လက်ချောင်း ချင်း လက်ချောင်း
Vol. 39 Ch. 535
" ဧကရီသခင်မကြီး.. အဆင်ပြေရဲ့လား "
အားလုံးမှာ ကြာပွင့်နီဧကရီကိုကြည့်ရင်း စိတ်ပူသွားကြသည်။
ကြာပွင့်နီဧကရီက လက်ကာပြ၍ ပြန်ပြော၏။
" ခုက ကျွန်မကို စိတ်ပူနေရမယ့် အချိန်မဟုတ်ဘူး ။ ဟိုကောင်လေး ဘယ်ရောက်သွားပြီလဲ "
လူတစ်ယောက်က ချက်ချင်းရှေ့ထွက်လာပြီး လက်ယမ်းလိုက်ရာ ရေပြင်လိုက်ကာတစ်ခု ပေါ်လာသည်။
ထိုရေပြင်လိုက်ကာပေါ်တွင်ကား လောထျန်း ရှိနေ၏။
လောထျန်းက ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်ရင်း သက်ပြင်းချ၍ ဆိုသည်။
" အင်း.. သိဒ္ဓိဝင်ဆေး တစ်ပင်ပဲ ရခဲ့တာဆိုပေမယ့်.. ဒီခရီးက တန်ပါတယ်လေ "
သူ ထိုသို့ပြောပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ အချိန်နှင့်နေရာဗိမ္မာန် အရုပ်ကို ထုတ်လိုက်သည်။
ဝီ..
ထို့နောက် သူ ၎င်းအား လက်ဖြင့်အသာပွတ်လိုက်ရာ ရှေ့၌ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ရုတ်ချည်း ပေါ်လာပြီး.. သူ အထဲသို့ ခြေလှမ်းလိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် ယဲ့လန်ကမ္ဘာမှ လူများအားလုံး တုန်လှုပ်သွားကြတော့၏။
" အဲ့ လမ်းကြောင်းက ဟင်းလင်းပြင် အကန့်အသတ်တွေကိုတောင် ချိုးဖောက်နေတဲ့ပုံပဲ "
" ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူးမလား ။ အပေါ်ကမ္ဘာက အစွမ်းထက်ကျင့်ကြံသူတွေတောင် ကမ္ဘာတစ်ခုရဲ့ ဟင်းလင်းပြင် အကန့်အသတ်တွေကို အဲ့လောက်လွယ်လွယ် မချိုးဖောက်နိုင်ဘူးလေ "
" အဲ့ကောင်လေးက ဘယ်လိုအစွမ်းထက်ကျင့်ကြံသူမျိုးလဲကွာ "
" ဘယ်လိုလူပဲဖြစ်ဖြစ် သူ အခု မရှိတော့ဘူး.. "
" အမှန်ပဲ ။ သူ ထွက်သွားတာ တော်သေးတာပေါ့ ။ တကယ်လို့ သူ့မှာသာ ငါတို့ယဲ့လန်ကမ္ဘာကို တစ်ခုခုလုပ်ဖို့ ကြံစည်ထားတာရှိရင်... ငါတို့ သူ့ကို တားနိုင်မှာ မဟုတ်ဘူး "
" ဟုတ်တယ်.. သူ တစ်ယောက်တည်းကတောင် ထျန်းမင်ကမ္ဘာထက် ပိုကြောက်စရာကောင်းတော့မလိုပဲ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောနေစဉ်တွင် ကြာပွင့်နီဧကရီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
" အခု သူ့ကိစ္စကို ထားလိုက်ကြတာပေါ့ ။ အရင်ဆုံး ဘာတွေဆုံးရှုံးသွားလဲ ကြည့်ကြရအောင် "
သူမ ဆိုလိုက်၏။
တခဏအကြာတွင်မူ လူတစ်ယောက်က သတင်းပို့လာသည်။
" ဒဏ်ရာရတဲ့သူတွေကို ရေတွက်ပြီးပါပြီ သခင်မကြီး ။ မသေမျိုးတစ်သောင်းအစီအမံထဲမှာ ဝင်ပါခဲ့ကြတဲ့ လူအားလုံးပေါင်း 10064 ယောက် ဒဏ်ရာရသွားခဲ့ကြပါတယ် ။ အဲ့ထဲကမှ 3210 ကတော့ ဒဏ်ရာပြင်းထန်ပြီး 6800 ကတော့ ဒဏ်ရာနည်းပါတယ် "
" ပြီးတော့... မသေမျိုးတစ်သောင်းအစီအမံရဲ့ အခြေခံအုတ်မြစ်လဲ ဖျက်ဆီးခံလိုက်ရပါပြီ ။ ဒါကို ပြင်ဖို့ဆို အနည်းဆုံး အချိန်သုံးလ ယူရမှာ ဖြစ်ပြီးတော့... အဲ့အတွက်လိုအပ်တဲ့ စိတ်စွမ်းအင်ကျောက်တုံးတွေလဲ လုံးဝ မလုံမလောက် ဖြစ်နေပါတယ် "
" နောက်တစ်ခုက.. ပြီးခဲ့တဲ့တိုက်ခိုက်မှုမှာ ကျုပ်တို့ အရင်တွက်ချက်ပြင်ဆင်ထားတဲ့ ကံကောင်းခြင်းရဲ့ သုံးပုံ နှစ်ပုံ ကုန်သွားခဲ့ပါတယ်။ ဒါတွေကို အချိန်တိုအတွင်း ပြန်မရနိုင်.... "
ဆက်တိုက်ပြောလာသော သတင်းများကို နားထောင်ရင်း ကြာပွင့်နီဧကရီမှာ နှလုံးသွေးများ ရပ်သွားတော့မလိုပင် ခံစားလိုက်ရ၏။
သူမ နှစ်ပေါင်းများစွာ ပြင်ဆင်စုဆောင်းထားခဲ့သော ယဲ့လန်ကမ္ဘာ၏ ကံကောင်းခြင်းများက တိုက်ပွဲလေးတစ်ပွဲတည်းဖြင့် အားလုံးနီးပါး ကုန်သွားခဲ့ရလေပြီ ။
ရုတ်တရက်.. သူမ၏ ခေါင်းထဲတွင်လည်း လောထျန်းပုံရိပ် ပြန်ပေါ်လာကာ တစ်ကိုယ်လုံး တုန်သွားသည်။
" သခင်မကြီး.. အဆင်ပြေရဲလား "
အနားမှတစ်ယောက်က စိုးရိမ်တကြီး မေးလာ၏။
" ဘာမှမဖြစ်ဘူး... ရတယ် "
ကြာပွင့်နီဧကရီက လက်ကာပြ၍ ပြန်ပြောလိုက်သည်။
အခြားတဖက်တွင်ကား.. လောထျန်းက ဟင်းလင်းပြင်လမ်းကြောင်းထဲ ဝင်ပြီး ရှေ့ဆက်လျှောက်သွား၏။
အချိန်အနည်းငယ်အတွင်း သူ အချိန်နှင့်နေရာဗိမ္မာန်ဆီသို့ ပြန်ရောက်သွားပေတော့မည် ။
သို့သော် ထိုအချိန်မှာပင် လောထျန်း ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါ၏။
အဘယ့်ကြောင့်ဆိုသော်.. သူ သတိမထားမိဘဲ ဘေးသို့ လှည့်ကြည့်လိုက်ချိန် ဟင်းလင်းပြင်လမ်းကြောင်း အပြင်ဘက်ရှိ ဟင်းလင်းပြင် အရှုပ်အထွေးများကြား၌ လက်ချောင်းရိုးတစ်ခုကို တွေ့လိုက်ရသောကြောင့်ပင် ။
" ဟင်... ဒါက... "
လောထျန်း ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုလက်ချောင်းရိုးမှာ သူ မြောက်ဘက်အစွန်ဆုံး အာတိတ်ဒေသတွင် တွေ့ခဲ့ရသည့် လက်ချောင်းရိုးနှင့် အတူတူမှန်း ချက်ချင်း သိလိုက်သည်။
၎င်းက ယဲ့ထုံလင်းတို့ သုံးယောက်ကို မွှေသွားခဲ့သည့် လက်ချောင်းရိုးလည်း ဖြစ်ပါသည်။
သို့သော် ထိုအရာက အဘယ့်ကြောင့် ဤနေရာတွင် ရှိနေရပါသနည်း ။
လောထျန်း နားမလည်နိုင် ဖြစ်နေစဥ်မှာပင် လက်ချောင်းရိုးပေါ်၌ အစိမ်းရောင်အလင်းတန်းတစ်ခု ရုတ်ချည်းပေါ်လာသည်။
ဝီ..
ထို့နောက်တွင်ကား... အစိမ်းရောင်အလင်းတန်း အရောင်လက်သွားကာ ထိုလက်ချောင်းရိုးလေးက အချိန်နောက်ပြန်ဆုတ်သွားသည့်အလား လက်ချောင်းတစ်ခုအဖြစ် ပြောင်းသွားပြီး လောထျန်းဆီသို့ ညွှန်လာ၏။
ဝုန်း..
ဟင်းလင်းပြင်လေထု၏ အရှုပ်အထွေး တုန်ခါမှုများသည်ပင် ထိုလက်ချောင်းနားသို့ မကပ်ရဲသလိုပါပင် ။
ထိုလက်ချောင်းမှ ထွက်လာသည့် အစွမ်းမှာလည်း အလွန်အားကောင်းလှပြီး ဟိုးရှေးယခင်မှ လာကာ အဆုံးမဲ့သော အနာဂါတ်သို့ သွားနေသယောင်... ။
လောထျန်းမှာ ထိုလက်ချောင်းအား ကြည့်ရင်း ရာပေါင်းများစွာသော ကမ္ဘာငယ်များက သူ့ထံသို့ တစ်ပြိုင်နက်တည်း တိုးဝင်လာသလို ခံစားလိုက်ရသည်။
အစွမ်းထက်လှပါတကား...
ထိုလက်ချောင်းမှာ သူ စတင်ကျင့်ကြံစဥ်ကာလမှစ၍ တွေ့ခဲ့ဖူးသမျှထဲ အစွမ်းအထက်ဆုံး ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပါ။
"မြေနိုးလေး ကောင်းပြီလေ.. အရင်တစ်ခေါက် မြောက်ဘက်အစွန်ဆုံးမှာတုန်းက မင်း ထွက်ပြေးသွားနိုင်ခဲ့တယ်။ အခု နောက်ဆုံးတော့ ငါ့ကို တိုက်ခိုက်ရဲပြီပေါ့ ။ သိပ်ကောင်းတယ်.. ငါကလဲ မင်းဘယ်လောက်အစွမ်းထဲ သိချင်နေတာ "
လောထျန်း၏ မျက်နှာ ချက်ချင်းတည်သွားတော့သည်။
ထိုလက်ချောင်းရိုးလေးမှာ ကောင်းသည့်အရာတစ်ခု မဟုတ်ကြောင်း သူ ကောင်းကောင်းသိပါ၏။
၎င်းက ယဲ့ထုံလင်းတို့သုံးယောက်အား ယခုလိုအခြေအနေဖြစ်အောင် လုပ်ခဲ့ရုံမက..
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ နောက်ကွယ်မှ ပဲ့ကိုင်ရှင်လည်းဖြစ်ကာ မရေမတွက်နိုင်သော လူသတ်မှုများကို ကျူးလွန်ခဲ့သူပင် ။
ထို့ထက်ပို အရေးကြီးသည်မှာ ၎င်းက ရှေးယခင် ထျန်းယွမ်ကမ္ဘာ၏ ရှေးခေတ်လူ့အဖွဲ့အစည်းတစ်ခုလုံး ပျောက်ကွယ်သွားခြင်းနှင့်လည်း တစ်စုံတရာ ပတ်သက်ဆက်နွယ်နေဟန် တူပါသေးသည်။
ယခုလည်း ၎င်းက သူ့အား တိုက်ခိုက်နေပြန်၏။
သို့ဆိုလျှင်.. သူ့ဘက်မှလည်း တိုက်ခိုက်ရုံသာ ရှိပေတော့သည်။
လောထျန်း ထိုသို့တွေးကာ ချက်ချင်းပင် အရှုပ်အထွေးခန္ဓာကိုယ်နှင့် ထူးခြားစိတ်စွမ်းအင်ပင်လယ်ကို ထုတ်လွှတ်လိုက်သည်။
ဝီ..
အနီးနားတွင် ရှိနေကြသော ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများလည်း စုစည်းသွားကာ မမြင်နိုင်သော အားတစ်ခုအဖြစ် ပြောင်းသွားပြီး သူ့အား လွှမ်းခြုံလာ၏။
ဝုန်း...
ထိုအချိန်မှာပင် တဖက်မှ လက်ချောင်းအစွမ်းလည်း ရောက်ရှိလာသည်။
လောထျန်း၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ လက်ညိုးဖြင့် ပြန်ညွှန်လိုက်၏။
လက်ချောင်းချင်း လက်ချောင်း .. တွေ့ကြလေပြီ...
ဝုန်း..
ထိုလက်ချောင်းနှစ်ခုကြားတွင် အကွာအဝေး အနည်းငယ်ခြားထားသော်လည်း... ၎င်းတို့ထံမှ ထွက်လာသည့် အစွမ်းနှစ်ခုက တိုက်မိသွားကြတော့သည်။
တစ်ဖက်တွင် မှုန်ဝါးဝါး အစိမ်းရောင်အလင်းတန်း မျောလွင့်နေကာ...
အခြားတစ်ဖက်တွင်မူ ရွှေရောင်အလင်းတန်း ရှိနေသည်။
ထိုအစွမ်းနှစ်ခုမှာ ခဏတာမျှ သူမသာ ကိုယ်မသာ ဖြစ်နေကြသေးသော်လည်း..
မကြာမီမှာပင် လက်ချောင်းမှ အစိမ်းရောင်အလင်းတန်းက ဆက်တောင့်မခံနိုင်တော့ဟန်ဖြင့် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားတော့၏။
ဂျွတ်...
လက်ချောင်းပုံရိပ်ယောင်တွင်လည်း အက်ရာများစွာ ပေါ်လာကာ ပြိုကွဲသွားတော့သည်။
နောက်ဆုံးတွင်ကား ယခင် လက်ချောင်းအရိုးသာ ကျန်ခဲ့ပါ၏။
ဤ ထိပ်တိုက်ရင်ဆိုင်ပွဲ၌ လောထျန်း အနိုင်ရသွားခဲ့လေပြီ ။
သို့သော် ထိုအချိန်မှာပင်..
ဘုန်း..
လောထျန်း၏ ခြေထောက်အောက်မှ ဟင်းလင်းပြင်လမ်းကြောင်းက ရုတ်တရက် ပြိုကွဲသွားတော့သည်။
" ဘယ်လိုဖြစ်လို့... "
လောထျန်း လန့်သွားကာ ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှသာ ဟင်းလင်းပြင်လမ်းကြောင်းက အစောက တိုက်ခိုက်မှုအစွမ်းကို မခံနိုင်ဘဲ ပြိုကွဲသွားခဲ့မှန်း သူ သိလိုက်ရ၏။
" မင်း... "
လောထျန်း လက်ချောင်းအရိုးဘက် ချက်ချင်း လှည့်ကြည့်လိုက်သည်။
သူ့စိတ်ထဲ မြင်ယောင်နေသည်လား မသေချာသော်လည်း... ထိုလက်ချောင်းအရိုးမှ ယုတ်မာကောက်ကျစ်သည့် အပြုံးမျက်နှာကို တွေ့လိုက်ရသလိုပါပင် ။
တဖက်လူက သူ့အား ဤနေရာတွင် တိုက်ခိုက်ရန် အဘယ့်ကြောင့် ရွေးချယ်ခဲ့ရသည်ကိုလည်း သူ နားလည်သွားပါ၏။
ထိုလက်ချောင်းရိုးမှာ လောထျန်းအား ယှဥ်၍မတိုက်ခိုက်နိုင်သည်ကို ကောင်းကောင်းသိထားဟန် တူသည့်အတွက်ကြောင့် ဟင်းလင်းပြင်လမ်းကြောင်းတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဆိုလျှင် လောထျန်းက ဟင်းလင်းပြင် အရှုပ်အထွေး တုန်ခါမှုများကြား၌ လမ်းပျောက်ကာ ထျန်းယွမ်ကမ္ဘာသို့ မပြန်နိုင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
" အမျိုးယုတ်ကောင်.. သေစမ်းကွာ "
လောထျန်း အလွန်ဒေါသထွက်သွားပြီး လက်ချောင်းအရိုးအား ထိုးလိုက်တော့၏။
ဝီ...
လက်ချောင်းအရိုးမှာလည်း ထိုလက်သီးချက်က မည်မျှအစွမ်းထက်ကြောင်း သိပုံဖြင့် အစိမ်းရောင်အလင်းတန်းအဖြစ် ချက်ချင်းပြောင်းကာ ထွက်ပြေးသွားတော့သည်။
ဝုန်း..
ထိုအချိန်မှာပင် အနီးနားမှ လေထုတုန်ခါမှုများကလည်း လောထျန်းဆီသို့ တိုးဝင်လာကြသည်။
" ရှုပ်တယ်ကွာ... ဖယ်စမ်း "
လောထျန်း ဒေါသတကြီးအော်လိုက်ရာ သူ့အရောင်အဝါ ချက်ချင်းတိုးလာပြီး သူ့ထံ တိုးဝင်လာသည့် လေထုတုန်ခါမှုများအား နောက်ပြန်ရောက်သွားအောင် တွန့်ပို့လိုက်တော့၏။
သို့သော်.. ထိုအချိန်တွင် လက်ချောင်းအရိုးမှာ သူ့မျက်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်ကာ ဟင်းလင်းပြင်လမ်းကြောင်းလည်း ရှိမနေတော့ပါချေ။
လောထျန်းတစ်ယောက် အာကာလဟင်းလင်းပြင်ထဲ ရောက်သွားတော့သည်။
သူ့ရှေ့တွင် ကောင်းကင်ယံ နှင့် မြေကြီးတို့ ရှိမနေသလို.. နေ့နှင့်ည ဟူ၍လည်း ရှိမနေပါ...
" ရွံစရာကောင်းလိုက်တာကွာ ။ ငါ ထျန်းယွမ်ကမ္ဘာကို ပြန်ရောက်လို့ကတော့ တစ်ကမ္ဘာလုံးကို မြေလှန်ရှာပြီးတော့ အဲ့လက်ချောင်းအရိုးကို ဖိခြေပစ်ဦးမယ် "
လောထျန်း အံကြိတ်၍ ပြောလိုက်သည်။
သို့သော်.. လောလောဆယ်တွင် ထိုသို့ပြောနေ၍လည်း အသုံးဝင်ဟန် မတူပါ။
ယခု ဟင်းလင်းပြင်ထဲမှ အာကာသ တုန်ခါမှုများက သူ့ကို မည်သို့မှ မလုပ်နိုင်သည့်တိုင်.. သူ ဘယ်နေရာသို့ သွားရမည်မှန်း မသိပါချေ။
" အရင်ဆုံး စိတ်လျှော့ရမယ် ။ ဒီ ဟင်းလင်းပြင်ထဲမှာက ဝေးဝေးကို မမြင်ရဘူးဆိုတော့ စိတ်ဝိဥာဥ်အစွမ်း ထုတ်ကြည့်မယ်ကွာ "
မကြာမီမှာပင် လောထျန်း စိတ်ပြန်ငြိမ်အောင် လုပ်လိုက်ပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်းထုတ်လွှတ်၍ ဘေးပတ်ဝန်းကျင်တဝိုက်အား စစ်ဆေးကြည့်လိုက်၏။
" ဟင်... "
တခဏအကြာတွင်မူ သူ မျက်မှောင်ကြုံ့သွားရတော့သည်။
အဘယ့်ကြောင့်ဆိုသော် ဤဟင်းလင်းပြင်ထဲ၌ သူ့စိတ်ဝိဥာဥ်အစွမ်း ရောက်နိုင်သော အကွာအဝေးက များစွာ လျော့သွားသောကြောင့်ပင် ။
" အင်း... နေရာစုံကို တစ်ချိန်တည်းမရောက်ဘူးဆိုတော့လဲ... တစ်နေရာစီပဲ ကြည့်ရုံပေါ့ "
လောထျန်းတွေးကာ သူ့စိတ်ဝိဥာဥ်အစွမ်းကို ပြန်ရုတ်သိမ်းလိုက်ပြီး.. တစ်နေရာတည်းသို့သာ ထပ်ပို့လွှတ်လိုက်၏။
သူ ထင်ထားသည့်အတိုင်း ရောက်နိုင်သော အကွာအဝေးကလည်း သိသိသာသာပင် တိုးသွားခဲ့သည်။
သို့သော်... သူ အရပ်မျက်နှာများစွာကို အချိန်အတန်ငယ်ကြာ ရှာပြီးသွားသည့်တိုင် မည်သည့်အရာကိုမှ မတွေ့ခဲ့ရပါ ။
လောထျန်း အနည်းငယ် ဒေါသထွက်လာစဥ်မှာပင်..
" ဟင်.. အဲ့ဒါ ဘာကြီးလဲ "
သူ ရုတ်တရက် တအံ့တသြ ရေရွတ်လိုက်၏။