← Chapters

နတ်ဆိုးနှစ်ယောက်အား တစ်ဆက်တည်း အနိုင်ယူခြင်း

Vol. 39 Ch. 546

နတ်ဆိုးနှစ်ယောက်အား တစ်ဆက်တည်း အနိုင်ယူခြင်း

Vol. 39 Ch. 546

ဝုန်း...

ချောက်နက်အတွင်းမှ တဟုန်းဟုန်း တောက်လောက်နေသော မီးတောက်တစ်ခု တဖြည်းဖြည်း ထွက်လာသည်။

တခဏကြာပြီး နောက်တွင်မူ.. ၎င်းမှာ မီးတောက်သက်သက် မဟုတ်ဘဲ တစ်ကိုယ်လုံး မီးတောက်များလွှမ်းခြုံနေသည့် သားရဲတစ်ကောင်ဖြစ်ကြောင်း အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့၏။

" ဒါ.. အဆင့် ၁၁ ကောင်းကင်မီးတောက် သားရဲလား... ၊ ဖိနှိပ်အစွမ်း ကြီးလိုက်တာ.. "

တုချန်မှာ အောက်မှသားရဲအား ခေါင်းငုံ့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

စုန်းမဖြူကလည်း မျက်နှာတည်ဖြင့် ပြန်ပြော၏။

" ဒီလောက် အကွာအဝေးကနေတောင် အဲ့ကောင်ကြီးက ပေးလာတဲ့ အန္တရာယ်အငွေ့အသက်ကို ကျွန်မ ခံစားလို့ရနေတယ် ။ ကျွန်မတို့ လေးယောက်နဲ့ သူ့ကို တကယ်ကြီး ကိုင်တွယ်နိုင်ပါ့မလား "

မိုဝမ်ရှန့်က အေးစက်စက် နှာခေါင်းရှုံ့သည်။

" ဘာပဲဖြစ်ဖြစ် ဒီကောင်က အသိဉာဏ်မရှိဘဲ တိုက်ခိုက်ဖို့ တစ်ခုပဲသိတဲ့ သားရဲတစ်ကောင်ပဲလေ ။ ကျုပ်တို့ လေးယောက်နဲ့ဆို သူ့ကို ကိုင်တွယ်လို့ ရတာထက်တောင် ပိုပါတယ် "

မိုယွမ်ရှောက်ကလည်း ခေါင်းညိတ်သည်။

" အမှန်ပဲ ၊ ကောင်းကင်မီးတောက်သားရဲတွေက နတ်ဆိုးသားရဲအစစ် မဟုတ်ဘူးလေ ။ ဒီကောင်က အဆင့်၁၁ သားရဲ ဖြစ်နေရင်တောင် အသိဉာဏ် အကန့်အသတ် ရှိတဲ့အတွက် သူ့ရဲ့မသိစိတ်တစ်ခုတည်းကိုပဲ အားကိုးပြီး တိုက်ခိုက်တာ ။ ဒါပေမယ့်.. ပြောလက်စနဲ့.. အဲ့ကောင်ကြီးရဲ့ အမြင်အာရုံကတော့ အရမ်းကောင်းတယ်နော် ။ အားလုံး သတိထားကြပါ "

တုချန်က နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြန်ပြော၏။

" ဒီကောင်ကြီးက ကျုပ်တို့လေးယောက် ရောက်လာတာကို သတိထားမိသွားပြီးတော့ ချောက်အပေါ်ကို တက်လာတာ ဟုတ်လောက်တယ်မလား "

မိုယွမ်ရှောက် ခေါင်းညိတ်သည်။

" အဲ့လိုပဲ ဖြစ်မယ်နဲ့တူတယ် ။ မဟုတ်ရင် လျှောက်သွားနေတဲ့ ကောင်ကြီးက ဒီလိုလွယ်လွယ်နဲ့ အပေါ်တက်လာမှာ မဟုတ်ဘူး "

တုချန် ရုတ်တရက် ထရယ်လိုက်သည်။

" ဒီသားရဲရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက ဒီကောင်ကြီး ကျုပ်တို့ကို ကြောက်တယ်ဆိုတာ ပြနေတာပဲဗျ ။ ဒါ.. အဲ့ကောင်ကြီးက အရမ်းကြောက်စရာ ကောင်းမနေဘူးဆိုတဲ့ သဘောလဲ ဖြစ်တယ် "

ထိုစကားကို ကြားပြီးနောက် စုန်းမဖြူ၏ တည်နေသောမျက်နှာ အနည်းငယ် ပြေလျော့သွား၏။

" အဲ့လိုလား.. "

မိုဝမ်ရှန့်ကလည်း ရယ်မောရင်း ဝင်ပြောသည်။

" တခြား ဘာများဖြစ်နိုင်ဦးမှာလဲဗျာ ။ အခု ဒီကိုရောက်နေကြတဲ့ သူတွေထဲမှာ ကျုပ်တို့တွေထက် ပိုအစွမ်းထက်တဲ့သူ ဘယ်သူရှိမှာမို့လဲ "

စုန်းမဖြူ ခေတ္တငြိမ်နေပြီးမှ ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ ခေါင်းအသာညိတ်လိုက်၏။

အမှန်တွင်လည်း ဤနေရာ၌ သူတို့လေးယောက်ထက် ပိုအစွမ်းထက်သူ မည်သူမှ ရှိမနေနိုင်ပါ။

" ဘာပဲဖြစ်ဖြစ် သက်သေတွေရှိတာ ကောင်းတယ် "

တုချန်က ပြောလာသည်။

" ဟင်.... ဘာသက်သေလဲ "

စုန်းမဖြူ ပြန်မေးလိုက်၏။

တုချန်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ဒီ ကောင်းကင်မီးတောက် သားရဲတွေက ဘယ်လောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ခင်ဗျားတို့အားလုံးလဲ သိတာပဲ ။ ဒီကောင်တွေက သူတို့ထက် အစွမ်းနိမ့်တဲ့သူတစ်ယောက်ယောက် သူတို့ပိုင်နက်ထဲကို ဝင်လာတာနဲ့ ချက်ချင်းတိုက်ခိုက်တတ်ကြတာလေ။ သူတို့ကို အန္တရာယ်ပြုနိုင်တယ်လို့ သတ်မှတ်တဲ့ သူတွေနဲ့တွေ့မှသာ ဒီကောင်တွေ တွန့်ဆုတ်တတ်ကြတာ "

ထို့နောက် သူ အောက်မှ ကောင်းကင်မီးတောက် သားရဲကြီးအား လက်ညိုးညွှန်ပြကာ စကားဆက်၏။

" ဒီကောင်ကြီးက ခုနတည်းက အနားရောက်နေတာလေ ။ ပေါ်လာပြီးတည်းကလဲ ခုထိ ဘာမှမတိုက်ခိုက်ရသေးဘူး။ ဒါ.. သူ့ဘက်က ကျုပ်တို့လေးယောက်ကို အနိုင်ယူဖို့ မသေချာဘူးဆိုတာကို သက်သေပြနေတာပဲ "

ထိုစကားကို ကြားသောအခါ စုန်းမဖြူစိတ်ထဲ တမျိုးဖြစ်သွားသည်။

တုချန်၏ သုံးသပ်ချက်က အမှန်တွင်လည်း အဓိပ္ပါယ်ရှိပါ၏။

သို့သော်.. သူမစိတ်ထဲတွင်ကား တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားနေရဆဲပါပင် ။

အဘယ့်ကြောင့်ဆိုသော် ခပ်လှမ်းလှမ်းမှ ကောင်းကင်မီးတောက် သားရဲကြီးက သူမတို့လေးယောက်အား ကြည့်မနေဘဲ .. နောက်သို့သာ ကြည့်နေသည်ဟု သူမ ခံစားနေရသောကြောင့်ပင် ။

သူမတို့နောက်၌.. အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ယောက် ရှိနေပါသလား ။

စုန်းမဖြူ နောက်လှည့်ပြီး နောက်တွင် ရှိနေကြသော လောထျန်းတို့ လူအုပ်ဘက် ကြည့်လိုက်သည်။

" နောက်မှာလဲ ဒီတိုင်း သာမာန်လူသုံးယောက်ပဲ ရှိကြတာပါ။ ဒီတိုင်း ငါ စိတ်ထင်နေတာ နေမှာပါလေ "

သူမ စိတ်ထဲမှ ပြောလိုက်သည်။

ထိုအချိန်မှာပင် အောက်ဘက်မှ ကောင်းကင်မီးတောက် သားရဲကြီးက နောက်ဆုံး လှုပ်ရှားသွား၏။

ဝုန်း..

အသံကျယ်ကြီး တစ်သံနှင့်အတူ ၎င်း၏ တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းသွားကာ အပေါ်သို့ ဝုန်းခနဲတက်လာသည်။

" နောက်ဆုံးတော့ တိုက်ခိုက်တော့မယ်ပေါ့လေ ။ ဒါဆိုလဲ ငါ့အစွမ်းကို အရင်စမ်းသပ်ကြည့်ရတာပေါ့ကွာ "

မိုဝမ်ရှန့်က သူ့ထံသို့ ပြေးဝင်လာသော သားရဲကြီးကို ကြည့်ကာ ရယ်လိုက်သည်။

ဗျိ...

ချက်ချင်းမှာပင် သူ့အကျ်ီများ အပိုင်းပိုင်းပြဲသွားပြီး ကြွက်သားများဖြင့် တောင့်တင်းလှသော သူ့ခန္ဓာကိုယ်အပေါ်ပိုင်း ပေါ်လာသည်။

နတ်ဆိုးအစွမ်းများလည်း သူ့ကိုယ်တစ်လျှောက် လှည့်ပတ်စီးဆင်းနေကာ ထွင်းစာများလည်း ပေါ်လာသည်။ နတ်ဆိုးအရိပ် ကိုးခုလည်း သူ့အနောက်ဘက်၌ စုစည်းလာပါ၏။

" နတ်ဆိုးအသွင်ပြောင်းကိုးသွယ် ခန္ဓာကိုယ်ပဲ... အဲ့ဒါ မိုဝမ်ရှန့်ရဲ့ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် ခန္ဓာကိုယ်ပဲဟေ့.. "

ကွေ့ရှန် တုန်လှုပ်စွာ အော်ပြောလိုက်သည်။

" နတ်ဆိုးအသွင်ပြောင်းကိုးသွယ် ခန္ဓာကိုယ်.. အဲ့ဒါ ဘာကြီးလဲ "

လောထျန်းက တအံ့တသြ ပြန်မေးလိုက်၏။

ကွေ့ရှန်က သူ့အား မယုံသက်ာ ပြန်ကြည့်လာသည်။

" မင်းက ဘယ်လိုဖြစ်ပြီး ဒါလေးတောင် မသိနေရတာလဲ ။ မင်း ရှေးဟောင်းနတ်ဆိုးကမ္ဘာ ကရော ဟုတ်ရဲ့လား "

လောထျန်း မှာ ထိုမေးခွန်းကြောင့် အံ့သြမှင်သက်သွားပြီး တစ်ခုခုပြန်ပြောရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် သူတို့နားလေး၌ တိုက်ပွဲစနေလေပြီ ။

" ထားလိုက်ပါလေ... ဟိုလူတွေ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် ကို ဘယ်လိုထုတ်လဲပဲ အရင်ကြည့်လိုက််မယ် "

လောထျန်း ထိုသို့တွေးပြီး မည်သို့မှ မပြောဘဲ နေလိုက်သည်။

" သားရဲကောင်.. သွားသေလိုက်တော့ကွာ "

မိုဝမ်ရှန့်က အရူးတစ်ယောက်သဖွယ် အော်ရယ်ရင်း ကောင်းကင်မီးတောက် သားရဲကြီးအား ထိုးလိုက်သည်။

ကောင်းကင်မီးတောက် သားရဲကြီးမှာ စစချင်း ရှေ့သို့ အသည်းအသန် ပြေးနေရာမှ ... လူတစ်ယောက်က သူ့ထံသို့ ပြေးဝင်လာသည်ကို ကြည့်ကာ လန့်သွားဟန် တူပါ၏။

ထို့နောက်တွင် ၎င်း၏ မျက်လုံးထဲ ဒေါသငွေ့များ လက်သွားပြီး လက်မြှောက်၍ မိုဝမ်ရှန့်ဘက်သို့ အသာအယာ ယမ်းလိုက်သည်။

ဝုန်း...

အစွမ်းနှစ်ခု တိုက်မိသွားကြ၏။

မိုဝမ်ရှန့် မှာ စစချင်းတွင် ပြုံးနေသေးသော်လည်း..

တခဏအကြာမှာပင် သူ့မျက်နှာထက်မှ အပြုံးက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။

ဖြောင်း..

အသံတစ်သံနှင့်အတူ သူ့လက်တစ်ဖက် တွန့်လိမ်ကောက်ကွေးသွားပြီး ပုံပျက်ပန်းပျက် ဖြစ်သွား၏။

" ဘယ်လိုဖြစ်ပြီး.. "

မိုဝမ်ရှန့် တစ်ယောက် အလွန် အံ့သြတုန်လှုပ်သွားတော့သည်။

နတ်ဆိုးအသွင်ပြောင်းကိုးသွယ် ခန္ဓာကိုယ်ရှိသော သူလိုလူတစ်ယောက်က ပြိုင်ဘက်နှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် လက်တစ်ဖက် ကျိုးသွားခဲ့ရသတဲ့လား ။

ထိုမျှနှင့် မပြီးသေးဘဲ.. ကောင်းကင်မီးတောက် သားရဲကြီး၏ လက်သည်းချွန်များနှင့်အတူ ကြောက်မက်ဖွယ် အစွမ်းတစ်ခုလည်း ထပ်ရောက်လာပြန်သည်။

မိုဝမ်ရှန့် မှာ သိန်းပေါင်းများစွာသော တောင်ကြီးများက သူ့ကို ဖိခြေရန် တစ်ပြိုင်နက်တည်း တိုးဝင်လာနေသည့်အလား ခံစားလိုက်ရ၏။

သူ ထိုကြောက်မက်ဖွယ် ဖိအားကြီးကို လုံးဝခခံနိုင်ဘဲ နောက်သို့ လွင့်ထွက်သွားတော့သည်။

ဝုန်း..

မိုဝမ်ရှန့် ၏ ခန္ဓာကိုယ်မှာ ချောင်နက်ကြီး အပေါ်ဘက်ကောင်းကင်ယံရှိ လေထုအကာအရံနှင့် ပြင်းထန်စွာ တိုက်မိသွား၏။

သူ့တစ်ကိုယ်လုံးလည်း ထိုအကာအရံထဲ ညှပ်သွားကာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

အွတ်...

မိုဝမ်ရှန့် သွေးအန်သွားပြီး သေလုမျောပါး အခြေအနေ ဖြစ်နေတော့၏။

" ဘယ်လိုဖြစ်ပြီး... "

အနီးနားတွင် ရှိနေကြသူအားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ကြောက်လန့်တုန်လှုပ်သွားကြတော့သည်။

မိုဝမ်ရှန့်က သိုင်းကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရလေပြီ....

ရှုံးသည်မှ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရခြင်းပင်..

အထူးသဖြင့် ကွေ့ရှန် မှာ ထိုအချိန်တွင် မျက်နှာကြီး အလွန်ပျက်နေတော့၏။

သူ မိုဝမ်ရှန့်၏ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် ခန္ဓာကိုယ်ကို မြင်စဥ်၌ ဒုက္ခဘေးမှ ကင်းလွတ်ပြီဟုသာ တွေးထင်ခဲ့ပါသည်။

သို့သော်... မိုဝမ်ရှန့်က ယခုလို ဖြစ်သွားမည်ဟု မည်သူထင်ပါမည်နည်း ။

သို့ဆိုလျှင် ထို ကောင်းကင်မီးတောက် သားရဲကြီးအား ကိုင်တွယ်နိုင်သူ ရှိပါသေးသလား ။

" ဟမ့်... မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတာကိုးကွ။ ကိုယ့်မှာ အစွမ်းမရှိရင် သွားမလုပ်တာ အကောင်းဆုံးပဲ "

တုချန်က မိုဝမ်ရှန့်အား လှောင်ပြုံးဖြင့် ကြည့်ကာ လေထဲသို့ ပျံတက်သွားလိုက်သည်။

" ဒီလို ကောင်းကင်မီးတောက် သားရဲမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အနီးကပ်သွားပြီး တိုက်ခိုက်လို့ မရဘူး။ အကွာအဝေးတစ်ခု ခြားထားမှရမယ်... ပြီးမှ ပေတစ်ထောင် နတ်ဆိုးဓားနဲ့ ဖြတ်.. "

တုချန် လေထဲသို့ ပျံတက်သွားပြီးနောက် ကြောက်မက်ဖွယ် နတ်ဆိုးဓားကြီးဖြင့် ခုတ်ချလိုက်တော့သည်။

ဝုန်း..

ကြောက်မက်ဖွယ် ဓားစွမ်းအင်က လေထုကို ဖြတ်သွားကာ ကောင်းကင်နှင့်မြေကြီးအား နှစ်ခြမ်း ခွဲပစ်တော့မလိုပင် ။

" သခင်ကြီး တုချန်က နတ်ဆိုးဓားအသွင်ကိုးမျိုးကိုတောင် ကျွမ်းကျင်သွားပြီလား ။ ဒီတစ်ကြိမ်တော့ သူ အောင်မြင်မယ်ထင်တယ် "

ကွေ့ရှန် ရင်ထဲ မျှော်လင့်ချက်လေး ပြန်လင်းလာသည်။

တုချန်၏ နတ်ဆိုးဓားကြီးမှ ကြောက်မက်ဖွယ် ဓားအစွမ်းကိုကြည့်ရင်း သူ့မျက်လုံးများလည်း အရောင်လက်လာ၏။

သို့သော်...

ခွမ်...

အသံတစ်သံနှင့်အတူ ကောင်းကင်မီးတောက် သားရဲကြီးဆံမှ မီးပွင့်များ တလက်လက်တောက်သွား၏။

ထိုအရာမှလွဲ၍ အခြား ဘာမှဖြစ်မသွားပါ...

ထိုတခဏ၌ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်...

ထိုအချိန်မှာပင် ကောင်းကင်မီးတောက်သားရဲကြီးက ဖြည်းဖြည်းချင်း ခေါင်းလှည့်လာပြီး ခပ်လှမ်းလှမ်းမှ တုချန်ကိုကြည့်ကာ ပါးစပ်ဟလိုက်သည်။

ဝုန်း..

ကြောင်မက်ဖွယ် မီးတောက်ကြီးတစ်ခုက တုချန်ဆီသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် တိုးဝင်လာ၏။

" ဒါ.... "

တုချန် တုန်လှုပ်သွားတော့သည်။

သူ ရှောင်တိမ်းလိုက်ချင်သော်လည်း မည်သို့မှ ရှောင်မရနေပါ ။

ဝုန်း..

ထိုစဥ်မှာပင် ကြောက်မက်ဖွယ် မီးတောက်ကြီးက သူ့ကိုယ်ထဲသို့ ထိုးဖောက်ဝင်လာတော့သည်။

ချက်ချင်းမှာပင် သူ့ကိုယ်၌ ဆိုးရွားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ကျန်ခဲ့ပါ၏။

" အား.. "

တုချန်၏ စူးစူးဝါးဝါး အော်သံကြီး ထွက်လာသည် ။

" ဒါ... "

ကွေ့ရှန် ၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုတို့ ပြန်ပေါ်လာတော့၏။

အဆင့် ၁၁ ကောင်းကင်မီးတောက်သားရဲကြီးက ကြောက်စရာ ကောင်းလှပါတကား...

စာစဉ်ပြီး၏

All Chapters