အခန်း ၂၂-၂၄
Vol. 2 Ch. 22-24
အခန်း (၂၂) - ဘုရင်အဆင့် မိစ္ဆာသားရဲ
၂ရက်၃ရက်လောက် တိတ်ဆိတ်နေခဲ့သောစကားပြောခန်းထဲ၌ အသုံးပြုသူအများအပြားမှာ ထပ်မံပြီးရူးသွပ်စွာအုံကြွလာကြပြီး အားလုံးမှာသူ့အားတန်ခိုးရှင်တစ်ပါးသဖွယ် ကိုးကွယ်နေကြလေသည်။
"ချီးပဲ ရှားပါးအဆင့်ပစ္စည်း၂ခု တစ်ခါတည်းဆက်တိုက်ရအောင် သူ့ကံကဘယ်လောက်တောင်ကောင်းနေတာလဲ!"
"သူ့ရဲ့တစ်ဆက်တည်းဖွင့်တဲ့
သေတ္တာက ၁၀လုံးလား အလုံး၁၀၀ ဖွင့်တာလား အား မနာလိုလိုက်တာ!"
"ချီးပဲ သူခိုးဆော့တာများလား ဘယ်လိုဖြစ်ပြီးတစ်ခါတည်းနဲ့ ရှားပါးအဆင့်ပစ္စည်းနှစ်ခုဆက်တိုက်ရတာလဲ"
"ငါများ တစ်ဆက်တည်းဖွင့်တဲ့သေတ္တာ ၁၀လုံးမကလို့ အလုံး၁၀၀လောက်ဝယ်ဖွင့်ရင်တောင် အမှိုက်တစ်ခုတောင်ရပါ့မလားပဲ"
....
သေချာပေါက်ပင် ကျိုးဟောင်မှာတော့ သူထပ်မံပြီးအားကျခံနေရသည်ကို မသိပေ။ သူ့အားခိုးဆော့သည်ဟု သံသယဝင်နေသော လူများတောင်ရှိပေသည်။
ယခုအချိန်၌ ရှားပါးအဆင့်ပစ္စည်းနှစ်ခုအားတွေ့လိုက်ရသည်ဖြစ်ရာ ကျိုးဟောင်စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။
ကျိုးဟောင်မှာ ပဟေဠိသေတ္တာနှင့်ပတ်သက်သော သတင်းအချက်အလက်များအား အာရုံစိုက်သည်ဖြစ်လေရာ ရှားပါးအဆင့်ပစ္စည်းရရန်အခွင့်အရေးမှာ အလွန်အင်မတန်ပင်နည်းကြောင်း ကောင်းစွာသိလေသည်။
ပုံမှန်အားဖြင့်အသုံးပြုသူတစ်ယောက်အတွက် ရှားပါးအဆင့်ပစ္စည်းတစ်ခုရရန် ၁၀ရက်လောက်ကြာပေသည်။
"ငါကံကြမ္မာအမှတ် ၆သောင်းကျော်နဲ့ရှားပါးအဆင့်ပစ္စည်း၂ခုရတယ်ဆိုပေမဲ့ ပထမတစ်ခေါက်ရတဲ့ ကျင့်ကြံရေးနည်းလမ်းလောက်တော့ မကောင်းဘူး" ကျိုးဟောင်သည်လည်း သူ့စိတ်သူပြင်ဆင်ထားပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကံကြမ္မာအမှတ် ၆သောင်းနှင့် ကံကြမ္မာအမှတ် ၁သန်းမှာတူညီသော အဆင့်မဟုတ်ပေ။
သို့သော် ရှားပါးအဆင့်ပစ္စည်းရတာဖြင့်ပင် သူအတော်ပျော်နေပြီဖြစ်သည်။
သူစိတ်မြန်လက်မြန်ပင် သူ့အကောင့်ကိုယ်ပိုင်စာမျက်နှာအားသွားပြီး ကျောပိုးအိတ်အားဖွင့်လိုက်လေသည်။ အိတ်ထဲ၌ပစ္စည်း၂မျိုးရှိပြီး ၎င်းတို့မှာ ထိပ်တန်းအဆင့်သွေးစွမ်းအားတိုးပွားဆေးလုံးနှင့် မဟူရာလိပ်ချပ်ဝတ်တို့ပင်ဖြစ်လေသည်။
ကျိုးဟောင်မှာဦးစွာ ထိပ်တန်းအဆင့်သွေးစွမ်းအားတိုးပွားဆေးလုံးအား အာရုံစိုက်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အသိပေးစာတစ်စောင်ဝင်လာလေသည် ။သွေးစွမ်းအားတိုးပွားဆေးလုံးအားသောက်သုံးပြီးနောက် ထိုပုဂ္ဂိုလ်၏တိုက်ခိုက်ရေးစွမ်းအားမှာ မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိဘဲ ချက်ချင်းဆိုသလို မြင့်တက်သွားမည်ဖြစ်သည်။
ကျိုးဟောင်ရဲ့မျက်လုံးများမှာအရောင်တောက်သွားလေသည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဝဲလ်၏ ထုတ်ကုန်ဆိုသည့်အတိုင်းပင် ဤထိပ်တန်းအဆင့်သွေးစွမ်းအားတိုးပွားဆေးလုံးမှာ အမှန်တကယ်ကိုကောင်းမွန်ပြီး စွမ်းအားကိုလည်းအပြည့်အဝအဆင့်ထိ တိုးမြှင့်ပေးနိုင်ပေသည်။
ဤအဓိပ္ပာယ်မှာ ကျိုးဟောင်သာ ထိုဆေးလုံးအားယခုသောက်လိုက်ပါက သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ထိပ်ဆုံးအဆင့်မဟာဆရာသခင်အဆင့်အား တိုက်ရိုက်ထိုးဖောက်ပြီး မူလအဆင့်အား ရောက်သွားမည်ဖြစ်သည်။
ဤအရာမှာ ထိပ်တန်းအဆင့် အသက်ကယ်ဝှက်ဖဲပင်ဖြစ်လေသည်။
ထို့နောက်ကျိုးဟောင်သည် မဟူရာလိပ်ချပ်ဝတ်အားပြန်ကြည့်လိုက်လေသည်။
ထိုချပ်ဝတ်နှင့်ပတ်သက်သော သတင်းအချက်အလက်များမှာ ချက်ချင်းပင်ဝင်ရောက်လာလေသည် : မဟူရာလိပ်ချပ်ဝတ်(ဖြစ်ထွန်းမှုအမျိုးအစား) ခေါင်းဆောင်း၊ ချပ်ဝတ်နှင့် တိုက်ခိုက်ရေးဖိနပ်တို့ပါဝင်သည်။
ဤအနီရောင်စပါးအုံးမြွေအား သူအစောကတည်းကသတိထားမိနေတာဖြစ်သော်လည်း မလှုပ်ရှားရသည့်တစ်ခုတည်းသောအကြောင်းအရင်းမှာ မဟူရာလိပ်ချပ်ဝတ်၏ ကာကွယ်ရေးစွမ်းအားအားစမ်းသပ်ချင်၍သာဖြစ်သည်။
ရွှီး….ရွှီး…
အနီရောင်စပါးအုံးမြွေ၏အမြီးဖြင့်ရစ်ပတ်ထားသောအားမှာ ရူးသွပ်စွာပင်တိုးလာလေသည။
သို့သော်ကျိုးဟောင်မှာ မည်သည့်ဖိအားမှမခံစားရပေ။ မဟူရာလိပ်နက်ချပ်ဝတ်ကြောင့် အနီရောင်စပါးအုန်းမြွေ၏အမြီးဖြင့်ရစ်ပတ်ထားသောစွမ်းအားမှာ လုံးဝအားနည်းနေသယောင်ပင်။
အနီရောင်စပါးအုန်းမြွေကြီးမှာ ဒေါသဖြစ်လာသည့်အလား ဒေါသတကြီးအော်ဟစ်ကာကြီးမားသောအမြီးကြီးအား ရူးသွပ်စွာပိုမိုရစ်ပတ်လာသော်လည်း ကျိုးဟောင်မှာတော့ အဆင်ပြေနေသည့်ပုံပင်။
"အနီရောင်စပါးအုန်းမြွေတစ်ကောင် အရွယ်ရောက်လာရင် ပုံမှန်ဆိုအဆင့်နိမ်အဆင့် မိစ္ဆာစစ်သူကြီးအဆင့်ရှိတယ်။ ဒီလိုမိစ္ဆာသားရဲမျိုးက စွမ်းအားအပြည့်နဲ့တိုက်တာကိုတောင် ငါ့ကိုကလိထိုးသလောက်ပဲရှိတယ်"
ကျိုးဟောင်မှာပြုံးလိုက်ပြီး မဟူရာလိပ်ချပ်ဝတ်၏ကာကွယ်ရေးစွမ်းအားမှာ အမှန်တကယ်ကို အလွန်သန်မာတာပဲ ဟုတွေးနေမိလေသည်။
ဘုန်း
ကျိုးဟောင်မှာ ဖြစ်သလိုလက်သီးတစ်ချက်ထိုးလိုက်ရာ ကြောက်မက်ဖွယ်ရာသွေးအနှစ်သာရစွမ်းအားမှာ အနီရောင်စပါးအုန်းမြွေအား တစ်ချက်တည်းနှင့် ဇာတ်သိမ်းသွားစေလေတော့သည်။
ယခုတစ်ခေါက်တွင်မူ ကျိုးဟောင်မှာ စပါးအုန်းမြွေနှင့်သံမဏိသွားမိကျောင်းတို့၏အလောင်းအား မဟူရာလိပ်နက်ချပ်ဝတ်တွင်ပါသောအိတ်ထဲအား ပစ်ထည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လေထဲတွင်လွင့်မျောနေသောဆေးလုံးကိုပါ အိတ်ထဲပစ်ထည့်လိုက်လေတော့သည်။
အားလုံးကိုစီမံပြီးနောက် ကျိုးဟောင်မှာအဆင့်မြင့်ချပ်ဝတ်ကိုထပ်မံဝတ်ဆင်ပြီး ရွှံ့နီတော၏အနက်ပိုင်းထဲသို့ လျင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဘုန်း ဘုန်း
စစ်သေနာပတိချုပ်ကျောက်နှင့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်အုပ်စုမှာ ရွှံ့နီတော၏အစွန်အဖျား၌ ဆင်းသက်လိုက်ကြပြီး ရေထဲတွင်ပေါ်နေသောသံမဏိသွားမိကျောင်းများ၏အလောင်းများအား ကြည့်လိုက်ကြလေသည်။
ထို့နောက် ထိုအုပ်စုမှာအလျင်အမြန်ပင် ရွှံ့နီတောထဲသို့ဝင်သွားလေတော့သည်။
ရွှံ့နီတောမှာ မြေနေရာကျယ်ပြန့်ပြီးသစ်ပင်များ ကောင်းမွန်စွာရှင်သန်ပေါက်ရောက်နေသောသစ်တောတစ်ခုပင်ဖြစ်လေရာ အပြင်ဘက်မှာအတွင်းကိုမမြင်ရပေ။
ဂါး….
မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ ရွှံ့နီတောထဲဝင်လာပြီးတစ်မိနစ်မပြည့်ခင်မှာပင် ရွှံ့နီတောအနက်ပိုင်းမှလာသော ထိတ်လန့်တကြားအော်ဟစ်သံတစ်ခုအားကြားလိုက်ရလေသည်။
"မကောင်းတော့ဘူး ဒါကဘုရင်အဆင့်မိစ္ဆာသားရဲဖြစ်တဲ့ သံမဏိသွားနဂါးမိကျောင်းပဲ!!" စစ်သေနာပတိချုပ်ကျောက်၏ မျက်နှာမှာသိသိသာသာပြောင်းလဲသွားလေသည်။
အခြားမဟာဆရာသခင်အဆင့် သိုင်းပညာရှင်များ၏ မျက်နှာများမှာလည်းသိသိသာသာပြောင်းလဲသွားလေသည်။
"ဒီသံမဏိသွားနဂါးမိကျောင်းက ပုံမှန်ဆိုအိပ်ပျော်နေတာပါ ဘာလို့နိုးလာတာလဲ"
"မေးနေစရာလိုသေးလို့လား မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တွေအများကြီးရဲ့ အရှိန်အဝါကြောင့်နိုးလာတာနေမှာပေါ့"
"အားလုံးပဲ အမြန်နှုန်းကိုတိုးကြမယ်။ ဒီသံမဏိသွားနဂါးမိကျောင်းက ရင်ဆိုင်ဖို့မလွယ်ဘူး"
"ဟုတ်တယ် ဟဲ့ပျောင်းပြောတာ ဒီမဟာဆရာသခင်အဆင့် သိုင်းပညာရှင်က အဆင့်မြင့်ချပ်ဝတ်ပဲဝတ်ထားတာတဲ့ တကယ်လို့သူသာ သံမဏိသွားနဂါးမိကျောင်းနဲ့ရင်ဆိုင်နေရရင် သူ့အတွက်အရမ်းအန္တရာယ်များလိမ့်မယ်"
မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ တွေးရင်းပူပန်နေလေတော့သည်။
စစ်သေနာပတိချုပ်ကျောက်မှာ တောင့်တင်းခိုင်မာသော တံတိုင်းသဖွယ် ရှေ့သို့တစ်ဟုန်ထိုးပြေးသွားလေတော့သည်။
အကယ်၍ အသစ်ထွက်ပေါ်လာသော ဤမဟာဆရာသခင်အဆင့် သိုင်းပညာရှင်သာ သူတို့၏နှောင့်နှေးမှုကြောင့် သံမဏိသွားနဂါးမိကျောင်း၏သတ်ဖြတ်ခြင်းကိုခံလိုက်ရပါက သူတို့မှာ လူသားမျိုးနွယ်၏အပြစ်သားများဖြစ်သွားပေလိမ့်မည်!
ဘုန်း ဘုန်း ဘုန်း
မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် အမြင့်ဆုံးအရှိန်နှုန်းနှင့် နောက်မှလိုက်ပါသွားကြလေတော့သည်။
...................................................................................
အခန်း (၂၂) ပြီးပါပြီ
အခန်း (၂၃) - ဘုရင်အဆင့်မိစ္ဆာသားရဲတွေက သိပ်အားနည်းလွန်းတယ်
ကျိုးဟောင်မှာ ကြက်သွေးရောင်သွေးနွယ်ပင်ကိုရှာပြီးနောက် ထွက်သွားတော့မဲ့အချိန်မှာပင် ပတ်ဝန်းကျင်ရှိရေပြင်မှာ ပြင်းထန်စွာ လှုပ်ရှားလာလေသည်။
ထိုလှုပ်ရှားမှုနှင့်တစ်ဆက်တည်း ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံတစ်ခုကိုပါကြားလိုက်ရသည်။
မီတာ ၃၀၀ ကျော် ၄၀၀ လောက်အရှည်ရှိပြီး ကြီးမားသောကိုယ်ထည်တွင်ဆူးများနှင့်ပြည့်နှက်နေသောမိကျောင်းကြီးမှာ ကျွန်းငယ်တစ်ခုသဖွယ် ရေထဲမှအလောတကြီးခုန်ထွက်လာလေသည်။
၎င်း၏အေးစက်ပြီး ဂရုမစိုက်ဟန်ပေါ်သော မျက်လုံးများက ကျိုးဟောင်ရှိရာကို စိုက်ကြည့်နေလေသည်။
စင်စစ်တွင် ဤသတ္တဝါကြီးမှာ သံမဏိသွားမိကျောင်းများတိုက်ခိုက်ခံရကတည်းက ကျိုးဟောင်၏တည်ရှိမှုကို သိထားပြီးသားဖြစ်သော်လည်း ကျိုးဟောင်မှာမိစ္ဆာအဆင့်စစ်သူကြီးများကိုသာ သတ်ဖြတ်နေ၍ သိပ်ဂရုမစိုက်ခြင်းဖြစ်သည်။ သို့သော် တော၏အပြင်ဘက်၌ လူသားမျိုးနွယ်၏မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၁၀ယောက်ကျော် ရောက်လာလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားပေ။
ထိုပညာရှင်များ၏ရောက်ရှိလာမှုကြောင့် ဤသတ္တဝါကြီးမှာ ချက်ချင်းနိုးလာခြင်းဖြစ်ပေသည်။
"မင်းတို့ကငါ့ကိုဝိုင်းချင်တာလား ဟမ့် ငါမင်းတို့ရဲ့လူသားမျိုးနွယ်ကအငယ်တွေကို အရင်စားပစ်မယ်"
ထိုအတွေးနှင့်အတူ သံမဏိသွားနဂါးမိကျောင်းကြီးမှာ ကျိုးဟောင်ဆီသို့ ပြေးဝင်လာလေသည်။
သံမဏိသွားနဂါးမိကျောင်းကြီးမှာ မီတာပေါင်းထောင်ချီကိုကျော်ဖြတ်ကာ ကျိုးဟောင်၏ရှေ့သို့ရောက်လာလေသည်။
သူ၏သွေးဆာနေသောပါးစပ်ကြီးကို ဖွင့်ထားရာ အကျယ်မှာသုံးထပ်တိုက်တစ်လုံးထက်ပင်ပိုရှည်လေသည်။
ကျိုးဟောင်မှာ မလှုပ်မယှက်ပဲရပ်နေသောကြောင့်သံမဏိသွားနဂါးမိကျောင်း၏အတွေးထဲတွင်တော့ ကျိုးဟောင်မှာ ရူးသွပ်လောက်အောင်ကြောက်နေပြီဟု ထင်နေလေသည်။
"အဆင့်မရှိတဲ့ပုရွတ်ဆိတ်လေး" သံမဏိသွားနဂါးမိကျောင်း၏အေးစက်သောမျက်လုံးထဲတွင် အထင်သေးသောပုံရိပ်မျိုးပေါ်လာလေသည်။ အကယ်၍ အခြားအချိန်သာဖြစ်ပါက ဤကဲ့သို့သော သိုင်းပညာရှင်တစ်ယောက်အား အလုပ်ရှုပ်ခံပြီး စားမနေပေ။
ထိုသတ္တဝါကြီး၏သွေးဆာနေသော ပါးစပ်ကြီးမှာ ကျိုးဟောင်အနားသို့ရောက်ခါနီးမှာပင် ကျိုးဟောင်ကလှုပ်ရှားလိုက်လေသည်။
လက်သီးကိုမြှောက်လိုက်ရာ သူ့ကိုယ်ထဲရှိသွေးအနှစ်သာရများက တစ်ရှိန်ထိုးတိုးလာလေသည်။
ရှေးကျသော နဂါးနှင့်ဆင်တို့၏ပုံသဏ္ဍာန်ဖျော့ဖျော့က သူ့နောက်တွင်ပေါ်လာပြီး အလွန်ကျယ်လောင်သော အော်ဟစ်သံတစ်ခုထွက်ပေါ်လာလေသည်။
ဘုန်း!
ကျိုးဟောင်၏လက်သီးမှာ ဘုရင်အဆင့်မိစ္ဆာသားရဲ၏ သွေးဆာနေသော ပါးစပ်ထံသို့ အရှိန်ပြင်းစွာထိုးဖောက်ဝင်ရောက်သွားလေသည်။
ပြိုင်ဘက်ကင်းသော ကြောက်မက်ဖွယ်ရာခွန်အားက တရိပ်ရိပ်ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားလေသည်။
ပတ်ပတ်လည်ရှိ လေလှိုင်းများမှတစ်ဆင့် မှိုပွင့်သဏ္ဍာန်တိမ်တိုက်များဖြစ်ပေါ်လာပြီး အရပ် ၈ မျက်နှာသို့ ပျံ့နှံ့သွားကြသလို သူ့ခြေထောက်အောက်ရှိရေပြင်မှာလည်း ကြီးမားသောရေလှိုင်းဝဲဂယက်များ အဆင့်ဆင့်ဖြစ်ပေါ်လာပြီး အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် နေရာအနှံ့ပျံ့နှံ့သွားကြသည်။
သံမဏိသွားနဂါးမိကျောင်း၏အေးစက်သောမျက်လုံးထဲ၌ ချက်ချင်းပင် အကြောက်တရားဟူသော ပုံရိပ်မျိုးထွက်ပေါ်လာလေသည်။ သံမဏိသွားနဂါးမိကျောင်း ယခုခံစားနေရသည်မှာ သာမန်သိုင်းပညာရှင်အား ဝါးမျိုဖျက်ဆီးခြင်းမဟုတ်ဘဲ သူ့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းနဂါးနှင့်ဆင်အား ဝါးမျိုဖျက်ဆီးနေရနေသလိုပင်ဖြစ်သည်။
ဘန်း
သို့သော် ယခုမှရပ်တန့်ရန်မှာ အလွန်နောက်ကျသွားပြီဖြစ်ပေသည်။
သံမဏိသွားနဂါးမိကျောင်းမှာချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာဖိအားတစ်ခု ပျံ့နှံ့လာသည်ကိုခံစားမိလိုက်လေသည်။ သူ့ကိုယ်တွင်းရှိကလီစာအများစုနှင့် အရိုးများမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားလေသည်။
"ဘယ်....ဘယ်လိုဖြစ်တည်မှုမျိုးကို ငါရန်သွားစမိတာလဲ" ထိုကဲ့သို့သောအတွေးနှင့်အတူ အေးစက်သောမျက်လုံးများမှာလည်း တဖြည်းဖြည်းအမှောင်ဖုံးသွားလေတော့သည်။
ဘုန်း…
မီတာ ၃၀ဝကျော်အရှည်ရှိသော သံမဏိသွားနဂါးမိကျောင်းကြီးမှာ မြေပြင်ပေါ်သို့ပြင်းထန်စွာပြုတ်ကျလာလေတော့သည်။
ကျိုးဟောင်မှာလည်း ပြုတ်ကျလာသောသံမဏိသွားနဂါးမိကျောင်းကြီးအားမြင်မှ သက်ပြင်းချရဲတော့သည်။ သူ၏ခွန်အားမှာ မည်မျှသန်မာနေပါစေ ဘုရင်အဆင့်မိစ္ဆာသားရဲနှင့်ရင်ဆိုင်ရသည့်အချိန်မှာတော့ အနည်းငယ်တော့ပူပန်စိတ်ရှိတာအမှန်ပင်။ထို့ကြောင့်သာ သူ့ခွန်အား၏ ၈၀ ရာခိုင်နှုန်းအထိတောင် သုံးခဲ့ခြင်းဖြစ်ပေသည်။
အဆုံး၌ သံမဏိသွားနဂါးမိကျောင်းမှာ သူမျှော်လင့်ထားသလို သေဆုံးသွားပေသည်။
"ဘုရင်အဆင့် မိစ္ဆာသားရဲကဒီလောက်အားနည်းလိမ့်မယ်လို့ မထင်ထားဘူး" ကျိုးဟောင်မှာစိတ်ပျက်သလို ခေါင်းယမ်းရင်း သက်ပြင်းချလိုက်လေသည်။ ထို့နောက်သူသတ်ခဲ့သော သံမဏိသွားနဂါးမိကျောင်း၏အလောင်းအား သူ့ချပ်ဝတ်တွင်ပါသောအိတ်အလွတ်ထဲသို့ထည့်လိုက်လေသည်။
မဟူရာလိပ်ချပ်ဝတ်ရှိနေပါက မိစ္ဆာသားရဲပစ္စည်းများအား စုဆောင်းရန်မှာ အမှန်တကယ်ပင် အလွန်အဆင်ပြေလှပေသည်။
မီတာ၁သောင်းအဝေး၌....စွမ်းအားပြင်းသော လေလှိုင်းများမှာ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များထံသို့ တစ်ရှိန်ထိုးရောက်လာလေသည်။
၃မီတာနီးပါးအရှည်ရှိသော ရေဝဲဂယက်လှိုင်းများမှာလည်း အနောက်မှနီးကပ်စွာလိုက်ပါလာလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်အုပ်စု၏ အမူအရာမှာသိသိသာသာပင်ပြောင်းလဲသွားလေသည်။
"အားကောင်းလိုက်တဲ့အရှိန်အဝါ"
"တိုက်ပွဲက ဘယ်လိုဖြစ်နေပြီလဲမသိဘူး"
"သေချာပေါက် အရမ်းပြင်းထန်မှာပဲ"
သိုင်းပညာရှင်အုပ်စုမှာ အချင်းချင်းကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူပြီးအရှိန်မြင့်လိုက်ကြလေသည်။ အကယ်၍ မြင်သာသောနယ်မြေဖြစ်ပါက မီတာ၁သောင်းမှာ သူတို့လို့ပညာရှင်များအတွက် မျက်စိတစ်မှိတ်အတွင်းသွားနိုင်သောအကွာအဝေးဖြစ်ပေသည်
သို့သော် ယခုရောက်နေသောနေရာမှာရွှံ့နီတောဖြစ်လေရာ မြေပြင်အနေအထားမှာရှုပ်ထွေးပြီး ရေပြင်ကိုလည်းယုံကြည်လို့မရပေ။ ထို့ကြောင့် စစ်သေနာပတိချုပ်ကျောက်နှင့်အခြားပညာရှင်များမှာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ရောက်ရန် ၁၀စက္ကန့်လောက် ကြာသွားလေသည်။
"သူဘယ်မှာလဲ"
"သံမဏိသွားနဂါးမိကျောင်းကရော ဘယ်မှာလဲ"
တိုက်ပွဲနေရာသို့ရောက်ရှိပြီးနောက် သူတို့သိလိုက်ရသည်မှာ သံမဏိသွားနဂါးမိကျောင်းနှင့် အသစ်ပေါ်ပေါက်လာသောမဟာဆရာသခင်အဆင့် သိုင်းပညာရှင် နှစ်ယောက်လုံးပျောက်ကွယ်သွားပြီး တိုက်ပွဲဖြစ်ထားသော ခြေရာလက်ရာများသာ ကြွင်းကျန်ခဲ့သည်ဟူသော အချက်ပင်ဖြစ်လေသည်။
"အားလုံး ပတ်ဝန်းကျင်ကိုပတ်ကြည့်ကြ" စစ်သေနာပတိချုပ်ကျောက်မှာ အော်ပြောလိုက်လေသည်။
အခြားမဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ ခေါင်းညိတ်ပြလိုက်ပြီး ရေထဲခုန်ဆင်းသူဆင်းပြီး အပျက်အစီးသဲလွန်စများအား ရှာဖွေလေတော့သည်။ အားလုံးစိတ်လှုပ်ရှားစွာရှာဖွေနေကြသော်လည်း
မည်သည့် သဲလွန်စမှရှာမတွေ့သေးပေ။
ထိုအချိန်မှာပင် ဟဲ့ပျောင်းက ချပ်ဝတ်ရှာဖွေရေးကိရိယာကို အသက်သွင်းလိုက်လေသည်။ ပုံမှန်အခြေအနေဆိုပါက မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ ဒီလိုကိရိယာမျိုးကို အသက်သွင်းခဲပေသည်။ များသောအားဖြင့် မိစ္ဆာသားရဲများအားရှာဖွေရန် သူတို့၏အသိစိတ်ကိုသာ အသုံးပြုခြင်းဖြစ်ပေသည်။
"စစ်သေနာပတိချုပ်ကျောက် အပူလှိုင်းထွက်တာမျိုး လုံးဝမရှိဘူး" စစ်သေနာပတိချုပ်ကျောက်သေချာစစ်ဆေးနေတာကိုမြင်ပြီး ဟဲ့ပျောင်းကခေါင်းခါလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် ကျုပ်အဆင့်မြင့်ချပ်ဝတ်အပိုင်းအစတွေ ရှာတွေ့တယ်" မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်မှာ ချပ်ဝတ်အပိုင်းအစများကိုကောက်ယူပြီး အလောတကြီးပြေးလာလေသည်။
ဘာမှရှာမတွေ့သော မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာလည်း ပြန်လာကြလေသည်။
ချပ်ဝတ်အပိုင်းအစများကိုမြင်လိုက်ရသောအခါ သူတို့၏အမူအရာမှာအကျည်းတန်သွားလေသည်။
စစ်သေနာပတိချုပ်ကျောက်လည်း အသံနက်နက်ဖြင့်
"ဒါက အဆင့်မြင့်ချပ်ဝတ်လေးတစ်ခုပဲ သူ့ရဲ့ကာကွယ်နိုင်စွမ်းကအရမ်းနိမ့်တယ်။ သံမဏိသွားနဂါးမိကျောင်းတစ်ကောင်းတည်းဆီကထွက်လာတဲ့ တိုက်ခိုက်မှုဖိအားနဲ့တောင် ဒါကိုအပိုင်းပိုင်းဖြစ်စေနိုင်တာ ဒါဘာအဓိပ္ပာယ်မှ မရှိဘူး"
"သူတို့နှစ်ယောက်လုံးသေသွားကြတာများလား" မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ခန့်မှန်းသလိုပြောလိုက်လေသည်။
"အဲဒီလိုဆိုရင်တောင် အလောင်းမရှိစရာအကြောင်းမှမရှိတာ" အခြားမဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်မှာလည်း ခေါင်းခါရင်းပြောလိုက်လေသည်။
စစ်သေနာပတိချုပ်ကျောက်မှာ တိုက်ပွဲနေရာတစ်ခုလုံးကိုခြုံငုံကြည့်လိုက်ပြီးနောက် ရုတ်တရက်ပြုံးလိုက်လေသည်။
"တကယ်လို့အလောင်းတွေမရှိရင် ဖြစ်နိုင်တာတစ်ခုပဲရှိတယ်"
ဝှစ်! ဝှစ်! ဝှစ်!
အခြားမဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာလည်း အားလုံး သေချာစစ်ဆေးကြည့်နေကြလေသည်။
အခန်း(၂၃) ပြီးပါပြီ......
အခန်း (၂၄) - သူက အထွတ်အထိပ် မဟာဆရာသခင်အဆင့်များလား
"ဘာဖြစ်နိုင်ခြေလဲ" ဟဲ့ပျောင်းကမနေနိုင်ပဲမေးလိုက်မိသည်။
"ရှင်းပါတယ်။ ဒီအသစ်ပေါ်လာတဲ့မဟာဆရာသခင်အဆင့်သိုင်းပညာရှင်က သံမဏိသွားနဂါးမိကျောင်းကိုသတ်ပြီး အလောင်းကိုယူသွားတာပဲ" စစ်သေနာပတိချုပ်ကျောက်မှာ ဖြည်းညှင်းစွာပြောလိုက်လေသည်။
သူ့ထံမှစကားသံဆုံးသည်နှင့်
မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များ၏ မျက်လုံးများမှာပြူးကျယ်ကုန်လေသည်။
"မဖြစ်နိုင်ဘူး!"
"လုံးဝမဖြစ်နိုင်ဘူး!"
"ဒါကအရမ်းအဓိပ္ပာယ်မရှိဘူး။ သံမဏိသွားနဂါးမိကျောင်းက ဘုရင်အဆင့်မိစ္ဆာသားရဲ ပြီးတော့သူ့ရဲ့ခုခံနိုင်စွမ်းက ယှဥ်မရအောင်ကိုစွမ်းအားကြီးတယ်။ စစ်သေနာပတိချုပ်ကျောက် ခင်ဗျားလောက် သန်မာပါတယ်ဆိုတဲ့လူကအားအပြည့်နဲ့တိုက်ရင်တောင် ဒဏ်ရာရစေရုံလောက်ပဲဖြစ်နိုင်မှာ"
"ဟုတ်တယ် ကျုပ်တို့အော်သံကြားတာနဲ့ဒီကိုချက်ချင်းထွက်လာကြတာ ဒီကိုရောက်တဲ့အထိဆို စက္ကန့်၃၀လောက်ပဲကြာတာ။ စစ်သေနာပတိချုပ်ကျောက် ခင်ဗျားဆိုရင်တောင်မှ ဒီသတ္တဝါကို ဒီလောက်အချိန်တိုလေးအတွင်းမှာတော့ မသတ်နိုင်ဘူးမဟုတ်လား"
အားလုံးမှာအပြင်းအထန် ငြင်းခုံနေကြလေသည်။
သူတို့အားလုံးမှာ မဟာဆရာသခင်အဆင့်ရှိသူများဖြစ်ပြီး ဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်နှင့်ရင်ဆိုင်ဖို့ရာ မည်မျှခက်ကြောင်းသိကြလေသည်။
အကယ်၍ ယခုလိုအဆင့်ရှိသောသတ္တဝါများအား ဒီလောက်အလွယ်တကူသတ်နိုင်ပါက လူသားမျိုးနွယ်များဆုံးရှုံးသွားခဲ့ရသောမြေများအား ယခင်ကတည်းကပြန်တိုက်ယူပြီးလောက်ပေပြီ။
စစ်သေနာပတိချုပ်ကျောက်က ဂရုမစိုက်ဟန်ပြောလိုက်သည်။
" အဆင့်မြင့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကတော့ ဒီလိုမလုပ်နိုင်ပေမဲ့ တကယ်လို့သူက အထွတ်အထိပ် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်ဆိုရင်ရော"
ထိုစကားအားကြားလိုက်ရသည့်အခါ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ မှင်တက်သွားကြလေသည်။
"အထွတ်အထိပ် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်"
သူတို့ဤအချက်အား တကယ်ကိုမတွေး
မိပေ။အကြောင်းအရင်းမှာ ယခုပြောနေသော အထွတ်အထိပ်မဟာဆရာသခင်အဆင့်ရောက်ရန်မှာ အလွန်အမင်းခက်ခဲသောကြောင့်ပင်။ လုံလောက်သောအရင်းအမြစ်များနှင့်ပံ့ပိုးမှုရှိပါက သာမန်မဟာဆရာသခင်အဆင့်အားထိုးဖောက်နိုင်ပြီး အဆင့်မြင့်မဟာဆရာသခင်အဆင့်အားရောက်ရှိရန် ဖြစ်နိုင်သော်လည်း အထွတ်အထိပ်မဟာဆရာသခင်အဆင့်ရောက်ရန်တော့ မဖြစ်နိုင်ပေ။
ခိုင်မာသောဝီရိယနှင့်စိတ်ရှည်မှုမရှိပါက ထိုအဆင့်မှာမဖြစ်နိုင်သော စွမ်းဆောင်မှုပေ။
အဆင့်မြင့်မဟာဆရာသခင်နှင့် အထွတ်အထိပ် မဟာဆရာသခင် မှာ အဆင့်တစ်ခုသာကွာခြားသော်လည်း ထိုနှစ်ဆင့်ကြားကကွာခြားမှုမှာ စင်စစ်အလွန်ကြီးမားလှပေသည်။ အထွတ်အထိပ် မဟာဆရာသခင် သိုင်းပညာရှင်များမှာ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အကောင်းဆုံးအရာများအား ရရှိထားပြီး လူသားဟူသောကန့်သတ်ချက်ကိုကျော်လွန်နိုင်သူများဖြစ်ပေသည်။
မည်သူမျှစကားတစ်ခွန်းမှမပြောသည်ကိုမြင်သောအခါ စစ်သေနာပတိချုပ်ကျောက်မှဆက်လက်၍ "ငါတို့ခုနကမြင်ခဲ့တဲ့ အပြာရောင်ဦးချိုနဲ့သွေးဝံပုလွေ၊ ချိုတစ်ချောင်းပါကြံ့ဘုရင်၊ ပြီးတော့တခြားမိစ္ဆာစစ်သူကြီးအဆင့်အလောင်းတွေ အားလုံးက ဒီပညာရှင်ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကြောင့် အသတ်ခံခဲ့ရတာ တကယ်လို့သူကသူ့စွမ်းအားကို အရမ်းယုံကြည်လို့သာမဟုတ်ရင် ဒီပညာရှင်က သူ့လက်သီးကိုလက်နက်အနေနဲ့သုံးမှာမဟုတ်ဘူး"
စစ်သေနာပတိချုပ်ကျောက်မှာ ပြောနေရင်းခေတ္တရပ်လိုက်ပြီးပြုံးလိုက်လေသည်။ "သံမဏိသွားနဂါးမိကျောင်းရဲ့အလောင်းက မီတာ၃၀၀ကျော်လောက်ရှည်တာ။ အထွတ်အထိပ် မဟာဆရာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်မှာပဲ ဒီလိုသတ္တဝါမျိုးရဲ့အလောင်းကို သိမ်းနိုင်တဲ့ပစ္စည်းမျိုးရှိမှာ"
အခြားအဆင့်မြင့်မဟာဆရာသခင်အဆင့်သိုင်းပညာရှင်များမှာ ယခုတော့နားလည်သွားပေပြီ။
မှန်ပေသည်။
သာမန်မဟာဆရာသခင်အဆင့်တစ်ယောက်ဝတ်သော ချပ်ဝတ်တွင်ပါသောအိတ်ပင် သိမ်းဆည်းနိုင်သောပမာဏနည်းလေရာ အဆင့်မြင့်မိစ္ဆာစစ်သူကြီးအဆင့်ရှိသော သားရဲတစ်ကောင်၏အလောင်းကိုပင် မနည်းသိမ်းရလေသည်။
အကယ်၍ ထိုပညာရှင်သာ သံမဏိသွားနဂါးမိကျောင်း၏အလောင်းကို အမှန်တကယ်ယူသွားသည်ဆိုပါက ထိုအဓိပ္ပာယ်မှာ သူ့ထံ၌ပို၍ဝင်ဆန့်သောအိတ်ရှိနေ၍ပင်ဖြစ်လေသည်။
"စစ်သေနာပတိချုပ်ကျောက်ရဲ့သုံးသပ်ချက်က အဓိပ္ပာယ်ရှိတယ်"
"ဟုတ်တယ် ဒီမဟာဆရာသခင်အဆင့်ပညာရှင်က
အထွတ်အထိပ်အဆင့်ရောက်နေတဲ့လူဖြစ်မယ်လို့ ကျုပ်တကယ်မထင်ထားဘူး"
"သူက ဟွာတုန်းမြို့ကိုလာလည်တဲ့ အရှင်သခင်တစ်ယောက်ယောက်ပဲနေမယ်"
"ဟုတ်တယ်
အထွတ်အထိပ် မဟာဆရာသခင်အဆင့်ဆိုတာ ဒီလောက်ရှားပါးတာ ပြီးတော့ အဲဒီအဆင့်ရောက်နိုင်တဲ့အလားအလာရှိတဲ့လူ တစ်ယောက်ချင်းစီတိုင်းကိုလည်း အဖွဲ့အစည်းအကြီးကြီးတွေက အစောကြီးကတည်းကစည်းရုံးထားကြတာ။ အားလုံးကိုလည်း စာရင်းထဲမှာမှတ်တမ်းတင်ထားပြီးသား"
မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များမှာ ဆွေးနွေးနေကြရင်း တစ်ချိန်တည်းမှာပင် သူတို့သက်ပြင်းချလိုက်မိလေသည်။
အထွတ်အထိပ် မဟာဆရာသခင်အဆင့်ပညာရှင်အများစုမှာ အဖွဲ့အစည်းများရှိကြပြီး တစ်ယောက်တည်းအလုပ်မလုပ်ကြပေ။
ထိုကဲ့သို့အဆင့်ရှိသောပညာရှင်အား သူတို့အဖွဲ့ထဲဝင်ရန် သူတို့သေချာပေါက်စည်းရုံးနိုင်မည်မဟုတ်ပေ။
တစ်နည်းဆိုရသော် ယခုတစ်ခေါက်လာရသောခရီးမှာ အလကားဖြစ်သွားပေပြီ။
"ပြန်ကြစို့"
မဟာဆရာသခင်အဆင့် သိုင်းပညာရှင်၁၀ယောက်ကျော်မှာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းရင်း ပြန်သွားကြလေရာ ဟဲ့ပျောင်းတစ်ယောက်သာကျန်ခဲ့လေသည်။
အခြား မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များထွက်သွားပြီးနောက် သူသည် စစ်သေနာပတိချုပ်ကျောက်၏ဘေးသို့လျှောက်လာပြီး မေးလိုက်လေသည်။ "စစ်သေနာပတိချုပ်ကျောက် အခုမှအသစ်ပေါ်လာတဲ့ မဟာဆရာသခင်အဆင့်ပညာရှင်တစ်ယောက်က အထွတ်အထိပ်အဆင့်ကိုတန်းရောက်ဖို့ဆိုတာ ဖြစ်နိုင်လား"
စစ်သေနာပတိချုပ်ကျောက်မှာ ခဏတာတွေဝေသွားလေသည်။
"စစ်သေနာပတိချုပ်ကျောက် ကျုပ်ပွင့်ပွင့်လင်းလင်းပဲပြောမယ် ဒီအထွတ်အထိပ် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်ကို အရင်ကကျုပ်ကိုယ်တိုင်တွေ့ဖူးတယ် အဲဒီအချိန်တုန်းက သူကသာမန်ချပ်ဝတ် ဝတ်ထားပြီးတော့ သူ့ခေါင်းဆောင်းနဲ့မျက်နှာဖုံးကို မချွတ်ဘူး ဒါပေမဲ့သူ့ဆီကနေသာမန်လူတစ်ယောက်ရဲ့ အရှိန်အဝါကိုပဲခံစားရတယ်"
စစ်သေနာပတိချုပ်ကျောက်မှာ မျက်မှောင်ကြုတ်သွားပြီး "ဒါကသာမန်ပဲလေ အထွတ်အထိပ်အဆင့်မဟာဆရာသခင်တစ်ယောက်က ခြွင်းချက်မရှိ သူ့ရဲ့အရှိန်အဝါကို ဖုံးထားလို့ရတာပဲ"
"ကျုပ်သိပါတယ် ဒါပေမဲ့ဒီအထွတ်အထိပ်မဟာဆရာသခင်အဆင့်ပညာရှင်က အပြာရောင်ဦးချိုနဲ့သွေးဝံပုလွေရဲ့ချိုကိုဖြတ်ဖို့ ကျုပ်ရဲ့တိုက်ပွဲဓားကိုသုံးတယ် ပြီးတော့ ချိုတစ်ချောင်းပါကြံ့ဘုရင်နဲ့တွေ့တော့လည်း သူချိုကိုဒီတိုင်းအားသုံးပြီး အတင်းထုတ်ယူခဲ့တာ"ဟု ဟဲ့ပျောင်းကဖြည်းညှင်းစွာပြောလိုက်လေသည်။
ထိုစကားကြားသောအခါ စစ်သေနာပတိချုပ်ကျောက်၏မျက်ဆံများမှာ လှုပ်ရှားသွားလေသည်။
ထိုအချိန်၌ ဟဲ့ပျောင်း၏အသံကဆက်ထွက်လာလေသည်။ "ပုံမှန်ဆို အသစ်ကလေးတွေပဲ ပစ္စည်းတွေကိုဒီလိုကိုင်တွယ်တာ တကယ်လို့ဒီအထွတ်အထိပ် မဟာဆရာသခင်အဆင့်ပညာရှင်က တခြားအဖွဲ့အစည်းကသာဆိုရင် သူ့ဆီမှာလက်နက်မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး ပြီးတော့ပစ္စည်းတွေကိုလည်း ဒီလိုကိုင်တွယ်မှာမဟုတ်ဘူး"
စစ်သေနာပတိချုပ်ကျောက်၏အသက်ရှုသံမှာ ပြင်းထန်လာပြီး မြန်တောင်မြန်လာလေသည်။
"ပါမောက္ခချုပ်ဟဲ့ ခုမှအသစ်ပေါ်လာတဲ့ မဟာဆရာသခင်တစ်ယောက်က အထွတ်အထိပ်အဆင့်ရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပေမဲ့ ရှေ့ကမျိုးဆက်တွေရဲ့ ပညာရှင်တွေကြားထဲမှာတော့ မဟာဆရာသခင်အဆင့်ကို ထိုးဖောက်ပြီးပြီးချင်းပဲ အထွတ်အထိပ်အဆင့်ရောက်တဲ့လူတစ်ချို့ရှိတယ်!!"
ထိုစကားပြောပြီးသည်နှင့် နှစ်ယောက်သားမှာ စိတ်အားထက်သန်မှုအပြည့်ဖြင့် အချင်းချင်းကြည့်မိလိုက်ကြလေသည်။
အကယ်၍ အထွတ်အထိပ်မဟာဆရာသခင်တစ်ယောက်က တမင်ရည်ရွယ်၍စွမ်းအားကိုဖုံးကွယ်ပြီး လူမသိအောင်နေလျှင်တောင် သူ၏ပုံမှန်အလေ့အကျင့်တွေ အများစုကတော့မပြောင်းလဲဘဲရှိနေမည်ကို သူတို့နှစ်ယောက်လုံးသိပေသည်။
အထူးသဖြင့် ပစ္စည်းများအားကိုင်တွယ်ရာတွင်ဖြစ်သည်။
အလေ့အကျင့်မှာ အခြေခံအားဖြင့် ဖုံးကွယ်ထားလို့မရသော အရာပင်ဖြစ်ပေသည်။
....................................................................................
အခန်း (၂၄) ပြီးပါပြီ။