စွဲလမ်းခြင်း
Vol. 184 Ch. 2749
ထိုသို့ပြောရင်း ယွင်ထင်က ဆူဇီမိုကို သူလုံးဝမကြောက်ဘူးဆိုတာ သက်သေပြချင်သည့်အလား သူ၏ မျက်ဝန်းထောင့်ကနေ ပေမင်ရွှယ်ကို လှမ်းကြည့်လိုက်၏။
သို့သော်လည်း ပေမင်ရွှယ်က မျက်လွှာချကာ သူ့ကို လျစ်လျူရှုထားသည်။
ယွင်ထင်က ညင်သာစွာ ချောင်းဟန့်ပြီး သူ၏ ရင်ဘတ်ကိုပုတ်ကာ ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“ညီအစ်ကိုဆူ… မင်း ငါ့ကိုမယုံဘူးဆိုရင် ငါတို့ နောက်နေ့ကျရင် တိုက်ခိုက်ဖို့အတွက် လျှို့ဝှက်နေရာတစ်ခုကို သွားကြမယ်… မင်းလုပ်ချင်တာလုပ်လို့ရတယ်… ငါတို့က ဘာထိန်ချန်မှုမှမရှိဘဲ စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်ကြမယ်”
“နောက်နေ့လား”
ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ပြုံးပြလိုက်၏။
ယွင်ထင်၏ မာန်မာနအရ သူက နှစ်ကြိမ်ရှုံးနိမ့်ရုံဖြင့် ကြောက်ရွံ့သွားလိမ့်မည် မဟုတ်ဘူးဆိုတာ သူယုံကြည်လေသည်။
သို့သော်ယခု သူတို့နှစ်ယောက်ကြား ကွာဟချက်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာထက်ပင် ပို၍ကြီးမားလာခဲ့ပြီဖြစ်သည်။
ယွင်ထင်သည် ဓားတာအိုမှာ တကယ်ပင် တိုးတက်လာခဲ့သည်။ သို့သော်လည်း ဆူဇီမို၏ တာအိုသစ်သီးသည် အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲများ၏ အဆင့်မြင့်ကျင့်ကြံရေးနည်းစနစ်များ၏ လေးနက်သိမ်မွေ့မှုများကို စုဖွဲ့ထားသည်။ ၎င်းမှာ တဗူးဂမ္ဘီရကျင့်စဉ်တချို့၏ ဓမ္မတာအိုများပင် ပါဝင်ပြီး သူက ပကတိဧကနယ်ပယ်သို့ မတက်လှမ်းခင် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်ခဲ့လေသည်။
သွေးချီကို အသုံးပြုခြင်းမရှိလျှင်တောင် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ ခန္ဓာကိုယ်သည် ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဉ်ရတနာများကို ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
အတိအကျဆိုရလျှင် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကပင် ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်လေသည်။
ဒါ့အပြင် သူသည် ယခု တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတချို့ကို ကျွမ်းကျင်တတ်မြောက်ထားပြီဖြစ်သည်။
ယခုအချိန်မှာ ဆူဇီမိုသည် ယွင်ထင်ကို ဖိနှိမ်နိုင်ဖို့ သူ၏ ခွန်အား ၅၀ရာခိုင်နှုန်းကိုသာ အသုံးပြုဖို့ လိုအပ်ပေလိမ့်မည်။
သူသည် ဤတစ်ခေါက် ကပ်ဘေးနှင့်ကြုံတွေ့ပြီးနောက် သူသည် တမလွန်ဘုံ၏ မရဏတံခါးနှင့် အဝါရောင်စိမ့်စမ်းလမ်းသို့ ရောက်ရှိကာ ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ပြန်လည်ရှင်သန်ခဲ့လေသည်။ သူ၏ ရရှိမှုများက အလွန်ကြီးမားလေသည်။
ယခုအချိန်အထိကို သူသည် သူရရှိထားသည့်အရာရာတိုင်းကို အပြည့်အဝ စုပ်ယူချေဖျက်ရခြင်း မရှိသေးပေ။
လက်ရှိမှာ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ ကျိန်စာနှစ်ခုကို ဖယ်ရှားပြီးခဲ့ပြီဖြစ်ပြီး ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ သူစုပ်ယူထားသည့် စွမ်းအင်များကို သန့်စင်နေ၏။
ထိုစွမ်းအင်က လုံလောက်အောင် ပေါကြွယ်ဝမှု ရှိလေသည်။ သူက အဲဒါကို သန့်စင်ပြီးသည်နှင့် သူသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး အာကာသသက်ရှိ ပကတိဧကနယ်ပယ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
သူနှင့်ယွင်ထင်ကြား ကွာဟချက်က ပိုပြီးတိုးလာဖို့သာ ရှိလေသည်။
အရင်တုန်းက ဆူဇီမိုသည် ယွင်ထင်ကို သူ၏ အသန်မာဆုံးပြိုင်ဘက်အဖြစ် ရှုမြင်ထားခဲ့သည်။
သို့သော်ယခု သူ၏ ရည်မှန်းချက်က ပိုပြီးကြီးမားလာခဲ့သည်။
“ဘာဖြစ်လို့လဲ”
ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ပြုံးရုံသာပြုံးနေသည်ကို တွေ့ရသောအခါ ယွင်ထင်က မျက်ခုံးပင့်ပြီး ရန်စသလို မေးလိုက်၏။
“မင်းကြောက်နေတာလား”
ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။
“မင်းက မင်းရဲ့ ဓားတာအိုကို ပိုပြီးတော့ ထက်ရှအောင် ပြိုင်ဘက်တစ်ယောက်ကို ရှာနေတယ်ဆိုရင် အခုအချိန် ငါ့ဘေးမှာ သင့်လျော်တဲ့လူတစ်ယောက် တကယ်ပဲရှိတယ်”
“ဘယ်သူလဲ”
ယွင်ထင်က မေးလိုက်သည်။
ဆူဇီမိုက မလှမ်းမကမ်းမှာရှိသော ပေမင်ရွှယ်ကို ကြည့်လိုက်၏။
“သူလား”
ယွင်ထင်က အဲ့ဒါကို မယုံကြည်နိုင်ပေ။
ဓားတာအိုမှာ ပေမင်ရွှယ်၏ ပါရမီအရည်အချင်းက တကယ်ပင်မဆိုးပေ။
သို့သော်လည်း သူမသည် သိုင်းတာအိုကို ကျင့်ကြံထားပြီး ကောင်းကင်အမြုတေနယ်ပယ်မှာ ပိတ်မိနေလေသည်။ သူမက တာအိုသစ်သီးတစ်လုံးကိုပင် စုဖွဲ့နိုင်ခြင်းမရှိဘဲ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။
သူတို့နှစ်ယောက်ကြားမှာ ကြီးမားသောကွာဟချက်တစ်ခု ရှိနေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ပေမင်က ငါ့ရဲ့ အကြီးဆုံးတပည့်ပဲ… တကယ်တော့ ငါက အခုအချိန်ကို ပြောနေတာမဟုတ်ဘူး… သူက ပကတိအင်မော်တယ်တစ်ဦးဖြစ်လာတဲ့အခါ မင်းတို့တွေ လက်ရည်စမ်းလို့ရတယ်”
“အဲဒါ ဟာသပဲ”
ယွင်ထင်က မျက်လုံးစွေကြည့်လိုက်၏။
“ကျင့်ကြံမှုနယ်ပယ်တူတဲ့ လူတွေကြားထဲမှာ မင်းကလွဲရင် တခြားဘယ်သူက ငါ့ကိုယှဉ်နိုင်လို့လဲ”
“ဆူဇီမို… နောက်ပြီး မင်းက ငါ့ကို အထင်သေးလွန်းရာကျနေတယ်… ငါက မင်းကို အသန်မာဆုံးပြိုင်ဘက်အဖြစ် ရှုမြင်ထားပေမဲ့ မင်းက မင်းရဲ့တပည့်တစ်ယောက်လောက်နဲ့ ငါ့ကိုယှဉ်ခိုင်းဖို့ ကြိုးစားနေတာလား… ငါက…”
ယွင်ထင်က စကားဆုံးအောင် မပြောသေးခင်မှာပင် သူက ရုတ်တရက် ကြက်သီးမွေးညင်းထလာ၏။
မလှမ်းမကမ်းမှာ ပေမင်ရွှယ်သည် တည်ငြိမ်၍ အေးစက်နေသော အမူအရာဖြင့် သူ့ကိုစိုက်ကြည့်နေ၏။
“ငါ… ငါက…”
ယွင်ထင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် အိုးတိုးအမ်းတမ်းအမူအရာဖြင့် ပြုံးလိုက်၏။
“ဂျူနီယာညီမပေမင်… ငါက မင်းကို အထင်သေးနေတာ မဟုတ်ဘူး… ဒါပေမဲ့ ငါတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက အခုအချိန်မှာ ကွာဟနေတယ်… ငါတို့ လက်ရည်စမ်းလို့ မရဘူး”
“နောက်ပိုင်း မင်းက ဓားတာအိုနဲ့ပတ်သက်ပြီး မေးစရာတစ်ခုခု ရှိမယ်ဆိုရင် ငါ့ကိုလာရှာလို့ရတယ်… ဆူဇီမိုက ဓားတာအိုမှာဆိုလျှင် သေချာပေါက် ငါ့ကိုယှဉ်နိုင်မှာ မဟုတ်ဘူး”
ပေမင်ရွှယ်က သူမ၏ လက်သီးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဆုပ်ပြီး နှုတ်ဆိတ်နေ၏။ သူမက ယွင်ထင်ကို နက်ရှိုင်းစွာသာ ကြည့်ပြီးနောက် မတ်တတ်ထရပ်ကာ အပြင်ဘက်ကို ထွက်သွားလေသည်။
“ဂျူနီယာညီမပေမင်… မင်းဘယ်ကိုသွားမလို့လဲ”
ယွင်ထင်က အလိုလို လှမ်းမေးလိုက်၏။
ပေမင်ရွှယ်မှာ မှင်သေသေအမူအရာရှိနေပြီး ယွင်ထင်ကို လှည့်ကြည့်ခြင်းပင်မရှိဘဲ လိုဏ်ဂူခန်းဝါထဲကနေ ထွက်ခွာသွားလေသည်။
“အမ်…”
ယွင်ထင်က ဆူဇီမိုကို ပြန်လှည့်ကြည့်ပြီး မေးလိုက်၏။
“ဂျူနီယာညီမပေမင်က ဒေါသထွက်သွားတာလား… ငါ ဘာမှလည်း မပြောရသေးပါဘူး”
ဆူဇီမိုက ပြုံးပြလိုက်၏။
“သူက အမြဲတမ်းအဲ့လိုပဲ… သူက မင်းကို ပစ်မှတ်ထားတာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်”
“ဒါဆိုရင် သူက ဘယ်ကိုသွားတာလဲ”
ယွင်ထင်က ထပ်မံ၍မေးလိုက်သည်။
ဆူဇီမိုက ပြောလိုက်၏။
“ကျင့်ကြံဖို့အတွက် ဖြစ်မှာပေါ့”
တကယ်တော့ ပေမင်ရွှယ်၏ အတွေးတချို့ကို သူက ခပ်ရေးရေးခန့်မှန်းမိနိုင်သည်။
ပေမင်ရွှယ်သည် ယွင်ထင်နှင့်တိုက်ခိုက်ရန် အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ရန်အတွက် အစစ်အမှန်သိုင်းနယ်ပယ်သို့ တတ်နိုင်သမျှမြန်မြန်တက်လှမ်းရန် ကျင့်ကြံလိုခြင်းဖြစ်ပေလိမ့်မည်။
ဘာကြောင့်ရယ်မသိ ပေမင်ရွှယ်သည် ယွင်ထင်အပေါ် အလွန်တရာရန်လိုနေပုံရသည်ကို ဆူဇီမိုက ခပ်ရေးရေးအာရုံခံမိလေသည်။
သူတို့နှစ်ယောက်က ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်းဖြစ်သည်။ ယွင်ထင်က အနည်းငယ်စကားများနေခဲ့သော်လည်း သူက ပေမင်ရွှယ်ကို အတိုက်အခံပြုလုပ်ခဲ့ခြင်းမရှိပေ။
“ငါ အတွေးလွန်နေတာ ဖြစ်ချင်ဖြစ်မှာပါ”
ဆူဇီမိုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
ထိုစဉ်မှာပင် ယွင်ထင်က ရုတ်တရက် ကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်ပြီး တွေ့ဝေတုံ့ဆိုင်းနေသော အမူအရာဖြင့် သူ၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ ပြောလိုက်၏။
“ညီအစ်ကိုဆူ… မင်းတပည့်မှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိပြီလား”
“ဟမ်…”
ဆူဇီမိုက ယစ်မူး၍ ရှက်ကိုးရှက်ကန်းဖြစ်နေသော ယွင်ထင်ကို ပြုံးစစဖြင့် ကြည့်နေ၏။ သူက ယွင်ထင်၏ အတွေးများကို တွေ့မြင်နေရပုံရလေသည်။
ဆူဇီမို၏ အကြည့်ကို အာရုံခံမိသွားပြီး ယွင်ထင်က အဲဒါကို ဖုံးကွယ်လို့မရတော့ဘူးဆိုတာ သိလိုက်ကာ ပြောလိုက်လေသည်။
“ညီအစ်ကိုဆူ… မင်းနဲ့ငါ့အစ်မကြားက ကိစ္စတွေကို ငါသိပြီးသွားပြီ… ဘာမှမပူနဲ့… မင်းတို့တွေကို ငါအစွမ်းကုန် ထောက်ပံ့ပေးမယ်”
“ငါက ပြီးခဲ့တဲ့နှစ်တွေထဲမှာ ဓားတာအိုမှာပဲ ခုံမင်စွဲလမ်းနေတာ… ငါ့မှာ ဘယ်တုန်းကမှ တာအိုလက်တွဲဖော်တစ်ဦး မရှိခဲ့ဘူး… မင်းရဲ့တပည့်ကလည်း လူလွတ်တစ်ယောက်ဆိုတော့ မင်း ငါတို့ကို အောင်သွယ်ပေးပါလား”
ထိုနေရာအရောက်တွင် ယွင်ထင်က ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားပြီး အလောတကြီး ထပ်ပြောလိုက်၏။
“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်… ငါက သူနဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်လာပြီးရင်တောင် မင်းနဲ့ငါကြားက ဝါစဉ်ကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး”
“မင်းဘာတွေတွေးနေတာလဲ… ငါနဲ့ ယွင်ကျူးကြားမှာ ဘာမှမရှိဘူး”
ဆူဇီမိုက အကြံအိုက်စွာဖြင့် ပြောလိုက်၏။
“မင်းပြောတဲ့ဟာကတော့ ပေမင်ရဲ့ စိတ်ခံစားချက်အပေါ်မှာပဲ မူတည်လိမ့်မယ်… ငါက ဒီကိစ္စမှာ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး”
“အဲဒါ ဘာမှမဖြစ်ပါဘူး”
ယွင်ထင်က ပြောလိုက်သည်။
“မင်းက သူ့ဆရာပဲ… မင်းက သူ့ရဲ့လက်ထပ်ပွဲကို စီစဉ်ပေးရင် ပိုပြီးတော့ အဆင်ပြေတာပေါ့”
ဆူဇီမိုက ထိုစကားကိုကြားသောအခါ သူက တည်တံ့စွာပြောလိုက်၏။
“အဲဒါက ဘယ်သူပဲဖြစ်ဖြစ်… သူ့ဆရာပဲဖြစ်ဖြစ်… သူ့ရဲ့မိဘပဲဖြစ်ဖြစ်… သူ့ရဲ့ကံကြမ္မာနဲ့ဘဝကို ဘယ်သူကမှ ဆုံးဖြတ်မပေးနိုင်ဘူး”
“ပေမင်က သုံးနှစ်အရွယ် ကလေးမဟုတ်ဘူး… သူ့မှာ သူ့ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်”
ယွင်ထင်နှင့် အခြားလူအများစု၏ အတွေးအမြင်အရ သူတို့၏ ဆုံးဖြတ်ချက်များမှာ သူတို့၏ မိသားစုဝင်များက တစ်နည်းတစ်ဖုံပါဝင်ပတ်သက်နေဆဲဖြစ်သည်။
သို့သော်လည်း ဆူဇီမိုကြီးပြင်းလာသော အတွေ့အကြုံက အခြားသူများနှင့် မတူပေ။
သူသည် အခြားသူများ၏ ဆုံးဖြတ်ချက်အပေါ် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။
ဆူဇီမိုက တည်တံ့စွာပြောနေသည်ကို တွေ့ရသောအခါ ယွင်ထင်က သူ့စကားကို ပြောင်းလဲပြီး မေးလိုက်၏။
“ဒါဆိုရင် ငါ သူ့ကို ပိုးပန်းမှာကို မင်းမတားဘူးမလား”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။
ယွင်ထင်က ပြုံးဖြီးနေလေသည်။
“အဲဒါက လွယ်ပါတယ်… ဂျူနီယာညီမပေမင်က ပကတိဧကနယ်ပယ်ကို ဝင်ရောက်လာမယ်ဆိုရင် သူက ငါနဲ့လက်ရည်စမ်းဖို့အတွက် ရောက်လာလိမ့်မယ်”
ယွင်ထင်က ရုတ်တရက် သူ၏ စိတ်ကိုပြောင်းလဲပြီး သဘောတူလိုက်၏။ သူ၏ ထင်မြင်ချက်အရ သူတို့နှစ်ယောက် တိုက်ခိုက်သည့်အခါ သူသည် အန္တိမဓားတာအိုနှင့်အတူ ပေမင်ရွှယ်ကို ဖိနှိမ်ကာ သူ၏ ပြိုင်ဘက်ကင်း သွင်ပြင်ဟန်ပန်ကို ထုတ်ဖော်ပြသရပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူမက သူ့ထံမှာ ကျဆင်းလာမည် မဟုတ်ပါလား။
ပေမင်ရွှယ်က ပထမအကြိမ်မှာ အရှုံးကို ဝန်မခံဘူးဆိုလျှင် ကိစ္စမရှိပေ။
သူမက မကျေနပ်ဘူးဆိုလျှင် ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် သူနှင့်တိုက်ခိုက်ဖို့ ရောက်လာပေလိမ့်မည်။
အချိန်ကြာလာသည့်အမျှ သူတို့နှစ်ယောက်သည် ပို၍ထိတွေ့ဆက်ဆံခွင့် ရလာပေလိမ့်မည်။ သူ့အတွက် အခွင့်အရေးတစ်ခုမဟုတ်တစ်ခု ရောက်ရှိလာမည် မဟုတ်ပါလား။
ပေမင်ရွှယ်က ထိုအချိန်မှာ သူ့ကိုစိတ်မဝင်စားသေးဘူးဆိုလျှင်…
သူသည် သူ၏ နောက်ဆုံးရွှေ့ကွက်ကို ထုတ်ဖော်ကာ ဆူဇီမိုကို စိန်ခေါ်ရပေလိမ့်မည်။
သူက ဆူဇီမိုကို အနိုင်ယူနိုင်သည်နှင့် အဲဒါသည် ပေမင်ရွှယ်ကို ကောင်းကောင်းတုန်လှုပ်သွားစေဖို့ လုံလောက်ပေလိမ့်မည်။