← Chapters

ကြယ်တစ်ခု ဖန်တီးခိုင်းတာလေ... ဘာလို့ ကြယ်အစုအဝေးကြီး ဖန်တီးနေတာလဲ

Vol. 39 Ch. 539

ကြယ်တစ်ခု ဖန်တီးခိုင်းတာလေ... ဘာလို့ ကြယ်အစုအဝေးကြီး ဖန်တီးနေတာလဲ

Vol. 39 Ch. 539

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်း၏ ကျင့်ကြံခြင်းအဆင့်ကို ​သေချာရှင်းလင်းစွာ မြင်ပြီးနောက် ပို၍ပင် အံ့သြတုန်လှုပ်သွားတော့သည်။

ထိုကောင်လေးက ထုံရွှယ်အဆင့် ကျင့်ကြံခြင်းဖြင့် ဟင်းလင်းပြင်လေထုကို ဖြတ်ပြီး ဤနေရာထိ ရောက်လာနိုင်ခဲ့သတဲ့လား ။

ကောင်လေးက ထျန်းကန်းလူသတ်နတ်ဘုရားကျောက်တုံး သုံးဆယ့်ခြောက်ခုကို ဖျက်ဆီးခဲ့ပြီးနောက် သူ့ကို နှစ်ပေါင်းသိန်းချီ ဖိနှိပ်ထားခဲ့သည့် ရှေးဟောင်းကျောက်တုံးကြီးကိုလည်း ဖိခြေပစ်ခဲ့ပါသေးသည်။

ထိုမျှမက... မသေမျိုးဘုရင်၏ ဖိအားကိုလည်း လုံးဝ လျစ်လျူရှုထားခဲ့နိုင်ပါသေး၏။

ဘာတွေဖြစ်နေပါသနည်း။

သူ့မျက်လုံးဖြင့်သာ ကိုယ်တိုင်မြင်ခဲ့ရခြင်း မဟုတ်ပါက.. ထိုသို့သောအဖြစ်မျိုး ရှိသည်ကို သူ လုံးဝယုံမိမည် မဟုတ်ပါ။

" မင်း.. မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီး တုန်လှုပ်စွာ စကားစလိုက်သည်။

လောထျန်းက ချက်ချင်းရှင်းပြ၏။

" ကျုပ်ကျင့်ကြံတဲ့နည်းက တခြားသူတွေနဲ့ မတူဘူးဗျ ။ ကျုပ်က ကျုပ်နဲ့အဆင့်တူ ကျင့်ကြံသူတွေထက် ပိုအစွမ်းထက်တယ် "

" ပိုအစွမ်းထက်တယ်... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ပြန်အထွန့်တက်ရန်ပင် အားမရှိတော့ပါချေ။

ပိုအစွမ်းထက်သည်ကို စကားထဲ ထည့်ပြောစရာပင် လိုနေပါသေးသလား..

တဖက်မှ လောထျန်းက စကားဆက်သည်။

" သခင်ကြီး ၊ လောလောဆယ် အဲ့ကိစ္စသေးသေးလေးတွေကို ခဏထားလိုက်ပါဦးဗျာ ။ ထျန်းယွမ်ကမ္ဘာ ကိုပဲ အရင်ပြန်ကြရအောင် ။ ကျုပ်မှာ အတွင်းကမ္ဘာငယ် မရှိဘူးဆိုတော့... သခင်ကြီးကပဲ အဲ့လိုလုပ်ပြီး ဟင်းလင်းပြင်လေထုကို ဖိနှိပ်လိုက်လို့ မရဘူးလား "

သူ့စကားကြောင့် ထျန်းယွမ်ကမ္ဘာသခင်ကြီး ဆွံ့အသွားရပြန်ပြီးမှ ပြောလိုက်သည်။

" မင်းက တကယ်ကို ဘာမှမသိတာပဲ ။ ငါ့ရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံထားရမှတော့ ငါ့ရဲ့အတွင်းကမ္ဘာငယ်ကလဲ ဖျက်ဆီးခံလိုက်ရပြီပေါ့ကွ။ ဘယ်လိုလုပ် ဖိနှိပ်နိုင်တော့မှာလဲ "

လောထျန်း တုန်လှုပ်သွားဟန် တူပါသည်။

" အဲ့လောက် ဆိုးတာလား.. "

ခေတ္တမျှ ငြိမ်နေပြီးနောက် လောထျန်း စကားဆက်၏။

" သခင်ကြီး ၊ ထုံရွှယ်အဆင့်က လူတစ်ယောက်ကရော အတွင်းကမ္ဘာငယ်ကို ဖွင့်နိုင်လား... "

တဖက်လူ၏ အတွင်းကမ္ဘာငယ်ကို သုံးရန် မဖြစ်နိုင်ပေရာ သူ့ကိုယ်ပိုင် ဖန်တီးရန်သာ ရှိတော့သည်မဟုတ်ပါလား။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ဖြေ၏။

" ပုံမှန်ဆိုရင်တော့.. မဖြစ်နိုင်ဘူးကွ "

" ဟုတ်လား.. "

လောထျန်းတစ်ယောက် စိတ်ပျက်နေသည့် မျက်နှာကြီး ချက်ချင်းဖြစ်သွားသည်။

သူ ဤနေရာတွင်သာ ထာဝရပိတ်မိနေတော့မည်လား... ။

ပျောင်ပိုင်မြို့ကို ဘယ်လိုလုပ်ရပါမည်နည်း..

ထျန်းယွမ်ကမ္ဘာရော ဘယ်လိုဖြစ်ကျန်ခဲ့ပါမည်နည်း..

သူ ဖြစ်သွားသည့်ပုံကို ကြည့်ရင်း ထျန်းယွမ်ကမ္ဘာသခင်ကြီးက ကူကယ်ရာမဲ့ဟန်ဖြင့် ဆိုသည်။

" မင်းက ဘာလို့စိတ်ပျက်သွားရတာလဲ ။ ပုံမှန်ဆိုရင်ပဲ မဖြစ်နိုင်တာလို့ ငါပြောတယ်လေ ။ မင်းကိုယ်မင်းလဲ ပြန်ကြည့်လိုက်ပါဦး... မင်းက ပုံမှန်လား "

" အင်.... "

လောထျန်း မှင်သက်သွားရတော့သည်။ သေချာစဥ်းစားကြည့်လိုက်ပြန်လျှင်လည်း... သူက ပုံမှန်လူတစ်ယောက် ဟုတ်ဟန်မတူပါ ။

" ဒါဆို.. ကျေးဇူးပြုပြီး ကျုပ်ကိုသင်ပေးပါ သခင်ကြီး "

လောထျန်း စိတ်ရင်းဖြင့် အနူးညွှတ်ပြောလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၏။

" ဒါပေါ့ကွ.. အရင်ဆုံး မင်းကိုငါ ကျမ်းစာတစ်ခု သင်ပေးမယ် "

သူ ထိုသို့ပြောပြီး လက်ညိုးညွှန်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု လောထျန်းဆီသို့ မျောလွင့်လာသည်။

လောထျန်းကလည်း စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ ရွှေရောင်အလင်းတန်းအား ထိလိုက်ရာ ချက်ချင်းမှာပင် သူ့အသိစိတ်ပင်လယ်ထဲ၌ ကျမ်းစာတစ်ခု ပေါ်လာ၏။

" အဲ့ကျမ်းစာကို ကောင်းကင်ဘုံအဆင့်တက်ခြင်းကျမ်းစာ (ထျန်းယန်ကျမ်းစာ) လို့ ခေါ်တယ်။ မင်း အတွင်းကမ္ဘာငယ် ဖွင့်ချင်ရင် အရင်ဆုံး အဲ့ကျမ်းစာကို ကျွ​မ်းကျင်ပိုင်နိုင်အောင် လုပ်ပြီးတော့ အနည်းဆုံး ကြယ်တစ်ခု ဖန်တီးဖို့လိုတယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုသို့ပြောနေရင်း ယခင်မှတ်ဉာဏ်ဟောင်းများကို ပြန်ပြောင်းသတိရသွားဟန် တူပါ၏။

ထို့နောက် သူ စိတ်မကောင်းဖြစ်နေဟန်ဖြင့် ဆိုသည်။

" အရင်.. ငါ ဒီကျမ်းစာကို လေ့ကျင့်တုန်းကဆိုရင် အချိန်သုံးနှစ်တည်းနဲ့ အကျယ်နှစ်ပေလောက်ရှိတဲ့ ကြယ်တစ်ခု ဖန်တီးနိုင်ခဲ့တာကွ။ အဲ့တုန်းကတော့ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တာပေါ့ကွာ။ အခု မင်းကတော့.. ငါ့ထက်တောင် ပိုမြန်နိုင်မယ်ထင်တယ် "

သူ ထိုသို့ပြောပြီး လောထျန်းအား အားပေးလိုသည့်ဘ အကြည့်ဖြင့်ကြည့်လိုက်သည်။

သို့သော် ထိုစဥ်.. ထင်မထားစွာပင် လောထျန်းက လက်တစ်ဖက်ဆန့်ထုတ်ပြီး ပြောလာ၏။

" ကြည့်ရတာ အခု ကျုပ် ကြယ်ကို လုပ်နိုင်ပြီနဲ့တူတယ် "

" အခုကို လုပ်နိုင်ပြီ... ဟုတ်လား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေတ္တမျှ အံ့သြမှင်သက်သွားပြီးမှ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" ကောင်လေး... လောရင် အမှားတွေ ဖြစ်တတ်တယ်ကွ ။ အဲ့တော့ ဘာကိုမှ မလောဘဲနဲ့ ကြယ်တွေမလုပ်ခင် တစ်နှစ်ခွဲလောက် အေးအေးဆေးဆေး အချိန်ယူလိုက်ဦး ။ မဟုတ်ရင် မင်း အောင်မြင်မှာ မဟုတ်... "

သို့သော်.. သူ့စကား မဆုံးခင်မှာပင်..

ဝုန်း..

လောထျန်းလက်ထဲ၌ ပေထောင်းထောင်ချီ အချင်းရှိသည့် ကြယ်ကြီးတစ်ခု ပေါ်လာသည်။

" ဒါ... "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ၎င်းကိုကြည့်ရင်း အံ့သြမှင်သက်နေတော့၏။

သူက သုံးနှစ်အတွင်း အချင်းနှစ်ပေရှိသည့် ကြယ်တစ်ခု ဖန်တီးနိုင်ခဲ့ကြောင်း ပြန်ကြွားနေတုန်းပင် ရှိပါသေးသည်။

သို့သော်.. ယခု သူ့ရှေ့မှ လောထျန်းက သူစကားပြောနေစဥ် အချိန်လေးအတွင်း ဤမျှကြီးမားသည့် ကြယ်တစ်လုံးကို ဖန်တီးနိုင်ခဲ့သတဲ့လား ။

၎င်းမှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပင်..

" မဟုတ်လောက်ဘူး.. ဒီကောင်လေးက လျှောက်လုပ်နေတာပဲ ဖြစ်ရမယ် ။ အဲ့ကြယ်က သူကိုယ်တိုင် ဖန်တီးထားတာ မဖြစ်နိုင်ဘူး "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ဖြစ်နိုင်ချေတစ်ခုကို တွေးမိကာ လောထျန်းလက်ထဲမှ ကြယ်အား ချက်ချင်းကြည့်လိုက်သည်။

သူ အပြစ်ရှာရန် ကြိုးစားနေသည်ဟု ပြောလျှင် ပိုမှန်ပါလိမ့်မည်။

သို့သော်.. အချိန်အတန်ကြာ ကြည့်ပြီးသွားသည့် နောက်တွင်ကား.. သူ့ရင်ထဲ ဘာကိုအလိုမကျမှန်းမသိ ဖြစ်သွားရပါတော့၏။

သူ့ရှေ့မှ ကြယ်ကြီးမှာ လောထျန်းကိုယ်တိုင် ဖန်တီးခဲ့သည့် ကြယ်ကြီးပင်..

ထိုတခဏ၌ သူ လောထျန်း အပေါ် ကြည့်သည့်အကြည့်မှာလည်း ယခင်နှင့် မတူတော့ပါချေ။

သို့သော်.. မျှော်လင့်မထားစွာပင် လောထျန်းမှာ ထိုစဥ် မျက်မှောင်ကြီး ကြုံ့နေပါ၏။

" အင်း.. ပထမဆုံးအကြိမ်ဆိုတော့လဲ အမှားဖြစ်သွားတာပဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" အမှား... ဟုတ်လား.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မှင်သက်သွားရပြန်၏။

သူ လောထျန်းဖန်တီးထားသည့် ကြယ်ကို သေချာကြည့်ပြီး ခဏတာမျှ နားမလည်နိုင် ဖြစ်နေတော့သည်။

ဘာအမှားများ ပါ၍ပါနည်း..

ထိုကြယ်မှာ ပြစ်ချက်ကင်းနေသည် မဟုတ်ဘူးလား..

ထိုအချိန်မှာပင် လောထျန်း က လက်ယမ်းလိုက်ရာ ကြယ်ကြီး ပြန်ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်မူ.. လောထျန်းက အသက်ပြင်းပြင်းရှိုက်ပြီး လက် ထပ်ထုတ်လိုက်ပြန်၏။

ဝုန်း...

ချက်ချင်းမှာပင် .. သူ့လက်ထဲ၌ မိုင်ပေါင်းတစ်သောင်းထက်မနည်းသော အချင်းရှိသည့် ကြယ်ကြီး တစ်ဖြည်းဖြည်း စပေါ်လာတော့သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီး : " ................ "

ထိုအချိန်တွင် သူ အော်၍သာ ဆဲလိုက်ချင်ပါတော့၏။

သူပေးခဲ့သည့် ကျမ်းစာမှာ ကြယ်များကို ဖန်တီးသည့်ကျမ်းစာ ဖြစ်သော်လည်း ပုံမှန်ဆိုလျှင် ဂြိုလ်ငယ်လေးများကိုသာ ဖန်တီး၍ ရတတ်ပါသည်။

သို့သော် ယခုလောထျန်းက ဒုတိယအကြိမ် ကြိုးစားသည့်အချိန်မှာပင် ကြယ်အစစ်တစ်လုံးကို အမှန်တကယ် ဖန်တီးနိုင်ခဲ့သတဲ့လား..

ထိုသို့သော အဖြစ်မျိုးကို သူ ကြားပင် မကြားဖူးခဲ့ပါ။

ထို့ထက်ပို အရေးကြီးသည်မှာ..

ဝီ...

လောထျန်းလက်ထဲမှ ကြယ်ကြီးက လည်နေစဥ်အတွင်း ဘေးပတ်လည်မှ အမည်းရောင်မီးခိုးလုံးများ ထွက်လာခြင်း ​ဖြစ်၏။

ထိုအဓိပ္ပါယ်ကို ထျန်းယွမ်ကမ္ဘာသခင်ကြီး ချက်ချင်းနားလည်လိုက်ပါသည်။

၎င်းမှာ ထိုကြယ်ကြီး၏ ခြစ်ခြစ်တောက်ပူလှသော အပူငွေ့မှ ထွက်လာခြင်းပင် ။

၎င်းက လောထျန်း ဖန်တီးထားသည့် ကြယ်မှာ ပုံရိပ်ယောင်တစ်ခု မဟုတ်ဘဲ ...

ပုံရိပ်ယောင်မှ အစစ်အဖြစ် စတင်အသွင်ပြောင်းနေသည် ဆိုသည့် သဘောဖြစ်ပါသည်။

သို့သော်... ၎င်းမှာ အတွင်းကမ္ဘာဖန်တီးခြင်း၏ ဒုတိယအဆင့် ဖြစ်ပြီး...

သူ မသင်ပေးရသေးခင်မှာပင်.. လောထျန်းက သိနေခဲ့ပြီတဲ့လား ။

" ဒီဘီလူးကောင်လေးကတော့.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းအား လုံးဝ နားမလည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်တော့သည်။

သို့သော်.. ထိုစဥ်မှာပင် သူ့အား ပို၍ ဆွံ့အသွားစေသည့် နောက်ထပ်တစ်ခု ထပ်ဖြစ်လာပါ၏။

" ဟင်.. ဘာလို့ မအောင်မြင်သေးတာလဲ ။ ​ကြည့်ရတာ ထပ်ပြီးလေ့ကျင့်ဖို့ လိုနေသေးတယ်နဲ့ တူပါတယ် "

လောထျန်း မျက်မှောင်ကြုံ့ကာ တစ်ကိုယ်တည်း ရေရွတ်၍ ကြယ်ကြီးအား ပြန်ဖျောက်လိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်နှာရှုံ့မဲ့သွားတော့သည်။

ဤအရာကို မအောင်မြင်သေးဘူးတဲ့လား..

၎င်းကိုပင် မအောင်မြင်ဟု ပြောနေလျှင်... သူအပါအဝင် ထျန်းယွမ်ကမ္ဘာသမိုင်းတလျှောက်မှ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများက ဘာဖြစ်သွားပါမည်နည်း ။

အရှုံးသမားထက်ပင် ဆိုးသွားလေပြီ..

ထိုစဥ် တဖက်မှ လောထျန်းမှာ တစ်စုံတစ်ခုကို အလေးနက်တွေးနေသည့်အလား မျက်လုံးမှိတ်၍ ရပ်နေ၏။

တခဏကြာပြီးနောက်တွင်မူ သူ မျက်လုံးများ ပြန်ဖွင့်လာသည်။

" ဟုတ်ပြီ... သိသွားပြီ ။ ဒီတစ်ခေါက်တော့ ရပြီနဲ့တူတယ် "

လောထျန်း ထိုသို့ရေရွတ်ကာ အသက်ပြင်းပြင်း ရှိုက်ပြီး လက်ဆန့်ထုတ်လိုက်ပြန်သည်။

ဝုန်း..

ဤတစ်ကြိမ်တွင်ကား လောထျန်းလက်ထဲမှ အသံကြီးက ကမ္ဘာတစ်ခု ဖန်တီးနေသလိုပင် ကျယ်လောင်လွန်းလှပါ၏။

ထို့နောက်တွင်မူ.. သူ့လက်ထဲ၌ မိုင်ပေါင်းနှစ်သောင်းကျော် အချင်းရှိသည့် ကြယ်ကြီးတစ်လုံး ပေါ်လာတော့သည်။

ထိုကြယ်ကြီးဘေးတွင်လည်း မရေမတွက်နိုင်သော ကြယ်များ စုဝေးကာ ကြယ်ကြီးကို ဗဟိုပြု၍ လည်ပတ်နေကြ၏။

ဝီ..

ထိုတခဏ၌ ကျွန်းဘေးမှ ဟင်းလင်းပြင်လေထုမှာလည်း ကြယ်များ၏ ရွေ့လျားမှုကြောင့် ရိုက်ခတ်ခံသွားရဟန်တူကာ နောက်သို့ တဖြည်းဖြည်း ရောက်သွားသည်။

" ဒီမအေ $## "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လုံးဝ တုန်လှုပ်သွားရတော့သည်။

ထိုကောင်လေးက ကြယ်တစ်လုံး ဖန်တီးခိုင်းစဥ်တွင်.. ကြယ်အစုအဝေးကြီး တစ်ခုကို ဖန်တီးလိုက်သတဲ့လား...

ထို့ထက်ပို အရေးကြီးသည့်အချက်မှာ သူ ဖန်တီးလိုက်သော ကြယ်အစုအဝေးကြီးက ဟင်းလင်းပြင်လေထုအား အကျိုးသက်ရောက်နေနိုင်ခြင်းပင် ။

သူ ကျင့်ကြံခြင်း အမြင့်ဆုံးအချိန်တွင်ပင် ထိုသို့သောအရာမျိုး မလုပ်နိုင်ခဲ့ပါချေ။

သို့သော်. ... ယခု ရှေ့မှ လောထျန်းမှာကား ထျန်းယန်ကျမ်းစာကို အလွန်ဆုံးမှ မိနစ်အနည်းငယ်လေးမျှသာ လေ့ကျင့်ရပါသေးသည်။

All Chapters