အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း (၆၀၇) သွေးနက်ကန် လုပ်ကြံသတ်ဖြတ်သူများ၏ အလောင်းများ
သွေးနက်ကန်၏ သခင်လေးသည် ဤမျှအလွယ်တကူ သတ်ဖြတ်ခံရလိမ့်မည်ဟု မည်သည့်အချိန်ကမှ မထင်ထားခဲ့ပေ။ ချူးယွင်ဖန်းသည် အလွယ်တကူ ဖျက်ဆီးနိုင်သော ပျော့ပျောင်းသည့် ပန်းသီးတစ်လုံးဟု သူက ထင်မှတ်ထားခဲ့သည်။ ချူးယွင်ဖန်းသည် ဒေါသထွက်နေစဉ်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု မည်သူက တွေးထင်မိမည်နည်း။
သခင်လေးသည် ပြင်ဆင်ချိန်ပင် မရလိုက်ဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း၊ တိုက်ခိုက်ရေး ခွန်အားအရ၊ သူနှင့် ချူးယွင်ဖန်းတို့ကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားသည်။
သခင်လေးသည် လှုပ်ရှားမှုတစ်ခုဖြင့် သေဆုံးသွားခဲ့သည်။ သွေးနက်ကန်၏ သခင်လေးကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းက မရပ်တန့်ဘဲ သြဒိနိတ်ဆီသို့ ဆက်လက် အပြေးနှင်နေခဲ့သည်။
ချူးယွင်ဖန်းက သွေးနက်ကန်၏သခင်လေးကို သတ်ဖြတ်ပြီးနောက် မကြာမီတွင် လူတစ်စုက ထိုနေရာသို့ ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးတွင် အလွန်ရဲရင့်သည့် အရောင်အဝါများရှိနေသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ဤနေရာအထိ ခြေရာခံနေကြသူများဖြစ်ကြသည်။ ပြီးနောက် သွေးနက်ကန်အဖွဲ့ဝင်များ၏ အလောင်းများ မြေပြင်အနှံ့တွင် ပြန့်ကျဲနေသည့် မြင်ကွင်းကို မြင်တွေ့ရလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားပေ။
၎င်းတို့အားလုံး၏ မျက်နှာတွင် ယုံကြည်မှုကင်မဲ့နေသော အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။ သွေးနက်ကန်သည် အမြဲတစေ မောက်မာ၍ ရက်စက်ကြမ်းကြုတ်လေ့ရှိသူများဖြစ်သည်။ ၎င်းတို့သည် သမ္မတကို လုပ်ကြံသတ်ဖြတ်ရာတွင်ပင် အောင်မြင်ခဲ့သူများဖြစ်သည်။ သာမန် ပြည်သူလူထုအတွက် တစ်ချက်မျှ ငဲ့ညှာခဲ့သူများ မဟုတ်ကြပေ။
သွေးနက်ကန်၏ သခင်လေးသည် ကမ္ဘာပေါ်ရှိ ထိပ်တန်း အရည်အချင်းရှိသူ လူငယ်များကို ပစ်မှတ်ထားလေ့ရှိသည်။ သာမန်လူတစ်ဦးသည် သွေးနက်ကန်မှ ပစ်မှတ်ထား သတ်ဖြတ်ခံရရန် အရည်အချင်းပြည့်မီမည် မဟုတ်ပေ။
တစ်ချိန်တည်း၌ပင် သခင်လေး၏ ခွန်အားသည်လည်း ယုံမှားသံသယမရှိလောက်အောင် သန်မာလေသည်။ သာမာန်လူတစ်ယောက်သည် သူ၏နာမည်ကို ကြားရုံဖြင့်ပင် ကြောက်လန့်နေလိမ့်မည်ဖြစ်သည်။ နေရာအနှံ့ အလောင်းများပျံ့နှံ့ရန် မဆိုနှင့် သာမာန် အရည်အချင်းရှိသူ လူငယ်က လုပ်ကြံသတ်ဖြတ်ခြင်းမှ လွတ်မြောက်နိုင်လျှင်ပင် ကံကောင်းသည်ဟု ယူဆရမည်ဖြစ်သည်။
“မှားစရာမရှိဘူး။ ငါစစ်ကြည့်ပြီးပြီ။ ဒါ သွေးနက်ကန်ရဲ့ သခင်လေးပဲ။ လွန်ခဲ့တဲ့ ငါးနှစ်က ပွဲဦးထွက် အကဲဖြတ်မှုကို အောင်မြင်ပြီးတဲ့နောက်၊ ကမ္ဘာက အာရုံစိုက်နေတဲ့ အရည်အချင်းရှိသူ လူငယ်တစ်ယောက်ကို တစ်ခါသတ်ခဲ့ဖူးတယ်။ ပြည်ထောင်စုက သူ့ခေါင်းအတွက်ဆိုပြီး ငွေသိန်း ၅၀ ကျော် ဆုငွေ ထုတ်ထားတယ်”
၎င်းတို့ထဲမှ လူတစ်ဦးက သွေးအိုင်ထဲတွင် လဲလျောင်းနေသော သခင်လေး၏ အလောင်းကို အတည်ပြုခဲ့သည်။
“သွေးနက်ကန်က တစ်ယောက်ယောက်ကို ပစ်မှတ်ထားတာနဲ့ သေတဲ့အထိ တိုက်ခိုက်ကြတယ်လို့ ငါ ကြားဖူးတယ်။ အကုန်အားလုံးက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ချူးယွင်ဖန်းလို အကျော်ဇေယျ ပုဂ္ဂိုလ်အတွက်၊ သွေးကျွန်တွေနဲ့ သူတို့သခင်လေးအပြင် အတွေ့အကြုံရှိတဲ့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေပါ စေလွှတ်လိုက်တာတောင် သူ့ကို ဘယ်သူမှ မတိုက်နိုင်ကြပါလား”
အခြားလူတစ်ဦးက ပြောလိုက်သည်။
“ဒါပေမယ့် တကယ်ကြောက်စရာကောင်းတာက အခုကျဆုံးသွားတဲ့ သွေးနက်ကန်ကလူတွေပဲ။ ဒါဇင်လောက်ရှိတဲ့ သွေးကျွန်တွေအပြင် သူတို့၏သခင်လေးပါ ဒီလိုဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာ။ သူတို့အားလုံးကို တစ်ချက်တည်းနဲ့ သတ်ထားတာ။ တချို့ဆို ခေါင်းတွေပေါက်ထွက်ပြီး အချို့က အူတွေထွက်တဲ့အထိ အကန်ခံရပြီး သေကုန်တာ။ ဒုတိယလှုပ်ရှားမှုကို အသုံးမခဲ့ဘူး၊ သူ့သိုင်းပညာက သန့်ရှင်းပြီး သပ်ရပ်လွန်းတယ်"
အဖွဲ့ခေါင်းဆောင်က လေးနက်သောအမူအရာဖြင့် ပြောကြားခဲ့သည်။
"ချူးယွင်ဖန်းအပေါ် ငါတို့ ခန့်မှန်းချက်အားလုံး မှားနေလောက်ပြီထင်တယ်။ သူ့ခွန်အားက သေချာပေါက် မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီ ”
ချူးယွင်ဖန်း၏ နှစ်စဉ်အကဲဖြတ်မှု ပြီးဆုံးသွားချိန်တွင် သတင်းလက်ခံရရှိခဲ့သော ခေါင်းဆောင်က အလျင်အမြန် ထွက်ခွာလာခဲ့သည်။ နှစ်စဉ်အကဲဖြတ်မှုရှိ ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်သည် ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသော်လည်း သူပိုင်ဆိုင်ထားသော ရတနာများကို လိုချင်တပ်မက်သူများက ဤသတင်းများကို နားထောင်ရန် အချိန်မရှိပေ။
“ဆက်လိုက်ကြ။ ချူးယွင်ဖန်းကို အမှီလိုက်မှ ရမယ်။ တခြားလူတွေကို အခွင့်အရေးပေးလို့ မဖြစ်ဘူး”
ခေါင်းဆောင်က လျင်မြန်စွာ ပြောလိုက်သည်။ သူသည် ချူးယွင်ဖန်း၏လက်ထဲရှိ ပစ္စည်းများကို လုယူရန်သာမက အခြားလူများက ၎င်းတို့ကို မပိုင်ဆိုင်မီ လုယူရမည်ဖြစ်သည်။
ချူးယွင်ဖန်း၏လက်ဝယ်ရှိ ပစ္စည်းများကို လိုချင်တပ်မက်သူမှာ တစ်ဦး နှစ်ဦးထက်မက ပိုမိုများပြားမည်မှာ သေချာသည်။ ဤရတနာများသည် အင်အားကြီးပုဂ္ဂိုလ်အချို့ကိုပင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ၎င်းတို့၏ ရန်သူက မည်သူဖြစ်သည်ကို မသိကြသောကြောင့် ၎င်းတို့ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အခြားလူများထက် ဦးစွာပထမ လှုပ်ရှားရန်သာဖြစ်သည်။
ဤလူအုပ်စုကြီး ထွက်ခွာသွားသည့် အချိန်ခဏအကြာတွင် တခြားသောအုပ်စုတစ်ခုက ၎င်းတို့ကို အမီလိုက်လာကြပြန်သည်။ သွေးနက်ကန် လုပ်ကြံသတ်ဖြတ်သူများ၏ အလောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို ၎င်းတို့သည်လည်း မြင်တွေ့လိုက်ရသည်။
ထိုလူသည်လည်း ခဏအကြာတွင် အလားတူ ကောက်ချက်ချလိုက်ကြသည်။ ၎င်းတို့၏ အမူအရာများ ပို၍ပင် လေးနက်လာသည်။
လူအုပ်စုများ တစ်စုပြီး တစ်စု ခရီးနှင်နေကြသည်။ မကြာမီတွင် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သွေးနက်ကန် ကျဆုံးသွားသည်ဟူသော သတင်းစကားများ စတင်ပျံ့နှံ့လာလေသည်။ လောကတွင် မထိုးဖောက်နိုင်သော တံတိုင်းတစ်ခုဟူ၍ မရှိပေ။ အထူးသဖြင့် ချူးယွင်ဖန်းက ၎င်းတို့ကိုသတ်ပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားသောကြောင့် ထိုအခြေအနေကို ဖုံးကွယ်ရန် နည်းလမ်းမရှိခဲ့ပေ။
တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းသတင်းစကား ပျံ့လွင့်ရန် အချိန်မည်မျှ ကြာမြင့်မည်ဟူ၍သာဖြစ်သည်။ ချူးယွင်ဖန်းက စိုးရိမ်ပူပန်နေသော်လည်း သူ၏အမူအရာသည် ပြောင်းလဲခြင်း မရှိပေ။ သူ၏လက်သီးများကို တင်းတင်းဆုပ်ထားသည့် အပြုအမူကသာ သူ၏ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြသနေသည်။
သို့သော် ချူးယွင်ဖန်း၏ ခရီးစဉ်သည် လူများစွာ၏အာရုံကို ဖမ်းစားစေခဲ့သည်။
ကောင်းကင်ယံ၌ လေယာဉ်တစ်စင်း ဖြတ်သန်း မောင်းနှင်သွားပြီးနောက် လူပေါင်း လေးဆယ်မှ ငါးဆယ်ခန့်ရှိသော ကြေးစားအဖွဲ့တစ်ဖွဲ့သည် ချူးယွင်ဖန်း၏အရှေ့သို့ လေထီးများဖြင့် ဆင်းသက်လာကြသည်။ ထိုကြေးစားများအားလုံးသည် အလွန်ရဲရင့်သည့် ကိုယ်ရောင်ကိုယ်ဝါ ရှိကြသူများဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါသည် သာမန်လူများကို အဝေးမှပင် ထိတ်လန့်စေမည်ဖြစ်သည်။
ချူးယွင်ဖန်းက ၎င်းတို့ကို အာရုံစိုက်ခြင်းမရှိဘဲ အရှေ့သို့ ဖြတ်လျှောက်သွားခဲ့သည်။
"ချူးယွင်ဖန်း၊ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားနဲ့ အူတိုင်ကို လွှဲပေးလိုက်။ မဟုတ်ရင် ငါတို့အဆိုးမဆိုနဲ့”
ကြေးစားများထဲမှ တစ်ဦးက ပြောလိုက်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် အခြားသော ကြေးစားများထက် များစွာပို၍ အားကောင်းနေသည်။
ဤကြေးစားများအားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် ရှိနေကြသည်။ ၎င်းတို့ထဲရှိအချို့မှာ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေ၍ ကျန်အချို့မှာ သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များဖြစ်ကြသည်။
ထိုသို့သော စီတန်းမှုသည် ကြေးစားအဖွဲ့တစ်ခုအတွက် အလွန် ထိတ်လန့်ဖွယ်ကောင်းသည့် အရည်အချင်းများဖြစ်သည်။ ၎င်းတို့သည် ကြေးစားအဖွဲ့အစည်းတစ်ခုလုံး၏ လက်ရွေးစင်များဖြစ်ပေလိမ့်မည်။
ထို့အပြင် စကားပြောခဲ့သူ ကြေးစားခေါင်းဆောင်သည် ပိုမို သန်မာသူဖြစ်သည်မှာ သိသာထင်ရှားသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်နေသူဖြစ်သောကြောင့် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ကြောက်ရွံ့ခြင်းမရှိပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ချူးယွင်ဖန်းက မည်မျှ သန်မာသူဖြစ်ပါစေ သူ၏စိတ်ထဲတွင် လူသစ်တစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။
“အမှိုက်သရိုက်တွေ”
ချူးယွင်ဖန်းက ထိုကြေးစားများကို လှည့်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
“ငါ့လမ်းကို လာပိတ်တဲ့လူသမျှ သေရမှာပဲ"
"မင်းက မောက်မာနိုင်သေးတယ်ပေါ့လေ။ သွား။ သူ့ကိုသတ်နိုင်တဲ့သူကို ငါ သန်း ၅၀ ချီးမြှင့်မယ်"
ချူးယွင်ဖန်းက ထိုကဲ့သို့ မောက်မာသော စကားများကို ပြောဝံ့နေသေးသည်ကိုမြင်သော ကြေးစားအဖွဲ့၏ ခေါင်းဆောင်က ဒေါသတကြီး ပြောလိုက်သည်။
ထိုလူဒါဇင်ပေါင်းများစွာ၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ သန်း ၅၀ သည် ဤသွေးဆာနေသော ကြေးစားများအတွက် အလွန်များပြားသော ငွေပမာဏဖြစ်သည်မှာ သေချာသည်။ ဤငွေအမြောက်အမြားကို ရရှိပြီးသည်နှင့် အငြိမ်းစားယူနိုင်မည်ဖြစ်ရာ၊ နေ့စဉ်နေ့တိုင်း ဓားသွား၏ အစွန်အဖျားတွင် နေထိုင်ရန် မလိုအပ်တော့ပေ။
ဤသို့သော ဘဝမျိုးကို လူတိုင်းက နှစ်သက်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဤအလုပ်ကို အသက်မွေးဝမ်းကြောင်းအတွက်သာ ပြုလုပ်နေရခြင်းဖြစ်သည်။
ဒါဇင်နှင်ချီသော လူများစွာက ကျားများနှင့်ပင် ဆင်တူသည်။ ၎င်းတို့သည် သန်းပေါင်းများစွာသော ဆုကြေးငွေအတွက် အစွမ်းကုန် ကြိုးစားနေကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏မျက်လုံးထဲတွင် လူသားတစ်ယောက် မဟုတ်တော့ဘဲ ကိန်းဂဏန်းများသာဖြစ်နေသည်။
“ခေါင်းမာတဲ့ကောင်တွေ။ ဒီလောက်ဖြစ်နေမှတော့ မင်းတို့အားလုံး ငရဲပြည်သာ ဆင်းလိုက်ကြတော့”
ချူးယွင်ဖန်း၏မျက်နှာ အမူအရာသည် ပို၍ အေးစက်လာသည်။ သူ၏လက်ဝယ်ရှိ ပစ္စည်းများကို လိုချင်တပ်မက်သူ အလွန်များပြားကြောင်း သူ သိထားသည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်မှ ထွက်ခွာလာချိန်တွင် လူတိုင်း၏ ပစ်မှတ်ဖြစ်လာမည်မှာ သေချာသည်။
သာမန်အချိန်တွင် ပြဿနာမရှိသော်လည်း ချူးယွင်ဖန်းက ဂေါင်ဟုန်ချီကို ကယ်တင်ရန် စုစုပေါင်း အချိန်နှစ်နာရီသာ ရရှိခဲ့သည်။ ချူးယွင်ဖန်းက သွားလိုသည့်နေရာကို ရောက်ရှိရန် အချိန်မည်မျှယူရမည်ကို တွက်ချက်ပြီးနောက်တွင် သူ့တွင် အချိန်များစွာ မကျန်ရစ်တော့ပေ။ သူ၏လမ်းတွင် ရပ်နေသူများကို သတ်ဖြတ်ရပေလိမ့်မည့်။
ချူးယွင်ဖန်း၏အနောက်မှ ဧရာမဓားရှည်ကြီးတစ်ချောင်း ထွက်ပေါ်လာသည်။
ဘွန်း
ကျူချွဲ့သည် ကျယ်လောင်သော အသံဖြင့် စတင် ဟိန်းဟောက်လိုက်သည်။ ဓားချက်သည် တွက်ချက်ထားသကဲ့သို့ ကြေးစားအဖွဲ့မှ ချီတက်လာသော ကျွမ်းကျင်သူတစ်ဦးကို ဓားဖြင့် ထိမှန်သွားလေသည်။
ကြေးစားအဖွဲ့၏ ကျွမ်းကျင်သူသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ထက်ပိုင်းဖြတ်တောက်သွားလေ၏။
သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စတင်လာခဲ့သည်။
အခန်း (၆၀၈) ၎င်းတို့အားလုံးကို သတ်ဖြတ်ခြင်း
ချူးယွင်ဖန်းသည် မြို့ထဲတွင် တိုက်ခိုက်နေချိန်က ထိန်းချုပ်ထားခဲ့သောကြောင့် သူသည် လုံးလုံးလျားလျား အထိန်းအကွပ်မရှိသူဟု မယူဆနိုင်ပေ။ သို့သော် ယခုသည် ကွဲပြားခြားနားနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ ကြောက်မက်ဖွယ် စွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
အလွန် အင်အားကြီးမားသော ၎င်းသည် ဓားချက်တစ်ချက်ဖြင့် လူနှစ်ဦး သုံးဦးကို သုတ်သင်နိုင်ခဲ့သည်။ ထို့အပြင် ဓားချက်တစ်ခုစီသည် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် လျင်မြန်မှုကြောင့် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်နေသည်။ ဤမျှအရှိန်အဟုန်ကို သာမန်လူများ၏ မျက်လုံးများဖြင့် အမီလိုက်နိုင်မည် မဟုတ်ပေ။
ခဏလေးအတွင်း၌ပင် ချူးယွင်ဖန်းက လူဆယ်ယောက်ကျော်ကို သတ်ဖြတ်လိုက်သည်။ ဤလူဆယ်ယောက်ကျော်၏ တိုက်ခိုက်မှုဖြင့်ပင် သူ၏ထိုးစစ်နှင့် ခံစစ်နှစ်ခုလုံးကို မထိုးဖောက်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် မိမိကိုယ်ကို မြဲမြံစွာ ခုခံနိုင်ရုံသာမက ၎င်းတို့ကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။
ဤသတ်ဖြတ်မှု သိုင်းပညာ၏ အံ့ဩဖွယ်ရာ ထိရောက်မှုကို ယုံမှားသံသယဖြစ်ရန် မလိုပေ။
၎င်းသည် မရေတွက်နိုင်သည့် သတ်ဖြတ်မှုများကို ကြုံတွေ့ခဲ့ရသည့် အဆိုပါ ကြေးစားသမားများကိုပင် အံ့အားသင့်စေခဲ့သည်။ ဥတုလေးပါး သတ်ဖြတ်သူများဟု ယူဆရသော ၎င်းတို့သည် လူများကို ပေါင်းပင်များသကဲ့သို့ ခုတ်ထစ်နေသည့် ချူးယွင်ဖန်းကဲ့သို့သော သတ်ဖြတ်သူမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင် မြင်တွေ့ဖူးခြင်းဖြစ်သည်။
ဤသည်မှာ သေခြင်းတရားထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သည်။
၎င်းတို့သည် သေခြင်း၏ သဘောတရားအားလုံးကို ဆုံးရှုံးခဲ့ရသည့် သွေးကျွန်များကဲ့သို့ လူသတ်စက်များ မဟုတ်ကြပေ။ ၎င်းတို့သည် ကြီးမားသော ဆုလာဘ်ကြောင့် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် ဤသည်မှာ ၎င်းတို့၏ဘဝထက် ပို၍ အရေးမကြီးပေ။
ချူးယွင်ဖန်းကို သတ်ဖြတ်ရန် ဝိုင်းရံလာခဲ့ကြသူ အများအပြားရှိနေသော်လည်း မည်သည့် မျှော်လင့်ချက်ကိုမှ မတွေ့ ရသေးပေ။ အကြောက်တရားဖြင့် ချက်ချင်း မွှန်ထူသွားကြသော ၎င်းတို့သည် တုံ့ဆိုင်းလာကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်းသည် ကြေးစားအဖွဲ့၏ အဖွဲ့ဝင်များစွာကို သတ်ဖြတ်ခဲ့ပြီဖြစ်သည်။ ၎င်းသည် ခေါင်းဆောင်ကို အလွန်ဒေါသထွက်စေခဲ့သည်မှာ သေချာသည်။
“အချိန်။ အချိန်နည်းနည်း ထပ်လိုတယ်။ သခင်က ဒီကို လာနေပြီ ငါတို့ သူ့ကို အချိန်ဆွဲနိုင်ရင် ဒီကောင့်ကို သတ်နိုင်မှာ သေချာတယ်"
ကြေးစားအဖွဲ့၏ ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
"ငါတို့ သူ့ကို အချိန်ဆွဲဖို့ပဲလိုတာ"
“ဖွဲ့စည်းပုံ လုပ်လိုက်။ သူ့ကို နှောင့်နှေးထားကြ"
"အချိန်နည်းနည်းလောက်ပဲ တောင့်ထားကြ"
၎င်းတို့ခေါင်းဆောင်၏ ပြောစကားကိုကြားသောအခါ ကြေးစားအဖွဲ့ဝင်များ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။ အချိန်တိုလေးအတွင်းမှာ ၎င်းတို့၏ မူလပန်းတိုင်သည် လုံးလုံးလျားလျား ပြောင်းလဲသွားကြသည်။
ချူးယွင်ဖန်း၏ ပြင်းထန်သော စွမ်းဆောင်မှုကြောင့် ၎င်းကိုသတ်ဖြတ်နိုင်ရန် မျှော်လင့်ချက် မထားရဲကြပေ။ သို့သော် အနည်းဆုံးလျှင် ၎င်းတို့က ချူးယွင်ဖန်းကို ကြန့်ကြာအောင် ပြုလုပ်ရပေလိမ့်မည်။ ၎င်းတို့၏မျက်နှာများတွင် စိတ်ဓာတ်ခိုင်မာမှုများ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာ၍ ၎င်းတို့၏စိတ်ဓာတ်များ မြင့်တက်လာကြသည်။
"ငါ့ကို နှောင့်နှေးမယ်ပေါ့လေ"
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ ယခုအချိန်တွင် ၎င်းတို့ကိုနှောင့်နှေးရန် အခွင့်အရေးမပေးနိုင်ကြောင်း သူ သိထားသည်။ မဟုတ်လျှင် သူ၏အနောက်မှ လူပေါင်းများစွာသည် သွေးညှိနံ့ကို ခြေရာခံလာသော သားရဲများသကဲ့သို့ သူ့ကို ခုန်အုပ်တိုက်ခိုက်ကြပေလိမ့်မည်။
ထိုအချိန်တွင် ချူးယွင်ဖန်းက လွတ်မြောက်ချင်လျှင်ပင် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသော လူပေါင်းများစွာကို တစ်ကြိမ်ပြီး တစ်ကြိမ် ရင်ဆိုင်ရမည်ဖြစ်သည်။ အရေးအကြီးဆုံးအချက်သည် ချူးယွင်ဖန်းတွင် အချိန် သိပ်မကျန်ရစ်တော့ပေ။ သူသည် ကိုသြဒိနိတ်ကို နှစ်နာရီအတွင်း ရောက်ရှိရမည်ဖြစ်သည်။ ဤကြေးစားသမားများသည် တိုက်ပွဲဖွဲ့စည်းပုံကို လျင်မြန်စွာဖွဲ့စည်း၍ ချူးယွင်ဖန်းကို နောက်တစ်ကြိမ် ထပ်မံချီတက်လိုက်ကြသည်။
"ကမ္ဘာဓားသခင်"
ချူးယွင်ဖန်းက ဟိန်းဟောက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို ယိမ်းယိုင်လိုက်သည်။ သူသည် ခြေလှမ်းအနည်းဖြင့် တိုက်ပွဲဖွဲ့စည်းပုံ၏ အလယ်ဗဟိုကို ချီတက်လိုက်သည်။ တစ်ချိန်တည်း၌ပင် လက်နက် ခုနစ်စင်း ရှစ်စင်းတိုဖြင့် ချူးယွင်ဖန်းကို ထိုးစိုက်လိုက်ကြသည်။ သို့သော် ဓားချက်များက သူ့ကို မထိုးစိုက်နိုင်မီ ၎င်းလက်နက်များကို ကျူချွဲ့က တိုက်ခိုက်လိုက်သည်။
လက်နက်မျိုးစုံသည် ဧရာမဓားကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားကြသည်။ ဤလူများစွာသည် မိုးကြိုးဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့သည် အလွန်ပြင်းထန်သော ထိုးနှက်ချက်ဖြင့် ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရရာ၊ ၎င်းတို့၏လက်ထဲရှိ လက်နက်များကိုပင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လက်နက်များအားလုံး ချက်ချင်း လွင့်စဉ်သွားလေသည်။
၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုသည် အနောက်သို့ ဆုတ်ခွာရန်ဖြစ်သော်လည်း ချူးယွင်ဖန်းက ၎င်းတို့ကို ထိုကဲ့သို့ပြုလုပ်ရန် မည်သို့မျှ အခွင့်အရေး ပေးမည်နည်း။ သူ၏လက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်သည်နှင့် သူ၏လက်ထဲရှိကျူချွဲ့သည် ကြောက်မက်ဖွယ် ဓားရောင်ခြည်ဖြင့် လွင့်ပျံသွားလေသည်။
ကြောက်မက်ဖွယ် ဓားရောင်ခြည်သည် ထိုလူများ၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်နှင့် ၎င်းတို့အားလုံး နာကျင်စွာ အော်ဟစ်ကာ အနောက်သို့ လွင့်ပျံသွားခဲ့သည်။ ၎င်းတို့အားလုံး ဒဏ်ရာ အပြင်းအထန်ရရှိပြီးနောက် ချက်ချင်း သေဆုံးသွားကြသည်။
"ချူးယွင်ဖန်း"
ချူးယွင်ဖန်းသည် အသက်တစ်ရှိုက်စာအတွင်း လူခုနစ်ဦး ရှစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်ခြင်းကို ခေါင်းဆောင်က မြင်သောအခါ သူ၏ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏နှလုံးသားသည် သွေးများယိုစိမ့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုလူများသည် ၎င်းတို့ကြေးစားအဖွဲ့၏ လက်ရွေးစင်များထဲမှ ထိပ်တန်းကြေးစားများဖြစ်ကြသည်။ ထိုကဲ့သို့ လက်ရွေးစင်အများအပြားကို ၎င်းတို့ကဲ့သို့သော အခြားကြေးစား အဖွဲ့အစည်းများတွင် တွေ့ရရန် အလွန်ခက်ခဲသည်။ ယခုမူကား ၎င်းတို့အားလုံးသည် မြက်ပင်များကို ရိတ်သိမ်းနေကဲ့သို့ ခုတ်ပိုင်းခံလိုက်ရသည်။
ချူးယွင်ဖန်း၏ ခွန်အားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေမည်မှာ သေချာသည်။ သူ၏ တိုက်ပွဲစွမ်းရည်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေပါက၊ ဤလူများ၏ ခွန်အားဖြင့် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် လုံလောက်နေမည်ဖြစ်သည်။ ယခုမူကား သူ၏ ခွန်အားသည် ၎င်းတို့ ထင်မှတ်ထားသည်ထက် အနည်းဆုံးလျှင် ဆယ်ဆမျှ ပိုမို ပြင်းထန်နေသည်။ ၎င်းတို့အဖွဲ့၏ အရေအတွက်သည် အရေးကြီးပုံမပေါ်ပေ။
ဘုံး
ခေါင်းဆောင်သည် ကောင်းကင်ကို ဖြိုခွဲလိုသကဲ့သို့ အရှေ့သို့ ချက်ခြင်း ပြေးထွက်လာသည်။ သူသည် ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်၍ ချူးယွင်ဖန်းကို ချိန်ရွယ်လိုက်သည်။
ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုကဲ့သို့သော ကြောက်မက်ဖွယ် အရောင်အဝါသည် သတ်ဖြတ်မှု လှိုင်လုံးကြီးများကို တစ်ခုပြီး တစ်ခုဖြစ်ပေါ်စေသည်။ လှေငယ်လေး တစ်စင်းကဲ့သို့ဖြစ်နေသော ချူးယွင်ဖန်းသည် မည်မျှများပြားသော လှိုင်းလုံးများက ရိုက်ခတ်နေပါစေ ၎င်းတို့သည် သူ့ကို ဖျက်ဆီးရန် လုံလောက်ပုံမပေါ်ပေ။
ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားက တိုက်ပွဲတစ်ခုဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ အများအပြားသည် အနားသို့ တိုးကပ်နိုင်ခြင်းမရှိဘဲ အဝေးသို့ တွန်းပို့ခံနေရသည်။ ဤသည်မှာ ၎င်းတို့ဝင်ရောက်စွက်ဖက်နိုင်သည့် တိုက်ပွဲအဆင့် မဟုတ်ပေ။
အလွန်ဒေါသထွက်နေသော ခေါင်းဆောင်သည် သူ၏လှံရှည်ကို ထိုးစိုက်လိုက်ရာ၊ ၎င်းလှံချက်တိုင်းတွင် ကျယ်လောင်သော အသံနှင့် တောက်ပသော လှံအလင်းရောင်များ ထွက်ပေါ်နေသည်။သို့သော် ချူးယွင်ဖန်းသည် အနည်းငယ်မျှ မကြောက်ရွံ့ခဲ့ပေ။
"တောဘုရင်"
ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင် သိပ်သည်းမှုသည် ဤလက်သီးချက်ဖြင့် ပေါက်ကွဲထွက်ကာ လှံရှည်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရသည်။
ဘုံး
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်သွားခဲ့ရာ၊ ချူးယွင်ဖန်းသည် လှံရှည်ကို လက်ဗလာဖြင့် တားဆီးလိုက်ခြင်းဖြစ်သည်။ ကြောက်မက်ဖွယ် လက်သီးစွမ်းအင်များ ပျံ့နှံ့သွားရာ၊ မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်ထက် ပိုမိုပြင်းထန်သည့် ဧကရာဇ်လမ်းစဉ်၏ ချီစွမ်းအင်သည် လှံအလင်းရောင်ကို ချက်ချင်း လွင့်စင်သွားစေသည်။
ဘုံး
၎င်းကို တောင့်ခံမထားနိုင်သော ခေါင်ဆောင်က အလောတကြီး ဆုတ်ခွာလိုက်သည်။ လှံရှည်ကို ကိုင်ဆောင်ထားသော သူ၏လက်များ ပြင်းထန်စွာ တုန်ခါနေခဲ့ရာ၊ တစ်ဟုန်ထိုး ပြင်းထန်လာသော ချီစွမ်းအင်များသည် လက်နက်ကို ပျက်စီးစေခဲ့သည်။
“ဘယ်လို ခွန်အားလဲဟ။ ဒါက ဖြစ်နိုင်လို့လား"
ဤသည်မှာ ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ်ကောင်းမှုနှင့် ခက်ခဲမှုကို ခေါင်းဆောင်က ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းဖြစ်သည်။ ကနဦးတွင် သူ၏လူများက ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် မည်သို့ကြောင့် ဤမျှ အားနည်းပုံပေါ်ခဲ့သည်ကို သူ နားလည်လိုက်ရသည်။ ၎င်းတို့က အလွန်အားနည်းနေခြင်း မဟုတ်ဘဲ ချူးယွင်ဖန်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းနေခြင်းသာဖြစ်သည်။
"နတ်နှံကောင် ကန်ချက်"
ခေါင်းဆောင်က ထိတ်လန့် တုန်လှုပ်နေဆဲအချိန်တွင် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုလှိုင်းများက ခေါင်းဆောင်ဆီသို့ ထပ်မံရောက်ရှိလာပြန်သည်။ ကြယ်တံခွန်တစ်ခုနှင့် ဆင်တူသော ချူးယွင်ဖန်း၏ကန်ချက်သည် ကောင်းကင်ကို ဖြတ်သန်းကာ ခေါင်းဆောင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
ဘန်း
ခေါင်းဆောင်သည် ကန်ချက်ဖြင့် မထိမှန်မိ၊ ပြန်လည်ခုခံရန် သူ၏လှံရှည်ကို မြှောက်တင်ချိန်သာရလိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် သူ၏ပါးစပ်မှ သွေးများ အန်ထွက်လာ၍ သည်းနိုင်ခြင်းမရှိဘဲ အနောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားလေသည်။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသော မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်များ ချက်ချင်း ကွဲအက်သွားခဲ့သည်။
Spurt!
ခေါင်းဆောင်သည် အဆက်မပြတ် ဆုတ်ခွာနေသော်လည်း သူ၏ဆုတ်ခွာမှုအရှိန်က ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအရှိန်မှ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။ ကျူချွဲ့သည် သူ၏နောက်သို့ အရိပ်တစ်ခုလို လိုက်ပါသွားခဲ့သည်။
"တိမ်လွှာဓား"
ဓားချက် လွင့်ပျံ့သွားသည်နှင့် ခေါင်းဆောင်က နာကျင်စွာ အော်ဟစ်လိုက်လေသည်။ သူသည် ထက်ပိုင်းပြတ်သည်အထိ ခုတ်ထစ်ခံခဲ့ရ၍ ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
အခန်း (၆၀၉) ထိတ်လန့်သွားခြင်း
အခြေအနေ ပြောင်းလဲသွားမှုသည် မြန်ဆန်လွန်းလှသည်။ ကြေးစားအဖွဲ့မှ ကျန်ရှိနေသော ကျွမ်းကျင်သူများက အခြေအနေကို ပြောင်းပြန်လှန်နိုင်မည်ဟု တွေးထင်မိချိန်တွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ စင်စစ်ဖြစ်သည့် ၎င်းတို့၏ ဒုခေါင်းဆောင်သည် ချူးယွင်ဖန်း၏လှုပ်ရှားမှု အနည်းငယ်ဖြင့် သေဆုံးသွားခဲ့သည်။
အရာအားလုံးသည် အလွန်လျင်မြန်၍ လျှပ်တစ်ပြက်ဆန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့တွင် မဖြစ်ခင် ကြိုတင်ပြင်ဆင်ချိန်ပင် မရှိရလိုက်ပေ။
မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားက တိုက်ပွဲများပင်လျှင် ထိုကဲ့သို့ ရုတ်တရက် အဆုံးသတ်လိမ့်မည် မဟုတ်ဘဲ အောင်နိုင်သူအား ဆုံးဖြတ်ရန် အချိန်အတော်အတန် ကြာမြင့်လေ့ရှိသည်။ သို့သော် ယခုမူကား အချိန်တိုလေးအတွင်း၌ပင် ဤတိုက်ပွဲ၏ အောင်ပွဲကို ဆုံးဖြတ်ပြီးခဲ့လေသည်။
မည်သို့ဆိုသော် ၎င်းတို့ကြားက အင်အားကွာခြားချက်သည် အလွန်ကြီးမားသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်နေပြီဖြစ်သော်လည်း၊ သူ၏ခွန်အားသည် ဝမ်ချီနှင့် အလွန်ဆင်တူသော အဆင့်တွင်ရှိနေသည်။ ထို့ကြောင့် သူသည် ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
တိုက်ပွဲ၏ရလဒ်ကို လှုပ်ရှားမှုအနည်းငယ်ဖြင့်မျှသာ ဆုံးဖြတ်ခဲ့လေသည်။ ခေါင်းဆောင်သည် ၎င်းက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ပေါ့လျော့လွန်းခဲ့သဖြင့် ချူးယွင်ဖန်းနှင့် အနည်းငယ် တိုက်ခိုက်ပြီးချိန်တွင် အလွယ်တကူ အသတ်ခံခဲ့ရသည်။
“ဒါက ထိုက်သင့်တာထက် ပိုပြီးဒုက္ခများနေပြီ။ နောက်ဆုတ်ကြ"
ကျန်ရှိနေသော ကြေးစားများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချက်ခြင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းတို့သည် ကလဲ့စားချေရန်ပင် မတွေးဝံ့ကြဘဲ ချက်ချင်း နောက်ပြန်ဆုတ်သွားကြသည်။
'ရူးနေလား။ ဒီကောင်က ထိပ်တန်းသတ်ဖြတ်သူလို လူမျိုး။ သူတို့က ဒီမှာ ဘယ်လိုလုပ်ပြီး ဆက်နေရဲမှာလဲ'
"မင်းတို့က ထွက်သွားချင်လို့လား၊ ငါ့အချိန်တွေ ကို အများကြီးဖြုန်းပြီး အခုမှ မင်းတို့က ထွက်သွားဖို့ ကြိုးစားနေကြတယ်ပေါ့လေ"
ချူးယွင်ဖန်း၏ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ သူသည် မူလက အလျင်လိုသော်လည်း ဤလူများက သူ့ထံသို့ အန္တရာယ်ပြုရန် ရောက်ရှိလာခဲ့ကြသည်။ ထို့ကြောင့် ထုံးစံအတိုင်း ၎င်းတို့ကို လွှတ်ပေးမည် မဟုတ်ပေ။
ဤကြေးစားအဖွဲ့၏ ကျွမ်းကျင်သူများအားလုံးသည် အတွေ့အကြုံရှိသူများဖြစ်ကြသည်။ ကျန်ရှိနေသော လူပေါင်းဒါဇင်ကျော်သည် နေရာအရပ်ရပ်သို့ ကမန်းကတန်း ထွက်ပြေးတိမ်းရှောင်နေကြသည်။ သို့သော် လူအရေအတွက်သည် ချူးယွင်ဖန်းအတွက် အဓိပ္ပါယ်မရှိကြောင်းကို ၎င်းတို့ မသိကြပေ။
ချူးယွင်ဖန်းသည် ၎င်းတို့၏အနောက်သို့ လိုက်လံ သတ်ဖြတ်နေခဲ့သည်။ နေရာအရပ်ရပ်သို့ ထွက်ပြေးသွားကြသော်လည်း၊ သူတို့၏ အရှိန်သည် ချူးယွင်ဖန်းကို မယှဉ်နိုင်ခဲ့ပေ။ အချိန်တိုလေးအတွင်း၌ပင် သူသည် ၎င်းတို့အားလုံးကို အမီလိုက်၍ သတ်ဖြတ်ခဲ့ရာ၊ မည်သူ တစ်ဦးတစ်ယောက်မှ မကျန်ရစ်တော့ပေ။
ထို့နောက် ချူးယွင်ဖန်းသည် တောထဲသို့ ပျောက်ကွယ်သွား၍ ကိုသြဒိနိတ်၏ ဦးတည်ရာသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ ချူးယွင်ဖန်း ထွက်ခွာသွားပြီးနောက် မကြာမီတွင် အခြားသောလူတစ်စုက ထပ်မံ ရောက်ရှိလာလေသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏အနောက်သို့ လိုက်နေကြသူများဖြစ်သည်။
၎င်းတို့သည်လည်း လျင်မြန်စွာ လှုပ်ရှားနေခဲ့ရာ၊ ချူးယွင်ဖန်းက အချိန်ခဏမျှ နှောင့်နှေးသွားခဲ့သောကြောင့် သူ့ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်သည်။
“သူတို့အားလုံး တစ်ချက်တည်းနဲ့ သေသွားကြတာ။ ထင်တဲ့အတိုင်း၊ သွေးနက်ကန်က လူတွေလို သူတို့လည်း အကုန် သေကုန်ပြီ။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေက ချူးယွင်ဖန်းရဲ့ ရိုက်ချက်တစ်ချက်ကို မခံနိုင်တာ မပြောနဲ့ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတွေတောင် သေခြင်းတရားက မလွတ်မြောက်နိုင်ခဲ့ဘူး”
၎င်းတို့ထဲမှ တစ်ဦးက အခြေအနေကို အတည်ပြုပြီးသည်နှင့် အနှိုင်းမဲ့စွာ လေးနက်သော အမူအရာဖြင့် ပြောကြားခဲ့သည်။
“ဒါက သူ့ရဲ့ ကြံ့ခိုင်မှုကို ပိုပြီးခိုင်မာစေတယ်။ ဒီအဆင့်ထိရောက်အောင် ဘာတွေဘယ်လိုများ လေ့ကျင့်ခဲ့လဲ မသိဘူး"
တစ်ခြားလူတစ်ဦးက ပြောလိုက်သည်။
"ပြည်ထောင်စုတက္ကသိုလ်ရဲ့ နှစ်စဉ်အကဲဖြတ်မှုမှာ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်စွမ်းအင်ကို ပြသခဲ့တယ်ဆိုတဲ့ သတင်းကို ကျုပ် အခုလေးတင် ရထားတယ်"
ဤလူ၏စကားသည် အဖွဲ့တစ်ခုလုံး၏ အမူအရာကို လေးနက်သွားစေသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကို လိုက်လံဖမ်းဆီးခြင်းနှင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို လိုက်လံဖမ်းဆီးခြင်းသည် လုံးလုံးလျားလျား ကွဲပြားခြားနားသည့် ဖြစ်စဉ်နှစ်ခုဖြစ်သည်။
“ဒါဆိုရင်တော့ ဟုတ်နေပြီ။ သွေးနက်ကန်ရော၊ မိုးကြီးသွား ကြေးစားအဖွဲ့ရော၊ ချူးယွင်ဖန်းအပေါ် ဒီလောက်ရင်းနှီးထားကြပြီး အကုန်လုံး ပုံအောထားကြပုံပဲ။ ချူးယွင်ဖန်းက သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဆိုရင် ဒီဖွဲ့စည်းပုံက သူ့ကိုသတ်ဖို့ လိုတာထက်တောင် ပိုနေပြီ"
ဤအဖွဲ့၏ခေါင်းဆောင်က ပြောကြားခဲ့သည်။
“အရင်က ခန့်မှန်းချက်ထားတွေက မှားနေပြီ။ ကျုပ်တို့ တွက်ချက်မှုတွေက သူ မွေးဖွားခြင်းနယ်မြေအဆင့်ကို မဝင်ရောက်သေးတဲ့အပေါ်အခြေခံထားတာ။ ဒါပေမယ့် သူ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ရောက်နေပြီး သူ၏ခွန်အားက ဒီလောက်ပြင်းထန်နေရင် ကျုပ်တို့ရဲ့ အစီအစဉ်တွေကို ပြောင်းရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တော့ သူနဲ့ရင်ဆိုင်နိုင်မယ်လို့ မပြောရဲဘူး"
“ဌာနချုပ်ကနေ စစ်ကူတောင်းမှရမယ်။ သူ့လက်ထဲမှာရှိတဲ့ပစ္စည်းတွေ တစ်ခြားလူတွေ လက်ထဲမရောက်သွားခင် ကျုပ်တို့ အရင်ယူနိုင်မှရမယ်"
ဤအဖွဲ့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အလွန်လျင်မြန်စွာ ချမှတ်လိုက်သည်။ ကျန်ရစ်ခဲ့သော ခြေရာများမှတစ်ဆင့် ချူးယွင်ဖန်း၏အနောက်သို့ ချက်ချင်း လိုက်ပါသွားကြသည်။
၎င်းတို့နောက်တွင် လူအုပ်စုတစ်ချို့ ထပ်မံ ရောက်လာကြပြန်သည်။ ၎င်းတို့အားလုံးသည်လည်း တူညီစွာ ကောက်ချက်ချခဲ့ကြသည်။ ယခင်က သတ်ဖြတ်ခဲ့သော သွေးနက်ကန်မှ ကျွမ်းကျင်သူများ အပါအဝင်၊ ချူးယွင်ဖန်းသည် မူရင်း ထောက်လှမ်းရေး အစီရင်ခံစာများတွင် မဖော်ပြထားသည့် အံ့အားသင့်ဖွယ် တိုက်ပွဲစွမ်းရည်မျိုးကို ပြသခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဤလူများသည် ၎င်းတို့၏ ဗျူဟာများကို အလျင်အမြန် ပြင်ဆင်ခဲ့ရသည်။
၎င်းတို့သည် မတော်တဆမှု မှန်သမျှကို တားဆီးရန်အတွက် ပို၍အင်အားကြီးသည့် ကျွမ်းကျင်သူများကို စေလွှတ်ရန် လိုအပ်နေသည်။ ဆယ်မိနစ်ခန့် အကြာတွင် ကောင်းကင်မှ တိုက်လေယာဉ်တစ်စင်း ပျံသန်းလာခဲ့သည်။ သိပ်မကြာမီတွင် လူတစ်စုက မိုးကြိုးသွားအဖွဲ့၏ အလောင်းများ ပြန့်ကျဲနေသော နေရာသို့ ဆင်းသက်လာကြသည်။
၎င်းတို့ထဲမှ ထွားကျိုင်းသော ကိုယ်လုံးကိုယ်ထည်ရှိ၍ ထူးခြားပုံပေါ်သော လူတစ်ဦးက အဖွဲ့ကို ဦးဆောင်နေခဲ့သည်။ သူသည် မိုးကြိုးသွားကြေးစားအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ချူးယွင်ဖန်းကို မကွယ်မဝှက်ဘဲ လိုက်ဝံ့သော ဤအဖွဲ့၏ခေါင်းဆောင်သည် အမည်မသိသူတစ်ဦး မဟုတ်သည်မှာ သေချာသည်။
ပြည်ထောင်စုတက္ကသိုလ်၏ ကလဲ့စားချေမှုကို လူတိုင်းက ခံနိုင်ရည်မရှိကြရာ၊ မိုးကြိုးသွားကြေးစားအဖွဲ့သည် ပြည်ထောင်စုအတွင်းရှိ ထိပ်တန်း ကြေးစားအဖွဲ့ပေါင်း ၁၀၀ ထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့၏ ရာထူးများထဲတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ အမြောက်အမြားရှိနေသည်။
၎င်းတို့သည် ထိပ်တန်းအဆင့် ၁၀၀ တွင်သာပါဝင်သော်လည်း ၎င်းသည် သိန်းနှင့်ချီသော ကြေးစားအဖွဲ့များကြားတွင် အလွန်မြင့်မားသည်ဟု ယူဆရသော အဖွဲ့ဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင် ကျန်းလေ့ထင်သည် နာမည်ကျော်ကြားသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ရာ၊ သူ၏ဂုဏ်သတင်းသည် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေသူဖြစ်သည်။
ဤအခိုက်တွင် မြေပြင်ပေါ်ရှိ အလောင်းများကို မြင်လိုက်ရသော ကျန်းလေ့ထင်၏ အမူအရာသည် အလွန်အကျည်းတန်သွားလေသည်။ သူသည် သတင်းရရှိချိန်မှစ၍ တတ်နိုင်သမျှ မြန်မြန် ထွက်လာခဲ့သည်။ စခန်းမှထွက်ခွာလာခဲ့သည်မှာ ဆယ့်ငါးမိနစ်သာ ကြာမြင့်သေးသောကြောင့် အချိန်တိုလေးအတွင်းတွင် ဤမျှ ဖြစ်ပျက်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အဆုံးတွင် သူသည် ဒုခေါင်းဆောင်၏ ခွန်အားကို ယုံကြည်မှုရှိခဲ့သည်။
သို့သော် ကျန်းလေ့ထင်ရောက်ရှိလာချိန်တွင် သူမြင်တွေ့ရသမျှသည် မြေပြင်ပေါ်ရှိ အလောင်းများသာဖြစ်သည်။ သူ၏အနောက်တွင် လိုက်ပါလာသော ကြေးစားအဖွဲ့၏ လက်ရွေးစင်များနှင့် ကျွမ်းကျင်သူများက အလောင်းများကို အလျင်အမြန် စစ်ဆေးလိုက်သည်။
“အကုန်လုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ။ ပြန်ခုခံဖို့ ခွန်အားတောင် မရှိခဲ့တဲ့ပုံပဲ။ ဒုခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာများများစားစား မရှိပုံအရဆိုရင် တိုက်ပွဲက ခဏလေးနဲ့ ပြီးသွားတာဖြစ်မယ်"
၎င်းတို့က အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးနောက် တိုက်ပွဲအခြေအနေ၏ တစ်စိတ်တစ်ပိုင်းကိုလည်း အကြမ်းဖျင်းဖော်ပြနိုင်ခဲ့သည်။ ပြီးပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှု မဟုတ်သော်လည်း ချူးယွင်ဖန်းက အဆုံးထိ မည်သို့ သုတ်သင်ခဲ့သည်ကို အလုံအလောက် ဆုံးဖြတ်နိုင်ခဲ့သည်။
ချူးယွင်ဖန်းက အသာစီးရရှိခဲ့ကြောင်းကို နားလည်သဘောပေါက်ရန် မခက်ခဲလှပေ။ ၎င်းတို့ရဲ့အမူအရာများ အကျည်းတန်သွားကြသည်။ ချူးယွင်ဖန်းသည် တက်သစ်စကြယ်တစ်ပွင့်ဟုသာ ၎င်းတို့က ထင်မှတ်ထားကြသည်။ ဤတက်သစ်စကြယ်ပွင့်သည် အဖိုးမဲ့ ရတနာများကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ မဟုတ်လျှင် ၎င်းတို့အဖွဲ့၏ အာရုံစိုက်မှု ရရှိရန်ပင် ခက်ခဲပေလိမ့်မည်။
ပါရမီရှင်တစ်ဦးသည် ကြီးပြင်းလာနိုင်မှသာ အဓိပ္ပာယ်ရှိပေလိမ့်မည်။ ၎င်းတို့သည် လမ်းခုလတ်တွင် သေဆုံးခဲ့သော ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ၎င်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် အတွေ့အကြုံနုနယ်သူတစ်ဦး မဟုတ်တော့ပေ။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမှ ၎င်းကို တက်သစ်စတစ်ဦးအဖြစ် ဆက်ဆံတော့မည် မဟုတ်ပေ။
“သူ့နောက်ကို လိုက်ကြ။ သူ့ကို မဖြစ်ဖြစ်အောင် ဖမ်းရမယ်။ ကျုပ်က ကျန်းယွမ်ပင်ကို အရမ်းမစော်ကားချင်လို့ အူတိုင်နဲ့ ပန်းချီကားကိုပဲ လုယူချင်ခဲ့တာ။ အခုတော့ ဒင်းကို အပိုင်းပိုင်း ဖြတ်ပစ်မှရမယ်။ မဟုတ်ရင် သေသွားတဲ့ ညီအစ်ကိုတွေရဲ့ ဝိညာဉ်ကို ကျုပ် ဘယ်လို နှစ်သိမ့်ရမလဲ"