အခန်း ၁၀-၁၂
Vol. 1 Ch. 10-12
အခန်း(၁၀) - ၀ယ်ပစ်လိုက်စမ်း!!!
ဝမ်ရှုယွင် နှင့် ကျိုးရွှယ်ကော တို့သည် မြေအောက်ရထားစီးပြီး အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ကြပြီးနောက် ယန်ဥယျာဉ်အိမ်ရာ ၏အဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
“ရှောင်ဟောင်ရေ အဆင်ပြေရဲ့လား”ကျိုးဟောင်ကို မြင်လိုက်သောအခါ ဝမ်ရှုယွင် လည်း ရှေ့ကို ခပ်သွက်သွက် လှမ်းလာခဲ့ပြီး လိုမေးလိုက်လေသည်။
"အမေ သား အဆင်ပြေပါတယ်။ အမေတို့ကို သားတို့ရဲ့ အိမ်အသစ်ကို လိုက်ပြမယ်" ဟုပြောလိုက်လေသည်။
"အိမ် အသစ်ဟုတ်လား"
ဝမ်ရှုယွင် ရဲ့ မျက်နှာအမူအရာသည် မေးခွန်းများစွာဖြင့် ပြည့်နေခဲ့ပြီး ကျိုးရွှယ်ကော မှာ လည်းနားမလည်နိုင်ဖြစ်နေခဲ့သည်။သို့သော်လည်း ကျိုးဟောင်နောက်သို့ စိတ်ရှည်ရှည်ဖြင့် လိုက်လာခဲ့ပြီး ယန်ဥယျာဉ်အိမ်ရာရှိ ဇိမ်ခံအိမ်တစ်လုံးရှေ့ သို့ရောက်လာခဲ့လေသည်။
"ရှောင်ဟောင် မင်းဘာကိစ္စ ငါတို့ကို ဒီခေါ်လာရတာလဲ"ဝမ်ရှုယွင် က စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။
" မင်း လက်ရှိနေထိုင်နေတဲ့ ပတ်၀န်းကျင်ကနေ ပြောင်းချင်နေမှန်း ငါနားလည်ပါတယ်။မင်းနည်းနည်းလောက် ထပ်စောင့်မယ်ဆိုရင် ငါမင်းကို ဒီနေရာကိုသေချာပေါက်ပြောင်းပေးနိုင်မှာပါ" ဟုဆက်ပြောလေသည်။
ကျိုးဟောင်လည်း သက်ပြင်းချပြီး ငါတော်တော်အသုံးမကျခဲ့တာပဲဟု ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။
" အခုတော့ စောင့်စရာမလိုတော့ပါဘူး အမေ။ အခုကစပြီး ဒီအိမ်က သားတို့အိမ်ပါပဲ" သူက ပြုံးပြီးပြန်ပြောလိုက်လေသည်။
"ဟမ်" ဟုဆိုကာ ကျိုးဟောင်၏ မိဘနှစ်ပါးလုံး အံ့ဩမှင်တက်သွားလေသည်။
" လာပါ အထဲ၀င် ပြီး ပတ်ကြည့်ရအောင်" ဟုကျိုးဟောင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"တကယ်လို့ မကြိုက်ရင် နောက်တစ်အိမ်နဲ့ လဲလို့ရပါသေးတယ်"
ကျိုးဟောင်သည် စကားပြောနေရင်းနှင့်ပင် သော့ကို ထုတ်ကာ အိမ်တံခါးကို ဖွင့်လိုက်လေသည်။ ဒါကိုမြင်လိုက်တော့ ဝမ်ရှုယွင်မှာကြက်သေသေသွားပြီး ကျိုးရွှယ်ကောမှာ ပို၍အံ့အားသင့်သွားခဲ့သည်။
သို့သော်လည်း ဝမ်ရှုယွင် က ကျိုးဟောင်ကိုတားလိုက်ပြီး "မင်း ဒီသော့ကို ဘယ်က ရတာလဲ ပြောစမ်း" ဟု မေးလိုက်သည်။ ကျိုးရွှယ်ကောကလည်း " သား မင်းကို ဥပဒေနဲ့ မကင်းလွတ်တဲ့ အရာတွေမလုပ်ဖို့ ဆုံးမထားတယ်လေ" ဟု အသံကိုမြှင့်ပြီးပြောလိုက်သည်။
ကျိုးဟောင် လည်း ရယ်ရခက် ငိုရခက်ဖြစ်သွားလေသည်။ထို့နောက် ပိုင်ဆိုင်မှုစာချုပ်ကို မြန်မြန်ထုတ်ပြပြီး " အမေ နဲ့ အဖေရယ် ဒါ တကယ် သားတို့အိမ်ပါ။ ဒီ ပိုင်ဆိုင်မှုစာချုပ်ပေါ်မှာလည်းရေးထားပါတယ်" ဟု ရှင်းပြလေသည်။
ဝမ်ရှုယွင် နှင့် ကျိုးရွှယ်ကော သည် ကမန်းကတန်း ရှေ့သို့ လျှောက်သွားခဲ့သည်။ တစ်ချက်ကြည့်လိုက် ပြီးနောက် သူတို့နှစ်ယောက် ထပ် အံ့သြသွားကြပြန်သည်။
"သား ရှောင်ဟောင် မင်းဒီအိမ်ကို ၀ယ်လိုက်တယ် ဟုတ်လား? " ဟု ဝမ်ရှုယွင် က အသံတုန်ရီစွာဖြင့်မေးလေသည်။ " သား မင်း ဘယ် ... ဘယ်က ပိုက်ဆံရတာလဲ " ဟု ကျိုးရွှယ်ကော က တအံတဩမေးလေသည်။
ဒီအိမ်ကြီးက ယွမ် ၁သန်း တန်ကြောင်း သူတို့ သိရှိသွားခဲ့လေသည်။ ယွမ် ၁ သန်း ရရှိရန် ဘယ်နှစ်နှစ်ကြာအောင် အလုပ်လုပ် ရမည်နည်း။ဝမ်ရှုယွင် က အံကြိတ်ကာ စိုးရိမ်တကြီးဖြင့်
" ရှောင်ဟောင်အိမ်ကိုမြန်မြန် ပြန်အပ်ပြီး ပိုက်ဆံ ပြန်တောင်းလိုက်။ ငါတို့ ဥပဒေနဲ့ မညီတာ တွေ မလုပ်ချင်ဘူး။မင်း ဥပဒေနဲ့ မကင်းလွတ်တာ လုပ်ခဲ့မိရင် လည်း ငါတို့ မင်းကို အပြစ်၀န်ခံခိုင်းမယ်"
ကျိုးရွှယ်ကောလည်း ပြဿနာရဲ့ အတိမ်အနက်ကို စဉ်းစားနေခဲ့သည်။ သူ့သား သည် ခုမှ တတိယနှစ် ကျောင်းသားသာ ရှိသေးသည်။ သူ့မှာ ပိုက်ဆံအများကြီးရှာနိုင်တဲ့ အခြေအနေမရှိသေးပေ။ သူ ဥပဒေနဲ့ မကင်းလွတ်တာ တစ်ခုခု လုပ်ခဲ့တာဖြစ်မည် ဟု တွေးတောနေလေသည်။
ကျိုးဟောင် တစ်ယောက် ပြော စရာ စကားမဲ့နေလေသည်။သို့ပေမဲ့ ဒါကလည်း ဖြစ်သင့်ပေသည်။ သွေးအနှစ်သာရ ပထမ အဆင့်ကိုတောင် မရောက်နိုင်သေးခဲ့တဲ့ သူ့လို တတိယနှစ်ကျောင်းသားတစ်ယောက်က ယွမ်ငွေ ၁သန်း ရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဥပဒေကို ချိုးဖောက်မှ သာ ရနိုင်မယ့် အခြေအနေဖြစ်လေသည်။
တကယ်တော့ သူပိုင်ဆိုင်တဲ့ ငွေကြေးသည်လည်း တရားနည်းလမ်းတကျ တော့ မဟုတ်ခဲ့ပေ။သို့သော်လည်း သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
" အမေ ကျွန်တော် တရားမ၀င်တာဘာမှ မလုပ်ခဲ့ပါဘူး" ဟု ဆိုပြီး ကျိုးဟောင် လည်း မတတ်သာသည့်အဆုံး ကျောင်းတွင်း ပြိုင်ပွဲအကြောင်းပြောပြလိုက်သည်။ သူ သည် လောင်းကြေးများဖြင့် ငွေရှာဖို့ ကြိုးစားခဲ့သော်လည်း သူ့ တကယ့်ရည်ရွယ်ချက်ကတော့ သူ့အတန်းဖော်ကို ကူညီဖို့သာဖြစ်ကြောင်းပြောပြလိုက်သည်။
ဒါ့အပြင် အလောင်းအစားဒိုင်ဆီက ပြေစာကိုလည်း ထုတ်ပြလိုက်လေသည်။ ဝမ်ရှုယွင် က အဲ့လိုအရာတွေ နားမလည်သောကြောင့် ကျိုးရွှယ်ကော ကိုပေးလိုက်ပြီး ဖတ်ပြခိုင်းလေသည်။
ကျိုးရွှယ်ကော လည်း သေချာဖတ်ကြည့်လိုက်ပြီးနောက် ဒိုင်အကြောင်း နဲ့ လိပ်စာကို သိရှိရန် သူ့ဖုန်းအားထုတ်၍ စစ်နေခဲ့လေသည်။အချိန်အနည်းငယ်ကြာ အတည်ပြုပြီးနောက် နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ "မိန်းမရေ ငါတို့သားက အမှန်အတိုင်းပြောနေပုံပဲ" ဟုပြောလိုက်သောအခါ ဝမ်ရှုယွင် ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့်"ရွှယ်ကော၊ ဒါက ရှောင်ဟောင် က ယွမ်တစ်သန်းကျော်ကို တကယ်ရခဲ့တာလို့ ဆိုလိုတာလား။" ဟုမေးလေသည်။
ကျိုးရွှယ်ကော က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။သို့သော် သူခေါင်းထဲ တစ်စုံတစ်ခုကို လျင်မြန်စွာ တွေးလိုက်မိပြီး "မဟုတ်သေးပါဘူး လောင်းကြေးအတွက် ပိုက်ဆံကို ဘယ်ကရလာတာလဲ"ဟု မေးလိုက်လေသည်။
ကျိုးဟောင် ၏ နှလုံးခုန်သံတွေမြန်သွားလေသည်။ ဒါကိုတော့ သူ မမျှော်လင့်ထားခဲ့သောကြောင့် သူ့စိတ်ထဲ တုန်လှုပ်သွားလေသည်။သူ့မိဘတွေရဲ့ အမူအရာက ပိုမို ခက်ထန်လာတာကို မြင်လိုက်သောအခါ သူက "အတန်းဖော်ဆီက ချေးထားတာပါ" ဟု ကမန်းကတန်း ပြောလိုက်ရသည်။ "အတန်းဖော်? ဘယ်အတန်းဖော်က မင်းကို ပိုက်ဆံအများကြီး ချေးပေးမှာလဲ?" ဟု ကျိုးရွှယ်ကောက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
ကျိုးဟောင် က ခေါင်းလေးငုံ့ကာ " ရူလင် ဆီကပါ" ဟု ဖြေလေသည်။ "ရူလင် ကဘာလို့ မင်းကိုပိုက်ဆံအများကြီးချေးမှာလဲ" ဟု ကျိုးရွှယ်ကော က သံသယစိတ်ဖြင့် မေးလေသည်။
" ဘာလို့လဲ ဆိုတော့ ကျွန်တော် သူ့ကို အရင်ကကူညီခဲ့ဖူးလို့ပါ။ ဒီတစ်ခါကတစ်ယောက်ယောက် ကသူတို့ကို တိုက်ခိုက်တော့မှာကို မတော်တဆ ကြားလိုက်မိပြီး လောင်းခဲ့တာပါ" ဟု ကျိုးဟောင်တစ်ယောက် အားတင်းပြီးပြောလိုက်လေသည်။
" ဒါ အမှန်ပဲလား" ဆိုပြီး ကျိုးရွှယ်ကော က ကျိုးဟောင်ကို စိုက်ကြည့်နေလေသည်။
" လောင်ကျိုး ရယ် မျက်နှာတည်ကြီးနဲ့ လုပ်မနေပါနဲ့တော့။ ကျွန်မတို့သားလေးက ကျွန်မတို့မျက်စိအောက်တင် ကြီးပြင်းလာတာပါ။ သူဘယ်လိုလုပ် တရားမ၀င်တာတွေ လုပ်ရဲမှာလဲ" ဟု ပြောကာ ခပ်မြန်မြန်တားလိုက်လေသည်။
ကျိုးရွှယ်ကော လည်း တစ်ချက်စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ သူတို့သား ရဲ့ အရည်အချင်းမှာ သာမန်ဖြစ်သော်လည်း သူ၏ အကျင့်စရိုက်ကတော့ ယုံကြည်ရသည့်ထဲတွင် ပါလေသည်။ထို့နောက် သူတစ်ချက် ချင့်ချိန်လိုက်ပြီး " သား နောက်ဆို လောင်းကစားတွေ မလုပ်စမ်းနဲ့ " ဟု အသံမာမာဖြင့်ပြောလိုက်လေသည်။
ကျိုးဟောင်လည်း " ကျွန်တော်သိပါပြီ အဖေ လောင်းကစားလုပ်တာလည်း ဒါ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်ပါ " ဆိုပြီး ခပ်မြန်မြန်ပြန်ပြောလိုက်လေသည်။
ကျိုးရွှယ်ကော လည်း မျက်နှာ အမူအရာပြန်ပြောင်းသွားပြီး သူ့သားက သူ့ထက် ပိုက်ဆံ ပို ရှာနိုင်ခဲ့သောကြောင့် သူ့သားအတွက် ဂုဏ်ယူနေမိလေသည်။သို့သော်လည်း သူ့မျက်လုံးထဲတွင်တော့ စိုးရိမ်မှု အရိပ်အယောင်များ ကျန်ရှိနေသေးလေသည်။
ထို့နောက် ကျိုးဟောင်က သူ့မိဘများကို အိမ်အသစ်ကြီးထဲသို့ခေါ်သွားခဲ့လေသည်။ အခန်းထဲတွင် ခန်း၀င်ပစ္စည်း များ မရှိသော်ငြားလည်း နွေးထွေးမှုကို ခံစားရလေသည်။
"အမေ၊ ဒီည ဈေးသွား၀ယ်ကြရအောင်။ လိုအပ်တဲ့ပရိဘောဂတွေအကုန်ဝယ်ပြီး အမေ့အတွက်အ၀တ်အထည်နဲ့ တခြားလိုအပ်တာတွေလည်း ဝယ်ကြမယ်” ဟု ကျိုးဟောင် က စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ ဝမ်ရှုယွင် လည်း သူ့သားရဲ့ ပျော်ရွှင်နေမှုလေးကို မနှောင့်ယှက်ချင်တာကြောင့် ချက်ချင်း သဘောတူလိုက်သည်။ ထို့ကြောင့် သူတို့ သုံးယောက်သား အနီးနားရှိ ကုန်တိုက်သို့ ပစ္စည်းများ သွားဝယ်ကြလေသည်။
ည ၁၁ နာရီမထိုးခင်မှာ ပဲ အကုန် ၀ယ်ခြမ်းပြီးနောက် သူတို့ အရင် ကနေထိုင်ခဲ့သော ရပ်ကွက်ငယ်လေးထံသို့ ပြန်လာခဲ့ကြသည်။ သူတို့ ၀ယ်ယူခဲ့သော ပရိဘောဂပစ္စည်းများကို တော့ နက်ဖြန် မနက်တွင် ကုမ္ပဏီမှ အိမ်တိုင်ရာရောက် လာပို့ပေးမည်ဖြစ်သည်။
ကျိုးဟောင်နဲ့ သူ့မိဘများကိုမြင်သောအခါ " ကြည့်စမ်းပါဦး ဘယ်သူတွေများလဲလို့။ ကဲ အချိန်မှီ အိမ်လခ မြန်မြန်ပေးကြစမ်းပါ " ဟု အိမ်တံခါး၀ကို ပိတ်စောင့်နေသော ခပ်၀၀ မိန်းမကြီးက အော်ပြောလေသည်။
အနီးအနားမှာ နေတဲ့ မိသားစုတွေလည်း တိတ်တိတ်လေးထွက်ကြည့်ကြလေသည်။
ကျိုးဟောင်လည်း ယွမ် ၃ထောင်ကို ထိုမိန်းမကြီးရှေ့သို့ ပစ်ပေးလိုက်ပြီး " ဒါ ကျွန်တော်တို့ ခင်ဗျားကိုပေးရမယ့် အိမ်လခပဲ။ ကျွန်တော်တို့ မနက်ဖြန်ဒီကနေ ပြောင်းမယ်" ဟု ပြောလိုက်သည်။ ကျိုးဟောင်သည် ထို ဇီဇာကြောင်ပြီးလောဘကြီးသော အိမ်ပိုင်ရှင်မိန်းမကြီးကို ကြည့်မရပေ။ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည် သူ့ အမေကို အိမ်ခန်းထဲသို့ခေါ်သွားခဲ့သည်။ ကျိုးဟောင်၏ အဖေလည်း ခေါင်းကို ဖြေးဖြေးလေးညိိတ်လိုက်ပြီး အိမ်နီးနားချင်းတွေကို တောင်းပန်လိုက်ကာ " ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ကျွန်တော်တို့ ဒီကနေ ပြောင်းတော့မယ်" ဟု နှုတ်ဆက်ခဲ့လေသည်။
ဧည့်ခန်းထဲတွင်တော့ ကျိုးဟောင်ရဲ့ အမေက ဆိုဖာပေါ်တွင်ထိုင်ကာ " ရှောင်ဟောင် မင်းမှာ ပိုက်ဆံရှိတယ်ဆိုပေမဲ့ ဒီလိုတွေ လျှောက်မဖြုန်းသင့်ဘူး။ ပြီးတော့ မင်းမှာ တခြား ပစ္စည်းတွေ ၀ယ်ဖို့လည်းကျန်သေးတယ်လေ" ဟု ပြောလေသည်။
"ကျွန်တော် သိပါတယ် အမေ။ နောက်ဆိုဆင်ခြင်ပါ့မယ် ဒီတစ်ကြိမ်တော့ရှိပါစေတော့" ဟု သူ့အမေပုခုံးကို နှိပ်ပေးရင်းပြောလိုက်လေသည်။ " ငါ့ သားလေးက ငါ့ကို အချစ်ဆုံးပဲ။ ဘယ်ဘက်ကို နည်နည်းလောက်ထပ်နှိပ်ပေးပါဦး " ဟု သူ့အမေမှ ပြန်ပြောလေသည်။
အချိန်တန်ကြာ စကားပြောပြီးနောက် ဝမ်ရှုယွင်
သည် ကျိုးဟောင်အား မနက်ဖြန် ကျောင်းသွားရန် ရှိသေးသောကြောင့် သွားအိပ်ခိုင်းလေသည်။
ည ၁၂ လောက်တွင် အိပ်မပျော်၍ ဖုန်းသုံးနေသော ကျိုးဟောင် တစ်ယောက် သူ့မိဘများ၏ အိပ်ခန်းဆီမှ တီးတိုးစကားပြောသံများကို ကြားလိုက်လေသည်။
...........……....................................................................
အခန်း(၁၀) ပြီးပါပြီ
အခန်း(၁၁) - ကံကြမ္မာအမှတ်များ ရရှိနိုင်မည့် နည်း
လမ်း
" ယောကျာ်းရေ၊ ရှောင်ဟောင် သာ ဒီနေ့ ပိုက်ဆံများကြီး ရလာမယ်ဆိုတာ ကြိုသိခဲ့ရင် ကျွန်မသူ့ကို ပိုက်ဆံများများ စုထားဖို့ အကြံပေးမိမှာပဲ။" ဟု ၀မ်ရှုယွင်ကပြောသည်။
" ဒါတွေအကုန်လုံး က သားလေးရဲ့ ကိုယ်ပိုင်ပိုက်ဆံတွေပဲလေ။ ငါတို့ရဲ့ အကြွေးတွေ ကိုလည်း သူကူ ဆပ်ပေးနိုင်မှာ မဟုတ်ဘူး။" ဟု ကျိုးရွှယ်ကော ကဆိုလေသည်။
" ကျွန်မ ပေါ့လျော့ မိလို့ဖြစ်ခဲ့တဲ့ ကျွန်မအမှားတွေပါပဲ။ ကုမ္ပဏီမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးက တန်ဖိုးကြီးတွေချည်းပဲ။ ဇိမ်ခံအိမ်ကို ရောင်းလိုက်ရင်တောင်မှ မလောက်လောက်ဘူး။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီကကြားမိတာ အရမ်းအရမ်းကို တန်ဖိုးကြီးတဲ့ ပစ္စည်း နှစ်ခု ရှိတယ်တဲ့။ ဒါပေမဲ့ အဲဒါတွေကလည်း ကျွန်မတို့ရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။" ဟု ၀မ်ရှုလင်ကဆိုသည်။
ကျိုးရွှယ်ကော က သက်ပြင်းချ လိုက်ပြီး " မိန်းမ မင်းပြောချင်တာ ကြက်သွေးရောင် သွေးနွယ်ပင် နဲ့ ကြံ့ချိုတွေ မဟုတ်လား ?" ဟု ပြောလေသည်။
"ဟုတ်တယ် အဲဒါတွေက အရိုးပျော့ဆေးလုံးအတွက် အဓိက ပါ၀င် ပစ္စည်းတွေပဲ။"ဟု ၀မ်ရှုယွင်က အသံတိုးတိုးလေးလုပ်ပြီးပြောသည်။ အရိုးပျော့ဆေးလုံး တစ်လုံးတန်ဖိုးသည် ယွမ် ၁သန်း ရှိပြီး သူ့ထဲပါ၀င်သော အဓိက ပါ၀င်ပစ္စည်းတခုစီ၏ တန်ဖိုး သည် ယွမ် ၅သိန်းလောက် တန်ဖိုးရှိလေသည်။
အရေးကြီးဆုံးကတော့ ထိုပစ္စည်းများသည် တောနက်ထဲတွင် သာ ရှိတတ်ပြီး ပိုက်ဆံရှိရင်တောင် ၀ယ်ယူဖို့ မလွယ်ကူလှပေ။
ကျိုးရွှယ်ကောလည်း ခဏလောက် တိတ်ဆိတ်သွားပြီး " မိန်းမရယ် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ငါနည်းလမ်း ရှာကြည့်ပါဦးမယ်။ ဒီနေ့ ငါ့ဆီ ခေါင်းဆောင်လာပြီး စကားပြောသွားတယ်။ငါရာထူးတိုးဖို့ အခွင့်အလမ်းများတယ်တဲ့။ ငါ အချိန်ပိုတွေ လုပ်ပြီး အလုပ်ပိုကြိုးစားရင် ငါတို့ပြန်ဆပ်နိုင်မှာပါ။" ဟု ပြောလေသည်။
" ငါတို့သား က ငါတို့ကို ယွမ် ၁သိန်းကျော် ပေးခဲ့တာဆိုတော့ နောက်စာသင်နှစ် အတွက် ကျင့်ကြံရေးပစ္စည်းတွေနဲ့ ကျောင်းလခအတွက်တော့ လောက်မှာပါ။" ဟု ကျိုးရွှယ်ကောက ဆိုသည်။
၀မ်ရှုယွင်လည်း သက်ပြင်းချပြီး" ရှင့်အလုပ်က ရှင့်ခန္ဓာကိုယ်အတွက် အရမ်းများတယ်။ ရှင်အစက အလုပ်ပြောင်းဖို့ရည်ရွယ်ထားတာလေ အခုတော့..." ဆိုပြီးပြောသောအခါ ကျိုးရွှယ်ကောက "ငါ အဆင်ပြေပါတယ်။ ငါ အံကြိတ်ပြီး ဖြတ်ကျော်နိုင်ပါတယ်။ အခုတော့ အိပ်ကြတာပေါ့" ဟု ပြန်ပြောလေသည်။
အခန်းထဲတွင် ကျိုးဟောင် တယောက်ဆို စကားတွေကို ကြားပြီး နားလည်သွားခဲ့သည်။ သူ့အမေ အလုပ်မှာ တခုခုဖြစ်ခဲ့တာကြောင့် အိမ်ငှားခပေးဖို့ ခက်ခဲနေသည်မှာ မထူးဆန်းတော့ပေ။
" ကြက်သွေးရောင် သွေးနွယ်ပင် နဲ့ ကြံ့ချိုလား " ဟုကျိုးဟောင် တွေးလိုက်သည်။ တတိယနှစ် ကျောင်းသားတစ်ယောက် အနေဖြင့် လေ့ကျင့်ရေးတွေကသာမန်သာဖြစ်သော်လည်း သင်ခန်းစာအများစုကတော့ တခြားမျိုးနွယ်ခြားတို့၏ ပစ္စည်းများနှင့် သတ္တဝါဆန်းများကို အမျိုးအစားခွဲခြားသည့် အကြောင်းများဖြစ်လေသည်။ထို့ကြောင့် ထိုပစ္စည်းနှစ်ခုမှာ အတော်ပင်ရှားပါးကြောင်းသူသိသည်။
"ဒီ မတော်တဆဖြစ်ရပ်က အဖေနဲ့ အမေကို ဖိအားတွေ အများကြီးဖြစ်နေစေတာပဲ။ အဖေ့ရဲ့ ခါးရိုးက တစ်နှစ်ပတ်လုံး မကောင်းလို့ မကြာခဏချောင်းဆိုးနေတာ။ ဒါတွေအားလုံးကလည်း သူ့အလုပ်ပတ်ဝန်းကျင်ကြောင့်ပဲ ။ အခုလည်း ဒီအကြောင်းကြောင့် သူ ဆက်သည်းခံနေရတုန်းပဲ…" ဟုတွေးကာ ကျိုးဟောင် အိပ်မပျော်တော့ပေ။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အမှန်တကယ်ဆို အိမ်အသစ်တလုံး ပိုင်ဆိုင်ရခြင်းကြောင့် ပျော်ရွှင်ကြရမည် ဖြစ်သော်လည်း အဖေနဲ့ အမေ အားတင်းပြီး ပြုံးနေခဲ့တာကို ကျိုးဟောင်ခံစားမိခဲ့သည်။ ဒီ ကြံ့ချိုနှင့်သွေးနွယ်ပင်ကြောင့် အဖေနဲ့ အမေ စိတ်ညစ်နေရတာ သေချာသည်။ ဒီလိုပြဿနာက သာမန် မိသားစုတခုကို ပြိုကွဲစေနိုင်လောက်အောင် လုံလောက်တဲ့ အခက်အခဲဖြစ်ပေသည်။
" ဒီကိစ္စကို ဖြေရှင်း ရမယ်။ အဖေနဲ့ အမေ့ကို ဒီထက် ၀န် မပိ စေချင်ဘူး။" ဟု ကျိုးဟောင် စိတ်ဆုံးဖြတ်လိုက်သည်။ သူ့လက်ရှိ ခွန်အား အပြင် ကောင်းကင်ဘုံလမ်းကြောင်း ဆော့လ်ဝဲလ် အကူအညီဖြင့် ဒီကိစ္စကို သူဖြေရှင်းနိုင်မည် ဟု ယုံကြည်လေသည်။
သို့သော် သူအရေးကြီးသော အရာ တခုကို ရုတ်တရက်တွေးမိသွားသည်။ သူ့ရဲ့ ကံကြမ္မာ အမှတ်တွေ ကုန်သွားခဲ့သည့် အကြောင်းပင် ဖြစ်လေသည်။သူ့တွင် ပိုက်ဆံဘယ်လောက်လောက် ရှ်ိရှိ ကံကြမ္မာ အမှတ်တွေမရှိ ဘဲ အဆင့်မြင့် ပစ္စည်းများရရှိရန်မလွယ်ကူပေ။
ဒါဆို ကံကြမ္မာ အမှတ်တွေ ပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဒါက သူ့အတွက် အတော် အရေးကြီးသော ပြဿနာဖြစ်နေလေသည်။ အဲ့အကြောင်းကို စဉ်းစားရင်း ကျိုးဟောင် အိပ်မပျော် တော့ပေ။ ထို့ကြောင့် အိပ်နေရာမှ ထပြီး ကောင်းကင်ဘုံလမ်းကြောင်း ဆော့လ်ဝဲလ်ကိုလေ့လာနေခဲ့သည်။
ဒီကံကြမ္မာ အမှတ်များက သူ့တယောက်ထဲတွင်သာ ရှိနေခြင်းမှာ ထူးဆန်းလေသည်။ ထို့ကြောင့် ဘယ်သူ့ အကူအညီမှ မယူဘဲ တယောက်ထဲ ကြိုးစားပြီး အဖြေရှာနေခဲ့ခြင်းဖြစ်လေသည်။ အချိန်အတန်ကြာ ကြိုးစား ကြည့်သော်လည်း အဖြေမတွေ့သေးပေ။
ညသန်းခေါင်ပင် ကျော်လာခဲ့လေပြီ။ ကျိုးဟောင်လည်း လက်လျှော့လိုက်ဖို့ စဉ်းစားမိလေသည်။ ထိုအချိန်တွင် အင်းဆက်ပိုးကောင်များ ၏ တဝီဝီ မြည်သံကို ထပ်ကြားလိုက်ရသည်။ ကျိုးဟောင်လည်း စဉ်းစား မနေနဲ့ သူ့အနားတွင်လာပျံနေသော ပိုးကောင်ကို ရိုက်သတ်လိုက်လေသည်။
ဒင်!! ဆိုသော အသံကို ကြားလိုက်ရ၍ သူစိတ်လှုပ်ရှားသွားလေသည်။ သူ ဖန်သားပြင်ကို ဖွင့်ကြည့်လိုက်သောအခါ သူ့ကံကြမ္မာ အမှတ်သည် သုည ကနေ ၁ သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
" ငါ အစိမ်းရောင်အင်းဆက် တစ်ကောင်ကို သတ်လိုက်တာ ငါ့ကံကြမ္မာအမှတ်ကို နည်းနည်းတိုးသွားစေတယ်ပေါ့? " ဟု ဆိုကာ ဖြစ်နိုင်ချေများကို ကျိုးဟောင် စဉ်းစားမိပြီး ရင်ခုန်သံတွေမြန်လာခဲ့သည်။
သူ့အတွက် အသက်ကယ် ကောက်ရိုးလေးတစ်မျှင်ကို ရခဲ့လေပြီ။ ကျိုးဟောင်သည် ပျံနေသော အစိမ်းရောင်အင်းဆက်များကို တစ်ချက်စိုက်ကြည့်လိုက်သည်။ထို့နောက် မဆိုင်းမတွ ဘဲ လျှပ်စီးကဲ့သို့ အဟုန်ဖြင့် လိုက်ရိုက်လေတော့သည်။
ဖြန်း ဖြန်း ဖြန်း !!! သူအစိမ်းရောင်အင်းဆက် သုံးကောင်ကို တစ်ပြိုင်ထဲ ရိုက်သတ်လိုက်လေသည်။ သူ့မျက်လုံးများသည် ဖန်သားပြင်ထောင့်ရှိ ကံကြမ္မာ အမှတ်များဆီသို့လှမ်းကြည့်လိုက်သည်။ ကံကြမ္မာအမှတ်များ တဖြေးဖြေးတက်လာကာ ၃ မှတ်ထိ ကနေ ၄ မှတ်အထိ ရောက်သွားခဲ့လေသည်။
ယခုလို မြင်လိုက်ရခြင်းကြောင့် ကျိုးဟောင် မျက်နှာတွင် စိတ်လှုပ်ရှားမှ အရိပ်အယောင်များထိန်းမရဖြစ်နေလေသည်။ လွန်ခဲ့တဲ့နှစ်ရက်က အထိ ကံကြမ္မာအမှတ်များ ရရှိနိုင်မည့် နည်းလမ်းများကို စဉ်းစားနေခဲ့ရပြီး နည်းလမ်းမျိုးစုံသုံးကာ စမ်းသပ်ကြည့်သော်လည်း အချည်းအနှီးဖြစ်ခဲ့ရသည်။ အခုတော့ သူနည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့လေပြီ။
ကျိုးဟောင်သည် ပျံဝဲနေသော အင်းဆက်ပိုးကောင်များကို ရွံစရာဟု မမြင်မိတော့ဘဲ ပျံဝဲနေသော ကံကြမ္မာ အမှတ်များ လို့သာ မှတ်ယူထားလိုက်လေသည်။
ဖြန်း ဖြန်း ဖြန်း!!! ကျိုးဟောင်သည် အစိမ်းရောင်အင်းဆက်များကို အသည်းအသန် လက်ဝါးဖြင့် ခုန်ပေါက်ကာ လိုက်ရိုက်နေခဲ့သည်။ သူ့အခန်းထဲတွင် ရှိသော အစိမ်းရောင်အင်းဆက်များ မှာ အကုန်ကုန်သွားသော်လည်း သူမကျေနပ်နိုင်သေးပေ။ ထို့ကြောင့် အိပ်ခန်းထဲမှ တိတ်တိတ်လေး ထွက်ကာ ရပ်ကွက်ထဲ ရှိ အစိမ်းရောင်အင်းဆက်များကိုပါ လိုက်လံရှာဖွေပြီးသတ်လေတော့သည်။
ထိုအချိန်တွင် သူ့ ဖန်သားပြင်ပေါ်ရှိ ကံကြမ္မာ အမှတ်များ တစ်ရှိန်ထိုးတက်လာခဲ့လေသည်။
"၉၂၀ ၊ ၉၂၁ ၊၉၂၂ ...."
"၁၇၉၀ ၊ ၁၇၉၁ ၊ ၁၇၉၂...."
........................…....................................................
အခန်း (၁၁) ပြီးပါပြီ။
အခန်း(၁၂) - ကံကြမ္မာအမှတ်များ အပြည့်ဖြစ်လာ
ခြင်း
သုံး၊လေး နာရီကြာပြီးနောက် ကျိုးဟောင်သည် ရပ်ကွက် ထဲရှိ အင်းဆက်များကို သတ်ခဲ့ရုံသာမက ရပ်ကွက် အပြင်တွင် ရှိသော များပြားလှသည့် အင်းဆက်များကိုပါ သတ်ခဲ့လေသည်။
အင်းဆက်များမှာ အလွန်များပြားလွန်းလှလေသည်။ကျိုးဟောင် လည်း လိုက်ရိုက်ရင်း မောပန်းလာပြီး အသက်မရှူ နိုင်တော့ချိန်မှ ရပ်တန့်သွားလေသည်။ထို့နောက် ကံကြမ္မာ အမှတ်များကို တစ်ချက်ကြည့်လိုက်သောအခါ မျက်လုံးပြူးသွားရသည်။
ကံကြမ္မာ အမှတ်: ၉၉၉၉ (ကြွယ်၀သော နွား
ကံကြမ္မာအမှတ်)
" ဒါကအမှတ် ၁သောင်းနီးပါး ပဲ ဒါပေမဲ့ကံကြမ္မာအမှတ်တွေအပေါ် မူတည်ပြီး အမျိုးအစားခွဲတာတွေတောင် ရှိပုံရတယ်။” ဟု ကျိုးဟောင်က ဝမ်းသာအားရ တွေးမိသော်လည်း သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသေးသည်။
ဖြန်း ဖြန်း!! အနားမှ အင်းဆက်တစ်ကောင် ဖြတ်ပျံသွား၍ လိုက်ခဲ့သော်လည်း သူ မသတ်နိုင်ခင်မှာ အချက်အနည်းငယ်ချော်သွားခဲ့သည်။
ကံကြမ္မာ အမှတ်: ၁သောင်း (ကြွယ်၀များပြားခြင်း ကံကြမ္မာအမှတ်)
" ကံကြမ္မာ အမှတ်တစ်သောင်း ရောက်တာနဲ့ (ကြွယ်၀များပြားခြင်း ကံကြမ္မာ အမှတ်)ဆိုပြီး ပြောင်းသွားတာပဲ။ " ဟု ကျိုးဟောင် စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။ " (ကြွယ်၀သော နွားကံကြမ္မာ အမှတ်) လည်း ကြားရတာမဆိုးပေမဲ့(ကြွယ်၀များပြားခြင်း ကံကြမ္မာအမှတ်) က ပိုကောင်း တာတော့ အမှန်ပဲ။ နောက်တဆင့် အဆင့်သတ်မှတ်ချက်က ဘာလဲ စိတ်၀င်စားသွားပြီ။ ထားလိုက်ပါ ငါလိုက်ရိုက် နေဖို့သာ အဓိက" ဟုဆိုပြီး ကျိုးဟောင် တယောက် နောက်တစ်ခေါက် ပြန်မစခင် ခဏလောက် နားနေလေသည်။
သူ တစ်ညလုံး လှည့်ပတ် ပြေးလွှား ရိုက်နှက်နေခဲ့ပြီး သူ့ အနားအနီး ရှိ အင်းဆက်တွေ အကုန် လိုက်ရိုက်ပြီးမှသာ စိတ်ကျေနပ်သွားခဲ့ ပြီး အိမ်သို့ပြန်လာခဲ့လေသည်။
သူ့လက်များသည် ကောင်းကင်ဘုံ လမ်းကြောင်း ဆော့လ်ဝဲလ် ကို ခဏ ခဏ ဖွင့် ကြည့်ချင်နေသော်လည်း သူ့စိတ်ကို သူ အချိန်တိုင်းပြန်ထိန်းနိုင်ခဲ့သည်။ သူ နောက်တစ်ကြိမ် ဆော့လ်ဝဲလ် ကို မဖွင့်မှီ အမှတ်များများ စုထားရန် ဆုံးဖြတ်ထားလေသည်။
နောက်တစ်ရက် ကျောင်းသွားချိန်တွင်လည်း လမ်းတလျှောက်ရှိ အင်းဆက်များကို တစ်ကောင်မှ အလွတ်မပေးဘဲ ရိုက်သတ်သွားလေသည်။အခြား ကျောင်းသားများသည်လည်း အင်းဆက်များကို တစ်ကောင်မှ ကျန်မနေအောင် သတ်ကြလေသည်။ အဘယ့်ကြောင့် ဆိုသော် ထိုပိုးကောင်များ သည် အင်းဆက်မျိုးနွယ်မှ သူလျှိုများ ဖြစ်ကြပြီး လူသားမျိုးနွယ်၏ သတင်းအချက်အလက်များ မသိရှိစေလိုခြင်းကြောင့်ဖြစ်သည်။ကျိုးဟောင် လည်း ထို အချင်းအရာကို မြင်သောအခါ စိတ်ပျက်သွားရသည်။ တခြားသူများမှ အင်းဆက်ပိုးကောင်များအား သတ်ဖြတ်နေခြင်းကို သူမတားနိုင်ပေ။ သူတတ်နိုင် တာကတော့ အရှိန်ပိုမြှင့်ပြီး အစိမ်းရရောင်အင်းဆက်များနောက်လိုက်ခြင်းပင် ဖြစ်သည်။
ဖျစ် ဖျစ် ဖျစ်!!!! ဟု မြည်ကာ ပျံသန်းနေသော အစိမ်းရောင်အင်းဆက် တစ်ကောင်သေသွားလေသည်။ ကျိုးဟောင်သည် လုံ့လဝီရိယကောင်းသော ပျား တစ်ကောင်ကဲ့သို့ အစိမ်းရောင်အင်းဆက်များအား တစ်ကောင်မှ အလွတ်မပေးဘဲ ပျော်ပျော်ကြီးလိုက်သတ်နေလေသည်။
"ဒီကောင် ရူးနေသလား၊ ပျံနေတဲ့ အင်းဆက်တွေကို အင်တိုက်အားတိုက် လိုက်သတ်နေတာပဲ ၊ သူတို့က အင်းဆက်မျိုးနွယ်ရဲ့ လက်ပါးစေတွေပဲလေ။ ငါတို့ သူတို့ကို သတ်တာက ငါတို့ဒေါသတွေ သူတို့အပေါ်ပုံချချင်တာကြောင့်လေ။ ဒါပေမယ့် ဒီကောင်က သူတို့ကို အားကောင်းတဲ့ အင်းဆက်စစ်သည်တော်တွေလို ဆက်ဆံနေပုံပဲ။” ဟု ကျိုးဟောင်နားက ဖြတ်သွားသောကျောင်းသား တစ်ချို့က ကဲ့ရဲ့သွားသည်။
ကျိုးဟောင်လည်း ဂရုစိုက်မနေဘဲ ပိုးကောင်များကိုသာ အထိန်းအကွပ်မဲ့ လိုက်သတ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖန်သားပြင်ပေါ်ရှိ ကံကြမ္မာအမှတ်များသည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ၎င်းသည် ၁၂,၃၈၀ သို့ရောက်ရှိနေပြီဖြစ်သော်လည်း ကံကြမ္မာအဆင့်သတ်မှတ်မှာတော့ပြောင်းလဲခြင်းမရှိသေးပေ။ “ကြွယ်၀များပြားခြင်း ကံကြမ္မာ အမှတ်"တွင်သာ ရပ်တန့်နေလေသည်။
ကျိုးဟောင် စာသင်ခန်းသို့ရောက်သောအခါ ကျန်းယိသည် သူ့ဆီသို့ လျှောက်လာခဲ့သည်။ ကျိုးဟောင်လည်း ချက်ချင်း ကျန်းယိ မျက်ကွင်းတွေညိုနေတာကို သတိထားမိပြီး မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ပုံပဲဟု တွေးလိုက်သည်။ ရုတ်တရက် ယွမ် ၂သိန်း ရတဲ့ မည်သူ မဆို ဘယ်ကောင်းကောင်း အိပ်ပျော်နိုင်ပါ့မလဲ။
"ကျေးဇူးပါ ကျိုးဟောင် " သူ စကားလုံးများ ဖြင့် သူ့ကျေးဇူးတင်စိတ်ကို ဘယ်လို ဖော်ပြရမှန်း ကျန်းယိမသိပေ။ကျိုးဟောင်က ပြုံးပြီး " ဒါ မင်းရဲ့ ကြိုးစားမှု ရလဒ်ပဲ။ စကားမစပ် ဒီမှာ ငါ မင်းဆီက ချေးထားတဲ့ ယွမ် ၁သောင်း" ဟု ပြောလိုက်သည်။ ကျန်းယိက မယူဘူး ဟု ခေါင်းတွင်တွင် ခါနေခဲ့လေသည်။ ကျိုးဟောင် က ရုပ်ကိုတည်လိုက်ပြီး " ငါ့ကို သူငယ်ချင်း အဖြစ်သတ်မှတ်သေးရင် ယူလိုက် ကျန်းယိ"ဟု ပြောလိုက်သည်။
ရှုလင်မှာ သွားနေရာမှရပ်ပြီး သူ့ကိုလှည့်ကြည့်လေသည်။ သူမ ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးမှ စိမ်းကားသော အမူအရာဖြင့် " နင် ဘယ်က ပိုက်ဆံရလာတာလဲ" ဟု အေးစက်စက်ပြန်မေးသည်။။
" ကျောင်းပြိုင်ပွဲမှာ အလောင်းအစားလုပ်ပြီး ငါနိုင်ခဲ့လို့" ဟု ကျိုးဟောင်က ပြန်ပြောလိုက်သောအခါ ရှုလင် က တစ်ချက်မဲ့သွားပြီး " ငါသိနေတယ်။ နင့်မှာ တခြား အရည်အချင်းတွေမှ မရှိတာ။ နင်အမြဲ ကံကိုပဲ ယုံကြည်နေလို့မရဘူး။ နင်တကယ် ဂရုစိုက်တယ်ဆိုရင် နင့်ရဲ့ အရည်အချင်းတွေကို ဘယ်လို မြှင့်တင်မလဲ စဉ်းစားသင့်တယ် " ဟု ပြော ကာ နောက်တောင်ပြန်မကြည့်တော့ဘဲ လှည့်ထွက်သွားလေသည်။
ရှုလင်၏ ကျောပြင်လေးကို ငေးရင်း ကျိုးဟောင် ခေါင်းငိုက်စိုက်ကျသွားသည်။ သူတို့ နှစ်ယောက် အရင်လို ပြန် မဖြစ်နိုင်တော့ပေ။ သို့သော်လည်း တစ်ဖက်က စကားများ ကတော့ သူ့ အပေါ်တွင် စိုးရိမ်ပူပန်နေသေးကြောင်း ခံစားမိသည်။ သူအတွေးလွန်နေတာလည်း ဖြစ်နိုင်ပေသည်။
သူ့စိတ်ထဲမှာ အတွေးတွေကို မျိုသိပ်ထားရင်း မတ်တတ်ထရပ်ကာ စာသင်ခန်းထဲက ထွက်သွားခဲ့သည်။ ကျောင်းကထွက်လာပြီးနောက် ယန် ဥယျာဉ်အိမ်ရာသို့ မပြန်ခဲ့ပေ။အဲ့ဒီအစား သူ၏မျက်နှာကြွက်သားများကို ထိန်းချုပ်လိုက်ပြီး အသွင်အပြင်ကို ပြောင်းလဲကာရုပ်ဖျက်လိုက် ပြီး ချူမြို့ မှထွက်ခွာရန် မြေအောက်ရထားကိုစီးခဲ့လေသည်။
ဟွာတုန်း မြို့လည်ခေါင် ရှိ မြေအောက် မဟာမိတ်အဖွဲ့စင်တာရှေ့တွင် မီးချောင်းများထိန်ထိန်လင်းနေလေသည်။ ကျိုးဟောင် လည်း မြေအောက်ရထား ပေါ်တွင် သူ့အ၀တ်အစားများနဲ့ သူ့ခေါင်းဆောင်းကို သေချာပြင်လိုက်သည်။ ထို့နောက် ရွေ့လျားနေသောလူအုပ်ကြီးကို တချက်ကြည့်ပြီး ခပ်မြန်မြန်တိုးသွားခဲ့လေသည်။
" သူ့မိဘတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဖြေရှင်းလိုလျှင် သူတောနက်ထဲသို့ မဖြစ်မနေ သွားရပေမည်။
သို့သော်လည်း တောနက်ကြီးသည် အလွန်အန္တရာယ်များ ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများတောင် ထိုနေရာတွင် သေဆုံးကြဖူးသည်။ သူ့စွမ်းအားအစစ်အမှန်ကို သေချာ မသိရှိသေးပဲ တောနက်ထဲသို့ အလျင်စလို သွားခြင်း က အဆင်ခြင်မဲ့သော လုပ်ရပ်ဖြစ်သည်။
ဘေးကင်းစေရန် ကျိုးဟောင်သည် အသေးစားတာဝန် တစ်ချို့ကို လက်ခံပြီး သူ့ခွန်အားကို သေချာသိရှိအောင် လုပ်မည်ဟု စဉ်းစားထားသည်။ ထိုအချိန်အတွင်း တောနက်ထဲက အကြောင်းများကို သေချာသိရှိအောင်လေ့လာမည် ဟု ဆုံးဖြတ်ထားခဲ့သည်။ သူပိုပြီးများများ သိရှိလာတော့မှ တောနက်ထဲသို့ ၀င်ခြင်းက သူ့အတွက်သိပ်မနောက်ကျသေးပေ။
မြေအောက် မဟာမိတ်အဖွဲ့ စင်တာမှ ချမှတ်ပေးထားသော တာ၀န်(မစ်ရှင်) များ သည် ကျိုးဟောင်အတွက် သိပ်မခက်ခဲလှပေ။ အရေးကြီးဆုံး ကတော့ တောထဲရှိ တခြားမျိုးနွယ်ခြားများကို သတ်ခြင်းဖြင့် သူ့ ကံကြမ္မာအမှတ်များ ရရှိနိုင်မလားလည်း စမ်းသပ်ကြည့်နိုင်လေသည်။ အကယ်၍ ရရှိနိုင်သည် ဆိုပါက သူ့ကံကြမ္မာအမှတ်များ ကြွယ်၀လာဖို့ ကိုအချိန် သိပ်ယူရမည် မဟုတ်ချေ။ အဆုံးသတ်ပြောရလျှင် တောနက်ကြီးဟူသည်မှာ ကံကြမ္မာအမှတ်များဖြင့် ပြည့်နှက်နေသော နေရာကြီးဟု ဆိုလိုနိုင်မည်ဖြစ်သည်။
..............................................................................
အခန်း(၁၂) ပြီးပါပြီ ။