အသင်္ချေဓားတေးသံ
Vol. 184 Ch. 2753
“ဘယ်လောက်တောင်စွမ်းအားကြီးမားတဲ့ အသက်ဓာတ်အားလဲ”
အနိဋ္ဌာရုံဓားတောင်ထွတ်ပေါ်မှာ တောင်ထွတ်သခင်များက ထိုသည်ကိုတွေ့မြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
“အဲဒါက ပေမင်ရွှယ်ရဲ့ ကိုယ်ပိုင်ကုသခြင်းစွမ်းရည်ဟုတ်ပုံမရဘူး”
“တစ်ယောက်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကြီးမားတဲ့အသက်ဓာတ်အားတစ်ခုကို ကြိုတင်ပြီးတော့ ချိပ်ပိတ်ပေးထားတာဖြစ်ရမယ်”
“ဒီလိုမျိုးသန်မာတဲ့အသက်ဓာတ်အားကို ပိုင်ဆိုင်ပြီး တခြားသူရဲ့ခန္ဓာကိုယ်ထဲမှာ အဲဒါကို ချိပ်ပိတ်ပေးထားနိုင်တာက ဘယ်သူဖြစ်နိုင်မလဲ... ငါတို့တွေကတောင်မှ အဲလိုမျိုးအရာကို မလုပ်နိုင်ဘူး”
တောင်ထွတ်သခင်ရှစ်ဦးက အကြည့်ချင်းဖလှယ်လိုက်ကြ၏။
အနိဋ္ဌာရုံဓားတောင်ထွတ်သခင်၏ အကြည့်က လူအုပ်ကြားထဲရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူပေါ် အလိုလိုဆင်းသက်သွားပြီး သူက တီးတိုးရေရွတ်လိုက်၏။
“အဲဒါက သူဖြစ်နိုင်မလား”
ပွင့်ပွင့်လင်းလင်းပြောရလျှင် အနိဋ္ဌာရုံဓားတောင်ထွတ်သခင်သည် ကောင်းကင်ဘုံကမ္ဘာမှဤလူကို စစချင်းအလေးအနက်မထားခဲ့ပေ။
သူသည် မည်သို့ပင်ဆိုစေ ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးမျှသာဖြစ်သည်။
ပေမင်ရွှယ်သည် ဤလူကြောင့် လမ်းမှားသို့ဆွဲချခံရမည်ကို သူက စိုးရိမ်ပူပန်နေပြီး အနိဋ္ဌာရုံဓားတောင်ထွတ်သခင်က သူ့ကို တစ်နည်းတစ်ဖုံပင် အထင်သေးခဲ့လေသည်။
သို့သော်လည်း ပေမင်ရွှယ်သည် ပကတိအင်မော်တယ်တစ်ဦးဖြစ်လာဖို့ အခွင့်အရေးရရှိလာသည်ကို သူတွေ့ရသောအခါ ဤလူ့အပေါ် အနိဋ္ဌာရုံဓားတောင်ထွတ်သခင်၏ စိတ်နေသဘောထားက တဖြည်းဖြည်းပြောင်းလဲသွားသည်။
ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်၏ ကိုယ်ထဲတွင် အသက်ဓာတ်အားကို ချိပ်ပိတ်ပေးထားသည့်သူက ဆူကျူးဖြစ်သည်ဟုပင် သူကခန့်မှန်းမိလာ၏။
တကယ်တော့ ဆူဇီမိုမှာသာ ဤကဲ့သို့သောနည်းလမ်းများရှိလေသည်။
ပေမင်ရွှယ်က ရုန်းကန်၍ မတ်တတ်ထရပ်လာသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ညင်သာစွာသက်ပြင်းချလိုက်၏။
သူတို့နှစ်ယောက်စလုံးသည် သိုင်းတာအိုကို ကျင့်ကြံသော်လည်း ပေမင်ရွှယ်၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးသည် သိုင်းတာအိုပင်မခန္ဓာထက် များစွာနိမ့်ကျလေသည်။
ပထမအချက် သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအို၏ တည်ထောင်သူဖြစ်သည်။
ဒုတိယအချက် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဥ်မီးက သူ၏ အသားကို တစ်ချိန်လုံးမီးဆေးပေးနေသည့် မီးတောက်တစ်ခုဖြစ်လေသည်။ ၎င်းသည် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုပင် အရည်ဖျော်ချနိုင်ပြီး အဲဒါကို သူ၏ အသားနှင့်ပေါင်းစည်းပေးနိုင်သည်။
တတိယအချက် သူတို့နှစ်ယောက်၏ အတွေ့အကြုံများက မတူကြပေ။
သိုင်းတာအိုပင်မခန္ဓာကို အသွေးအသားဖြင့် ဖွဲ့စည်းထားရုံသာမက အဲဒါသည် နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် တဗူးဂမ္ဘီရကျင့်စဥ်များကိုပင် အရည်ဖျော်ချနိုင်သော မီးဖိုတစ်လုံးလည်းဖြစ်လေသည်။
ပေမင်ရွှယ်၏ သိုင်းစိတ်ဝိညာဥ်ကတော့ ဓားတစ်လက်ဖြစ်လေသည်။
ပေမင်ရွှယ်၏ အကြီးမားဆုံးအားသာချက်က ဓားတာအိုမှာရှိလေသည်။
တကယ်တော့ ပေမင်ရွှယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်ယှဥ်လျှင်ပင် နိမ့်ကျနေဆဲဖြစ်သည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကပ်ဘေးဖြတ်ကျော်ခြင်းကို ခံယူခဲ့စဥ်က သူသည် နေရာမှာပင်မလှုပ်မယှက် မတ်တတ်ရပ်ပြီး ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ပထမခြောက်ဆင့်ကို သူ၏ ကိုယ်ကာယနှင့် မထိမခိုက်ဖြင့်ခံယူခဲ့လေသည်။
ဒါ့အပြင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကြောက်စရာကောင်းသော ပြန်လည်ကုသခြင်းစွန်းအားတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ဆဋ္ဌမအဆင့်ဆင်းသက်လာတော့မည်ကိုကြည့်ပြီး ဆူဇီမိုက လှမ်းအော်ပြောလိုက်၏။
“ပေမင်... ဓားကိုထုတ်တော့”
သူမ၏ ကိုယ်ကာယဖြင့် ခံယူနိုင်သော ကောင်းကင်ဘုံကပ်ဘေးက ပိုများလေလေ သိုင်းတာအို၏ ကျင့်ကြံမှုအတွက် အဲဒါကပို၍အကျိုးရှိလေလေဖြစ်သည်ဟု သူက ပေမင်ရွှယ်ကို မှာထားခဲ့လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်က သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီကို သူကတွေ့မြင်နေရသည်။
သူမက ကောင်းကင်ဘုံကပ်ဘေးကို သူမ၏ ကိုယ်ကာယဖြင့် ဆက်လက်၍ခံယူမည်ဆိုလျှင် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ဆဋ္ဌမအဆင့်မှာ သူမလဲပြိုကျသွားဖို့ အခွင့်များလေသည်။
ပေမင်ရွှယ်က တည်ကြည်ခိုင်မာ၍ မယိမ်းမယိုင်သောအကြည့်နှင့်အတူ အဝေးမှာရှိသော ဆူဇီမိုကို လှည့်ကြည့်ပြီး သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
ဤသည်က သူမ၏ ရွေးချယ်မှုဖြစ်သည်။
ဝုန်း...
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ဆဋ္ဌမအဆင့်က ဆင်းသက်ရောက်ရှိလာ၏။
ပေမင်ရွှယ်က ခြေတစ်ချက်ဆောင့်ပြီး လေထဲသို့ ပျံတက်သွား၏။
ထုတ်ဖော်ထားသော ဓားတစ်လက်ကဲ့သို့ သူမသည် အေးစက်နေသော အလင်းတစ်ခုကဲ့သို့ တောက်ပနေပြီး ကောင်းကင်ဘုံကပ်ဘေးရှိရာသို့ တဖျတ်ဖျတ်တလက်လက်ပုံစံဖြင့် ပြေးဝင်သွားလေသည်။
ဝုန်း...
ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေးနှင့် ထိတွေ့ရိုက်ခတ်သွားပြီး လျင်မြန်စွာကျဆင်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျလာခဲ့သည်။
သူမက သွေးများစွာကို ထွေးထုတ်နေရသည်။ သို့သော်လည်း သူမက နောက်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် အညံ့ခံခြင်း မရှိပေ။ ထိုအစား သူမသည် မယိမ်းမယိုင်သောစိတ်စွမ်းအားနှင့်အတူ ရှေ့သို့သာ ဆက်တက်နေသည်။
ဤသည်က သိုင်းတာအိုဖြစ်သည်။
ဤသည်က ပေမင်ရွှယ်၏ ဓားတာအိုလည်းဖြစ်သည်။
အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်၊ ပေမင်မြို့မှာရှိခဲ့စဥ်ကလိုပင်.. သူမ၏ ဒါန်ထျန်က ကြေမွနေပြီး သူမ၏ ကလန်သားများက ထိခိုက်ခံစားရကာ အနိုင်ကျင့်ခံနေရသည်ဆိုလျှင်တောင် သူမသည် အညံ့ခံခြင်း၊ အရှုံးကိုဝန်ခံခြင်း သို့မဟုတ် အလျှော့ပေးခြင်းမရှိပေ။
မည်သူကမှ သူမ၏ စိတ်စွမ်းအားကို မကိုင်လှုပ်နိုင်ပေ။
ကောင်းကင်ဘုံကပ်ဘေးသည် သူမ၏ ရင်ဘတ်ကို ထိုးဖောက်နိုင်ခဲ့သော်လည်း သူမ၏ ဓားနှလုံးသားကို မထိုးဖောက်နိုင်ပေ။
ထိုအခိုက်အတန့်မှာ တောင်ထွတ်ပေါ်မှာ တောင်ထွတ်သခင်ရှစ်ဦးက စိတ်လှုပ်ရှားလာခဲ့သည်။
လောကရှိ ဓားကျင့်ကြံသူများစွာသည် သူတို့ဝိညာဥ်များ၏ အနက်ပိုင်းထဲကိုလာထိသည့် တုန်ခါလှိုင်းတစ်ခုကို ခံစားရပြီး သူတို့၏ သွေးများက ဆူပွက်လာပုံရသည်။
ဓားကျင့်ကြံသူများစွာသည် သူမ၏ ဓားတာအိုစိတ်ဝိညာဥ်မှာ လက်ခံယုံကြည်သွားကြသည်။ အနိုင်မခံအရှုံးမပေးသော ပုံရိပ်ကိုကြည့်ပြီး သူတို့သည် ကာလကြာရှည်ပျောက်ဆုံးနေသည့် ခံစားချက်တစ်ခုကို ရရှိလာကာ သူတို့၏ မျက်လုံးများထဲမှာ မျက်ရည်များစို့လာ၏။
ဤမြင်ကွင်းက ရင်းနှီးနေကျဖြစ်လေသည်။
အဲဒါသည် အနိဋ္ဌာရုံဓားတောင်ထွတ်ခြေရင်း၌ ဓားချီရေတံခွန်ကို ခေါင်းမာစွာဆန်တက်ခဲ့သော ပေမင်ရွှယ်ကို တွေ့မြင်နေရသည်နှင့် တူညီလေသည်။
ဝုန်း...
ဝုန်း… ဝုန်း...
ပေမင်ရွှယ်က ထပ်တလဲလဲ လဲကျလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ထပ်တလဲလဲပြန်ထနေ၏။ သူမ၏ ခန္ဓာကိုယ်က စုတ်ပြတ်သတ်နေပြီဖြစ်ပြီး သူမ၏ မူလရုပ်ရည်သွင်းကို မတွေ့မြင်နိုင်တော့ပေ။
သို့သော်လည်း သူမသည် အလျှော့မပေးသေးဘဲ ရှေ့သို့သာ ဆက်တက်နေဆဲဖြစ်သည်။
ဝုန်း...
ဆဋ္ဌမအဆင့်၏ ရှစ်ခုမြောက်ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့သည်။
ကောင်းကင်ဘုံကပ်ဘေးသည် ပေမင်ရွှယ်ကို နှစ်ပိုင်းထိုးခွဲလုနီးပါးပင်။
ကြီးမားသောဒဏ်ရာတစ်ခုက ပေမင်ရွှယ်၏ ပခုံးစွန်းကနေ အောက်ဘက်သို့ ထောင့်ဖြတ်ခွဲထုတ်လိုက်ပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများက တုန်လှုပ်စရာကောင်းသောပုံစံဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလာ၏။
ပေမင်ရွှယ်သည် ကြီးမားသောတွင်းချိုင့်ထဲမှာ လဲကျနေ၏။ သူမသည် ဆက်လက်၍အသက်မရှုတော့သည့်အလား သူမ၏ ခန္ဓာကိုယ်က စုတ်ပြတ်သတ်ပြီး မလှုပ်မယှက်ရှိနေ၏။
ဆဋ္ဌမအဆင့်၏ ကိုးခုမြောက်ကောင်းကင်ဘုံကပ်ဘေးက အားယူနေဆဲဖြစ်ပြီး အချိန်မရွေး ဆင်းသက်လာနိုင်သည်။
ထိုစဥ်မှာ ဓားကျင့်ကြံသူများအားလုံးသည် အသက်အောင့်၍ အာရုံစိုက်ကာ ကြည့်နေကြ၏။
သူတို့သည် တွင်းချိုင့်ထဲမှ ပုံရိပ်ကိုကြည့်ပြီး သူတို့၏ လက်သီးများကို အလိုလိုဆုပ်ကာ ထူးခြားအံ့မခန်းတစ်ရပ်ဖြစ်လာဖို့ မျှော်လင့်နေကြ၏။
ရုတ်တရက် ပေမင်ရွှယ်က လှုပ်ရှားလာခဲ့သည်။
အမူအရာကင်းမဲ့စွာဖြင့် သူမက ဖြည်းဖြည်းချင်းထထိုင်ပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်ထဲမှာ ဆူဇီမိုချိပ်ပိတ်ပေးထားသည့် အသက်ဓာတ်အားက ကုန်ခန်းသလောက်နီးပါးဖြစ်လာပြီး သူမ၏ ဒဏ်ရာများက ကုသနေဆဲဖြစ်သော်လည်း အရှိန်အဟုန်က နှေးကွေးလာခဲ့သည်။
ပေမင်ရွှယ်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူမ၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်ကို သူမ၏ အစွမ်းကုန်ဖြင့် နည်းနည်းချင်းစီထောက်ပံ့ပေးနေ၏။
သူမတစ်ကြိမ်လှုပ်ရှားလိုက်တိုင်း သူမသည် ပြင်းထန်ကြမ်းတမ်းသည့် နာကျင်မှုကို တွေ့ကြုံခံစားနေရသည့်အလား သူမ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားတတ်သည်။
နောက်ဆုံးမှာတော့ ပေမင်ရွှယ်သည် နောက်တစ်ဖန်မတ်တတ်ထရပ်ပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး သူမ၏ အကြည့်က ထက်ရှနေ၏။
ထိုအခိုက်အတန့်မှာ အနိဋ္ဌာရုံဓားကုန်းမြေတိုက်မှ ဓားကျင့်ကြံသူများက အော်ဟစ်အားပေးလိုက်ကြ၏။
လူတိုင်းသည် ပေမင်ရွှယ်အတွက် ရင်ထဲအသည်းထဲကနေ ဝမ်းသာပျော်ရွှင်မိပြီး သူမအတွက် အောင်ပွဲခံလိုက်ကြသည်။
ဓားတောင်ထွတ်ရှစ်ခုမှ တောင်ထွတ်သခင်များကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ဤပုံစံအတိုင်းဆက်သွားလျှင် ပေမင်ရွှယ်သည် ဆဋ္ဌမအဆင့်၏ ကိုးခုမြောက်ကောင်းကင်ဘုံကပ်ဘေးမှာ မရှင်သန်နိုင်တော့မှာကို တောင်ထွတ်သခင်ရှစ်ဦးက စိုးရိမ်ပူပန်လာကြ၏။
ဇီ.. ဇီ...
ထိုစဥ်မှာပင် အသင်္ချေဓားနန်းတော်ရှိရာဘက်ကနေ ဓားများ၏ အသံက ထွက်ပေါ်လာပြီး သတ္တုချင်းထိခတ်သံကဲ့သို့ လောကတစ်ခွင် ပဲ့တင်ထပ်လာခဲ့၏။
တောင်ထွတ်သခင်ရှစ်ဦးသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူတို့၏ မျက်လုံးများက ပြူးကျယ်သွားကြလေသည်။ သူတို့က ရင်တထိတ်ထိတ်ဖြစ်လာပြီး မယုံကြည်နိုင်သောအကြည့်များဖြင့် အလိုလိုလှည့်ကြည့်လိုက်ကြ၏။
“ဒါက...”
“ဓားကျောက်စာတိုင်ရဲ့ ဓားတေးသံ”
တောင်ထွတ်သခင်ရှစ်ဦးက ထိတ်လန့်တကြားရေရွတ်လိုက်၏။
ထိုစကားလုံးများ ထွက်ပေါ်လာသည့်ခဏမှာပင် အဲဒါက လူအုပ်ကြားထဲမှာ ကြီးမားစွာ ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
အသင်္ချေဓားနန်းတော်သည် ဓားကမ္ဘာ၏ အလယ်ဗဟိုအဖြစ် ကျော်ကြားပြီး တောင်ထွတ်ရှစ်ခုက ဝန်းရံထားသည့်အကြောင်းအရင်းမှာ အသင်္ချေဓားနန်းတော်တွင် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ဟုခေါ်သော ဓားကျောက်စာတိုင်တစ်တိုင်ကို စိုက်ထူထားသောကြောင့်ဖြစ်သည်။
ဤအထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ကို အတိတ်ကာလတုန်းက ဓားကမ္ဘာ၏ မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံက တည်ဆောက်ခဲ့လေသည်။ ၎င်းကို ထိုမဟာဧကရာဇ်အမွေပေးခဲ့သည့် တဗူးဂမ္ဘီရကျင့်စဥ်နှင့်အတူ ထွင်းထုထားလေသည်။
ဤအထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ကို တည်ဆောက်ပြီးကတည်းက ၎င်းသည်စုစုပေါင်း ဓားတေးသံနှစ်ကြိမ်ကိုသာ ထုတ်ဖော်ခဲ့ဖူးလေသည်။
ပထမအကြိမ်သည် မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံက မဟာဧကရာဇ်တစ်ပါးဖြစ်လာသည့်အချိန်မှာဖြစ်လေသည်။ သူသည် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်နှင့် အပြန်အလှန်တုံ့ပြန်ပြီး ဓားတေးသံက ထွက်ပေါ်လာခဲ့သည်။
ဒုတိယမြောက်အကြိမ်သည် ဧကရာဇ်အင်မော်တယ်နှိမ်နှင်းက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာစဥ် မဟာဓားပညာရပ်သုံးခုကို ဖန်တီးခဲ့ချိန်မှာဖြစ်လေသည်။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ဆင်းသက်လာမှုသည် ဓားကျောက်စာတိုင်နှင့် ပဲ့တင်ထပ်ပြီး ဓားတေးသံက ထွက်ပေါ်လာခဲ့သည်။
ယခုက တတိယမြောက်အကြိမ်ဖြစ်လေသည်။
ပေမင်ရွှယ်သည် နတ်ဘုရားစွမ်းအားတစ်ခုခု သို့မဟုတ် လျှို့ဝှက်အတတ်တစ်ခုခုကို ဖန်တီးခြင်းမရှိသလို သူမက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာခြင်းလည်း မရှိပေ။
သို့သော်လည်း ယခုတင် သူမထုတ်ဖော်လိုက်သည့် သိုင်းစိတ်စွမ်းအားနှင့် ဓားတာအိုစိတ်ဝိညာဥ်သည် အထွတ်အထိပ် ကောင်းကင်ဘုံဓားကျောက်စာတိုင်၏ အသိအမှတ်ပြုမှုကိုရရှိသွားပြီး ဓားတေးသံက ထွက်ပေါ်လာခဲ့၏။
ထို့နောက် ချက်ချင်းပင် ဓားတောင်ထွတ်ရှစ်ခုနှင့် ဓားကမ္ဘာတစ်ခုလုံးရှိ ဓားကျင့်ကြံသူများအားလုံး၏ ခါးများ၊ ကျောများပေါ်ရှိဓားများနှင့် သူတို့၏ သိုလှောင်အိတ်များကပင် အထိန်းအကွပ်မဲ့စွာတုန်ခါလာခဲ့သည်။
ဓားကျောက်စာတိုင်သည် အသင်္ချေဓားတေးသံဖြင့် ပဲ့တင်ထပ်လာခဲ့သည်။
အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်သည် ပေမင်ရွှယ်ကြောင့်နိုးထလာပြီး သူမကိုအားပေးရန် ဓားတေးသံကို ထုတ်ဖော်လိုက်လေသည်။ ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်၏ အော်ရာက ၎င်း၏ အထွတ်အထိပ်ထိ ရောက်ရှိလာခဲ့သည်။