မဟာနတ်ဆိုးစိတ်ဝိဥာဥ် တစ်ရာ
Vol. 39 Ch. 544
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
" နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က အဆင့်တွေအများကြီး ရှိတာလား "
တဖက်လူက လောထျန်းအား အံ့သြတကြီး ပြန်ကြည့်၏။
" ကောင်လေး... မင်းက အဲ့ဒါလေးတောင် မသိဘူးလား "
လောထျန်း ခေါင်းကုတ်၍ ပြောလိုက်သည်။
" အင်း... ကျုပ်က မြို့ငယ်လေးတစ်ခုကမို့ အဲ့ဒါတွေ နားမလည်ဘူးဗျ "
တဖက်လူ အံ့အားသင့်သွားပြီးမှ အထင်သေးဟန်ဖြင့် ပြန်ပြော၏။
" ချီး... ငါ့မှာတော့ စိတ်မကောင်းတွေ ဖြစ်နေတာ "
ထိုသို့ပြောပြီးသည်နှင့် သူ ချက်ချင်း နောက်လှည့်ထွက်သွားတော့သည်။
သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပင် မိန်းမငယ်လေးတစ်ယောက်က ရယ်ရင်း ပြောလာ၏။
" ဘာဖြစ်လို့လဲ ကွေ့ရှန်ရဲ့.. ဘယ်သူ့ကိုမှ လိမ်လို့ မရလိုက်ဘူးလား "
ကွေ့ရှန် ဆိုသည့်လူ ချက်ချင်း မျက်နှာညိုသွားသည်။
" ပိုင်စီ... ငါ့ကို ဘာမှရန်လာစမနေနဲ့ ။ ဒါ ငါတို့နှစ်ယောက်လုံး သဘောတူထားတဲ့ကိစ္စလေ ။ ငါက ဘယ်တုန်းက လိမ်ဖူးလို့လဲ "
ပိုင်စီဆိုသည့် မိန်းမပျိုက မည်သို့မှ ပြန်ငြင်းမနေဘဲ ပြုံး၍သာ လောထျန်းရှေ့သို့ ပျံသန်းလာသည်။
လောထျန်းအား ခေါင်းစခြေဆုံး ကြည့်လိုက်ပြီးနောက်တွင်ကား သူမ၏ မျက်လုံးများ အရောင်လက်သွား၏။
" တော်တော်ချောတဲ့ သူပဲ "
သူမ ပြောလိုက်သည်။
သို့သော် လောထျန်းနှင့် မနီးမဝေးတွင် ရပ်နေသည့် ကွေ့ရှန်က နှာခေါင်းရှုံ့လာ၏။
" ပိုင်စီ.. သူ့ကို သွားပြီး ဖားမနေနဲ့ ။ သူက မြို့ငယ်လေးတစ်မြို့က... ဆင်းလဲဆင်းရဲတဲ့ပုံပဲ "
ပိုင်စီက အံ့အားသင့်သွားဟန် တူပြီးမှ အပြုံးဖြင့် ပြောလိုက်သည်။
" နင် သူ့ကို ဘာလို့မလိမ်ခဲ့တာလဲလို့ ငါ စဥ်းစားနေတာ ။ လက်စသတ်တော့ ဒါ့ကြောင့်ကိုး ။ ဒါပေမယ့် နင်က ငါ့ကို ဘယ်လိုလူမျိုး ထင်လို့လဲ ။ ငါက လောဘကြီးတာ မှန်ပေမယ့် တဏှာလဲ ကြီးသေးတယ်ဟဲ့ ။ သူ့ရုပ်ရည်နဲ့တင်ကို သူ့ကို ကူညီပေးရမှာ တန်နေပါပြီ "
ထို့နောက် သူမ လောထျန်းဘက် လှည့်ကြည့်ကာ ဆက်ပြော၏။
" မောင်လေး ၊ ငါ့နာမည်က ပိုင်စီ လို့ခေါ်တယ် ။ နင့်နာမည်ကရော.. "
" လောထျန်းပါ.. "
လောထျန်းက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
" လောထျန်းတဲ့.. နာမည်လေးကလဲ လှလိုက်တာ ။ မောင်လေး လောထျန်း ၊ ငါက ဒီ ကောင်းကင်မီးတောက်နတ်ဆိုးချောက်မှာ ကျင်လည်နေတာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီ ။ နင် တစ်ခုခု သိချင်တာရှိရင် ငါ့ကိုသာမေး "
လောထျန်းမှာလည်း ကောင်းကင်မီးတောက် နတ်ဆိုးချောက်အကြောင်းကို ထပ်သိချင်နေသဖြင့် မေးလိုက်၏။
" ကျုပ်ကြားတာ ဒီ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က အဆင့်တွေအများကြီး ရှိတယ်ဆို.. ဟုတ်လား "
ပိုင်စီက အပြုံးဖြင့် ပြန်ပြောသည်။
" ဒါပေါ့... ဒီမှာ ကြည့် "
သူမက ထိုသို့ပြောပြီး ဟင်းလင်းပြင်လက်စွပ်ထဲမှ လက်သည်းခွံအရွယ်ရှိသော မီးတောက်တစ်ခုကို ထုတ်လိုက်သည်။
" ဒီဟာက ပထမအဆင့် နဲ့ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ပဲ ။ ဒီဟာက ပထမအဆင့် စိတ်ဝိဥာဥ်အစွမ်းနဲ့ လူတွေ သန့်စင်ဖို့အတွက်ပဲ အသုံးဝင်တာ ။ ဒါမျိုးတွေ ဒီကောင်းကင်မီးတောက်နတ်ဆိုးချောက်ထဲမှာ လျှောက်သွားနေတာ အများကြီးပဲ ။ ဖမ်းလို့လဲ အလွယ်ဆုံးပေါ့ဟယ် "
သူမ ရှင်းပြသည်။
ထို့နောက် သူမက ဟင်းလင်းပြင်လက်စွပ်ထဲမှ အခြားမီးလုံးတစ်ခုကို ထပ်ထုတ်ကာ စကားဆက်၏။
" ဒါက အဆင့်နှစ် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ပဲ ။ ဒါကိုတော့ အဆင့်နှစ် စိတ်ဝိဥာဥ်အစွမ်းရှိတဲ့ ဘယ်သူမဆို သန့်စင်နိုင်တယ် ။ သူ့အစွမ်းကလဲ အဆင့်တစ် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ထက် အများကြီးပို အကျိုးရှိတယ် ။ ဒါပေမယ့် အဆင့်တစ်ထက်လဲ အများကြီး ပိုဖမ်းရခက်တယ်.. "
" ဟုတ်လား... ဘယ်လောက်ခက်တာလဲ "
လောထျန်း မေးလိုက်သည်။
ပိုင်စီက ရယ်မောရင်း ပြန်ဖြေ၏။
" အဆင့်နှစ် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေကိုက ကောင်းကင်မီးတောက်သားရဲတွေကို ဖမ်းပြီးမှပဲ ရတာ ။ အဲ့ဒီ ကောင်းကင်မီးတောက်သားရဲ ဆိုတာ ဒီကောင်းကင်မီးတောက် နတ်ဆိုးချောက်ထဲက ထူးဆန်းတဲ့သားရဲတွေပဲ ။ သူတို့ရဲ့ အစွမ်းကလဲ အမျိုးမျိုးကွဲတယ် "
" ဒီလို အဆင့်နှစ် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ထုတ်နိုင်တဲ့ ကောင်းကင်မီးတောက်သားရဲတွေဆိုရင် ပုံမှန်အားဖြင့်တော့ စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့် အစွမ်း ရှိတတ်ကြတယ် "
လောထျန်း အံ့အားသင့်သွားကာ ပြန်ပြောလိုက်သည်။
" စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်.. ဟုတ်လား.. ၊ ဒါဆို အဲ့လောက်လဲ အစွမ်းမထက်ပါဘူး "
ပိုင်စီက ခေါင်းညိတ်ပြသည်။
" ဟုတ််တယ်.. တကယ်လဲ သိပ်အစွမ်းမထက်ကြဘူး ။ ဒါပေမယ့် ကောင်းကင်မီးတောက်သားရဲတွေက အစွမ်းနိမ့်လေလေ အုပ်စုလိုက် လှုပ်ရှားလေပဲ ။ ဒီလို အဆင့်နှစ် ကောင်းကင်မီးတောက်သားရဲ ပေါ်လာတိုင်း သူတို့အုပ်က အနည်းဆုံးဆိုရင်တောင် သောင်းဂဏန်း၊ သိန်းဂဏန်းလောက် ရှိတတ်ကြတယ် ။ ပုံမှန် စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်က သားရဲတစ်ကောင်က ပြဿနာသိပ်မဟုတ်ပေမယ့် အဲ့လိုသားရဲမျိုး သောင်းဂဏန်းလောက် ပေါင်းပြီးတိုက်ခိုက်တာကိုတော့ ကွေ့ရှအဆင့်ကျင့်ကြံခြင်း ရှိထားတဲ့သူတောင် ခံနိုင်ဖို့ သိပ်မသေချာဘူး ။ တကယ်လို့ အဲ့သားရဲတွေက သိန်းဂဏန်းလောက် ဖြစ်သွားရင်ကျ.. အနည်းဆုံး တုကျဲ့အဆင့် ရှိထားသူလောက်မှပဲ ခံနိုင်မှာ "
သူမ၏ ရှင်းပြချက် ပြီးနောက်တွင်မူ လောထျန်း အခြေအနေကို နားလည်သွားပါတော့သည်။
သို့သော် သူ ဆက်မေးလိုက်ပါ၏။
" ခင်ဗျားပြောတဲ့အတိုင်းဆို နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်က အဲ့ထက်မြင့်တဲ့အဆင့်လဲ ရှိသေးတာပေါ့ "
ပိုင်စီ ခေါင်းညိတ်ပြ၍ စကားဆက်သည်။
" ရှိတာပေါ့ ။ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှာ ပုံမှန်အားဖြင့် အဆင့် ကိုးဆင့်ရှိတယ် ။ အဆင့်ပိုမြင့်လေလေ စိတ်ဝိဥာဥ်အစွမ်းကလဲ ပိုတိုးလေပဲမို့ ပိုပြီးလဲ စျေးကြီးတာပေါ့ ။ ပြီးတော့.. ဖမ်းရတာလဲ ပိုခက်လေပဲ "
" ဥပမာပြောရရင်.. အဆင့်ကိုး နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို အဆင့်ကိုး ကောင်းကင်မီးတောက်သားရဲကပဲ ထုတ်လွှတ်နိုင်တာ ။ ပြီးတော့ ဒီအဆင့်ကိုး ကောင်းကင်မီးတောက် သားရဲတွေကလဲ အင်မတန်ကို အစွမ်းထက်တဲ့အတွက် အနည်းဆုံး ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူ လေး၊ငါး ယောက်လောက်ရှိမှ သူတို့တွေကို အမဲလိုက်လို့ရတာ ။ အဲ့ထက်ပိုဆိုးတာက.. ဒီက ကောင်းကင်မီးတောက်သားရဲတွေက ကောင်းကင်မီးတောက်နတ်ဆိုးချောက်ရဲ့ အောက်ခြေနားလေးမှာ နေကြတာ ဖြစ်တဲ့အတွက် တခြားအန္တရာယ်တွေလဲ ကြုံနိုင်တာမို့ ပိုပြီး ဖမ်းရခက်တယ် "
လောထျန်း ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။
" အဲ့ အဆင့်ကိုးထက်မြင့်တဲ့ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် နဲ့ ကောင်းကင်မီးတောက် သားရဲတွေရော ရှိသေးလား "
ပိုင်စီက ပြန်မဖြေနိုင်ခင်မှာပင် ကွေ့ရှန်က လှောင်သံဖြင့် ပြောလာ၏။
" မင်းက လမ်းလျှောက်တောင် မသင်ရသေးဘဲနဲ့ ပြေးချင်နေတယ်ပေါ့လေ။ အဲ့လိုဟာမျိုးက မင်းတို့လို ၊ ငါတို့လို လူတွေ လက်လှမ်းမမှီနိုင်တဲ့နေရာမှာကွ။ မေးနေတော့လဲ ဘာထူးမှာလဲ "
ပိုင်စီက သူ့အား မျက်စောင်းဖြင့် လှမ်းကြည့်ကာ လောထျန်းကို စိတ်ရှည်ရှည် ဆက်ရှင်းပြ၏။
" ရှိတာပေါ့ ။ အဆင့်ကိုးရဲ့ အထက်မှာ အဆင့် တစ်ဆယ် နဲ့ နတ်ဆိုးအဆင့် ကောင်းကင်မီးတောက် သားရဲတွေရှိတယ် ။ အဲ့လိုအဆင့်ရှိတဲ့ ကောင်းကင်မီးတောက်သားရဲက အင်မတန်ရှားသလို သူတို့ရဲ့အစွမ်းကလဲ အရမ်းကြောက်စရာကောင်းတယ် "
" အဆင့်တစ််ဆယ် ကောင်းကင်မီးတောက်သားရဲ တစ်ကောင်ရဲ့ အစွမ်းဆိုရင်.. နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်တောင် ပိုသာသေးတယ် "
ထိုအချိန်တွင် ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံက လောထျန်းနားထဲ ရောက်လာ၏။
" အဲ့ နတ်ဆိုးစိတ်ဝိဥာဥ်အဆင့် အစွမ်းထက်ကျင့်ကြံသူတွေဆိုတာ နတ်ဆိုးကျင့်ကြံသူတွေ ခေါ်တဲ့အခေါ်ပဲ ။ သူတို့အစွမ်းက မင်းသိတဲ့ ကမ္ဘာပေါ်ကမသေမျိုးတွေနဲ့ တူတယ် "
လောထျန်း နားလည်သွားသည်။
ထိုစဥ် ပိုင်စီက စကားဆက်၏။
" ရှေးဟောင်းနတ်ဆိုးတောင်က သခင်ကြီး မိုဝမ်ရှန့်ဆိုရင် တစ်ခါက အဆင့်တစ်ဆယ် ကောင်းကင်မီးတောက် သားရဲတစ်ကောင်ကို တစ်ယောက်တည်းအစွမ်းနဲ့ သတ်နိုင်ခဲ့ဖူးတယ် ။ အဲ့ကနေမှ မဟာနတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာထဲက တစ်ယောက် ဆိုတဲ့ ရာထူးကို သူ ရသွားခဲ့တာ "
လောထျန်းမှာ သူမပြောသည့် သခင်ကြီး မိုဝမ်ရှန့်အား မကြားဖူးသလို.. မဟာနတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာ ဆိုသည့် အခေါ်အဝေါ်ကိုလည်း မကြားဖူးပါချေ။
သို့သော်.. သူ အကြမ်းဖျင်းမူ ခန့်မှန်း၍ ရပါသည်။
" ဒါဆို.. အဆင့်တစ်ဆယ်ထက် မြင့်တဲ့ ကောင်းကင်မီးတောက် သားရဲတွေရော ရှိသေးလား "
လောထျန်း ဆက်မေးလိုက်သည်။
" ဟေ့ ကောင်လေး ၊ မင်း မေးခွန်းတွေက ပြီးရော ပြီးနိုင်ဦးမှာလား ။ ဘာလို့ အဲ့ဒါတွေ လျှောက်မေးနေရတာလဲ ။ မသိရင် မင်းကပဲ အဲ့ကောင်တွေကို အမဲလိုက်တော့မယ့်အတိုင်း "
ကွေ့ရှန်က မျက်နှာမသာမယာဖြင့် ဆိုလာ၏။
သူ့အမြင်တွင်လည်း လောထျန်းက ပိုင်စီနှင့် စကားမရှိ စကားရှာပြောချင်၍သာ ထိုသို့မေးနေသည်ဟု ထင်နေပါသည်။
သို့သော် ပိုင်စီကမူ ထိုသို့မေးလာသည်ကို သိပ်ဂရုစိုက်လှဟန်မတူပါ ။ သူမ ခေတ္တမျှ တွန့်ဆုတ်နေဟန် တူပြီးမှ နောက်ဆုံး ပြောလာ၏။
" ငါ သိသလောက် ဆိုရင်တော့ ကောင်းကင်မီးတောက်သားရဲက အဆင့် ၁၁ ထိ ရှိတာသေချာတယ် ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ သုံး၊လေးနှစ်လောက်တုန်းက အလယ်ပိုင်းဒေသဘက်မှာ အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲတစ်ကောင်ကို လေလံတင်လိုက်သေးတယ်လေ ။ အဲ့တုန်းကဆို ရှေးဟောင်းနတ်ဆိုးကမ္ဘာ တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ကို ဖြစ်သွားခဲ့တာ "
" အဲ့ထက်မြင့်တဲ့ အဆင့် ၁၂ ရှိလား မရှိလား ဆိုတာကတော့ မတူညီတဲ့ အမြင်တွေ အများကြီးပဲ။ ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက် အောက်ခြေမှာ တချို့ရှိတယ်ဆိုတဲ့ ကောလဟာလတွေလဲ ကြားဖူးတယ် ။ ဒါပေမယ့် မျက်စိနဲ့ တပ်အပ်မြင်ဖူးတဲ့သူ တစ်ယောက်မှရှိတယ်လို့တော့ မကြားမိဘူး ။ တကယ်လို့ အဲ့လိုမျိုး တကယ်ကြီးရှိတယ် ဆိုရင်တောင်.. ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာမှာတော့ ကမ္ဘာသခင်ကြီးကလွဲပြီး အဲ့ကောင်တွေကိုသတ်ဖို့ ယုံကြည်ချက်ရှိတဲ့သူ ဘယ်သူမှ မရှိလောက်ဘူး "
ထိုစကားကို ကြားပြီးနောက် လောထျန်း အနည်းငယ်ပင် စိတ်လှုပ်ရှားသွားရသည်။
အဆင့်တစ်ဆယ် ကောင်းကင်မီးတောက်သားရဲမှာ ကမ္ဘာပေါ်မှ မသေမျိုးနှင့် အစွမ်းချင်းယှဥ်၍ ရသည်ဟုဆိုရာ..
အဆင့် ၁၂ ကောင်းကင်မီးတောက်သားရဲ ဆိုပါက ကမ္ဘာပေါ်မှမသေမျိုးထက် အဆင့်နှစ်ခု ပိုမြင့်သည်ဆိုသည့် အဓိပ္ပါယ်ပင် ။
သို့သော် သူတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီးက ထိုသားရဲမျိုးကို သတ်နိုင်သည်ဟု ယုံကြည်ချက် ရှိသတဲ့လား ။
ထိုစကားမှပင် ကမ္ဘာသခင်ကြီးဆိုသူ၏ အစွမ်းကို အကြမ်းဖျင်း ခန့်မှန်း၍ ရနိုင်ပါသည်။
သူတို့ ပြောဆိုနေကြစဥ်မှာပင်..
ဝုန်း...
ရုတ်တရက်.. သူတို့ခေါင်းပေါ်မှ ကြောက်မက်ဖွယ် အရောင်အဝါများစွာ ထွက်လာ၏။
" ဟင်.. ဘာတွေဖြစ်နေတာလဲ "
လောထျန်း အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။
ပိုင်စီနှင့် အခြားသူများမှာလည်း ၎င်းကိုမြင်သည်နှင့် မျက်နှာထားများ ချက်ချင်းပြောင်းသွားကြ၏။
" ဒါ... သခင်ကြီး မိုဝမ်ရှန့်လား.. ။ သူက ကောင်းကင်မီးတောက် နတ်ဆိုးချောက်ကို တကယ်ကြီး ထပ်လာခဲ့တာလား "
ပိုင်စီက ရောက်လာသူ လူများထဲမှ တစ်ယောက်ကိုကြည့်ရင်း အံ့သြတုန်လှုပ်စွာ ဆိုလိုက်သည်။
ထို့နောက် ဘေးသို့ စောင်းငဲ့ကြည့်လိုက်ချိန်တွင်မူ ပိုင်စီ၏ မျက်နှာထား ပို၍ပင် တည်သွား၏။
" ဟို အမျိုးသမီးက.. စုန်းမဖြူလား... ၊ တကယ်ကြီး စုန်းမဖြူ ဖြစ်နိုင်လား... "
သူမ တအံ့တသြ ထပ်ရေရွတ်လိုက်သည်။
" ဘာမှ သံသယ ဝင်နေစရာတောင် မလိုဘူး ၊ သူမှသူ အစစ်ပဲ ။ သူ့အနောက်က လူနှစ်ယောက်ကိုလဲ ငါ မှတ်မိတယ် ။ အဲ့ဒါ မိုယွမ်ရှောက်နဲ့ တုချန် တို့ပဲလေ "
ကွေ့ရှန်ကလည်း အသံတုန်တုန်ဖြင့် ပြောလာသည်။
ပိုင်စီက အံ့သြတကြီး ဆက်ပြော၏။
" မဟာနတ်ဆိုးစိတ်ဝိဥာဥ် တစ်ရာထဲက လေးယောက်က ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ကို တကယ်ကြီး အတူတူလာခဲ့ကြတာလား ။ တကယ်လို့ အဆင့် ၁၀ ကောင်းကင်မီးတောက်သားရဲ ဆိုရင်တောင် အဲ့လို လေးယောက်လုံး အတူတူတိုက်ခိုက်ဖို့ အထိတော့ မတန်ဘူးလေ "