← Chapters

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း(၁၉) - မင်းအခြေအနေကို မင်းကိုယ်တိုင်ပဲ

နာမည်သတ်မှတ်ပါ

" မင်းက မဟာဆရာသခင်တစ်ယောက်ပဲ" ဟု ဆိုပြီး ဟဲ့ပျောင်း လည်း တပ်မှူးချုပ် ချူကဲ့သို့ပင် သံသယမျက်လုံးများဖြင့် ကြည့်နေလေသည်။ အဘယ့်ကြောင့်ဆို ကျိုးဟောင်သည် သာမန်အဆင့် ချပ်၀တ်တန်ဆာကို သာ ၀တ်ဆင်ထားပြီး ထူးထူးခြားခြားပုံစံမရှိဘဲ သာမန်ကဲ့သို့ဖြစ်နေခြင်းကြောင့်ဖြစ်လေသည်။

အနည်းဆုံးတော့ မဟာဆရာသခင် အဆင့်တစ်ယောက်သည် စစ်သူသည်ကြီးအဆင့်ချပ်၀တ် တန်ဆာလောက်တော့ ၀တ်ဆင်ရမည်ဖြစ်မည်။

သူတို့ရုပ်ဖျက်ပြီးနေချင်ရင်တောင်မှ သာမန်အဆင့် ချပ်၀တ်ကိုတော့ မ၀တ်ဆင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ချပ်၀တ်များသည် လူသားကျွမ်းကျင်ပညာရှင်များအတွက် ဒုတိယအသက်ကဲ့သို့ အရေးပါလှသောကြောင့်ဖြစ်သည်။ထို့‌ကြောင့် ချပ်၀ပ်များ၏အခန်း ကဏ္ဍကို ဘယ်သူမှ အရေးမစိုက်ဘဲ မနေကြပေ။

ကျိုးဟောင်သည် ပုခုံးတစ်ချက်တွန့်ကာ ဟဲ့ပျောင်း နဲ့ တပ်မှူးချုပ် ချူတို့၏ သံသယများကို လျစ်လျူရူလိုက်သည်။ ထို့နောက် လဲကျနေသော ဝံပုလွေ အလောင်းနားသို့ တစ်လှမ်းချင်းတိုးသွားခဲ့လေသည်။အနားသို့ရောက်သွားသောအခါ ဝံပုလွေကြီး၏ချိုကို ကိုင်၍ သူ့လက်မောင်းရှိ အားတစ်ချို့ကို သုံးလိုက်လေသည်။ မီတာ ၁၀၀နီးပါး ကြီးမားသော ဝံပုလွေကြီးသည် သူ့လက်ထဲ၌ အရုပ်တစ်ရုပ်ကဲ့သို့ လည်သွားခဲ့လေသည်။

"ဓားလေး ခဏလောက် ဌားပါလား" ဟု အရပ်မြင့်မြင့်လူကို ကြည့်ပြီး ကျိုးဟောင်ပြောလိုက်လေသည်။ အရပ်မြင့်မြင့်လူလည်း ပါးစပ်အဟောင်းသားဖြစ်သွားကာ ခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားလေသည်။

ကျိုးဟောင်သည် တန်ပေါင်းများစွာ အလေးချိန်ရှိသော ဝံပုလွေ အသေကောင်ကြီးကို ကိုင်တွယ်ဖြေရှင်းနေသောကြောင့်ဖြစ်လေသည်။ ထို ဝံပုလွေအသေကောင်ကြီးသည် ရဟတ်ယာဉ် ၁၀စီး ဖြင့် အရှိန်ပြည့် ဆွဲယူမှသာ ရွှေ့ယူနိုင်သည်အထိလေးသောကြောင့်ဖြစ်လေသည်။

ဟဲ့ပျောင်း နဲ့ သူတပည့်များမှာ အမြင်ပြောင်းသွားသည်။ ကျိုးဟောင်သည် အခုလုပ်နေတဲ့အရာကို လုပ်ဖို့ သူ့အင်အားကို အနည်းငယ်သာသုံးထားကြောင်း ဟဲ့ပျောင်း နားလည်သည်။

ကျိုးဟောင်သည် ဝံပုလွေ အလောင်းကြီးကို အသာအယာလှန်လိုက်နိုင်ခြင်းကြောင့် သူသည် မဟာဆရာသခင် အဆင့်ဆိုတာကို သံသယ၀င်ရန် မလိုတော့ပေ။ မဟာဆရာသခင် အဆင့်အောက်က သူများသည် ထိုကဲ့သို့ မစွမ်းဆောင်နိုင်ပေ။

"ဒီမှာ ငါ့ဓားကို သုံးပါ။" ဆိုပြီး ကျိုးဟောင်က ဝံပုလွေမိစ္ဆာကြီးကိုသတ်ခဲ့တဲ့ မဟာဆရာသခင်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဟဲ့ပျောင်းက က သူ့ဓားကို ပစ်ပေးလိုက်လေသည်။

သူ၏ဓားမှာ အဖိုးတန်သတ္ထုများနှင့် နတ်ဆိုးဘုရင်အဆင့် သတ္တဝါများမှ ရရှိသည့် အရာများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလေးချိန်မှာ ကီလိုဂရမ် ရာဂဏန်းလောက်ထိလေးလေသည်။

ကျိုးဟောင်သည် ဓားကို ပေါ့ပေါပါးပါးပဲ ဖမ်းဆုပ်လိုက်ကာ " ကျေးဇူးတင်ပါတယ်" ဟု ပြန်ပြောလိုက်လေသည်။ထို့နောက် ကျိုးဟောင်သည် ဝံပုလွေခေါင်းကို ခုတ်ထစ်လိုက်ပြီး ထူးခြားဖွယ်အစင်းကြောင်းများပါသည့် ဦးချိုကို ဖြတ်တောက်လိုက်လေသည်။

ထိုအခြင်းအရာများကို မြင်တွေ့ပြီးနောက် သူ့ရဲ့ တုန်လှုပ်နေမှုများကို ထိန်းချုပ်လိုက်ပြီး အလျင်အမြန်ရှေ့တို့တိုးကာ ရိုသေလေးစားစွာဖြင့် "ကျွန်တော့် အသက်ကို ကယ်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော် ဆရာ့ရဲ့ အင်အားကို သံသယမ၀င်ခဲ့သင့်ပါဘူး" ဟု ပြောလေသည်။

ကျိုးဟောင်ကလည်း " ရပါတယ် " လို့ပြောကာ လက်ခါပြလိုက်သည်။ထို့နောက် ကျိုးဟောင်က "တပ်မှူးချုပ် ချူ ! ဒီ အပြာရောင်ဦးချိုနဲ့သွေးဝံပု‌လွေရဲ့ သားမွေးတွေ၊ အရိုးတွေနဲ့ သွေးတွေက ထိပ်တန်းအဆင့်ပစ္စည်းတွေပဲ။ ကျုပ်လည်း အကုန်လုံးကို‌တော့ မယူနိုင်ဘူး။ ဘယ်လိုလဲ…” ဟု ကျိုးဟောင်စကားမဆုံးခင် ဟဲ့ပျောင်း က “မိတ်ဆွေ၊ ငါတို့ သိုင်းပညာရှင်များ အဖွဲ့အစည်းက ဒီဝံပုလွေရုပ်အလောင်းကို ယွမ် ၇ သန်းနဲ့ ဝယ်ဖို့ ဆန္ဒရှိပါတယ်” လို့ အော်ဟစ်လိုက်လေသည်။

၇ သန်း ဟူသော အသံကိုကြားပြီးနောက် ရှုလင်အပါအ၀င်အခြား ထူးချွန်ကျောင်းသား ၆ယောက်လုံး လန့်သွားလေသည်။

သူတို့၏ မိသားစုနောက်ခံအားလုံး တောင့်တင်းသော်လည်း ထိုပမာဏသည် သူတို့အတွက်တောင် အလွန်များပြားသော ပမာဏဖြစ်လေသည်။ ကျိုးဟောင် အတွက်လည်း ယန်ယွမ်အိမ်ရာတွင် ဇိမ်ခံအိမ် ၇လုံးလောက် ၀ယ်ယူနိုင်လေသည်။

ထိုအချိန်တွင် တပ်မှူးချုပ် ချူက " ပါမောက္ခချုပ်ကြီး နည်းနည်းလောက် ချင့်ချိန်ပါဦး ခင်ဗျ။ မဟာဆရာသခင် က ကျွန်တော့် တောင်ပိုင်းကာကွယ်ရေးအဖွဲ့ကို အဲဒါတွေပေးမယ်လို့ ပြောထားပြီးသားပါ" ဟု တုံ့ပြန် ပြောကြားလိုက်လေသည်။

ဟဲ့ပျောင်း က နှုတ်ခမ်း တစ်ချက်တွန့်လိုက်ပြီး " တပ်မှူးချုပ် ချု ပေါက်ကရတွေ မပြောဘဲ မင်းဘက်ကပေးမဲ့ တန်ကြေးကို ဒဲ့ပြောစမ်းပါ" ဟု ဆိုလိုက်သောအခါ " ယွမ်၆.၅ သန်း နဲ့ အထွေထွေဗိုလ်မှူး ရာထူး‌ခန့်အပ်မှာပါ" ဟု တပ်မှူးချုပ် ချု မှ မာန်ဖြင့်ပြန်လည်ဖြေကြားလေသည်။

" ထွီ တပ်မှူးချုပ် ချူရယ် မင်းက အပြင်ပန်းမှာ မာကြောခက်ထန်သလောက် ခုလို လှည့်ဖြားတတ်မယ် ငါမထင်ခဲ့မိဘူး။ ဘာလဲ? မင်းက သူ့ကို မင်းတို့ တပ်ထဲ ထည့်ချင်နေတာလား?" ဟုဆိုရင်း ဟဲ့ပျောင်းမှာ ကျိုးဟောင်အနားသို့လျှောက်လာလေသည်။ ထို့နောက် " ညီကို ၊ ငါတို့ရဲ့ ဟွာတုန်း သိုင်းပညာရှင်များအဖွဲ့အစည်း ဌာနခွဲကို လာခဲ့ပါ။ငါတို့ အားလုံး ပံ့ပိုးပေးမယ် ကျင့်စဉ်တွေလား၊ လက်နက်တွေလား ၊ဆေးလုံးတွေလား ၊ မင်းလိုချင်တာ အကုန်ရစေရမယ်" ဟု စည်းရုံးလေသည်။

"ဆရာ စပ်တပ်ကိုလာခဲ့လိုက်ပါ။ ကျင့်စဉ်တွေ၊ လက်နက်တွေ၊ ဆေးလုံးတွေ အပြင် စစ်ဘက်ဆိုင် ရာထူး အခွင့်အာဏာတွေပါ ထောက်ပံ့ပါ့မယ်။" ဟု စိတ်မရှည်စွာပြောလေသည်။

အရပ်မြင့်မြင့်လူ၊ ယာယီအစောင့်အရှောက်အဖွဲ့၊ သက်တော်စောင့်များ နှင့် ရှုလင် အပါအ၀င် ကျောင်းသား၆ဦး တို့အားလုံးမှာ အံ့ဩနေကြလေသည်။

ပါမောက္ခချုပ် ဟဲ့ နှင့် တပ်မှူးချုပ် ချူတို့ သည် ခုနကတင် ဝံပုလွေ အသေကောင်ကြီးအတွက် ဈေးပြိုင်ညှိနေခဲ့ကြပြီး ခုတော့ မဟာဆရာသခင်ကို သူတို့ အဖွဲ့အစည်းတွေထဲရောက်အောင်အပြိုင်စည်းရုံးနေပြန်လေသည်။ ကျိုးဟောင်လည်း အနည်းငယ်အံ့ဩနေလေသည်။

ကျိုးဟောင်သည် မဟာဆရာသခင် အဆင့်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ပါမောက္ခချုပ်ဟဲ့နဲ့ တပ်မှူးချုပ် ချူတို့မှာ ကျိုးဟောင်သည် နောက်ထပ် အသစ်ထပ်တိုးလာသော မဟာဆရာသခင်တစ်ယောက်ဖြစ်နိုင်ကြောင်း နားလည်သွားကြလေသည်။ ထို့အပြင် ကျိုးဟောင်တွင်လည်း ချပ်၀တ်နှင့်လက်နက်တန်ဆာများ အစုံအလင်မရှိသေးပေ။

သို့သော် ကျန်လူများကတော့ ထိုအချက်ကို သတိမထားမိကြပေ။

အတိအကျပြောရလျှင် သူတို့မှာ ကျိုးဟောင်ကို ပစ္စည်းဥစ္စာများ စွမ်းအားများ ကို အထောက်အကူအဖြစ်အသုံးပြုကာ သူတို့ဘက်ပါလာအောင်စွဲဆောင်နေကြခြင်းဖြစ်သည်။ သူတို့ယခုကဲ့သို့ အလျင်လိုနေရခြင်းမှာ ဟွာတုန်းမြို့တွင်းသတင်းပျံ့နှံ့ကာ ကျိုးဟောင် အတွက် အမျိုးမျိုးသော အင်အားစုတွေ ၀င်ရောက် စွက်ဖက်လာမည်ကို စိုးရိမ်‌သောကြောင့်ဖြစ်လေသည်။

နောက်ဆုံးမှ အသစ်ပေါ်ပေါက်လာတဲ့ မဟာဆရာသခင်အဆင့်ကျွမ်းကျင်သူဖြစ်နေသောကြောင့်လည်းဖြစ်လေသည်။ ထိုကဲ့သို့ ကျွမ်းကျင်သူများမှာ အလွန်ရှားပါးပြီး အဖိုးတန်လှပေသည်။

အကယ်၍ သူ့လိုအဆင့်ဖြင့်သူကို အဖွဲ့ထဲ ခေါ်ယူနိုင်ခဲ့ပါက ထိုအဖွဲ့အစည်းသည် ဩဇာပိုမိုကြီးမားလာကာ အခွင့်အလမ်းအများအပြားလည်းရနိုင်လေသည်။

"ပါမောက္ခချုပ်ဟဲ့ ဘာလို့ စစ်တပ်နဲ့ လိုက်ပြိုင်နေရတာလဲ? ခင်ဗျားတို့ သိုင်းပညာအဖွဲ့အစည်းမှာလည်း မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတွေ ပြတ်လပ်နေတာလည်း မဟုတ်ဘူး။" ဟု ဆိုကာ တပ်မှူးချုပ် ချူက စိုက်ကြည့်နေလေသည်။

တပ်မှူးချုပ် ချူသည် သူကိုယ်တိုင်လည်း ဆရာအဆင့် ဖြစ်သည့်အပြင် စစ်တပ်၏အထောက်အပံ့ပါ ရရှိထားသူဖြစ်သောကြောင့် မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူများကို ထိပ်တိုက်တွေ့ရဲလေသည်။ ခုလို အကြီးအကဲ အဆင့် တစ်ယောက်က ပါ၀င် စွပ်ဖက်လာချိန်မှာတော့ သူ သိပ် ဂရုမစိုက်တော့ပေ။

ဟဲ့ပျောင်း လည်း မယဉ်ကျေးနိုင်တော့ဘဲ " တပ်မှူးချုပ် ချူ ဘယ်သူကများ မဟာဆရာသခင်အဆင့်တွေ အများအပြားပိုင်ဆိုင်တာကို စောဒကတက်ဖူးလို့လဲ? တစ်နည်းပြောရရင် မင်းတို့စစ်တပ်အနေနဲ့ မင်းတို့စစ်သည်အင်အားကို မလျော့နည်းသွားအောင် ထိန်းသိမ်းတာ ပိုကောင်းမယ်ထင်တယ်" ဟုပြောလိုက်လေသည်။

ပေါမောက္ခချုပ်ဟဲ့ နဲ့ တပ်မှူးချုပ် ချူတို့ စကားများရင်း ထချလု မတတ် ဖြစ်နေတာကို ကြည့်ရင်း ကျိုးဟောင်တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်နေလေသည်။ ထို့ကြောင့် သူလည်း " ပါမောက္ခချုပ်ဟဲ့ နဲ့ တပ်မှူးချုပ်ချူတို့ ခဏလောက် ရပ်ကြပါဦး" ဟု ခပ်မြန်မြန်ပင်တားလိုက်ရသည်။သူတို့နှစ်ယောက်လည်း ချက်ချင်းပင် ရပ်တန့်သွားပြီး ကျိုးဟောင်အား ကြည့်နေကြလေသည်။

..............................................................................

အခန်း(၁၉) ပြီးပါပြီ။

အခန်း (၂၀) - ဘက်ပေါင်းစုံမှ စည်းရုံးခြင်း။

" လူကြီးမင်းတို့ ဒီဝံပုလွေ အလောင်းကြီးကို ဘယ်လို ခွဲဝေ ပိုင်ဆိုင်ကြမလဲပဲ အရင်ဆွေးနွေးကြရအောင်။ အဖွဲ့အစည်းတခုခုကို ပူးပေါင်းအစီအစဉ်ကတော့ လောလောဆယ် ကျွန်တော့်မှာမရှိသေးပါဘူး" ဟု ကျိုးဟောင်က အေးဆေးစွာပင်ပြောလိုက်သည်။

ကျိုးဟောင်သည် အဖွဲ့အစည်း တစ်ခုခုကို ၀င်ရောက်လိုက်သည်နှင့် သူဘယ်သူဘယ်ဝါဆိုသည့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသွားမည်မှာ သေချာလေသည်။

ထို့နောက် အခြားမျိုးနွယ်စုတွေမှ စေလွှတ်ထားသည့် သူလျှိုများသည်လည်း သူဘယ်သူလဲသိရှိသွားကြမည်ဖြစ်သည်။ ဒါမျိုးအဖြစ်အပျက်တွေက လွန်ခဲ့သော နှစ် ၁၀၀ကျော်လောက်ထဲက အထက်ကမ္ဘာလောဘတွင် ဖြစ်လေ့ဖြစ်ထရှိခဲ့လေသည်။

ဒါကြောင့် ကျိုးဟောင် တစ်ယောက် သေချာ သတိထားဖို့လိုလေသည်။

ကျိုးဟောင် ပြောသည်ကို ကြားပြီးနောက် ဟဲ့ပျောင်းနှင့် တပ်မှူးချုပ် ချူ လည်း စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း ဘာမှ ဆက်မပြောတော့ပေ။ သို့သော် သူတို့သည် အတင်းမတိုက်တွန်းကြပေ။

အဘယ်ကြောင့်ဆို ဤကမ္ဘာတွင် မဟာဆရာသခင် အဆင့်ကို ရောက် လာသောကျွမ်းကျင်သူများသည် ကန့်သတ်ချုပ်ချယ်ခြင်းကို မကြိုက်ဘဲ တစ်ယောက်ထဲ နေလိုကြသောကြောင့်ဖြစ်လေသည်။

နောက်ဆုံးတော့ ဟဲ့ပျောင်းလည်း ကျိုးဟောင်ဆီမှ အပြာရောင်ဦးချိုနှင့် ဝံပုလွေကို ယွမ် ၇သန်းဖြင့်၀ယ်ယူလိုက်လေသည်။

တကယ်တော့ ပါမောက္ခချုပ်ဟဲ့ သည် သူ့ကို မျက်နှာသာပေးခဲ့ကြောင်းသိသာသည်။ အပြာရောင်ဦးချိုနဲ့ ဝံပုလွေ၏ခန္ဓာကိုယ်တွင် တန်ဖိုးအကြီးဆုံးအရာသည် သူ၏အပြာဦးချိုကြီးပင်ဖြစ်သည်။ သူထိုအရာကို ဖြတ်ယူပြီး အခြားသော ဝံပုလွေကြီးဆီမှ ရသော ပစ္စည်းများကို သာ မဟာမိတ်ကုန်သည်အဖွဲ့အစည်းတွင် သွားရောင်းပါက အများဆုံး ယွမ် ၄သန်းသာရရှိနိုင်လေသည်။

ကျိုးဟောင်သည် သူ၏ ခရစ်စတယ်ကတ်ကို ထုတ်ပြီး ဟဲ့ပျောင်း၏ ပိုက်ဆံကတ်နှင့် ထိနှိပ်ပြီးနောက် ယွမ် ၇သန်းကို လက်ခံယူခဲ့လေသည်။

ကျိုးဟောင်သည် စိတ်လှုပ်ရှားစွာဖြင့် ပါမောက္ခချုပ်ဟဲ့ ကို ကြည့်ကာ " ကျေးဇူးတင်ပါတယ် " ဟုဆိုလိုက်လေသည်။ ဟဲ့ပျောင်းကလည်း ပြုံးလိုက်ပြီး" ရပါတယ်။ မင်း အချိန်ရရင် သိုင်းပညာရှင်များ အဖွဲ့အစည်းကို လာခဲ့ပါ။ မင်းကို အိမ်ရှင်ကောင်းတစ်ယောက်အနေနဲ့ ကောင်းကောင်းဧည့်ခံပါရစေ" ဟု ပြန်ပြောလေသည်။

"အသေအချာပေါ့ဗျာ" ဟု ကျိုးဟောင်လည်းကောင်းမွန်စွာပြောကြားလိုက်သည်။ ထို့နောက် သူ သည် "ပါမောက္ခချုပ် ဟယ်၊ တပ်မှူးချုပ် ချူတို့ ခင်ဗျ ကျွန်တော် ကြက်သွေးရောင် သွေးနွယ်ပင်နှင့် ကြံ့ချိုကို ရှာချင်လို့ပါ။ ဘယ်အပိုင်းလောက်မှာ ရှိသလဲ သိကြပါသလား" ဟုမေးလိုက်လေသည်။

တပ်မှူးချုပ် ချူသည် လျင်မြင်စွာပင် " အပိုင်း ၁၇၈မှာပါ။ အဲ့နေရာက ဦးချိုတချောင်းနဲ့ ကြံ့ကြီးတွေကျက်စားရာနေရာပဲ။ သွေးနွယ်ပင်အတွက်ကတော့ နည်းနည်းခက်ခဲလိမ့်မယ်။ မင်း အပိုင်း ၁၉၂ကိုသွားရလိမ့်မယ်။ အဲ့ဒီနွယ်ပင်တွေက အနီရောင် ရွံ့နွံအိုင်တွေမှာပဲ ပေါက်ရောက်ပြီး သူတို့ကိုတွေ့ဖို့တော့ ဂရုတစ်စိုက်ရှာရလိမ့်မယ်။" ဟု ပြောလေသည်။

ကျိုးဟောင် က ချက်ချင်းပင် သူ့ချပ်၀တ်လက်မောင်းနေရာမှာ ဖန်သားပြင်ကိုဖွင့်ကြည့်လိုက်လေသည်။ သူ့အတွက် အဓိကနေရာတွေက အပိုင်း၁၇၈ နဲ့ အပိုင်း ၁၉၂တွေပဲဖြစ်သည်။

ရွှတ်.....

ရေဒါဖန်သားပြင်သည် ထိုနေရာများသို့ ရောက်ရှိနိုင်မည့် လမ်းကြောင်းများကို ပြသလေသည်။ ကျိုးဟောင်တချက်ကြည့် လိုက်ပြီး သိပ်မဝေးကြောင်း‌တွေ့ရလေသည်။

"ကျေးဇူးပါ တပ်မှူးချုပ် ချူ ။ စောင့်ရှောက်ရေးတာ၀န်လည်း ပြီးဆုံးသွားပြီပဲ။ငါ့မှာ လုပ်စရာလေးတွေရှိလို့ အရင်ခွင့်ပြုပါဦး။ ပါမောက္ခချုပ် ဟဲ အချိန်ရရင် ကျွန်တော် သိုင်းပညာရှင်များ အစည်းအရုံးကို လာလည်ပါ့မယ်" ဟု ကျိုးဟောင်မှဆိုလိုက်ပြီး အပြာရောင်ဦးချိုကို သူ့ချပ်၀တ်ထဲထည့်လိုက်လေသည်။

ထို့နောက် ထွက်ခွာရန် ရှေ့လို့လှမ်းလိုက်ပြီး ကျိုးဟောင်၏အသွင်ပြင်မှာ ပျောက်ကွယ်သွားလေတော့သည်။

ကျိုးဟောင် သည် အစောင့်အရှောက်တာ၀န်ကို လက်ခံခဲ့ရခြင်းမှာ ပထမအချက် သူသည် တောနက်ကြီးအကြောင်း ရင်းနှီးကျွမ်း၀င်စေရန် နှင့် ဒုတိယအချက်မှာ သူ၏စွမ်းအားကို သိရှိရန်ဖြစ်သည်။

ခုတော့ သူသည် မဟာဆရာသခင်အဆင့်ဖြစ်ကြောင်း သိရှိ‌ပြီးနောက် မစ်ရှင်အပေါ် တွန့်တုတ်နေစရာမလိုတော့ပေ။ဒါကြောင့် ပြတ်ပြတ်သားသားရှေ့ဆက်ရန်ထွက်လာခဲ့လေသည်။

"ဒီမဟာဆရာသခင်ကြီးက အတော်လျင်မြန်ပြီး ပြတ်သားတာပဲ " ဟု တပ်မှူးချုပ်က ဆိုလေသည်။ ထို့နောက် အစောင့်အရှောက်များ၊ သက်တော်စောင့်များနှင့် ကျောင်းသားများဘက်သို့လှည့်ကာ " ဝံပုလွေ နတ်ဆိုးစစ်သူကြီးကို သူ သတ်ခဲ့တာ မင်းတို့အားလုံးမြင်လိုက်ကြလား" ဟု မေးလေသည်။

အရပ်မြင့်မြင့်လူအပါအ၀င် အားလုံးမှာခေါင်းညိတ်ပြကြလေသည်။ ရှုလင်က " မှန်ပါတယ်။ သူ အပြာရောင်ဦးချိုနဲ့ ဝံပုလွေ ကြီးကို လက်သီးတချက်ထဲနဲ့သတ်ခဲ့တာပါ" ဟု ထောက်ပြပြောဆိုလေသည်။

တပ်မှူးချုပ် ချူက တစ်ချက်ပြုံးလိုက်ပြီးနောက် " မဟာဆရာသခင်အဆင့်တွေက တကယ်ကို သဘာ၀အတိုင်း အစွမ်းထက်ကြတယ်....ဒါနဲ့နေပါဦး မင်းအခုဘာပြောလိုက်တယ် " ဟု ပြန်မေးလိုက်လေသည်။

ပါမောက္ခချုပ်ဟဲ့လည်း ရုတ်တရက် ကြောင်သွားပြီး ရှုလင်အား စိုက်ကြည့်နေမိလေသည်။

"လက်သီးတစ်ချက်တည်းနဲ့...."

ရုတ်တရက်ဆိုသလို ရှုလင်လည်း တပ်မှူးချုပ် ချူနဲ့ ပါမောက္ခချုပ် ဟဲ့ ၏ စိုက်ကြည့်နေခြင်းကိုခံရလေသည်။ဒါဟာ သူမကို အတော် ထိတ်လန့်စေသည်။

သို့သော်လည်း ရှုလင်လည်း အံကြိတ်ကာ " မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူက တကယ်ကို လက်သီးတစ်ချက်ပဲ သုံးခဲ့တာပါ" ဟုပြောလိုက်လေသည်။

အရပ်မြင့်မြင့်လူနှင့် အခြားသူများကို မမေးနိုင်တော့ဘဲ တပ်မှူးချုပ် ချူနဲ့ ပါမောက္ခချုပ်ဟဲ့တို့မှာမျက်လုံးပြူးနေကြလေသည်။

ကျိုးဟောင်ဟာ တကယ် လက်သီးတစ်ချက်သာ အသုံးပြုခဲ့ကြောင်း အတည်ပြုပြီးနောက် " သူဟာ အဆင့်မြင့် မဟာဆရာသခင်တစ်ယောက်ပဲ။ ငါသာကြိုသိခဲ့ရင် သူ့ကို ခုထက် ပိုပြီး စည်းရုံးဖို့ ကြိုးစားခဲ့မှာ " ဟု ပါမောက္ခချုပ် ဟဲ့က နောင်တသံနှင့် ပြောလေသည်။

တပ်မှူးချုပ် ချူ သည် တုံ့ဆိုင်းမနေတော့ဘဲ စစ်သေနာပတိချုပ်ကျောက် ထံသို့ တိုက်ရိုက်စာပို့လိုက်လေသည်။ ဒီလိုအဆင့် ကျွမ်းကျင်သူ တစ်ယောက်သည် ရှိသမျှအကုန် ရင်းနှီးဖို့ ထိုက်တန်လေသည်။

တစ်ချိန်တည်းမှာပင် ကျောင်းသားများနှင့် သက်တော်စောင့်များသည် ၎င်းတို့၏ မိသားစုများထံ သို့ လျှို့ဝှက်စာများ ပေးပို့ခဲ့ကြသည်။ အဆင့်မြင့် မဟာဆရာသခင် အဆင့် ။ ဤသည်မှာ မြို့ကြီးတစ်ခုကို အုပ်စိုးသော စစ်သေနာပတိချုပ်ကျောက် နှင့် ယှဉ်နိုင်သော တည်ရှိမှုတစ်ခုပင် ဖြစ်လေသည်။

မိနစ်ပိုင်းလောက်ကြာပြီးနောက်.....

ရွှတ် ရွှတ် ရွှတ် ......

အသံလှိုင်းကဲ့သို့ စွမ်းအင်လှိုင်းများထွက်ပေါ်လာခဲ့သည်။ ဟွာတုန်း မြို့ရှိ အထင်ကရ မဟာဆရာသခင်များသာမက လျှို့ဝှက်စွာနေထိုင်သော မဟာဆရာသခင် များအားလုံး စုရုံး‌ရောက်ရှိလာကြလေသည်။

သူတို့ဆီမှ ထုတ်လွှတ်နေသော အရှိန်အဝါများသည် နှိုင်းယှဉ်လို့ မရအောင် စွမ်းအားကြီးလေသည်။ မီတာ ၁၀၀၀ အတွင်းရှိ သန္ဓေပြောင်းသတ္တဝါများ၊ နတ်ဆိုးမိစ္ဆာကောင်ကြီးများ၊ အင်းဆက်ပိုးကောင်များနှင့် အခြားသော မျိုးနွယ်ခြားသတ္တဝါအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပြီး မလှုပ်ရဲကြပေ။

ကံကောင်းထောက်မစွာဖြင့် ရှုလင် နဲ့ ကျောင်းသားများကို သက်တော်စောင့်များက ခေါ်ထုတ်သွားခဲ့လေသည်။ အရပ်မြင့်မြင့်လူကြီးနှင့် အခြားလူများလည်း ဆက်မနေ ဝံ့ကြတော့ပေ။ အကယ်၍ဆက်နေခဲ့ရင် သူတို့ အသက်တောင်ရဲရဲ ရှူရဲ ကြမည် မဟုတ်ပေ။

ဘုန်း.......

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေသည်။

အမဲရောင် ချပ်၀တ်ကို၀တ်ဆင်ထားပြီး အရပ်၂မီတာလောက်မြင့်သည့် အသက်လတ်ပိုင်းလူတယောက် ကောင်းက‌င်ပေါ်ကဆင်းလာလေသည်။

"စစ်သေနာပတိချုပ်ကျောက်"

"လောင်ကျောက် မင်းရောဒီကိုလာတယ်ပေါ့"

"မင်းလည်း ထိုင်ကြည့်မနေဘူးဆိုတာ ငါသိသားပဲ"

မဟာဆရာသခင်ကြီးများ အချင်းချင်းနှုတ်ဆက်နေကြလေသည်။

စစ်သေနာပတိချုပ်ကျောက်သည် ဟွာတုန်းမြို့ကို စီမံအုပ်ချုပ်သည့် အဆင်မြင့် မဟာဆရာသခင်တစ်ယောက်ဖြစ်လေသည်။ တည်ငြိမ်သော ရောင်ဝါနှင့် စူးရှသောမျက်လုံး များရှိသည့် စစ်သေနာပတိချုပ်ကျောက်သည် အားလုံးကို တစ်ချက်ကြည့်ကာ ပြုံးပြပြီး "ကြည့်ရတာ အားလုံးဒီမှာရှိနေတာပဲ" ဟုပြောလိုက်လေသည်။ထို့နောက်တစ်ဆက်ထဲ " ငါတိုရဲ့ လုပ်နိုင်စွမ်းကိုပဲ အားကိုးရတော့မယ်လို့ ငါထင်တယ်" ဟုဆက်ပြောခဲ့လေသည်။

ထိုသို့ပြောပြီးနောက် တပ်မှူးချုပ် ချူကိုကြည့်ကာ " ချူ အဲ့ဒီ မဟာဆရာသခင် ပုဂ္ဂိုလ် ဘယ်မှာလဲ " ဟုမေးလိုက်လေသည်။

မဟာဆရာသခင်အများအပြားနှင့် မျက်နှာချင်းဆိုင်ရသဖြင့် တပ်မှူးချုပ် ချူကဲ့သို့ ဘာကိုမှ သိပ်ဂရုမစိုက်တတ်သူတောင် ကလေးတယောက်ကဲ့သို့ သတိကပ်ထားရလေသည်။ သူ ထစ်ထစ်ငေါ့ငေါ့ဖြင့် "စစ်သေနာပတိချုပ် သူ ထွက်သွားခဲ့ပါပြီ" ဟု ပြောလိုက်လေသည်။

"ဘာ သူထွက်သွားပြီ ဟုတ်လား"

" သူဘယ်ကိုသွားတာလဲ။ ဘာလို့ဒီမှာ မနေခဲ့တာလဲ။"

" သူက မဟာဆရာသခင် တစ်ယောက်ဆိုတာမင်းသေချာရဲ့လား"

မဟာဆရာသခင်များသည် တပ်မှူးချုပ် ချူ၏ စကားဆုံးအောင်ပင် မစောင့်နိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် ဖြတ်မေးနေကြလေသည်။

..............................................................................

အခန်း (၂၀) ပြီးပါပြီ။

အခန်း(၂၁) - ထူးထူးခြားခြားကံကောင်းသော

တစ်ဆက်တည်းဖွင့်ရတဲ့သေတ္တာ၁၀လုံး

"ပိတ်ထား

စစ်သေနာပတိချုပ်ကျောက်ထံမှ အသံနက်နက်တစ်ခုထွက်ပေါ်လာလေသည်။

စွမ်းအားကြီးပါသည်ဆိုသော မဟာဆရာသခင်အဆင့်များမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။

စစ်သေနာပတိချုပ်ကျောက်မှာ အဆင့်မြင့်မဟာဆရာသခင်အဆင့်ဖြစ်ရုံသာမက ဟွာတုန်းမြို့တစ်မြို့လုံး၌ အရွယ်နှင့်မလိုက်အောင် စစ်ရေးတွင်ထူးချွန်သူလည်းဖြစ်ပေရာ သူ၏စွမ်းအားများမှာ အခြားမျိုးနွယ်ပညာရှင်များ၏ မရေမတွက်နိုင်သောအလောင်းများထံမှ အခြေပြုထားခြင်းဖြစ်ပေသည်။

သူ့အား မည်သူကမျှစောဒကမတက်ရဲပေ။

"ရှောင်ချူ ဆက်ပြော" စစ်သေနာပတိချုပ်ကျောက်၏အသံမှာ တည်ငြိမ်နေလေသည်။

တပ်မှူးချုပ်ချူသည်လည်း အလျင်အမြန်ပင် တောနက်ဧရိယာ၏ နယ်မြေအမှတ် ၁၇၈ နှင့် ၁၉၂တွင် ကျိုးဟောင်မှာ ကြက်သွေးရောင်သွေးနွယ်ပင်နှင့် ကြံ့ချိုအား ရှာနေကြောင်းကို ပြောပြလိုက်လေသည်။

စစ်သေနာပတိချုပ်ကျောက်လည်း ခေါင်းညိတ်ပြီးနောက် အခြားမဟာဆရာသခင်အဆင့် သိုင်းပညာရှင်များအား ဝေ့ဝဲကြည့်လိုက်ပြီးနောက်

"သွားကြမယ် အခုမှပေါ်လာတဲ့ဒီဆရာသခင်အဆင့်ပညာရှင်က ဘယ်လောက်သန်မာသလဲဆိုတာ ငါတို့ကိုယ်တိုင်သွားကြည့်ကြတာပေါ့" ပြောနေရင်းနှင့်ပင် သူကိုယ်တိုင်ဦးဆောင်ကာ ကောင်းကင်ပေါ်သို့ပျံတက်ထွက်ခွာသွားလေတော့သည်။

ဝှစ်! ဝှစ်! ဝှစ်!

အခြား မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာလည်း နောက်မှနီးကပ်စွာလိုက်ပါလာကြလေသည်။

ဟဲ့ပျောင်းမှာ စိတ်လှုပ်ရှားနေသော တပ်မှူးချုပ်ချူကိုကြည့်ကာရယ်ရင်း "တပ်မှူးချုပ်ချူ မင်းအရင်တုန်းကဒီလိုဟာမျိုး မကြုံဖူးဘူးမဟုတ်လား"

တပ်မှူးချုပ်ချူမှာသူ့ရင်ဘတ်သူပုတ်လိုက်ရင်း "ကျုပ် လောင်ချူရဲ့တစ်သက် တစ်ခန်းထဲမှာ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တွေ ဒီလောက်အများကြီးရှိနေတာမျိုး တစ်ခါမှမမြင်ဖူးဘူး "

ဟဲ့ပျောင်းမှာသက်ပြင်းချရင်း "အရင်းခံအားဖြင့်ပြောရရင်တော့ အဖွဲ့အစည်းပေါင်းစုံရဲ့ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တွေအားလုံးရောက်နေကြပြီ တကယ်လို့ငါသာစောစောကြိုသိရင် အဲဒီလူကို ဈေးမြင့်မြင့်ပေးပြီးဖိတ်ပါတယ်!"

"ထားလိုက်တော့! အခုမှပြောနေလည်းမမှီတော့ဘူး ငါနောက်ကတကောက်ကောက်လိုက်ရမှာပဲ ပြောမရဘူး အခွင့်အရေးရှိလာနိုင်တယ်!"

ထိုစကားသံနှင့်အတူ သူ့ခြေထောက်အောက်မှမြေကြီးမှာ အက်ကွဲသွားပြီးလူမှာလည်း ကောင်းကင်ပေါ်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

တပ်မှူးချုပ်ချူမှာ ကောင်းကင်ရှိ ရောင်စဉ်တန်းအများအပြားအား ကြည့်ရင်းအတော်လေးအားကျနေလေသည်။ မဟာဆရာသခင်အဆင့်ကိုထိုးဖောက်နိုင်သည့်သူမှသာ ချပ်၀တ်တန်ဆာကိုမှီခို၍ လေထဲတွင်အချိန်ခဏလောက် ပျံသန်းနိုင်ကြလေသည်။

တောနက်ဧရိယာနယ်မြေ အမှတ် ၁၇၈ နှင့် ၁၉၂ ၏အကွာအဝေးမှာ ဟွာတုန်းမြို့မှသိပ်မဝေးသည်ဖြစ်ရာ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များအနေဖြင့် အရှိန်အပြည့်ဖြင့်သွားပါက အချိန်ခဏလောက်နှင့် ရောက်နိုင်လေသည်။

ဘုန်း! ဘုန်း! ဘုန်း!

ထိုအဖွဲ့မှာနယ်မြေအမှတ် ၁၇၈ ၏အစွန်အဖျားသို့ရောက်သောအခါ စစ်သေနာပတိချုပ်ကျောက်အပါအဝင် မဟာဆရာသခင်အဆင့် ပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက်မြေကြီးပေါ်သို့ ဆင်းသက်လာကြလေသည်။

စွမ်းအားပြင်းထန်သော အရှိန်အဝါတစ်ခုက အခြားမျိုးနွယ်သောင်းချီအား ဟန့်တားထားသော်လည်း လက်ရှိအချိန်၌ မဟာဆရာသခင်အဆင့်သိုင်းပညာရှင်များမှာ သူတို့ရှေ့ရှိကြီးမားသောအလောင်းပုံကြီးကိုသာ စိုက်ကြည့်နေကြလေသည်။

"ဒါက ချိုတစ်ချောင်းပါကြံ့ဘုရင်ပဲ"

"သူ့စွမ်အားက အပြာရောင်ဦးချိုနဲ့ သွေးဝံပုလွေရဲ့စွမ်းအားထက်မနိမ့်တဲ့ အဆင့်မြင့်မိစ္ဆာစစ်သူကြီးအဆင့်ရှိတယ်"

"ခုခံတဲ့နေရာမှာဆို ချိုတစ်ချောင်းပါကြံ့ဘုရင်က အပြာရောင်ဦးချိုနဲ့ သွေးဝံပုလွေထက်တောင်ပိုပြီးသန်မာသေးတယ်"

တစ်ယောက်ပြီးတစ်ယောက် ချိုတစ်ချောင်းပါကြံ့ဘုရင်၏ အလောင်းနားတွင် ပတ်လည်ဝိုင်းကာပြောနေရင်း အားလုံး၏မျက်နှာပေါ်ရှိအံ့ဩမှုများမှာလည်း ပို၍ပြင်းထန်လာသေသည်။

"စစ်သေနာပတိချုပ်ကျောက်မှာ နေရာမှမရွေ့သော်လည်း သူ၏မျက်လုံးထဲတွင်တော့ အံ့ဩသောအရိပ်အယောင်များရှိနေလေသည်။

ဤချိုတစ်ချောင်းပါကြံ့ဘုရင်၏အလောင်းအားကြည့်ပါက ချိုယူထားရုံကလွဲ မည်သည့်ဒဏ်ရာဒဏ်ချက်မှရှိမနေပေ။ ဤသည်မှာ ပညာရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာခွန်အားဖြင့် ဖိအားပေးအသတ်ခံထားရမှန်း သိသာပေသည်။

ထိုကဲ့သို့သောကိစ္စမျိုးလုပ်ဆောင်နိုင်ရန် ဤပညာရှင်အစွမ်းမှာ သေချာပေါက် အဆင့်မြင့်မဟာဆရာသခင်အဆင့်ရှိမှသာဖြစ်နိုင်ပေလိမ့်မည်။

မဟုတ်ပါက ဤကဲ့သို့သောအဆင့်မြင့်မိစ္ဆာစစ်သူကြီးအဆင့်ရှိသည့်အပြင် ကာကွယ်ရေး၌ မိစ္ဆာဘုရင် အဆင့်ထက်မနိမ့်သော ချိုတစ်ချောင်းပါကြံ့ဘုရင်အား ထိုပုဂ္ဂိုလ်၏တစ်ယောက်တည်းအားဖြင့် သတ်ရန်မှာမဖြစ်နိုင်ပေ။

"ဒီကြံ့အသတ်ခံရတာ ၁၀မိနစ်မပြည့်သေးဘူး ပြီးတော့သေတဲ့ပုံကလည်း အပြာရောင်ဦးချိုနဲ့‌သွေးဝံပုလွေသေတဲ့ပုံနဲ့အတူတူပဲ။ ဒီကြံ့ဘုရင်ကိုသတ်သွားတဲ့လူက သိပ်မကြာခင်ကမှပေါ်လာတဲ့ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်ဖြစ်မယ် ကြည့်ရတာတပ်မှူးချုပ်ချူက ငါတို့ကိုမညာဘူးပဲ!" မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ ထိုစကားအားရေရွတ်ရင်း အတော်စိတ်လှုပ်ရှားနေကြလေသည်။

ဤကိစ္စမှာတစ်ဖက်လူ၏ စွမ်းအားအားအတည်ပြုလိုက်ခြင်းသာဖြစ်ပေသည်။

စစ်သေနာပတိချုပ်ကျောက်သည်လည်း ပြုံးနေလေသည်။အကယ်၍ သူသာသူနှင့်အစွမ်းတူသော မဟာဆရာသခင်အဆင့် ပညာရှင်တစ်ယောက်အားချောဆွဲနိုင်ပါက ဟွာတုန်းမြို့အတွက် အလွန်အမင်းကို အကျိုးရှိမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

"ဆက်ရှာကြစို့ ငါတို့အရှိန်တင်ပြီး နယ်မြေအမှတ် ၁၉၂ ကိုသွားကြမယ်!"

ထိုပုဂ္ဂိုလ်မှာ ချိုတစ်ချောင်းပါကြံ့ဘုရင်အားသတ်ပြီးပြီဆိုကတည်းက ကြံ့ချိုအားရရှိပြီးသွားပြီဆိုသည်မှာလည်းသေချာပေသည်။ ထို့ကြောင့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်အုပ်စုမှာ ဤနေရာတွင်ဆက်နေနေပါက ထိုပညာရှင်အားရှာတွေ့နိုင်မည်မဟုတ်ပေ။

ဘုန်း! ဘုန်း!

မကြာမီ စစ်သေနာပတိချုပ်ကျောက်နှင့်အခြားပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက်ပျောက်ကွယ်သွားလေတော့သည်။

တောနက်ဧရိယာ နယ်မြေအမှတ် (၁၉၂) ၌

ဤနေရာသည် ကြက်သွေးရောင်သွေးနွယ်ပင် ပေါက်ရောက်ရာ ရွှံ့နီတောဖြစ်ပေသည်။

ကျိုးဟောင်မှာ နယ်မြေအမှတ် ၁၇၈ မှအလောတကြီးထွက်လာပြီး ရွှံ့နီတောထဲသို့ဝင်သွားလေသည်။

ကျိုးဟောင်မှာ ကြက်သွေးရောင်သွေးနွယ်ပင်ကိုရှာရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဝဲလ်အား ဖွင့်ပြီးပုံရိပ်ယောင်မျက်နှာပြင်၏ညာဘက်ထောင့်အောက်ခြေအားကြည့်လိုက်လေသည်။

ကံကြမ္မာအမှတ် : ၅၇၂၀၀ (လက်ရှိအဆင့် : ကြွယ်ဝများပြားသောကံကြမ္မာအမှတ်)

"ငါအခုပဲ ပဟေဠိသေတ္တာကိုဖွင့်လိုက်ရမလား" ကျိုးဟောင်မှာ မျက်မှောင်အနည်းငယ်ကြုတ်ရင်း တွေဝေနေသည့်ပုံပင်။ ယခုအချိန်တွင် သူသည်ကံကြမ္မာအမှတ်အတော်များများအားစုဆောင်းပြီးပြီဖြစ်ရာ ပဟေဠိသေတ္တာကိုလည်း အလွန်ဖွင့်ချင်နေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့်တစ်ခေါက်ပဟေဠိသေတ္တာဖွင့်တုန်းက သူ့အားကြီးမားသောပြောင်းလဲမှုတစ်ခု ယူဆောင်လာပေးခဲ့လေသည်။

သို့သော် ကံကြမ္မာအမှတ်၅သောင်းကျော်ရှိပြီး အမှတ်အဆင့်မှာ "ကြွယ်ဝများပြားသောကံကြမ္မာအမှတ်" အဆင့်ဖြစ်လျှင်တောင် ကံကြမ္မာအမှတ်၁သန်းဖြင့်တော့ ယှဉ်ပြိုင်၍မရနိုင်သေးပေ။

ဘုန်း

ရုတ်တရက် ၁၀မီတာကျော်အရှည်ရှိသော သံမဏိသွားမိကျောင်းတစ်ကောင်မှာ လျှပ်စီးကဲ့သို့သောအလျင်ဖြင့်ရွှံတောထဲမှ တိုးထွက်လာလေသည်။

ထိုသတ္တဝါကြီးမှာ သွေးဆာနေသောပါးစပ်ကြီးအားဟကာ ကျိုးဟောင်ထံသို့ခုန်ဝင်လာလေသည်။

ကျိုးဟောင်မှာကြည့်တောင်မကြည့်ဘဲနှင့် ဖြစ်သလိုပင်လက်သီးဖြင့်သေအောင်ထိုးသတ်လိုက်လေသည်။

ကံကြမ္မာအမှတ် : ၆၀၂၀၀ (လက်ရှိအဆင့် : ကြွယ်ဝများပြားသောကံကြမ္မာအမှတ်)

ဤအကောင်အားသတ်လိုက်ခြင်းသည် သူ့ကံကြမ္မာအမှတ်အား ၃ထောင်အထိတိုးလာစေလေသည်။အကြောင်းမှာ ဤသံမဏိသွားမိကျောင်း၏အစွမ်းမှာ မိစ္ဆာစစ်သူကြီးအဆင့်လောက် ရှိ၍ဖြစ်ပေသည်။

"ကံကြမ္မာအမှတ်သန်းချီရဖို့ဆို ငါမိစ္ဆာဘုရင်အဆင့် ၁၀ကောင်ကျော်နဲ့ မိစ္ဆာစစ်သူကြီးအဆင့် အကောင်၁၀၀နီးပါးလောက်သတ်မှရမယ်"

ကျိုးဟောင်မှာ စာသင်ခန်းထဲ၌ဆရာပြောခဲ့ဖူးသောစကားအား ပြန်သတိရလာလေသည်။ သူ့ဆရာပြောခဲ့သည်မှာ မိစ္ဆာသားရဲများမှာ"အဆင့်မြင့်လေ အသိဉာဏ်ပိုရှိလေ လူသားပညာရှင်များအား ပိုသတိထားမိလေ" ဟူသောအချက်ပင်ဖြစ်လေသည်။

ထို့အပြင်

မိစ္ဆာမျိုးနွယ်၏ ထိပ်တန်းပညာရှင်များမှာ မကြာခဏဆိုသလိုပင် သူတို့ပိုင်နက်အတွင်းရှိ မိစ္ဆာသားရဲများအားအာရုံခံလေသည်ဖြစ်ရာ အရေအတွက်အလျင်အမြန်လျော့သွားသည်နှင့်တစ်ပြိုင်နက် သေချာပေါက်သူတို့၏အာရုံစိုက်မှုအား ဆွဲဆောင်မိသလိုဖြစ်မည်ဖြစ်သည်။

ဤကိစ္စအားစဉ်းစားမိသည်နှင့် ကံကြမ္မာအမှတ်အားကြည့်ပြီးအံကြိတ်လိုက်လေသည်။ သူသည်ဝယ်ယူရေးဆိုင်စာမျက်နှာကိုဖွင့်ကာ ပဟေဠိသေတ္တာစာမျက်နှာအား ဖွင့်လိုက်လေသည်။

ယခုတစ်ခေါက်၌ သူချက်ချင်းပင်ပိုက်ဆံ၁သန်းအားဖြည့်လိုက်ပြီး ကောင်းကင်ဘုံလမ်းကြောင်းဒင်္ဂါးပြားအား လဲလှယ်လိုက်ရာ ကောင်းကင်ဘုံလမ်းကြောင်းဒင်္ဂါးပြား ၁သောင်းရလာလေသည်။

ဤအဓိပ္ပာယ်မှာ သူပဟေဠိသေတ္တာထောင်ချီဖွင့်နိုင်သည်ဟူသော အဓိပ္ပာယ်ဖြစ်ပေသည်။

ကျိုးဟောင်မှာကံကြမ္မာအမှတ်များကို ချက်ချင်းမသုံးသေးဘဲ တစ်ဆက်တည်းဖွင့်ရသောသေတ္တာ၁၀လုံးအား ဝယ်ယူလိုက်လေသည်။

"ဒင်....ပဟေဠိသေတ္တာမှ နှင်းဆီပန်းရရှိသည့်အတွက်ဂုဏ်ပြုပါတယ်"

"ဒင်....ဂုဏ်ပြုပါတယ်...နှင်းဆီပန်း"

"....."

‌ဤတစ်ဆက်တည်းဖွင့်ရသောသေတ္တာ၁၀လုံး၏ ကုန်ကျစရိတ်မှာ ၁သောင်းဖြစ်ပြီး သူပြန်ရသည့်အရာမှာ နှင်းဆီပန်း၁၂ပွင့်နှင့် ကောင်းကင်ဘုံလမ်းကြောင်းဒင်္ဂါးပြား ၁၀ပြားသာဖြစ်သည်။

"ဟင်း ကြည့်ရတာကံကြမ္မာအမှတ်သာမသုံးရင် ငါရသမျှကအကုန်အမှိုက်သာသာတွေကြီးပဲထင်တယ်" ကျိုးဟောင်မှာသက်ပြင်းချရင်း ခေါင်းယမ်းကာ ရုတ်တရက် သူထံတွင်ရှိနေသောကံကြမ္မာအမှတ်များအား ကျေးဇူးတင်နေမိလေသည်။

မဟုတ်လျှင် သူ့ရလဒ်မှာလည်းအခြားအသုံးပြုသူအများစုနှင့် အတူတူဖြစ်နေမှာပင်။

ကျိုးဟောင်သည် ကံကြမ္မာအမှတ်များကိုစိုက်ကြည့်ရင်း အသုံးချရန်ဆုံးဆုံးဖြတ်လိုက်လေသည်။

ဝှစ်

ကံကြမ္မာအမှတ် ၆သောင်းကျော်မှာ ချက်ချင်းပင်ပျောက်ကွယ်သွားလေတော့သည်။

ကျိုးဟောင်မှာပဟေဠိသေတ္တာကိုစိုက်ကြည့်ပြီး တစ်ဆက်တည်းဖွင့်ရသောသေတ္တာ၁၀လုံးအား ထပ်မံဝယ်ယူလိုက်လေသည်။

ယခုလက်ရှိရှိသော "ကြွယ်ဝများပြားသောကံကြမ္မာအမှတ်" အဆင့်ဖြင့် ဤသေတ္တာ၁၀လုံးမှ ဘာရနိုင်မလဲဆိုတာ သူကြည့်ချင်နေပြီဖြစ်သည်။

ကောင်းကင်ဘုံဒင်္ဂါးပြား ၁ရာ တစ်နည်းဆိုသော် ယွမ်၁သောင်းမှာ ချက်ချင်းပင်သူ့အကောင့်ထဲမှ နှုတ်ယူခံလိုက်ရလေတော့သည်။

ကျိုးဟောင်လည်း မမှိတ်မသုန်စိုက်ကြည့်နေလေသည်။

ဒင်....ပဟေဠိသေတ္တာမှ နှင်းဆီပန်းရရှိသည့်အတွက်ဂုဏ်ပြုပါတယ်"

"ဒင်....ဂုဏ်ပြုပါတယ်...နှင်းဆီပန်း"

"ဒင် ပဟေဠိသေတ္တာမှ ရှားပါးအ‌ဆင့်ဆေးလုံးဖြစ်သော ထိပ်တန်းအဆင့် သွေးစွမ်းအားတိုးပွားဆေးလုံး ရရှိသည့်အတွက် ဂုဏ်ပြုပါသည်"

"ဒင် ပဟေဠိသေတ္တာအားဖွင့်ပြီး ရှားပါးအ‌ဆင့်လက်နက်ဖြစ်သော မဟူရာလိပ်ချပ်ဝတ်အားရရှိသည့်အတွက် ဂုဏ်ယူပါသည်။

"....."

ထိုအချိန်မှာပင်.....

"ပဟေဠိသေတ္တာမှ ရှားပါးအဆင့်ဆေးလုံးရရှိသည့်အတွက် အသုံးပြုသူ 'ငါကသာမန်လူပါပဲ' အားဂုဏ်ပြုပါသည်။

"ပဟေဠိသေတ္တာမှ ရှားပါးအဆင့်လက်နက်ရရှိသည့်အတွက် အသုံးပြုသူ 'ငါကသာမန်လူပါပဲ' အားဂုဏ်ပြုပါသည်!"

....................................................................................

အခန်း(၂၁) ပြီးပါပြီ။

All Chapters