ထျန်းယွမ်ကမ္ဘာ၏ သတင်းဟောင်းများ
Vol. 39 Ch. 538
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လုံးဝ ဆွံ့အသွားရတော့သည်။
သူ့ရှေ့မှ ကောင်လေးက မည်သို့သော ဘီလူးမျိုး ဖြစ်သည်ကိုလည်း သူ နားမလည်နိုင်တော့ပါ ။
ထိုစဥ်.. ရုတ်တရက် သူ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွား၏။
ဖိအားဆိုသည်မှာ အစွမ်းထက်သူက အစွမ့်နိမ့်သူအား ဖိနှိပ်ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆိုပါက တဖက်လူက အစွမ်းထက်နေမှသာ ကျန်လူက ထိုဖိအားကို ခံစားရပေမည်။
သို့မဟုတ်ပါက .. ဟာသတစ်ခုထက် ဘာမှ မပိုပါချေ။
ဥပမာဆိုရလျှင်.. ဆာလောင်နေသော ဝံပုလွေတစ်ကောင် ကလေးငယ်တစ်ယောက်အနား ကပ်သွားပါ
က ထိုကလေးငယ်မှာ ကြောက်ရွံ့တုန်လှုပ်သွားမည် မလွဲချေ။
သို့သော်.. ထိုဝံပုလွေကသာ ဧရာမ နဂါးကြီးတစ်ကောင်အနား ကပ်သွားလျှင်မူ..
နဂါးကြီးက ဝံပုလွေ ဘာလုပ်နေသည်ကို သိပင်သိမည် မဟုတ်ပါ။
၎င်းမှာ အစွမ်းထက်သူတစ်ယောက်က အစွမ်းနိမ့်သူထံမှ ဖိအားကို ခံစားမိမည် မဟုတ်သောကြောင့်ပင်။
" ဒီကောင်လေးရဲ့ အစွမ်းက မသေမျိုးဘုရင်ထက်ကို သာနေတာများလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုဖြစ်နိုင်ချေကို တွေးမိကာ လောထျန်းဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
သို့သော်.. ထိုအချိန်မှာပင် လောထျန်းက လက်ထဲကိုင်ထားသော ရှေးဟောင်းကျောက်တုံးကြီးအား ခြေထောက်ဖြင့် တစ်ချက်ကန်၍ ကွေးသွားအောင် လုပ်ပစ်လိုက်ပါ၏။
ဘုန်း..
ထို့နောက်တွင်ကား ကျောက်တုံးပေါ်တွင် ရှိနေသည့် ထွင်းစာများအားလုံး ပျက်စီးသွားပြီး ကျောက်တုံးကြီးမှာလည်း အမှိုက်တစ်ခုသဖွယ် ဖြစ်သွားတော့သည်။
" ကဲ... နောက်ထပ် သံကောင်းကောင်းလေး ထပ်ရပြီကွာ။ ဒါကို အိမ်ပြန်ယူသွားပြီးတော့ ကောင်းကောင်းအရည်ကျိုပြီး မှော်လက်နက်တွေ လုပ်ရမယ် "
လောထျန်း ရေရွတ်လိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ သူ့စကားကို ကြားပြီး ပို၍ ဆွံ့အသွားရတော့၏။
" ကဲ.. သခင်ကြီး ၊ အခု ထွက်လာလို့ရပြီလား "
လောထျန်း မေးလိုက်သည်။
" သြော်.... အေး... "
ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံတုန်တုန် ထွက်လာ၏။
ထို့နောက်တွင်မူ.. ယခင် ရှေးဟောင်းကျောက်တိုင် ရှိနေခဲ့သော နေရာမှ ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာသည်။
" သခင်ကြီးက ဘာတွေဖြစ်နေတာလဲ "
လောထျန်း တဖက်လူကို ကြည့်ကာ တအံ့တသြ မေးလိုက်၏။
" ငါ့ရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီမို့.. စိတ်ဝိဥာဥ်ပဲ ကျန်တော့တာကွ "
တဖက်လူက ခြောက်ကပ်ကပ်ရယ်ရင်း ပြန်ပြောသည်။
" ဝု... "
ထိုစဥ်တွင် ရှောက်ထျန်းလုံ လေးကလည်း ပုန်းနေရာမှ ခေါင်းလေးထွက်လာပြီး ထျန်းယွမ်ကမ္ဘာသခင်ကြီးအား ကြည့်လိုက်၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း ရှောက်ထျန်းလုံလေးကို တွေ့သည်နှင့် တစ်ကိုယ်လုံး တုန်သွားတော့သည်။
" ဒီအရောင်အဝါက.. လုံးဝ မမှားနိုင်ဘူး ။ မင်းက နဂါးကြီးထျန်းလုံရဲ့ မျိုးဆက်သစ်လား "
သူ တုန်လှုပ်စွာ မေးလာသည်။
လောထျန်းက သူ့ကိုကြည့်ရင်း ပြန်မေးလိုက်၏။
" သခင်ကြီးက နဂါးကြီးထျန်းလုံကို သိတာလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်ပြသည်။
" ဒါပေါ့ကွ ။ အကိုကြီးထျန်းလုံနဲ့ ငါက တစ်ခေတ်တည်းက လူတွေလေ။ ငါ့ရဲ့ ကမ္ဘာသခင်ကြီး ဆိုတဲ့ရာထူးကိုတောင် သူက ငါ့ကို လွှဲပြောင်းပေးခဲ့တာ။ ဒါပေမယ့်... အခု သူ့မျိုးဆက်ကို တွေ့ရတာဆိုတော့ ... ကြည့်ရတာ သူ သေသွားပြီနဲ့တူတယ် ၊ ဟုတ်လား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်ဗျ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး တခဏကြာ တိတ်သွားပြီးနောက်မှ ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်း၍ ပြောလာ၏ ။
" ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားခဲ့ပြီပဲ ။ သူလဲ နောက်ဘဝသစ်တစ်ခုကို ရောက်လောက်ရောပေါ့. "
ထို့နောက် သူ ရှောက်ထျန်းလုံ လေးကိုကြည့်ကာ ဆက်ပြောသည်။
" ဒါနဲ့... ငါ့ကို မင်းရဲ့ ဦးလေးတစ်ယောက်လို သဘောထားလို့ရတယ်နော်။ တကယ်ဆို အခုက ငါတို့ချင်း ပထမဆုံးတွေ့တာဆိုတော့ မင်းအတွက် လက်ဆောင်တစ်ခုခု ပေးသင့်တာ ။ ဒါပေမယ့် ငါ့မှာ လောလောဆယ် ဘာမှရှိမနေတော့ .. မင်းကို အချုပ်အနှောင်တစ်ခု ပေးမယ်ကွာ "
သူ ထိုသို့ပြောပြီး လက်ချောင်းကွေးလိုက်ရာ အစီအမံတစ်ခုက ရှောက်ထျန်းလုံလေး၏ ခေါင်းပေါ်သို့ ကျသွားသည်။
" ဝု... "
ရှောက်ထျန်းလုံ လေးမှာ ၎င်းကိုကြည့်ရင်း အံ့အားသင့်နေရှာ၏။
ထိုစဥ် ထျန်းယွမ်ကမ္ဘာသခင်ကြီးက စကားဆက်သည်။
" အဲ့ဒါ နဂါးမျိုးနွယ်စုရဲ့ ထူးခြားတဲ့ သိုင်းပညာတစ်ခုပဲကွ။ မင်းရဲ့အဖေကိုယ်တိုင် ငါ့ကို သင်ပေးခဲ့တာ။ အခုတော့ မင်းကို ပြန်ပေးခွင့်ရပြီပေါ့ကွာ။ မူလပိုင်ရှင်ဆီ ပြန်ပေးတယ်လို့ပဲ ငါ သဘောထားပါတယ် "
ရှောက်ထျန်းလုံ လေးက စိတ်ရှုပ်နေဟန်ဖြင့် ခေါင်းညိတ်ပြ၏။
ထိုစဥ် လောထျန်းက ပြောလာသည်။
" သခင်ကြီး ၊ သခင်ကြီးဘာလို့ ဒီမှာချုပ်နှောင်ခံထားရတာလဲ ပြောပြလို့ရမလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြန်ဖြေ၏။
" သူတို့ ငါ့ကို ချုပ်နှောင်ထားရတဲ့ အဓိကအချက်ကြီး နှစ်ချက်ရှိတယ်ကွ "
" ပထမတစ်ချက်ကတော့... ငါက အပေါ်ကမ္ဘာက မသေမျိုးစွမ်းအင်သွေးကြောကို လမ်းပြပြီး ထျန်းယွမ်ကမ္ဘာဆီ ခေါ်လာဖို့ ကြိုးစားခဲ့လို့ပဲ ။ ငါက ထျန်းယွမ်ကမ္ဘာကို အရင်လို ပြန်ထွန်းတောက်လာအောင် လုပ်ချင်ခဲ့တာကွာ။ ဒါပေမယ့်.. အဲ့လုပ်ရပ်က အပေါ်ကမ္ဘာရဲ့ တားမြစ်ချက်ကို ချိုးဖောက်သလို ဖြစ်သွားခဲ့တဲ့အတွက် သူတို့က ထျန်းမင်ကမ္ဘာနဲ့ ပူးပေါင်းပြီး ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ကြတာပဲ "
" ဒါပေမယ့်.. အပေါ်ကမ္ဘာက အဖွဲ့တွေရဲ့ သဘောထားအတိုင်းဆို ငါ့ရဲ့ ခန္ဓာကိုယ်ကိုရော ၊ စိတ်ဝိဥာဥ်ကိုပါ ဖျက်ဆီးပြီး ငါ့ကို တစ်ခါတည်း အသေသတ်ချင်ခဲ့ကြတာ "
" ဒါပေမယ့်လို့... တစ်ယောက်ယောက်က ကြားဝင်ပြီးတော့ ငါ့ကို ရုတ်တရက်ကြီး ပျောက်သွားသလိုဖြစ်အောင်လုပ်ပြီး ငါ့ရဲ့ စိတ်ဝိဥာဥ်ကို ဒီခေါ်လာခဲ့တာပဲ "
လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးမှ ပြောလိုက်သည်။
" သူတို့မှာ တခြားအစီစဥ်တွေ ရှိသေးလို့လား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ပြန်ပြော၏။
" ဒါပေါ့ကွ .... သူတို့ရဲ့ ဒုတိယရည်ရွယ်ချက်က ငါ့ဆီကနေ တစ်ခုခုကို ရှာချင်လို့လေ "
" ဘာကို ရှာချင်ကြတာလဲဗျ "
လောထျန်း စိတ်ဝင်တစား ဖြစ်သွားသည်။
အပေါ်ကမ္ဘာမှ လူများကိုပင် ဤမျှအတိုင်းအတာအထိ ဖြစ်သွားအောင် လုပ်နိုင်သည့်အရာမှာ ရိုးရိုးရှင်းရှင်း အရာတစ်ခု မဟုတ်နိုင်ပါချေ။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အောင့်သက်သက်ရယ်၍ ပြန်ပြော၏။
" အဲ့ဒါက ပြဿနာပဲကွ။ သူတို့က ငါ့ဆီကနေ တစ်ခုခုရှာချင်ပေမယ့်.. ဘာကိုလိုချင်တယ်ဆိုတာ ငါ့ကို လုံးဝမပြောဘူး "
" အင်... "
လောထျန်း အံ့အားသင့်သွားရတော့သည်။
၎င်းက ဘာပါနည်း ။
ဘာလိုချင်သည်ကို မပြောဘဲ တဖက်လူထံမှ တောင်းနေသတဲ့လား..
နောက်နေသည်များလား..
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အောင့်သက်သက်အပြုံးဖြင့် ဆက်ပြောသည်။
" မင်းလဲ အံ့သြသွားတယ်မလား ။ ငါလဲ အဲ့လိုပဲ အံ့သြခဲ့ရတာကွ။ သူတို့တွေက ငါ့ကို နှစ်ပေါင်း နှစ်သိန်းလောက်ကို ချုပ်နှောင်ပြီး နေ့တိုင်းနှိပ်စက်လာခဲ့ကြတာ။ ပြီးတော့ ငါ့ကိုလဲ သူတို့လိုချင်တာကို အတင်းထုတ်ပေးခိုင်းသေးတယ် ။ ဒါပေမယ့် ဘာလိုချင်မှန်းလဲ ငါ့ကိုမပြောတော့ ငါ့မှာ ရူးတောင်ရူးတော့မလို့ကွာ "
" သခင်ကြီး စိတ်ထဲတွေးမိတာရော ဘာမှမရှိဘူးလား "
လောထျန်း မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြော၏။
" ရှိတော့ရှိတယ်ကွ ။ ဟိုး ရှေးခေတ်က ပစ္စည်းတစ်ခုပေါ့ကွာ။ အရင်ခေတ်ကဆို အဲ့ပစ္စည်းလေးကြောင့်
ထျန်းယွမ်ကမ္ဘာမှာ အစွမ်းထက်ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိပြီးတော့.. အပေါ်ကမ္ဘာနဲ့တောင် ယှဥ်လို့ရခဲ့တယ် ။ ဒါပေမယ့် အဲ့ဒါ ဘာလဲဆိုတာ ဘယ်သူမှ မသိကြဘူးကွ။ သေချာတာ တစ်ခုကတော့ အဲ့ပစ္စည်းလေးက ထျန်းယွမ်ကမ္ဘာမှာရှိတယ် ဆိုတာပဲ "
လောထျန်း အနည်းငယ်အံ့အားသင့်သွားရသည်။
ထျန်းယွမ်ကမ္ဘာတွင် အပေါ်ကမ္ဘာနှင့်ပင် ယှဥ်နိုင်သော ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည့် အဖိုးတန်ရတနာမျိုး အမှန်တကယ် ရှိသတဲ့လား.. ။
အကယ်၍ သူသာ ထိုအရာလေးကို ရလိုက်ပါက ပျောင်ပိုင်မြို့အား ဆက်ပြီးတိုးတက်လာအောင် လုပ်နိုင်ပေလိမ့်မည်။
" သခင်ကြီး... အဲ့ပစ္စည်းလေးက ဘယ်မှာလဲဆိုတာ သခင်ကြီး တကယ်မသိဘူးလား "
လောထျန်း မေးလိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းအား မကျေနပ်အကြည့်ဖြင့် ကြည့်ရင်း ပြန်ပြော၏။
" အဲ့ဒါ ဘယ်မှာမှန်းသာသိရင် ငါ ခုလိုကြီး ဒုက္ခရောက်နေမယ် ထင်လို့လား "
လောထျန်း သူ့ကိုကြည့်ပြီး စဥ်းစားလိုက်ရာ သူပြောသည့်စကားများက အမှန်ဖြစ်နိုင်ကြောင်း ခံစားမိလိုက်သည်။
ထို့ကြောင့်.. သူ ချောင်းဟန့်၍ လည်ချောင်းရှင်းပြီး စကားဆက်လိုက်၏။
" ဒီကိစ္စကို ခဏထားလိုက်ကြတာပေါ့ သခင်ကြီးရာ ။ အခု ထျန်းယွမ်ကမ္ဘာကို ဘယ်လိုပြန်လို့ရလဲ သခင်ကြီး သိလားဗျ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အေးအေးဆေးဆေးပင် ပြန်ပြောသည်။
" ဘယ်လောက်ခက်မှာမို့လဲကွာ။ မင်းသာ ငါ့ကို ဟင်းလင်းပြင်လေထုကို ဖြတ်ခေါ်သွားပြီး ထျန်းယွမ်ကမ္ဘာကို ပြန်လိုက်ရင် ရသွားပြီလေ "
လောထျန်းက အိုးတို့အမ်းတမ်း ခေါင်းကုတ်လိုက်သည်။
" အဲ့ဒါ နည်းနည်းခက်နိုင်တယ်ဗျ။ အရင်ဆုံးအနေနဲ့
ထျန်းယွမ်ကမ္ဘာက ဘယ်မှာလဲဆိုတာ ကျုပ် မသိဘူး ။ နောက်တစ်ခုက ဒီဟင်းလင်းပြင်လေထုက အမြဲတမ်းကြီး ပြောင်းလဲနေတော့ သွားရတဲ့နှုန်းက အရမ်းနှေးတယ်ဗျ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့အားသင့်သွားပြီး ပြန်ပြော၏။
" ဟင်းလင်းပြင်လေထုကို ဒီတိုင်း အေးခဲသွားအောင် လုပ်လိုက်လို့ရတယ် မဟုတ်ဘူးလား "
လောထျန်းက နားရှုပ်သွားဟန်ဖြင့် ပြန်မေးသည်။
" ဟင်းလင်းပြင်လေထုကို အေးခဲအောင်လုပ်မယ်... ဘယ်လိုလုပ်ရတာလဲဟင် "
ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်မှောင်ကြုံ့သွားတော့သည်။
" ကိုယ့်ရဲ့ အတွင်းကမ္ဘာငယ်ကိုသုံးပြီး ဖိနှိပ်ရမှာလေ ။ ဘယ်လိုလုပ်ရလဲ မင်း တကယ်မသိဘူးလား "
လောထျန်းမှာ ထိုစကားကို နားထောင်ရင်း ဆွံ့အနေရှာတော့၏။
" ဒါ... ကျုပ်မှာ အတွင်းကမ္ဘာငယ် မရှိဘူးလေ .. "
သူ ပြန်ပြောလိုက်သည်။
" ဘယ်လို.... "
ထျန်းယွမ်ကမ္ဘာသခင်ကြီး မှင်သက်သွားတော့သည်။
လောထျန်းက ဤမျှ အစွမ်းထက်နေပြီး အတွင်းကမ္ဘာငယ် မရှိဘူးတဲ့လား ။
၎င်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
" ကောင်လေး.. နောက်နေတာများလားကွာ။ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာတဲ့သူက အတွင်းကမ္ဘာငယ် မရှိဘူးတဲ့လား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။
လောထျန်း ရှက်သည့်မျက်နှာထား ဖြစ်သွားကာ ပြန်ပြော၏။
" သခင်ကြီး ၊ ကျုပ်က အခုမှ ထုံရွှယ်အဆင့်မှာပဲ ရှိသေးတယ် "
လွန်ခဲ့သော တစ်စက္ကန့်အလိုကပင် လောထျန်း၏ လေ့လာအားနည်းမှုကြောင့် ဒေါသထွက်နေခဲ့သည့် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ..
ထိုစကားကိုကြားပြီး တစ်ကိုယ်လုံးတောင့်ကာ ကြက်သေ သေသွားတော့သည်။
" မင်း.. ဘာပြောလိုက်တာ... ဘယ်ကျင့်ကြံခြင်းအဆင့်.. "
သူ မယုံနိုင်စွာ ထပ်မေးလိုက်သည်။
" ထုံရွှယ်အဆင့်ဗျ... သခင်ကြီး မမြင်ရဘူးလား "
လောထျန်း ပြန်ပြော၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ သူ့မျက်လုံးသူ အသည်းအသန်ပြန်ပွတ်ပြီး လောထျန်းအား အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေလိုက်သည်။
သူ အလွန်လည်း အံ့သြတုန်လှုပ်နေတော့၏။
" မင်း... မင်းက တကယ်ကြီး ထုံရွှယ်အဆင့်မှာလား.. "
သူ မယုံနိုင်စွာ ရေရွတ်လိုက်သည်။