အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း (၆၁၃) ဘာလို့အဲ့လောက် အလျင်လိုနေတာလဲ။ အရမ်းသေချင်ပြီလား
ဤအခိုက်အတန့်၌၊ ကျန်းရို့ရှုက ချူးယွင်ဖန်းကို ထပ်မံကြည့်ရှုချိန်တွင် သူ၏အကြည့်များ ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများတွင် ထိတ်လန့်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ကျန်းရို့ရှုသည် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ဖတ်ကြားခဲ့သည်။ မူလက သူသည် ဤမျှနှိမ့်ကျသော ဂျူနီယာမျိုးကို မိသားစုက မည်သို့ကြောင့် အလေးထားရသနည်းဟု အနည်းငယ်မျှ အံ့သြနေမိသည်။ ကျန်းမိသားစုကဲ့သို့ မိသားစုကြီးတစ်ခုအတွက် မည်သို့သော ပါရမီရှင်မျိုးမဆို အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။
မည်သို့ဆိုသော် ကျန်းမိသားစုသည် ၎င်းတို့ကြီးပွားတိုးတက်မှုအတွက် ပါရမီရှင်တစ်ဦး နှစ်ဦးအပေါ် အားကိုးခဲ့ခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ ယင်းအစား၊ မရေတွက်နိုင်သောလူများက မြင့်မြတ်သော မိသားစုကြီးရှစ်ခုများထဲမှ တစ်ခုအဖြစ် တည်ထောင်ရန်အတွက် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
ကျန်းမိသားစုမှ ကျန်းလင်းရှောင်သည် သူ၏ခွန်အား ကြီးထွားလာချိန်တွင် ကျန်းမိသားစု၏ ခေါင်းဆောင်ဖြစ်လာရန်ဖြစ်သည်။ ၎င်းသည် ကျန်းမိသားစုအတွက် အရေးကြီးသော်လည်း မရှိမဖြစ်ဟု မဆိုနိုင်ပေ။
ကျန်းလင်းရှောင်သည် ကန့်သတ်ချက်များကို ဖြတ်ကျော်၍ နတ်အဆင့်သို့ တက်နိုင်ခြင်းမရှိလျှင်၊ သူသည် မည်သို့သော ပါရမီရှင်မျိုးဖြစ်နေပါစေ အရေးမကြီးပေ။
သို့သော်လည်း ကျန်းရို့ရှုသည် ချူးယွင်ဖန်း၏အချက်အလက်များကို စေ့စေ့စပ်စပ် နားလည်ပြီးနောက် ချူးယွင်ဖန်းသည် အချိန်တိုအတွင်း၌ပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်လာသည်ကို တွေ့လိုက်ရသည်နှင့် သူ အလွန်တုန်လှုပ်သွားခဲ့သည်။
ကျန်းရို့ရှုသည် ငယ်ရွယ်စဉ်က အကြွင်းမဲ့ ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံရဖူးသည်။ ဤသို့မှ မဟုတ်လျှင် ယခု သူ ရောက်ရှိနေသည့် အဆင့်အတန်းသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ သို့သော်လည်း လက်ရှိ ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်ပါက သူသည် များစွာ အားနည်းနေသည်။
ချူးယွင်ဖန်းကဲ့သို့သော လူတစ်ဦးက အင်အားကြီးထွားလာချိန်တွင် ကျန်းမိသားစုကို ထိခိုက်စေနိုင်မည် မဟုတ်သော်လည်း ကျန်းမိသားစုကို ဆုံးရှုံးမှုကြီးများ ဖြစ်ပေါ်စေသည်အထိ ပြုလုပ်ရန် လုံလောက်မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့မိသားစုသည် ချူးယွင်ဖန်း အသက်ရှင်နေချိန်တွင် ကြီးမားသော ဆုံးရှုံးမှုများစွာကို ကြုံတွေ့ရနိုင်သည်။
မိသားစု၏ရေရှည်အကျိုးကို ထမ်းဆောင်ရန်အတွက် ဤသို့သောလူမျိုးကို သတ်ဖြတ်ရမည်ဖြစ်သည်။
ဟွမ်တုတွင်လည်း တူညီသည့် အမြင်ရှိနေသော်လည်း ၎င်းက ပိုမို စဉ်းစားတွေးခေါ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းက လမ်းလျှောက်နေသည့် လူသေဖြစ်နေပြီဖြစ်သည်။ ဟွမ်တုသည် အနာဂတ်တွင် သူ၏ပိုင်ဆိုင်မှုများကို ခွဲဝေရေးနှင့်ပတ်သက်၍ ပိုမိုတွေးတောနေမိသည်။ သူသည် အဆုံးအရှုံးကို လုံးလုံးလျားလျား လက်ခံနိုင်မည် မဟုတ်ပေ။
ဟွမ်တုသည် ချူးယွင်ဖန်းက မိသားစုကြီးနှစ်စုမှ စံထားရစေမည့် ရတနာများကို အမှန်တကယ် ပိုင်ဆိုင်ထားမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ဟွမ်တုသည် ကျန်းရို့ရှုကို သူ၏ပြိုင်ဘက်အဖြစ် အနည်းငယ် မှတ်ယူထားသည်။ ချူးယွင်ဖန်းကို သတ်ဖြတ်သည့်ကိစ္စတွင် ၎င်းတို့မိသားစုနှစ်စုသည် မဟာမိတ်များဖြစ်ကြသော်လည်း၊ ယင်းမှာ ယာယီ မဟာမိတ်သာဖြစ်သည်။ နယ်ပယ်များစွာတွင်၊ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့က ပြိုင်ဖက်များ ဖြစ်နေဆဲဖြစ်သည်။
ဒဏ်ရာ ကုသဆေးများစွာ အသုံးပြုပြီးနောက်၊ ဂေါင်ဟုန်ချီ၏အခြေအနေသည် ယခု ပိုမိုကောင်းလာပြီဖြစ်သည်။ သူသည် အနည်းဆုံးလျှင် မသေရုံတစ်မယ် တောင့်ထားနိုင်မည်ဖြစ်သည်။ ဂေါင်ဟုန်ချီသည် သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်ချိန်တွင် ချူးယွင်ဖန်းကို တွေ့လိုက်ရသည်။
"မင်း... ဒီကို... ဘာလို့လဲ...ရောက်လာတာလဲ... မင်း... ဒီကိုမလာသင့်ဘူး... ဒါ ထောင်ချောက်..."
ဂေါင်ဟုန်ချီက အလွန်အားယူ၍ ပြောလိုက်သည်။
"ချီးပဲ ငါသာရောက်မလာရင် မင်း သေသွားမှာ သေချာတယ်"
ချူးယွင်ဖန်းက စကားပြောနေရာမှ ဂေါင်ဟုန်ချီကို မျက်စောင်းထိုးလိုက်သည်။
ဂေါင်ဟုန်ချီက ရယ်မောလိုက်ရာမှ ဒဏ်ရာများ၏ နာကျင်မှုကြောင့် သူ၏မျက်နှာရှုံ့မဲ့သွားလေသည်။ သူ၏အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာခဲ့ရာ “သူတို့အကုန်လုံးကို သတ်ပစ်လိုက်” ဟုသာ စကားပြောချိန်ရလိုက်သည်။
“ခင်ဗျားတို့အားလုံးက ကျုပ်လိုလူငယ်တစ်ယောက်ကို ဖြေရှင်းကြဖို့ လာခဲ့ကြတာပဲကို၊ ဘာတွေ အရေးကြီးခွင့်ကျယ်လုပ်နေတာလဲ”
ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို လှဲချလိုက်ပြီးနောက် လူအုပ်ကို မတ်တပ်ရပ်၍ ကြည့်လိုက်သည်။
“ဒါက တကယ် ကြီးကျယ်တဲ့ ကိစ္စပဲ။ ဒီလိုအခြေအနေမျိုးမှာ သေရတာကို မင်းဂုဏ်ယူသင့်တယ်”
ကျန်းရို့ရှုက ပြောလိုက်သည်။
"မင်း သူ့ကို ဘာပေါက်ကရတွေ ပြောနေတာလဲ။ ပစ္စည်းတွေ အပ်ပြီး သတ်သေတော့မလို့လား၊ ဒါမှမဟုတ် မင်းရဲ့အရိုးတွေကို တစ်ခုပြီးတစ်ခု ချိုးပစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်မယ့် အချိန်ကို စောင့်ပြီးမှ ပေးချင်တာလား"
ဟွမ်တုက အေးစက်စွာ ပြောလိုက်သည်။ သူသည် အလွန်စိတ်ရှည်သောလူ မဟုတ်ပေ။
“ခင်ဗျားတို့နဲ့ စကားနည်းနည်းပြောချင်ပေမယ့် အခုပြောရမှာ ပျင်းလာပြီ။ ဒီနေ့ ခင်ဗျားတို့အားလုံး သေရလိမ့်မယ်”
ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ဟားဟားဟား။ ချူးယွင်ဖန်း၊ ရှင် ဒီမှာ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို သုံးလို့ရမယ်လို့ ထင်နေလား။ ရှင်မှာ ပန်းချီကားရှိတာကိုသိလို့ ကျွန်မတို့ဘက်က အကုန်ပြင်ဆင်လာပြီးသား"
ကျန်းဖေးယန်က ရယ်မောလိုက်သည်။
“အပြင်ဘက်မှာရှိတဲ့ ဟွမ်မိသားစုရဲ့ အဖွဲ့ဝင်တွေက ကြီးမားတဲ့ ဖွဲ့စည်းပုံတစ်ခုကို ဖွဲ့စည်းထားပြီးသား။ ဒီအတားအဆီးအတွင်းမှာ ရှိနေတဲ့ နတ်ဆိုးရတနာတွေအားလုံး ဘာမှအသုံးမဝင်တော့ဘဲ ဖိနှိပ်ခံထားရမှာ"
ထင်ထားသည့်အတိုင်း ကျန်းဖေးယန်ပြောပြီးသည်နှင့် ကောင်းကင်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အတားအဆီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် အတားအဆီးနံရံများအပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော စာလုံးအစီအရင်များ ပေါ်ပေါက်လာသည်။ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ သမာဓိ စွမ်းအင်များက ၎င်းတို့၏မျက်နှာကို မထင်မှတ်ထားစွာ ရိုက်ခတ်လာသည်။
ချူးယွင်ဖန်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များ ရှိနေသောကြောင့် ဤအတားအဆီးသည် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အပြည့်အဝ ထိန်းချုပ်ထားကြောင်း ကြိုးကြိုးစားစာ ရှာဖွေရန် မလိုအပ်ဘဲ သိနေခဲ့သည်။ ပို၍တိကျစွာပြောရလျှင် ဤအတားအဆီးသည် ပန်းချီကားကဲ့သို့သော နတ်ဆိုးရတနာအားလုံးကို ထိန်းချုပ်ထားသည်။
မှော်ရတနာများစွာတွင် ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းနှင့်ပတ်သက်သော အကျိုးသက်ရောက်မှု အမျိုးမျိုးရှိကြသည်။ ရင်နှင့်ယန်သည် တစ်ဦးကိုတစ်ဦး ထိန်းချုပ်ထားသည့်အပြင် ဒြပ်စင်ငါးပါးနှင့် ကောင်းမှု မကောင်းမှုသည်လည်း
၎င်းတို့အချင်းချင်း ထိန်းချုပ်ထားကြရာ ထိုကဲ့သို့ မှော်ရတနာပေါင်းများစွာရှိခဲ့သည်။
အဆင့်နိမ့်သိုင်းပညာရှင်များက ထိုကဲ့သို့သော အဆင့်များနှင့် ထိတွေ့နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ကျန်းမိသားစုနှင့် ဟွမ်မိသားစုများက ကြိုတင် ပြင်ဆင်လာကြသူများဖြစ်ကြောင်း ချူးယွင်ဖန်းက သိထားသည်။
နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား ထွက်ပေါ်လာသည်နှင့် ၎င်း၏စွမ်းအင်သည် အလွန်ကြီးမားလွန်းမည်ဖြစ်ရာ ချူးယွင်ဖန်းသည် ၎င်း၏အကူအညီဖြင့် လွတ်မြောက်ရန်ပင် ဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် ပန်းချီကားကို ဖိနှိပ်နိုင်ရန် ၎င်းတို့က ကြိုတင် ပြင်ဆင်လာကြသည်။
ပန်းချီကားသည် ၎င်း၏အခန်းကဏ္ဍကို မပြုလုပ်နိုင်သရွေ့ ချူးယွင်ဖန်းသည် သတ်ဖြတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေသည့် သိုးကလေးတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။ အဆိုးဆုံးရလဒ်လျှင်ပင် ချူးယွင်ဖန်းက ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မဟုတ်ပေ။
“ခင်ဗျားတို့က တော်တော်ဉာဏ်များတာပဲ။ အဲဒါကသာ ကျုပ်ရဲ့ တစ်ခုတည်းသော ဝှက်ဖဲဆိုရင် ခင်ဗျားတို့ တကယ် အောင်မြင်နေလောက်ပြီ”
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ခင်ဗျားတို့အားလုံး ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မယ် မထင်ကြနဲ့"
ချူးယွင်ဖန်းက ဂေါင်ဟုန်ချီကို ထူမ၍ တောင်မြစ်ပန်းချီကားထဲ ဝင်စေခဲ့သည်။ သူ့ကြောင့် သူငယ်ချင်းဖြစ်သူ ထိခိုက်ဒက်ရာရရှိခြင်းမှ ဖြစ်ပေါ်လာသည့် သူ၏အပြစ်ရှိစိတ်သည် အဆုံးမဲ့သော ဒေါသစိတ်အဖြစ်သို့ ပြောင်းလဲစေတော့သည်။
“ဟမ်၊ ခေါင်းမာလိုက်တာ”
ထိုအချိန်တွင် ဟွမ်တုက ရုတ်တရက် တိုက်ခိုက်လာသည်။ သဘာဝတရား၏ စိတ်ဝိညာဉ်စွမ်းအင်သည် သူ၏လက်ဖဝါးချက်ဖြင့် ဧရာမလက်ကြီးအဖြစ်သို့ ပြောင်းလဲသွား၍ ချူးယွင်ဖန်းကို ဖမ်းဆုပ်လိုက်သည်။
လက်ချောင်းတစ်ခုကဲ့သို့ ဖြစ်နေသော သဘာဝတရား၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဟွမ်တုက အသုံးပြုနိုင်ခဲ့သည်။ ဤသည်မှာ အဆင့်မြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ ကြောက်မက်ဖွယ် စွမ်းအင်ဖြစ်သည်။ သူ၏ခြေ လက်များကို မြှောက်တင်လိုက်သည်နှင့် ချူးယွင်ဖန်းကို ချေမှုန်းရန်အတွက် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို ယူဆောင်လာသည့်နှယ် ဖြစ်နေသည်။
သာမာန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ စိတ်ဝိညာဉ်စွမ်းအင်အပေါ် ထိန်းချုပ်မှုသည် အကန့်အသတ်ရှိသောကြောင့် ဤကဲ့သို့ မလုပ်ဆောင်နိုင်ကြပေ။
ဤဧရာမ လက်ကြီးက ချူးယွင်ဖန်းကို ဖမ်းယူခါနီးတွင် သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံသည် လေထုထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမှတစ်ဆင့် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဤဧရာမလက်ကြီးသည် ဗလာနတ္ထိအဖြစ်သို့ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ပြီးနောက် ချူးယွင်ဖန်း၏နံဘေးတွင် သားရဲကြီးတစ်ကောင် ထွက်ပေါ်လာတယ်။ ဤသားရဲကြီးသည် အနည်းဆုံးလျှင် လေးမီတာခန့် မြင့်မား၍ အဆောက်အဦးတစ်ခု၏ အထပ်တစ်ထပ် နီးပါးမျှ မြင့်မားလျက်ရှိသည်။
ဤသည်မှာ မိုးကြိုးတောင်သားရဲ၏ ပုံသဏ္ဌာန် အစစ်အမှန်ဖြစ်သည်။ ချူးယွင်ဖန်းက ဤသတ္တဝါနှင့် ပထမဆုံး တွေ့ဆုံချိန်တွင် လက်ရှိအရွယ်အစား၏ ထက်ဝက်မျှပင် မရှိသေးပေ။ သို့သေ် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ပြီးနောက်၊ ၎င်း၏အရွယ်အစား သိသိသာသာ တိုးမြင့်လာသည့်အပြင် ပို၍ အင်အားကြီးမားလာသည်မှာ သိသာထင်ရှားသည်။
"ဘာတွေအလျင်လိုနေတာလဲ။ သေရဖို့ အရမ်းတွေ စိတ်အားထက်သန်နေပြီလား"
ချူးယွင်ဖန်းက ဖြည်းညှင်းစွာ ပြောလိုက်သော်လည်း သူ၏အသံသည် တဖြည်းဖြည်း ပိုမိုကျယ်လောင်လာသည်။ အဆုံးတွင် သူ၏အသံသည် ကျယ်လောင်သော ဟစ်အော်သံတစ်ခု ဖြစ်ပေါ်သွားသည်။
"မိုးကြိုးတောင်ပံသားရဲ"
ထိုအချိန်တွင် ဟွမ်တု၊ ကျန်းရို့ရှု၊ ကျန်းဖေးယန်းနှင့် အကြီးအကဲကွမ်တို့အားလုံးက အံ့အားသင့်နေကြသည်။ ဤသို့သော ပြောင်းလဲမှုမျိုးကို မည်သူ တစ်ဦးတစ်ယောက်ကမှ မမျှော်လင့်ထားခဲ့ပေ။
သတင်းအချက်အလက်များအနက် ချူးယွင်ဖန်းက မိုးကြိုးတောင်ပံသားရဲတစ်ကောင်ကို မွေးမြူထားသည်ဟု ဖော်ပြထားသော်လည်း ၎င်းသည် အရွယ်ရောက်ပြီးသော သားရဲဟု မဖော်ပြထားပေ။
အခန်း (၆၁၄) တိုက်ပွဲအတွင်း အဆင့်ဖြတ်ကျော်ခြင်း၊ မရီးဒျန်သန့်စင်ခြင်း နဝမအဆင့်
အရွယ်မရောက်သေးသော မိုးကြိုးတောင်ပံသားရဲနှင့် အရွယ်ရောက်ပြီးသော မိုးကြိုးတောင်ပံသားရဲတို့ကြားတွင် ကြီးမားသော ကွာဟချက်မျိုးရှိနေသည်။ ၎င်းတို့သည် မတူညီသော သတ္တဝါနှစ်မျိုးဟုပင် ဆိုနိုင်သည်။
"သွား။ သူတို့ အကုန်လုံးကို သတ်ပစ်လိုက်”
ကျန်းဖေးယန်က အော်ဟစ်လိုက်သည်နှင့် စက်လက်နက်များအားလုံး တညီတညွတ်တည်း စတင်ပစ်ခတ်ကြတော့သည်။
ဤစက်လက်နက်ရှိ သေနတ်အရှည် အတိုများအားလုံးသည် တစ်ပြိုင်နက်တည်း ပစ်ခတ်နေကြသည်။ မရေတွက်နိုင်သော ကျည်ဆန်များမှဖြစ်ပေါ်လာသည့် ကျည်ဆန်မုန်တိုင်းကြီးတစ်ခုက ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်သားရဲတို့ဆီသို့ လွင့်စဉ်လာကြသည်။
အဆုံးမဲ့သည်ဟု ထင်မှတ်ရသော သတ္တုမုန်တိုင်းတစ်ခု ပျံ့နှံ့သွားသည်။ တစ်ခဏချင်း၌ပင် ဧရိယာတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ရာ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များအားလုံး လွင့်ပျံလာတော့သည်။ ထိုကျည်ဆံများအနက် တစ်ခုချင်းစီသည် အရေးအသွေး မြင့်မားသော ကျည်ဆန်များဖြစ်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်က ကျည်ဆံတစ်ချက်ဖြင့် ထိမှန်ခဲ့ပါက၊ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း တစ်စစီကွဲကြေသွားမည်ဖြစ်သည်။
ကျည်ဆန်မုန်တိုင်းနှင့် ၎င်းပြုလုပ်ခဲ့သော ကြောက်မက်ဖွယ် မုန်တိုင်းကြီး ပျောက်ကွယ်သွားချိန်တွင် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပဲသားရဲတို့တွင် ထိခိုက်မှု တစ်စုံတစ်ရာမှရှိမနေခြင်းကို လူတိုင်းက မြင်တွေ့ရနိုင်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ရပ်တန့်နေသည့်နေရာမှ တစ်လက်မမျှ မရွေ့လျားခဲ့ပေ။
မိုးကြိုးတောင်ပံသားရဲသည် ၎င်း၏ကိုယ်ခန္ဓာမှ တောက်ပသော အတောင်ပံနှစ်ချောင်းကို ဖြန့်ထုတ်ထားသည်။ အတောင်ပံသည် ၂၅ ပေခန့်ရှည်၍ ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့ကို အတွင်းတွင် အကာအကွယ်ပြုထားသည်။
မြေပြင်သည် ကျည်ဆန်များကြောင့် ပေါက်ပြဲနေသော်လည်း ၎င်းကျည်ဆန်များအနက်မှ မည်သည့်ကျည်ဆန်ကမှ အတောင်ပံများကို ကျိုးပဲ့အောင် မပြုလုပ်နိုင်ခဲ့ပေ။ ဤတောင်ပံများသို့ ပစ်ခတ်မှုများ ကျရောက်လာသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်အမျိုးမျိုးကိုဖြစ်ပေါ်စေကာ အတောင်ပံများကို ကြီးမားသော စွမ်းအင်များဖြင့် ပျံ့နှံ့သွားစေသည်။
ဤသည်မှာ မိုးကြိုးတောင်ပံသားရဲ ပိုင်ဆိုင်ထားသော သဘာဝစွမ်းရည်ဖြစ်သည်။ သားရဲသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်သွားသရွေ့၊ ၎င်း၏ အတောင်ပံများကို အသက်သွင်းနိုင်မည်ဖြစ်သည်။
နတ်အဆင့်သို့ အဆင့်ဖြတ်ကျော်ရန် အလားအလာရှိသည့် မွန်းစတားတစ်ကောင်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် သာမာန် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
ဟွမ်တုနှင့် ကျန်းရို့ရှုတို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ လေးနက်လာသည်။ မွေးဖွားခြင်းနယ်မြေအဆင့် သတ္တဝါများသည် မွေးဖွားခြင်းနယ်မြေအဆင့် လူသားများထက် များစွာကြောက်မက်ဖွယ်ကောင်းသည်။ မွန်းစတားများက မြို့ကို တိုက်ခိုက်ချိန်တွင် ၎င်းတို့အတွင်း၌ ရောနှောနေသည့် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများက ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်တည်မှုမျိုးဖြစ်သည်။ သတိလက်လွတ်ပြုမူခဲ့ပါက၊ ၎င်းတို့သည် ဤမွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများ၏ သုတ်သင်မှုကိုပင် ခံရနိုင်သည်။
အများအားဖြင့် လူသားများသည် ဤမွန်းစတားများကို အောင်မြင်စွာ သတ်ဖြတ်နိုင်ရန်အတွက် လက်နက်ကြီးများကို အသုံးပြုရန် လိုအပ်သည်။ ဤကဲ့သို့အင်အားကြီး မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများနှင့် ရင်ဆိုင်ရသည့်အခါတွင် ပို၍ပင် ခေါင်းခဲရစေမည်ဖြစ်သည်။
“အစ်ကိုဟွမ်၊ ဒီမိုးကြိုးတောင်သားရဲကို အရင်သတ်ဖို့ ကျုပ်တို့နှစ်ယောက် အတူတူပူးပေါင်းရမယ့်ပုံပဲ။ ချူးယွင်ဖန်းကို ရှင်းဖို့အတွက် တစ်ခြားတွေကို လုပ်ခိုင်းလို့ရတယ်”
ကျန်းရို့ရှုက ပြောလိုက်သည်။
သာမာန်လူများအတွက်၊ သာမန်အလယ်အလတ်တန်းစား စက်လက်နက်သည် မွေးဖွားခြင်းနယ်မြေအဆင့် တိုက်ပွဲစွမ်းရည်မျိုးရှိသည်ဟု ဆိုထားသော်လည်း၊ မိုးကြိုးတောင်ပံသားရဲကို အသက်အန္တရာယ်ပြုစေရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ၎င်းတို့ကဲ့သို့သော ကျွမ်းကျင်သူ ပုဂ္ဂိုလ်များကသာ ၎င်းကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။
ဟွမ်တုက ခေါင်းညိတ်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် အနည်းငယ် ရွေ့လျားလိုက်သည်နှင့် ကနဦး ရပ်တန့်နေခဲ့သော နေရာတွင် ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့သည်။ ၎င်းတို့သည် မည်သူမှ မသိလိုက်ချိန်တွင် မိုးကြိုးတောင်ပံသားရဲ၏ အရှေ့သို့ ရောက်ရှိသွားကြသည်။
ဧရာမ မိုးကြိုးတောင်ပံသားရဲသည်လည်း ချက်ချင်း ပျံတက်သွားခဲ့ရာ ဤအထွတ်အထိပ် ကျွမ်းကျင်သူနှစ်ဦးကို ရပ်တန့်ရန် ၎င်း၏ခွန်အားကို အသုံးပြုခဲ့သည်။
ချက်ချင်းဆိုသကဲ့သို့ပင် ချူးယွင်ဖန်း၏နံဘေးတွင် နေရာလွတ်တစ်ခုသာ ကျန်ရစ်တော့သည်။
"ချူးယွင်ဖန်း၊ ရှင်က သေလူပဲ"
ကျန်းဖေးယန်က ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။ သူမ၏ နဂိုက လှပသော မျက်နှာပြက်တွင် ရက်စက်သော အပြုံးများဖြင့် ပြည့်နှက်နေသည်။ အဆုံးတွင် သူမ၏လက်စားချေမှုကို ပြုလုပ်နိုင်တော့မည်ဖြစ်သည်။ မတော်တဆမှုအချို့ ရှိခဲ့သော်လည်း ချူးယွင်ဖန်းသည် သေဆုံးရစမြဲသာဖြစ်သည်။
ကျန်းဖေးယန်၊ အကြီးအကဲကွမ်နှင့် စက်လက်နက်များစွာတို့သည် ချူးယွင်ဖန်းကို စတင်ဝန်းရံခဲ့ကြသည်။ ၎င်းတို့၏ ပြင်းထန်သော အရှိန်ကြောင့် ချူးယွင်ဖန်းကို ဤစက်လက်နက်များဖြင့် အချိန်ခဏအတွင်း ဝန်းရံနိုင်စေခဲ့သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းက ရွှေခရမ်းရောင်ဆေးလုံးကို မျိုချလိုက်သည်။
"ပစ်ကြ"
စက်လက်နက်များက တစ်ခုပြီးတစ်ခု ပစ်ခတ်ကြရာ ကျည်ဆန်မိုးများ ရွာသွန်းစေခဲ့သည်။ ဤသတ္တုမိုးသည် မိုးကြိုးတောင်ပံသားရဲကို မထိခိုက်နိုင်ခဲ့သော်ငြား လူသားသိုင်းပညာရှင်တစ်ဦးကို အစိတ်စိတ် အမြွှာမြွှာဖြစ်သွားစေနိုင်သည်။ မည်သို့ဆိုသော် လူသားများနှင့် မွန်းစတားများ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးသည် အလွန် ကွာခြားလွန်းသောကြောင့် ဖြစ်သည်။
သို့သေ် ဤသတ္တုကျည်ဆန်များသည် ချူးယွင်ဖန်း၏ကိုယ်ခန္ဓာကို ဖျက်ဆီးခါနီးတွင် ကြောက်မက်ဖွယ် အရောင်အဝါများ ထွက်ပေါ်လာသည်။ ပြင်းထန်သော ချီစွမ်းအင်သည် အရူးအမူး ပျံ့နှံ့သွားခဲ့သည်။
သတ္တုကျည်ဆံများ ရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့အားလုံးကို တွန်းကန်ပစ်လိုက်သည်။
ရွှေခရမ်းရောင်ဆေးလုံး၏ ချီစွမ်းအင်များ အပြင်းအထန် ပျံ့နှံ့လာသည်နှင့် ချူးယွင်ဖန်းကို ထိခိုက်စေရနစေရန် မပြုလုပ်နိုင်ခဲ့ပေ။
ဤအခိုက်အတန့်တွင် ဝိုင်းရံခံထားရသည့် ချူးယွင်ဖန်းတွင် အလွန်ကြီးမား ပြင်းထန်သည့် အရောင်အဝါများရှိနေသည်။ ၎င်းသည် အင်မတန် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် နိုးထလာသကဲ့သို့ပင် ထင်မှတ်ရစေသည်။
“ကျုပ် ပြောပြီးပြီပဲ သေချင်နေတယ်ဆိုရင်တောင် ဒီလောက် အလျင်စလိုနေစရာ မလိုဘူးလို့"
ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ ရွှေခရမ်းရောင်ဆေးလုံး၏ ကြောက်မက်ဖွယ် ဆေးစွမ်းအင်များ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြည့်နှက်သွားသည်ကို ခံစားရနိုင်သည်။ ၎င်းသည် ချီစွမ်းအင်အဖြစ် အသွင်ပြောင်းခြင်း မဟုတ်လျှင် သူ၏ခြေလက်အင်္ဂါများနှင့် အရိုးများက စုပ်ယူနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်များနှင့် မရေတွက်နိုင်သော ဆဲလ်များအားလုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
မရီးဒျန်သန့်စင်ခြင်အဆင့် ကျမ်းကျင်သူမဆိုနှင့် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဦးလျှင်ပင် ဤချီစွမ်းအင်၏ ကြီးမားသော ပေါက်ကွဲမှုကြီးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို ကျင့်ကြံခဲ့သည့် ချူးယွင်ဖန်းသာလျှင် ခံနိုင်ရည်ရှိခဲ့သည်။
ဤသို့ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် အသွင်ပြောင်းလဲမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည်ဟု ချူးယွင်ဖန်းက ခံစားနေရသည်။
ပုံရိပ်တစ်ခုက ရုတ်တရက် ပျံသန်းလာခဲ့သည်။ တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို စောင့်ဆ်ုင်းရန်အတွက် ချူးယွင်ဖန်း၏ ဘယ်ဘက်သို့ အခြေခံစက်လက်နက်တစ်ခုက မည်သူမှမသိလိုက်ချိန်၌ပင် ရောက်ရှိနေခဲ့သည်။
ဘန်း
စက်လက်နက်က တိုက်ခိုက်ရန် အခွင့်မသာမီတွင် ချူးယွင်ဖန်းက သူ၏လက်သီးကို ကျစ်ကျစ်ဆုပ်၍ ထိုးနှက်လိုက်ခြင်းကို တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ် လက်သီးစွမ်းအားသည် အရာခပ်သိမ်းကို ထိုးဖောက်ဖျက်ဆီးနိုင်သည့် ပြင်းထန်သော အင်အားများကို ဆောင်ကြဉ်းစေခဲ့သည်။ ဤလက်ချက်တစ်ချက်သည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်နှင် ၎င်းထက် ပိုမိုအင်အားကြီးမားသူနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အခြေခံ စက်လက်နက်ကို ဖျက်ဆီးပစ်လိုက်သည်။
စက်လက်နက်အတွင်းတွင်၊ ကျန်းမိသားစု၏ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ၏ မျက်လုံးများသည် ယုံကြည်မှုကင်းမဲ့စွာ ပြူးကျယ်သွားခဲ့သည်။ သူသည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင်ရှိနေသည့်အပြင် အခြေခံစက်လက်နက်၏ အကာအကွယ်ကြောင့်၊ အကြီးအကဲကွမ်ကဲ့သို့သော သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူပင်လျှင် သူ့ကို ချက်ချင်း သတ်ပစ်နိုင်မည် မဟုတ်ပေ။ ယခုမူကား ချူးယွင်ဖန်းသည် သူ၏ချပ်ဝတ်တန်ဆာကို ထိုးဖောက်၍ သူ၏အသက်ကို အဆုံးသတ်ရန် လက်ချက်တစ်ချက်ကိုသာ အသုံးပြုခဲ့သည်။
တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ရှိ ချီစွမ်းအင်သည် နောက်ဆုံးတွင် ပေါက်ကွဲထွက်လာတော့သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် နောက်ဆုံးတွင် မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့်မှ နဝမအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
သို့သော် ၎င်းသည် အဆုံးမဟုတ်ပေ၊ ချူးယွင်ဖန်း၏ ခွန်အားသည်လည်း အပြင်းအထန် တိုးမြင့်လာခဲ့ရာ သူ၏ကျင့်ကြံမှုအဆင့်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ အဆက်မပြတ် အားဖြည့်နေခဲ့သည်။ လွန်ကဲသော ဆေးစွမ်းအင် အကျိုးသက်ရောက်မှုသည် ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၍ ရန်နှင့်တုမရီးဒျန်များသို့ စတင်ချီတက်ခဲ့သည်။
ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် လူတစ်ဦးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ မရောက်သေးလျှင်ပင် ရန်နှင့်တုမရီးဒျန်များကို တိုက်ခိုက်နိုင်ဆဲဖြစ်သည်။ သို့သော် မည်သူမျှ ထိုသို့လုပ်လေ့မရှိကြပေ။ ၎င်းတို့၏ကိုယ်ခန္ဓာကို ကြံ့ခိုင်စေရန် မပြုလုပ်ဘဲ သင့်တင့်သော မရီးဒျန်များကို မဖွင့်လှစ်မီ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရန်နှင့်တုမရီးဒျန်များကို ပြင်းထန်စွာတိုက်ခိုက်ခြင်းသည် တစ်စုံတစ်ယောက်က ကံကောင်းထောက်မ၍ အောင်မြင်သွားခဲ့လျှင်ပင် သဘာဝတရား၏ စိတ်ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်အတွင်းသို့ အပြင်းအထန် ဝင်ရောက်ကာ ချက်ချင်း ဒဏ်ရာရရှိသွားမည်ဖြစ်သည်။ ထို့အပြင် ဒဏ်ရာ အပြင်းအထန်ရရှိသူသည် ချက်ခြင်း သေဆုံးသွားပေလိမ့်မည်။
မည်သို့ဆိုသော် မွေးဖွားခြင်းနယ်မြေအဆင့်သည် ကောင်းကင်နှင့်မြေကြီးကို အဆက်မပြတ် ဆက်သွယ်နေသည့် အခြေအနေဖြင့် ထိန်းသိမ်းထားခြင်းကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်တွင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိပါက၊ သဘာဝတရားရှိ စိတ်ဝိညာဉ်စွမ်းအင်၏ အခက်အခဲကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ချူးယွင်ဖန်းအတွက်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ခြင်းသည် မွေးဖွားခြင်းနယ်မြေသို့ ခြေလှမ်းတစ်ဝက်မျှ အမှန်တကယ် ရောက်ရှိသွားခြင်းဖြစ်သည်။ သူသည် နောက်ထပ် ခြေလှမ်းတစ်လှမ်းသာ ဝေးကွာတော့သည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် မုဆိုးတစ်ဦးကဲ့သို့ သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ အမဲလိုက်မှုသည် အမှန်တကယ် စတင်တော့မည်ဖြစ်သည်။
အခန်း (၆၁၅) သားကောင်က မုဆိုးဖြစ်လာခြင်း
ဘုံး
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာ၍ ရွှေခရမ်းရောင်ဆေးလုံး၏ ချီစွမ်းအင်သည် ကောင်းကင်သို့ ပျံ့နှံ့သွားလေသည်။
"ဘာတွေဖြစ်နေတာလဲ"
မိုးကြိုးတောင်ပံသားရဲကို ကိုင်တွယ်ရန် ဟွမ်တုနှင့်လက်တွဲခဲ့သည့် ကျန်းရို့ရှုလျှင်ပင် ၎င်းကြောင့် ထိတ်လန့်သွားခဲ့သည်။
ကြောက်မက်ဖွယ် ချီစွမ်းအင်သည် အခြေအနေတစ်ခုအထိ ရောက်ရှိလာခဲ့ရာ သူ၏ချီစွမ်းအင်သည် ၎င်းတို့ထက်ပင် ပို၍အင်အားကြီးမားနေသည်။ ၎င်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤသည်မှာ ၎င်းတို့ဘက်က မျှော်လင့်ထားသည့် အရာမဟုတ်ပေ။ အခြေအနေအမျိုးမျိုးကို ဆင်ခြင်သုံးသပ်ခဲ့သောကြောင့် အောင်မြင်မှုသည် ၎င်းတို့၏လက်ထဲတွင် ရှိနေသည်ဟု ထင်မှတ်ထားကြသည်။ အဆုံးတွင် ချူးယွင်ဖန်းက ထိုကဲ့သို့သော တိုက်ပွဲစွမ်းအင်များဖြင့် ပေါက်ကွဲနေဆဲဖြစ်သည်။
သို့သော်လည်း ကျန်းဖေယန်းနှင့် အခြားသူများကို လှည့်ကြည့်၍ ကူညီရန်ပြုလုပ်ချိန်တွင်၊ မိုးကြိုးတောင်ပံသားရဲကို သတ်ဖြတ်ရန် ၎င်းတို့က ပူးပေါင်းနေကြသည်ဟု ထင်မှတ်ထားသော်လည်း အခြေအနေ အစစ်အမှန်သည် ၎င်းသတ္တဝါက ၎င်းတို့ကို အချိန်ဆွဲနေခြင်းသာ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။
မိုးကြိုးတောင်ပံသားရဲသည် ၎င်းတို့ထင်ထားသည်ထက် ပို၍ကိုင်တွယ်ရ ခက်ခဲနေသည်။ မိုးကြိုးတောင်ပံသားရဲသည် အရွယ်ရောက်ပြီးချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ ၎င်းပြုလုပ်ခဲ့သော လေဓါးချက်များ၏ စွမ်းအင်က အလွန်ကြီးမားလွန်းရာ၊ ၎င်းတို့လျှင်ပင် ခုခံရာတွင်ပင် သတိထားပြုမူနေရသည်။
ထို့အပြင် မိုးကြိုးတောင်ပံသားရဲ၏ မိုးကြိုးစွမ်းရည်သော်လည်းကောင်း ၎င်း၏လေစွမ်းရည်သော်လည်းကောင်း၊ ၎င်းတို့၏အမြန်နှုန်းများကို မြှင့်တင်နိုင်စွမ်းရှိနေသည်။ မိုးကြိုးတောင်ပံသားရဲသည် အလွန် လျင်မြန်လွန်းရာ၊ အရွယ်ရောက်ပြီးသော မိုးကြိုးတောင်ပံသားရဲသည် မွန်းစတားများစာရင်း၏ ထိပ်ဆုံးတွင် အဆင့်သတ်မှတ်ခံရသည့် ကိုင်တွယ်ရအခက်ခဲဆုံး မွန်းစတားဖြစ်မည်မှာ သေချာသည်။
ယခု မိုးကြိုးတောင်ပံသားရဲသည် ၎င်းတို့နှစ်ဦးနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်ပင် သန်မာနေပြီဖြစ်သည်။ ၎င်းတို့သည် စိုးရိမ်ကြောင့်ကြနေသော်လည်း လွတ်မြောက်ရန် နည်းလမ်းမရှိပေ။ ၎င်းတို့က သတိမထားဘဲ ပြုမူခဲ့လျှင် ရွှံ့ထဲသို့ ဆွဲချခံရနိုင်သည်။ ၎င်းတို့၏စိတ်ထဲ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ အခြေအနေသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ စတင်လွတ်မြောက်နေပုံပေါ်သည်။
"သွား။ သူ ဒီထက်ပိုပြီး သန်မာလာလို့ မဖြစ်ဘူး။ မဟုတ်ရင် အကျိုးဆက်ကို မှန်းလို့တောင် ရမှာမဟုတ်ဘူး"
ကျန်းဖေးယန်က အော်ဟစ်လိုက်သည်။ ချူးယွင်ဖန်းသည် ဖြတ်သန်းနေသော စက္ကန့်တိုင်းတွင် ပို၍သန်မာလာခြင်းကို သူမ ခံစားမိလိုက်သည်။ သူ၏အရောင်အဝါများ အဆက်မပြတ် မြင့်တက်နေခဲ့သည်။ ဤအတိုင်းဆက်သွားမည်ဆိုလျှင် နောက်ဆက်တွဲဆိုးကျိုးကို မှန်းဆ၍ပင် မရနိုင်ပေ။
ကျန်းဖေးယန်၏ စကားမဆုံးမီတွင် အတွေ့အကြုံရင့်ကျက်သော အကြီးအကဲကွမ်က အရှေ့သို့ ခြေလှမ်းတစ်လှမ်းတိုး၍ ချူးယွင်ဖန်းဆီ ချီတက်လိုက်သည်။ သူသည် ကောင်းကင်ကို လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဖြတ်သန်းသွားသော သူ၏ နတ်နှံကောင်ကန်ချက်ဖြင့် ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။
ဘန်း
ဤကန်ချက်သည် တောင်တန်းများနှင့် ကျောက်တုံးများကို ကွဲအက်စေနိုင်သည့် မရေတွက်နိုင်သော ချီစွမ်းအင်များဖြင့် လွှမ်းခြုံထားသည်။ သို့သော် သူ၏ကန်ချက်သည် ချူးယွင်ဖန်း၏ သုံးလက်မအတွင်းသို့ပင် မရောက်ရှိနိုင်ကြောင်းကို အကြီးအကဲကွမ်က သဘောပေါက်သွားခဲ့သည်။
အလွန်သိပ်သည်းလွန်းသော ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် ချီစွမ်းအင်သည် ခိုင်မာလာခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ကာကွယ်မှု အတားအဆီးတစ်ခုကို ဖန်တီးစေခဲ့ရာ၊ ၎င်းသည် မည်သူမှ မချိုးဖျက်နိုင်သည့် အစွမ်းထက် သံချပ်ကာတစ်ခုနှင့်ပင် ဆင်တူသည်။
"နတ်နှံကောင်ကန်ချက်ကို ခင်ဗျား အစွမ်းအစနဲ့လား"
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ အကြီးအကဲကွမ်၏ ကန်ချက်သည် မည်သို့မျှ သက်ရောက်နိုင်မည် မဟုတ်သောကြောင့် သူက စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိပေ။
"သေချာ ကြည့်ထား"
ချူးယွင်ဖန်းက ကြွေးကြော်လိုက်သည်။ တစ်ခဏချင်း၌ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုနှိုင်းမဲ့ ဧရာမနှံကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပုံပေါ်သည်။ သူ၏ကန်ချက်သည် ညကောင်းကင်ကို ဖြတ်သွားသော မိုးကြိုးသကဲ့သို့ ရုတ်တရက် လွင့်ပျံသွားလေသည်။
"သေစမ်း"
အကြီးအကဲကွမ်က အော်ဟစ်လိုက်သည်။ သူသည် ယခင်က ချူးယွင်ဖန်းနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုအချိန်က ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ် အင်အားကြီးမားနေသူဖြစ်သည်မှာ သေချာသည်။ သို့သော် သူနှင့် ချူးယွင်ဖန်းတို့အကြားတွင် ကြီးမားသော ကွာဟချက်ကြီး ရှိနေသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် တူညီသော အဆင့်တွင်ရှိနေနိုင်ရန် အကြောင်းမရှိပေ။
လက်ရှိ ချူးယွင်ဖန်းသည် ချောက်နက်ထဲမှ ထွက်ပေါ်လာသည့် ဧရာမ သားရဲတစ်ကောင်ကဲ့သို့ အကြီးအကဲကွမ်ကို ခံစားရစေခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ချူးယွင်ဖန်း ထုတ်လွှင့်လိုက်သော ဖိအားများဖြင့် ဖုံးလွှမ်းနေသည်ဟု အကြီးအကဲကွမ်က ခံစားနေရသည်။
အကြီးအကဲဟွမ်သည် ဤကန်ချက်ကို ရှောင်တိမ်းရန် ရွေ့လျားခဲ့သော်လည်း ထိုကဲ့သို့သော အရှိန်အဟုန်ကို လိုက်မမီခဲ့ပေ။ ကန်ချက်သည် သူ၏ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားသည်။
ဘန်း
အကြီးအကဲကွမ်သည် နာကျင်စွာ အော်ဟစ်၍ သူ၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်သည်။ သူသည် အမြောက်ကျည်ကဲ့သို့ လွင့်ပျံသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ အကြီးအကဲကွမ်သည် အနည်းငယ် ရုန်းကန်ပြီးနောက် သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
အကြီးအကဲကွမ်၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့ရာ၊ ၎င်းသည် ချူးယွင်ဖန်း၏ ကန်ချက်ဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးကို သေဆုံးသည်အထိ ကန်ထုတ်ခဲ့သည်။
ချူးယွင်ဖန်းသည် ယခုအချိန်တွင် လူသားတစ်ယောက်နှင့်ပင် မတူတော့ပေ။ ယင်းအစား သူသည် ပေါက်ကွဲထွက်လာသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့်ပင် ဆင်တူသည်။
"ပစ်ကြ"
ကျန်းဖေးယန်က ဟိန်းဟောက်လိုက်သည်။ သူမ၏ စက်လက်နက်ပေါ်ရှိ ရင်ဘတ်နေရာ ပွင့်ဟလာ၍ လက်သီးအရွယ်အစားရှိ ဒုံးကျည်နှစ်စင်းသည် ချူးယွင်ဖန်းဆီသို့ ပျံသန်းသွားခဲ့သည်။
တောင်တန်းတစ်ခုကို ပေါက်ကွဲစေနိုင်သော ဤဒုံးကျည်နှစ်စင်းနှင့် ရင်ဆိုင်ရာတွင် ချူးယွင်ဖန်းက ၎င်းဒုံးကျည်များကို တစ်ချက်မျှ လှည့်မကြည့်ခဲ့ပေ။ သူ၏လက်ကို မြှောက်တင်၍ ဆတ်ခနဲ ဝှေ့ယမ်းလိုက်သည်နှင့် သူ၏လက်ဖဝါးမှ ကြီးမားကျယ်ပြန့်သော ချီစွမ်းအင်များ ထွက်ခွာသွားလေသည်။
၎င်းသည် ပျံ့နှံ့သွားသော ချီစွမ်းအင် လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဘုံး ဘုံး
ဒုံးကျည်နှစ်စင်းသည် ချူးယွင်ဖန်း၏ အနီးသို့ပင် မချဉ်းကပ်နိုင်ဘဲ ချီစွမ်းအင်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ချီစွမ်းအင်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးသည် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
ချူးယွင်ဖန်းသည်လည်း ဤလှိုင်းလုံးကြီးထဲတွင် နစ်မြုပ်နေခဲ့သည်။
စက်လက်နက်အတွင်းရှိ ကျွမ်းကျင်သူများစွာသည် ၎င်းတို့၏ သေနတ်များကို အမြန်ဖွင့်လိုက်သည်။ သို့သော် ၎င်းတို့မသိလိုက်ချိန်တွင် ချူးယွင်ဖန်းက သူ၏လက်ထဲတွင် ကျူချွဲ့ကို ကိုင်ဆောင်၍ စက်လက်နက်များအနက်မှ တစ်ခုဆီသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့ပြီဖြစ်သည်။
"သတိထား"
ကျန်းဖေးယန်က အော်ဟစ်လိုက်သော်လည်း အလွန် နောက်ကျသွားလေသည်။
ချူးယွင်ဖန်းသည် သူ့လက်ထဲရှိ ဧရာမ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။ သူသည် အဆင့်မြင့်ဆုံး သတ္တုစပ်များဖြင့် ပြုလုပ်ထားသော စက်လက်နက်ကို ဓားချက်တစ်ချက်ဖြင့် ထက်ပိုင်းခွဲချလိုက်သည်။ အထဲတွင်ရှိနေသော ကျန်းမိသားစုမှ ကျွမ်းကျင်သူသည် ထွက်ပြေးချိန်ပင် မရလိုက်ဘဲ ချူးယွင်ဖန်း၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်။
၎င်းတို့ထဲမှ တစ်ဦးကို ဓားချက်တစ်ချက်ဖြင့် ခုတ်သတ်ပြီးနောက် ချူးယွင်ဖန်းက မရပ်တန့်ခဲ့ပေ။ သူသည် မြေကြီးပေါ်တွင် ခြေအစုံဖြင့် ဟန်ချက်ထိန်းနေခဲ့သည်။ ခြေလှမ်းတစ်လှမ်းဖြင့် သူ၏ခန္ဓာကိုယ်ကို ရုတ်တရက် ယိမ်းလိုက်ရာ သူသည် ခြေလှမ်းအနည်းငယ် ထပ်မံ လျှောက်လှမ်းပြီးနောက်တွင် အခြားသော အခြေခံစက်လက်နက်ဆီသို့ ရောက်ရှိသွားလေသည်။
ဤအခြေခံစက်လက်နက်သည် ကျည်ဆန်မိုးရွာများကို ချက်ချင်း ပစ်လွှတ်ခဲ့သော်လည်း ချူးယွင်ဖန်း၏ ဒြပ်ထုဖြစ်လုနီးပါး အလွန် သိပ်သည်းလွန်းသည့် ချီစွမ်းအင်နှင့် ရင်ဆိုင်ချိန်တွင် ၎င်းကိုဖြတ်ကျော်ရန် နည်းလမ်းမရှိပေ။
၎င်း၏ပစ်ချက်များအားလုံးကို ပိတ်ဆို့ထားလိုက်သည်။
ဘန်း
နောက်ထပ် ဓားချက်ဖြင့် ထပ်မံခုတ်ထစ်လိုက်သောအခါ ၎င်းဓားချက်သည် ဤအခြေခံ စက်လက်နက်ကို နေရာမှာတွင် ထက်ပိုင်းပြတ်တောက်သွားစေသည်။
ဘန်း
ဘန်း
ဘန်း
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအရှိန်သည် မြန်ဆန်လွန်းလှသည်။ သူသည် တိုတောင်းသော အသက်ဆယ်ချက် ရှိုက်စာမျှဖြင့် သူ့ကိုဝန်းရံထားသည့် အခြေခံစက်လက်နက်များအားလုံးကို အနိုင်ယူခဲ့သည်။
ပြီးနောက် အလယ်အလတ် စက်လက်နက်များကို ထပ်မံ ချဉ်းကပ်လာသည်။ အဆိုပါ အလယ်အလတ် စက်လက်နက်များ၏ အရှိန်သည် မွေးဖွားခြင်းနယ်မြေအဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်သည်အထိ လျင်မြန်သော်လည်း ချူးယွင်ဖန်း၏အရှိန်အဟုန်ရှေ့တွင် ၎င်းတို့က အလွန်နှေးကွေးနေသည်။
၎င်းတို့သည် ချူးယွင်ဖန်း၏ အရှိန်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ အံ့ဩဖွယ်ရာ ချီစွမ်းအင်နှင့် သိုင်းပညာခွန်အားက ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်း နှင့် ပေါင်းစည်းသွားခြင်းသည် သူ၏ အရှိန်အဟုန်ကို ကန့်သတ်ချက်အထိ ထုတ်လွှတ်နိုင်စေခဲ့သည်။ နောက်ထပ် လူတစ်ဦး၏ အရှေ့တွင် ပေါ်ပေါက်လာ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဆက်လက် မပြုလုပ်မီတွင် လူတိုင်းက အလင်းတန်းတစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
ထိုးစစ်နှင့် ခံစစ်၏ အရှိန်သည် အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။
မူလက ၎င်းတို့သည် ရှောင်လွှဲ၍မရနိုင်သော ကျော့ကွင်းတစ်ခုကို တည်ဆောက်ထားသောကြောင့် ချူးယွင်ဖန်းကို လိုက်လံ သုတ်သင်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။ ယခုမူကား မုဆိုးနှင့် သားကောင်သည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားခဲ့သည်။
ထိပ်တန်းကျွမ်းကျင်သူများအတွက် ရန်သူအရေအတွက်က အသုံးမဝင်ကြောင်းကို ချူးယွင်ဖန်းက အမှန်တကယ် သက်သေပြခဲ့သည်။
မိုးကြိုးတောင်ပံသားရဲ၏ ပိတ်ပင်မှုကို ခံနေရသော ကျန်းရို့ရှုက ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန်ဒေါသကြီးစွာ အော်ဟစ်လိုက်သည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ မည်သို့မျှ မပြုလုပ်နိုင်ခဲ့ပေ။ ၎င်းတို့ကို အကူအညီပေးနိုင်ခြင်းပင် မရှိခဲ့ပေ။
ကျန်းရို့ရှုသည် ချူးယွင်ဖန်းက ကျန်းမိသားစု၏ လက်ရွေးစင်များကို သတ်ဖြတ်နေခြင်းကို ကူကယ်ရာမဲ့စွာသာ စောင့်ကြည့်နေခဲ့ရသည်။