← Chapters

မသေမျိုးဘုရင်၏ ဖိအား

Vol. 39 Ch. 537

မသေမျိုးဘုရင်၏ ဖိအား

Vol. 39 Ch. 537

" ထျန်းယွမ်ကမ္ဘာမှာလဲ ကမ္ဘာသခင်ကြီး ရှိတာလား.... "

တဖက်လူ၏ စကားကို ကြားကြားချင်း လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။

တဖက်တွင် အတန်ကြာ တိတ်ဆိတ်သွားပြန်၏။

ထို့နောက်မှ တဖက်လူက သက်ပြင်းချ၍ ဆိုလာသည်။

" အခု စဥ်းစားကြည့်မိတော့မှ ငါ ချုပ်နှောင်ခံထားရတာ နှစ်တစ်သိန်းလောက် ရှိသွားခဲ့ပြီပဲ။ အဲ့တော့ ထျန်းယွမ်ကမ္ဘာကလူတွေ ငါ့ကို မသိကြတာ မဆန်းတော့ပါဘူးကွာ။ ကောင်လေး.. ငါ မေးပါရစေဦး ၊ အခု ထျန်းယွမ်ကမ္ဘာက အခြေအနေ ဘယ်လိုရှိလဲ ။ အရင်လို ပြန်တောက်ပတဲ့ အခြေအနေ ပြန်ရောက်သွားပြီလား "

လောထျန်း ခေါင်းကုတ်၍ ပြန်ဖြေလိုက်သည်။

" သခင်ကြီးပြောတဲ့ အရင် တောက်ပတဲ့အခြေအနေက ဘယ်လိုဆိုတာ ကျုပ် မသိဘူး ။ ဒါပေမယ့်.. အဲ့လို ပြန်မဖြစ်သေးတာတော့ သေချာတယ် ။ အခုလက်ရှိ ထျန်းယွမ်ကမ္ဘာက အ​ခြေအနေ သိပ်မကောင်းဘူးဗျ .. ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုနဲ့ ရင်ဆိုင်နေရတယ် "

" ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု.. ဟုတ်လား.. အဲ့ဒါဘာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ဆိုသူက ပြန်မေးလာသည်။

လောထျန်း အံ့အားသင့်သွားကာ ပြန်ပြော၏။

" သခင်ကြီးက ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု အကြောင်းကို မသိဘူးလား ။ ခင်ဗျားက ထျန်းယွမ်ကမ္ဘာသခင်ကြီးရော တကယ်ဟုတ်ရဲ့လား "

ထိုသို့သာ မေးလိုက်သော်လည်း လောထျန်း သေချာရှင်းပြလိုက်ပါသည်။

" အရှင်းဆုံး ပြောရရင်တော့ ထျန်းယွမ်ကမ္ဘာထက် ပိုအစွမ်းကြီးကြတဲ့ အဖွဲ့ကြီး ကိုးခုက ထျန်းယွမ်ကမ္ဘာကို လာတိုက်ခိုက်ကြတော့မှာဗျ "

" ကိုးဖွဲ့တောင်.. ဘာလို့ အဲ့လောက်များနေရတာလဲ။ အဲ့လူတွေက ဘယ်သူတွေလဲ ။ မင်း အဲ့အဖွဲ့ကိုးခုလုံးနဲ့ ကြုံပြီးသွားပြီလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး သံသယမကင်းဟန်ဖြင့် မေးလာသည်။

လောထျန်း သက်ပြင်းချလိုက်၏။

" ကျုပ် ခုထိတော့ တစ်ခုနဲ့ပဲ ကြုံရသေးတယ် "

" ဘယ်အဖွဲ့နဲ့ ကြုံခဲ့တာလဲ "

တဖက်လူ ဆက်မေးသည်။

" ယွဲ့ယန်ကမ္ဘာနဲ့ "

လောထျန်း ဖြေလိုက်၏။

" ယွဲ့ယန်ကမ္ဘာ.. ဟုတ်လား.. "

လောထျန်းအဖြေကို ကြားသည်နှင့် တဖက်လူ၏ အသံက ယခင်ထက် အဆပေါင်းများစွာ ပိုကျယ်သွားသည်။

" ဟို ငမွဲ အမှိုက်ကမ္ဘာလို ယွဲ့ယန်ကမ္ဘာကတောင် ငါတို့ထျန်းယွမ်ကမ္ဘာကို အနိုင်ကျင့်နေနိုင်ပြီလား ။ မင်းတို့ မျိုးဆက်တွေ ဘယ်လိုများ နေနေကြလဲကွာ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံထဲတွင် ဒေါသငွေ့များလည်း သိသိသာသာပင် ပါနေ၏။

ထိုအဖြစ်ကြောင့် သူ ဒေါသထွက်နေသည်မှာ အသိသာပင် ။

လောထျန်းမှာ သူ့စကားကြောင့် လန့်သွားပြီး ပြောလိုက်သည်။

" သခင်ကြီးရဲ့ လေသံအရဆိုရင်.. ထျန်းယွမ်ကမ္ဘာက သခင်ကြီးတို့ခေတ်တုန်းက အင်မတန်အစွမ်းထက်ခဲ့တဲ့ ပုံပဲနော် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အေးစက်စက် နှာခေါင်းရှုံ့သည်။

" ငါတို့မျိုးဆက်က ထျန်းယွမ်ကမ္ဘာ ထွန်းတောက်ပြီး နောက်ပိုင်းခေတ်ကွ ။ ထျန်းယွမ်ကမ္ဘာက ဧရာမ အဖျက်အဆီးကပ်ဘေးကြီးနဲ့ ကြုံခဲ့ရပြီး အဲ့ခေတ်တစ်ခုလုံးက အစွမ်းထက်ကျင့်ကြံသူ သခင်ကြီးတွေအားလုံး သေသွားခဲ့ကြတာ "

" ဒါတောင်.. ငါတို့မျိုးဆက်မှာ ယွဲ့ယန်ကမ္ဘာကို ဖိနှိပ်နိုင်ခဲ့တုန်းပဲ "

လောထျန်း၏ မျက်လုံးထဲတွင် လေးစားမှုအရိပ်အယောင်များ ပေါ်လာကာ မေးလိုက်၏။

" အဲ့လောက် အစွမ်းထက်တာလား.. . "

" ဒါပေါ့ကွ... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ဂုဏ်ယူစွာ ပြန်ဖြေသည်။

" ဒါဆို.. သခင်ကြီးက ဘယ်လိုဖြစ်ပြီး ဒီမှာချုပ်နှောင်ခံထားရတာလဲ "

လောထျန်း ထပ်မေးလိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြန်သည်။

အချိန်အတန်ကြာသွားပြီးမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက အိုးတို့အမ်းတမ်း ပြန်ပြော၏။

" ငါ အလစ်တိုက် ခံရပြီးတော့ ချုပ်နှောင်ခံခဲ့ရတာ.. "

" အလစ်တိုက် ခံရတယ်... ဘယ်လို ဖြစ်ခဲ့တာလဲဗျ "

လောထျန်း ထပ်မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီး တိတ်သွားပြန်သည်။

ခဏကြာပြီးမှ သူ စကားလမ်းကြောင်းလွှဲ၍ ပြောလာ၏။

" ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု အကြောင်းကိုပဲ ဆက်ပြောကြရအောင်ပါကွာ။ မင်းခုနကပြောတာ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်ကမ္ဘာသုံးခု ဟုတ်လား... အဲ့ဒါ ဘယ်သူတွေလဲ "

ထိုစကားကိုကြားသောအခါ လောထျန်းကလည်း မေးခွန်းများ ဆက်မေးမနေတော့ဘဲ ပြန်ဖြေလိုက်သည်။

" ကျုပ်လဲ ဒါကို မကြာသေးခင်ကမှ သိခဲ့ရတာဗျ ။ အဲ့ကောင်းကင်ဘုံပျက်စီးခြင်း သုံးခုထဲက ပထမတစ်ခုက ထျန်းမင်ကမ္ဘာ ပဲ.. "

" ထျန်းမင်ကမ္ဘာ... အင်း.. တကယ်လဲ ဒီကောင်တွေ ဖြစ်နေတာပဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အသံနက်ကြီးဖြင့် ပြောလာ၏။

" သခင်ကြီးကရော သူတို့ကို သိတာလား. "

လောထျန်း မေးလိုက်ပြန်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချ၏။

" သိတာပေါ့ကွာ။ ငါတို့ခေတ်မှာတည်းက ထျန်းမင်ကမ္ဘာက ငါတို့ရဲ့ အကြီးဆုံးရန်သူပဲ။ ငါ ဒီမှာချုပ်နှောင်ခံထားရတဲ့ အကြောင်းရင်းကလဲ သူတို့နဲ့ ဆက်စပ်နေတယ် ။ အဲ့ဒါကို ထားလိုက်ပါဦးကွာ.. ကျန်တဲ့ ကမ္ဘာနှစ်ခုက ဘာတွေလဲ "

လောထျန်း ပြန်ဖြေလိုက်သည်။

" ရှေးဟောင်းနတ်ဆိုးကမ္ဘာ နဲ့... ဝိဥာဥ်ကိုးသွယ် နတ်ဆိုးကမ္ဘာ တွေဗျ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေတ္တမျှ အံ့အားသင့်သွားဟန် တူပြီးမှ အောင့်သက်သက်ပြုံး၍ ပြန်ပြောလာသည်။

" အဲ့ကမ္ဘာနှစ်ခုကိုး... ။ အင်း.. အဲ့ကမ္ဘာနှစ်ခုလုံးက ထူးခြားကြတာဆိုတော့ အဲ့လိုအဆင့်ထိ ရောက်သွားကြတာ မဆန်းတော့ပါဘူး "

လောထျန်း ခဏတာမျှ တွန့်ဆုတ်နေပြီးမှ ပြောလိုက်၏။

" သခင်ကြီး... သခင်ကြီးက ထျန်းယွမ်ကမ္ဘာသခင်ကြီးဆိုတော့.. အခု ထျန်းယွမ်ကမ္ဘာ ဒုက္ခရောက်နေတဲ့အချိန် ဝင်ဖြေရှင်းသင့်တယ်လို့ မထင်ဘူးလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အောင့်သက်သက် အော်ရယ်လိုက်သည်။

" ဝင်ဖြေရှင်းရမယ်.. ဟုတ်လား ။ ဖြေရှင်းချင်တာပေါ့ကွာ... ။ ဒါပေမယ့် အခု ငါက လုံးဝ အစွမ်းမဲ့တဲ့သူတစ်ယောက် ဖြစ်နေပြီကွ "

" ဘာဖြစ်လို့လဲ "

လောထျန်း အံ့အားသင့်သွားရသည်။

တဖက်လူ က သက်ပြင်းချ၍ ပြန်ပြော၏။

" မင်း သိချင်တယ်ဆို ကျွန်းလယ်ကိုသာ လာခဲ့ကွာ "

လောထျန်း နှစ်ကြိမ်ပင် စဥ်းစားမနေဘဲ ကျွန်းလယ်ခေါင်သို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလိုက်သည်။

ဝုန်း..

သူ ထို​နေရာသို့ ရောက်ရောက်ချင်းမှာပင် ကျွန်းလယ်ခေါင်၌ ရှိနေသော ဧရာမ ရှေးဟောင်းကျောက်တုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။

ထိုကျောက်တုံးပေါ်တွင်လည်း ထွင်းစာများဖြင့် ပြည့်နေပါ၏။

ထိုထွင်းစာများ အလယ်တွင်လည်း ခပ်ကြီးကြီးရေးထားသည့် စာလုံးအချို့ ရှိနေသည်။

" မျိုးဆက်များအတွက်.. ထာဝရအစွမ်း " ဟူ၍..

" မင်း ထွင်းစာကို မြင်ပြီးသွားပြီလား "

ထိုစဥ်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံထွက်လာသည်။

" ဟုတ်ကဲ့ ၊ ကျုပ် တွေ့ပြီးပြီ "

လောထျန်း ခေါင်းညိတ်ပြလိုက်၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ခေတ္တမျှ စိတ်မကောင်းဖြစ်နေဟန် တူပြီးမှ ပြန်ပြောလာသည်။

" ငါ့ရဲ့ စိတ်ဝိဥာဥ်က အဲ့ထဲမှာပဲ ထာဝရပိတ်လှောင်ခံထားရတာကွ။ ငါ ဒီကနေ လွတ်မြောက်ချင်ရင် အဲ့ ရှေးဟောင်းကျောက်တုံးကြီးကို ဖယ်ပစ်မှရမှာ "

လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

" ဒါဆိုလဲ အဲ့ရှေးဟောင်း ကျောက်တုံးကို ဘာလို့ဖယ်မပစ်လိုက်တာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြော၏။

" မင်းပြောတာတော့ လွယ်တာပေါ့ကွာ။ ဒါပေမယ့် အဲ့ရှေးဟောင်းကျောက်တုံးကို အပေါ်ကမ္ဘာက မသေမျိုးဘုရင်တစ်ယောက် လုပ်ထားခဲ့တာကွ။ သာမာန်လူတွေဆို အဲ့ကျောက်တုံးကို ဖယ်ဖို့မပြောနဲ့ ၊ အနားတောင် ကပ်လို့မရဘူး... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ထိုသို့ ပွစိပွစိရေရွတ်နေဆဲမှာပင်..

ဝုန်း..

အသံကျယ်တစ်သံနှင့်အတူ ကျွန်းတစ်ခုလုံး အကြိမ်

အနည်းငယ် တုန်ခါသွား၏။

" ဟင်... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြောလက်စ ချက်ချင်းရပ်သွားပြီး လှည့်ကြည့်လိုက်ရာ... လောထျန်းက ရှေးဟောင်းကျောက်တုံးကြီးနားသို့ ရောက်နေပြီး ၎င်းအား လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်ထားသည်ကို တွေ့လိုက်ရသည်။

" ဘာတွေဖြစ်နေတာလဲ.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လွန်စွာ အံ့သြတုန်လှုပ်သွား၏။

အမှန်တွင်ကား ထိုရှေးဟောင်းကျောက်တုံးကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မသေမျိုး လက်နက်တစ်ခု ဖြစ်ပါသည်။

၎င်းအပေါ်တွင် ရှိနေသည့် မသေမျိုးအချုပ်အနှောင်ကိုလည်း သာမာန်လူတစ်ယောက်သာ ထိလိုက်ပါက ချက်ချင်း သေဆုံးသွားရမည် မလွဲပေ။

သို့သော်.. လောထျန်းက ၎င်းကို လေထဲကိုင်မြှောက်ထားသတဲ့လား ။

ဘာတွေဖြစ်နေပါသနည်း..

ထိုအချိန်မှာပင်..

ဝီ...

ရှေးဟောင်းကျောက်တုံးကြီးက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံဖြင့် ၎င်းအပေါ်မှ ထွင်းစာများ ရုတ်တရက် အရောင်လက်လာ၏။

ထို့နောက်တွင်မူ ၎င်းကျောက်တုံးမှ တာအိုသံစဥ်များ မြည်သံပေးထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

" ဟု... "

ထိုအသံများကြောင့် ဒဏ်ရာရပြီး လောထျန်းပုခုံးပေါ်တွင် အိပ်နေသည့် ရှောက်ထျန်းလုံလေး နိုးလာပါ၏။

" ကောင်လေး.. မြန်မြန်ပြေးတော့.. ။ အဲ့ဒါ မသေမျိုးဘုရင်ရဲ့ ဖိအားပဲကွ။ အဲ့ဒါနဲ့သာ တိုက်ခိုက်ခံရရင် မင်း သေရလိမ့်မယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသောအသံ ချက်ချင်းထွက်လာသည်။

သို့သော်.. သူ့သတိပေးစကားက နောက်ကျသွားဟန်ပင်..

ဝုန်း..

တာအိုသံစဥ်များက အဆုံးမဲ့သော ဖိအားအဖြစ် ပြောင်းသွားကာ လောထျန်းပေါ်သို့ ဖိနှိပ်လာသည်။

" ဝု... "

ရှောက်ထျန်းလုံလေးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း သေးထွက်ကျမလိုပင် ဖြစ်သွားရှာ၏။

ဘာတွေ ဖြစ်နေပါသနည်း..

သူ တလျှောက်လုံး အိပ်နေခဲ့ပြီး ယခု နိုးနိုးလာချင်း... ဆိုးရွားလှသော မြင်ကွင်းက စောင့်ကြိုနေသတဲ့လား.. ။

သူ လောထျန်းအား ကြောက်လန့်တကြား ဖမ်းဆုပ်လိုက်သော်လည်း.. ထိုစဥ်တွင် လောထျန်းမှာကား မတုန်မလှုပ် ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုအချိန်မှာပင် ဖိအားကြီးလည်း ရောက်ရှိလာ၏။

ရှောက်ထျန်းလုံ လေးမှာ ကြောက်လန့်တကြားဖြင့် လောထျန်းနောက်တွင် ပုန်းနေလိုက်သည်။

သို့သော်... အချိန်အတန်ကြာသွားပြီးသည်အထိ သူ မည်သို့မှ မခံစားလိုက်ရပါချေ။

သူ ခေါင်းမော့ကြည့်လိုက်ရာ... လောထျန်းက အစွမ်းထက် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရဟန်ဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေသည်ကို တွေ့လိုက်ရ၏။

" သခင်ကြီး.. ဖိအားက ဘယ်တော့ရောက်လာမှာလဲ "

လောထျန်း မေးလိုက်သည်။

" ဟင်.. "

ထိုအချိန်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း အလွန်အံ့သြမှင်သက်နေပါ၏။

" မင်း အဆင်ပြေရဲ့လား... "

သူ တုန်လှုပ်စွာ မေးလိုက်သည်။

" ဟင်.. ကျုပ်က ဘာဖြစ်ရမှာလဲ "

လောထျန်း နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။

" လောလောဆယ် အဲ့ဒါကို ခဏထားလိုက်ပါဦးဗျာ ။ ခုနက သခင်ကြီးပြောတဲ့ ဖိအားရောက်လာပြီလား.. ကျုပ် အခုထိလဲ ဘာမှ မခံစားမိ​သေးဘူး "

သူသည်ပင် အာရုံမခံနိုင်သော အစွမ်းမှာ သူ့ကိုယ်ပိုင်အစွမ်းထက် များစွာသာလွန်ရမည်ဟု တွေးကာ လောထျန်း အနည်းငယ်လည်း စိုးရိမ်နေပါ၏။

တဖက်မှ ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ မည်သို့ရှင်းပြရမည်ပင် မသိတော့ပါချေ။

" ဟင်... ဖိအားက ကျလာပြီးသွားပြီလေ ။ မင်း ဘာမှ မခံစားမိလိုက်ဘူးလား "

သူ တုန်လှုပ်စွာ ပြောလိုက်သည်။

" ပြီးသွားပြီလား... ဘယ်တုန်းကလဲ ။ ခုနလေးကတော့ လေအေးတစ်ချက် တိုက်သွားတာ ခံစားမိလိုက်တယ်။ အဲ့ဒါ မသေမျိုးဘုရင်ရဲ့ ဖိအားလား... "

လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။

All Chapters