← Chapters

သူက ငါ့ယောက်ဖပဲ

Vol. 184 Ch. 2748

သူက ငါ့ယောက်ဖပဲ

Vol. 184 Ch. 2748

ယွင်ထင်က ဆူဇီမိုကို တွေ့မြင်သောအခါ သူ၏ အမူအရာက အဆက်မပြတ်ပြောင်းလဲသွားသည်။

အရင်ဆုံး သူက တုန်လှုပ်၍ မယုံကြည်နိုင်ဖြစ်နေ၏။ ထို့နောက် သူက နှစ်သက်သဘောကျစွာဖြင့် အံ့အားသင့်သွားပြီး အော်ဟစ်လုမတတ်ဖြစ်သွားလေသည်။

သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်ရင်း သူက သူ၏ စိတ်ကို တည်ငြိမ်စေလိုက်၏။

ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ဤကိစ္စကြောင့် သူသည် ကောင်းကင်ဘုံကမ္ဘာမှာ အမဲလိုက်ခံခဲ့ရလေသည်။

ယခုအချိန်မှာ ဆူဇီမိုသည် သေဆုံးသွားပြီဟု လူတိုင်းက မှတ်ယူထားကြသည်။ သူက ဆူဇီမို၏ သရုပ်သကန်ကို ထုတ်ဖော်ပြောဆိုမည်ဆိုလျှင် မည်သည့်အပြောင်းအလဲများဖြစ်လာမလဲ မပြောနိုင်ပေ။

သူ၏ ရင်ထဲမှာ သူသည် ဆူဇီမိုလို စွမ်းအားကြီးမားသည့် ပြိုင်ဘက်တစ်ယောက်ကို တကယ်ပဲ မဆုံးရှုံးချင်ပေ။

ဆူဇီမို၏ တည်ရှိမှုသည် ဓားတာအိုမှာ အနိုင်မခံအရှုံးမပေးသော စိတ်စွမ်းအားနှင့်အတူ သူ့ကို ရှေ့သို့ ရဲဝံ့စွာအဆက်မပြတ်တက်လှမ်းစေမည့် တွန်းအားတစ်ရပ် ဖြစ်ခဲ့လေသည်။

ဒါ့အပြင် သူ့အစ်မသည် ဆူဇီမိုကို တစ်စုံတစ်ရာဖြစ်စေချင်မှာ မဟုတ်ဟု သူသေချာပြောနိုင်သည်။

ထိုစဥ်မှာပင် ချင်ကျုံးက ဆူဇီမိုကို သူနှင့်တိုက်ခိုက်ရဲလားဟု မေးလိုက်သည်ကို ယွင်ထင်က ကြားလိုက်ရ၏။

ဆူဇီမိုက ညင်သာစွာပြုံးပြီး မလှမ်းမကမ်းမှာရှိသော ယွင်ထင်ကိုကြည့်လိုက်၏။ သူက ညင်သာစွာခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“တကယ်တော့... တာအိုရောင်းရင်းယွင်ထင်နဲ့ ကျုပ်က...”

“အာ... မဟုတ်ဘူးလေ”

ဆူဇီမိုက စကားဆုံးအောင်မပြောရသေးခင်မှာပင် ယွင်ထင်က အလောတကြီးဖြတ်ပြောလိုက်၏။

ဆူဇီမိုသည် အရင်က သူနှင့် တိုက်ခိုက်ခဲ့ဖူးသည်ဟု ပြောချင်သည်ကို ယွင်ထင် ကပြောနိုင်လေသည်။

သူက ထိုသို့ပြောလိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်ကြား တိုက်ပွဲ၏ ရလဒ်ကို အခြားသူများက သေချာပေါက်သိချင်ကြပေလိမ့်မည်။ ထိုအခါ သူသည် နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့သည့်အချက်ကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။

ယွင်ထင်သည် ဓားကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သူသည် ဓားတာအိုမှာ သူ၏ ပါရမီအရည်အချင်းကို အပြည့်အဝထုတ်ဖော်ပြသထားပြီး ဓားကမ္ဘာမှ စီနီယာများစွာ၏ တန်ဖိုးထားခြင်းကို ခံရလေသည်။ သူက စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်လာသည်ဟု ဆိုနိုင်လေသည်။

သူက နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့သည်ကို ဆူဇီမိုက အများသူငှာရှေ့မှာ ထုတ်ဖော်ပြောဆိုမည်ဆိုလျှင် သူက အရှက်ရပေလိမ့်မည်။

ယွင်ထင်၏ အော်ဟစ်စကားသံက ဆူဇီမိုကိုသာမက အခြားလူတိုင်းကိုပါ တွေဝေရှုပ်ထွေးသွားစေ၏။

ယွင်ထင်က ဆူဇီမိုနားသို့ ချဥ်းကပ်လာပြီး အော်ပြောလိုက်၏။

“ဘယ်လောက်တောင်တိုက်ဆိုင်လိုက်လဲ... ကျုပ်တို့နှစ်ယောက်က အရမ်းကိုရင်းနှီးမှုရှိကြတယ်”

အစကတော့ ဆူဇီမိုသည် တိုက်ခိုက်မည့်အကြောင်းကို ပြောတော့မည်ဖြစ်လေသည်။

သို့သော်လည်း ယွင်ထင်က ရုတ်တရက် စကားလမ်းကြောင်းပြောင်းသွားလိမ့်မည်ဟု ဘယ်သူက သိပါ့မလဲ။

ယွင်ထင်က ဝမ်တုန်၊ ဓားအင်မော်တယ်ထိုက်လိုင်နှင့် အခြားသူများကို ကြည့်လိုက်၏။ သူက ဆူဇီမို၏ ပခုံးကိုဖက်ပြီး ပြုံးပြလိုက်လေသည်။

“ဒါက ကျုပ်ယောက်ဖပဲ”

“အမ်...”

ဝမ်တုန်၊ ဓားအင်မော်တယ်ထိုက်လိုင်နှင့် အခြားသူများက ကြက်သေသေသွားပြီး သူတို့က ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

ထူးခြားအံမခန်းတိုက်ပွဲတစ်ခုကို စောင့်မျှော်နေသည့် ဘေးပတ်လည်မှ ဓားကျင့်ကြံသူများကလည်း နေရာမှာတင် ငေးမောမှင်တက်သွားကြသည်။

ပေမင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။ ရုတ်တရက် သူမက ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် ဖော်မပြတတ်သောရန်လိုမှုဖြင့် ယွင်ထင်ကို စိုက်ကြည့်လာခဲ့သည်။

ဆူဇီမိုသည် ယွင်ထင်က ဘာ့ကြောင့် ရူးကြောင်ကြောင်ပြုလုပ်လာသည်မသိဘဲ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူက စကားပြောတော့မည့်ဆဲဆဲမှာပင် ယွင်ထင်က သူ့ကို မျက်စိမှိတ်ပြလိုက်၏။

“ညီကိုဆူ... ငါ့အစ်မဆီကနေ အကုန်လုံးကို ငါကြားပြီးသွားပြီ”

ယွင်ထင်က သူ၏ စိတ်ဝိညာဥ်အသိစိတ်​ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

“မင်းမှာ ဖန်​တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေးရှိနေတယ်... မင်းက မင်းရဲ့သရုပ်သကန်ကို မပေါက်ကြားစေရင် အကောင်းဆုံးပဲ”

ဆူဇီမိုကလည်း အဲဒါနှင့်ပတ်သက်၍သိရှိထားပြီး သူ၏ သရုပ်သကန်ကို ထုတ်ဖော်ပြောဆိုဖို့ စိတ်ကူးမရှိပေ။

သို့သော်လည်း သူ၏ သရုပ်သကန်ကို ဖုံးကွယ်ဖို့ကိစ္စသည် ယွင်ထင်က သူ့ကိုယောက်ဖဟုခေါ်ဆိုလိုက်ခြင်းနှင့် ဘယ်လိုပတ်သက်နေသလဲ သူမသိပေ။

“တာအိုရောင်းရင်းဆူက မင်းရဲ့ယောက်ဖလား”

ဓားအင်မောတယ်ထိုက်လိုင်က မယုံကြည်နိုင်ဖြစ်နေဆဲပင်။

အဲဒါက အရမ်းကို တိုက်ဆိုင်လွန်းမနေဘူးလား။

ယွင်ထင်က ပြောလိုက်၏။

“ဒါပေါ့... သူ့နာမည်ကဆူကျူးပဲ... သူနဲ့ကျုပ်အစ်မနဲ့က ချစ်ခင်စုံမက်နေကြတာ... ကျုပ်တို့နှစ်ယောက်ကလည်း အရမ်းကို ရင်းနှီးကြတယ်”

ဆူကျူးဟူသောနာမည်ကို ကြားချိန်မှာ ဆူဇီမို၏ နှုတ်ခမ်းထောင့်က တွန့်သွားလေသည်။

ထိုနာမည်က အရမ်းကို ပစ်စလက်ခက်နိုင်မနေဘူးလား။

အဲဒါသည် သူ၏ မျိုးရိုးနာမည်နှင့် ယွင်ကျူး၏ နာမည်ကို ပေါင်းစပ်ထားခြင်းမျှသာဖြစ်လေသည်။

ဆူဇီမိုက မည်သည့်စကားမှ မဆိုပေ။

မည်သို့ပင်ဆိုစေ သူသည် ဓားကမ္ဘာမှာ သူ၏ နာမည်အပြည့်အစုံကို ထုတ်ဖော်ပြောဆိုထားခဲ့ခြင်းမရှိပေ။ ယခုသူက ဆူကျူးဆိုတော့လည်း ဆူကျူးဖြစ်ရုံပေါ့။

သူနှင့်ယွင်ကျုးက ချစ်ခင်စုံမက်နေသည်ဟု ယွင်ထင်၏ ပြောစကားနှင့်ပတ်သက်၍ ယွင်ထင်သည် အဲဒါကို သာမန်ကာလျှံကာပြောလိုက်ခြင်းမျှသာဖြစ်မည်ဟု သူကမှတ်ယူပြီး စိတ်ထဲမှာ ထည့်မှတ်မထားပေ။

သို့သော်လည်း ပေမင်ရွှယ်က သူမ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး တစ်နည်းတစ်ဖုံကြောက်စရာကောင်းသောအကြည့်နှင့် ယွင်ထင်ကို စိုက်ကြည့်နေ၏။

ဝမ်တုန်၊ ဓားအင်မော်တယ်ထိုက်လိုင်နှင့် အခြားသူများကလည်း အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

သူတို့သည် ယွင်ထင်ကို ဖိတ်ခေါ်လာပြီးနောက် တုန်လှုပ်စရာကောင်းသောတိုက်ပွဲတစ်ခုဖြစ်လာမည့်အစား မိသားစုဆုံစည်းမှုမြင်ကွင်းတစ်ခု ဖြစ်နေလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။

“ဒါဆိုရင်...”

ဓားအင်မော်တယ်ထိုက်လိုင်က အကဲစမ်းမေးမြန်းလိုက်၏။

“ဂျူနီယာညီယွင်... မင်းက တာအိုရောင်းရင်းဆူနဲ့ တိုက်ခိုက်ဦးမှာလား”

ဝမ်တုန်နှင့် အခြားသူများ၏ ရင်ထဲမှာ ယွင်ထင်သည် ဆူဇီမိုကို အနိုင်ယူပြီး ဓားကမ္ဘာ၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ဖို့ မျှော်လင့်နေကြဆဲဖြစ်သည်။

ယွင်ထင်က လက်ကာပြပြီး မှန်ကန်ဖြောင့်မတ်သယောင်နှင့် ပြောလိုက်၏။

“ဒါက... ကျုပ်ယောက်ဖပဲ... ကျုပ်တို့တွေက မိသားစုဝင်တွေပဲ... ကျုပ်က သူနဲ့ဘာလို့တိုက်ခိုက်ရမှာလဲ”

“ခင်ဗျားဆိုရင်ရော ဘာအကြောင်းအရင်းမှမရှိဘဲ ခင်ဗျားယောက်ဖနဲ့ တိုက်ခိုက်မှာလား”

ယွင်ထင်၏ စကားက ဓားအင်မော်တယ်ထိုက်လိုင်ကို ဆို့နင့်သွားစေလေသည်။

ထိုနေရာအရောက်မှာ ယွင်ထင်သည် သူ့ကိုဘာ့ကြောင့်ယောက်ဖဟု ခေါ်ဆိုခဲ့သလဲ ဆူဇီမိုက နောက်ဆုံးနားလည်သဘောပေါက်သွား၏။

သူက သူ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်ရုံမျှသာဖြစ်လေသည်။

“အာ...”

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက စိတ်ပျက်လက်ပျက်အမူအရာများနှင့်အတူ သက်ပြင်းချလိုက်ကြသည်။

သူတို့သည် ထူးခြားအံ့မခန်းတိုက်ပွဲကို မျှော်လင့်စောင့်စားကာ အမျိုးမျိုးသောဓားတောင်ထွတ်များက တကူးတက ရောက်ရှိလာခဲ့ကြသည်။ ယခုသူတို့နှစ်ယောက်က ဆွေမျိုးများဖြစ်နေကြလေသည်။

မျှော်လင့်စောင့်စားခဲ့သော ကြီးမားသည့်တိုက်ပွဲက ဘာမှဖြစ်လာတော့မည် မဟုတ်ပေ။

“ကဲ... လူစုခွဲကြတာပေါ့”

“ကြည့်ရတာတော့ ဓားတောင်ထွတ်ရှစ်ခုရဲ့ ပေါင်းစည်းခြင်းပကတိအင်မော်တယ်တွေထဲမှာ ဘယ်သူကမှ ဆူကျူးကို ထိန်းချုပ်နိုင်မယ် မထင်တော့ဘူး”

“ဆူကျူးက ဂျူနီယာညီယွင်နဲ့ ဆွေမျိုးတွေဖြစ်နေတာ တကယ်ပဲ ကံကောင်းသွားတယ်”

တောင်ထွတ်ရှစ်ခုမှ ဓားကျင့်ကြံသူများက ဆွေးနွေးပြောဆိုကာ လူစုခွဲထွက်ခွာသွားကြသည်။

ဝမ်တုန်၊ ဓားအင်မော်တယ်ထိုက်လိုင်နှင့် အခြားသူများက နေရာမှာပင် မတ်တတ်ရပ်နေကြဆဲဖြစ်သည်။ သူတို့၏ စိတ်များက ရှုပ်ထွေးနောက်ကျိနေကြပြီး သူတို့က မချင့်မရဲခံစားနေရ၏။

“စီနီယာအစ်ကိုတို့... တခြားဘာမှမရှိတော့ဘူးဆိုရင် ကျုပ်က ကျုပ်ယောက်ဖနဲ့ လိုဏ်ဂူခန်းဝါထဲကို လိုက်သွားဦးမယ်”

ယွင်ထင်က သူ၏ လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြလိုက်၏။

“ကျုပ်တို့တွေက တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ နှစ်ပေါင်းများစွာကြာသွားပြီ ကျုပ်သူနဲ့ ကောင်းကောင်းစကားပြောရဦးမယ်”

“ဂျူနီယာညီယွင်... လုပ်စရာရှိတာလုပ်ပါ”

ဝမ်တုန်နှင့် တခြားသူများက ယဥ်ကျေးစွာ ​ပြန်ဖြေလိုက်၏။

“ယောက်ဖ သွားကြမယ်”

ယွင်ထင်က ဆူဇီမို၏ ပခုံးကိုဖက်ပြီး ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါရှိရာသို့ လျှောက်လှမ်းသွားလေသည်။

ဘာ့ကြောင့်ရယ်မသိ ယွင်ထင်သည် ဆူဇီမိုကို ယောက်ဖဟုခေါ်ဆိုကတည်းက သူက ကျောရိုးတစ်လျှောက်ချမ်းစိမ့်စိမ့်ဖြစ်လာသည်ဟု ထင်ရ၏။

ယွင်ထင်က နောက်သို့လှည့်ကြည့်ပြီး ပေမင်ရွှယ်၏ အေးစက်နေသောမျက်လုံးများကို တွေ့မြင်လိုက်ရသည်။ သူက အလိုလိုတုန်လှုပ်သွားလေသည်။

လိုဏ်ဂူခန်းဝါထဲသို့ ရောက်ရှိလာပြီးနောက် သူတို့သုံးယောက်က ထိုင်ချလိုက်သည့်ခဏမှာပင် ယွင်ထင်က ရယ်မောလိုက်လေသည်။

“ညီကိုဆူ... ကောင်းလိုက်တာကွာ... မင်းတကယ်မသေဘူးပဲ”

“အရင်တုန်းက ငါ့အစ်မဆီက ရောက်လာတဲ့စာကို ငါတွေ့တုန်းက ငါကမင်းအတွက် အတော်ကြာကြာစိတ်မကောင်းဖြစ်နေခဲ့တာ အဲဒီသောက်ခွေးတက္ကသိုလ်ဂိုဏ်းချုပ်က တကယ့်ကို လူမဆန်တဲ့ကောင်ပဲ”

ယွင်ထင်က သူ့အတွက် တကယ်ပင်ဝမ်းသာအားရဖြစ်နေသည်ကို ဆူဇီမိုက ခံစားမိလေသည်။

သူတို့နှစ်ယောက်သည် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့ကြားမှာ မည်သည့်ရန်ငြှိုးရန်စမှ မရှိပေ။ ထိုအစား သူတို့က တစ်ယောက်ပေါ်တစ်ယောက် လေးစားမှုရှိကြလေသည်။

ဒါ့အပြင် ဆူဇီမိုသည် ယွင်ကျူးနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိထားလေသည်။

ထိုစဥ်မှာပင် ပေမင်ရွှယ်က ရုတ်တရက်မေးလိုက်သည်။

“ဆရာ... သူပြောတဲ့ ယောက်ဖဆိုတာကဘာလဲ”

“ဘာမှမဟုတ်ဘူး... သူ့ရဲ့ပေါက်တက်ကရစကားကို နားယောင်မနေနဲ့”

ဆူဇီမိုက ပြုံး၍ပြောလိုက်၏။

“သူက ငါနဲ့မတိုက်ခိုက်ချင်ရုံနဲ့ အကြောင်းပြချက် လျှောက်ပေးနေတာပဲ”

“ဪ... အဲလိုလား”

ပေမင်ရွှယ်က သူမ၏ စိတ်ထဲမှာ ဝန်ထုပ်တစ်ခုလွတ်ကျသွားသည့်အလား ခေါင်းညိတ်လိုက်၏။

ထိုစကားကိုကြားသောအခါ ယွင်ထင်က မကျေမနပ်ဖြစ်သွား၏။

သူက အလောတကြီးပြောလိုက်သည်။

“ဟေး... နားလည်မှုမလွဲနဲ့... ငါက မင်းနဲ့လက်ရည်မစမ်းချင်လို့ မင်းကိုယောက်ဖလို့ခေါ်တယ်ဆိုတာ အမှန်ပဲ... ဒါပေမဲ့ ငါမင်းကို ကြောက်မနေဘူး”

“ငါက ဓားကမ္ဘာမှာ ဒီနှစ်တွေထဲ အတော်လေးအကျိုးအမြတ်ရခဲ့တယ်ဆိုတာ မင်းသိမှာပေါ့... ငါက... ငါ့ရဲ့ဓားတာအိုကို ထက်ရှအောင်လုပ်ဖို့အတွက် တစ်ယောက်ယောက်ကို အမြဲတမ်းလိုက်ရှာနေတာ... မင်းက အကောင်းဆုံးသင့်လျော်သူပဲ”

“ဒါပေမဲ့... မင်းမှာ ဖန်တီးခြင်းကြာပဒုမ္မာမျိုးဆက်သွေးရှိတယ်လို့ ငါ့အစ်မဆီကနေ ငါကြားပြီးပြီ... ငါတို့က စောစောက တိုက်ခိုက်ကြလို့ မင်းက စိုးရိမ်ပူပန်နေပြီး မင်းရဲ့သွေးချီကို မထုတ်ဖော်ဘူးဆိုရင် မင်းရဲ့ခွန်အားအပြည့်အဝကိုလည်း ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး... အဲလိုနဲ့ ငါက မင်းကိုအနိုင်ရမယ်ဆိုရင်တောင် အဲဒါက မျှတတဲ့နိုင်ပွဲဖြစ်လာမှာမဟုတ်ဘူး။”

All Chapters