့သော်လည်း ထိုကိစ္စကအရေးမကြီးပေ။ အရေးကြီးသည့်ကိစ္စမှာ သူမှတ်မိသလောက် သူ့ပိုက်ဆံယွမ်တစ်သိန်းထဲမှ ကျန်းယိ ထိပ်ဆုံး၅ယောက်ထဲ ပါမည့်ဘက်တွင် သူ၂သောင်းလောင်းခဲ့သည်။ ထိုအချိန်တုန်းက ခိုးလာသောပိုက်ဆံ နှင့်လောင်းခဲ့ခြင်းဖြစ်၍ သူများများစားစား မစဉ်းစားခဲ့ပေ။

မထင်မှတ်ထားပဲ သူလောင်းထားသည့်ဘက်မှာအနိုင်ရသွားလေသည်။ ထို့အပြင် နိုင်ပါက ပြန်ရမည့်လောင်းကြေးမှာ အဆ၂၀ဖြစ်ပေသည်။ ဤသဘောက သူ ယွမ်၄သိန်းရမည်ဆိုသည့်သဘောပင်ဖြစ်သည်။

ထို့အပြင် ကျန်ရှိသောယွမ် ၈သောင်းခွဲအား ကျန်းယိထိပ်ဆုံး ၁၀ယောက်ထဲဝင်မည့်ဘက်တွင် လောင်းခဲ့ခြင်းဖြစ်သည်။ခထိုလောင်းကြေးကပြန်ရမည့် အနိုင်ငွေမှာ ၁၀ဆဖြစ်သည်။

တစ်နည်းပြောရသော် ကျိုးဟောင်အနိုင်ရသည့်ငွေမှာ စုစုပေါင်း ၁.၂၅သန်း ယွမ်တစ်သန်းကျော်ပင်ဖြစ်ပေသည်။ ဤပမာဏမှာ သေချာပေါက် အလွန်များသောပမာဏပင်။

ချူမြို့ မြို့လယ်ခေါင်ရှိအိမ်တသစ်လုံး၏စျေးနှုန်းမှာ ယွမ်တစ်သန်းသာရှိသည်။

"ငါဒီတစ်ခေါက်တော့ချမ်းသာပြီ ကံကောင်းလို့ အဲဒီတုန်းကပိုက်ဆံပြန်မထားမိတာ" ကျိုးဟောင်မှာစိတ်လှုပ်ရှားနေသလို ပျော်လည်းပျော်နေလေသည်။

ဆုပေးပွဲအခမ်းအနားကျင်းပနေသည့်အတောအတွင်း ကျိုးဟောင်ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ သူကျောင်းမှလစ်ထွက်လာပြီး အနီးအနားကစီးပွားရေးလုပ်ငန်းများရှိသော လမ်းတစ်ခုဆီရောက်သွားလေတော့သည်။

"ငါပိုပြီး စိတ်ချရတဲ့ နေရာကို သွားခဲ့တာပဲကို သူတို့ငါ့ကိုညစ်တော့ မညစ်လောက်ပါဘူး" ကျိုးဟောင်မှာသူ့အတွေးနှင့်သူ တန်ဖိုးကြီးဆိုင်တစ်ခုထဲသို့ ချိုးဝင်သွားပြီး ဆိုင်ရဲ့ခန်းမကျယ်ကြီး၏ ဘယ်ဘက်စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားလေသည်။

ပြိုင်ပွဲအဆုံးသတ်တာနှင့် ကျိုးဟောင်လိုမျိုးဆုကြေးလာထုတ်ယူသူ အများအပြားရှိနေသော်လည်း အများစုမှာသက်ပြင်းသာချသွားကြလေသည်။

"ဒါတွေအားလုံး ဝမ်မင် လီကျိနဲ့တခြားနိုင်နိုင်ခြေရှိတဲ့လူတွေကိုတိုက်ခိုက်ခဲ့တဲ့ အဲဒီကောင်စုတ်ကြောင့်ပဲ။ဒီတစ်ခါ လျော်ကြေးက ဆိုးဝါးလိုက်တာ"

"အတူတူပဲလေ ဒီတစ်ခေါက် ချူမြို့အထက်တန်းကျောင်းပြိုင်ပွဲရဲ့ ထိပ်ဆုံး၁၀ယောက်ကလည်း မမျှော်လင့်ထားတဲ့လူတွေပဲ"

အားလုံး၏ပြောဆိုနေသံတွေကိုနားထောင်ပြီး ကျိူးဟောင်မှာစိတ်ထဲကြိတ်ရယ်နေမိလေသည်။

သူဧည့်ကြိုကောင်တာဆီတန်းလျှောက်သွားလိုက်ပြီး တံဆိပ်အားထုတ်လိုက်လေသည်။

တံဆိပ်ကိုမြင်သောအခါ ဧည့်ကြိုမိန်းကလေးမှာ မှင်တက်သွားလေသည်။

"ဘာလို့လဲ ပြဿနာရှိလို့လား" ကျိုးဟောင်ရဲ့မျက်ခုံးများမှာ မြင့်တက်သွားလေသည်။

ဧည့်ကြိုမလေးမှာ အလျင်အမြန်ပင် "မဟုတ်ပါဘူးရှင့် ကြည့်ရတာဧည့်သည်ကအတော်လေးကံကောင်းတဲ့ပုံပဲ။ ကျေးဇူးပြုပြီးခဏစောင့်ပေးပါရှင့် ဆုကြေးကိုချက်ချင်းထုတ်ပေးပါ့မယ် ဒါပေမဲ့ ပမာဏကအတော်များတာမလို့ အချိန်ခဏတော့ကြာပါလိမ့်မယ်ရှင့်"

ကျိုးဟောင်မှာလက်ကိုဝေ့ရမ်းပြလိုက်ပြီး "ကိစ္စမရှိဘူး" ဟုပြောလိုက်လေသည်။

အရှေ့ရှိစားပွဲတွင် အချိန်ခဏလောက်ထိုင်နေပြီးနောက် ဧည့်ကြိုမိန်းကလေးပြန်ရောက်လာပြီး ကျိုးဟောင်အား ခရစ်စတယ်ကတ်တစ်ခုကမ်းပေးလေသည်။

"ဧည့်သည် ဒါကခရစ်စတယ်ကတ်ပါ။ ဒီကတ်ထဲမှာ အနိုင်ရငွေပမာဏအတိုင်းထည့်ပေးထားပါတယ် မြို့ထဲကဘယ်ဘဏ်မှာမဆို ယွမ်အနေနဲ့ထုတ်ယူလို့ရပါတယ်ရှင့်"

ကျိုးဟောင်လည်းခရစ်စတယ်ကတ်ကို လက်ခံလိုက်ပြီးနောက် ချက်ချင်းပင်စွမ်းအင်ရေးရေး စီးဆင်းသွားတာကိုခံစားလိုက်ရသည်။ဤအရာမှာ ယွမ်ထက်ပို၍တန်ဖိုးကြီးသောပစ္စည်းပင်ဖြစ်ပေသည်။ ဘာပြဿနာမှမရှိကြောင်းအတည်ပြုပြီးသည့်နောက် ကျိုးဟောင်မှ ခရစ်စတယ်ကတ်ကိုယူပြီး ထွက်သွားလိုက်သည်။လမ်းပေါင်းမြောက်များစွာကို ချိုးကွေ့ပြီး နောက်ဆုံးသူ့နောက်ကလိုက်လာသည့်လူမရှိမှန်းသေချာသွားမှ စိတ်သက်သာရာရသွားလေတော့သည်။

"အားလုံးပေါင်း ၁၂သိန်း၅သောင်း ၅သောင်းကို လိုရမယ်ရသိမ်းထားပြီး ၁၀သိန်းကိုအိမ်ဝယ်ရမယ်။ ကျန်တဲ့၂သိန်းကိုအဖေနဲ့အမေ့ကိုပေးပြီး ကောင်းကောင်းနေခိုင်းရမယ်"

ကျိုးဟောင်မှာ ရရှိလာသောပိုက်ဆံအား အလျင်အမြန်ပင်ခွဲတမ်းချလိုက်သည်။ သူ့နေထိုင်မှုဘဝအား ပြောင်းလဲချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အတိတ်တုန်းက သူ့မှာပိုက်ဆံမရှိ၍ စိတ်ထဲ၌စိတ်ကူးယဉ်ရုံသာတတ်နိုင်သည်။ ယခုတော့ ပိုက်ဆံရှိပြီဖြစ်၍ သူ့ဆန္ဒအားဦးဆုံးဖြည့်ဆည်းရပေမည်။

ပြိုင်ပွဲကြောင့် နေ့ခင်းအတန်းများအား ဖျက်ထားသည်ဖြစ်ရာ ကျောင်းပြန်ဖို့ရာ လောနေစရာမလိုပေ။

ထိုအစားသူသည် ချူမြို့အလယ်ရှိယန်ဥယျာဉ်အိမ်ရာအားတန်းသွားလိုက်ပြီး သဘောကျသော အိမ်လေးတစ်လုံးအားဝယ်ယူလိုက်လေသည်။

ငွေအပြည့်ချေသည်ဖြစ်ရာ နယ်မြေအတွင်းက အရောင်းရုံးပိုင်းရှိဝန်ထမ်းများမှာ လုပ်ငန်းစဉ်များအား အလွန်ထိထိရောက်ရောက်ပင် ဆောင်ရွက်ပေးလေသည်။ ည၇နာရီလောက်တွင် ရုံးရှိအလုပ်သမားမှာ ကျိုးဟောင်အားအိမ်သော့နှင့် ပိုင်ဆိုင်မှုစာချုပ်အား လာပေးလေသည်။

"အမေနဲ့အဖေဒီလက်ဆောင်ကို ကြိုက်ပါ့မလားမသိဘူး"

ကျိုးဟောင်စိတ်ထဲမှတွေးတောလိုက်ရင်း ဖုန်းထုတ်ပြီးမိဘတွေဆီခေါ်လိုက်သည်

ရထားဘူတာရုံ၌ ဖုန်းချလိုက်ပြီးနောက် ဝမ်ရှုယွင်စိတ်ထဲအနည်းငယ်ပူပန်လာသည်။ "ရှောင်ဟောင် တစ်ခုခုဖြစ်လို့များလား? သူဖုန်းထဲမှာဘာမှလည်းမပြောဘဲနဲ့ ကျွန်မတို့ကို လူချမ်းသာတွေနေတဲ့ ယန်ဥယျာဉ်ကိုလာခဲ့ဖို့ပဲပြောတယ်"

တစ်ဖက်တွင်မူ ကျိုးရွှယ်ကောမှာစိတ်အေးလက်အေးပုံစံဖြင့်ရှိနေလေသည်။ "စိတ်မပူပါနဲ့ ဒီတိုင်းအတန်းဖော်တစ်ယောက်ယောက်နဲ့ စကားများတာလောက်ပဲနေမှာပါ ကိုယ်တို့အဲဒီကိုရောက်ရင် နှိမ့်ချပြီးတောင်းပန်လိုက်ရင် ပြဿနာမရှိလောက်ပါဘူး"

ဝမ်ရှုယွင်မှာ ခင်ပွန်းဖြစ်သူစကားအား ခေါင်းညိမ့်ပြလိုက်သော်လည်း မျက်နှာပေါ်တွင်တော့ စိတ်ပူနေသည့်ဟန်မှာ အထင်းသားပေ။

"အိမ်ငှားခလည်းမပေးရသေးဘူး နောက်နှစ်လနေရင် ရှောင်ဟောင်ကတတိယနှစ်ရဲ့ ဒုတိယစာသင်နှစ်ဝက်ရောက်ပြီ သူကျင့်ကြံဖို့ပိုက်ဆံလိုလာမှာ"

ကျိုးရွှယ်ကောမှာ ဇနီးဖြစ်သူအားနှစ်သိမ့်ရင်းပြောလိုက်လေသည်။ "စိတ်မပူနဲ့ ကိုယ်နည်းလမ်းစဉ်းစားလိုက်ပါ့မယ်"

"အားလုံးကျွန်မအမှားတွေပါ" ဝမ်ရှုယွင်မှာတွေးရင်း ပူပန်နေလေတော့သည်။

....................................................................................

အခန်း(၉)ပြီးပါပြီ.

All Chapters