အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 184 Ch. 2751
ယွင်ထင်သည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာ၍ ယောက်ဖတစ်ယောက်ကို အသိအမှတ်ပြုပြီးနောက် ဤကိစ္စက မဖြေရှင်းနိုင်ဘဲ ဒီအတိုင်းကျန်ခဲ့လေသည်။
ဝမ်တုန်နှင့် အခြားသူများသည် ပေမင်ရွှယ်ထိခိုက်ခံစားနေရသည်ကို မကြည့်ရက်နိုင်သော်လည်း ပေါင်းစည်းခြင်းနယ်ပယ်မှာ ပြိုင်ဘက်ကင်းသလောက်ဖြစ်နေသော ဆူဇီမိုကို သူတို့က ဘာမှမလုပ်နိုင်ပေ။
ပေမင်ရွှယ်သည် ဤချောက်ကမ်းပါးကနေ ရပ်တန့်ပြီး ပြန်လှည့်လာဖို့သာ သူတို့က ဆုတောင်းနေကြရသည်။
ပေမင်ရွှယ်သည် ဓားတာအိုမှာ အလွန်တရာပါရမီပါပြီး သိုင်းတာအိုကို ကျင့်ကြံခြင်းဖြင့် သူမ၏ အဖိုးတန်သောအချိန်များ ပြုန်းတီးသွားမည်ကို မည်သူကမှ မလိုလားကြပေ။
တစ်ခဏချင်းမှာပင် သုံးနှစ်တာ ကုန်ဆုံးသွားသည်။
ပြီးခဲ့သည့်သုံးနှစ်အတွင်း ဆူဇီမိုသည် ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါမှာနေပြီး ထွက်ခွာမသွားခဲ့ပေ။
ဓားတောင်ထွတ်ရှစ်ခုမှ ပေါင်းစည်းခြင်းပကတိအင်မော်တယ်များသည် သူ့ကိုမယှဉ်နိုင်ဘူးဆိုတာ သိထားပြီး မည်သူကမှ သူ့ကို လာရောက်စိန်ခေါ်ကြခြင်း မရှိတော့ပေ။ ထိုသို့ဖြင့် သူက အေးအေးဆေးဆေးနေရလေသည်။
ပေမင်ရွှယ်အား တာအိုကိုသင်ကြားပေးရင်း သူက သူ၏ ကျင့်ကြံမှုကို ထိန်းသိမ်းထားသည်။ နောက်ဆုံးဤနေ့မှာ ဆူဇီမိုသည် အဆင့်ချိုးဖျက်တက်လှမ်းမည့် အခွင့်အလမ်းတစ်ရပ်ကို ခံစားမိလာ၏။
တကယ်တော့ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက သူ၏ ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အမြုတေက ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူက သင့်လျော်မည့် အခွင့်အလမ်းတစ်ရပ်ကိုသာ စောင့်မျှော်နေခြင်းဖြစ်သည်။
ပေမင်ရွှယ်သည် ဘေးကနေ တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူမ၏ ကျင့်ကြံရာကနေ နိုးထလာ၏။ သူမက လိုဏ်ဂူခန်းဝါထဲရှိ အင်မော်တယ်ဝင်္ကပါကို အလောတကြီး အသက်သွင်းလိုက်သည်။
သူအဆင့်ချိုးဖျက်တက်လှမ်းသည့်အခါ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေး ပေါက်ကြားသွားမည်ကို ကာကွယ်တားဆီးရန် ဆူဇီမိုသည် လွန်ခဲ့သည့်တစ်နှစ်က ဤအင်မော်တယ်ဝင်္ကပါကို ခင်းကျင်းထားခြင်းဖြစ်သည်။
ဆူဇီမိုသည် သူ၏ ခေါင်းကို ဖြည်းဖြည်းချင်းမော့ပြီး ကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။
သူ၏ ဦးခေါင်းထက်မှာ လိုဏ်ဂူခန်းဝါ၏ တုတ်ခိုင်သော ကျောက်နံရံများသာရှိပြီး သူက မည်သည့်အရာကိုမှ မတွေ့မြင်နိုင်ပေ။
သို့သော်လည်း ဆူဇီမို၏ မျက်လုံးများသည် လေဟာနယ်အလွှာများကို ထိုးဖောက်၍ လိုဏ်ဂူခန်းဝါအပြင်ဘက်ကောင်းကင်နှင့် ဓားကမ္ဘာ၏ မိုးကောင်းကင်ကို တွေ့မြင်နေပုံရသည်။
တဖျတ်ဖျတ်တလက်လက် ကြယ်တာရာကောင်းကင်တစ်ခုက သူ၏ ရှင်းလင်းသောမျက်လုံးထဲမှာ ခပ်ရေးရေးရောင်ပြန်ဟပ်လာ၏။ အဲဒီမှာ အပေါ်အောက်ချိတ်ဆွဲထားသော ကြယ်စင်စုများ၊ အချိန်စီးဆင်းမှုနှင့် အချိန်နှင့်လေဟာနယ်၏ ပြောင်းလဲမှု….။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ စိတ်ဝိညာဉ်က တာအိုသစ်သီး၏ စွမ်းအားအကူအညီနှင့်အတူ အဟန့်အတားအလွှာများကို ချိုးဖျက်ကာ စကြာဝဠာတစ်ခုလုံးနှင့်ချိတ်ဆက်၍ ၎င်းနှင့် အပြန်အလှန်တုံ့ပြန်နေပုံရလေသည်။
ဆူဇီမို၏ အသိစိတ်ထဲမှာ တဖျပ်ဖျပ်တလက်လက် သစ်သီးတစ်လုံးက စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းလည်ပတ်လာ၏။
ဒါ့အပြင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ အော်ရာက အဆက်မပြတ် လျင်မြန်စွာ မြင့်တက်လာနေသည်။
ထိုအခိုက်အတန့်မှာ အရာရာတိုင်းက ပျောက်ကွယ်သွားသည့်အလားပင်။
ဆူဇီမို၏ ခန္ဓာကိုယ်ကပင် ပျောက်ကွယ်သွားလေသည်။
ကျယ်ပြောသောလောကမှာ တဖျတ်ဖျတ်တလက်လက်နှင့် ဝင်းထိန်တောက်ပနေသော တာအိုသစ်သီးတစ်လုံးသာလျှင် ကျန်ခဲ့လေသည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ ဓမ္မအစီအရင်များမှ ကွာဟချက်သည် သူတို့၏ သဘောသဘာဝ တာအိုနှလုံးသားနှင့် စိတ်ဆန္ဒတို့သာဖြစ်သည်။ သို့သော်လည်း ဓမ္မတာအိုလေးနက်သိမ်မွေ့မှုများက အနည်းနှင့်အများဆိုသလို တူညီကြလေသည်။
အောက်ဘုံလောကမှာ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများအားလုံးသည် ရွှေအမြုတေများကို စုဖွဲ့ကြရသည်။ အဲဒါသည် လောက၏ အချုပ်အနှောင်ကနေ သူတို့က ပထမဆုံးအကြိမ်ရုန်းထွက်ခြင်းဖြစ်ပြီး သူတို့၏ ဘဝသက်တမ်းများက နှစ်ငါးရာအထိ မြင့်တက်လာခဲ့သည်။
အဲဒါပြီးလျှင် ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသများ ဖြစ်ပေါ်လာပေလိမ့်မည်။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများ၏ ဓမ္မတာအိုများကြားမှာ အရေးကြီးဆုံးအနှစ်သာရသည် ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်ပြီး ၎င်းနှင့်ချိတ်ဆက်ကာ ဆက်သွယ်မှုတစ်ခုတည်ဆောက်ဖို့ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသများကို ကောင်းကင်နှင့်မြေကြီးစွမ်းအားကိုသုံးကာ စုဖွဲ့ထားလေသည်။
အောက်ဘုံလောကများမှ ကျင့်ကြံသူများသည် ကမ္ဘာငယ်များကိုသာ နားလည်ဆင်ခြင်ရလေသည်။
အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ကျင့်ကြံသူများသည် ပို၍ကျယ်ပြောသော၊ ပို၍ပြီးပြည့်စုံသော၊ အဆုံးမဲ့သော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို နားလည်ဆင်ခြင်နိုင်ကြသည်။
အာကာသသက်ရှိနယ်ပယ်ဆိုသောအရာသည် ကျင့်ကြံသူများအနေဖြင့် သူတို့၏ တာအိုသစ်သီးများကနေတစ်ဆင့် လောကနှင့်အပြန်အလှန်တုံ့ပြန်ရခြင်းဖြစ်လေသည်။
တာအိုသစ်သီးများသည် ကျင့်ကြံသူများ ကျင့်ကြံထားသော ဓမ္မတာအို၏ အနှစ်သာရများ၏ စုဖွဲ့မှုတစ်ခုဖြစ်သည်။
ထိုအပြန်အလှန်တုံ့ပြန်မှု ပေါ်ထွက်လာသောအခါ သူတို့၏ တာအိုသစ်သီးများက အသိအမှတ်ပြုခံလိုက်ရခြင်းနှင့် တူလေသည်။ တာအိုသစ်သီး၏ စွမ်းအားက ဆပွားမြင့်တက်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာ တာအိုသစ်သီးထဲရှိ သိပ်သည်းပြင်းထန်သောစွမ်းအားသည် ကျင့်ကြံသူများကို ပြန်လည်ထောက်ပံ့ပေးပြီး သူတို့၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်များကို ကြီးမားစွာ မြှင့်တင်ရန် သူတို့ကို အာကာသသက်ရှိနယ်ပယ်သို့ ဝင်ရောက်မည့် ပကတိအင်မော်တယ်များ ဖြစ်လာစေပေလိမ့်မည်။
အာကာသသက်ရှိနယ်ပယ်သို့ တက်လှမ်းသောဖြစ်စဉ်က တစ်ရက်လုံးလုံးကြာမြင့်ခဲ့သည်။
ဆူဇီမို၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေသည်။
အင်မော်တယ်ဘုရင်မလင်းလုံ ခန့်မှန်းခဲ့သည့်အတိုင်းပင် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာသည် အဆုံးသတ်မဟုတ်ဘဲ စမှတ်တစ်ခုသာ ဖြစ်လေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ သွေးချီက မြင့်တက်လာနေဆဲဖြစ်ပြီး အကန့်အသတ်သို့ ရောက်ရှိမလာသေးပေ။
သူ၏ အမြုတေစိတ်ဝိညာဉ်ကျင့်ကြံမှုသည် သူ၏ ကိုယ်ကာယကျင့်ကြံမှုနယ်ပယ်ထက် ရှေ့သို့ အမြဲတမ်းကြိုရောက်နေခဲ့သည်။
အာကာသသက်ရှိနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်သည် သုခဘုံလေဟာနယ် ပကတိနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အဲဒါသည် ပြီးပြည့်စုံသော ပကတိအင်မော်တယ်တစ်ဦးနှင့် တူညီလေသည်။
ပကတိဧကနယ်ပယ်ကို အဆင့်သေးလေးဆင့် ထပ်မံခွဲခြားထားလေသည်။ သူတို့ကို ကွဲပြားသောနာမည်များ ပေးထားသည့်မှာ အဆင့်သေးလေးဆင့်ကြားတွင် သိသာထင်ရှားသော ခွန်အားကွာဟချက်တစ်ခုစီ ရှိနေသောကြောင့်ဖြစ်သည်။
သမိုင်းတစ်လျှောက်မှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များထက် အဆင့်သေးတစ်ဆင့်ပိုမြင့်သော အမြုတေစိတ်ဝိညာဉ်များကို ပိုင်ဆိုင်ထားသည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများက အလွန်တရာ ရှားရှားပါးပါးဖြစ်လေသည်။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်ကတော့ သူ၏ ကျင့်ကြံမှုထက် အဆင့်သေးနှစ်ဆင့် ရှေ့သို့ကြိုရောက်နေလေသည်။
ဆူဇီမိုသည် အာကာသသက်ရှိနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသည့် ဤဖြစ်စဉ်အတွင်း သူသည် ကြီးမားသည့် အစစ်အမှန်အမြုတေစွမ်းအင်ပမာဏတစ်ခုကို ထုတ်ဖော်ကာ ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါထဲမှာ ပြည့်နှက်သွားစေသည်။
ဒါ့အပြင် လောကနှင့်ဆက်သွယ်သည့်ဖြစ်စဉ်အတွင်း အပြန်အလှန်တုံ့ပြန်မှုက အရမ်းကိုသန်မာပြီး လိုဏ်ဂူခန်းဝါထဲမှာ ခင်းကျင်းထားသည့် အင်မော်တယ်ဝင်္ကပါကပင် အဲဒါကို ခံနိုင်ရည်မရှိဘဲ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အစစ်အမှန်အမြုတေအော်ရာတစ်စွန်းတစ်စက အက်ကွဲကြောင်းထဲကနေ စိမ့်ထွက်သွားလေသည်။
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဝေလငါးတစ်ကောင်ကဲ့သို့ ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါထဲမှာ ပြည့်နှက်နေသည့် အမြုတေချီများကို စုပ်ယူလိုက်၏။
ပေမင်ရွှယ်သည် ဆူဇီမိုကို တစ်ချိန်လုံးဘေးကနေ စောင့်ကြည့်ပေးနေ၏။
ဤတစ်ရက်လုံးလုံး ဆူဇီမို၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်းဖြစ်စဉ်တစ်ခုလုံးကို သူမက မြင်တွေ့ခွင့်ရခဲ့လေသည်။
ဤမျှနီးကပ်သော အကွာအဝေးကနေ အဲဒါကို တွေ့မြင်ခံစားရခြင်းက အရမ်းကို ကြုံတောင့်ကြုံရခဲဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်ပြီး ၎င်းနှင့်ဆက်သွယ်သည့် လျှို့ဝှက်ဆန်းကြယ်သောဖြစ်စဉ်က သူမ၏ စိတ်ထဲမှာ နက်ရှိုင်းစွာ စွဲထင်သွားသည်။
ဆူဇီမို၏ ဤတစ်ခေါက်အဆင့်ချိုးဖျက်တက်လှမ်းခြင်းသည် ပေမင်ရွှယ်အတွက်လည်း ကြီးမားသော အခွင့်အလမ်းတစ်ရပ်ဖြစ်လာပြီး သူမသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ တက်လှမ်းမည့် အခွင့်အလမ်းတစ်ရပ်ကို ခံစားမိလာသည်။
ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါထဲကနေ စိမ့်ထွက်သွားသော အစစ်အမှန်အမြုတေတစ်စကတော့ ၎င်းသည် လေထဲမှာလွင့်မျောပြီး အနိဋ္ဌာရုံဓားတောင်ထွတ်နှင့် ပေါင်းစည်းသွားသည်။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်ပေါ်မှာ တောင်ထွတ်သခင်သည် သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး အနားယူနေ၏။
ရုတ်တရက်ဆိုသလို…
သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး သူ၏ အကြည့်က မလှမ်းမကမ်းမှာ ညှိုးခြောက်နေသော ကြာပန်းတချို့အပေါ် ဆင်းသက်ရောက်ရှိသွားလေသည်။
“ဟမ်…”
အနိဋ္ဌာရုံဓားတောင်ထွတ်သခင်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ အကြည့်က ငေးမောမှင်တက်သွား၏။
ထိုအခိုက်အတန့်မှာ ညှိုးနွမ်းနေသော ကြာပန်းတချို့က အသက်ဓာတ်အစိမ်းရောင်တစ်စွန်းတစ်စကို အမှန်တကယ်ပင် ရရှိလာလေသည်။
ဖူးပွင့်လာသည့် မည်သည့်ကြာပန်းမှ မရှိသေးသော်လည်း ကြာရိုးများပေါ်မှာ နုနယ်သော အစိမ်းရောင်အစက်အပြောက်များနှင့် ကြာရွက်အသစ်များက ပေါ်ထွက်လာခဲ့လေသည်။
“ဘာဖြစ်နေတာလဲ”
ရုတ်တရက် အနိဋ္ဌာရုံဓားတောင်ထွတ်သခင်က မတ်တတ်ထရပ်ပြီး အံ့အားသင့်မှုနှင့် ဝမ်းသာပျော်ရွှင်မှုနှင့်အတူ အစိမ်းရောင်ကြာပန်းတချို့ကို ငေးကြည့်နေ၏။
ထိုစဉ်မှာပင် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်၏။ သူက ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါရှိရာဘက်ကိုကြည့်ပြီး သူ၏ မျက်လုံးထဲကနေ တဖျပ်ဖျပ်တလက်လက် ဓားလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံကပ်ဘေးရဲ့အော်ရာ… ပေမင်ရွှယ်က အဆင့်ချိုးဖျက်တက်လှမ်းတော့မှာလား”
အနိဋ္ဌာရုံဓားတောင်ထွတ်သခင်က မယုံကြည်နိုင်သောအကြည့်နှင့်အတူ ရင်တစ်ချက်ထိတ်သွား၏။
သူ၏ ထင်မြင်ချက်အရ ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံရင်း လမ်းမှားနေခဲ့ပြီဖြစ်သည်။
သူမက အဆင့်-၉ ကံကြမ္မာစက်ကွင်းဟု ခေါ်ဆိုသောအရာကို ကျင့်ကြံပြီး တူညီသောကျင့်ကြံမှုနယ်ပယ်မှာ သန်မာသည်ဆိုလျှင်တောင် သူမသည် တာအိုသစ်သီးတစ်လုံးကို မစုဖွဲ့နိုင်သည့်အတွက် ပကတိဧကနယ်ပယ်သို့ ဘယ်တော့မှ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်ယခု ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ အော်ရာက ပေမင်ရွှယ်၏ ဘေးကနေ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
“သူ အဲဒါကို လုပ်နိုင်ခဲ့ပြီပဲ”
တုန်လှုပ်မှုအပြီး၌ အနိဋ္ဌာရုံဓားတောင်ထွတ်သခင်၏ မျက်လုံးထဲတွင် ကျေနပ်အားရသော အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
မည်သို့ပင်ဆိုစေ ပေမင်ရွှယ်သည် ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်သည်နှင့်အမျှ သူမသည် ပကတိအင်မော်တယ်တစ်ဦးဖြစ်လာဖို့ အခွင့်အရေးကို ရရှိပေလိမ့်မည်။
ဒါ့အပြင် အနိဋ္ဌာရုံဓားတောင်ထွတ်သခင်ကို ပို၍ပင် စိတ်လှုပ်ရှားစေသည့်အရာမှာ ကြာပန်းများ ပြန်လည်ရှင်သန်လာသည့်အကြောင်းအရင်းကို သူက ရှာဖွေတွေ့ရှိသွားသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။
အဲဒါက ပေမင်ရွှယ်ဖြစ်ရပေမည်။
လောကမှာ ဤကဲ့သို့သော တိုက်ဆိုင်မှုတစ်ခု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။
ပေမင်ရွှယ်က အဆင့်ချိုးဖျက်တက်လှမ်း၍ ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်တော့မည့်ဆဲဆဲမှာပင် တောင်ထွတ်ပေါ်မှာ ကြာပန်းအချို့က ပြန်လည်ရှင်သန်လာခဲ့သည်။
သူမ အဆင့်ချိုးဖျက်တက်လှမ်းသည့်အခါ ဤကဲ့သို့သော နိမိတ်ဖြစ်စဉ်တစ်ခု တွဲဖက်ပေါ်ထွက်လာသည်မှာ ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်လဲ။
ဤပုံစံအရ ပေမင်ရွှယ်၏ ကပ်ဘေးဆင်းသက်ခြင်း အဆုံးသတ်သွားပြီးနောက် တောင်ထွတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းများက နိုးထလာပြီး အနိဋ္ဌာရုံဓားတောင်ထွတ်မှာ နောက်တစ်ဖန်ပွင့်လန်းလာကြပေလိမ့်မည်။
တကယ်ဆို ပေမင်ရွှယ်သည် ဧကရာဇ်အင်မော်တယ်နှိမ်နင်း ပြန်ဝင်စားလာခြင်းဖြစ်သည်ဟုပင် အနိဋ္ဌာရုံဓားတောင်ထွတ်သခင်က သံသယဝင်မိနေ၏။
“ကောင်းကင်ဘုံရဲ့အလိုဆန္ဒ… ဒါက ကောင်းကင်ဘုံရဲ့အလိုဆန္ဒပဲ”
အနိဋ္ဌာရုံဓားတောင်ထွတ်သခင်က စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ်ရေရွတ်နေ၏။
“ကောင်းကင်ဘုံက ငါတို့ဓားကမ္ဘာကို ကောင်းချီးပေးနေပြီ။”