ရှေးဟောင်းနတ်ဆိုးကမ္ဘာ
Vol. 39 Ch. 543
" ရှေးဟောင်းနတ်ဆိုးကမ္ဘာ... ဟို ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုထဲက တစ်ခုလား "
လောထျန်း တအံ့တသြ မေးလိုက်သည်။
" အင်း.. မင်းတို့ လက်ရှိအခေါ်အရတော့ အဲ့လိုပဲ ဖြစ်မှာပေါ့ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြောလိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့ပြီး မေးလိုက်၏။
" ဘာလို့ အဲ့ကို ရောက်နေတာလဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြောသည်။
" မင်းက တစ်စက္ကန့်တည်းနဲ့ အဲ့လောက်အဝေးကြီး ရောက်လာမယ်လို့ ဘယ်ထင်မှာလဲကွ။ ဒါပေမယ့်.. အခု ရောက်လက်စနဲ့ သွားကြည့်လိုက်ကြမလား "
" ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာက တကယ့် ရတနာတွေနဲ့ ပြည့်နေတာကွ။ သူတို့ဆီမှာ ရတနာပေါင်းစုံရှိတဲ့ အဓိက ရတနာနယ်မြေ ငါးခုတောင် ရှိတာ "
" အထူးသဖြင့် သူတို့ဆီမှာ ခန္ဓာကိုယ်အစွမ်းကိုရော စိတ်ဝိဥာဥ်အစွမ်းကိုပါ တိုးစေနိုင်တဲ့ ရတနာတွေ အများကြီး ရှိတယ်။ မင်းသာ အဲ့လိုဒဏ္ဍာရီကျော် ရတနာတွေနည်းနည်းလောက် ရလိုက်ရင် မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က နောက်တစ်ဆင့် တက်သွားမလားတောင် မသိဘူး "
လောထျန်း ထပ်မေးလိုက်သည်။
" သခင်ကြီး အဲ့ကိုရောက်ဖူးလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခြောက်ကပ်ကပ်ရယ်ရင်း ပြန်ပြောသည်။
" မရောက်ဖူးဘူးကွ ။ ဒါပေမယ့် ငါတို့ဘိုးဘေးတွေဆီကနေ ကြားတာတော့ ရှေးဟောင်းနတ်ဆိုးကမ္ဘာက ငါတို့ ထျန်းယွမ်ကမ္ဘာက အစွမ်းထက်ကျင့်ကြံသူတွေအတွက် နောက်ကွယ်က ဥယျာဥ်ကြီးပဲတဲ့ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဒါဆို.. အဲ့ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ သိဒ္ဓိဝင်ဆေးတွေရော ရှိနိုင်လား.. "
" သိဒ္ဓိဝင်ဆေးလား... နည်းနည်း ရှိမယ်နဲ့တူတယ် "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြော၏။
ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" အဲ့လိုဆိုရင်တော့ သွားကြည့်ကြတာပေါ့ဗျာ ။ တိုက်တိုက်ဆိုင်ဆိုင်.. ကျုပ်ကလဲ သူတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာနဲ့ ထျန်းယွမ်ကမ္ဘာကြားထဲမှာ ကွာဟချက် ဘယ်လောက်ကြီးလဲ သိချင်နေတာ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုစကားကို ကြားချိန်၌ လောထျန်းက ထျန်းယွမ်ကမ္ဘာမှ အခြားသူများကို ရည်ရွယ်ပြီး ပြောသည်ထင်လိုက်သဖြင့် စိတ်ထဲ အလေးအနက် မထားလိုက်ပါချေ။
လောထျန်းက သွားရန် သဘောတူလာသည့်အတွက်ကြောင့်သာ သူ စိတ်လှုပ်ရှားသွားသည်။
" ကောင်းပြီ ၊ ဒါဆို ငါ လမ်းပြပေးမယ် "
သူ ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူ လောထျန်းအား လမ်းညွှန်ပေးလိုက်၏။
လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ ညွှန်သည့်အတိုင်း ပျံသန်းသွားလိုက်သည်။
ထို့နောက်တွင်ကား...
ဝုန်း..
သူ့ရှေ့ရှိ လေထုက မတည်မငြိမ် ဖြစ်သွားပြီး လေထုအကာအရံ အတားအဆီးတစ်ခု ရှိနေသည်ကို လောထျန်း တွေ့လိုက်ရ၏။
လောထျန်းမည်သို့မှ မပြောဘဲ ရှေ့ဆက်တိုးသွားကာ လေထုအကာအရံအား ဖြိုခွဲပစ်လိုက်သည်။
ပြီးနောက်တွင်မူ.. သူ ကမ္ဘာတစ်ခုရှေ့ ရောက်သွားပါ၏။
၎င်းမှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာပင်.. ။
" ဒီက အရောင်အဝါက... "
လောထျန်း ဘေးဘီသို့ ဝေ့ဝဲကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။
ဤ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ ထျန်းယွမ်ကမ္ဘာလို မဟုတ်ဘဲ စိတ်စွမ်းအင်များ အလွန်နည်းပါးပြီး နတ်ဆိုးအစွမ်းများသာ ပေါကြွယ်ဝနေပါ၏။
" မင်း ခံစားမိလား ။ ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာက ကျင့်ကြံသူ အားလုံးနီးပါးက နတ်ဆိုးအစွမ်းကျင့်ကြံသူတွေပဲကွ။ သူတို့ရဲ့ ကျင့်ကြံခြင်းနည်းတွေက ငါတို့ ထျန်းယွမ်ကမ္ဘာနဲ့ ကွဲတယ်။ သူတို့က နတ်ဆိုးအစွမ်းကို ကျင့်ကြံကြတာမို့ သူတို့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းကလဲ ငါတို့တွေထက် အများကြီး ပိုအစွမ်းထက်ကြတယ် "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောပြသည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
ယခုလို နေရာမျိုးတွင် ကြိးပြင်းလာသူများ အနေဖြင့် အစွမ်းထက်သော ခန္ဓာကိုယ်အစွမ်း မရှိထားလျှင်ပင် အံ့သြစရာ ကောင်းနေပေဦးမည်။
သူ ထိုသို့ အတွေးများနေစဥ်မှာပင်..
ဝုန်း..
မလှမ်းမကမ်းမှ ကြောက်မက်ဖွယ် မီးတောက်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
" ဟင်... "
လောထျန်း ခေါင်းလှည့်ကြည့်လိုက်ရာ ထိုမီးတောက်က ချောက်တစ်ခုဆီမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
" ဒါ.... "
သူ အနည်းငယ်လည်း အံ့အားသင့်သွားရသည်။
ထိုအချိန်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ရုတ်တရက် ပြောလာ၏။
" လောထျန်း.. ငါတို့တွေ တော်တော်ကံကောင်းတာပဲ "
" အင်.. အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြော၏။
" ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ ရတနာတွေ ပြည့်နေတဲ့နေရာကြီး ငါးခုရှိတယ်လို့ ငါပြောတာ မှတ်မိလား "
" မှတ်မိတာပေါ့ဗျ ... ဒီဟာက အဲ့နေရာတွေထဲက တစ်ခုလား "
လောထျန်း ပြန်မေးလိုက်သည်။
" ဟုတ်တယ်ကွ ၊ ဒါက ကောင်းကင်မီးတောက် နတ်ဆိုးချောက် ဖြစ်မယ်နဲ့တူတယ် ။ အဓိကရတနာကြီး ငါးခုထဲက တစ်ခုပေါ့ကွာ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ဆိုသည်။
" ကောင်းကင်မီးတောက် နတ်ဆိုးချောက် ဟုတ်လား.. အဲ့ဒါ ဘာကြီးလဲ "
လောထျန်း ထပ်မေးလိုက်၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ချက်ချင်းရှင်းပြသည်။
" ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ထဲမှာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် လို့ခေါ်တဲ့ ထူးခြားတဲ့ မီးတောက်တစ်မျိုး ရှိတယ်ကွ။ တကယ်လို့သာ အဲ့ဒါကို သန့်စင်နိုင်ရင် စိတ်ဝိဥာဥ်အစွမ်းတွေ အများကြီး တိုးသွားစေနိုင်တယ် "
" စိတ်ဝိဥာဥ်အစွမ်းကို တိုးစေနိုင်တယ်... "
လောထျန်း စိတ်ပျက်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။
အခြားသူများအတွက်မူ... စိတ်ဝိဥာဥ်အစွမ်းကို တိုးအောင်လုပ်ရန် ခက်ခဲလှသော်လည်း...
ကောင်းကင်ဘုံပုံရိပ်ဖော်ကျင့်စဥ်ကို ပိုင်ဆိုင်ထားသည့် လောထျန်းအတွက်မူ ဤမျှ ခက်ခဲမနေပါ။
အခြားသူများအတွက် စိတ်ဝိဥာဥ်အစွမ်းတိုးအောင် ခက်ခက်ခဲခဲ လုပ်နေရချိန်၌..
လောထျန်းအတွက်မှာကား ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ်ကို ကျင့်ကြံရန် အချိန် တစ်မိနစ်ကျော်ခန့်သာ လိုအပ်ပါသည်။
ထို့ကြောင့်... နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က သူ့အတွက် ဘာမှ အသုံးမဝင်ပါ ။
သို့သော် အနားမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက ဆက်ပြောလာ၏။
" လောထျန်း ၊ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို လျှော့မတွက်နဲ့နော်။ အဲ့ဟာက ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အင်မတန်အရေးကြီးတဲ့ သဘာဝအရင်းအမြစ်ကြီး တစ်ခုပဲကွ "
" ငါ ခုနကပြောခဲ့သလို ဒီကလူတွေက နတ်ဆိုးအစွမ်းကို ကျင့်ကြံကြတာမို့ လက်ချည်းသက်သက် တိုက်ပွဲတွေမှာ တကယ့်ပြိုင်ဘက်ကင်းတွေပဲ ။ ပုံမှန်အတိုင်းဆိုရင် သူတို့က ခန္ဓာကိုယ်ကျင့်စဥ်ကို ကျင့်ကြံကြတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေက အားနည်းနေသင့်တာလေ။ အဲ့တော့ သူတို့နဲ့ ရင်ဆိုင်ရရင် စိတ်ဝိဥာဥ်အစွမ်းကိုပဲ သုံးပြီး တိုက်ခိုက်ရင်ရပြီလို့ ထင်ချင်စရာပဲ "
" တကယ်ကြီးလား.. "
လောထျန်း တအံ့တသြ ဖြစ်သွားသည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချ၍ ပြန်ပြော၏။
" ထျန်းယွမ်ကမ္ဘာက ကျင့်ကြံသူတွေအတွက်ကတော့ ဒီ သဘောတရားက မှန်တယ်ကွ။ ဒါပေမယ့် ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာက လူတွေအတွက်တော့ အဲ့နည်းက အလုပ်မဖြစ်ဘူး "
" အရင်က ငါ ထျန်းယွမ်ကမ္ဘာကို ဦးဆောင်ပြီး ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာက လူတွေနဲ့ တိုက်ခိုက်ခဲ့ဖူးသေးတယ်။ အဲ့မှာတင် ငါတို့တွေက သူတို့ထက် ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာတင် နောက်ကောက်ကျတာ မဟုတ်ဘဲ စိတ်ဝိဥာဥ်အစွမ်းမှာလဲ ကွာဟချက်အကြီးကြီး ရှိနေမှန်း သိလိုက်ရတာပဲ "
" ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာက လူတွေဆီမှာ အင်မတန်အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ ပိုင်ဆိုင်ကြတယ်ကွ။ ငါတို့ထျန်းယွမ်ကမ္ဘာက စိတ်ဝိဥာဥ်ပညာရှင်တွေတောင် သူတို့ကို ဘာမှ မလုပ်နိုင်သလောက်ပဲ။ ဒီလူတွေရဲ့ စိတ်ဝိဥာဥ်အစွမ်းက တကယ်ကို အစွမ်းထက်တာ ။ ဒါပေမယ့်.. သူတို့တွေက စိတ်ဝိဥာဥ်အစွမ်းကို လုံးဝ မသုံးသလောက်နီးပါးပဲ ။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ သိရဲ့လား... "
လောထျန်းက ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် ပြောသည်။
" သူတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေက ကျင့်ကြံခြင်းကနေ ရခဲ့တာမဟုတ်ဘဲ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို သန့်စင်ပြီး ရခဲ့တာဆိုတဲ့ သဘောလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်၏။
" အမှန်ပဲကွ ၊ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က တကယ်ကို ကောင်းတဲ့အရာပဲ ။ အဲ့တော့ မင်း အခွင့်ရတုန်း ဒါတွေကို များများယူသွားဖို့ ငါ အကြံပေးချင်တယ် ။ မင်းကိုယ်တိုင် ဒါတွေကို မသန့်စင်ရင်တောင် မင်းနားက လူတွေအတွက် ပေးလို့ရတယ်လေ "
ထိုစကားမှာ လောထျန်း၏ စိတ်ကို ကိုင်လှုပ်လိုက်နိုင်ပါသည်။
သူက ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် ရင်ဆိုင်တိုက်ခိုက်လိုနေသူ မဟုတ်ပါလား။
သူက ထိုအဖွဲ့ကို မကြောက်သည့်တိုင် အကယ်၍ သူတို့ကသာ ပျောင်ပိုင်မြို့မှ အခြားသူများအား ပစ်မှတ်ထားလာပါက ကိုင်တွယ်ရန် ခက်ခဲသွားမည် ဖြစ်ပါသည်။
သို့သော်... ယခု နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုသာ ပြန်ယူသွားပြီး သူ့ဘေးမှ လူများအား သန့်စင်ရန် ပေးလိုက်နိုင်လျှင် ထိုသူများ၏ စိတ်ဝိဥာဥ်အစွမ်းက အဆင့်တစ်ခုအထိ ရောက်သွားကာ.... ဝမ်ဟွန်းကွေ့ယီဂိုဏ်းနှင့် စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့တို့ ဘာမှ လုပ်နိုင်တော့မည် မထင်ပါချေ။ ၎င်းမှာ နည်းလမ်းကောင်းတစ်ခုပင် ။
ထိုသို့တွေးကာ လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီဗျာ.. ဒါဆိုလဲ သွားကြတာပေါ့ "
သူ ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်မီးတောက် နတ်ဆိုးချောက်ဆီသို့ ပျံသန်းသွားလိုက်၏။
အမြင့်မှကြည့်ပါက ထို ကောင်းကင်မီးတောက် နတ်ဆိုးချောက်မှာ အဆုံးမဲ့သလိုပင် ဖြစ်နေပြီး အောက်ခြေကို လုံးဝ မမြင်ရပေ။
ချောက်ထဲတွင်လည်း... သူ့မျက်စိတဆုံး ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူများ ထောင်ချီရှိနေကာ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ယူရန် ကြိုးစားနေကြဟန် တူပါ၏။
လောထျန်း သူတို့ကိုကြည့်ပြီး ခေါင်းရှုပ်နေစဥ်မှာပင်..
" ဟေ့.. ညီလေး "
အောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။
လောထျန်း လန့်သွားပြီး ငုံ့ကြည့်လိုက်ရာ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူတစ်ယောက်က သူ့အား အပြုံးဖြင့်ကြည့်နေသည်ကို မြင်လိုက်ရ၏။
" ညီလေး.. မင်းက တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်လား "
တဖက်လူက လောထျန်းအား ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူတစ်ယောက်ဟုသာ ထင်နေပုံဖြင့် အပြုံးဖြင့် မေးလာသည်။
လောထျန်း ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
" ဟုတ်ပါတယ် "
တဖက်လူက လောထျန်းကိုကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုံ့သွားပြီး ပြောသည်။
" မင်း ဒီကောင်းကင်မီးတောက်နတ်ဆိုးချောက် ကို ရောက်တာ အခု ပထမဆုံးမဟုတ်လား "
" ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေတာလဲ "
လောထျန်း မေးလိုက်သည်။
တဖက်လူက အပြုံးဖြင့် ပြန်ပြော၏။
" အဲ့ဒါက သိသာပါတယ်ကွာ ။ ဒီကို ခုမှရောက်ဖူးတဲ့ လူသစ်တွေကလွဲလို့ ဘယ်သူကမှ ဒီနေရာမှာ တစ်ယောက်တည်းလျှောက်သွားရဲမှာ မဟုတ်ဘူးလေ "
" ဒီနေရာက တစ်ခုခု ထူးခြားတာ ရှိလို့လား "
လောထျန်း နားမလည်နိုင်စွာ ဆက်မေးလိုက်သည်။
တဖက်လူက စိတ်ရှည်လက်ရှည်ပင် ရှင်းပြ၏။
" ဒါပေါ့ကွာ.. ထူးတာပေါ့ ။ ဒီနေရာမှာ အင်မတန် ဖမ်းရခက်ပြီးတော့ အင်မတန်လဲ အန္တရာယ်များတဲ့ အဆင့်နှစ် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေနဲ့ ပြည့်နေတာလေ ။ မင်းလို လူသစ်လေးတစ်ယောက်က သတိလက်လွတ် ဖြစ်သွားရင် ဒီမှာ အသက်တောင် ဆုံးရှုံးရနိုင်တယ် "