ထျန်းကန်း လူသတ်နတ်ဘုရား ကျောက်တုံးသုံးဆယ့်ခြောက်ခု
Vol. 39 Ch. 536
" ကဲ.. အရင်သွားကြည့်လိုက်တာ ကောင်းပါတယ်ကွာ "
လောထျန်းပြောကာ ထိုနေရာဆီသို့ ဦးတည်သွားလိုက်သည်။
ဟင်းလင်းပြင်လေထုကား အစဥ်မပြတ် တုန်ခါပြောင်းလဲနေသည့်အတွက်..
လောထျန်းမှာ အကွာအဝေး အနည်းငယ်လေးအတွက်ပင် ကျင့်သားရအောင် အချိန်အတန်ကြာ ယူလိုက်ရပြီးမှ နောက်ဆုံး နည်းလမ်းရှာတွေ့သွားတော့၏။
" ဟုတ်ပြီ ... "
ခပ်ဝေးဝေးမှပင် ဟင်းလင်းပြင်လေထုထဲ တဝက်တပျက် လင်းနေသော မှိန်ဖျော့ဖျော့ မီးတောက်တစ်ခုကို လောထျန်း တွေ့လိုက်ရသည်။
အနီးသို့ ပိုပိုရောက်သွားသည့်အချိန်တွင်ကား ၎င်းမှာ ဟင်းလင်းပြင်လေထုထဲ သီးသန့်ရောက်နေသည့် ကျွန်းငယ်တစ်ခု ဖြစ်နေမှန်း လောထျန်း သိလိုက်ရ၏။
ထိုကျွန်းငယ်လေး၏ ပတ်ပတ်လည်တွင်မူ သချ်ိုင်းဂူ အထိမ်းအမှတ်ကျောက်တုံးများ သုံးဆယ့်ခြောက်ခု ရှိနေသည်။ ထိုကျောက်တုံးများ၏ အပေါ်တွင်လည်း အမည်းရောင်လေထု ရစ်ဝဲနေပြီး အစီအမံတစ်ခုအဖြစ် စုစည်းကာ ကျွန်းငယ်လေးတစ်ခုလုံးကို ချုပ်နှောင်ထား၏။
" ဒါက... "
လောထျန်း အနည်းငယ်အံ့အားသင့်သွားကာ ကျွန်းရှေ့သို့ လျှောက်သွားလိုက်သည်။
ဝီ...
တစ်ပြိုင်နက်တည်းနီးပါးမှာပင်... ကျောက်တုံးများ၏ အပေါ်ဘက်မှ အစွမ်းထက်သော လူသတ်အရိပ်အငွေ့တစ်ခုကို အဆက်မပြတ် ထုတ်လွှတ်လာကြ၏။
" ဟင်.. မင်းက ဘယ်သူလဲ ၊ ဘာလို့ ဒီကိုရောက်နေတာဘဲ "
ကျွန်းပေါ်မှ ပင်ပန်းနွမ်းနယ်နေပုံရသည့် အသံတစ်သံလည်း ထွက်လာသည်။
လောထျန်း အံ့အားသင့်ကာ စိတ်ထဲမှလည်း ကြိတ်ပြီးတုန်လှုပ်သွားသည်။
သူ.. အစွမ်းထက်သခင်ကြီးတစ်ယောက် တစ်ကိုယ်တည်း ကျင့်ကြံနေသည့်နေရာသို့ အမှတ်မထင် ဝင်ခဲ့မိပြီလား...
သို့သော်... လူသူမရှိ ေဝးကွာလှသည့် ဟင်းလင်းပြင်လေထုထဲတွင် ကျင့်ကြံသူ မည်သူရှိပါမည်နည်း။
ထိုသို့တွေးကာ လောထျန်း ဦးညွှတ်၍ ဆိုလိုက်သည်။
" ကျုပ် တောင်းပန်ပါတယ် သခင်ကြီး ၊ ကျုပ်နာမည်က လောထျန်းပါ ။ ကျုပ် ဒီမှာ လမ်းပျောက်နေလို့ဗျ ။ ဒါ ဘယ်နေရာလဲဆိုတာ ကျေးဇူးပြုပြီး ကျုပ်ကိုပြောပေးလို့ ရမလား "
တဖက်မှ မည်သည့်အသံမှ ပြန်မပေးဘဲ အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။
ပြီးမှသာ အသံတစ်သံ ထွက်လာ၏။
" မင်းက ဘယ်လိုလမ်းပျောက်ပြီး ဒီဟင်းလင်းပြင်လေထုထဲ ရောက်နေရတာလဲ။ မင်း ဘယ်သူလဲ ။ ထျန်းမင်ကမ္ဘာကလား.. အပေါ်ကမ္ဘာကလား... "
လောထျန်း အံ့အားသင့်သွားပြီး ပြန်ပြောလိုက်သည်။
" တစ်ခုမှ မဟုတ်ဘူးဗျ ၊ ကျုပ်က ထျန်းယွမ်ကမ္ဘာကပါ "
" ထျန်းယွမ်ကမ္ဘာက.. ဟုတ်လား.. ။ မင်းက ဘာမှမစဥ်းစားဘဲနဲ့တောင် လျှောက်လိမ်နေသေးတယ် "
တဖက်အသံထဲတွင် ဒေါသအရိပ်အငွေ့တို့ ပါဝင်နေ၏။
လောထျန်း လန့်သွားကာ ချက်ချင်းပြန်ပြောလိုက်သည်။
" လိမ်နေတာ မဟုတ်ပါဘူးဗျာ ။ ကျုပ်က တကယ်ကို ထျန်းယွမ်ကမ္ဘာကပါ "
တဖက်မှ လှောင်သံထွက်လာသည်။
" အိုး.. တကယ်ကြီးလား.. မင်းက ထျန်းယွမ်ကမ္ဘာကပေါ့ ။ ဒါဆို အထဲဝင်ဖို့ ကြိုးစားကြည့်လိုက်လေ "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းပါပြီ "
သူ ထိုသို့ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သို့သော် ထိုအချိန်မှာပင်..
ဝုန်း..
လေထဲမှ ကျောက်တုံး သုံးဆယ့်ခြောက်ခုက အရောင်လက်သွားပြီး သူ့အား တစ်ပြိုင်နက်တည်း ဖိနှိပ်လာကြ၏။
" ဟင်... "
လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့သွားတော့သည်။
သူသည် အစောလေးကပင် ခြုံခိုတိုက်ခိုက်ခံခဲ့ရသဖြင့် ဒေါသအလွန်ထွက်နေခဲ့ရပါသည်။
ယခုလည်း သူ ကျွန်းထဲဝင်ရန် ကြိုးစားလိုက်သည့်အချိန် ကျောက်တုံးများက သူ့အား ဖိနှိပ်လာကြပြန်သတဲ့လား ။
သူ ချက်ချင်း ဒေါသူပုန် ထသွားရတော့သည်။
" ဖယ်စမ်းကွာ "
လောထျန်း ပြောကာ ကျောက်တုံးတစ်ခုအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် ကျောက်တုံးက ကျွန်းပေါ်မှ လွင့်ထွက်ပြီး ဟင်းလင်းပြင်လေထုထဲ ပျောက်ကွယ်သွားတော့၏။
လောထျန်းမှာ ၎င်းကိုကြည့်ရင်း အံ့သြမှင်သက်သွားရသည်။
" အစွမ်းထက်လိုက်တာ... "
သူ တအံ့တသြ ရေရွတ်လိုက်၏။
ထိုကျောက်တုံးက သူ့လက်ဝါး ရိုက်ချက်ဖြင့်ပင် ကျိုးကြေသွားခြင်း အလျဥ်းမရှိသည်ကို ကြည့်ခြင်းဖြင့် ၎င်းမှာ သာမာန်ကျောက်တုံးမဟုတ်ကြောင်း အသိသာပင် ။
ဝှစ်..
ထိုအချိန်မှာပင် ဒုတိယကျောက်တုံးတစ်ခု ရောက်လာသည်။
ဤတစ်ကြိမ်တွင်မူ လောထျန်းက ကျောက်တုံးအား ရိုက်မထုတ်တော့ဘဲ ကောင်းကင်ဘုံလက်ဝါးသိုင်းကိုသာ သုံး၍ ဖမ်းဆုပ်လိုက်ပြီး သူ့ရှေ့သို့ ဆွဲခေါ်လိုက်သည်။
ဝီ..
ကျောက်တုံးက လောထျန်းအား ဆက်တိုက်ခိုက်ချင်သေးဟန်ဖြင့် နတ်ဘုရားအလင်းတန်းတစ်ခု ထုတ်လွှတ်လာ၏။
သို့သော်.. ကံဆိုးစွာပင် လောထျန်း၏ ကောင်းကင်ဘုံလက်ဝါးသိုင်းအောက်၌ ၎င်းက မည်သို့မှ မလှုပ်နိုင်ရှာပါ။
ထိုအချိန်တွင် လောထျန်းမှာလည်း ကျောက်တုံးပေါ် ရေးထားသည့် ထွင်းစာအား ထင်ထင်ရှားရှား မြင်သွားသည်။
" ဝိုး.. ဒါကို လုပ်ထားတဲ့ပစ္စည်းက မသေမျိုးအဆင့်သံမဏိပဲ။ ဒါမျိုး ထျန်းယွမ်ကမ္ဘာမှာ လုံးဝမရှိဘူး။ ဒါကိုသာ အိမ်ပြန်ယူသွားပြီး သန့်စင်လိုက်ရင် တံခါးနှစ်ချပ်တော့ ကောင်းကောင်းလုပ်လို့ရတယ် "
လောထျန်း တွေးလိုက်သည်။
ဝီ...
ထိုအချိန်မှာပင် လောထျန်းလက်ထဲရှိ ကျောက်တုံးမှ စူးရှရှ အလင်းတန်းတစ်ခု တိုးထွက်လာ၏။ လောထျန်းမှာ ရုတ်တရက် အငိုက်မိသွားကာ မျက်လုံးများ ပြာဝေသွားရသည်။
သူ ဒေါသလည်း အလွန်ထွက်သွား၏။
" အမှိုက်ကောင်... ငါ့ကိုများ အလင်းတန်းနဲ့ ခေါင်းမူးအောင် လုပ်ရဲတယ်ပေါ့လေ။ ရော့ကွာ "
သူ ဒေါသတကြီးအော်ကာ လက်ထဲသို့ အစွမ်းများ ပို့လွှတ်လိုက်သည်။
ဖျောင်း..
ကျောက်တုံးမှာ ထိုအစွမ်းဖြင့် လိမ်ညှစ်ခံလိုက်ရပြီး ၎င်းအပေါ်၌ ရှိနေခဲ့သည့် ထွင်းစာများနှင့် စိတ်စွမ်းအင်များ ပျောက်ကွယ်သွားတော့၏။
ဘုန်း..
လောထျန်းက ကျောက်တုံးအား မထူးခြားဟန်ဖြင့် မြေကြီးပေါ် ပစ်ချလိုက်သည်။ ဤတစ်ကြိမ်တွင်ကား ကျောက်တုံးမှာ.. ဘာမှသုံးစားမရသည့် အပျက်အစီးတစ်ခုအဖြစ် ပြောင်းသွားခဲ့ရလေပြီ ။
ထိုအချိန်မှာပင် တတိယမြောက် ကျောက်တုံး ရောက်လာပြန်သည်။
" လာလေ.. ငါကလဲ ဒီကို အမှိုက်တွေစုဖို့ လာခဲ့တာ "
လောထျန်း ထိုသို့ပြောပြီး ကျောက်တုံးအား ချက်ချင်းကောက်ယူကာ ဖိခြေပစ်လိုက်ပြန်သည်။
ထို့နောက် သူ ခေါင်းလှည့်ပြီး လေးခုမြောက် ကျောက်တုံးကိုလည်း လှမ်းယူလိုက်ပြန်၏။
ဤသို့ဖြင့် စက္ကန့်အနည်းငယ်အတွင်းမှာပင် ကျောက်တုံး သုံးဆယ့်ငါးခုလုံး အမှိုက်များအဖြစ် ပြောင်းသွားကြတော့သည်။
" အင်း... ဒီကျောက်တုံးတွေကို လုပ်ထားတဲ့ ပစ္စည်းတွေနဲ့ဆို ပျောင်ပိုင်မြို့အတွက် ခမ်းနားတဲ့ တံခါးပေါက်ကြီး ကောင်းကောင်းတစ်ခုရပြီ ။ ပထမတစ်ခုကို အဝေးရောက်သွားအောင် လုပ်လိုက်မိတာ နှမျောလိုက်တာကွာ "
မြေပြင်တွင် အတုံးအရုံး စုပုံနေသော ကျောက်တုံးအပျက်အစီးများကို ကြည့်ရင်း လောထျန်း ခေါင်းယမ်းလိုက်သည်။
ထို့နောက် သူ လက်ဝေ့ယမ်းကာ ထိုပစ္စည်းများအားလုံးကို ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီး ကျွန်းပေါ်သို့ လျှောက်သွားလိုက်၏။
" သခင်ကြီး ၊ ကျုပ် ရောက်ပြီ "
လောထျန်း လမ်းလျှောက်နေရင်း ပြောလိုက်သည်။
သို့သော်.. သူ ကျွန်းလယ်သို့ ရောက်သွားသည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပါ။
" သခင်ကြီး.. ဘယ်ရောက်နေတာလဲ "
လောထျန်း တအံ့တသြ မေးလိုက်၏။
သို့သော်.. ထိုအချိန်မှာပင် အေးစက်စက်နှာခေါင်းရှုံ့သံတစ်သံ ကြားလိုက်ရသည်။
" ကောင်လေး .. ဒါနဲ့များတောင် မင်းက ထျန်းယွမ်ကမ္ဘာကလို့ ပြောရဲနေသေးတယ်ပေါ့ "
လောထျန်း လန့်သွားကာ ပြန်ပြောလိုက်၏။
" ကျုပ်က တကယ်လဲ ထျန်းယွမ်ကမ္ဘာကပါ ။ ဘာဖြစ်လို့လဲဗျ... "
အေးစက်စက်အသံ ထပ်ထွက်လာသည်။
" မင်းသာ ထျန်းယွမ်ကမ္ဘာကဆိုရင်.. ဒီကို ဘယ်လိုလုပ်ပြီး လာနိုင်တာလဲ "
လောထျန်း နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
" ကျုပ် ဘာလို့ ဒီကိုလာလို့ မရမှာလဲ "
တဖက်လူက နှာခေါင်းရှုံ့၏။
" ဒီကျွန်းရဲ့ နယ်နိမိတ်ကို ထျန်းကန်း လူသတ်နတ်ဘုရား အထိမ်းအမှတ်ကျောက်တိုင် သုံးဆယ့်ခြောက်ခုနဲ့ ပိတ်ဆို့ထားတာကွ။ တကယ်လို့ မင်းသာ ဟိုကောင်တွေရဲ့ နောက်လိုက်ခွေး မဟုတ်ဘူးဆိုရင် အဲ့ လူသတ်နတ်ဘုရားတွေက မင်းကို တိုက်ခိုက်ပြီးတာ ကြာလှပြီ "
လောထျန်း ခေါင်းကုတ်၍ ပြန်ပြောလိုက်သည်။
" အဲ့ကျောက်တုံးတွေက တကယ်လဲ ကျုပ်ကို တိုက်ခိုက်ခဲ့တယ်လေ "
သူ့စကားကို ကြားသည်နှင့် တဖက်မှ လှောင်သံဖြင့် ပြန်ပြော၏။
" ရယ်စရာကောင်းလိုက်တာကွာ... ။ တကယ်လို့ အဲ့ဒီထျန်းကန်းလူသတ်နတ်ဘုရား ကျောက်တုံး သုံးဆယ့်ခြောက်ခုက မင်းကို တိုက်ခိုက်ခဲ့တယ်ဆိုရင်.. မင်းက ဘယ်လိုလုပ်ပြီး အထဲဝင်လာနိုင်တာလဲ "
လောထျန်း ပြန်ပြောလိုက်သည်။
" ဝင်လို့ရတာပေါ့ဗျာ... အဲ့ကျောက်တုံးတွေကို ဖိခြေပြီး ဝင်လို့ရတယ်လေ "
ထိုစကားကို ကြားသောအခါ တဖက်လူမှာ ရယ်စရာဟာသကြီး တစ်ခုကို ကြားလိုက်ရသလိုပါပင် ။
" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ။ မင်းက အဲ့ကျောက်တုံးတွေကို ဖိခြေခဲ့တယ်... ဟုတ်လား ။ အဲ့ကျောက်တုံးတွေကို ဘယ်လိုမသေမျိုးအဆင့် ပစ္စည်းတွေနဲ့ လုပ်ထားတယ်ဆိုတာရော မင်း သိရဲ့လား ။ အဲ့ထဲက ဘယ်ကျောက်တုံးမဆို ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်ကွ။ မင်းသာ တကယ်ဖိခြေခဲ့တာဆိုရင် ငါ အဲ့ကျောက်တုံးတွေကို ဒီမှာတင် စားပြမယ် "
အသံပိုင်ရှင်က စိန်ပင်ခေါ်လိုက်သေးသည်။
သူ့စကား ဆုံးသည့်အချိန်မှာပင်...
ဂလုံး..
လောထျန်းက ပုံပျက်ပန်းပျက် ဖြစ်နေသော ကျောက်တုံးတစ်ခုကို ဟင်းလင်းပြင်လက်စွပ်ထဲမှ ထုတ်ကာ မြေကြီးပေါ် ပစ်ချလိုက်ပါ၏။
ထိုတခဏ၌ ပတ်ဝန်းကျင်တစ်ခုလုံး အလွန်တိတ်ဆိတ်သွားတော့သည်။
လောထျန်းက ဘေးသို့ တစ်ချက်လှည့်ကြည့်ရင်း ပြောလိုက်၏။
" ထပ်ရှိသေးတယ် "
လောထျန်း ထိုသို့ပြောပြီး ကျန်ကျောက်တုံးများအား တစ်ခုပြီးတစ်ခု ထပ်ထုတ်လိုက်သည်။
အသံပိုင်ရှင်မှာ ကျောက်တုံးတစ်ခု မြေကြီးပေါ် ကျလာတိုင်း... မျက်နှာကို ဖြတ်ရိုက်ခံနေရသလိုပါပင် ။
ကျောက်တုံးများအားလုံးကို ထုတ်လိုက်ပြီးနောက် လောထျန်း ပြော၏။
" သခင်ကြီး.. ဘယ်ရောက်နေတာလဲ ။ ခုနက သခင်ကြီး ဘာပြောထားတာလဲ "
တဖက်လူမှာ သူ့အမေးကို ပြန်မဖြေဘဲ အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေသည်။
အတန်ကြာသွားပြီးမှသာ အသံ ထပ်ထွက်လာ၏။
" မင်း... ဘယ်သူလဲ "
" ကျုပ်လား.. ကျုပ်က ထျန်းယွမ်ကမ္ဘာက လောထျန်း ။ ခုနကလဲ ပြောပြီးသားလေဗျာ "
လောထျန်း ပြန်ပြောလိုက်သည်။
" ထျန်းယွမ်ကမ္ဘာ... ငါတို့ထျန်းယွမ်ကမ္ဘာက အဲ့လောက် အစွမ်းထက်လာပြီလား ။ မဟုတ်မှလွဲရော.. မဟုတ်မှလွဲရော.. အဲ့တုန်းက ဖြစ်ခဲ့တဲ့ဟာက အောင်မြင်သွားခဲ့တာလား ။ မဖြစ်နိုင်ဘူး.. အဲ့ဒါ အောင်မြင်သွားခဲ့ရင်တောင် အဲ့လောက်တော့ အစွမ်းမထက်နိုင်ဘူး "
တဖက်လူက တစ်ကိုယ်တည်း ရေရွတ်၏။
လောထျန်းမှာ သူ့စကားကို နားထောင်ရင်း အံ့သြမှင်သက်နေပြီး ပြန်ပြောလိုက်သည်။
" ငါတို့ ထျန်းယွမ်ကမ္ဘာ.... သခင်ကြီးကရော ထျန်းယွမ်ကမ္ဘာကပဲလား.... "
တဖက်လူက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ပြန်ဖြေသည်။
" မင်းက ငါဘယ်သူလဲ မသိဘူးလား.. ။ ဒါဆို မင်း ဒီနေရာကို ဘယ်လိုလုပ်ပြီး တွေ့သွားတာလဲ "
လောထျန်း မျက်နှာကြီး ရှုံ့မဲ့သွားသည်။
" ကျုပ် ပြောပြီးပြီလေဗျာ .... ကျုပ် လမ်းပျောက်နေတာပါဆို ။ သခင်ကြီးက ဘယ်သူလဲ "
တဖက်လူက အချိန်အတန်ငယ်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ပြော၏။
" ငါက ထျန်းယွမ်ကမ္ဘာရဲ့.. ကမ္ဘာသခင်ကြီးပဲကွ "