အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲ
Vol. 39 Ch. 545
ကွေ့ရှန်တစ်ယောက် ခေတ္တမျှ အံ့အားသင့်နေပြီးမှ နားလည်သွားဟန် တူသည်။
" ငါ သိပြီ ၊ သူတို့တွေက အဆင့် ၁၀ ကောင်းကင်မီးတောက်သားရဲအတွက် မဟုတ်ဘဲ အဆင့်၁၁ ကောင်းကင်မီးတောက်သားရဲ အတွက် လာခဲ့တာပဲ "
" အဆင့် ၁၁ ကောင်းကင်မီးတောက်သားရဲ.. ဟုတ်လား ... ၊ ဖြစ်နိုင်ပါ့မလား "
ပိုင်စီ တအံ့တသြ ပြန်ပြော၏။
ကွေ့ရှန်က မျက်မှောင်ကြုံ့၍ ဆိုသည်။
" သိပ်မကြာခင်ကမှ ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ရဲ့ အောက်ခြေမှာ အဆင့်၁၁ ကောင်းကင်မီးတောက်သားရဲ ပေါ်လာတယ်ဆိုဆိုတဲ့ ငါ ကြားခဲ့သေးတယ်ကွ။ ပြီးတော့ အဲ့ကောင်ကြီးက တစ်ခုခုလဲ လွဲနေသလိုပဲတဲ့ ။ ဒီကောင်ကြီးက ချောက်ရဲ့ အောက်ခြေမှာပဲ နေရမယ့်အစား ချောက်တစ်ခုလုံးကို ပတ်သွားပြီး လူတွေအများကြီးကိုလဲ သတ်ခဲ့သေးတယ်တဲ့ "
" အဲ့လိုမျိုး တကယ်ရှိလို့လားဟာ "
ပိုင်စီတစ်ယောက် ကြောက်သွားဟန်ပင် ။
ကွေ့ရှန်က နှစ်သိမ့်စကားဆိုသည်။
" မငိးက အဲ့လောက်စိုးရိမ်နေစရာ မရှိပါဘူး ။ အဲ့လိုအဆင့်မျိုးနဲ့ ကောင်းကင်မီးတောက်သားရဲ တစ်ကောင်က လျှောက်သွားနေတယ် ဆိုရင်တောင် ချောက်နှုတ်ခမ်းဖျားလေးနားကိုတော့ ရောက်မလာနိုင်ဘူးလေ "
ပိုင်စီမှာ ထိုစကားကိုကြားမှသာ စိတ်သက်သာရာ ရသွားဟန်တူပြီး လေထဲတွင် ရှိနေကြသော အစွမ်းထက်ကျင့်ကြံသူများအား မော့ကြည့်လိုက်၏။
ထိုအချိန်တွင် အစွမ်းထက်ကျင့်ကြံသူ လေးယောက်တို့မှာ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ပေါ်တွင် မျက်နှာများ မော်ချီပြီး ရပ်လျက်..
" အားလုံးပဲ... နောက်ပိုင်း အဲ့သားရဲကောင်နဲ့ တွေ့တဲ့အခါ ကျုပ်တစ်ယောက်တည်း တိုက်ခိုက်ခွင့်ပြုပါ "
မိုဝမ်ရှန့်က ပြောလာသည်။
သူ့စကား ဆုံးဆုံးချင်းမှာပင် ဘေးမှ တုချန်က ရုတ်တရက်ထရယ်ပြီး ပြော၏။
" မိုဝမ်ရှန့် ၊ ကိုယ့်ကိုကိုယ်လဲ ပြန်သတိထားကြည့်ပါဦးကွာ။ မဟာနတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာ စာရင်းထဲကို မင်းက နောက်ဆုံးမှ ရောက်တာနော် ။ ကမ္ဘာသခင်ကြီးက ငါတို့လေးယောက်လုံးကို ဒီလွှတ်လိုက်ပေမယ့် မင်းကိုက ဒီတိုင်း အဖြည့်အနေနဲ့ပဲ ထည့်လိုက်တာ ။ ဒါနဲ့များ မင်းကိုယ်မင်း အုပ်စုခေါင်းဆောင်လို့ ထင်နေတာလား "
မိုဝမ်ရှန့်၏ မျက်လုံးများ ရုတ်ချည်းအေးစက်သွားသည်။
" တုချန် ၊ မင်း ငါနဲ့ ပြဿနာဖြစ်ချင်နေပြီလား.. "
တုချန်ကလည်း အေးစက်စက်နှာခေါင်းရှုံ့၍ ပြန်ပြော၏။
" မင်းနဲ့ငါနဲ့ တကယ်ကြီးတိုက်ခိုက်ကြရင် မင်းက ငါ့ပြိုင်ဘက် ဖြစ်နိုင်တယ်လို့ ထင်နေတာလား ။ မိုဝမ်ရှန့် ၊ မင်း နတ်ဆိုးအသွင်ပြောင်းကိုးသွယ် ခန္ဓာကိုယ်ကို ကျင့်ကြံထားတာ ငါ သိပြီးသား။ ဒါပေမယ့် ငါက နတ်ဆိုးစိတ်ဝိဥာဥ်အဆင့်ကနေ ခြေတစ်လှမ်းတောင် ကျော်သွားပြီကွ။ တကယ်လို့ မင်း ငါ့ကိုတိုက်ခိုက်ချင်ရင် နောက်ထပ် နှစ်တစ်သောင်းလောက် ကျင့်ကြံပြီးမှပဲ ရမှာ "
" မင်း ဘာပြောလိုက်တယ် "
မိုဝမ်ရှန့်၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ အရောင်လက်သွားကာ တိုက်ခိုက်မည့်ပုံ ပြင်လိုက်သည်။
သို့သော်.. ထိုစဥ်မှာပင် သူ့ဘေးရှိ မိုယွမ်ရှောက်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အမည်းရောင် မကိုဋ်တစ်ခု ရုတ်ချည်း ထွက်လာပါ၏။
ဝုန်း..
အသံကျယ် တစ်သံနှင့်အတူ မိုဝမ်ရှန့်နှင့် တုချန်တို့နှစ်ယောက်လုံး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် မိုဝမ်ရှန့်က မိုယွမ်ရှောက်အား ကြောက်လန့်တကြားကြည့်ကာ ပြော၏။
" နတ်ဆိုးအသွင်ပြောင်း ဆယ်မျိုး ခန္ဓာကိုယ်ပါလား.. ခင်ဗျား မြေကမ္ဘာ နတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံနေတာလား "
မိုယွမ်ရှောက်က ပြန်လှည့်ကြည့်ကာ ပြောသည်။
" မိုဝမ်ရှန့် ၊ ငယ်ရွယ်ပြီး တိုက်ခိုက်ဖို့အစွမ်းအပြည့် ဖြစ်နေတာ မကောင်းတဲ့အရာ မဟုတ်ဘူး ။ ဒါပေမယ့်.. ကိုယ်လုပ်နိုင်တဲ့ စွမ်းရည်အတွင်းမှာပဲ လုပ်တာကောင်းတယ်။ ဒီ အဆင့်၁၁ ကောင်းကင်မီးတောက်သားရဲဆိုတာ ခန္ဓာကိုယ်အစွမ်းမှာ တကယ့် မြေကမ္ဘာ နတ်ဆိုးတစ်ယောက်နဲ့ ယှဥ်လို့ရတယ် ။ မင်းတစ်ယောက်နဲ့ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး "
ထိုစကားကို ကြားပြီးနောက်တွင်မူ မိုဝမ်ရှန့် ခေါင်းကြီးငုံ့သွားတော့သည်။
ရှေးဟောင်းနတ်ဆိုးကမ္ဘာ မှ လူများအားလုံးမှာ မောက်မာကြပါ၏။
သို့သော်.. သူတို့တွင် ထူးခြားချက်တစ်ခုလည်း ရှိပါသည်။ ၎င်းမှာ.. သူတို့ထက် ပိုအစွမ်းထက်သူနှင့် တွေ့ပါက အမှန်တကယ် လက်နက်ချခေါင်းငုံ့တတ်ခြင်းပင် ။
ထို့ကြောင့်လည်း သူ့ထက် ပိုအစွမ်းထက်သည့် ခန္ဓာကိုယ်အစွမ်းကို ထုတ်ပြလိုက်သော မိုယွမ်ရှောက်နှင့် ရင်ဆိုင်ရသည့်အခါ မိုဝမ်ရှန့်တစ်ယောက် ဆက်ပြီး ခေါင်းမမာနိုင်တော့ချေ။
မိုယွမ်ရှောက်က သူဖြစ်သွားသည့် မျက်နှာထားကိုကြည့်ရင်း နှစ်သိမ့်စကားဆိုသည်။
" ကိုယ့်ကိုကိုယ် အထင်သေးလျှော့တွက်လိုက်ဖို့လဲ မလိုပါဘူးကွာ။ မင်းက မဟာနတ်ဆိုးစိတ်ဝိဥာဥ် တစ်ရာထဲမှာ အငယ်ဆုံးလေ ။ ငါ မင်းအရွယ်လောက်တုန်းကဆိုရင် မင်းထက်တောင် အစွမ်းနိမ့်သေးတယ် ။ မင်းရဲ့ နောင်ရလာမယ့် အောင်မြင်မှုတွေက ငါ့ထက်သာမှာ သေချာပါတယ်ကွာ "
" ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ် သခင်ကြီး "
မိုဝမ်ရှန့်က ခေါင်းငုံ့ထားရင်းပင် ပြန်ပြောလိုက်သည်။
ထိုအချိန်မှာပင်..
ဝုန်း..
ကောင်းကင်မီးတောက် သားရဲချောက်နက်ကြီးထဲမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်တရက် တိုးထွက်လာ၏။
မရှေးမနှောင်းမှာပင် စူးစူးဝါးဝါး အော်သံတစ်ခုကိုလည်း ကြားလိုက်ရသည်။
" ဟင်... ဘာတွေဖြစ်နေတာလဲ "
မိုဝမ်ရှန့် အံ့သြတုန်လှုပ်သွားသည်။
မိုယွမ်ရှောက်ကလည်း စုန်းမဖြူဘက် လှည့်ကြည့်၏။
စုန်းမဖြူ၏ မျက်လုံးများလည်း အရောင်လက်သွားကာ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ဘက် လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင်ကား.. သူမသည်လည်း အံ့သြတုန်လှုပ်သွားဟန်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။
" ဟင်... ဘာဖြစ်လို့လဲ "
မိုယွမ်ရှောက် မေးလိုက်သည်။
စုန်းမဖြူက တုန်လှုပ်စွာ ပြော၏။
" အားလုံး... ကောင်းကင်မီးတောက် သားရဲကြီးက ကျွန်မတို့ရဲ့ အရောင်အဝါကို အာရုံခံမိသွားပြီး ချောက်နက်ထဲကနေ ပြေးတက်လာနေပြီ ။ သူလာတဲ့ လမ်းတလျှောက်က လူတွေလဲ အများကြီး ထိခိုက်ဒဏ်ရာ ရကုန်ကြတယ် "
ထိုစကားကို ကြားသောအခါ မိုယွမ်ရှောက် အံ့သြတုန်လှုပ်သွားတော့သည်။
" ဘယ်လို... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဆင့်၁၁ ကောင်းကင်မီးတောက် သားရဲတစ်ကောင်က ချောက်အစွန်းကို တကယ်ကြီး တက်လာနေတာလား "
မည်သို့သော အကြောင်းရင်းကြောင့် မဆိုနိုင်သော်လည်း ကောင်းကင်မီးတောက် သားရဲများမှာ ကောင်းကင်မီးတောက်နတ်ဆိုးချောက် မှ မထွက်နိုင်ကြပါချေ။
ထိုသားရဲများက အဆင့်မြင့်လေလေ ချောက်အောက်ခြေနှင့် ပိုနီးနီး နေလေပင် ။
ထိုအချက်ကြောင့်လည်း ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ သာမာန်လူများက ကျင့်ကြံခြင်းအတွက် အရင်းအမြစ်အနေဖြင့် ကောင်းကင်မီးတောက် နတ်ဆိုးချောက်သို့ လာပြီး နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဖမ်းယူနိုင်ကြခြင်း ဖြစ်ပါသည်။
သို့သော်.. ယခုလို အဆင့်မျိုးရှိသည့် ကောင်းကင်မီးတောက် သားရဲတစ်ကောင်ကသာ စည်းမျဥ်းများကို ချိုးဖောက်၍ ချောက်အစွန်ဖျားပိုင်းသို့ တက်လာသည်ဆိုပါက.. နတ်ဆိုးစိတ်ဝိဥာဥ်အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်သည်ပင် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်အား ဘေးကင်းကင်း ဖမ်းယူနိုင်ရန် မဖြစ်နိုင်တော့ပါ ။
နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် မှာ သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ အတွက် အလွန်အရေးကြီးလှပါ၏။
သို့ဖြစ်ရာ.. ယခုလိုသာ ဆက်ဖြစ်နေပါက သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ အစွမ်းမှာလည်း များစွာလျော့ကျလာပေလိမ့်မည်။
ထိုအချက်ကြောင့်လည်း ကမ္ဘာသခင်ကြီးက သူတို့လေးယောက်အား စုံစမ်းစစ်ဆေးရန် လွှတ်လိုက်ခြင်း ဖြစ်၏။
" ဟမ့်... ဒီကောင်ကြီးက ကွက်တိလေး ရောက်လာတာပဲ ။ ဒီနေ့.. ကျုပ်တို့သာ အဆင့်၁၁ ကောင်းကင်မီးတောက် သားရဲတစ်ကောင်ကို သတ်လိုက်နိုင်မယ်ဆိုရင်.. အဆင့်၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကိုလဲ ရနိုင်ပြီ "
မိုဝမ်ရှန့်က ဆိုလိုက်သည်။
တုချန်မှာလည်း ထိုစကားကိုကြားကာ အနည်းငယ်စိတ်လှုပ်ရှားသွားဟန် တူပါ၏။
" အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ဒီကမ္ဘာမှာ ပေါ်မလာတာလဲ တကယ်ကို ကြာသွားခဲ့ပြီ "
သူ့မျက်လုံးထဲတွင်လည်း လောဘငွေ့များ ပြည့်နှက်လျက် ။
မိုယွမ်ရှောက်မှာလည်း မည်သို့မှ ထုတ်မပြောသည့်တိုင် သူတို့နည်းတူ ဖြစ်နေသည်မှာ အသေချာပင်။
သူ ဘေးသို့ တစ်ချက်ဝေ့ကြည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
" ဒီနေ့.. ငါတို့လေးယောက်က ဒီမှာ အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲကို အမဲလိုက်ကြမှာ ။ မင်းတို့တွေ အသက်မသေချင်ရင် အခု ထွက်သွားကြ "
အနီးနားတွင် ရှိနေကြသည့် ကွေ့ရှန် နှင့် ပိုင်စီလို လူများစွာမှာ ထိုစကားကို ကြားသည်နှင့် အံ့သြတုန်လှုပ်သွားကြတော့သည်။
" မောင်လေး လောထျန်း ၊ ထွက်သွားကြစို့ "
ပိုင်စီ အထိတ်တလန့် ပြောလိုက်သည်။
" သွားရမယ်.. ဘာလို့ ထွက်သွားချင်တာလဲ "
လောထျန်း ပြန်မေးလိုက်၏။
ကွေ့ရှန်က မျက်မှောင်ကြုံ့၍ ဝင်ပြောသည်။
" သခင်ကြီး မိုဝမ်ရှန့် ပြောသွားတာ မင်း မကြားလိုက်ဘူးလား ။ သူတို့တွေက ဒီမှာ အဆင့် ၁၁ ကောင်းကင်မီးတောက်သားရဲကို အမဲလိုက်ကြတော့မှာလေ "
လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြော၏။
" သူတို့ အမဲလိုက်တာ လိုက်ပါစေပေါ့ဗျာ ။ သူတို့အမဲလိုက်တာနဲ့ပဲ ကျုပ်က ဘာလို့ထွက်သွားရမှာလဲ "
" အင်... "
ကွေ့ရှန်မှာ အံ့အားသင့်လွန်း၍ ခေတ္တမျှ ဘာမှပြန်မပြောနိုင် ဖြစ်သွားရသည်။
ထိုစဥ်မှာပင်...
ဝီ....
ဖိအားတစ်ခုက ထိုနေရာတဝိုက်ကို ရုတ်တရက် လွှမ်းခြုံ ပိတ်လှောင်လာပါ၏။
ထိတ်လန့်တကြား အော်ဟစ်သံများ ချက်ချင်း ဆူညံသွားတော့သည်။
" ဘာတွေ ဖြစ်နေတာလဲ ၊ ဒီလေထုကို ချုပ်နှောင်လိုက်တာလား .. "
" ဘယ်သူလုပ်လိုက်တာလဲ... ငါတို့အားလုံးကို သတ်ချင်နေတာလား "
" ဒီနေရာက တိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်လာတော့မယ်နဲ့တူတယ် ။ ငါတို့ကို သွားခွင့်ပေးပါ "
အားလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ကွေ့ရှန် မှာလည်း ဘေးဘီသို့ လှည့်ကြည့်ရင်း မျက်နှာကြီးဖြူရော်နေတော့၏။
" ချီး... ခုနတည်းက ထွက်သွားကြဖို့ ပြန်လာနေတာကို မင်းက လျှာရှည်နေတာကိုးကွ။ အခုတော့ ထွက်သွားချင်ရင်တောင် သွားလို့မရတော့ဘူး "
သူ ဒေါသတကြီး ပြောလိုက်သည်။
လောထျန်းကလည်း သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်ပြီးပြော၏။
" ကျုပ်ကလဲ ဘယ်လိုဖြစ်ဖြစ် ထွက်မသွားချင်ပါဘူး "
" မင်း... "
ကွေ့ရှန်တစ်ယောက် ဆွံ့အသွားရပြန်တော့သည်။
ထိုအချိန်တွင် မိုယွမ်ရှောက် ဘေးဘီသို့ ဝေ့ကြည့်ရင်း မေးလာ၏။
" အဲ့ဒါ ကောင်းကင်မီးတောက် သားရဲရဲ့ လက်ချက်လား "
စုန်းမဖြူ၏ မျက်နှာဖြူရော်သွားကာ ပြန်ပြောသည်။
" အမှန်ပဲ "
တုချန် နှာခေါင်းရှုံ့လိုက်၏။
" လေထုတစ်ခုလုံးကို ဖိနှိပ်နေတာလား... ။ ကြည့်ရတာ ဒီကောင်ကြီးက ကျုပ်တို့အားလုံးကို သတ်ချင်နေတာနဲ့ တူတယ် "
မိုဝမ်ရှန့် ကလည်း ခေါင်းမော့ကြည့်ပြီး ပြောသည်။
" ဘယ်သူက ဘယ်သူ့ကို သတ်မလဲ ကြည့်ကြသေးတာပေါ့ "
ထိုအစွမ်းထက် ကျင့်ကြံသူ လေးယောက်လုံး ဘေးချင်းယှဥ်ရပ်ကာ ကောင်းကင်မီးတောက် နတ်ဆိုးချောက်၏ အောက်ခြေသို့ စိုက်ကြည့်လိုက်ကြသည်။
တဖက်မှ ပိုင်စီမှာကား အလွန်ကြောက်လန့်တုန်လှုပ်နေရှာ၏။
" ဘာလုပ်ကြမလဲ.. အခု ဘာလုပ်ကြမလဲ "
သူမ အသံတုန်တုန်ဖြင့် ရေရွတ်လိုက်သည်။
ကွေ့ရှန်က သက်ပြင်းချ၍ ပြန်ပြော၏။
" ဘာလုပ်လို့ ရဦးမှာလဲကွာ ။ သခင်ကြီးလေးယောက်က အဲ့ကောင်ကြီးကို မြန်မြန်သတ်နိုင်ပါစေ လို့ပဲ ဆုတောင်းရုံပေါ့ ။ အဲ့လိုမဟုတ်ရင် ငါတို့အားလုံး ဘာမှတောင်မအော်လိုက်နိုင်ဘဲ သေသွားရလိမ့်မယ် "
ထိုစဥ်တွင် ချောက်ကြီးဘက်သို့ စိတ်ဝင်တစား မျက်နှာဖြင့် ကြည့်နေသူဆို၍ လောထျန်းတစ်ယောက်တည်းသာ ရှိပါသည်။
" သခင်ကြီး ... အဲ့ ကောင်းကင်မီးတောက် သားရဲက ဘယ်လိုပုံစံမျိုးရှိလဲ ။ သူ့ဆီကနေ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို ဘယ်လိုထုတ်ယူရတာလဲ "
လောထျန်းက ထျန်းယွမ်ကမ္ဘာသခင်ကြီးအား တိတ်တဆိတ် အသံလွှင့်နည်းဖြင့် မေးလိုက်သည်။
တဖက်မှလည်း ထိုနည်းဖြင့်ပင် ပြန်ဖြေ၏။
" ငါလဲ မသိဘူးကွ။ အရင်ဆုံး ဘာမှမလုပ်ခင် အဲ့ကောင်ကြီးက ဘာတွေလုပ်နိုင်လဲ အခြေအနေ ကြည့်ကြတာပေါ့ကွာ "
လောထျန်းလည်း ထိုစကားကို သဘောတူကာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်မှာပင် စုန်းမဖြူက ပြောလာ၏။
" ရောက်လာပြီ... "