← Chapters

လူတိုင်း၏ စိတ်အာရုံ

Vol. 184 Ch. 2752

လူတိုင်း၏ စိတ်အာရုံ

Vol. 184 Ch. 2752

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်…

“ဟမ့်”

ရုတ်တရက် ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်သခင်က လက်လှမ်းပြီး လေထဲမှ အလင်းလုံးကို ဖမ်းဆွဲယူလိုက်၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်က အဲဒါနှင့် ထိတွေ့မိသည့်ခဏမှာပင် အထဲမှာရှိသော သတင်းအချက်အလက်ကို သူက လက်ခံရရှိလိုက်သည်။

“ပေမင်ရွှယ်က အဆင့်ချိုးဖျက်တက်လှမ်းပြီး ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်တော့မှာလား”

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်သခင်က အံ့အားသင့်သွားသည်။

ဤသတင်းစကားသည် အနိဋ္ဌာရုံဓားတောင်ထွတ်သခင်ထံမှ ရောက်ရှိလာခြင်းမဟုတ်လျှင် သူက အဲဒါကို ယုံကြည်မိလိမ့်မည် မဟုတ်ပေ။

ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်သခင်က ခဏမျှစဉ်းစားတွေးတောပြီးနောက် ဤသတင်းကို ထုတ်ပြန်ကြေညာဖို့ ဆုံးဖြတ်လိုက်သည်။

ပေမင်ရွှယ် ကပ်ဘေးဖြတ်ကျော်မှာကို စောင့်ကြည့်လိုသည့် ကျင့်ကြံသူများက အနိဋ္ဌာရုံဓားတောင်ထွတ်သို့ သွားရောက်နိုင်ကြမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တခြားသော တောင်ထွတ်ခြောက်ခုမှ တောင်ထွတ်သခင်များကလည်း အနိဋ္ဌာရုံဓားတောင်ထွတ်ထံမှ သတင်းကို လက်ခံရရှိလိုက်ကြသည်။

“ပေမင်ရွှယ် ကျင့်ကြံတဲ့သိုင်းတာအိုကလည်း ပကတိဧက ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်တာလား”

“ငါသိရသလောက်ဆိုရင် ပေမင်ရွှယ်ကျင့်ကြံထားတဲ့ ကံကြမ္မာစက်ကွင်းကိုးခုက တာအိုသီးတစ်လုံးကို စုဖွဲ့နိုင်ပုံမရဘူး… သူက တာအိုသီးတစ်လုံးမရှိဘဲ ပကတိဧကနယ်ပယ်ကို ဘယ်လိုတက်လှမ်းနိုင်မှာလဲ”

“ငါလည်း မပြောတတ်ဘူး… ဒါပေမဲ့ ဒီသတင်းစကားက ညီအစ်ကိုလုဆီက လာတာဆိုမှတော့ အဲဒါက မှားစရာမရှိလောက်ဘူး… ငါတို့လည်း သွားကြည့်ကြတာပေါ့”

တခြားသော တောင်ထွတ်သခင်ခုနစ်ဦးက သံသယဝင်နေပြီး အဲဒါကို မယုံကြည်ကြပေ။

သို့သော်လည်း သူတို့ခုနစ်ယောက်သည် ဤကိစ္စကို ထုတ်ပြန်ကြေညာဖို့ ရွေးချယ်လိုက်ကြဆဲဖြစ်သည်။ ဓားတောင်ထွတ်များမှ တခြားသော ဓားကျင့်ကြံသူများကတော့ သူတို့ သွားရောက်ကြည့်ရှုချင်သည်ဆိုလျှင် သူတို့သဘောသာဖြစ်လေသည်။

ယေဘုယျအားဖြင့်ပြောရလျှင် ဓားကမ္ဘာမှဓားကျင့်ကြံသူများ ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်သည့်အခါ အခြားသောဓားကျင့်ကြံသူများက ဘေးကနေ စောင့်ကြည့်နိုင်ကြလေသည်။

သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးက အဆင့် ၅ဆင့် သို့မဟုတ် အဆင့် ၆ဆင့်သာ ဖြစ်မည်ဆိုလျှင် အဲဒါသည် ဓားကျင့်ကြံသူအများစုကို ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

သူက ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ သတ္တမအဆင့်သို့ ရောက်ရှိနိုင်မည်ဆိုလျှင် အဲဒါက ကျင့်ကြံသူများစွာကို ဆွဲဆောင်ပေလိမ့်မည်။

ဥပမာအားဖြင့် ယွင်ထင် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ခဲ့စဉ်က အတော်လေးကြီးမားသည့် လူစုလူဝေးတစ်ခုကို ဖြစ်စေခဲ့သည်။ တောင်ထွတ်ရှစ်ခုမှ ပကတိအင်မော်တယ်များ၏ ထက်ဝက်နီးပါးသည် ရောက်ရှိလာခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေသော ဓားကျင့်ကြံသူများစွာပင် နောက်ဆုံးအခိုက်အတန့်မှာ ထွက်လာခဲ့ကြလေသည်။

“မင်း ကြားပြီးပြီလား… အနိဋ္ဌာရုံဓားတောင်ထွတ်က ပေမင်ရွှယ်က ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်တော့မယ်”

“တကယ်ပဲလား… သူ့ရဲ့ကျင့်ကြံမှုလမ်းကြောင်းက ငါတို့နဲ့ လုံးလုံးလျားလျား ကွဲပြားနေတယ်… သူက ဘယ်ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်မလဲ သိချင်မိတယ်”

“သူက ဓားတာအိုမှာ အရမ်းကို ပါရမီအရည်အချင်းရှိတယ်… သူ့ရဲ့ကောင်းကင်ဘုံကပ်ဘေးကလည်း သိပ်ပြီး အားမနည်းလောက်ဘူး”

“ပြောလို့မရဘူး… သူကျင့်ကြံနေတဲ့ သိုင်းတာအိုကို အောက်ဘုံလောကက ကျင့်ကြံသူတစ်ယောက် ဖန်တီးထားတာပဲ… အဲဒါက ခေတ်ဆက်ဆက် ဖြတ်သန်းလာတဲ့ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတို့ရဲ့ ဓမ္မတာအိုတွေနဲ့ ဘယ်လိုယှဉ်နိုင်ပါ့မလဲ… ငါ့အထင်တော့ သူက ပကတိဧက ကောင်းကင်ဘုံကပ်ဘေးရဲ့ ပဉ္စမအဆင့်ကိုတောင် ရရှိချင်မှ ရရှိလိမ့်မယ်”

ထိုသတင်း ပျံ့နှံ့သွားပြီးနောက် အဲဒါက ဓားတောင်ထွတ်ရှစ်ခုကြားမှာ ဆွေးနွေးပြောဆိုသံများစွာကို ထွက်ပေါ်လာစေသည်။

ပထမအချက်… ပေမင်ရွှယ်ကို ဓားတောင်ထွတ်ရှစ်ခုကြားမှာ နာမည်ကြီးတစ်ဦးဟုဆိုနိုင်ပြီး ဓားကျင့်ကြံသူများစွာက သူမကို တိတ်တဆိတ် ချီးကျူးကြလေသည်။

ဒုတိယအချက်… ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံထားသည်။

ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံပြီးနောက် ပတိကဧကကောင်းကင်ဘုံကပ်ဘေး ဘယ်လောက်များများကို ဆွဲဆောင်နိုင်မလဲ ဓားကျင့်ကြံသူများစွာက သိချင်နေမိကြသည်။

ကျင့်ကြံသူများစွာသည် တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားပြီး သူတို့၏ သက်ဆိုင်ရာ ဓားတောင်ထွတ်များ၏ ပို့ဆောင်ရေးဝင်္ကပါများကနေတစ်ဆင့် အနိဋ္ဌာရုံဓားတောင်ထွတ်သို့ ထွက်ခွာသွားကြလေသည်။

ယွင်ထင်ကလည်း တံခါးပိတ်ကျင့်ကြံရာကနေ ချက်ချင်းပင် ထွက်လာခဲ့၏။ သူက အနိဋ္ဌာရုံဓားတောင်ထွတ်ရှိရာဘက်ကိုကြည့်ပြီး လွန်ခဲ့သည့်သုံးနှစ်က ဆူဇီမိုနှင့် ပြောခဲ့သည့်စကားကို အမှတ်ရကာ နှာတစ်ချက်မှုတ်လိုက်၏။

“တော်သေးတာပေါ့… ငါက သိပ်ကြာကြာမစောင့်လိုက်ရဘူး… မင်းတပည့်က ဘယ်လောက်ဝေးဝေးရောက်နိုင်မလဲ ကြည့်ရသေးတာပေါ့”

“ဂျူနီယာညီပေမင်ရဲ့ ကောင်းကင်ဘုံကပ်ဘေး ပြီးဆုံးသွားတာနဲ့ ငါက သူနဲ့တိုက်ခိုက်ပြီး သူလက်ခံယုံကြည်လာတဲ့အထိ သူ့ကိုရိုက်မယ်… ဟမ်... မင်းက ငါ့အစ်မကို ခိုးယူသွားတယ်ဆိုမှတော့ ငါကလည်း မင်းတပည့်ကို ပြန်ပြီးခိုးယူရမှာပေါ့… အဲဒါမှ ငါတို့ ညီတူမျှတူဖြစ်သွားလိမ့်မယ်”

ထိုသို့ပြောရင်း ယွင်ထင်က အဆုံးစွန်ဓားတောင်ထွတ်၏ ပို့ဆောင်ရေးဝင်္ကပါကနေ ထွက်ခွာသွားလေသည်။

တစ်ချိန်တည်းမှာပင် ကုန်းစွန်းယွီ၊ ဓားအင်မော်တယ် ထိုက်လိုင်၊ ယဲ့ဝူချန်း၊ ရှမ်းယွဲ့၊ လီရွှယ်၊ ချင်ကျုံးနှင့် ကိုယ်တော်ကြွယ်ကျန့်တို့ကလည်း အနိဋ္ဌာရုံဓားတောင်ထွတ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါမှာ ကီလိုမီတာ ၅၀၀ပတ်လည်ကို တားမြစ်နယ်မြေတစ်ခုအဖြစ် ပိုင်းခြားထားလေသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ အင်မော်တယ်ဘုရင် ၁၀ပါးက တောင်ပေါ်ကနေဆင်းပြီး ဘေးပတ်လည်ရှိ အာကာသဆုံမှတ် ၁၀ခုကို စောင့်ကြပ်ကာ ပေမင်ရွှယ်၏ ကပ်ဘေးဖြတ်ကျော်မှုသို့ အခြားသော ကျင့်ကြံသူများ မတော်တဆ ဝင်ရောက်မလာစေရန် တားဆီးထားလေသည်။

မိုင်ပေါင်းထောင်နှင့်ချီပြီး လောကက လူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ပကတိဧက ကောင်းကင်ဘုံကပ်ဘေးက စတင်နေခဲ့လေပြီ။

“အခြေအနေ ဘယ်လိုရှိလဲ”

ချင်ကျုံးက နောက်ဆုံးမှာ ရောက်ရှိလာခဲ့သည်။ သူက ဝမ်တုန်နှင့် အခြားသူများကို ကြည့်ပြီး မေးလိုက်၏။

“ဒါက ဘယ်ကောင်းကင်ဘုံကပ်ဘေးလဲ”

“အခုက တတိယအဆင့်ပဲ”

ဝမ်တုန်က လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်၏။ သူက တည်တံ့သော အမူအရာဖြင့် ကပ်ဘေးဆင်းသက်မှုကြားမှ ပုံရိပ်ကို ကြည့်နေ၏။

ချင်ကျုံးက ရယ်မောပြောလိုက်၏။

“ဂျူနီယာညီမပေမင်က တာအိုသစ်သီးတစ်လုံးကိုတောင်မှ မစုဖွဲ့ဘဲ ပကတိဧက ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့ပြီဆိုတော့… ဘာပဲပြောပြော သူ့ဆရာက မှန်နေခဲ့တာပဲ”

ဝမ်တုန်နှင့်အခြားသူများက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ထူးဆန်းသောအမူအရာများနှင့်အတူ ကပ်ဘေးဆင်းသက်ခြင်းကြားမှ ပေမင်ရွှယ်ကို ကြည့်နေကြသည်။

ချင်ကျုံးက လူတိုင်း၏ အကြည့်နောက်သို့လိုက်ပြီး ကပ်ဘေးဆင်းသက်မှု၏ အလယ်ကို ကြည့်လိုက်လေသည်။

သူ၏ အမူအရာက ပြောင်းလဲသွားရသည်။

ထိုအခိုက်အတန့်မှာ တတိယအဆင့်၏ ကိုးခုမြောက် ကောင်းကင်ဘုံကပ်ဘေးသို့ ရောက်ရှိနေပြီဖြစ်သည်။

အစိမ်းရောင်မိုးကြိုးပင်လယ်တစ်စင်းက ပေမင်ရွှယ်၏ ဘေးပတ်လည်မှာ ဖြစ်ပေါ်လာခဲ့လေပြီ။ အဲဒါက ကျိန်းစပ်နေပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်နေစ၏။

ပေမင်ရွှယ်ကတော့ သူမသည် တစ်ချိန်လုံး နေရာမှာပင် မတ်တတ်ရပ်နေပြီး လှုပ်ရှားခြင်း သို့မဟုတ် သူမ၏ ဓားကို ဆွဲထုတ်ခြင်းပင် မရှိပေ။

“ဒါက...”

ချင်ကျုံးက တိတ်တဆိတ် မှင်တက်သွားပြီးနောက် မေးလိုက်လေသည်။

“ဂျူနီယာညီမပေမင်က ကပ်ဘေးဆင်းသက်မှုကို ဒီလိုပုံစံနဲ့ တကယ်ပဲ ဖြတ်ကျော်နေတာလား”

ဝမ်တုန်က ပြောလိုက်၏။

“ဂျူနီယာညီမပေမင်က သိုင်းတာအိုကို ကျင့်ကြံထားတယ်… သူ့ရဲ့ကိုယ်ကာယက တကယ့်ကို သန်မာတာပဲ… ငါသိရသလောက်ဆိုရင် တောင်ထွတ်ရှစ်ခုရဲ့ သမိုင်းထဲမှာ ပကတိဧက ကောင်းကင်ဘုံကပ်ဘေးရဲ့ ပထမသုံးဆင့်ကို သူတို့ရဲ့ကိုယ်ကာယနဲ့ ခံယူနိုင်တဲ့သူက သိပ်မရှိဘူး”

“အဆုံးစွန်ဓားတောင်ထွတ်ရဲ့ ဂျူနီယာညီယွင်ကတော့ သူတို့ထဲက တစ်ယောက်ပဲ”

လူတိုင်းက ဆွေးနွေးပြောဆိုနေစဉ် တတိယမြောက်ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး စတုတ္ထမြောက်ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့လေသည်။

ပေမင်ရွှယ်သည် ခုခံခြင်းမရှိသေးဘဲ ကပ်ဘေးဆင်းသက်ခြင်းကို သူမ၏ ကိုယ်ကာယဖြင့် ခံယူနေ၏။

အဲဒါက သူမအတွက် ဆူဇီမိုညွှန်ကြားထားသည့် လိုအပ်ချက်ဖြစ်လေသည်။

သိုင်းတာအိုသည် အဆက်မပြတ်ကျင့်ကြံဖို့အတွက် သူတို့ကိုယ်သူတို့ အသုံးချရလေသည်။ ကပ်ဘေးဆင်းသက်ခြင်းဖြစ်စဉ်ကလည်း ကျင့်ကြံခြင်းပုံစံတစ်မျိုးဖြစ်ပြီး အဲဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုဖြစ်သည်။

ထိုသို့ဖြင့်သာ သူမ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး၏ အလားအလာအပြည့်အဝကို အမြင့်မားဆုံးအတိုင်းအတာအထိ ထုတ်ဖော်နိုင်မည်ဖြစ်လေသည်။

ဝုန်း… ဝုန်း… ဝုန်း…

လူတိုင်း၏ အံ့အားတသင့်ရေရွတ်သံများကြားမှာ ပေမင်ရွှယ်သည် ပထမဆုံးကောင်းကင်ဘုံကပ်ဘေးလေးခုကို ထိပ်တိုက်ရင်ဆိုင်နေ၏။

တကယ်တော့ သူမအတွက်လည်း လွယ်ကူနေသည် မဟုတ်ပေ။

သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတချို့ ရှိလာခဲ့ပြီဖြစ်ပြီး သူမက ကောင်းကင်ဘုံကပ်ဘေးများဖြင့် လောင်ကျွမ်းခံထားရပြီး အနည်းငယ် ဖိုသီဖတ်သီဖြစ်နေ၏။

တစ်ခဏချင်းမှာပင် ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်က ဆင်းသက်လာခဲ့သည်။

ပေမင်ရွှယ်သည် ယခုအချိန်ထိ သူမ၏ နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်သိုင်းကွက်များကို ထုတ်ဖော်ခြင်း မရှိသေးပေ။ သူမသည် သူမ၏ ဓားနှင့် ခုခံခြင်းလည်း မရှိပေ။

“ဂျူနီယာညီမပေမင်က ရူးသွားတာလား”

ချင်ကျုံးက မနေနိုင်ဘဲ ပြောလိုက်၏။

“သူက ဒီတိုင်းဆက်သွားနေပြီး ဒဏ်ရာအပြင်းအထန်ရသွားရင် သူက နောက်ထပ်လာမယ့် ကောင်းကင်ဘုံကပ်ဘေးတွေကို ဘယ်လိုခုခံနိုင်တော့မှာလဲ”

ဓားအင်မော်တယ်ထိုက်လိုင်ကလည်း သက်ပြင်းချလိုက်၏။

“အရင်တုန်းက ဂျူနီယာညီယွင်ထင်က ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်ကို သူ့ရဲ့ကိုယ်ကာယနဲ့ ခံယူပြီး သေလုမတတ်ဖြစ်ခဲ့ရတယ်”

ဝမ်တုန်နှင့် အခြားသူများမှာ စိုးရိမ်ပူပန်သော အမူအရာများ ရှိနေပြီး သူတို့က စကားတစ်ခွန်းမှ မပြောဘဲ မမှိတ်မသုန်စိုက်ကြည့်နေကြ၏။

ဝုန်း… ဝုန်း… ဝုန်း…

ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်က တစ်ခုပြီးတစ်ခု ပစ်တိုက်ကျဆင်းလာပြီး ပေမင်ရွှယ်က တဖြည်းဖြည်း ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ သူမ၏ အသားများက ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကြောင့် စုတ်ပြဲလာပြီး သွေးများက အဆက်မပြတ် စီးကျလာ၏။

သူမသည် ထပ်ဖန်တလဲလဲ လဲကျသွားပြီးနောက် ရုန်းကန်၍ ပြန်ထလာခဲ့လေသည်။

ပဉ္စမအဆင့်၏ ကိုးခုမြောက်ကောင်းကင်ဘုံကပ်ဘေးက သူမ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး အလွန်တရာတုန်လှုပ်စရာကောင်းသော ပန်းကန်လုံးတစ်လုံးအရွယ် အပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။

နောက်ဆုံးမှာတော့ ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်က ပျက်ပြယ်သွားလေသည်။

ပေမင်ရွှယ်ကတော့ သူမသည် လောင်ကျွမ်းတူးချစ်နေသော တွင်းချိုင့်ထဲမှာ မလှုပ်မယှက်လဲကျနေ၏။

ထိုအခိုက်အတန့်မှာ ဓားကျင့်ကြံသူများအားလုံး၏ ရင်ထဲမှာ တင်းကျပ်လေးလံနေကြသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်ပေါ်မှာ တောင်ထွတ်သခင် ရှစ်ဦးပင်လျှင် မတ်တတ်ထရပ်၍ စိုးရိမ်ကြောင့်ကြသော အမူအရာများဖြင့် ကြည့်လာကြလေသည်။

“ဂျူနီယာညီမပေမင်က သူ့ကိုယ်သူ ဖိအားပေးလွန်းရာ ကျမနေဘူးလား”

ယွင်ထင်က တိတ်တဆိတ် ဆွံ့အသွားရလေသည်။ သူသည် ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့်ကို ဖြတ်ကျော်ခဲ့စဉ်က သူသည်လည်းပဲ ထိပ်တိုက်ရင်ဆိုင်ပြီး သေလုမတတ်ဖြစ်ခဲ့ရသည်။

ဒါ့အပြင် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် အစကတည်းက အလွန်တရာသန်မာသော အချက်နှင့်အတူဖြစ်လေသည်။ သူ၏ မျိုးဆက်သွေးက ဓားသွေးနှင့် မိုးကြိုးလျှပ်စီး၏ စွမ်းအားနှင့်အတူ ပြည့်နှက်နေလေသည်။

ထို့ကြောင့် ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ ပဉ္စမအဆင့် စွမ်းအားတစ်စိတ်တစ်ပိုင်းကို သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက စုပ်ယူထားခဲ့ပြီး သူက ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်ခဲ့သည်။

ဂျူနီယာညီမပေမင်က ဘာကိုမှီခိုအားထားနေရလဲ။

သိုင်းတာအိုလား။

ထိုစဉ်မှာပင် ပေမင်ရွှယ်၏ ခန္ဓာကိုယ်က လှုပ်ရှားလာပြီး ကြီးမားသော တွင်းချိုင့်ထဲကနေ ဖြည်းဖြည်းချင်း ကျုံးထလာခဲ့သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူမက မည်သည့်နာကျင်မှုကို မခံစားရသည့်အလား တည်ကြည်ခိုင်မာသော အကြည့်နှင့်အတူ အမူအရာကင်းမဲ့စွာ ရှိနေ၏။

သူမ၏ ဒဏ်ရာက အဆုံးမဲ့အသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး သူမ၏ ရင်ဘတ်မှ သွေးသံရဲရဲအပေါက်က အလျင်အမြန် သက်သာပျောက်ကင်းလာနေသည်။

All Chapters