ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း
Vol. 39 Ch. 534
ဝုန်း...
ကောင်းကင်ယံမှ ကျလာသော ဖိအားနှင့် မြေပြင်မှ ထိုးတက်သွားသော ဖိအားတို့ တစ်ခုနှင့်တစ်ခု တိုက်မိသွားတော့သည်။
ထိုအစွမ်းနှစ်ခုက ခေတ္တမျှ ရင်ဆိုင်လိုက်ကြပြီးနောက် ကောင်းကင်ယံမှ ဖိအားကြီး ရုတ်ချည်းပြိုကွဲသွားကာ နောက်သို့ ဆုတ်သွား၏။
တစ်ချိန်တည်းမှာပင် ကြာပွင့်နီခန်းမအတွင်း ရှိနေကြသော မသေမျိုးများအားလုံး၏ မျက်နှာများ သွေးဆုတ်ဖြူရော်ကုန်တော့သည်။
" ဧကရီသခင်မကြီး... "
" ကမ္ဘာသခင်မကြီး... "
အချို့သော မသေမျိုးအစွမ်းကိုစုပ်ယူခြင်းနည်းဖြင့် မသေမျိုးဖြစ်လာကြသူများဆိုလျှင် ဆက်တောင့်မခံနိုင်တော့ဘဲ ကြာပွင့်နီဧကရီအား ဖြူရော်နေသည့် မျက်နှာများဖြင့် လှမ်းကြည့်လိုက်ကြသည်။
ကြာပွင့်နီဧကရီမှာလည်း အလွန်အံ့အားသင့်သွားဟန်ပင် ။
မသေမျိုးတစ်သောင်း အစီအမံကို အသက်သွင်းပြီးနောက်တွင်ပင် လောထျန်းအား ဆက်ရှုံးနိမ့်ရလိမ့်မည်ဟု သူမလုံးဝ ထင်မထားခဲ့ပါချေ။
" ငါ့ရဲ့ မသေမျိုးတစ်သောင်း အစီအမံက မင်းတစ်ယောက်တည်းကို မဖိနှိပ်နိုင်ဘူးဆိုတာ ငါ လုံးဝမယုံဘူး "
သူမ ထိုသို့ပြောကာ လက်နှစ်ဖက်ကို စုလိုက်သည်။ သူမကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ချက်ချင်းထွက်လာ၏။
ဝီ..
ထို့နောက်တွင် ထောင်ပေါင်းများစွာသော ကြာပွင့်နီများလည်း ထပ်စုစည်းလာကြပြန်သည်။
" ဒါ... ဧကရီသခင်မကြီးက ကြာပွင့်နီတစ်သောင်းကို မသေမျိုးတစ်သောင်း အစီအမံထဲ ထပ်ပေါင်းထည့်လိုက်တာလား.. "
တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။
" ဟင်... ဒါ အင်မတန်ကောင်းတဲ့အကြံပဲ ။ အားလုံးလဲ ဘာမှချန်မထားပဲ ရှိသမျှအစွမ်းကုန်သာ သုံးကြဟေ့ "
တစ်ယောက်က အကြံပြုလိုက်သည်။
အားလုံးကလည်း ထိုစကားကို ထောက်ခံဟန်ဖြင့် ခေါင်းအသာညိတ်လိုက်ကြ၏။
သူတို့အားလုံးမှာ မသေမျိုးအဆင့် ကျင့်ကြံသူများဖြစ်ရာ ကိုယ်ပိုင်လျှို့ဝှက်သိုင်းပညာနှင့် လက်နက်များ မရှိသူ တစ်ယောက်မှမရှိပါ။
ဤသို့ဖြင့် အားလုံးက သူတို့၏ကိုယ်ပိုင် ထူးခြားသော သိုင်းပညာများအား မသေမျိုးတစ်သောင်း အစီအမံထဲသို့ ထပ်ပေါင်းထည့်လိုက်ကြသည်။
ဝုန်း..
တခဏအတွင်းမှာပင် မသေမျိုးတစ်သောင်းအစီအမံ၏ အစွမ်းက အဆပေါင်းများစွာ တိုးသွားတော့၏။
တစ်ချိန်တည်းမှာပင် လောထျန်းခေါင်းပေါ်၌..
ဝုန်း..
မသေမျိုးတစ်သောင်းအစီအမံက အရောင်လက်လာပြီး အစွမ်းလည်း ရုတ်ချည်းတိုးလာသည်။
" ဟင်... ထပ်ပြီးကြီးလာပါလား.. "
လောထျန်းမှာ နည်းနည်းမှ သတိမလျော့ရဲပဲ မျက်နှာထား တင်းသွား၏။
သို့သော်..
ဝုန်း..
မသေမျိုးတစ်သောင်းအစီအမံမှ ဖိအားမှာ ယခင်တစ်ကြိမ်လိုပင် ဝုန်းခနဲ ပြိုကွဲသွားပြန်တော့သည်။
" ဘာလဲဟ.. တဖက်က အဲ့လောက်အစွမ်းတွေ ထပ်သုံးလိုက်တာတောင် ဖိအားက တိုးမလာပါလား ။ သူတို့တွေက အစီအမံကို အရောင်လက်လာအောင်ပဲ လုပ်နေကြတာလား "
လောထျန်း အနည်းငယ်ပင် စိတ်ဝင်စားသွားရသည်။
သူပြောလိုက်သည့်စကားအား ကြာပွင့်နီဧကရီနှင့် အခြားမသေမျိုးများ မကြားလိုက်သည်မှာ ကံကောင်းသည်ဟု ဆိုရမလိုပါပင် ။
သို့တိုင်... ထိုအချိန်တွင် ကြာပွင့်နီဧကရီမှာ နေမကောင်းဟန် ပေါက်နေပါတော့သည်။
အွတ်..
မသေမျိုးအစွမ်းကို စုပ်ယူထားသော မသေမျိုးတစ်ယောက်မှာ ဖိအားကို ဆက်မခံနိုင်တော့ဘဲ ဦးစွာ သွေးအန်လိုက်၏။
အခြားသူများမှာ သွေးမအန်ကြသည့်တိုင် အကောင်းတိုင်းလည်း မဟုတ်ကြတော့ပါချေ။
" ဧကရီသခင်မကြီး.. "
ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က ကြာပွင့်နီဧကရီအား ဖြူရော်နေသည့် မျက်နှာဖြင့် ကြည့်လာသည်။
" ကျုပ်တို့တွေ.. လက်လျှော့လိုက်ကြမလား.. "
သူ အသံတုန်တုန်ဖြင့် ပြောလိုက်၏။
သို့သော် ကြာပွင့်နီဧကရီက မျက်နှာသုန်မှုန်စွာဖြင့် ပြန်ပြောလာသည်။
" မဖြစ်ဘူး ။ ဒီလူတစ်ယောက်တည်းကိုမှ မကိုင်တွယ်နိုင်ရင် နောက် ထျန်းမင်ကမ္ဘာ လာတဲ့အခါကျ ဘယ်လိုတိုက်ခိုက်ကြမလဲ ။ အားလုံး... ဒီနေ့တိုက်ပွဲက မသေမျိုးတစ်သောင်း အစီအမံကို စမ်းသပ်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးကြီးပဲနော် ။ ကျွန်မတို့ဘက်က လုံးဝ ရှုံးလို့မဖြစ်ဘူး "
သူမ ပြောပြောဆိုဆိုပင် အံကြိတ်၍ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်။ ခန်းမဆောင် အတွင်းပိုင်းထဲမှ
အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်လာပြီး သူမခေါင်းပေါ်၌ လှည့်ပတ်လာပါ၏။
ထို့နောက်တွင်..
ဝုန်း..
အသံကျယ်တစ်သံနှင့်အတူ ပေတစ်ထောင်ခန့် ရှည်လျားသော ရွှေရောင်အလင်းတန်းကြီးတစ်ခု ကျလာသည်။
" ဟင်.... ဒါ.. မိုးပြာပင်လယ် ရွှေကြာပွင့်လား "
" ငါတို့ ယဲ့လန်ကမ္ဘာရဲ့ အစောင့်အရှောက် ၊ မူလ မသေမျိုးလက်နက်တစ်ခုဖြစ်တဲ့ မိုးပြာပင်လယ် ရွှေကြာပွင့်လား... "
" ဧကရီသခင်မကြီး... အဲ့ဟာကို ပြီးပြည့်စုံအောင် သန့်စင်ပြီးသွားပြီလားဗျ... "
အားလုံးက စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ကြာပွင့်နီဧကရီက တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။
" အားလုံးအကုန်တော့ မသန့်စင်ရသေးပေမယ့် ၈၀% ကိုတော့ သန့်စင်ပြီးသွားပြီ ။ ကျွန်မက အစကတော့ ဟို ထျန်းမင်ကမ္ဘာက မသေမျိုးအဘိုးကြီးလာမှ ဒါကိုသုံးဖို့ ချန်ထားတာ ။ ခုလို ဒီနေ့ပဲ ထုတ်သုံးရလိမ့်မယ်လို့ မထင်ထားမိဘူး "
" ဟားဟား... အစောင့်အရှောက် မသေမျိုးလက်နက်တောင် ရှိနေမှတော့ ဘာကိုကြောက်နေရဦးမလဲ "
" အမှန်ပဲ ။ ဟိုကောင်လေးမှာ ကမ္ဘာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အစွမ်းမျိုး ဘယ်လိုမှ မရှိနိုင်ဘူး "
" အဲ့ကောင်ကို လုပ်ကွာ "
ထိုတခဏ၌ လူအုပ်ကြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ကြာပွင့်နီဧကရီကလည်း ပြုံး၍ ပြော၏။
" ကောင်လေး.. နင် ဒီတစ်ခါ ဘယ်လိုတောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့ "
ထို့နောက်တွင်ကား..
ဝုန်း..
မိုးပြာပင်လယ်ရွှေကြာပွင့်ကြီးက မသေမျိုးတစ်သောင်း အစီအမံထဲ ဝင်ရောက်ပေါင်းစပ်သွားတော့သည်။
ထို့နောက်တွင်.. အစီအမံဆီမှ ကမ္ဘာကြီးတစ်ခုလုံးကိုပင် လင်းထိန်သွားစေနိုင်သော ပေတစ်ထောင်ခန့် အမြင့်ရှိသည့် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လာ၏။
တစ်ချိန်တည်းမှာပင် လောထျန်းခေါင်းပေါ်တွင်လည်း ရွှေရောင်ကြာပွင့်တစ်ခု ပေါ်လာသည်။
ဝုန်း..
သူ့ခေါင်းထက်ရှိ ဖိအားကလည်း ရုတ်တရက် တိုးလာပြီး.. သူ့ကိုယ်ပိုင် ဖိအားကိုပင် ပိတ်ဆို့လာသည်။
" အိုး... မင်းဆီမှာ နောက်ထပ် အစီအစဥ်တွေ ရှိထားသေးတာပဲ ။ တကယ်လဲ ပညာရှင်တစ်ယောက် ပီသပါပေတယ် "
လောထျန်းက ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။
" သိပ်ကောင်းတယ်ကွာ ။ အဲ့လိုဆိုတော့လဲ ငါ့ဘက်မှ ဘာမှထိန်းထားစရာ မလိုတော့ဘူး။ အခု ငါ့အစွမ်းရဲ့ ၅၀% ကို သုံးလို့ရပြီ "
လောထျန်း ထိုသို့ပြောကာ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ သူ့နောက်မှ ကြယ်များ လည်ပတ်နေသည့်နှုန်းမှာလည်း ချက်ချင်း နှစ်ဆတိုးသွား၏။
ဝုန်း..
လေထဲမှ အစောလေးတွင်ပင် တိုးလာခဲ့သည့် ဖိအားမှာလည်း တမဟုတ်ချင်း ပြိုကွဲသွားရတော့သည်။
ကြာပွင့်နီခန်းမထဲတွင်အား...
သွေးအန်သံများ တစ်သံပြီးတစ်သံ ထွက်လာပြီး လူများလည်း တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကုန်ကြ၏။
ဝီ..
မိုးပြာပင်လယ် ရွှေကြာပွင့်သည်ပင် လုပ်နိုင်သမျှဂိတ်ဆုံးထိ ရောက်သွားသည့်အလား ပြင်းထန်စွာ တုန်ခါလာသည်။
" တောက်... ဘာလို့ အဲ့လိုဖြစ်နေရတာလဲ "
ကြာပွင့်နီဧကရီ၏ မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်သွားတော့သည်။
သူမသည် ယဲ့လန်ကမ္ဘာ၏ အနာဂါတ်အတွက် မသေမျိုးတစ်သောင်း အစီအမံကို သေချာဖန်တီးခဲ့သော်လည်း... ယခု သာမာန်လူငယ်လေးတစ်ယောက်ကိုပင် မဖိနှိပ်နိုင်ဘူးတဲ့လား.. ။
သူမလုပ်ခဲ့သမျှ အရာအားလုံးက ရယ်စရာ ဖြစ်နေခဲ့ပြီလား...
" မဟုတ်ဘူး... လုံးဝ မယုံဘူး ။ နင့်ကိုငါ မဖြစ်ဖြစ်အောင်ကို ဖိနှိပ်မှာ "
ကြာပွင့်နီဧကရီက ဒေါသတကြီး အော်ကာ ရှိသမျှအစွမ်းကုန်သုံး၍ မိုးပြာပင်လယ်ရွှေကြာပွင့်အား အသက်သွင်းလိုက်သည်။
ထိုရွှေကြာပွင့်မှာ ယဲ့လန်ကမ္ဘာ၏ အစောင့်အရှောက် မသေမျိုးလက်နက်တစ်ခု ဖြစ်ပြီး ယဲ့လန်တစ်ကမ္ဘာလုံးနှင့် ဆက်နွယ်ထားပါသည်။
သူမတို့ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သော အစွမ်းပိုင်ရှင်တစ်ယောက် ရှိနေမည်ဟု သူမ လုံးဝမယုံပါ ။
ထိုစဥ် တဖက်မှ လောထျန်းမှာလည်း လေထဲမှဖိအားကို ခံစားမိကာ အနည်းငယ် အဆင်မပြေဖြစ်သွားဟန်တူ၏။
" ကောင်းတယ်ကွာ ။ ငါ့ကို ဒီအတိုင်းအတာထိ တိုက်ခိုက်နိုင်တဲ့သူကို ခုမှ ပထမဆုံး တွေ့ဖူးတာပဲ "
" အဲ့လိုဆိုတော့လဲ ငါ့ဘက်က လေးစားမှုကို ပြတဲ့အနေနဲ့ အစွမ်းကုန်သုံး တိုက်ခိုက်ရတော့မှာပေါ့ "
လောထျန်း ထိုသို့တွေးမိကာ မျက်နှာကြီး ချက်ချင်းတည်သွားသည်။
ဝုန်း..
သူ့အနောက်ဘက်မှ ကြယ်ပင်လယ်၏ အမြန်နှုန်းကလည်း အမြင့်ဆုံးထိ ရောက်လာ၏။
သူ့တစ်ကိုယ်လုံးမှလည်း အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ တလက်လက်တောက်နေသည့်အတွက် သူ့အသွင်မှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးလိုပါပင် ။
" ပေါက်ကွဲစေ.. "
အော်သံနှင့်အတူ ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ဝုန်း..
နားကန်းဖွယ် မြည်သံကြီးတစ်ခု ပြီးနောက်တွင်
ကား.. လောထျန်းခေါင်းပေါ်တွင် ရှိနေခဲ့ကြသည့် မိုးပြာပင်လယ်ရွှေကြာပွင့် ၊ ဖိအားနှင့် အစီအမံများအားလုံး ပျောက်ကွယ်သွားတော့၏။
" ဟင်.. ပြီးသွားပြီလား. ... . "
လောထျန်းမှာ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ယံကို မော့ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားရသည်။
" ယဲ့လန်ကမ္ဘာက ပုန်းနေကြတဲ့ အစွမ်းထက်နဂါးတွေနဲ့ ကျားကြီးတွေ ရှိတာပဲ။ ငါ့ကို အစွမ်းကုန် ထုတ်သုံးရအောင်တောင် လုပ်လိုက်နိုင်တယ် ။ တကယ် လေးစားပါတယ် "
လောထျန်း ဦးညွှတ်၍ ဆိုလိုက်သည်။
ထိုအချိန် ကြာပွင့်နီခန်းမထဲ၌..
ဝုန်း..
မိုးပြာပင်လယ်ရွှေကြာပွင့်မှာ ကြောက်မက်ဖွယ် အစွမ်းတစ်ခုကြောင့် မိုင်ထောင်ချီ အကွာအဝေးသို့ တမဟုတ်ချင်း လွင့်ထွက်သွားတော့၏။
မသေမျိုးတစ်သောင်းအစီအမံထဲ ရှိနေကြသူများမှာလည်း ဖိအားကြောင့် နောက်လွင့်ပြီး အားလုံး သွေးအန်ကာ ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရကုန်ကြတော့သည်။
ဝုန်း..
အစီအမံကို ပြုလုပ်ထားသည့် အခြေခံအုတ်မြစ် အများစုမှာလည်း မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း ပြိုကွဲသွား၏။
အွတ်..
အစီအမံ၏ အလယ်တွင် ရှိနေသော ကြာပွင့်နီဧကရီသည်ပင် သွေးအန်ပြီး ဒယီးဒယိုင် ဖြစ်သွားကာ မတ်တပ်ကောင်းကောင်း မရပ်နိုင်တော့မလိုပင် ဖြစ်သွားသည်။
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ သူ့တစ်ယောက်တည်းဆီက လာတဲ့ဖိအားက မသေမျိုးအဆင့် ရောက်ထားကြတဲ့ ငါတို့လူ တစ်သောင်းကို အနိုင်ယူလိုက်နိုင်တာလား.. "
ကြာပွင့်နီဧကရီ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" သခင်မကြီး.. အဲ့လိုမဟုတ်ဘူးဗျ.. "
ထိုစဥ် မိမိကိုယ်ကို ယုံကြည်မှုအပြည့် ရှိဟန်တူသည့် လူတစ်ယောက်က သတိထား စကားစလာသည်။
" ဟင်... ရှင်ပြောတာ ဘာအဓိပ္ပါယ်လဲ "
ကြာပွင့်နီဧကရီမှာ အသက်ကယ် ကောက်ရိုးမျှင်လေးတစ်မျှင်ကို ဖမ်းဆုပ်မိသွားသည့်အလား အသည်းအသန် မေးလိုက်၏။
တဖက်လူ၏ မျက်နှာ အနည်းငယ်သွေးဆုတ်ဖြူရော်သွားကာ ပြောလာသည်။
" မဟုတ်ဘူးဗျ ။ ကျုပ်ဆိုလိုတာက... ကျုပ်တို့ရဲ့ အင်အားက မသေမျိုးတစ်သောင်းတင်မကဘူး ၊ ဖိအားကို တိုးစေဖို့အတွက် အစီအမံရဲ့ အုတ်မြစ်ကိုလဲ နှစ်ပေါင်းတစ်ရာကျော်လောက် သေချာအချိန်ယူပြီး ပြင်ဆင်ထားခဲ့ကြတာလေ ။ ပြီးတော့.. ယဲ့လန်ကမ္ဘာရဲ့ ကံကောင်းခြင်းတွေရော ၊ မသေမျိုးလက်နက်မျိုးစုံရော ပါသေးတယ်... "
" ပြီးတော့... အဲ့ကောင်လေးက အစောတည်းက ဘာလက်နက်ကိုမှ သုံးမသွားခဲ့ဘူးဗျ ။ တကယ်လို့ ကျုပ်တို့သာ သူ့လိုဘာလက်နက်မှ မသုံးဘဲနေခဲ့မယ်ဆိုရင်.. ကျုပ်တို့တွေ ပွဲပြီးတာ ကြာလှပြီဗျာ "
ထိုစကားကို ကြားပြီးနောက်တွင်မူ ကြာပွင့်နီဧကရီ၏ ခန္ဓာကိုယ် ယိုင်သွားကာ သွေးထပ်အန်လိုက်တော့သည်။