ဓားအတွက်မွေးဖွားလာခြင်း
Vol. 184 Ch. 2754
အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ကနေ ဓားတေးသံထွက်ပေါ်လာပြီးနောက် အသင်္ချေဓားနန်းတော်၏ အနက်ပိုင်းထဲကနေ စိတ်လှုပ်ရှားမှုနှင့် ရုတ်ရုတ်သဲသဲလှိုင်းတစ်လှိုင်းက ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသောအော်ရာတချို့ကလည်း ထွက်ပေါ်လာကြလေသည်။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်ပေါ်တွင်...။
တောင်ထွတ်သခင်ရှစ်ဦးက အသင်္ချေဓားနန်းတော်ရှိရာဘက်သို့ကြည့်ပြီး ကျေးဇူးတင်ရှိနေသောအမူအရာများဖြင့် ပြုံးမိလိုက်ကြ၏။
အခြားသော ဓားကျင့်ကြံသူများက အဲဒါကို အာရုံခံမိနိုင်မည် မဟုတ်သော်လည်း အသင်္ချေဓားနန်းတော်မှ ဧကရာဇ်ပညာရှင်များသည် ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေကြောင့် အာရုံစိုက်လာကြသည်ကို သူတို့ရှစ်ဦးက အာရုံခံမိနိုင်ကြသည်။
သူတို့ကြားမှာ ရောင်းရင်းအိုကြီးတချို့ပင် နိုးထလာကြလေသည်။
ယေဘုယျအားဖြင့်ပြောရလျှင် ဓားကမ္ဘာမှဓားကျင်ကြံသူများသည် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးမှသာ ဆက်လက်ကျင့်ကြံဖို့အတွက် အသင်္ချေဓားနန်းတော်သို့ ဝင်ရောက်နိုင်ကြသည်။
“သူတို့တွေတောင်မှာ အာရုံစိုက်လာကြပြီပဲ”
ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ရေရွတ်ပြောဆိုလိုက်၏။
“အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်က စုစုပေါင်း ဓားတေးသံသုံးသံကိုပဲ ထုတ်ဖော်ခဲ့တယ်... သူတို့တွေက ဘယ်လိုလုပ်ပြီး အေးဆေးနေနိုင်ပါတော့မလဲ”
မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်သည်။
အာဏာရှင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ရယ်မောပြောဆိုလိုက်၏။
“အဲဒီရောင်းရင်းအိုကြီးတွေက ဆက်ပြီးတော့ မချုပ်တည်းနိုင်တော့ဘူး... သူတို့တွေက ဧကရာဇ်တွေဆိုတဲ့ သူတို့ရဲ့မာန်မာနကို ထိန်းထားလို့သာ ရှေ့ကို ရုပ်လုံးထွက်မပြလာကြသေးတာ”
“သူတို့တွေက ပေါ်ထွက်မလာဘူးဆိုရင်တောင် သူတို့က အသင်္ချေဓားနန်းတော်ကနေ ပေမင်ရွှယ်ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းကို အာရုံစိုက်ထားကြမှာပဲ... တစ်ခုခုဆိုရင် သူတို့က သူမကို ကာကွယ်ပေးလိမ့်မယ်”
“ပေမင်ရွှယ်ရဲ့ ဒီတစ်ခေါက်ကပ်ဘေးဖြတ်ကျော်မှုက တကယ့်ကိုစိတ်အာရုံတွေရဲ့ဗဟိုချက်ပဲ... သူက ကောင်းကင်ဘုံကပ်ဘေး ဘယ်နှစ်ဆင့်ကို ဆွဲဆောင်နိုင်မလဲ ငါတောင်မှ စောင့်မျှော်နေမိပြီ”
“အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်ရဲ့ တုံ့ပြန်မှုကို ရရှိနိုင်တယ်ဆိုတော့ သူက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကိုများ...”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် တောင်ထွတ်သခင်ရှစ်ဦးက ရင်တစ်ချက်ထိတ်သွားပြီး သူတို့၏ မျက်လုံးထဲမှာ မျှော်လင့်စောင့်စားမှုက ပေါ်ထွက်လာ၏။
ဒဏ္ဍာရီလာကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခု...။
သူတို့သည် နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာခဲ့သော်လည်း သူတို့သည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ကိုးခု၏ ပေါ်ထွက်လာမှုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ယခုအချိန်တွင် အသင်္ချေဓားနန်းတော်မှာ တစ်ခါတုန်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှကိုးခုကို ဆွဲဆောင်နိုင်ခဲ့သော ဧကရာဇ်တစ်ပါးရှိလေသည်။ သို့သော်လည်း အဲဒါက လွန်ခဲ့သည့် နှစ်ပေါင်းသန်းချီကာလကဖြစ်သည်။
သည်ဘက်မျိုးဆက်မှာ ဓားတာအိုတွင် အလွန်တရာပါရမီပါသော လင်းရွှင်ကျန်းနှင့် ယွင်ထင်ပင်လျှင် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုကိုသာ ဆွဲဆောင်နိုင်ခဲ့လေသည်။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ပကတိဧကကောင်းကင်ဘုံကပ်ဘေးတချို့က တစ်ခုခုကို သက်သေပြမပေးနိုင်ဘူး... ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ ဧကရာဇ်ပညာရှင်အများစုကလည်း အရင်တုန်းက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ခုနှစ်ခု ရှစ်ခုလောက်ကိုပဲ ဆွဲဆောင်နိုင်ခဲ့တာပဲ”
“ပေမင်ရွှယ်က ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့... အဲဒါက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲကရှစ်ခုဆိုရင်တောင် သူက ဓားကမ္ဘာရဲ့ ဒီဘက်မျိုးဆက်မှာ ပါရမီအလားအလာအမြင့်မားဆုံးနဲ့ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်နေဦးမှာပဲ”
ကောင်းကင်ဘုံကပ်ဘေးက ဆက်လက်၍ဆင်းသက်လာသည်။
အထွတ်အထိပ်ကောင်းကင်ဘုံဓားကျောက်စာတိုင်မှ ဓားတေးသံထွက်ပေါ်လာပြီးနောက် အသင်္ချေဓားတေးသံက လိုက်ပါလာခဲ့လေသည်။
ပေမင်ရွှယ်သည် ဆဋ္ဌမမြောက်အဆင့်၏ ကိုးခုမြောက်ကောင်းကင်ဘုံကပ်ဘေးကိုကြိုဆိုပြီး အနိုင်မခံအရှုံးမပေးသော စိတ်စွမ်းအားနှင့်အတူ ရှေ့သို့ပြေးတက်သွားလေသည်။
လူတိုင်း၏ မျက်လုံးထဲမှာ ပေမင်ရွှယ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ထိုနေရာမှာ အရာရာတိုင်းကို ထိုးဖောက်နိုင်သည့် ဓားတစ်လက်က အစားထိုးဝင်ရောက်လာသည်ဟု ထင်ရလေသည်။
ဝုန်း....
ပေမင်ရွှယ်၏ မဆုတ်မနစ်ကြိုးပမ်းမှုအောက်မှာ သူမသည် ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ ပထမအဆင့်ခြောက်ဆင့်ကို နောက်ဆုံးမှာ သူမ၏ ကိုယ်ကာယဖြင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့လေသည်။
ကောင်းကင်ဘုံကပ်ဘေး၏ ပထမခြောက်ဆင့်၏ စွမ်းအားနှင့်အတူ သူမ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာကို အလျင်အမြန် ပြန်လည်တည်ဆောက်နေ၏။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးလျှပ်စီးနှင့်အတူ ရောထွေးနေသည့် သိုင်းတာအိုမှော်စာလုံးများသည် သူမ၏ ကိုယ်ကာနှင့်မျိုးဆက်သွေးများထဲသို့ အဆက်မပြတ် ပေါင်းစည်းနေပြီး သူမခန္ဓာကိုယ်၏ အလားအလာကို နှိုးဆွပေးနေ၏။
ပေမင်ရွှယ်ကို အသက်ရှုချိန်များစွာမပေးဘဲ ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ သတ္တမအဆင့်က ချက်ချင်းပင် ရောက်ရှိလာခဲ့၏။
ဤတစ်ခေါက်မှာ ပေမင်ရွှယ်သည် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆက်လက်၍ မရွေးချယ်တော့ပေ။ သူမက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ သတ္တမအဆင့်ကို ရင်ဆိုင်ရန် ဤနှစ်များအတွင်း သူမသင်ယူထားခဲ့သည့် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်တတ်များကို ထုတ်ဖော်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
အဖျက်စွမ်းအားမြင့်မားသော မိုးကြိုးလျှပ်စီးများပေါ်မှာ အဆုံးမဲ့ထက်ရှမှုကို ထုတ်ဖော်ထားသည့်ပုံရိပ်က မိုးကြိုးလျှပ်စီးများကို ဆန်တက်သွားပြီး မကိုင်လှုပ်နိုင်သော စိတ်စွမ်းအားတစ်ခုကို ထုတ်ဖော်ရင်း ကောင်းကင်ဘုံကပ်ဘေးကို စိန်ခေါ်နေလေသည်။
ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ သတ္တမအဆင့်က ပြီးဆုံးသွားသည်။ သို့သော်လည်း ကောင်းကင်ထက်ရှိကပ်ဘေးတိမ်စိုင်များက ပျက်ပြယ်မသွားသေးပေ။
အံ့အားသင့်စရာမရှိဘဲ ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမအဆင့်က ဆင်းသက်လာခဲ့၏။
ဤတစ်ခေါက်မှာ ပေမင်ရွှယ်သည် သူမ၏ မူပိုင်ဓားကိုဆင့်ခေါ်ပြီး အားလုံး၏ အကြည့်အောက်မှာ ဓားတာအိုပေါ် သူမ၏ နားလည်ဆင်ခြင်မှုကို ထုတ်ဖော်ပြသလိုက်၏။
ပေမင်ရွှယ်၏ သိုင်းစိတ်ဝိညာဥ်က ဓားတစ်လက်ဖြစ်ပြီး ဓားတာအိုအတွက် မွေးဖွားလာသကဲ့သို့ပင်။
ပေမင်ရွှယ်အတွက်တော့ ဓားနှင့်အတူ တစ်သားတည်းကျခြင်း သို့မဟုတ် ဓားသွေးနှင့်အတူ မွေးဖွားလာခြင်းကဲ့သို့အရာမျိုး မရှိပေ။ သူမ၏ တည်ရှိမှုကပင် လောကကို ခုတ်ပိုင်းနိုင်သည့် အန္တိမအင်မော်တယ်ဓားတစ်လက်ဖြစ်နေသည်။
သူမ၏ လှုပ်ရှာမှုတိုင်းနှင့် ကိုယ်နေဟန်ထားက သူမ၏ ဓားတာအိုနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေ၏။
သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမအဆင့်က အရမ်းကို စွမ်းအားကြီးမားလေသည်။ အရင်တုန်းက ယွင်ထင်သည် ဆဋ္ဌမအဆင့်ကောင်းကင်ဘုံကပ်ဘေး၏ ထိတွေ့ရိုက်ခတ်မှုမှာ သေလုမတတ်ဖြစ်ခဲ့ရသည်။
ဆူဇီမိုသည် ဤနေရာသို့ ရောက်ရှိမလာဘဲ ပြီးခဲ့သည့်သုံးနှစ်အတွင်း ပေမင်ရွှယ်၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးကို အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးနှင့် အားဖြည့်ပေးနေခဲ့ခြင်းမရှိလျှင် သူမက အဲဒါကိုခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
သူမသည် ထပ်တလဲလဲပစ်ချခံနေရပြီး ကောင်းကင်ဘုံကပ်ဘေးနှင့် ရင်ဆိုင်ရာမှာ ပြန်ထလာခဲ့လေသည်။
နောက်ဆုံးမှာတော့ ကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမအဆင့်က ပြီးဆုံးသွားခဲ့သည်။
ပေမင်ရွှယ်သည် မြေပြင်ပေါ်မှာ လဲကျ၍ မဲတူးနေလေသည်။ သူမခန္ဓာကိုယ်ပေါ်ရှိ မျက်နှာပြင်သည် ကာလရှည်ကြာမိုးခေါင်ခဲ့သောမြေပြင်ကဲ့သို့ အက်ကွဲနေပြီး သူမက လူပုံသဏ္ဌာန်နှင့် ဆက်လက်၍မတူတော့ပေ။
ဓားကျင့်ကြံသူများစွာက စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။
အဲဒါက ပြီးဆုံးသွားခဲ့လေပြီ။
ဝမ်တုန်နှင့် အခြားသူများသည်လည်း စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။
ပေမင်ရွှယ်သည် ဒဏ်ရာအပြင်းအထန်ရရှိထားသည့်ပုံပေါ်သော်လည်း သူမ၏ ခန္ဓာကိုယ်ကနေ အသက်ဓာတ်အားက ဖြာထွက်နေဆဲဖြစ်သည်။ သူမက အချိန်တစ်ခုကြာ ပြန်လည်ကုသလိုက်သည်နှင့် သူမက ပြန်လည်ကောင်းမွန်လာပေလိမ့်မည်။
ဝမ်တုန်က စိုးရိမ်ပူပန်နေ၏။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ အခြားသောဓားကျင့်ကြံသူများနှင့်အတူ သူက ပေမင်ရွှယ်ကို ကူညီဖေးမရန် ရှေ့သို့တက်လှမ်းဖို့ပြင်လိုက်၏။
သို့သော်လည်း ဘေးပတ်လည်မှာစောင့်ကြပ်နေသည့် အင်မော်တယ်ဘုရင်ပညာရှင်များ၏ အမူအယာများက တည်တံနေပြီး ဓားကျင့်ကြံသူများ ရှေ့သို့တက်လှမ်းလာခြင်းကို ပိတ်ဆို့တားဆီးထားလေသည်။
တောင်ထွတ်ပေါ်ရှိ တောင်ထွတ်သခင်ရှစ်ဦးကလည်း တည်တံ့သောအမူအရာများနှင့် ပေမင်ရွှယ်၏ ဦးခေါင်းအထက် မိုးကောင်းကင်ကို မော့ကြည့်နေကြသည်။
သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များသည် သန်မာကြပြီး သူတို့သည် အဲဒါကို ပို၍သိသာရှင်းလင်းစွာ အာရုံခံမိနိုင်ကြသည်။
ကပ်ဘေးတိမ်စိုင်များက ပျက်ပြယ်သွားသော်လည်း သူတို့သည် တစ်ဖန်ပြန်လည်စုစည်း၍ တစ်ကျော့ပြန်လာမည့် လက္ခဏာများပြသနေလေသည်။
ကပ်ဘေးတိမ်စိုင်များက ယခုအချိန်ထိ မပြီးဆုံးသေးပေ။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခု...။
တောင်ထွတ်သခင်ရှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာပင် ထိုဖြစ်နိုင်ခြေကို တွေးမိသွားကြသည်။
ထိုအခိုက်အတန့်မှာ အနိဋ္ဌာရုံဓားကုန်းမြေတိုက်၏ ကျင့်ကြံသူများက တဖြည်းဖြည်း တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိလာကြသည်။ သူတို့က ကောင်းကင်ထက်မှာ နောက်တစ်ဖန်စုဖွဲ့လာသည့် ကပ်ဘေးတိမ်စိုင်များကို တစ်ယောက်ပြီးတစ်ယောက် မော့ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ရေရွတ်လိုက်ကြ၏။
“ဘုရားရေ... ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုများဖြစ်နိုင်မလား”
“အဲလိုပဲဖြစ်မှာပေါ့... ငါက အာကာသသက်ရှိနယ်ပယ်ကို ရောက်လာခဲ့တာတောင် ကပ်ဘေးတိမ်စိုင်တွေက ထုတ်ဖော်ထားတဲ့အော်ရာမှာ ရင်တထိတ်ထိတ်ခံစားနေရတုန်းပဲ”
“ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုက တကယ့်ကို မကြုံစဖူးထူးခြားအံ့မခန်းပဲ... ငါချင်ကျုံးက ငါ့ဘဝမှာ ဒါကို မြင်တွေ့ခွင့်ရတော့မယ်ဆိုတော့...”
“ဂျူနီယာညီမပေမင်ရဲ့အခြေအနေက အရမ်းကိုဆိုးနေပြီ... ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုကတောင် အဲလောက်ထိခက်ခဲနေတာ... သူက ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုမှာ ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ”
ဝမ်တုန်က စိုးရိမ်ပူပန်နေ၏။
သမိုင်းတစ်လျှောက်မှာ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကြောင့် ဖျက်ဆီးခံခဲ့ရပြီး မရှင်သန်နိုင်ခဲ့သော ပြန်ဝင်စားမွန်းစတားများရှိခဲ့လေသည်။
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က လေထုကိုဆုတ်ဖြဲကာ ရိပ်ခနဲပျောက်ကွယ်သွား၏။
ဖြတ်တောက်ဓားတောင်ထွတ်သခင်က ဘာ့ကြောင့်ရုတ်တရက်ထွက်ခွာသွားသလဲ မသိရှိဘဲ အခြားသောတောင်ထွတ်သခင်များက တွေဝေရှုပ်ထွေးနေ၏။
သိပ်မကြာခင် ဖြတ်တောက်ဓားတောင်ထွတ်သခင်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာသည်။
သူ၏ ဘေးမှာ အေးစက်နေသောအမူအရာတစ်ခုနှင့်အတူ ပြိုင်ဘက်ကင်းချောမောလှပသော အမျိုးသမီးတစ်ဦးရှိနေသည်။ သူမသည် အမွေခံတပည့်များကြားမှာ နံပါတ်တစ်ဓားအင်မော်တယ် လင်းရွှင်ကျန်းဖြစ်လေသည်။
“ဆရာ... ဆရာဘာလုပ်နေတာလဲ”
လင်းရွှင်ကျန်းက မှင်သေသေဖြင့် မေးလိုက်၏။
အစကတော့သူမသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သို့သော်လည်း ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က အတင်းအကျပ်ဝင်ရောက်လာပြီး သူမကို ဤနေရာသို့ ဆွဲခေါ်လာခဲ့လေသည်။
ဖြတ်တောက်ဓားတောင်ထွတ်သခင်က ရှေ့တည့်တည့်ကို လက်ညှိုးထိုးပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုက လောကမှာ အရမ်းကိုရှားပါးတယ် မင်းအဲဒါကို လက်လွှတ်မခံသင့်ဘူး”
ရုတ်တရက် လင်းရွှင်ကျန်းက ရင်တစ်ချက်ထိတ်သွား၏။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုလား။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုက ဘာကိုဆိုလိုသည်ကို သူမကောင်းကောင်းသိလေသည်။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုနှင့်အတူ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဆင်းသက်လာမည်ဟု ဆိုကြလေသည်။
သဘောတရားအရ ဤအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခွင့်ရသောလူတိုင်းက အဲဒါကို အောင်မြင်စွာကျင့်ကြံနိုင်မည့် အခွင့်အရေးတစ်ခု ရရှိလာပေလိမ့်မည်။
ယခုအချိန်ထိကို သူမသည် အင်မော်တယ်နှိမ်နှင်းဓားကို တစ်ဝက်တစ်ပျက်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအထိသာ ကျင့်ကြံထားပြီး အဲဒါသည် အစစ်အမှန် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်သို့ မရောက်ရှိသေးပေ။
သူမသည် နှစ်ပေါင်းများစွာ အဲဒါကို နားလည်ဆင်ခြင်ခဲ့သော်လည်း တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားနေရသည်။
သူမသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နှင်းဓားကို သူမမျက်စိနှင့် ကိုယ်တိုင်မြင်တွေ့နိုင်မည်ဆိုလျှင် သူမသည် ၎င်း၏ လေးနက်သိမ်မွေ့မှုများကို သေချာပေါက်နားလည်ဆင်ခြင်ကာ အောင်မြင်လာပေလိမ့်မည်။
တကယ်တော့ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုနှင့်အတူ ဆင်းသက်လာမည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် အင်မော်ဆယ်နှိမ်နှင်းဓား ဖြစ်နေဖို့လည်း မဖြစ်မနေလိုအပ်လေသည်။