← Chapters

အခန်း ၂၈-၃၀

Vol. 2 Ch. 28-30

အခန်း ၂၈-၃၀

Vol. 2 Ch. 28-30

အခန်း (၂၈) : ပိုက်ဆံများများရရန် ပစ္စည်းများအားထုတ်ရောင်းခြင်း

တတိယနှစ်ကျောင်းသားများအားလုံးမှာ တစ်နေ့လုံးဆူညံနေကြလေသည်။

အချို့မှာတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွက် သဘောတူကြပြီး သူတို့၏ရည်မှန်းချက်မှာ သိုင်းပညာကျင့်ကြံ၍ အခြားမျိုးနွယ်စုများကိုသတ်ပြီး မြို့ကိုကာကွယ်ရန်ဖြစ်ကတည်းက ယခုလိုပြိုင်ပွဲတွင် ပါဝင်သည်မှာ သာမန်ပင်ဖြစ်သည်ဟု တွေးမိကြလေသည်။

တစ်ချို့မှာမူအထက်တန်းကျောင်းသားများမှာ အခြေခံအုတ်မြစ်ခိုင်ခံ့အောင် လေ့ကျင့်ရန်ကိုသာအာရုံစိုက်ထားသင့်သည်ဟုတွေးပြီး သဘောမတူကြပေ။ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို သိုင်းပညာရှင်ဖြစ်လာပြီးနောက်ပိုင်းမှသာ စဉ်းစားသင့်သည်ဟုထင်ကြလေသည်။

ကျိုးဟောင်၏ထိုင်ခုံရှေ့ရှိ ရှုလင်သည်လည်းသူမဘေးကအတန်းဖော်နှင့်ဆွေးနွေးနေလေသည်။

"ကံကောင်းလို့ ငါစာရင်းမပေးခဲ့မိဘူး မဟုတ်ရင် သန္ဓေပြောင်းသားရဲတွေနဲ့ တိုက်ရမယ်ဆိုတဲ့အတွေးနဲ့တင် ခြေတောင်ခိုင်မှာမဟုတ်ဘူး" ရှုလင်ဘေးတွင်ထိုင်သောအတန်းဖော်ကောင်မလေးမှာ စာရင်းမပေးမိသည်ကို ဝမ်းသာနေလေသည်။

သို့သော်ရှုလင်ကတော့ ခေါင်းယမ်းရင်း

ပြောလိုက်လေသည်။ "သိုင်းပညာလေ့ကျင့်ရတဲ့ရည်ရွယ်ချက်က အခြားမျိုးနွယ်စုတွေကိုတိုက်ခိုက်ဖို့ပဲ တကယ့်တိုက်ပွဲတွေနဲ့ ကြိုပြီးအထိအတွေ့ရှိထားမှ ငါတို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုအသင့်ပြင်ထားနိုင်မှာ။ ဒီလိုမှ ငါတို့နောက်ကို အခြားမျိုးနွယ်တွေနဲ့‌တွေ့တဲ့အခါ ကြောက်မနေမှာ"

တစ်ဆက်တည်း သူမသည်သူမ မနေ့ညကကြုံခဲ့ရသော အပြာရောင်ဦးချိုနှင့်သွေးဝံပုလွေကို တွေးမိလိုက်လေသည်။ သူမထိုအချိန်ကခံစားခဲ့ရသော မျှော်လင့်ချက်မဲ့သောအကြောက်တရားမျိုး ထပ်၍မခံစားချင်ပါ ထို့ကြောင့် သူမတကယ့်တိုက်ပွဲကို မျှော်လင့်ပေသည်။

တကယ့်တိုက်ပွဲကသာ တစ်ဦးချင်းစီကိုကောင်းမွန်စွာလေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။

ကျိုးဟောင်မှာ ရှုလင်၏အေးစက်နေသောမျက်နှာမှတစ်ဆင့် သူမမျက်လုံးထဲမှဆုံးဖြတ်ချက်အား မြင်နေရပေသည်။

"ကံကောင်းပါစေ။"

ကျိုးဟောင်မှာ သူကိုယ့်သူတွေးရင်း အားပေးလိုက်သည်။

ယခုကျင်းပသော တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်မှုပြိုင်ပွဲက သူ့အပေါ်ဒီလောက်အကျိုးသက်ရောက်မှုမရှိပေ။

ရိုးရိုးသားသားပြောပါက သူ၏ခွန်အားကိုသိရှိရပြီးနောက် ယခုတစ်ကြိမ်ဆုလာဘ်နှင့်ပတ်သက်၍ သူတကယ်ဂရုမစိုက်တော့ပေ။

မည်သို့ပင်ဖြစ်စေ အဆင့်နိမ့်မိစ္ဆာစစ်သူကြီးအဆင့် သားရဲဆီမှရသော မည်သည့်ပစ္စည်းမဆို သူ့အတွက်အနည်းဆုံးယွမ် ၃ သန်းလောက်တော့ရစေနိုင်သည့်အပြင် ယခုလက်ရှိ၌ သူ၏မဟူရာလိပ်ချပ်ဝတ်အိတ်ထဲ၌ ဘုရင်အဆင့် မိစ္ဆာသားရဲအလောင်းလည်းရှိနေသေးသည်။အကယ်၍ သူသာထိုအရာအားသွားရောင်းချလိုက်ပါက မိုးလောက်မြင့်သောဈေးရနိုင်ပေသည်။

သို့သော် ယခုတစ်ကြိမ် တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်မှုပြိုင်ပွဲတွင်စာရင်းပေးပြီး စွမ်းဆောင်ရည်အနည်းငယ်ချပြဖို့တော့ သူစီစဉ်ထားပေသည်။

မဟုတ်ပါက သူ့မိဘတွေဆီသူပေးခဲ့သောပိုက်ဆံနှင့်ပတ်သက်ပြီး သူ့မှာရှင်းပြစရာမရှိပေ။

ကျောင်းဆင်းပြီးနောက် ကျိုးဟောင်မှာရထားစီး၍ မြေအောက်မဟာမိတ်အဖွဲ့စင်တာအား ထပ်မံသွားလေသည်။

သိုင်းပညာရှင်အဖွဲ့အစည်းသည်လည်း သားရဲများဆီမှရသောပစ္စည်းများကိုလက်ခံသော်လည်း မြေအောက်မဟာမိတ်အဖွဲ့စင်တာနှင့်ယှဉ်ပါက ထိုအဖွဲ့အစည်းကပို၍ စည်းမျဉ်းစည်းကမ်းတွေများလေသည်။

တီ

စင်တာ၏ပထမထပ်တွင်ရှိသော ခန်းမထဲအားဝင်လာပြီးနောက် သူခန်းမတစ်ဖက်ခြမ်းရှိသန့်စင်ခန်းရှိရာဘက်သို့ဦးတည်သွားလိုက်သည်။ သူ၏အတွေးတစ်ချက်ဖြင့်ပင် မဟူရာလိပ်ချပ်ဝတ်မှာ ချက်ချင်းပင်သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းနိုင်သော အနီရောင်ချပ်ဝတ်တစ်ခုဖြစ်သွာလေသည်။

အပြင်ပြန်ထွက်လာပြီးနောက် သိုင်းပညာရှင်အများစုမှာ စူးစမ်းသလိုကြည့်သွားကြလေသည်။စင်စစ် အကြောင်းအရင်းမှာ ကျိုးဟောင်၏အနီရောင်ချပ်ဝတ်မှာ အဆင့်မြင့်သောချပ်ဝတ်မှန်းသိသာပေသည်။ ယခုလိုချပ်ဝတ်မျိုးဝတ်ဆင်နိုင်သည်ကိုကြည့်ခြင်းဖြင့် ဤပုဂ္ဂိုလ်၏စွမ်းအားမှာ မနိမ့်ကြောင်းတစ်ဖက်လူတွေလည်း သိလေသည်။

ယခု ကျိုးဟောင် ရောက်ရှိနေသော ၁၂ထပ်ရှိလူများထဲမှ ၉၀ ရာခိုင်နှုန်းနီးပါးမှာ အခြားမျိုးနွယ်စုမှသားရဲများဆီမှရသော ပစ္စည်းများအား စုဆောင်းသူများဖြစ်ကြသည်။

တကယ်တမ်းမှာ စင်တာ၏ ၇ထပ်မြောက်အပေါ်ပိုင်းရှိအထပ်များအားလုံးမှာ ပစ္စည်းများရောင်းဝယ်သောဆိုင်များသာ ဖြစ်လေသည်။ ၁၂ထပ်တွင်တော့ စစ်သူကြီးအဆင့်သားရဲထံမှရသော ပစ္စည်းများကိုသာ အရောင်းအဝယ်လုပ်ခြင်းဖြစ်သည်။

ကျိုးဟောင်မှာ ကြုံရာဆိုင်တစ်ခုရွေးလိုက်သည်။

သူဆိုင်ထဲလမ်းလျှောက်ဝင်သွားသည်နှင့် အရပ်မြင့်မြင့်နှင့်ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်က ချက်ချင်းဆိုသလိုပင် သူ့အားပြုံးကာနှုတ်ဆက်လေသည်။

"ကြိုဆိုပါတယ်ရှင် ဧည့်သည်ကပစ္စည်းရောင်းမှာလား၊ ဒါမှမဟုတ်စိတ်တိုင်းကျ လက်နက်အပ်ချင်တာလား ဝယ်ချင်တာလားရှင့်။ ကျွန်မတို့ဆိုင်က အတော်လေးဈေးသင့်ပေမဲ့ အရည်အသွေးကတော့မနိမ့်စေရပါဘူးရှင့်" ထိုအမျိုးသမီးမှာပြုံးရင်းပြောလိုက်လေသည်။

ကျိုးဟောင်မှာ အသံသြသြဖြစ်အောင်ဖျက်ပြီးပြောလိုက်လေသည်။ "ကျွန်တော် ပစ္စည်းရောင်းချင်တယ် ပြီးတော့စိတ်တိုင်းကျလက်နက်လည်း လုပ်ချင်တယ်"

လက်နက်လုပ်သော ကုန်ကျစရိတ်ကမနည်းသည်ဖြစ်ရာ အမျိုးသမီး၏မျက်လုံးများမှာ အရောင်တောက်သွားလေသည်။

သူမသည်အမြန်ပင် လှမ်းလာပြီး "ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပေးပါရှင့်" ဟုပြောလိုက်လေသည်။

သူမသည်ချက်ချင်းဆိုသလိုပင် ကျိုးဟောင်အားအတွင်းခန်းထဲသို့ခေါ်လာပြီး လက်ဖက်ရည်ပူပူတစ်ခွက်အား ယူလာပေးလေသည်။

"ဧည့်သည်ရောင်းချင်တဲ့ ပစ္စည်းရဲ့အဆင့်က ဘာအဆင့်လဲမသိဘူးရှင့်"

ကျိုးဟောင်မှာဤမေးခွန်းအားဖြေဆိုရန် အလောမကြီးနေပေ။ သူ တစ်ခန်းလုံးအားဝေ့ဝဲကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာမေးလိုက်လေသည်။ "ဒီ့ထက်ကြီးတဲ့အခန်းမရှိတော့ဘူးလား"

ဆိုင်ရှင်အမျိုးသမီးမှာ မှင်တက်သွားကာ "လူကြီးမင်း....."

"ဒီလိုပဲဖြစ်သွားတယ်။ ကျွန်တော်လည်း အလောင်းကိုလှီးဖြတ်ပြီး ပစ္စည်းတွေသယ်လာဖို့အချိန်မရလို့လေ" ကျိူးဟောင်မှာပြန်ပြောလိုက်လေသည်။ ထို့နောက် ထပ်မံ၍ "ပြီးတော့ ဒီအခန်းက ကျွန်တော်ယူလာတဲ့ပစ္စည်းအတွက်ဆို အတော်လေးသေးနေတာ သိသာတယ်"

ကျိုးဟောင်စကားအားကြားပြီးနောက် အရပ်မြင့်မြင့်နှင့်ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ အံ့ဩလွန်းလို့ပါးစပ်ပင် မစိနိုင်တော့ပေ။

ယခုသူတို့ရောက်နေသောအခန်းမှာ စတုရန်းမီတာ ၁၀၀ကျော်ကျယ်ဝန်းပြီး သာမန် စစ်သူကြီးအဆင့်မိစ္ဆာသားရဲများ၏ အလောင်းများပင် အေးဆေးဆံ့လေသည်။

သူမသည်အချိန်ခဏလောက်တွေးပြီးနောက် တွေဝေစွာဖြင့်ပြောလိုက်လေသည်။ "ဒါကဆိုင်ထဲကအကြီးဆုံးအတွင်းခန်းပါပဲ အပြင်မှာတော့ ‌ဒီထက်ပိုကြီးတဲ့ ဂိုဒေါင်တွေရှိပေမဲ့ အဲဒါတွေက မိစ္ဆာသားရဲအလောင်းတွေကို လှီးဖြတ်တဲ့ကိစ္စတွေအတွက် အထူးအနေနဲ့သုံးတာ။ တကယ်လို့ဧည့်သည်စိတ်မရှိဘူးဆို ကျွန်မနဲ့လိုက်ခဲ့လို့ရပါတယ်"

ကျိုးဟောင်လည်းခေါင်းညိတ်ပြလိုက်ကာ "ကောင်းပြီလေ ။"

အမျိုးသမီး၏လှပသောမျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီးနောက် သူမသည်စိတ်အားထက်သန်စွာပင် ကျိုးဟောင်အားဆိုင်အပြင်ဘက်သို့ ဦးဆောင်ခေါ်သွားလေတော့သည်။

ဓာတ်လှေကားထဲဝင်လာပြီးနောက် သူမကျိုးဟောင်အားမဖြေရသေးခင် မိတ်ကပ်အလွန်အကျွံပြင်ထားသောအမျိုးသမီးတစ်ယောက် ဝင်လာလေသည်။

ဝင်လာသောအမျိုးသမီးမှာ ကျိုးဟောင်အားတွေ့လိုက်သောအခါ "အို ချောင်ယင်းအာ မဆိုးဘူးပဲ။ မင်းကတကယ်တမ်း နှိမ့်ချပြီးနေသလိုနဲ့ ဧည့်သည်တွေဘာတွေတောင် စပြီးလက်ခံနေပြီပေါ့လေ"

"ကျွတ် ကျွတ် ငါကနင့်ကိုအမြဲတမ်းမာနကြီးနေတဲ့လူလို့ထင်တာ။ ငါတို့လိုနယ်ပယ်မှာကျင်လည်နေတဲ့လူတွေက ဂုဏ်သိက္ခာမရှိတာမဟုတ်ပေမဲ့ နောက်ဆုံးတော့ နင်ရပ်တည်ဖို့ကိုယ်လုပ်နိုင်တာကိုလုပ်ရတာပဲ ကြည့်ရတာနောက်ဆုံးတော့ နင်နားလည်သွားပြီထင်တယ်"

ချောင်ယင်းအာ၏အမူအရာမှာ ပျက်ယွင်းသွားသော်လည်း မည်သည့်စကားမျှပြန်မတုံ့ပြန်ပေ။

မည်သို့ပင်ဖြစ်စေ သူမဘေးတွင်ဧည့်သည်ရှိနေသည်ဖြစ်ရာ သူမပြန်တုံ့ပြန်လိုက်ပါက မကောင်းသောထင်မြင်ချက်မျိုးမြင်သွားပါက ဆိုင်အတွက်ကောင်းကျိုးမရှိပေ။

သိပ်မကြာခင်မှာပင် သူမတို့အဖွှဲ့မှာ ပထမအထပ်သို့ရောက်လာလေသည်။

ကျိုးဟောင်မှာ ချောင်ယင်းအာ၏ ဦးဆောင်မှုဖြင့် မဟာမိတ်အဆောက်အဦးအပြင်ဘက်သို့လိုက်ပါလာလေသည်။

မိတ်ကပ်အဖွေးသားနှင့်အမျိုးသမီးမှာ နှာခေါင်းရှုံ့လိုက်ပြီး အနောက်မှတိတ်တိတ်လေးလိုက်လာလေသည်။ အကြောင်းမှာ ချောင်ယင်းအာ တကယ် ဧည့်သည်လက်ခံတာလား ဆိုသောအချက်အားသိချင်၍ပင်။

ချောင်ယင်းအာပြောသော ဂိုဒေါင်မှာသိပ်မဝေးပေ။ ဤနေရာမှာ မိစ္ဆာသားရဲအလောင်းများအား လှီးဖြတ်ရန်သုံးသောနေရာဖြစ်လေရာ ဂိုဒေါင်များဖြင့်ပြည့်နှက်နေလေသည်။

တတိယထပ်ရှိ ဂိုဒေါင်အားဝင်လာပြီးနောက် စကားပြောနေသောဝန်ထမ်းမှာ ချောင်ယင်းအာကို တွေ့သည်နှင့် ချက်ချင်းပင်နှုတ်ဆက်လေသည်။

ချောင်ယင်းအာမှာ လက်ကာပြလိုက်ပြီးနောက် ကျိုးဟောင်အားလှည့်ကြည့်ပြီးပြုံးပြကာမေးလိုက်လေသည်။ "ဧည့်သည် ‌ဒီနေရာဆိုအဆင်ပြေပြီမလားရှင့်"

"ရလောက်ပါတယ်" ကျိုးဟောင်မှာပြောရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ လေထဲတွင် ၃၄မီတာရှည်သော မိစ္ဆာသားရဲနှစ်ကောင်၏အလောင်းများ ပေါ်လာလေသည်။

ချောင်ယင်းအာမှာ တိတ်တဆိတ်ခေါင်းညိတ်လိုက်မိသည်။ အထူးသိုလှောင်ရေးအိတ်ပါသော ချပ်ဝတ်မှာ အနည်းဆုံး စစ်သူကြီးအဆင့်သားရဲအလောင်းအား သိမ်းဆည်းနိုင်သည်ဖြစ်ရာ သူမရှေ့မှလူမှာ ဆရာသခင်အဆင့်ပညာရှင်ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်လေသည်။

သူမရှေ့ကပုဂ္ဂိုလ်အား မည်သို့စည်းရုံးရမည်ကိုတွေးရင်း အလောင်းအားကြည့်နေလေသည်။

"မမလေးချောင် ဒါကအနီရောင်စပါးအုံးမြွေနဲ့ သံမဏိသွားမိချောင်းပါ။ အလောင်းရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာမရှိပါဘူး။ပြင်းထန်တဲ့အားနဲ့ အသတ်ခံထားရတာပါ" ကျွမ်းကျင်သောအလုပ်သမားတစ်ဦးက သူမအားတီးတိုးပြောလေသည်။

"ဒဏ်ရာမရှိပဲသတ်တာ"

ချောင်ယင်းအာ၏ မျက်နှာလှလှလေးတွင် ထိတ်လန့်နေသော အမူအရာပေါ်လာလေသည်။

အနီရောင်စပါးအုံးမြွေနဲ့ သံမဏိသွားမိချောင်းအား ကိုယ်ပေါ်တွင်မည်သည့်ဒဏ်ရာမှမကျန်အောင်သတ်နိုင်ရန်မှာ အနည်းဆုံး အဆင့်မြင့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ စွမ်းအားမျိုးလိုအပ်ပေသည်။

အနောက်ကပါလာသော မိတ်ကပ်အဖွေးသားနှင့်မိန်းကလေးမှာလည်း အံ့ဩသွားသည့်ပုံပင်။

သူမအံ့ဩသွားရသည့်အကြောင်းအရင်းမှာ ချောင်ယင်းအာမှာတကယ်တမ်းဧည့်သည်လက်ခံပြီး သူမခန္ဓာကိုယ်ကိုရောင်းစားခြင်းမဟုတ်ဘဲ ယခုလိုအဆင့်မြင့် ဖောက်သည်နှင့် စီးပွားရေးလုပ်နေခြင်းကိုဖြစ်သည်။

ဘေးတွင်ရပ်နေသော ကျိုးဟောင်မှာ မျက်မှောင်ကြုတ်ပြီးပြောလိုက်လေသည်။

"အခု ဒီအလောင်းတွေကို ကိုင်တွယ်လို့ရပြီလား"

ချောင်ယင်းအာမှာကျိုးဟောင်၏စကားသံကြားမှ သတိပြန်ဝင်လာပြီး အလုပ်သမားများအား အလောင်းကိုလှီးဖြတ်ခိုင်းလေတော့သည်။ တစ်ချိန်တည်းမှာပင် သူမသည်တလေးတစားဖြင့် "ဧည့်သည် အနီရောင်စပါးအုံးမြွေနဲ့ သံမဏိသွားမိချောင်းနှစ်ခုလုံးက အဆင့်နိမ့်စစ်သူကြီးအဆင့်သားရဲတွေပါ။ အလောင်းတွေက ထိခိုက်မှုမရှိဘူးဆိုတော့ ကျွန်မဒီနှစ်ခုစာကို ယွမ် ၇.၂ သန်းနဲ့စျေးဖြတ်ပေးပါ့မယ်။ ဘယ်လိုထင်လဲရှင့်"

"၇.၂သန်း" ကျိုးဟောင်လည်း တိုးတိုးလေးရေရွတ်မိလိုက်သည်။ ယခုပေးသောဈေးပမာဏမှာ မနိမ့်ပေ။

ပုံမှန်အတိုင်းဆိုပါက အဆင့်နိမ့်စစ်သူကြီးအဆင့်သားရဲများမှာ တစ်ကောင်လျှင် ၃သန်းလောက်သာ ရှိခြင်းဖြစ်သည်။

ကျိုးဟောင်သဘောတူခါနီးမှာပင် အနောက်မှ အသံတစ်ခုထွက်လာလေသည်။ "ကျွန်မ ၈သန်းပေးမယ်".....

....................................................................................

အခန်း(၂၈) ပြီးပါပြီ။

အခန်း (၂၉) : အရှက်မရှိတဲ့နည်းလမ်း

ချောင်ယင်းအာမှာ ချက်ချင်းပင်လှည့်ကြည့်လိုက်လေရာ အစောပိုင်းကမိတ်ကပ်အဖွေးသားနှင့်အမျိုးသမီးကိုမြင်လိုက်ရသောအခါ သူမ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး စိတ်ဆိုးစွာဖြင့်ပြောလိုက်လေသည်။

"ယန်ရွှယ် သိပ်တရားလွန်မလာနဲ့!"

ယခုလိုမျိုးဖောက်သည်လုယူသော အပြုအမူသည် မြေအောက်မဟာမိတ်အဖွဲ့စင်တာတွင် သာမန်ကိစ္စဖြစ်သော်လည်း ယန်ရွှယ်မှာ ဂိုဒေါင်အထိလိုက်လာမည်ဟုတော့ ချောင်ယင်းအာမမျှော်လင့်ထားပေ။

ယန်ရွှယ်မှာ ချောင်ယင်းအာကိုလုံးဝလျစ်လျူရှုကာ ကျိုးဟောင်ရှေ့သို့ဖြေးညှင်းစွာလမ်းလျှောက်လာလေသည်။ ထို့နောက်သူမသည် ဆွဲဆောင်မှုရှိအောင်ပြုံးကာပြောလိုက်သည် "ဧည့်သည် ၈သန်းဆိုရင်ရော ဘယ်လိုလဲ။ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ပေးတယ်ပဲ သဘောထားလိုက်ပေါ့"

တစ်ဖက်ရှိချောင်ယင်းအာမှာ ဒေါသဖြစ်လာသလို စိုးရိမ်ပြီးပူပန်လာလေသည်။

သူမပေးထားသော ၇.၂သန်းမှာ သူမကမ်းလှမ်းနိုင်သောအများဆုံးပမာဏဖြစ်နေပြီဖြစ်သည့်အပြင် သူမကပိုက်ဆံရှာခဲသည်။ သို့သော် ယန်ရွှယ်ကတော့ တကယ်ကို ၈သန်းဖြင့် ကမ်းလှမ်းနေလေသည်။ ကြည့်လိုက်တာနဲ့ သူမသည်ဤပညာရှင်၏ မျက်နှာသာပေးမှုကိုရရန် ပိုက်ဆံသုံးရလျှင်တောင် စိတ်ထဲမထားသည့်ပုံပင်။

ချောင်ယင်းအာမှာ ကျိုးဟောင်သဘောတူမှာပဲဟု တွေးနေသည့်အချိန်မှာပင် ထွက်ပေါ်လာသောအသံက သူမအားကြက်သေသေသွားစေလေသည်။ "တောင်းပန်ပါတယ် ကျွန်တော်မိန်းကလေးချောင်နဲ့ အရင်ပြောပြီးသားမလို့ပါ။ "

ကျိုးဟောင်၏စကားအားကြားလိုက်ရသည့်အခါ

ယန်ရွှယ် လည်းကြက်သေသေသွားလေသည်။ သို့သော်သူမသည်ချက်ချင်းပင်တုံ့ပြန်ပြီး ထပ်အော်ပြောလိုက်လေသည်။ "၉သန်း.... ကျွန်မ ၉သန်းပေးမယ်"

အစောပိုင်းကစိုးရိမ်နေခဲ့သော ချောင်ယင်းအာမှာ စိုးရိမ်စိတ်ပျောက်ပြီး ပျော်ရွှင်သွားလေရာ နှလုံးခုန်နှုန်းပင်မြန်လာသည်ကိုခံစားလိုက်ရလေသည်။

ကျိုးဟောင်မှာ မျက်မှောင်ကြုတ်ကာ ယန်ရွှယ်အမည်ရှိသော ထိုအမျိုးသမီးအားလျစ်လျူရှုထားလေသည်။ ထို့နောက်သူသည် ချောင်ယင်းအာကိုကြည့်ပြီးနောက် ပြောလိုက်လေသည်။ "မိန်းကလေးချောင် ကျွန်တော်တို့အရောင်းအဝယ်ကိစ္စဆက်လုပ်ဦးမှာလား"

ချောင်ယင်းအာမှာ ခေတ္တလောက်မှင်တက်နေပြီးနောက် အလျင်အမြန်ပင်ပြောလာလေသည်။ "ဒါပေါ့ရှင် သေချာတာပေါ့ "

သူမသည်အလျင်အမြန်ပင် အခြားကြောင်အနေသောကျွမ်းကျင်အလုပ်သမားများကို အမိန့်ပေးလိုက်လေသည်။ "အတွေးတွေပျံ့မနေကြနဲ့တော့ မြန်မြန်ဒီမိစ္ဆာသားရဲအလောင်း နှစ်လောင်းကို လှီးကြတော့"

"ဟုတ်ကဲ့ မမလေးချောင်"

ချက်ချင်းဆိုသလိုပင် အနီရောင်စပါးအုံးမြွေနှင့် သံမဏိသွားမိကျောင်းတို့ကို ဝိုင်းရံထားသောအလုပ်သမား ၇ယောက် ၈ယောက်နီးပါးမှာ အလောင်းများအား စတင်လှီးဖြတ်ကြလေတော့သည်။ ကျိုးဟောင်၏ယခုလိုအပြုအမူအား မြင်လိုက်ရသည့်အခါ ယန်ရွှယ်မှာမနေနိုင်ဘဲထုတ်မေးမိလိုက်လေသည်။

"ဧည့်သည် ၉သန်းဆိုတာ ကျွန်မပေးနိုင်တဲ့အမြင့်ဆုံးပမာဏဖြစ်နေပြီ။ ရှင်နဲ့ရင်းနှီးချင်ရုံနဲ့ ကျွန်မ သန်းနဲ့ချီပိုပေးတာကို ရှင်ကမစဉ်းစားတော့ဘူးလား"

သူမသည်ထိုစကားအားပြောပြီးသည်နှင့် ရှေ့သို့ခြေလှမ်းအနည်းငယိတိုးလိုက်ရာ သူမ၏ခန္ဓာကိုယ်မှာ ကျိုးဟောင်အပေါ် သို့ ထပ်လုနီးပါးပင်ဖြစ်နေလေပြီ။ ချောင်ယင်းအာမှာ ယန်ရွှယ်၏အပြုအမူကိုကြည့်ရင်း ဒေါသဖြစ်လာရာ အံပင်ကြိတ်မိလေသည်။

သူမ၏လာဘ်ထိုးရန်ကြိုးစားမှုကျရှုံးသွားပြီးနောက်ပိုင်း ယန်ရွှယ်မှာ သူမခန္ဓာကိုယ်ကို လာဘ်ထိုးပစ္စည်းအနေနှင့်အသုံးချနေခြင်းကို သူမ မသိပဲနေမည်လော။ ယခင်တုန်းကလည်း အခြားဆိုင်များမှဖောက်သည်အတော်များများမှာ ယန်ရွှယ်၏ယခုလိုစက်ဆုပ်ဖွယ်အပြုအမူများကို သုံးပြီးမြှူဆွယ်ခြင်းကြောင့် လုယူခံလိုက်ရခြင်းဖြစ်ပေသည်။

ကျိုးဟောင်မှာ ယန်ရွှယ့်ကိုတွန်းထုတ်ပြီး စိတ်မရှည်စွာပြောလိုက်လေသည်။ "ခင်ဗျား လူစကားနားမလည်ဘူးလား ။ကျွန်တော်ပြောပြီးပြီလေ ကျွန်တော်မိန်းကလေးချောင်နဲ့ ပြောပြီးဆိုပြီးပြီလို့ ကျွန်တော်တို့အရောင်းအဝယ်လုပ်နေတာကို လာမနှောင့်ယှက်ပါနဲ့"

ကျိုးဟောင်ထံမှ ထိုစကားများထွက်လာသည်နှင့် တစ်ပြိုင်နက် ချောင်ယင်းအာ သာမက ယန်ရွှယ်ပါကြက်သေသေသွားလေသည်။

"ရှင်....ရှင်...."

သူမစကားမဆုံးခင် ကျိုးဟောင်မှဖြတ်ပြောလိုက်လေသည်။ "မိန်းကလေးချောင် ခင်ဗျားသူ့လို အပြင်လူကိုမောင်းမထုတ်တော့ဘူးလား"

ချင်းယောင်မှာ ချက်ချင်းပင်တုံ့ပြန်ပြီး ယန်ရွှယ့်အား ဂိုဒေါင်အပြင်ခေါ်ထုတ်သွားရန် အလုပ်သမားများအားအမိန့်ပေးလိုက်လေသည်။ ယန်ရွှယ်မှာ သူမမျက်စိရှေ့ကမြင်ကွင်းကိုကြည့်ပြီး ဒေါသဖြစ်လွန်း၍အငွေ့ပျံတော့မလိုပင်ခံစားလာရလေသည်။

မည်သို့ပင်ဖြစ်စေ သူမသည်မဟာမိတ်စင်တာ၏ ပစ္စည်းများနှင့်ပတ်သက်ပြီးတာဝန်ယူရသော မန်‌နေဂျာဖြစ်သည်။ သူမကျိုးဟောင်အား ဖော်လံဖားရန် ဤမျှကြိုးစားတာပြီးတာတောင် ကျိုးဟောင်မှာသူမအားမျက်နှာသာမပေးလေရာ သူမစိတ်ထဲအဆင်မပြေတော့ပေ။

ယန်ရွှယ်မှာချက်ချင်းပင် ဒေါသတကြီးနှာခေါင်းရှုံ့ကာ "ဘာတွေမာန်တက်နေစရာရှိလို့လဲ။ကျွန်မ ပညာရှင်တွေအများကြီး မြင်ဖူးသားပဲ ရှင်ကဒီလိုအဆင့်နိမ့်စစ်သူကြီးအဆင့်သားရဲလေး ၂ကောင်လောက်သတ်ပြီး ရှင့်ကိုယ်ရှင်ဘာထင်နေလို့လဲ။ "

ဝှစ်

ကျိုးဟောင်မှာ အေးစက်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်လေရာ ယန်ရွှယ်မှာအသက်ရှူရခက်သော ရေခဲခန်းထဲကျသွားသကဲ့သို့ခံစားလိုက်ရ‌ပြီး ခန္ဓာကိုယ်မှာတောင့်တင်းသွားလေတော့သည်။

သို့သော် သူမသည်လက်မလျှော့ဘဲ အံကြိတ်ကာ "ဘာလဲ ကျွန်မပြောတာမှားလို့လား တကယ်လို့ရှင့်မှာသာတကယ်အရည်အချင်းရှိရင် ရှင်ဘာလို့ အဆင့်မြင့်စစ်သူကြီးအဆင့်သားရဲကို သွားမသတ်လဲ!!"

ထိုအချိန်၌ သူမ၏အကြည့်ကချောင်ယင်းအာဆီသို့ရောက်သွားပြီး "ချောင်ယင်းအာ နင်လည်းကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့။ ဒီလိုအဆင့်နိမ့်မိစ္ဆာစစ်သူကြီးသားရဲ ၂ကောင်ဆီက ရတဲ့ပစ္စည်းက ဘာတန်မှာမလို့လဲ နင်နောက်ကိုဒီနေ့ကိစ္စအတွက် ပြန်ပေးဆပ်ရမယ်"

ချောင်ယင်းအာ၏ အမူအရာမှာ အကျည်းတန်သွားကာ အေးစက်စွာပြန်ပြောလိုက်လေသည်။ "အားလုံး ဘာစောင့်နေကြတာလဲ သူ့ကိုမောင်းထုတ်လိုက်ကြ‌"

မကြာမီပင် ဂိုဒေါင်မှအလုပ်သမား၂ယောက်မှာ သူတို့အနားရောက်လာလေသည်။

ယန်ရွှယ်မှာ ချက်ချင်းပင်ထအော်လေတော့သည်။ "ချောင်ယင်းအာ ကောင်မစုတ် တကယ်လို့ဒီနေ့ နင်တို့ထဲကဘယ်သူဖြစ်ဖြစ် ငါ့ကိုလက်ရွယ်ရဲရင် နင်တို့နောက်ကို ဒီမဟာမိတ်စင်တာမှာ အလုပ်ဆက်လုပ်ဖို့ကိစ္စကို စိတ်တောင်မကူးနဲ့တော့!"

ထိုစကားကြားသောအခါ ချောင်ယင်းအာမှာ လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိသည်။ ယန်ရွှယ်အားဆန့်ကျင်မိခြင်း၏ နောက်ဆက်တွဲအကျိုးကို သူမ သေချာသိပေသည်။ သို့သော်ယခုအချိန်‌၌ သူမနောက်ဆုတ်၍မရတော့ပေ။

အလုပ်သမား၂ယောက်မှာ ယန်ရွှယ်အားဆွဲထုတ်တော့မည့်အချိန်မှာပင် အသံခပ်တိုးတိုးတစ်ခုထွက်ပေါ်လာလေသည်။ "နေဦး"

ထိုအသံကိုကြားပြီးနောက် ယန်ရွှယ်ရဲ့မျက်လုံးများမှာတောက်ပသွားလေသည်။ သူမလှည့်ကြည့်လိုက်တော့ ရင်းနှီးနေသော ပုံရိပ်တစ်ခုအားတွေ့လိုက်ရလေသည်။ ယန်ရွှယ်မှာသူမအတွက်အသက်ကယ် ကြိုးမျှင်တစ်ခုအား ‌ဆွဲလိုက်မိသကဲ့သို့ အလျင်အမြန်ပင်ပြောလိုက်လေသည်။ "ကြီးကြပ်ရေးမှူး ကြီးကြပ်ရေးမှူးဟန် မြန်မြန် မြန်မြန်ကျွန်မကိုကူညီပါဦး"

အနောက်တိုင်းဝတ်စုံနှင့်သားရေဖိနပ် ကိုဝတ်ဆင်ထားသော ကြီးကြပ်ရေးမှူးဟန်ဆိုသူက သူတို့အနားသို့လမ်းလျှောက်လာလေသည်။ ထိုပုဂ္ဂိုလ်မှာ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်ပြီးနောက် အသံသြသြဖြင့်မေးလိုက်လေသည်။ "ဘာဖြစ်နေတာလဲ"

ကြီးကြပ်ရေးမှူးဟန်မှာမြေအောက်မဟာမိတ်အဖွဲ့စင်တာ၏ ၁၂ထပ်တွင်ရှိသောဆိုင်အားလုံးအား တာဝန်ယူရသူဖြစ်လေရာ ချောင်ယင်းအာတောင်မှသူ့အားလျစ်လျူမရှုဝံ့ပေ။ သူမသည်အလျင်အမြန်ပင် ရှေ့ထွက်လာပြီးနောက် ကြီးကြပ်ရေးမှူးဟန်အား ဖြစ်စဉ်တစ်ခုလုံးကို ပြောပြလိုက်လေသည်။

ကြီးကြပ်ရေးမှူးဟန်မှာလည်း ဖြစ်စဉ်ကိုနားထောင်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"မိန်းကလေးချောင် ဒီကိစ္စကမင်းအမှားပဲ" သူ့အသံမှာတည်ငြိမ်နေလေသည်။ "မန်နေဂျာယန်ကလည်း ဖောက်သည်ကိုကူညီဖို့ ဒီလိုလုပ်တာပဲလေ မင်းကဘယ်လိုဖြစ်ပြီး သူ့ကိုဂိုဒေါင်အပြင်ကိုမောင်းထုတ်ရတာလဲ"

ထိုစကားအားကြားလိုက်ရသောအခါ ချောင်ယင်းအာ၏သိမ်မွေ့ပြီးလှပသောမျက်နှာလေးမှာ ချက်ချင်းပင် ဖြူဖက်ဖြူလျော်ဖြစ်သွားလေသည်။

သူမသည်လည်းတုံးအနေသူမဟုတ်တန် ရာ ကြီးကြပ်ရေးမှူးဟန်မှာပေါ်တင်ပင် ယန်ရွှယ့်ကို ကူညီနေခြင်းဖြစ်ကြောင်း သိပေသည်။

အခြားကျွမ်းကျင်အလုပ်သမားများမှာ ဒေါသထွက်နေကြသော်လည်း မည်သည့်စကားမျှမပြောရဲကြပေ။

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာဂြိုဟ်ကြီးတွင် ကြီးမားသောပြောင်းလဲမှုများဖြစ်ပွားပြီးကတည်းက မြို့ထဲတွင်အလုပ်တစ်ခုရဖို့ မလွယ်ကူပေ။ အကယ်၍သူမသာ ရန်စမသင့်သောသူအား မှားယွင်းပြီးရန်စမိပါက သူမ၏အလုပ်လည်း တည်မြဲနိုင်မည်မဟုတ်ပေ။

ထိုအချိန်၌ယန်ရွှယ်မှာ ဂုဏ်ယူနေသောပုံဖြင့် ဂိုဒေါင်ဘက်ကိုပြန်လျှောက်လာပြီး ချောင်ယင်းအာအားအထင်သေးသလိုကြည့်လိုက်လေသည်။ "ကြီးကြပ်ရေးမှူးဟန် ဒီမိစ္ဆာသားရဲအလောင်းတွေရဲ့ ဇာစ်မြစ်ကိုကြည့်ရတာအတော်လေးသံသယဖြစ်စရာကောင်းတယ်။ကျွန်မတို့အခြားမျိုးနွယ်တွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကိုကာကွယ်နိုင်ဖို့ ဂိုဒေါင်ကိုချိတ်ပိတ်ပြီး ဒါတွေကိုသေချာလေးစစ်ဆေးရမယ်"

ကြီးကြပ်ရေးမှူးဟန်မှာ ချက်ချင်းပင်သဘောပေါက်သွားကာ လေးနက်သောအမူအရာတစ်ခုပေါ်လာလေတော့သည်။ "မန်နေဂျာယန်ပြောတာမှန်တယ်။ အဲဒီလိုပုံဖြစ်နေလို့ ငါဂိုဒေါင်ကိုစစ်ဆေးဖို့ဒီကိုလာခဲ့တာ"

ကြီးကြပ်ရေးမှူးဟန်မှာချောင်ယင်းအာကိုကြည့်လိုက်ပြီးနောက် "ဒီလိုဆိုရင်ရော မိန်းကလေးချောင် ငါတို့အရင်ဆုံး ဒီဂိုဒေါင်ကိုနာရီပိုင်းလောက်ချိတ်ပိတ်လိုက်မယ်။ စုံစမ်းစစ်ဆေးမှုပြီးသွားလို့ အားလုံးကိုအတည်ပြုပြီးတဲ့အချိန်ကျ ဂိုဒေါင်ကိုဆက်ပြီး ဖွင့်ပေါ့"

ချောင်ယင်းအာ၏ဖြူဖက်ဖြူလျော်မျက်နှာလေးမှာ စိတ်ပျက်မှုတို့ဖြင့်ပြည့်နှက်သွားသော်လည်း သူမသည်မလိုလားစွာပဲပြောလိုက်လေသည်။ "ကြီးကြပ်ရေးမှူးဟန် ရှင် ရှင့်မှာကျွန်မတို့ဂိုဒေါင်ကိုပိတ်လို့ရတဲ့ အခွင့်အာဏာမရှိဘူး!"

ကြီးကြပ်ရေးမှူးဟန်မှာ ထိုစကားအားကြားသောအခါ ဟာသသဖွယ် ခပ်တိုးတိုးရယ်လိုက်လေသည်။

"ဟုတ်တယ် ငါ့မှာမရှိဘူး ဒါပေမဲ့ ခရိုင်အကြီးအကဲဝူမှာတော့ရှိတယ်လေ" ထိုသို့ပြောပြီးသည်နှင့် သူ့ဖုန်းအားထုတ်လိုက်လေသည်။

သူလက်ချောင်းများကိုရွေ့လျားလိုက်ပြီးနောက် ရုပ်သံခေါ်ဆိုမှုတစ်ခုအား အလျင်အမြန်ပင်ချိတ်ဆက်လိုက်လေသည်။

"ခရိုင်အကြီးအကဲဝူ ကျွန်တော်ပါ" ကြီးကြပ်ရေးမှူးဟန်မှာ စိတ်အားထက်သန်စွာဖြင့်ပြောလိုက်လေသည်။

"ဪ ကြီးကြပ်ရေးမှူးဟန်ပါလား ဘာကိစ္စရှိလို့လဲ" ဗီဒီယိုထဲ၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ပုံရိပ်ပေါ်လာလေသည်။

ကြီးကြပ်ရေးမှူးဟန်မှာ ကိစ္စအား အတိုချုံးပြောပြလိုက်လေသည်

"အဲဒီမိစ္ဆာသားရဲနှစ်ကောင် ကျုပ်ကိုပြကြည့်ပါလား" ခရိုင်အကြီးအကဲဝူမှာ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်လေသည်။

ကြီးကြပ်ရေးမှူးဟန်မှာ ခပ်မြန်မြန်ပင်သူ့ဖုန်းအား အနီရောင်စပါးအုံးမြွေနှင့်သံမဏိသွားမိကျောင်း အလောင်းများဘက်သို့ လှည့်ပြလိုက်လေသည်။

ချောင်ယင်းအာ၏စိတ်ထဲတွင်တော့ လေးလံမှုများဖြင့် ပြည့်နှက်သွားလေတော့သည်။

....................................................................................

အခန်း (၂၉) ပြီးပါပြီ။

အခန်း (၃၀) : တခြားမျိုးနွယ်စုက သူလျှိုတဲ့လား

မဟာမိတ်စင်တာခရိုင်ရုံးချုပ်၌....

ဝူထောင်မှာ သူ့ဖုန်းထဲရှိဗီဒီယိုအားကြည့်လိုက်လေသည်။ စင်စစ်တွင် ကြီးကြပ်ရေးမှူးဟန်အခြေအနေအား ရှင်းပြကတည်းက ပြဿနာဘယ်လိုဖြစ်ကြောင်းကိုသူသိနေပြီဖြစ်သည်။ ဤကြီးကြပ်ရေးမှူးဟန်မှာ အခွင့်အရေးယူပြီးချောင်ယင်းအာကို တမင်ရှုပ်ချင်နေမှန်း သူသဘောပေါက်လေသည်။

မည်သို့ပင်ဖြစ်စေ ၁၂ထပ်တွင်ရှိသော ချောင်ယင်းအာ၏ အလှတရား၊ နာမည်ကျော်ကြားမှုနှင့်ပတ်သက်ပြီး သူလည်းကြားဖူးပေသည်။ ကြီးကြပ်ရေးမှူးအများစုမှာ သူမအားမျက်စိကျနေကြခြင်းဖြစ်သည်။

ဤဟန်မျိုးရိုးမှာ ယခုအခြေအနေကိုအသုံးချချင်နေခြင်းဖြစ်လောက်ပေသည်။

"ထားလိုက်ပါတော့လေ သူ့ကိုတစ်ခါလောက်တော့ကူညီပေးလိုက်တာပေါ့ ဘာပဲပြောပြော သူလည်းအမြဲတမ်းငါ့အပေါ်ဝတ္တရားကျေတာပဲကို" ဝူထောင်မှာ ပေါ့ပေါ့ပါးပါးပင် ဗီဒီယိုကိုကြည့်ရင်း စိတ်ထဲမှတွေးလိုက်လေသည်။

ရုတ်တရက် ဗီဒီယိုမှာ အနီရောင်ချပ်ဝတ်တစ်ခုကို ဖြတ်ခနဲကျော်သွားပြီးနောက် မိစ္ဆာသားရဲအလောင်းနှစ်ခုထံ၌ ရပ်တန့်သွားလေတော့သည်။

မူလကတော့ ဝူထောင်မှာများများစားစားမစဉ်းစားပေ။ သို့သော် ထိုမိစ္ဆာသားရဲအလောင်းများမှာ အနီရောင်စပါးအုံးမြွေနှင့် သံမဏိသွားမိကျောင်းဖြစ်ကြောင်း သူမြင်လိုက်ရသည့်အချိန်မှာတော့ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်မိလေသည်။

" အနီရောင်စပါးအုံးမြွေနဲ့ သံမဏိသွားမိကျောင်း....ဒီ..ဒီမိစ္ဆာသားရဲတွေက ရွှံ့နီတောက မဟုတ်ဘူးလား!" သူအစောပိုင်းက အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်က သူ့အား သားရဲများထံမှရသောပစ္စည်းများအားရောင်းချသောဌာနတွင် သားရဲနှစ်ကောင်၏ပုံပန်းသွင်ပြင်နှင့်ပတ်သက်ပြီးအာရုံစိုက်ရန် အထပ်အထပ်အခါခါသတိပေးခဲ့သည်ကို သတိရလိုက်လေသည်။

"အနီရောင်ချပ်ဝတ် ဟုတ်တယ်အနီရောင်ချပ်ဝတ် မဟုတ်မှလွဲရော...."

သူ့အသက်ရှူနှုန်းပင်မြန်လာပြီး ဖုန်းထဲမှအော်ပြောလိုက်လေသည်။ "ကြီးကြပ်ရေးမှူးဟန် အဲဒီမှာပဲစောင့်နေ ကျုပ်ချက်ချင်းလာခဲ့မယ်"

သူ ဤကိစ္စအားခဏလေးတောင် လျစ်လျူမရှုဝံ့ပေ။

ထိုအရေးကြီးသောပုဂ္ဂိုလ် သူ့အားပြောခဲ့သည်မှာ အကယ်၍ယခုကိစ္စအား သူကောင်းကောင်းလုပ်နိုင်ပါက ဟွာတုန်းမြေအောက်အဖွဲ့ရှိ ခရိုင်မှုးရာထူးမှာ သူ့အတွက်ဖြစ်ပြီး မည်သည့်သဲလွန်စမျှမရှာနိုင်ပါက သူ၏ယခုလက်ရှိခရိုင်အကြီးအကဲရာထူးကိုတောင် ဆုံးရှုံးသွားနိုင်ပေသည်။

ဝူထောင်မှာစိုးရိမ်တကြီးဖြင့် ရုံးခန်းထဲမှအမြန်ပြေးထွက်ကာ ဓာတ်လှေကားဆီသို့ အလောတကြီးပြေးသွားလေတော့သည်။

"ဘာဖြစ်တာလဲ"

"မသိဘူးလေ"

"ဘာလို့ ခရိုင်အကြီးအကဲဝူက ဒီလောက်အလောတကြီးဖြစ်နေတာလဲ"

ဝန်ထမ်းများမှာ ခရိုင်အကြီးအကဲဝူအား တအံ့တဩကြည့်နေကြလေသည်။

မကြာမီပင် သပ်ရပ်စွာဝတ်စားထားသောလူတစ်ယောက်ထံမှ အော်သံထွက်ပေါ်လာလေသည် "ဧရိယာဘီဂို‌ဒေါင်မှာ တစ်ခုခုဖြစ်နေပြီ တစ်ယောက်ယောက်ကချောင်ယင်းအာကို အခက်ကြုံအောင်လုပ်နေတယ်"

ဝှစ်! ဝှစ်!

လူအတော်များများမှာ သဘောပေါက်လာကြလေသည်။

ချောင်ယင်းအာဆိုသည်မှာ ၁၂ထပ်ရှိပစ္စည်းရောင်းဝယ်ရေးဌာန၏ ထိပ်တန်းအလှပဂေးလေးဖြစ်လေရာ သူမကိုအငမ်းမရလိုချင်သူများမှာလည်း မရေမတွက်နိုင်အောင်ရှိလေသည်။ သို့သော်မည်သူမျှတော့ သူမအားတကယ်မလိုက်ရဲပေ"

မထင်မှတ်ထားစွာပင် ဒီတစ်ကြိမ်မှာတော့ တစ်ယောက်ယောက်က တကယ်ကြီးလှုပ်ရှားလိုက်ပေပြီ။

အလုပ်သမားအားလုံးနီးပါးမှာလည်း ယခုလိုပွဲအကြီးကြီးကိုလက်မလွှတ်ချင်သည်ဖြစ်ရာ နောက်မှတိတ်ဆိတ်စွာလိုက်ပါလာကြလေသည်။

မည်သို့ပင်ဖြစ်စေ ခရိုင်အကြီးအကဲလည်းနေရာတွင်မရှိတော့သည်ဖြစ်ရာ သူတို့အားစောင့်ကြည့်နေမည့်သူ မည်သူမျှမရှိပေ။

ဧရိယာဘီ ဂိုဒေါင်၌

ခရိုင်အကြီးအကဲဝူ ယခုလိုအကြီးအကျယ်တုံ့ပြန်မည်ဟု ကြီးကြပ်ရေးမှူးဟန်လည်းမမျှော်လင့်ထားပေ။

ရုပ်သံခေါ်ဆိုမှုအား အဆက်အသွယ်ဖြတ်လိုက်ပြီးနောက် သူ့စိတ်ထဲရှိသံသယအားချိုးနှိမ်ကာ ခပ်ဖျော့ဖျော့ပြုံးပြီးပြောလိုက်သည်။ "ချောင်ယင်းအာ ခရိုင်အကြီးအကဲဝူမကြာခင်ရောက်လာလိမ့်မယ်။ သူဆိုရင်တော့ မင်းရဲ့ဂိုဒေါင်ကိုပိတ်ပစ်ဖို့ အာဏာရှိလောက်ပါတယ်"

ထိုစကားအားကြားလိုက်ရသောအခါ ယန်ရွှယ်မှာဂုဏ်ယူသောဟန်ပန်ဖြင့် ချောင်ယင်းအာအား စိုက်ကြည့်ပြီး စိတ်ထဲ၌လှောင်ရယ်နေလေသည်။

"သူလှတော့ရော ဘာဖြစ်လဲ အခုလက်ရှိသူက ငါတို့ပြုသမျှနုရမဲ့ဘဝပဲရှိသေးတာကို"

ချောင်ယင်းအာမှာ အလွန်အမင်းမျှော်လင့်ချက်ပျက်သွားသလိုခံစားလိုက်ရလေရာ သူမ၏ခန္ဓာကိုယ်လေးပင် တုန်ယင်နေလေတော့သည်။ထိုအချိန်၌ တစ်ချိန်လုံးတိတ်နေခဲ့သော ကျိုးဟောင်ဆီမှ စကားသံထွက်လာလေသည်။

"မင်းတို့ အရမ်းတရားလွန်သွားပြီ!"

သူဤနေရာကိုလာခဲ့သည်မှာ မိစ္ဆာသားရဲအလောင်းများကို ရောင်းချင်ရုံသာဖြစ်သော်လည်း လက်ရှိအချိန်တွင် ယခုလိုအခြေအနေမျိုးနှင့်ကြုံနေရလေသည်။

ကျိုးဟောင်မှာ ဝင်မစွက်ဖက်မိရန်သူ့ကိုယ်သူထိန်းထားသော်လည်း တစ်ဖက်လူမှာ အလွန်အမင်းဗိုလ်ကျလွန်းကာ လိုတာထက်ပင်ပိုလာလေသည်။ အဆုံး၌ သူရောင်းလိုသော မိစ္ဆာသားရဲအလောင်းများအား ပြဿနာရှိသည်ဟုတောင် ပြောလာလေသည်။

ယခုကိစ္စမှာ အလွန်တရားလွန်နေပြီဖြစ်ပေသည်။

ကြီးကြပ်ရေးမှူးဟန်မှာပြုံးပြီးပြန်ပြောလိုက်လေသည်။ "ဒီကမိတ်ဆွေ ခဏလောက်စောင့်ပေးပါ ကျုပ်တို့စစ်ဆေးမှုပြီးတာနဲ့ ခင်ဗျားထိုက်သင့်တဲ့ပိုက်ဆံရမှာပါ"

ကျိုးဟောင်မှာ အေးစက်စွာဖြင့် "ကျွန်တော်က ဘာအကြောင်းပြချက်နဲ့စောင့်ရမှာလဲ ပြီးတော့ ကျွန်တော့်ရဲ့ပစ္စည်းတွေမှာ ပြဿနာရှိတယ်လို့ပြောရဲရအောင် ခင်ဗျားကဘာမလို့လဲ"

ကျိုးဟောင်၏စကားဆုံးသည်နှင့် ယန်ရွှယ်မှာစိတ်မရှည်စွာပင်အော်ပြောလာလေသည်။ "ရှင့်ကိုယ်ရှင် ဘယ်သူထင်နေလို့လဲ ရှင်ကဘာမလို့ ကြီးကြပ်ရေးမှူးဟန်ကိုတောင် ဒီလိုပြန်ပြောရဲတာလဲ"

ကျိုးဟောင်၏စကားကြောင့် ကြီးကြပ်ရေးမှူးဟန်၏မျက်နှာပေါ်ကအပြုံးမှာပျောက်ကွယ်သွားပြီး အသံမှာလည်းအေးစက်လာလေသည်။ "ကျုပ်က ဒီမဟာမိတ်စင်တာ ၁၂ထပ်က ပစ္စည်းရောင်းဝယ်ရေးဌာနရဲ့ ကြီးကြပ်ရေးမှူးပဲ။ ကျုပ်မှာ ငွေပေးချေမှုမှန်သမျှကို စစ်ဆေးခွင့်ရှိတာ သဘာဝပဲ"

"တကယ်လို့ခင်ဗျားမပူးပေါင်းဘူးဆိုရင် ခင်ဗျားက တခြားမျိုးနွယ်တွေကလွှတ်လိုက်တဲ့သူလျှိုပါလို့ သံသယဝင်စရာ အကြောင်းပြချက်ရှိတယ်"

ကျိုးဟောင်မှာ ပြုံးရုံသာပြုံးလိုက်သော်လည်း သူ့အပြုံးမှာအေးစက်နေလေသည်။

"တခြားမျိုးနွယ်ကလွှတ်လိုက်တဲ့ သူလျှိုတဲ့လား" သူရှေ့တစ်လှမ်းတိုးပြီး သူ့ကိုယ်တွင်းရှိသွေးအနှစ်သာရကို လှည့်ပတ်တော့မည်အချိန်မှာပင် ချောင်ယင်းအာမှာရုတ်တရက် ရှေ့သို့လျှောက်လာပြီး ကျိုးဟောင်ရှေ့တွင်ရပ်လိုက်ပြီး အံကြိတ်ကာ အခိုင်အမာပြောလိုက်လေသည်။ "ကြီးကြပ်ရေးမှူးဟန် ရှင်ကျွန်မရဲ့ဂိုဒေါင်ကိုချိတ်ပိတ်လို့ရပေမဲ့ ကျွန်မဖောက်သည်ကိုတော့ မဟုတ်မမှန်ပြောလို့မရဘူး"

"ကျေးဇူးပြုပြီး ရှင်ခုနကပြောတဲ့စကားကို ပြန်ရုပ်သိမ်းပေးပါ မဟုတ်ရင် ကျွန်မဒေဝါလီခံရမယ်ဆိုရင်တောင် ရှင့်ကိုအထက်ကောင်စီခန်းမမှာ တရားစွဲပစ်မယ်"

ယန်ချင်းအာ၏စကားအားကြားလိုက်ရသော ကြီးကြပ်ရေးမှူးဟန်မှာထိတ်လန့်သွားလေသည်။

အထက်ကောင်စီခန်းမဆိုသည်မှာ ကမ္ဘာဂြိုဟ်ပေါ်က တင်းကြပ်သောမူဝါဒများဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်လေသည်။

အကယ်၍ သူအမှားမလုပ်ထားလျှင်တောင် ထိုခန်းမထဲဝင်သွားပါက အရေခွံတစ်လွှာလောက်တော့ ဆုံးရှုံးလာရမည်ဖြစ်ပေသည်။

"နင်က ဘယ်သူ့ကိုလာခြောက်နေတာလဲ" ယန်ရွှယ်မှာသရော်ပြုံးပြုံးကာ မထီမဲ့မြင်ပုံစံဖြင့်ပြောလိုက်လေသည်။ "နင့်ကိုယ်နင် အဲဒီလိုကိစ္စမျိုးလုပ်နိုင်မယ်ထင်လို့လား နင့်ခန္ဓာကိုယ်နင်အခါခါရောင်းစားရင်တောင် အဲဒီလိုကိစ္စမျိုး လုပ်နိုင်မှာမဟုတ်ဘူး"

ထိုစကားကြားမှသာ ကြီးကြပ်ရေးမှူးဟန်မှာ အထက်ကောင်စီက မည်သူနှင့်မှအဆက်အဆံမလုပ်ခဲ့ဖူးကြောင်း သတိရသွားလေသည်။

သူ ချောင်ယင်းအာထံမှ ခြောက်လှန့်ခံရတော့မလို့ပင်။

ကြီးကြပ်ရေးမှူးဟန်မှာချက်ချင်းပင် တဲ့တိုးပြောလိုက်လေသည်။ "ချောင်ယင်းအာ နောက်ဂိုဒေါင်ထပ်ဖွင့်ဖို့ စိတ်တောင်မကူးနဲ့တော့"

ယခုအခြေအနေ၌ သူ့ကိုယ်သူထိန်းချုပ်မထားတော့ပေ။

ထိုအခိုက်အတန့်၌ ဘေးတွင်လူအများအပြားဖြင့်စုပြုံနေပြီဖြစ်ပြီး အများစုမှာဂိုဒေါင်မှအလုပ်သမားများဖြစ်လေသည်။

ယခုအခြေအနေကိုကြည့်ပြီး အားလုံးမှာ သက်ပြင်းချလိုက်မိသည်။

"ချောင်ယင်းအာတော့ ဒီတစ်ခေါက်သွားပြီ"

"ဟုတ်တယ် အဲဒီဟန်မျိုးရိုးကအငြှိုးကြီးတယ်ဆိုပြီးနာမည်ကြီးတာ သူ့ကိုအပြစ်လုပ်မိရင် ပစ္စည်းရောင်းဝယ်ရေးဌာနမှာ အလုပ်လုပ်ဖို့ကိစ္စကို စိတ်တောင်မကူးနဲ့တော့ပဲ"

"မတတ်နိုင်ဘူး ချောင်ယင်းအာကလှသလောက် အောက်ကျခံပြီးပြုံးပြရမှာကိုဝန်အလေးဆုံးပဲ သူဒီအချိန်ထိခံနေတာပဲ အတော်အထင်ကြီးစရာကောင်းနေပြီ"

လူအုပ်ကြီးထံမှ တီးတိုးဆွေးနွေးသံများထွက်ပေါ်နေသလို ဝူထောင်မှာလည်း အတင်းအကြပ်လမ်းဖောက်ကာ ဂိုဒေါင်၏ဝင်ပေါက်ဝသို့ အလောတကြီးပြေးလာလေသည်။

....................................................................................

အခန်း (၃၀) ပြီးပါပြီ။

All Chapters