← Chapters

တစ်ယောက်ချင်းတိုက်ပွဲ တဲ့လား

Vol. 39 Ch. 533

တစ်ယောက်ချင်းတိုက်ပွဲ တဲ့လား

Vol. 39 Ch. 533

" ဒါပေါ့... "

ဝမ့်နျန်ရှန့် က ခေါင်းကုတ်ရင်း အပြုံးဖြင့် ဆိုလိုက်၏။

တဖက်မှ လောထျန်း အလွန်ပျော်ရွှင်သွားကာ ဂျင်ဆင်းမြစ်များကို သိမ်းလိုက်သည်။

" ဒါနဲ့ .. ခင်ဗျားကရော ဆေးရှာတဲ့သူလား "

လောထျန်း မေးလိုက်သည်။

" အမ်.. ဟုတ်ပါတယ် "

ဝမ့်နျန်ရှန့် က အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်ပြ၏။

" ဒါဆို ဒီ ယဲ့လန်ကမ္ဘာထဲက ဘယ်နေရာမှာ သိဒ္ဓိဝင်ဆေးပင်တွေရှိသေးလဲဆိုတာ ခင်ဗျားသိလား "

လောထျန်း ဆက်မေးသည်။

ဝမ့်နျန်ရှန့် အံ့အားသင့်သွားရ၏။

" အင်.. သိဒ္ဓိဝင်ဆေးပင်လား... ဒီလိုအချိန်မှာက ရှာဖို့လွယ်မှာမဟုတ်ဘူး "

" ဘာဖြစ်လို့လဲ "

လောထျန်း မေးလိုက်သည်။

ဝမ့်နျန်ရှန့် က သက်ပြင်းချ၍ ပြန်ပြော၏။

" ကမ္ဘာကြီးက ပြောင်းလဲတော့မှာမို့ အားလုံး မကြာခင်ညိုးနွမ်းကုန်ကြတော့မှာ။ အခု ယောင်ဝမ်တောင်က ဆေးပင်တွေတောင် ဆယ်ပင်မှာကိုးပင်လောက်က သေကုန်ကြပြီ.. တခြားနေရာတွေက ဆေးပင်တွေဆိုရင် ပြောမနေပါနဲ့တော့ "

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရပြန်သည်။

" ဘာလို့ အဲ့လိုဖြစ်တာလဲ "

ဝမ့်နျန်ရှန့် မှာ လောထျန်းကိုကြည့်ရင်း စိတ်ထဲသံသယဝင်သွားသော်လည်း ဆက်ရှင်းပြရှာသည်။

" ဘာကြောင့်ဖြစ်ရမှာလဲကွာ ။ ဟို ထျန်းမင်ကမ္ဘာကြောင့်ပေါ့... "

ထျန်းမင်ကမ္ဘာတဲ့လား..

ထိုနာမည်ကို ကြားသည်နှင့် လောထျန်း စိတ်လှုပ်ရှားသွားရပါသည်။

ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုထဲတွင် အစွမ်းအထက်ဆုံးကမ္ဘာဖြစ်သည့် ထျန်းမင်ကမ္ဘာအား သူ အမှတ်မိဘဲ မနေပါချေ။

ယခု တဖက်လူပြောသည့်အတိုင်း ဆိုလျှင်လည်း ထျန်းမင်ကမ္ဘာက သူတို့ထျန်းယွမ်ကမ္ဘာ၏ အကြီးဆုံးရန်သူဖြစ်ရုံမက ဤယဲ့လန်ကမ္ဘာအတွက်လည်း ရန်သူဖြစ်ဟန်ပင် ။

ထိုစဥ် ဝမ့်နျန်ရှန့် က စကားဆက်၏။

" အဲ့ဒီ ထျန်းမင်ကမ္ဘာက လူတွေက အင်မတန်ရက်စက်ပြီး အညှာအတာကင်းမဲ့ကြတယ်။ သူတို့က သွားတဲ့နေရာတိုင်းမှာ လူတွေ မရေမတွက်နိုင်အောင်ကို သတ်ပစ်ကြတာ "

" ယဲ့လန်ကမ္ဘာကလဲ သူတို့တွေရဲ့ သတ်ဖြတ်တာကို တစ်ကြိမ်ခံရဖူးတယ်လေ ။ အခု ထျန်းမင်ကမ္ဘာက ထပ်လာတော့မှာဆိုတော့ ဒီကောင်းကင်ဘုံပျက်စီးခြင်းကို တန်ပြန်တိုက်ခိုက်နိုင်အောင်လို့ ဧကရီဘုရင်မကြီးက ကမ္ဘာပေါ်က မသေမျိုးအားလုံးကို စုထားတာ ။ ပြီးတော့ ကမ္ဘာကြီးရဲ့ ကံကောင်းခြင်း ၉၀ % ကိုလဲ စုပြီးတော့ ထျန်းမင်ကမ္ဘာနဲ့ သူသေကိုယ်သေ တိုက်ခိုက်နိုင်အောင်လို့ မဟာအစီအမံကြီးတစ်ခုကိုပါ ပြင်ထားခဲ့တယ် "

" ဒါပေမယ့် ကံကောင်းခြင်းတွေ မရှိတော့တဲ့အချိန်မှာ စိတ်စွမ်းအင်အရာဝတ္ထုတွေက ညိုးနွမ်းကုန်တာမို့ စိတ်စွမ်းအင်ဆေးပင်တွေပဲ အရင်ဆုံး ဒုက္ခရောက်ကြရတာပေါ့ ။ ဒါ့ကြောင့်မို့ အခုချိန် အပြင်မှာ သိဒ္ဓိဝင်ဆေးတွေ ရှိနေသေးရင်တောင် နင်းပြားဘဝ ရောက်နေကြမှာ ။ ဆိုတော့ အဲ့ဒါတွေကိုရှာဖို့ဆိုတာ... တော်တော်မလွယ်တဲ့ကိစ္စပဲ "

အကြောင်းစုံ နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" ကျုပ် နားလည်ပါပြီ ။ အခုလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ "

ဝမ့်နျန်ရှန့် က အပြုံးဖြင့်ဆို၏။

" ကောင်းပါပြီ ။ အခု အဲ့ကိစ္စကို ခဏထားလိုက်ပါဦး ။ လက်ရှိမှာ ယောင်ဝမ်တောင်က ပြဿနာများတဲ့နေရာတစ်ခု ဖြစ်နေပြီမို့ ငါ ဒီကနေ ချက်ချင်းခွာမှဖြစ်မယ် ။ ညီလေးကိုလဲ ဒီမှာဆက်မနေဖို့ အကြံပေးချင်တယ် "

ကြာပွင့်နီဧကရီမှာ ဒေါသကို မြိုသိပ်ထားတတ်သူ မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိပါသည်။

အကယ်၍ သူသာ ယခုချိန် ထွက်မသွားပါက သူမနှင့် နောက်တစ်ကြိမ် ထပ်ဆုံရနိုင်ပါ၏။

" ကောင်းပါပြီ... ဒါဆိုလဲ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့ဗျာ "

လောထျန်း ပြောပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။

ဝမ့်နျန်ရှန့် ကလည်း လောထျန်းအား ပြုံးပြနှုတ်ဆက်ပြီးနောက် ယောင်ဝမ်တောင် အပြင်ဘက်သို့ ထွက်ခွာသွားတော့၏။

ပြီးနောက်တွင်မူ.. လောထျန်းက ရှောက်ထျန်းလုံလေးအား ကြည့်ကာ ပြောလိုက်သည်။

" ကောင်လေး.. ငါတို့တွေ ထပ်ပြီး ကံစမ်းလိုက်ကြတာပေါ့ကွာ ။ တကယ်လို့ သိဒ္ဓိဝင်ဆေးကို မတွေ့ဘူးဆိုရင်လဲ ပြန်ကြရုံပေါ့ "

" ဝု... "

ရှောက်ထျန်းလုံလေးက ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။

ထိုစဥ်... ယဲ့လန်ကမ္ဘာအလယ်ပိုင်းရှိ နန်းတော်တစ်ခု၌..

ဝုန်း..

ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ကြာပွင့်နီဧကရီ လေထဲမှ ဆင်းသက်လာသည်။

" ဧကရီသခင်မကြီး လာပြီဟေ့ "

ထိုအနီးတဝိုက်တွင် ရှိနေသူများအားလုံးက သူမလာသည်ကို မြင်သည်နှင့် ချက်ချင်းဒူးထောက်၍ ကြိုဆို

လိုက်ကြ၏။

ကြာပွင့်နီဧကရီကမူ အားလုံးကို လျစ်လျူရှုပြီး ပုလ္လင်ဆီသို့သာ မျက်နှာထားတင်းတင်းဖြင့် လျှောက်သွားလိုက်သည်။

" လာဦးဟေ့... ကြာပွင့်နီဗုံကို တီးပြီးတော့ ယဲ့လန်ကမ္ဘာက မသေမျိုးတွေ အားလုံးကို ဆင့်ခေါ်လိုက် "

သူမ အေးစက်စက်ဆို၏။

ထိုအမိန့်ကြောင့် အားလုံး၏ မျက်နှာထားများ ချက်ချင်းပြောင်းသွားကြသည်။

" ဧကရီသခင်မကြီး ၊ ထျန်းမင်ကမ္ဘာက အစောကြီးရောက်လာတာလားဗျ ။ တွက်ချက်ထားတဲ့အတိုင်းဆိုရင် နောက်နှစ်မှ ရောက်လာသင့်တာမဟုတ်လား "

တစ်ယောက်က အလန့်တကြား ပြောလိုက်သည်။

ကြာပွင့်နီဧကရီက ထိုလူကို တစ်ချက်လှမ်းကြည့်ကာ အေးစက်စက်ပြန်ပြော၏။

" အခုက ထျန်းမင်ကမ္ဘာကြောင့် မဟုတ်ဘူး ။ ကောင်လေးတစ်ယောက်ကြောင့်... "

" ကောင်လေးတစ်ယောက်... "

အားလုံး အံ့သြမှင်သက်သွားကြသည်။

" ဧကရီသခင်မကြီး ၊ တကယ်လို့ တစ်ယောက်ယောက်က သခင်မကြီးကို စော်ကားရန်စတယ်ဆိုရင် ကျုပ်တို့ အဲ့လူကို မတွေ့တွေ့အောင်လိုက်ရှာပြီး သတ်ပေးပါ့မယ် ။ ဘာလို့ အားလုံးကိုဆင့်ခေါ်ဖို့ လိုတာလဲဗျ "

အစောင့်အကြပ်တစ်ယောက်က လေသံတိုးတိုးဖြင့် ပြောလာသည်။

ကြာပွင့်နီဧကရီက သူ့အား အေးစက်စက်စိုက်ကြည့်လိုက်၏။

" သူ့ကိုသတ်မယ်.. ဟုတ်လား ။ အဲ့လောက်လွယ်နေရင် ငါက ဘာလို့ အလုပ်ရှုပ်ခံပြီး အားလုံးကိုခေါ်နေပါ့မလဲ "

ထိုစကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြပြန်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ကြာပွင့်နီဧကရီ၏ လေသံထဲမှ အခြေအနေကို သူတို့ ရိပ်စားမိလိုက်သောကြောင့်ပင်။

ထိုစကားမှာ ကြာပွင့်နီဧကရီက ထိုကောင်လေးအား မသတ်နိုင် ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား ။

ယဲ့လန်ကမ္ဘာတွင် ထိုသို့သောလူမျိုး အမှန်တကယ်ပင် ရှိသည်လား ။

ထိုစဥ် ကြာပွင့်နီဧကရီက အားလုံးရင်ထဲမှ သံသယကို မြင်နေသည့်အလား အေးစက်စက်ပြောလာ၏။

" ငါ အဲ့ကောင်လေးရဲ့ ဇစ်မြစ်ကို စုံစမ်းဖို့ကြိုးစားခဲ့သေးတယ် ။ ဒါပေမယ့် ဘာမှမသိခဲ့ရဘူး ။ သေချာတာတစ်ခုကတော့ အဲ့ကောင်လေးက ဒီယဲ့လန်ကမ္ဘာက မဟုတ်ဘူး ဆိုတာပဲ "

ထိုစကားကြောင့် အားလုံး ပိုတုန်လှုပ်သွားကြတော့သည်။

" ယဲ့လန်ကမ္ဘာက မဟုတ်ဘူးတဲ့... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ "

" အပေါ်ကမ္ဘာကိုသွားတဲ့ လမ်းကြောင်း ပွင့်နေတာများလား "

ကြာပွင့်နီဧကရီက ခေါင်းယမ်း၍ ပြန်ပြောသည်။

" အဲ့ဒါတော့ မသိဘူး ။ ဒါပေမယ့် လုံခြုံရေးအတွက် ဒီအန္တရာယ်ကို ရှင်းပစ်ထားမှရမယ်။ သူ့ကို အပြတ်ရှင်းတာပဲဖြစ်ဖြစ် ၊ ယဲ့လန်ကမ္ဘာကနေ မောင်းထုတ်တာပဲဖြစ်ဖြစ် လုပ်မှရမှာ "

" ဟုတ်ကဲ့.. အခုချက်ချင်း စီစဥ်လိုက်ပါ့မယ် "

အနီးနားမှ လူများမှာလည်း ထိုအချိန်မှသာ အန္တရာယ်ကို သတိထားမိပြီး ယဲ့လန်ကမ္ဘာထဲမှ အစွမ်းထက်ကျင့်ကြံသူများအားလုံးကို ဆင့်ခေါ်လိုက်တော့သည်။

ဤသို့ဖြင့် မကြာမီမှာပင် ကြာပွင့်နီခန်းမရှေ့နားတွင် ရှိသော တည်နေရာရွှေ့ပြောင်းခြင်း အစီအမံများ တစ်ခုပြီးတစ်ခု ပွင့်လာကာ ယဲ့လန်ကမ္ဘာတစ်ခုလုံးရှိ အစွမ်းထက်မသေမျိုးများ မရေမတွက်နိုင်အောင် ရောက်လာကြတော့၏။

ကြာပွင့်နီဧကရီက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ခေါင်းညိတ်၍ ဆိုသည်။

" ကဲ... အားလုံး ကျွန်မနဲ့ လိုက်ခဲ့ပြီးတော့ မသေမျိုးတစ်သောင်း အစီအမံကို အသက်သွင်းကြပါ "

အခြားတဖက် တောင်တန်းများနှင့် တောအုပ်များကြား၌...

" ဒီမှာ တကယ်ကို ဘာမှမရှိဘူးပဲ "

လောထျန်းမှာ တောင်ထိပ်တစ်ခုပေါ်တွင်ရပ်ရင်း တောင်ကြောတစ်ခုလုံးကို စိတ်ဝိဥာဥ်အစွမ်း ထုတ်လွှတ်၍ အပြန်ပြန်အလှန်လှန် ရှာဖွေလိုက်သည့်တိုင် မည်သည့်အရာကိုမှ မတွေ့ခဲ့ရချေ။

ယခု သူရောက်နေသည့် နေရာမှာ သူ စုဆောင်းထားသော သတင်းများအရ သိဒ္ဓိဝင်ဆေးပင် ပေါ်လာဖူးသည့် နေရာဖြစ်ပါသည်။

သို့သော် ယခုတွင်မူ စိတ်စွမ်းအင်ဆေးပင်က ရှာမတွေ့နိုင်အောင် ဖြစ်နေပါ၏။

ထိုမတိုင်ခင်လည်း သူ အခြားနေရာ ဆယ်ခုကျော်ခန့်ကို ရှာဖွေခဲ့ပြီး.. ယဲ့လန်ကမ္ဘာမှ အဓိကဂိုဏ်းကြီး ဆယ်ခုကျော်ကိုလည်း တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ပါသေး၏ ။

သို့သော် သူလိုချင်သည့် သိဒ္ဓိဝင်ဆေးပင်ကိုမူ ရှာမတွေ့ခဲ့ပါ။

ဤကမ္ဘာကြီးမှာ ညိုးနွမ်းခြောက်ကပ်သွားတော့မည့် ပုံပါပင် ။

" ဝု... "

ထိုစဥ် လောထျန်းပုခုံးပေါ်မှ ရှောက်ထျန်းလုံလေးက ပျင်းရိနေဟန်ဖြင့် အသံပေးလာသည်။

လောထျန်းမှာ သူ့အော်သံကြောင့် အနည်းငယ်ပင် လန့်သွားပြီး အပြုံးဖြင့် ပြောလိုက်၏။

" ကောင်းပါပြီကွာ.. အခု အိမ်ပြန်ကြတာပေါ့ "

ထိုသို့ပြောပြီးနောက် လောထျန်း အချိန်နှင့်နေရာဗိမ္မာန်သို့ ပြန်ရန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်..

ဝီ...

စွမ်းအင်တန်းတစ်ခုက ရုတ်တရက် သူ့အား ချုပ်နှောင်လာပါ၏။

" ဟင်... ဘာတွေဖြစ်နေတာလဲ "

လောထျန်း အံ့အားသင့်သွားကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ရှောက်ထျန်းလုံလေးမှာလည်း အင်အားကြီးသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပုံ ပေါက်သွားပါ၏။

ထိုအချိန်မှာပင်..

ဝုန်း..

ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက လောထျန်းပေါ်သို့ ဝုန်းခနဲ ထိုးကျလာသည်။

" ဝု... "

ရှောက်ထျန်းလုံလေးမှာ ထိုဖိအားကြောင့် အလွန်ကြောက်ရွံ့သွားပုံပေါ်ပြီး လောထျန်းလက်မောင်းထဲ ဝင်ပုန်းလိုက်၏။

ထိုဖိအားမှာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်၏ ဖိအားထက်ပင် ကျော်လွန်ပေရာ ၎င်းက သူရင်ဆိုင်သည့်အရာ လုံးဝ မဟုတ်တော့ပေ။

တစ်ချိန်တည်းမှာပင် ကြာပွင့်နီခန်းမအတွင်းတွင်ကား... ကြာပွင့်နီဧကရီဦးဆောင်သည့် အရွယ်စုံ အစွမ်းထက်မသေမျိုးပေါင်း တစ်သောင်းခန့်က အစီအမံများ တစ်ပြိုင်နက်တည်း ဖော်ဆောင်နေကြသည်။

" ကောင်လေး ၊ ဒါ ဟိုထျန်းမင်ကမ္ဘာက မသေမျိုးအဘိုးကြီးအတွက် ငါ ​ကြိုပြင်ဆင်ထားတဲ့ မသေမျိုးတစ်သောင်း အစီအမံပဲ။ မင်းမှာ အစွမ်းရှိတယ်ဆို ခံကြည့်လိုက်ပေါ့ကွာ "

ကြာပွင့်နီဧကရီက အံကြိတ်၍ ပြောလိုက်သည်။

အစောပိုင်းတွင် လောထျန်းလက်ထဲ ရှုံးနိမ့်ခဲ့ရသည့်အတွက် သူမ မကျေမနပ် ဖြစ်နေသည်မှာ သိသာပါ၏။

ထိုစဥ် တဖက်မှ လောထျန်းမှာလည်း ကောင်းကင်ယံသို့ မော့ကြည့်ရင်း အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။

" အင်း... ကြည့်ရတာ ငါ့ကို ယဲ့လန်ကမ္ဘာက အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ယောက် ပစ်မှတ်ထားနေတယ်နဲ့တူတယ်။ အဲ့လိုဆိုမှတော့လဲ... အရှုပ်အထွေးခန္ဓာကိုယ်.. အသက်ဝင်စေ "

ဝီ..

ချက်ချင်းမှာပင် အရှုပ်အထွေးခန္ဓာကိုယ် အပြည့်အဝ အသက်ဝင်လာပြီး သူ့တစ်ကိုယ်လုံးလည်း နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံလာသည်။

" ထူးခြား စိတ်စွမ်းအင်ပင်လယ်.. ပွင့်စေ "

လောထျန်း ထပ်အော်လိုက်သည်။

ဝီ..

ချက်ချင်းမှာပင် သူ့ခေါင်းပေါ်၌ ကြယ်ပင်လယ်ကြီး ပေါ်လာပြီး ဧရာမ ကြယ်အစုအဝေးကြီးတစ်ခု ဖြည်းညင်းစွာ ရွေ့လျားလာ၏။

" ငါ့ကို ဖိအားနဲ့ ဖိချင်တယ်ပေါ့လေ ။ တစ်ယောက်ချင်း ပြိုင်ပွဲမှာ ဘယ်သူကပိုပြီး ဖိအားပိုပေးနိုင်မလဲ ကြည့်လိုက်ကြတာပေါ့ "

လောထျန်း အော်ပြောလိုက်သည်။

ထို့နောက်တွင်ကား..

ဝုန်း..

သူ့နောက်မှ ကြယ်များက မြန်နှုန်းပြည့်ဖြင့် လည်လာပြီး သူ့ကိုယ်ပေါ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများလည်း တလက်လက်တောက်ပလာ၏။

ချက်ချင်းဆိုသလိုပင် အစွမ်းထက်သော ဖိအားကြီးတစ်ခုလည်း ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

All Chapters