← Chapters

သူသေမှာမဟုတ်ဘူး

Vol. 184 Ch. 2759

သူသေမှာမဟုတ်ဘူး

Vol. 184 Ch. 2759

ပြန်ဝင်စားမွန်းစတားနှစ်ဦးကြားတိုက်ပွဲသည် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်ခဲ့လေသည်။

ဓားကမ္ဘာမှ ထိပ်သီးပြန်ဝင်စားမွန်းစတားများကြား တိုက်ပွဲတစ်ပွဲကို မြင်တွေ့ခွင့်ရဖို့က မလွယ်ကူပေ။

ဥပမာအားဖြင့် လင်းရွှင်ကျန်းသည် သူမနှင့် အဆင့်တူများကြားမှာ လုံးဝကို ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။

ယွင်ထင်နှင့် လင်းရွှင်ကျန်းကတော့ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက သိသိသာသာကွာဟနေပြီး သူတို့က လက်ရည်မစမ်းနိုင်ကြပေ။

ကျင့်ကြံမှုနယ်ပယ်တူမှာ လူနှစ်ဦးကြား မကြုံစဖူးထူးခြားအံ့မခန်း ဤတိုက်ပွဲ ပေါ်ထွက်လာနိုင်သည်မှာ ပေမင်ရွှယ်သည် ရုတ်တရက် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကိုဆွဲဆောင်ကာ ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာသောကြောင့်ဖြစ်လေသည်။

ဤတိုက်ပွဲသည် ပေမင်ရွှယ်နှင့် ယွင်ထင်ကြား ယှဥ်ပြိုင်မှုသာလျှင် မဟုတ်ပေ။

မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် သူမကျင့်ကြံထားသော သိုင်းတာအိုနှင့်အတူ ပကတိဧကနယ်ပယ်မှာ ပေမင်ရွှယ်သည် တိုက်ခိုက်ရည်ခွန်အားဘယ်လောက်များများ ထုတ်ဖော်နိုင်မလဲ တွေ့မြင်ချင်နေကြ၏။

တောင်ထွတ်ရှစ်ခုက အုန်းအုန်းကျက်ကျက်ဖြစ်လာသော်လည်း ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါက တစ်မူထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်နေ၏။

ဆူဇီမိုသည် ပေမင်ရွှယ်နှင့် လိုက်ပါသွားခြင်းမရှိပေ။ ​ပေမင်ရွှယ်နှင့်ယွင်ထင်အကြောင်းကို သူကကောင်းကောင်းသိထားပြီး ရလဒ်နှင့်ပတ်သက်၍ သံသယရှိမနေပေ။

ပြီးခဲ့သည့်သုံးနှစ်အတွင်း သူသည် ပေမင်ရွှယ်အပေါ် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ပေးခဲ့သည်။

ယခု ပေမင်ရွှယ်က အစစ်အမှန်သိုင်းနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး သူက စိတ်သက်သာရာရကာ သူ့ဘာသာသူဆက်လက်ကျင့်ကြံ၍ ဓမ္မတာအိုများကို နားလည်ဆင်ခြင်ရန် ပြင်လိုက်သည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်က လျင်မြန်စွာတိုးတက်လာ၍ ယွင်ထင်ကို လိုက်မီခဲ့ပြီးနောက် ကျော်တက်လာခဲ့ပြီဖြစ်သည်။

သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် သူ့တိုက်ခိုက်ရည်ခွန်အား၏ အထက်စီးကိုရောက်ရှိဖို့ ဝေးကွာလွန်းသေးလေသည်။

ဆူဇီမိုသည် အင်မော်တယ်နှိမ်နှင်းဓား၊ ဗုဒ္ဓနဂါးဆင်၊ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၊ တဒင်္ဂအခိုက်အတန့်၊ ခေါင်းလေးလုံး လက်ရှစ်ဖက်နှင့် အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားတို့ကို တစ်ဝက်တစ်ပျက်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများဖြစ်သည်အထိ ကျင့်ကြံထားခဲ့ပြီးလေပြီ။

သို့သော်လည်း သူသည် အစစ်အမှန် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်လိုသည်ဆိုလျှင် သူသည် အဆက်မပြတ်နားလည်ဆင်ခြင်ရပေဦးမည်။

ကွာဟချက်က စကားလုံးတစ်လုံးသာဖြစ်သော်လည်း ထွက်ပေါ်လာမည့်စွမ်းအားက မိုးနှင့်မြေလိုကွာခြားလေသည်။

ဆူဇီမိုသည် ထိုနတ်ဘုရားစွမ်းအားများကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများအဖြစ် ကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားက ၎င်း၏ အထွတ်အထိပ်ထိ ရောက်ရှိလာပေမည်။

ထိုအချိန်မှာ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားနှင့် ခေါင်းလေးလုံးလက်ရှစ်ဖက်၏ အားဖြည့်ထောက်ပံ့မှုနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတချို့နှင့်အတူ သူ့အနေဖြင့် မည်ကဲ့သို့သောစွမ်းအားကို ထုတ်ဖော်နိုင်မလဲ ကြိုတင်ခန့်မှန်းဖို့ပင် ခက်ခဲလေသည်။

သမိုင်းတစ်လျှောက်မှာ မည်သူကမှ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများစွာကို တစ်ချိန်တည်းမှာ မထုတ်ဖော်နိုင်ခဲ့ကြပေ။

ပေမင်ရွှယ်ထွက်ခွာသွားသည်မှာ နေ့တစ်ဝက်ကျော် ကြာသွားခဲ့လေပြီ။

နောက်ဆုံးမှာတော့ လိုဏ်ဂူခန်းဝါဝင်ပေါ​က်မှ အသံတစ်သံထွက်ပေါ်လာ၏။

သိပ်မကြာခင် လူတစ်ယောက်က ဖြည်းဖြည်းချင်းဝင်ရောက်လာ၏။

ဆူဇီမိုက မျက်လုံးဖွင့်ပြီး ကြည့်လိုက်သည်။

ပေမင်ရွှယ်၏ အဝတ်အစားက အနည်းငယ်ရှုပ်ပွနေပြီး သွေးစွန်းနေလေသည်။ သူမ၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး သူမ၏ သွေးချီက အားနည်းနေသည်။

သူမသည် ဤတိုက်ပွဲမှာ စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရပြီး အလွန်တရာခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်မှာ သိသာလေသည်။

သို့သော်လည်း ပေမင်ရွှယ်၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ အကြည့်က ဓားတစ်လက်ကဲ့သို့ ထက်ရှနေ၏။

“မင်းနိုင်ခဲ့လား”

ဆူဇီမိုက မေးလိုက်၏။

“ကျွန်မနိုင်တယ်”

ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။

ဆရာနှင့်တပည့်သည် တခြားမည်သည့်စကားမှ ထပ်မဆိုဘဲ အမေးတစ်ခုနှင့်အဖြေတစ်ခုသာရှိလေသည်။ ဆူဇီမိုသည် ဤရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်ပြီး ထပ်မံ၍ စူးစမ်းလိုစိတ်မရှိတော့ပေ။ ပေမင်ရွှယ်၏ စိတ်နေစရိုက်အရ သူမသည် ယွင်ထင်ကို အနိုင်ရခဲ့လျှင်တောင် မည်သည့်စိတ်လှုပ်ရှားတက်ကြွမှုကိုမှ ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး ဆက်လက်၍ကျင့်ကြံတော့မည့်ရှိစဥ်မှာပင် သူက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“ယွင်ထင်... အဆင်ပြေရဲ့လား”

ပေမင်ရွှယ်က ခဏမျှရပ်တန့်ပြီးနောက် ပြောလိုက်သည်။

“သူသေမှာမဟုတ်ပါဘူး”

ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါက ပြန်လည်တိတ်ဆိတ်သွားလေသည်။

ဆူဇီမိုသည် သူ၏ ဓမ္မတာအိုများကို နားလည််ဆ​င်ခြင်နေစဥ် ပေမင်ရွှယ်က တိတ်တဆိတ် အနားယူအားဖြည့်နေ၏။

သို့သော်လည်း အဆုံးစွန်ဓားတောင်ထွတ်သည် ထိုအခိုက်အတန့်မှာ ဆူညံပွက်လောရိုက်နေပုံရလေသည်။

ပေမင်ရွှယ်သည် သူမ၏ လိုဏ်ဂူခန်းဝါသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း အဆုံးစွန်ဓားတောင်ထွတ်ပေါ်မှာ အတန်ကြာသည့်အထိ ထွက်ခွာမသွားသေးသော ဓားကျင့်ကြံသူများစွာရှိနေဆဲဖြစ်သည်။

ပြန်ဝင်စားမွန်းစတားနှစ်ဦးကြားတိုက်ပွဲက လေးနာရီကျော်ကြာမြင့်ခဲ့လေသည်။ လူတိုင်းသည် ဖြစ်စဥ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရပြီး သူတို့၏ မျက်နှာများပေါ်ရှိ တုန်လှုပ်မှုများက လျော့ကျမသွားသေးပေ။

သူတို့၏ တိုက်ပွဲအတွင်း ပေမင်ရွှယ်နှင့် ယွင်ထင်ထုတ်ဖော်ပြသခဲ့သည့် ဓားတာအို၏ သတ်ဖြတ်ခြင်းစွမ်းအားသည် လက်ရှိလူတိုင်းကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေသည်။

တိုက်ပွဲ၏ အစမှာ သူမသည် ပကတိအင်မော်တယ်များကြားတိုက်ပွဲနှင့် ရင်းနှီးမှုမရှိသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ ပေမင်ရွှယ်သည် အရေးနိမ့်နေခဲ့ပြီး ယွင်ထင်၏ ဖိနှိမ်ခြင်းကို တစ်ချိန်လုံးခံနေခဲ့ရ၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပေမင်ရွှယ်သည် သူမ၏ အရေးနိမ့်မှုကနေ တဖြည်းဖြည်းရုန်းထွက်လာခဲ့သည်။

နောက်ဆုံးတိုက်ပွဲ၏ အဆုံးသတ်မှာ ပေမင်ရွှယ်သည် စီးပိုးခြယ်လှယ်သော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်ကာ ယွင်ထင်ကို အပြတ်အသတ်ဖိနှိမ်ခဲ့လေသည်။

နောက်ဆုံးမှာယွင်ထင်သည် ပေမင်ရွှယ်၏ ရိုက်ချက်ဖြင့် သတိလစ်ကာ လဲကျသွားခဲ့၏။ ဓားအင်မော်တယ်ထိုက်လိုင်နှင့် အခြားသောတောင်ထွတ်မှ ပကတိအင်မော်တယ်များက သူ့ကိုခေါ်ယူသွားပြီး တိုက်ပွဲကို အဆုံးသတ်သွားစေလေသည်။

“ယွင်ထင်က တော်တော်သနားဖို့ကောင်းတာပဲ... သူ့မျက်နှာက ဆိုးဆိုးဝါးဝါးရိုက်နှက်ခံထားရတာ လူရုပ်တောင် မပေါ်တော့ဘူး”

“ဂျူနီယာညီမပေမင်က အရမ်းကို ရက်စက်လွန်းတာပဲ... သူနဲ့ ဂျူနီယာညီယွင်ကြားမှာ နက်ရှိုင်းတဲ့ရန်ငြိုးရန်စတစ်ခုရှိတယ်လို့ ငါဘာလို့ ခံစားနေရတာပါလိမ့်”

“ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်ခဲ့တဲ့ ပြန်ဝင်စားမွန်းစတားဆိုတဲ့အတိုင်းပဲ... သူက ပကတိဧကနယ်ပယ်ကို ဝင်ရောက်လာတဲ့အချိန်မှာပဲ စီနီယာအစ်ကိုယွင်ကို ဖိနှိမ်နိုင်တယ်”

“အဲဒါက သိုင်းတာအိုလား... အဲဒါက တော်တော်သန်မာတာပဲ... ဂျူနီယာညီယွင်ရဲ့ စွမ်းအားကြီးမားတဲ့ဓားသွေးကတောင်မှ ဂျူနီယာညီမပေမင်ရဲ့သွေးချီကို မဖိနှိမ်နိုင်ခဲ့ဘူး”

“ဂျူနီယာညီပေမင်ရဲ့ သွေးချီမှာပါဝင်တဲ့ ဓားစိတ်ဆန္ဒက ပိုပြီးတော့တောင် ကြောက်စရာကောင်းသေးတယ်... ဒါပေမဲ့ သူက အဲဒါကို ကောင်းကောင်းမကျွမ်းကျင်သေးတဲ့ပုံပဲ”

“ငါက... သိုင်းတာအိုကို ကျင့်ကြံမယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲ... ငါ့အနေနဲ့ သိုင်းတာအိုကို အခုချိန်မှာကျင့်ကြံဖို့က နောက်ကျနေပြီလား”

ဤတိုက်ပွဲ၏ ရလဒ်သည် ဓားကျင့်ကြံသူများ၏ မျှော်လင့်ထားမှုထက် များစွာကျော်လွန်ခဲ့ပြီး တောင်ထွတ်ရှစ်ခုကြားမှာ အတော်လေးအုန်းအုန်းကျက်ကျက်ဖြစ်သွားစေလေသည်။

ဝမ်တုန်၊ ကုန်းစွန်းယွီ၊ ချင်ကျုံးနှင့် အခြားသောတောင်ထွတ်များမှ ပကတိအင်မော်တယ်များသည် တွေဝေရှုပ်ထွေးနေကြပြီး စိတ်ခံစားချက်များဖြင့်ပြည့်​နှက်နေကြသည်။

ဝမ်တုန်က ခါးသက်စွာပြုံးလိုက်၏။

“ဂျူနီယာညီမပေမင်ရဲ့ တိုက်ခိုက်ရည်ခွန်အားက တာအိုသစ်သီးတစ်လုံးမရှိဘဲနဲ့တောက် ဒီလောက်ထိ​ကြောက်စရာကောင်းနေတယ်ဆိုတော့... အရင်တုန်းက ငါက သိုင်းတာအိုကိုမကျင့်ကြံဖို့တောင် သူ့ကို ထပ်တလဲလဲ ဖျောင်းဖျခဲ့သေးတယ်”

“အခု ငါအဲဒါကို စဥ်းစားကြည့်ရင် တကယ်ပဲရှက်မိနေပြီ”

ချင်ကျုံးက သွားဖြဲကာ စုတ်သပ်လိုက်၏။

“ဂျူနီယာညီမပေမင်က တော်တော်ကို ရက်စက်ကြမ်းတမ်းတာပဲ... သူက ပကတိဧကနယ်ပယ်ကို တက်လှမ်းလာတဲ့အချိန်မှာပဲ အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းနေပြီ”

ကုန်းစွန်းယွီကလည်း ညည်းတွားရေရွတ်လိုက်၏။

“အဲဒါအမှန်ပဲ.. ဂျူနီယာညီမပေမင်က နောက်ပိုင်းမှာ ဆီးနှင်းဓား အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် ဂျူနီယာညီယွင်က သူ့ထက် ပိုပြီးတော့တောင် အားနည်းလာလိမ့်မယ်”

“အဲဒါက ဂျူနီယာညီယွင်တင်ဘယ်ဟုတ်မလဲ”

ချန်းယွဲ့က ပြောလိုက်၏။

“ဂျူနီယာညီမပေမင်ရဲ့ကျင့်ကြံမှုက ငါတို့ကို လိုက်မီလာမယ်ဆိုရင် ငါတို့ကလည်း သူ့ကို ယှဥ်နိုင်မှာ မဟုတ်လောက်ဘူး”

အဆုံးစွန်ဓားတောင်ထွတ်၏ တောင်ထွတ်ပေါ်မှာ... ။

“အခုဆိုရင် ငါတောင်မှ သိုင်းတာအိုကို စိတ်ဝင်စားမိလာပြီ”

“ငါလေ့လာအကဲခတ်ရသလောက် သိုင်းတာအိုက ကိုယ်ကာယနဲ့ မျိုးဆက်သွေးရဲ့ ကျင့်ကြံမှုပေါ်မှာ အာရုံစိုက်ထားတာပဲ... ပေမင်ရွှယ်ရဲ့ကိုယ်ကာယနဲ့မျိုးဆက်သွေးက အရမ်းကို သန်မာတယ်... အဲဒါက ကျင့်ကြံမှုနယ်ပယ်တူမှာ သူ့ကို ဘယ်သူကမှ မယှဥ်နိုင်စေတော့ဘူး”

“ဒီလိုမျိုး ကိုယ်ကာယနဲ့ မျိုးဆက်သွေးနဲ့ သူမရဲ့ ဓားဝိညာဥ်.. ဓားတာအိုနဲ့ ဓားနှလုံးသားနဲ့ဆို ပေမင်ရွှယ်က ပကတိကြည်လင်သန့်စင်ပြီး အားနည်းချက်မရှိတဲ့ အင််မော်တယ်ဓားတစ်လက်လိုဖြစ်နေပြီ”

“ညီကိုလု... ဂုဏ်ယူပါတယ်”

အခြားသောတောင်ထွတ်သခင်များက သူတို့၏ လက်နှစ်ဖက်ကို ယှက်ကာပြောလိုက်ကြ၏။

“ပေမင်ရွှယ်နဲ့ဆိုရင် အနိဋ္ဌာရုံဓားတောင်ထွတ်က ဓားတောင်ထွတ်ရှစ်ခုကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ပြန်ရလာတော့မှာပဲ”

လုယွင်သည် သူ၏ ရင်ထဲမှာ ဝမ်းသာအားရဖြစ်နေသော်လည်း သူက အပေါ်ယံမှာ တည်ငြိမ်သယောင်ဟန်ဆောင်ပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

“သူက ဘာပဲပြောပြော ပကတိဧကနယ်ပယ်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... သူလျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတယ်”

“အခု ပေမင်ရွှယ်က ပကတိအင်မော်တယ်တစ်ဦးဖြစ်လာပြီဆိုတော့ မင်းက သူ့ကို တပည့်အဖြစ် တရားဝင်လက်ခံနိုင်ပြီပေါ့ ညီကိုလု”

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်သည်။

“ဓားတာအိုမှာ ပေမင်ရွှယ်ရဲ့ပါရမီက ပြိုင်ဘက်ကင်းပဲ... ရှင်က သူ့ကိုကောင်းကောင်းသင်ကြားပေးရမယ်”

ထိုစကားကိုကြားချိန်မှာ လုယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

ပေမင်ရွှယ်က အခုချိန်ထိ ငါ့တပည့်ဖြစ်လာဖို့ စိတ်ကူးမရှိသေးဘူး... သူက ဆူကျုးနဲ့ပဲ ကျင့်ကြံလိုတဲ့ပုံပဲ”

“အဲလိုလုပ်လို့ ဘယ်ရပါ့မလဲ”

မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“ဆူကျူးရဲ့ ကျင့်ကြံမှုက ပေမင်ရွှယ်နဲ့ မတိမ်းမယိမ်းပဲ... သူက သူမရဲ့ပါရမီအရည်အချင်းကို ဆွဲချသလို​ဖြစ်နေမှာ မဟုတ်ဘူးလား”

“အဲဒါက ပြောရတာတော်တော်ခက်တယ်”

လုယွင်က ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ပေမင်ရွှယ်က သူဖန်တီးထားတဲ့ သိုင်းတာအိုကို ကျင့်ကြံပြီး လက်ရှိအောင်မြင်မှုတွေကို ရရှိလာခဲ့တာပဲ... နောက်ပြီး အဲဒီလူက ပေမင်ရွှယ်ကို သေအံ့ဆဲဆဲ အခြေအနေကနေ ကယ်တင်ပေးပြီး မဟာဓားပညာရပ်သုံးခုကိုတောင်မှ သင်ကြားပေးခဲ့တယ်... တစ်ခုသောရှုထောင့်ကနေကြည့်မယ်ဆိုရင် သူက ငါတို့ဓားကမ္ဘာတစ်ခုလုံးရဲ့ကျေးဇူးရှင်ပဲ”

“ငါက ပေမင်ရွှယ်ကို စွန့်လွှတ်ဖို့ သူ့ကိုသွားပြီးတောင်းဆိုမယ်ဆိုရင် အဲဒါက ရိုင်းပျရာကျနေမလားပဲ။”

All Chapters