ဂျူနီယာညီယွင်
Vol. 184 Ch. 2746
လီရွှယ်က ထိုစကားကိုကြားသောအခါ သူကလှောင်ရယ်လိုက်၏။
“သူက မိစ္ဆာဓားတောင်ထွတ်ရဲ့ ဓားကျင့်ကြံသူတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ မင်းထင်လို့လား… သူတို့က မိစ္ဆာတစ်ဦးဖြစ်လာတာနဲ့ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက နောက်ထပ်တစ်ဆင့်ကို မြင့်တက်သွားပြီ…. တကယ်ဆို သူတို့က အာကာသသက်ရှိ ပကတိအင်မော်တယ်တွေနဲ့တောင်မှ ဆန့်ကျင်တိုက်ခိုက်နိုင်တယ်”
“မင်းက စိုးရိမ်စိတ်လွန်ကဲနေတာပဲ”
ယဲ့ဝူချန်းက ဝမ်တုန်ကို လှည့်ကြည့်ခြင်းမရှိဘဲ ရှင်းပြမှုကိုလည်း အရေးမလုပ်ဘဲ မှင်သေသေဖြင့်ပြောလိုက်၏။
ဖြတ်တောက်ဓားတောင်ထွတ်သည် ဤမျိုးဆက်မှာ ဓားတောင်ထွတ်ရှစ်ခု၏ ခေါင်းဆောင်ဖြစ်လေသည်။ ထို့ကြောင့် ယဲ့ဝူချန်းမှာ ယုံကြည်မှုကောင်းကောင်းရှိလေသည်။
ထိုစဉ်မှာပင် လူတစ်ချို့က အပြင်ဘက်ကနေ ပြေးလာနေပြီး သူတို့၏ မျက်လုံးထဲရှိ တုန်လှုပ်မှုနှင့်အတူ မောဟိုက်နေကြ၏။
ဝမ်တုန်က ဓားကျင့်ကြံသူများ၏ အမူအရာကို တွေ့မြင်သောအခါ သူက ရလဒ်ကို ခန့်မှန်းမိသွားပြီဖြစ်ပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“အဲဒါပြီးသွားပြီလား”
လီရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး အနိဋ္ဌာရုံဓားတောင်ထွတ်မှ ဓားကျင့်ကြံသူတစ်ချို့ကို ကြည့်ကာ ပြောလိုက်၏။
“ဂျူနီယာညီ ဖူယင်က ဘာလို့ မင်းတို့တွေနဲ့ လိုက်မလာတာလဲ”
ဖူယင်သည် ဆူဇီမိုကိုစိန်ခေါ်ရန် မိစ္ဆာဓားတောင်ထွတ်ကနေ ရွေးချယ်ထားသော ဓားကျင့်ကြံသူဖြစ်လေသည်။
ဓားကျင့်ကြံသူတစ်ယောက်က ညင်သာစွာ ချောင်းဟန့်ကာ ပြောလိုက်၏။
“စီနီယာအကို ဖူယင်က ရှုံးသွားပါပြီ”
“ဘာဖြစ်တယ်”
ရုတ်တရက် လီရွှယ်က မတ်တတ်ထရပ်ပြီး အော်ပြောလိုက်၏။
“မဖြစ်နိုင်တာ”
“ညီကိုလီ သိပ်ပြီးဒေါသမထွက်နဲ့… စိတ်ကိုလျှော့ထား”
ကုန်းစွန်းယီက သူ့ကို အလောတကြီး ဖျောင်းဖျလိုက်၏။
“ကိစ္စကို အရင်ရှင်းရှင်းလင်းလင်းပြောပါစေဦး”
လီရွှယ်၏ ခန္ဓာကိုယ်မှာ မိစ္ဆာချီက ရစ်သိုင်းလာပြီး သူက အနည်းငယ် မချင့်မရဲဖြစ်နေ၏။ ခဏနေပြီးနောက် သူက တဖြည်းဖြည်း စိတ်ကိုတည်ငြိမ်စေပြီး ဓားကျင့်ကြံသူကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဖူယင်က ဘယ်လိုရှုံးသွားတာလဲ… အဲဒီပြင်းထန်ကြမ်းတမ်းတဲ့တိုက်ပွဲမှာ သူတို့နှစ်ယောက်က ဘယ်နှစ်ချီတိုက်ခိုက်ခဲ့ကြလဲ… ငါ့ကို ကောင်းကောင်းပြောစမ်း… အသေးစိတ် ဘာမှမကျန်ခဲ့စေနဲ့”
“အမ်း… အဲဒါက…”
ဓားကျင့်ကြံသူက ခဏမျှတွေဝေတုံ့ဆိုင်းပြီး အထစ်ထစ်ငေါ့ငေါ့ပြောလိုက်၏။
“အဲဒါကို ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုလို့တောင် မဆိုနိုင်ပါဘူး… စီနီယာအကိုဖူယင်က ပထမတစ်ချီမှာပဲ တစ်ဖက်လူရဲ့ ချုပ်နှောင်တာကို ခံလိုက်ရတယ်”
“ဟမ်”
“သူက တစ်ချီတည်းနဲ့ရှုံးသွားတာလား”
လီရွှယ်က သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ အကြည့်က နီရဲလာခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲကနေ ဓားချီက ပစ်လွင့်ထွက်ပေါ်လာပြီး သူက ပို၍ပင် မကျေမချမ်းဖြစ်လာလေသည်။
“စိတ်ကိုလျှော့… စိတ်ကိုလျှော့ထား”
ဝမ်တုန်က ရှေ့သို့အလောတကြီးတက်ပြီး လီရွှယ်၏ ပခုံးကိုကိုင်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်၏။
“တခြားဓားတောင်ထွတ်တွေက ဂျူနီယာညီတွေလည်း အတူတူပါပဲ… အားလုံးက တစ်ချီနှစ်ချီထက် ပိုပြီးတော့ မခံနိုင်ခဲ့ကြဘူး”
တဖြည်းဖြည်း လီရွှယ်က သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားချီကို ရုတ်သိမ်းလိုက်၏။
ဓားကျင့်ကြံသူက လီရွှယ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ဆက်ပြောလိုက်၏။
“အဲဒါပြီးတဲ့နောက် စီနီယာအကိုဖူယင်က အရမ်းကိုဒေါသထွက်သွားတယ်… သူက မိစ္ဆာတစ်ဦးအဖြစ် အသွင်ပြောင်းလဲပြီး တစ်ဖက်လူကို နောက်ကနေ ချောင်းမြောင်းပြီးတော့…”
“သေစမ်းကွာ”
ထိုစကားကိုကြားသောအခါ လီရွှယ်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ အော်ငေါက်လိုက်၏။
“အဲဒီခွေးကောင်ဖူယင်က ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့… သူက မိစ္ဆာဓားတောင်ထွတ်ကို သိက္ခာချနေတာပဲ”
ဝမ်တုန်၊ ကုန်းစွန်းယီနဲ့ ချင်ကျုံးတို့က ထိုစကားကို ကြားသောအခါ သူတို့ကလည်း နှုတ်ခမ်းကို မဲ့လိုက်ကြ၏။
တစ်ဖက်လူက သူ့ကို လွှတ်ပေးခဲ့ပြီဖြစ်လေသည်။ သူက မကျေနပ်သောကြောင့် ချောင်းမြောင်းတိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ခြင်းသည် ဓားကမ္ဘာမှာ စက်ဆုပ်စရာအကောင်းဆုံး အပြုအမူတစ်ရပ်ဖြစ်လေသည်။
ဝမ်တုန်က ညင်သာစွာချောင်းဟန့်ပြီး ဖူယင်ဘက်ကနေ ရှင်းပြပေးလိုက်၏။
“ဂျူနီယာညီဖူယင်က မိစ္ဆာအဖြစ် အသွင်ပြောင်းလဲပြီးတဲ့နောက် သူက စိတ်လွတ်သွားတာဖြစ်မှာပါ… တခြားသူတွေကို ချောင်းမြောင်းတိုက်ခိုက်တာက သူ့ရဲ့ပင်ကိုစရိုက်တော့ မဟုတ်လောက်ဘူး”
လီရွှယ်က အဲဒါနှင့်ပတ်သက်၍ ဆက်လက်ပြီး ဂရုမစိုက်နိုင်ပေ။ သူက ဆဲဆိုရင်း ခန်းမထဲကနေ ထွက်ခွာကာ အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်၏။
“ငါ အဲဒီကောင်လေးကို အခုပဲသွားပြီးဆုံးမမယ်… ချီးပဲ… ငါ သူ့ကို မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ရမယ်”
“အဲ့လိုလုပ်စရာမလိုတော့ပါဘူး”
ဓားကျင့်ကြံသူက ညင်သာစွာချောင်းဟန့်ကာ ပြောလိုက်၏။
“စီနီယာအကိုဖူယင်က တာအိုရောင်းရင်းဆူရဲ့ ဆုံးမတာ ခံခဲ့ရပြီးပါပြီ”
“ဟမ်”
လီရွှယ်က မှင်တက်သွားပြီး အလိုလိုမေးလိုက်၏။
“အဲဒီရောင်းရင်းဆူက အဆင်ပြေရဲ့လား”
လီရွှယ်၏ စိတ်ထဲမှာ ဖူယင်က မိစ္ဆာတစ်ဦးအဖြစ် အသွင်ပြောင်းလဲပြီး နောက်ကနေ ချောင်းမြောင်းတိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်မည်ဆိုလျှင် ကျင့်ကြံသူဆူက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
ဝမ်တုန်က နှစ်သိမ့်လိုက်၏။
“ညီကိုလီ… အရမ်းကြီး စိတ်တိုမနေနဲ့… ဂျူနီယာညီဝမ်ကို အရင်စကားဆုံးအောင် ပြောပါစေဦး”
ဂျူနီယာညီဝမ်က ဆက်ပြောလိုက်၏။
“အဲဒီအချိန်တုန်းက စီနီယာအကိုဖူယင်က မိစ္ဆာတစ်ဦးအဖြစ် အသွင်ပြောင်းလဲပြီး နောက်ကနေ ရုတ်တရက်ချောင်းမြောင်းတိုက်ခိုက်တဲ့အချိန်မှာ အဲဒီမှာရှိတဲ့ ကျင့်ကြံသူတွေက အချိန်မီမတုံ့ပြန်နိုင်ခဲ့ကြဘူး… သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းကို နီးကပ်နေတဲ့အတွက် ရှောင်တိမ်းဖို့ကလည်း မဖြစ်နိုင်တော့ဘူး”
“တာအိုရောင်းရင်းဆူက နောက်ကျောမှာ မျက်လုံးပါပုံရတယ်… သူက လှည့်တောင်မကြည့်ဘဲ သူ့ရဲ့လက်ချောင်းကိုခါပြီး စီနီယာအကိုဖူယင်ရဲ့ ဓားကို ပစ်ရိုက်လိုက်တယ်”
“စီနီယာအကိုဖူယင်ရဲ့ မူပိုင်အင်မော်တယ်ဓားက နေရာမှာတင် ကြေမွသွားတယ်”
ရုတ်တရက် အစည်းအဝေးခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။
ဝမ်တုန်နဲ့ အခြားသူများသည် ဆူဇီမို၏ ခွန်အားကို ကြိုတင်တွက်ဆထားခဲ့ပြီဖြစ်သော်လည်း သူတို့က ဤစကားမှာ တုန်လှုပ်သွားရဆဲဖြစ်သည်။
ဓားကျင့်ကြံသူတစ်ယောက်၏ မူပိုင်စိတ်ဝိညာဉ်ရတနာကို လက်ချောင်းတစ်ချောင်းလှုပ်ခါပြီး ဖျက်ဆီးလိုက်တာလား။
ဖူယင်က မိစ္ဆာတစ်ဦးအဖြစ် အသွင်ပြောင်းလဲပြီးတာတောင် သူက တစ်ချီပင် မခံနိုင်ခဲ့ဘူးလား။
အဲဒါက ဘယ်အဆင့်စွမ်းအားမျိုးလဲ။
အဲဒါက ဘယ်လိုအမျိုးအစား ကိုယ်ကာယလဲ။
ထိုအချက်တစ်ချက်ကပင် ဤလူ၏ တိကျသော အခြေအနေပေါ် ထိန်းချုပ်နိုင်စွမ်း၊ အကဲဖြတ်မှုနှင့် တုံ့ပြန်မှုတို့သည် အလွန်တရာ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီကို သက်သေပြပေးနေ၏။
ဖူယင်၏ မူပိုင်စိတ်ဝိညာဉ်ရတနာကို ဖျက်ဆီးလိုက်ခြင်းသည် သူ့အတွက် သင့်လျော်သော ပြစ်ဒဏ်တစ်ခုဟု ဆိုနိုင်သည်။
မိစ္ဆာဓားတောင်ထွတ်မှာပင်လျှင် ချောင်းမြောင်းတိုက်ခိုက်သောကိစ္စ၏ ရလဒ်သည် မူပိုင်စိတ်ဝိညာဉ်ရတနာတစ်ခုကို ဖျက်ဆီးရုံမျှသာကလိမ့်မည်မဟုတ်ပေ။
ရုတ်တရက် ချင်ကျုံးက မေးလိုက်၏။
“ဖူယင်ရဲ့ မူပိုင်စိတ်ဝိညာဉ်ရတနာက ဘယ်အဆင့်လဲ”
“အဲဒါ ကပ်ဘေးခုနှစ်ခု စိတ်ဝိညာဉ်ရတနာပဲ”
လီရွှယ်က ဖြည်းဖြည်းချင်းပြောလိုက်သည်။
ဝမ်တုန်၊ ကုန်းစွန်းယီနဲ့ အခြားသူများ၏ မျက်စပ်များက တဆတ်ဆတ်လှုပ်သွားပြီး ခန်းမက နောက်တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွား၏။
ခဏနေပြီးနောက် ခန်းမထဲကနေ နှာမှုတ်သံတစ်ချက်ထွက်ပေါ်လာသည်။
ယဲ့ဝူချန်းက မှင်သေသေဖြင့်ပြောလိုက်၏။
“မိစ္ဆာသွင်ပြင်နဲ့ ချောင်းမြောင်းတိုက်ခိုက်တာတောင် ဒီလောက်ထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရတယ်ဆိုတော့… မိစ္ဆာဓားတောင်ထွတ်က တော်တော်အစွမ်းထက်တာပဲ”
ထိုစကားကို ကြားချိန်မှာ လီရွှယ်၏ မျက်နှာက နီမြန်းလာပြီး သူ၏ အမျက်ဒေါသက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။ အနက်ရောင်ဓားချီများက သူ၏ ခန္ဓာကိုယ်မှာ ရစ်သိုင်းလာပြီး သူက အံကိုတင်းတင်းကြိတ်ကာ ယဲ့ဝူချန်းကို တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်၏။
သို့သော်လည်း မည်သို့ပင်ဆိုစေ မိစ္ဆာဓားတောင်ထွတ်သည် အရင်ဆုံးအရှက်ရခဲ့ပြီးပြီဖြစ်လေသည်။ သူတို့က မှားနေသည့်ဘက်မှာ ရှိနေသည့်အတွက် သူက မည်သည့်စကားကိုမှ မပြောနိုင်ပေ။။
လီရွှယ်က လှောင်ရယ်လိုက်လေသည်။
“ယဲ့ဝူချန်း… မင်း လှောင်ပြောင်ထေ့ငေါ့နေစရာ မလိုပါဘူး… မင်းရဲ့ ဖြတ်တောက်ဓားတောင်ထွတ်ကလည်း အဲဒီလူကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
ယဲ့ဝူချန်းက မှင်သေသေဖြင့်ပြောလိုက်၏။
“ဖြတ်တောက်ဓားတောင်ထွတ်ရဲ့ တင်းလျှိုက ဘယ်လောက်ပဲ အသုံးမကျပါစေ… သူက စိတ်ခံစားချက်ဖြတ်တောက်အခြေအနေကို ဝင်ရောက်သွားတာနဲ့ သူ့အနေနဲ့ တစ်ချီတောင်မခံဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ထိုစဉ်မှာပင် ဂျူနီယာညီဝမ်က ခပ်ဖျော့ဖျော့လေသံဖြင့် ပြောလိုက်၏။
“ဖြတ်တောက်ဓားတောင်ထွတ်ရဲ့ စီနီယာအစ်ကိုတင်းကလည်း တစ်ချီတောင် မခံခဲ့ပါဘူး”
ယဲ့ဝူချန်း၏ အမူအရာက ပြောင်းလဲသွားသည်။
ခန်းမထဲသို့ သူဝင်ရောက်လာပြီးကတည်းက သူသည် မည်သည့်စိတ်ခံစားချက်မှမရှိသော လူတစ်ယောက်ဖြစ်သည့်အလား တစ်ချိန်လုံး မှင်သေသေဖြင့် ရှိနေခဲ့၏။
ထိုစကားကိုကြားသောအခါ ယဲ့ဝူချန်းက သူ၏ စိတ်ခံစားချက်များကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။
“ဟားဟားဟားဟား”
လီရွှယ်က ဟားတိုက်ရယ်မောလိုက်သည်။
စောစောက သူခံစားခဲ့ရသည့် ရှက်ရွံ့မှုနှင့် မကျေမချမ်းမှုများက အတော်လေး ပြေလျော့သွားလေသည်။
ယဲ့ဝူချန်းက မတ်တတ်ထရပ်ပြီး တင်းမာသောလေသံဖြင့် မေးလိုက်၏။
“တင်းလျှိုက စိတ်ခံစားချက်ဖြတ်တောက်အခြေအနေကို မဝင်ရောက်နိုင်ခဲ့ဘူးလား”
“သူဝင်ရောက်ခဲ့ပါတယ်”
ဂျူနီယာညီဝမ်က ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့ တာအိုရောင်းရင်းဆူထံက ဟိန်းဟောက်သံတစ်သံအပြီးမှာ စီနီယာအကိုတင်းက အဲဒီအခြေအနေကနေ ပျက်ပြယ်သွားပြီး တာအိုရောင်းရင်းဆူရဲ့ ချုပ်နှောင်ခြင်းခံလိုက်ရတယ်”
ဟိန်းဟောက်သံတစ်သံက စိတ်ခံစားချက်ဖြတ်တောက်အခြေအနေကို ပယ်ဖျက်နိုင်တာလား။
လီရွှယ်က သူ၏ အပြုံးကို ရုပ်သိမ်းပြီး မေးလိုက်၏။
“အဲဒီလူက ကောင်းကင်ဘုံကမ္ဘာကနေ လာခဲ့တာပဲ… သူက ဘယ်နတ်ဘုရားစွမ်းအား၊ ဘယ်ဓမ္မပညာရပ်တွေကို ထုတ်ဖော်ထားခဲ့လဲ… သူကျင့်ကြံထားတာက အင်မော်တယ်တာအိုလား၊ ဗုဒ္ဓတာအိုလား၊ မိစ္ဆာတာအိုလား”
“ကျုပ်မသိပါဘူး”
ဂျူနီယာညီဝမ်က ခေါင်းခါပြလိုက်၏။
“တာအိုရောင်းရင်းဆူ တိုက်ခိုက်တဲ့အချိန်ကစပြီး အခုအချိန်ထိ သူက ဘယ်နတ်ဘုရားစွမ်းအား၊ ဘယ်လျှို့ဝှက်အတတ်ကိုမှ အသုံးမပြုခဲ့ဘူး… သူက ဘယ်လက်နက်ကိုမှတောင် ထုတ်မသုံးခဲ့ဘူး”
ဓားတောင်ထွတ်ရှစ်ခု၏ အထွတ်အထိပ်ပကတိအင်မော်တယ်များက ခါတိုင်းလို ပေါ့ပေါ့ပါးပါးဆက်မနေနိုင်တော့ဘဲ သူတို့၏ အမူအရာများက တည်ကြည်လေးနက်လာ၏။
အပြင်လူတစ်ယောက်က ဓားတောင်ထွတ်ရှစ်ခု၏ ပြိုင်စံရှားများကို တစ်ယောက်ပြီးတစ်ယောက် ရိုက်ချနေခြင်းသည် သူတို့အတွက် မကောင်းလှပေ။
ခဏမျှတိတ်ဆိတ်ငြိမ်သက်ပြီးနောက် ဝမ်တုန်က ဓားအင်မော်တယ်ထိုက်လိုင်ကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ညီအစ်ကိုထိုက်လိုင်… ငါတို့တွေ မင်းတို့ အဆုံးစွန်ဓားတောင်ထွတ်ရဲ့ ဂျူနီယာညီယွင်ကို ဖိတ်ခေါ်မှပဲ ရတော့မယ်နဲ့တူတယ်”
ဓားအင်မော်တယ်ထိုက်လိုင်က မတတ်သာသော အမူအရာဖြင့် ခါးသက်စွာပြောလိုက်၏။
“ဂျူနီယာညီယွင်ကို အဆုံးစွန်ဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်က အတော်လေး တန်ဖိုးထားတယ်… သူက လက်ရှိမှာ အင်မော်တယ်နှိမ်နှင်းဓားကို နားလည်ဆင်ခြင်ဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတယ်… မလိုအပ်သရွေ့ ဆရာက သူ့ကို လုံးဝနှောက်ယှက်ခွင့်ပေးမှာ မဟုတ်ဘူး”
ချင်ကျုံးက မတ်တတ်ထရပ်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
“ဒီကိစ္စက ဓားကမ္ဘာရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်နေပြီ… ငါတို့ရှစ်ယောက်က အဆုံးစွန်ဓားတောင်ထွတ်ကို အတူသွားကြမယ်ဆိုရင်တောင် ငါတို့က ဂျူနီယာညီယွင်ကို ခေါ်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ မင်းပြောနေတာလား”
“တကယ်ဆို ငါက ကိုယ်တိုင်ဝင်ပြီး တိုက်ခိုက်ချင်နေပြီ… ဒါပေမဲ့ ရောင်းရင်းဆူရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ကျလွန်းတယ်… ငါက တိုက်ခိုက်မယ်ဆိုရင် အဲဒါက မျှတမှုရှိမှာ မဟုတ်ဘူး”
ဓားအင်မော်တယ်ထိုက်လိုင်က ခဏမျှစဉ်းစားတွေးတောပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကောင်းပြီလေ… ငါတို့တွေ ဂျူနီယာညီယွင်ကို ဝင်ပါခိုင်းကြတာပေါ့… အားလုံးပဲ အဆုံးစွန်ဓားတောင်ထွတ်ကို ငါနဲ့အတူလိုက်ခဲ့ကြ။”