အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အခန်း(၆၃၇) ဂုဏ်ပြုဆောင်ပွဲတွင် အတန်းဖော်ဟောင်းနှင့်တွေ့ခြင်း
ဤကဏ္ဍတွင် ချူးယွင်ဖန်းက များစွာဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ အများစုက ဘေးဖယ်ခံရမည်ကို ကြောက်သော်လည်း သူက စိတ်မပူပေ။ တစ်ဖက်တွင် ၎င်းသည် ဂေါင်ဟုန်ချီအပေါ် ချူးယွင်ဖန်း၏ယုံကြည်မှုကို အခြေခံထားသည်။ အခြားတစ်ဖက်တွင်မူ ၎င်းသည် သူ၏အဖြစ်မှန်ကို နားလည်မှုအပေါ် အခြေခံသည်။ ဧကရာဇ်နန်းတော်ကဲ့သို့ အဖွဲ့အစည်းတစ်ခုသည် သူမရှိဘဲ ဘာမှမဖြစ်နိုင်ပေ။ တစ်မိနစ်အတွင်း သူသည် ပိုကြီးသော အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်သည်။
ချူးယွင်ဖန်းသည် ပင်တိုင်ဖြစ်၍၊ မည်သူမျှ ထိုအရာကို မဖယ်ထုတ်နိုင်ပေ။
ထို့အပြင် ချူးယွင်ဖန်းသည် ကြီးကျယ်သော အရာများကို အောင်မြင်သူများသည် အသေးအဖွဲအသေးစိတ်အချက်အလက်များကို ဂရုမစိုက်ကြောင်း အမြဲခံစားခဲ့ရသည်။ ဤသည်မှာ ၎င်းတို့၌ မြင့်မားသော ရည်မှန်းချက်များရှိ၍မဟုတ် အရည်အချင်းနိမ့်ပါးခြင်းကြောင့်သာဖြစ်သည်။ လူတစ်ဦး၏အချိန်ကန့်သတ်ချက်ဆိုသော အရာရှိသည်။ ထို့ကြောင့် ၎င်းတို့က ပို၍ အရေးကြီးသောအရာများကို လုပ်ဆောင်ရန် လိုအပ်သည်။ သာမန်အသေးအမွှားအုပ်ချုပ်မှုကိစ္စများတွင် ဖြုန်းနေရန် အချိန်မရှိပေ။ ချူးယွင်ဖန်းက သူ၏ကျင့်ကြံမှုဆက်လက်တိုးတက်၍ သူ့ကိုယ်သူ နာမည်ကောင်းရရန် ပြုလုပ်နိုင်သရွေ့ ၎င်းသည် ဧကရာဇ်နန်းတော်အတွက် အကြီးမားဆုံးသော ပံ့ပိုးကူညီမှု ဖြစ်လာမည်ဖြစ်သည်။
တစ်ဖက်တွင်မူ ဂေါင်ဟုန်ချီသည် ကွဲပြားသည်။ သူ့တွင် ချူးယွင်ဖန်း၏အကူအညီရှိသော်လည်း သူသည် ချီပင်လယ်အဆင့် အထွတ်အထိပ်၌သာရှိနေ၍ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့မရောက်သေးပေ။ သိုင်းပညာတွင် သူ၏အောင်မြင်မှုများသည် ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်၍မရနိုင်သဖြင့် ဧကရာဇ်နန်းတော်ကို ပို၍အာရုံစိုက်နိုင်သည်မှာ သဘာဝအတိုင်းဖြစ်သည်။ ဧကရာဇ်နန်းတော်ကို ဂေါင်ဟုန်ချီမှတည်ဆောက်ခဲ့ခြင်းဖြစ်ကာ သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ၎င်း၏အနာဂတ်ပံ့ပိုးကူညီမှုကို တိုင်းတာ၍ မရနိုင်ပေ။ ဂေါင်ဟုန်ချီသည် ပြည်ထောင်စုမှ သန်းရာနှင့်ချီသောလူများသည် သိုင်းပညာကျွမ်းကျင်သူများမဟုတ်ကြောင်း ကောင်းစွာသိသည်။ ၎င်းသည် လက်တွေ့မကျပေ။
အနီးနားရှိ ထုန်ရှန်တောင်တန်းကို အစွဲပြု၍ အမည်ပေးထားသည့် ထုန်ရှန်မြို့သည် မကြာသေးမီနှစ်များအတွင်း အသစ်တည်ဆောက်ထားသော မြို့များထဲမှ တစ်ခုဖြစ်သည်။ အခြားသြဇာခံမြို့များနှင့် နှိုင်းယှဉ်ပါက လူဦးရေ များပြားခြင်းမရှိသဖြင့် နိုင်ငံသားနှစ်သန်းကျော်သာရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ လူငယ်များစွာသည် ထုန်ရှန်မြို့စွန်သို့ သွားလာခဲ့ကြသည်။ ဤလူများအားလုံးသည် ထူးခြားသော စွမ်းရည်များရှိကြသော သိုင်းပညာရှင်များနှင့်တူသည်။ အနီးနားနေထိုင်သူများက ထိုသူတို့ မည်သို့ဖြစ်နေကြောင်း သိချင်စိတ်ဖြင့် မေးလိုက်မှသာ အမှန်တရားကိုသိလာကြသည်။
ပြည်ထောင်စုတက္ကသိုလ်မှ ညီနောင်စည်းလုံးခြင်းအဖွဲ့၏ ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲကို ထိုနေရာတွင် ကျင်းပတော့မည်ဖြစ်သည်။ ၎င်းတို့က မည်သို့ဖြစ်နေကြောင်းကို မသိကြသော်လည်း ပြည်ထောင်စုတက္ကသိုလ်အကြောင်းပြောလာသောအခါ အနီးနားနေထိုင်သူများက အံ့သြ၍ လေးစားမိကြသည်။ နှစ်ပေါင်းများစွာကြာသည်အထိ ပြည်ထောင်စုတက္ကသိုလ်၏ ဂုဏ်သိက္ခာသည် လူတိုင်း၏နှလုံးသားထဲတွင် အမြစ်တွယ်နေသည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်သူများသည် ထူးချွန်သူများအဖြစ် သတ်မှတ်ခံရသည်။
ယနေ့တွင် ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲကျင်းပမည့် လူနေရပ်ကွက်သို့ အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အရွယ်လူတစ်ဦး ရောက်လာသည်။ သွယ်လျသောအသွင်အပြင်နှင့် နူးညံ့လှပသော မျက်နှာမျိုးရှိသော လူတစ်ယောက်ဖြစ်ကာ သူလျှောက်လှမ်းလာရာ လမ်းတစ်လျှောက်တွင် သဘာဝနှင့် လိုက်လျောညီထွေရှိမည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
ဂုဏ်ပြုဆောင်ပွဲ၏ စည်းကားသောအလယ်ဗဟိုတွင် ထိုသူက အနည်းငယ်ထင်ရှားနေသည့်ပုံပေါ်သည်။
“ဒီဂုဏ်ပြုဆောင်ပွဲကို စီစဉ်ပေးတဲ့သူက အရည်အချင်းရှိမယ့်သူပဲ”
ချူးယွင်ဖန်းသည် သူ့ရှေ့က လူပင်လယ်ကြီးကို ကြည့်၍ ဤနေရာတွင် အနည်းဆုံး လူပေါင်း သောင်းနှင့်ချီ ရှိသည်ဟု ခန့်မှန်းလိုက်သည်။ ဂုဏ်ပြုဆောင်ပွဲသို့ အမှန်တကယ်လာရောက်ကြသည့် ကျောင်းသားအချို့အပြင် အနီးနားမှ လာရောက်ကြသော လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ခံအများအပြားလည်း ရှိသည်။ အစပိုင်းတွင် ဂုဏ်ပြုဆောင်ပွဲသည် လူအနည်းငယ်မျှသာ စကားပြောရန်နှင့် မှတ်စုများကို နှိုင်းယှဉ်ရန် စုဝေးရာနေရာဖြစ်သည်။ ယခုအချိန်တွင်မူ ၎င်းသည် ထွန်းကားသော ပွဲတစ်ပွဲဖြစ်လာ၏။ ဤအတိုင်းအတာသည် အထူးကြီးမားလှသည်မဟုတ်သော်လည်း ကြီးမားသောသြဇာလွှမ်းမိုးမှုရှိသည်။
ချူးယွင်ဖန်းသိထားသလောက် ဂုဏ်ပြုဆောင်ပွဲအတွင်း နှစ်စဉ်နှစ်တိုင်း သြဇာခံမြို့အသီးသီးမှ ခေါင်းဆောင်အများအပြားသည် ၎င်းတို့၏ သက်ဆိုင်ရာမြို့များတွင် အခြေချနေထိုင်ရန် ကြိုးပမ်းလာကြသည်။ ဤအတွက် ၎င်းတို့သည် ဦးစားပေးအခြေအနေများစွာကို ကမ်းလှမ်းရန် တွန့်ဆုတ်မနေကြတော့ပေ။ ဤသို့ လုပ်ခြင်းအားဖြင့် အိုလံပစ်ပွဲတော်နှင့် အခြားပွဲတော်ကြီးများ ဖိုရမ်များကျင်းပခဲ့သော မျက်မှောက်ခေတ်ကကဲ့သို့ပင် ကိုယ်ပိုင်တောင်းဆိုမှုများရှိလာသည်။
ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲသည် ကြီးကြီးမားမားမဟုတ်သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုသည် သြဇာခံမြို့များ၏ဒေသခံခေါင်းဆောင်များကို ပျော်ရွှင်စေနိုင်ခဲ့သည်။
ချူးယွင်ဖန်းက ပြုံးလိုက်သည်။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများအားလုံးသည် လက်ရွေးစင်များဖြစ်ကြသည်။ ဤသို့ပွဲမျိုးကို စီစဥ်နိုင်သောသောသူများသည် မွေးဖွားခြင်းနယ်မြေအဆင့်ရှိသော ပုဂ္ဂိုလ်ကြီးအချို့ဖြစ်သဖြင့် ဤသို့သော ကိစ္စမျိုးသည် အသေးအမွှားသာဖြစ်သည်။ ဤဂုဏ်ပြုဆောင်ပွဲသည် ရက်အနည်းငယ်ကြာပြီးဖြစ်သော်လည်း အမှန်စင်စစ်နာမည်ကြီးသော ပုဂ္ဂိုလ်များ မပေါ်လာသေးပေ။ ယနေ့သည် အမျိုးမျိုးသော တက္ကသိုလ်များ၊ ဂိုဏ်းခွဲများ၊ မင်းမျိုးမင်းနွယ်များ နှင့် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများ လှုပ်ရှားကြမည့်နေ့ဖြစ်သည်။
ဂုဏ်ပြုဆောင်ပွဲတစ်ခုလုံး၏ အထွတ်အထိပ်သည် ချူးယွင်ဖန်းရောက်လာသည့်အခိုက်အတန့်သာဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ရောက်ရှိလာသော ဂေါင်ဟုန်ချီနှင့် တွေ့ဆုံရန် နီးကပ်လာချိန်တွင် သူ့နောက်မှ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။
"ချူးယွင်ဖန်း" ခေါင်းလှည့်ကြည့်လိုက်သောအခါ ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့် ရှိသော မိန်းကလေးကို မြင်လိုက်ရသည်။ ဤမိန်းကလေးသည် အလွန်လှပ၍ အရပ်ရှည်ကာ သွယ်လျသော ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားသည်။ သူမဝတ်ဆင်ထားသည့် သိုင်းဝတ်စုံသည် အနီးအနားရှိလူအများ၏ အာရုံကို ဆွဲဆောင်နိုင်၏။
ချူးယွင်ဖန်း၏ အကြည့်များတွင် အနည်းငယ်ပဟေဌိဖြစ်မှုများကိန်းအောင်းနေပုံ၏။
“နင်လည်းဒီမှာလား”
“ချူးယွင်ဖန်း မတွေ့ရတာ နှစ်နည်းနည်းပဲကြာသေးတာကို နင်က ငါ့အကြောင်းအကုန်မေ့သွားပြီပေါ့။ ငါလေ ယန်လီလီ” အမျိုးသမီးငယ်လေးက နေကာမျက်မှန်ကို ချွတ်၍ အံ့သြစွာပြောလိုက်သည်။
“တကယ်နင်ပဲ။ ငါနင့်ကို အထင်မှားထင်လို့ အဝေးကကြည့်နေတာ။ နင်ကအရင်ကထက် ပိုပိန်လာတာပဲ” ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သတိထားမိသွား၏။ ဤမိန်းကလေး၏ အမည်မှာ ယန်လီလီဖြစ်ကာ သူ၏ အလယ်တန်း အတန်းဖော်ဖြစ်သည်။ တစ်ချိန်တည်း၌ပင် သူမသည် အတန်း၏ အလှပဂေးလေးအဖြစ်နာမည်ကျော်ကြားသူဖြစ်၍ ပိုးပန်းသူများစွာရှိသည်။ သူမသည် တန်စီယု၊ ပိုင်လင်အာတို့ကဲ့သို့ အချို့သူများနှင့်မယှဥ်နိုင်သော်လည်း အလွန်လှပသည်ဟု မှတ်ယူ၍ရသည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်း ထိုကျောင်းမှ ဘွဲ့ရခဲ့သည်မှာ လေးနှစ်ကျော်ခဲ့ပြီဖြစ်၍ ယန်လီလီသည် များစွာပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် သူ ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည်လည်း များစွာပြောင်းလဲသွားသည်။ အတိတ်တွင် သူသည် ပို၍ တောင့်တင်းပုံပေါ်ကာ ပြင်းထန်သော ဧကရာဇ်ကိုယ်ခန္ဓာစနစ်ကို ကျင့်ကြံပြီးသောအခါ သူ့ကြွက်သားများပိုမို သေးလာ၍ ပိန်သွားသည်ဟု ထင်ရသည်။ ယန်လီလီက ချူးယွင်ဖန်းကို မြင်သောအခါ အတော်အတန် အံ့သြသွားရသည်။ ၎င်းတို့ အလယ်တန်းကျောင်းတွင် ၎င်းတို့၏ ဆက်ဆံရေးသည် သာမန်သာဖြစ်ခဲ့သည်။ ထိုစဥ်က ယန်လီလီသည် အတန်း၏ အလှပဂေးလေးဖြစ်နေပြီဖြစ်၍ ချူးယွင်ဖန်းသည် သာမန်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ကာ အလိုအလျောက်ပင် မည်သို့ဆက်ဆံရေးမျိုးမျှမရှိခဲ့ပေ။ ၎င်းတို့သည် အတန်းဖော်ဟောင်းများဖြစ်ကြသဖြင့် ပြန်တွေ့ကြသောအချိန်တွင် ပို၍ ရင်းနှီးကြသည်။
“ငါ နင့်ကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး” ချူးယွင်ဖန်းက ခပ်ပါးပါးပြုံး၍ပြောသည်။
“ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲကို ကြည့်ဖို့လာခဲ့တာလား”
“အင်း ဟုတ်။ ဘာလို့လဲ။ နင်လည်း ဒီကို ဂုဏ်ပြုဆောင်ပွဲကြည့်ဖို့ရောက်နေတာလား”
“ငါ တုန်ရှန်တက္ကသိုလ်ကို ဝင်ခွင့်ရပြီးတော့ ဒီနားရောက်နေတာ။ အဲ့တာကြောင့် အတန်းဖော်တွေနဲ့အတူလာကြည့်တာ။ နင်တစ်ယောက်တည်းလာတာလား”
“အင်း” ချူးယွင်ဖန်းက ခေါင်းညိတ်၍ ပြန်ဖြေ၏။
“ကောင်းပီေလ။ ငါတို့နဲ့လိုက်ခဲ့ပါလား။ အတန်းဖော်ဟောင်းတွေ ပြန်ဆုံဖို့ခက်သား။ ပြီးတော့ ငါက ဒီနေရာနဲ့ ရင်းနှီးဆိုတော့ နင့်ကို လိုက်ပြလို့ရတယ်” ယန်လီလီက ပြောသည်။
ထို့နောက် စကားတစ်ခွန်းမျှထပ်မပြောတော့ဘဲ ယန်လီလီက ချူးယွင်ဖန်းကို ပွဲ၏ အလယ်သို့ဆွဲခေါ်သွားတော့၏။
ချူးယွင်ဖန်းက ခါးသက်စွာပြုံးလိုက်သည်။ ယန်လီလီသည် အမြဲဤသို့ပင်ဖြစ်၍ ပြောင်းလဲသွားခြင်းအနည်းငယ်မျှမရှိပေ။ ဟိုးအစမှစ၍ သူမသည် အတန်း၏ အလှဆုံးမိန်းကလေးဖြစ်နေခဲ့သည့်တိုင် မောက်မာခြင်းအလျင်းမရှိခဲ့ပေ။ ထို့ကြောင့် အတန်းတွင်းယောက်ျားလေးများကြားတွင် အလွန် နာမည်ကြီးသည်။ သူမကို ယောက်ျားလေးအများစု၏ အဦးဆုံး နတ်ဘုရားမလေးဟုပင် ယူဆနိုင်၏။
“ငါနင့်ကို ပြောပြမယ် ဒီနေ့ နင်နေရာမှန်ကို ရောက်လာတာပဲ။ ပြည်ထောင်စုတက္ကသိုလ်က ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲက ဒီနေ့ အရှိန်အရမ်းမြင့်မယ်လို့ကြား။ ငါကြားတာတော့ မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းသမားတွေ အများကြီး ပေါ်လာလိမ့်မယ်တဲ့။ ဘုရားရေ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေတဲ့။ ငါတို့ မြို့တော်ဝန်တောင် ဒီလောက်စွမ်းအားမကြီးဘူး”
အခန်း(၆၃၈) ချူးယွင်ဖန်းလား နည်းနည်း ရင်းနှီးနေသကဲ့သို့ပဲ
ယန်လီလီက ဤသို့ပြောလျက် မျက်နှာအနည်းငယ်ပျက်သွားရသည်။ သူမကဲ့သို့ သာမန်လူတစ်ယောက်အတွက် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် မိုးကုပ်စက်ဝိုင်း၏ အစွန်တွင်ရှိနေသော အရေးကြီး ပူဂ္ဂိုလ်မျိုးဖြစ်သည်။
ပြည်ထောင်စုသည် လူသားတို့အတွက် ကြီးကျယ်သော ကျင့်ကြံရေးခေတ်ဟု လူသိများသော်လည်း လူအများစုသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့သာ ရောက်ရှိနိုင်မည်ဖြစ်သည်။ ပင်ကိုယ်စွမ်းရည် ကွာခြားရုံသာမက ကျင့်ကြံရေး အရင်းအမြစ်များတွင်လည်း ကြီးမားသော ကွာခြားချက်များရှိကြသည်။ ယင်းကြောင့် လူအများစုက ရှေ့မတိုးနိုင်ကြပေ။ ဤကိစ္စနှင့်ပတ်သက်၍ အစိုးရက လုပ်နိုင်သောအရာမရှိပေ။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကနှင့် နှိုင်းယှဉ်ပါက လက်ရှိအခြေအနေသည် အလွန်ကောင်းမွန်နေပြီဟု ယူဆ၍ရသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက တစ်သောင်းတွင် တစ်ဦးသာ စွမ်းအင် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
နတ်အဆင့်သို့ ရောက်သွားသော ကြီးမားသည့် ပုဂ္ဂိလ်များသည် ဒဏ္ဍာရီလာများသာဖြစ်သည်။ အများသူငှာ အများမြင်သာဆုံးသောနတ်အဆင့်ကျင့်ကြံသူမှာ ပြည်ထောင်စုဥသမ္မတ ဖြစ်ရာ၊ ယင်းကိုလည်း ရုပ်မြင်သံကြားမှတစ်ဆင့်သာ ကြားဖူးကြသည်။ အခြားသော နတ်အဆင့်ကျင့်ကြံသူများအကြောင်းကိုမူ ကောလဟာလအားဖြင့်သာ ရံဖန်ရံခါ ကြားကြရသည်။
၎င်းတို့အတွက်မူ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများဖြစ်လာခြင်းသည် အိပ်မက်သာမက်နိုင်သော ကိစ္စကြီးတစ်ခုဖြစ်သည်။ လူတိုင်း တန်းတူညီတူရှိကြသော မျက်မှောင်ခေတ်တွင်ပင်လျှင် လူအများကြားအဆင့်အတန်းသည်မူ ပျောက်ကွယ်သွားခြင်းအလျင်းမရှိပေ။
သို့သော်လည်း ယန်လီလီသည် သူမနှင့်အတူ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးကို ဆွဲခေါ်လာမိသည်ဟု မည်သည့်အခါကမျှ မှန်းဆဖူးမည်မဟုတ်ပေ။ ချူးယွင်ဖန်းအပေါ် သူမ၏ အမြင်သည် အလယ်တန်းကျောင်းသားဘဝ၌သာရှိနေဆဲဖြစ်၍ ထိုအချိန်က ချူးယွင်ဖန်းသည် ကဏ္ဍပေါင်းစုံတွင် အလွန် သာမန်သာဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် မတွေ့သည်မှာကြာပြီဖြစ်သောကြောင့်သာမက ယခုနယ်မြေရပ်ခြားတွင်ပြန်လည်ဆုံတွေ့မိသောကြောင့်သာမဟုတ်လျှင် ယန်လီလီက ယခုကဲ့သို့ စိတ်အားထက်သန်မှု ပြသမည်မဟုတ်ပေ။ တစ်ချိန်တည်း၌ပင် ပွဲလယ်ခေါင်ရှိ သီးသန့်ခန်းတစ်ခုတွင် အသက်နှစ်ဆယ်ကျော် လူငယ်နှစ်ဦး မျက်နှာချင်းဆိုင်လျက် ထိုင်နေကြ၏။ ၎င်းတို့ထဲမှတစ်ယောက်သည် ဆံပင်တို၍ သိုင်းဝတ်စုံကို ဝတ်ထားရာ၊ တောင့်ဖြောင့်သော ခန္ဓာကိုယ်သည် သူ၏ ရှည်မျောသောအရပ်ကို ပေါ်လွင်နေသဖြင့် အလွန်ကြည့်ကောင်းသော အသွင်အပြင်မျိုးရှိသည်။
နောက်တစ်ဦးမှာ နူးညံ့ပြေပြစ်သောပုံပေါ်ကာ သူနှင့်လိုက်ဖက်သော ၀တ်စုံရှည်ကို ၀တ်ထားသည်။
"သူလာမှာသေချာလား" အရပ်ရှည်ရှည် သန်မာသော လူငယ်က မေးသည်။
"ဟုတ်တယ်။ သူက သူ့ကိုယ်ပိုင်အဖွဲ့အစည်း ဧကရာဇ်နန်းတော်ကို တည်ထောင်ခဲ့မလား။ ဧကရာဇ်နန်းတော်က ကိုယ်စားလှယ်အများကြီး ရောက်လာမယ်လို့ သတင်းရတယ်။ ဆိုလိုတာက သူလာမှာ သေချာတယ်” နူးညံ့ပြေပြစ်သော လူငယ်ကပြောသည်။ “ ဧကရာဇ်နန်းတော်က တစ်နှစ်ပဲရှိသေးလို့ ကျွမ်းကျင်ပညာရှင်မရှိဘူး။ အကယ်၍ သူကိုယ္တိုင်မလာခဲ့ရင် သူ့လူတွေကို ဘာလို့ ဒီနေရာ လာခိုင်းမှာလဲ။ အရှက်အခွဲခံချင်နေတာလား”
"သူ သံသယဝင်မနေလောက်ဘူးလား” ဆံပင်တိုနှင့်လူငယ်က ဆက်ပြောသည်။
“အဲတာ အရေးမကြီးဘူး။ အရေးကြီးတာက သူ ဒီကို ရောက်နေပြီ” နူးညံ့သိမ်မွေ့သော ရုပ်ရည်နှင့် လူငယ်က ပြောသည်။
“သူ့မှာ ဖိတ်ခေါ်ပိုင်ခွင့် ရှိတယ်။ ဒါက ညီနောင်စည်းလုံးခြင်းအဖွဲ့ရဲ့ စံလုပ်ငန်းဆောင်ရွက်မှုတွေနဲ့လည်းကိုက်ညီမှာ။ ဒီနည်းလမ်းတွေကလွဲလို့ မင်းမှာ အခြားအကြံဉာဏ်တွေရှိသေးလား။ သူ့အိမ်မှာပုန်းနေပြီး ကောင်းကင်ဘုံနဂါးအကြီးအကဲရဲ့ မွေးနေ့မတိုင်ခင်အထိ သီးသန့်လေ့ကျင့်နေရင် သူ့ကို ခေါ်ထုတ်ဖို့နည်းလမ်းရှိလား”
"မှန်တယ်။ သူသာ သူရဲဘောကြောင်တဲ့လိပ်လိုမျိုး ပုန်းလျှိုးကွယ်လျှိုး လုပ်ရင် ငါတို့ သူ့ကို ခေါ်ထုတ်လာဖို့ နည်းလမ်းမရှိဘူး။ တက္ကသိုလ်တက်တုန်း သူ့ကိုတိုက်ရိုက်တိုက်ခိုက်ရင် မကောင်းဘူး။ သူ့ဆရာ ကျန်းယွမ်ပင်က နှောင့်ယှက်လို့ရမယ့် သူမဟုတ်ဘူး။ ငါတို့ သူ့ကို ရန်စမိရင် ဒုက္ခဖြစ်လိမ့်မယ်။ ဒါပေမယ့် အခု လိပ်ခွံက လွတ်သွားပြီဆိုတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး” ဆံပင်တိုဖြင့်လူငယ်က ပြုံးလျက်ပြောသည်။
သူ့စကားအသွားအလာကိုကြည့်လျှင် ချူးယွင်ဖန်းကို အထင်သေးနေသည်မှာ အလွန်ထင်ရှားသည်။ ဆန့်ကျင်ဘက်တွင် ကျန်းယွမ်ပင်သည် ပိုမိုပြင်းထန်သော အဟန့်အတားတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိသော ဝမ်ချီကို တစ်ချိန်က အနိုင်ယူခဲ့ဖူးသော်လည်း ဤလူ၏ရှေ့တွင် ဝမ်ချီသည် ဘာမှမဟုတ်ပေ။ ချူးယွင်ဖန်းသည် ၎င်းတို့၏ အသိုင်းအဝိုင်းတွင် အသစ်စက်စက်လေးသာဖြစ်သည်။ ဝမ်ချီကို အနိုင်ယူခဲ့ရုံဖြင့် ၎င်းတို့နှင့် တူညီသောအဆင့်တွင်ရှိနေရန် မလုံလောက်ပေ။
“ငါသိပြီ၊ မင်းက သူ့ကို စော်ကားမိမှာ မစိုးရိမ်ဘူးပဲ။ ဒါပေမယ့် ဒီကောင်လေးကို ငါသိတယ်။ သူက အရမ်းသန်မာပြီး အရည်အချင်းလည်း အရမ်းရှိတယ်။ သူ့ အနာဂတ်သည် အကန့်အသတ်မရှိတာမို့ ချူးမိသားစုက သူ့ကို ကျောထောက်နောက်ခံပေးထားတာနော် သူက ပေါ့ပေါ့တန်တန် ဆက်ဆံလို့ရမယ့်သူမဟုတ်ဘူး”
နူးညံ့သိမ်မွေ့သောလူငယ်၏ မျက်နှာထက်မှ နူးညံ့သိမ်မွေ့မှုများ ချက်ချင်း ပျောက်ကွယ်ကာ သူ့အကြည်များ ပြင်းထန်လာသည်။
“လူတစ်ယောက်က အလုပ်လုပ်နေတုန်းမှာ ဘာလို့ ကြောက်နေရမှာလဲ။ ဒီဖိတ်ကြားချက်ကိုရဖို့ ငါဆုံးဖြတ်ထားတယ်။ ငါရခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီးပြောရရင် ကျန်းလင်းရှောင်က ရှေးဟောင်းလူသားခေတ်က အမွေကို ယခုလေးတင်ရခဲ့တဲ့ပုံပဲ။ အချိန်တန်ရင် သူပိုပြီး သန်မာလာမှာ သေချာတာကို ။ ငါသူနဲ့ တိုက်ခိုက်ခဲ့တာ နှစ်အတော်ကြာပေါ့။ အခုအချိန်မှာ အရှုံးကို ဝန်ခံလိုက်ရမယ်လို့တော့ ငါ့ကို မပြောနဲ့”
"ဒါ့အပြင် ငါက ချူးယွင်ဖန်းနဲ့ ရန်ဖြစ်တော့ရော ဘာဖြစ်လဲ၊ သူက ကျန်းလင်းရှောင်နဲ့ မရဏတိုက်ပွဲတိုက်ဖို့ သဘောတူညီချက်တစ်ခုရှိထားတာ။ ကျန်းလင်းရှောင်အပေါ် ငါ့နားလည်မှုကို အခြေခံပြီးပြောရရင် ချူးယွင်ဖန်းက မရဏတိုက်ပွဲကို မကမ်းလှမ်းရင်တောင် ကျန်းလင်းရှောင်က သူ့ကို မသတ်လောက်ဘူး။ ဒါပေမယ့် ချူးယွင်ဖန်းက ဒီမရဏတိုက်ပွဲကို အဆိုပြုထားဆိုတော့ ဒါသေဖို့တောင်းဆိုနေတာပဲ။ ကျန်းလင်းရှောင်က သဘောကောင်းတဲ့လူမျိုးမဟုတ်ဘူး။ တကယ်လို့ ချူးယွင်ဖန်းသာ မသေရင် ကျန်းလင်းရှောင်က ဘယ်လိုလုပ် လူထုကို စည်းရုံးနိုင်မှာလဲ”
“နောက်ပြီး ကြောက်နေရမယ့်သူက ငါ ချီရှောင်ဟွားမဟုတ်ဘူး၊ ငါ ချူးယွင်ဖန်းနဲ့ ရန်ဖြစ်တော့ရော ဘာဖြစ်လဲ။ ကြီးမြတ်တဲ့တာအိုမှာ ဘယ်တုန်းကမှ ငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲနေထိုင်တာမျိုးမရှိခဲ့ဘူး။ ငါတို့ အမြဲတမ်း ပိုပြီး တိုက်ပွဲဝင်ရမယ်။ အခွင့်အလမ်းတွေ ကန့်သတ်ထားတာမို့ သူတို့အတွက် တိုက်ပွဲဝင်ရမှာ”
“အခုတော့ ဒီဖိတ်ကြားချက်ကို လက်ထဲရောက်ဖို့ ကြိုးစားနေတဲ့ တခြားသူတွေကို သတိထားရမယ်။ ကျားဟန်ဟိုင်၊ ဒီတခေါက် ငါတို့ အတူတူ လုပ်မယ်။ ငါမင်းကို ကတိပေးထားတဲ့အတိုင်း ငါပေးမယ်"
ဆံပင်တိုလူငယ် ကျားဟန်ဟိုင်က ဤစကားကို ကြားသောအခါ ပြုံး၍ပြောလိုက်သည်။
“ဒါက သဘာဝကျပါ။ ဖိတ်စာတွေကို ပြည်ထောင်စုတက္ကသိုလ်ကို ပေးပို့ထားလို့ ပြည်ထောင်စုတက္ကသိုလ်က လူကပဲထွက်လာလို့ရတယ်။ အခြားသူကသာ သူတို့လက်ထုတ်ရဲရင် သူတို့အားလုံး ငါတို့လက်ထဲမှာ သေရလိမ့်မယ်”
ကျားဟန်ဟိုင်က ချီရှောင်ဟွားပြောသည်ကို အလွန်ကျေနပ်လျက်ရှိသည်။ ဤကိစ္စတွင် ချီရှောင်ဟွား၏လက်ထောက်ဖြစ်ရန်ပင် ဆန္ဒရှိခဲ့သည်။ ချီရှောင်ဟွားသည် ဤကိစ္စကို ဤမျှ ခက်ခဲသည်ဟု မတွေးထားသည်မှာ သိသာထင်ရှားလှသည်။ ဖိတ်ခေါ်မှုကို လုယူပြီးနောက် နောက်ဆက်တွဲပြဿနာများကို မည်သို့ဖြေရှင်းရမည်ကို သူတွေးနေပြီဖြစ်သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် သူ၏အတန်းဖော်ဟောင်း ယန်လီလီသည် ကျောင်းသားများနှင့်တူသော လူငယ်သုံးဦးရှေ့သို့ ရောက်လာသည်။ ဦးဆောင်သူ လူငယ်သည် အသက်နှစ်ဆယ်ကျော်ရှိပုံရသည်။ သူ့တွင် အနည်းငယ် မာနကြီးသော အမူအရာရှိသည်။ သူ့နောက်တွင် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရှိ၍ နှစ်ယောက်သား အလွန်ရင်းနှီးပုံရရာ ချစ်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။
မောက်မာသောလူငယ်က ယန်လီလီသည် ချူယွင်ဖန်းကို ခေါ်ထုတ်လာကြောင်း မြင်သောအခါ မကျေမနပ်ဖြစ်မှုများ သူ့မျက်လုံးထဲပေါ်လာသည်။ သူ့မျက်နှာထက်တွင် ယင်းကိုမမြင်ရသည့်တိုင် ချူးယွင်ဖန်းက အရာအားလုံးကို သဘာဝကျကျမြင်လိုက်ရ၏။
ချစ်သူနှစ်ဦးအနက် မိန်းကလေးက ယန်လီလီကိုတွေ့သောအခါ ချက်ချင်းမေးလိုက်သည်။
"လီလီ၊ ဒါဘယ်သူလဲ"
သူစကားပြောနေစဉ် ကောင်မလေးက ဒေါသဖြစ်မှာကို ကြောက်နေပုံနဲ့ ဦးဆောင်နေတဲ့ လူငယ်ကို ကြည့်လိုက်။
သူမက ဤသို့ပြော၍ ဦးဆောင်သောလူငယ်ကို ဒေါသဖြစ်နေသည့်အကြည့်ဖြင့်ကြည့်၍ ပြောလိုက်သည်။ ယန်လီလီက ယင်းကို သတိမထားမိပုံရသည်။
“နင်တို့နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ငါ့အလယ်တန်းကျောင်းက အတန်းဖော်ပါ။ သူ့နာမည်က ချူးယွင်ဖန်းပါ။ သူ့ကို ဒီမှာတွေ့မယ်လို့ မမျှော်လင့်ထားဘူး။ နောက်ဆုံးဆုံတွေ့ခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပါပြီ။ ဒီနေရာနဲ့ ရင်းနှီးတဲ့သူတစ်ယောက်အနေနဲ့ ငါသူ့ကို ခေါ်လာခဲ့။ အခုဆို လူတိုင်းမှာ အဖော်ရှိ”
ထိုအခိုက်တွင်ထိုစုံတွဲက ဦးဆောင်သူ လူငယ်ကို အလျင်အမြန်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရ၏။
ချူးယွင်ဖန်းဟုတ်လား။ အဲ့နာမည်ကို ကြားဖူးသကဲ့သို့ပဲ။
အခန်း (၆၃၉) စင်ပေါ်တက်ပြီး ကြိုးစားကြည့်ပါလား
ဦးဆောင်နေသည့် လူငယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤနာမည်နှင့် အနည်းငယ်ရင်းနှီးနေသော်လည်း သူ စိတ်ထဲမထားဘဲ ချက်ချင်း စိတ်သက်သာရာရသွားသည်။ သူက ယန်လီလီကို အလွန်ဂရုစိုက်သဖြင့် မူလက အနည်းငယ် စိတ်မချမ်းသာသော်လည်း ယန်လီလီနှင့် ချူးယွင်ဖန်းတို့ မရင်းနှီးလှသည်ကို မြင်လိုက်ရသောအခါတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
ချူးယွင်ဖန်းသည် သာမန်အတန်းဖော်တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းနှင့် ယန်လီလီတို့ မတွေ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်ကာ ဤသည်ကာ ပုံမှန်ပင်ဖြစ်သည်။ ဤသည်ကို စဥ်းစား၍ လူငယ်က ချူးယွင်ဖန်းကို အနီးကပ်ကြည့်လိုက်သည်။ သူ့အမူအရာတွင် ရန်လိုမှု အနည်းငယ်မရှိတော့ပေ။
"ဒါဆို သူက နင့်ရဲ့ အတန်းဖော်ဟောင်းပဲ။ တွေ့ရတာဝမ်းသာပါတယ် ငါ့နာမည်က တုယွဲ့အာပါ” မိန်းကလေးက မိတ်ဆက်သည်။
"ချူးယွင်ဖန်းမင်းကိုငါမိတ်ဆက်ပေးမယ်။ ဒါက ငါ့သူငယ်ချင်းကောင်း တုယွဲ့အာနဲ့ သူချစ်သူ မာဝူပါ။ ဒါက ငါ့ရဲ့ အံ့သြစရာကောင်းတဲ့ စီနီယာ သူက ချင်းဟွာတက္ကသိုလ် အကြီးတန်းကျောင်းသား ကျာ့ထိုက်ဟွာပါ”
"မင်္ဂလာပါ။" ချူးယွင်ဖန်းက ခေါင်းညိတ်နှုတ်ဆက်သည်။ ဤလူငယ်၏မျက်နှာထက်တွင် မာန်တက်သောအကြည့်မျိုးရှိနေသည်မှာ အံ့သြနေဖွယ်မရှိပေ။ သူသည် ထင်ရှားသော တက္ကသိုလ်တစ်ခု၏ တပည့်တစ်ဦးဖြစ်၏။
ပြည်ထောင်စုတက္ကသိုလ်သည် ပြည်ထောင်စုအတွင်းတည်ရှိသည့် တစ်ခုတည်းသော ထိပ်တန်းတက္ကသိုလ်မဟုတ်ပေ။ ချင်းဟွာတက္ကသိုလ်သည် ပြည်ထောင်စုတက္ကသိုလ်ထက် အနည်းငယ် နိမ့်ကျသော်လည်း ၎င်းသည် နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိခဲ့သော ထင်ရှားကျော်ကြားသော တက္ကသိုလ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ထိုနေရာမှ ထွက်လာသော ထူးချွန်သော တပည့်များသည် ပြည်ထောင်စုတစ်ခုလုံးတွင် ပျံ့နှံ့နေ၏။
"မင်းက လီလီရဲ့ အတန်းဖော်ဟောင်းဆိုတော့ အတူတူနေကြရအောင်" ကျာ့ထိုက်ဟွာက ပြောသည်။
တုယွဲ့အာနှင့် မာဝူက သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့နှစ်ဦးသည် ကျာ့ထိုက်ဟွာ၏ စိတ်နေစိတ်ထားအတိုင်း ပြုမူလိုသည်မှာ ထင်ရှားသည်။ ချင်းဟွာတက္ကသိုလ်မှ ဘွဲ့ရသော ကျောင်းသားများသည် ၎င်းတို့အတွက် အဆင့်မြင့်၍ ခွန်အားကြီးမာလှသဖြင့် ထိုသူများကို ရန်စရန် မဝံ့ရဲပေ။
ကျာ့ထိုက်ဟွာက စိတ်ဆိုးပုံမပေါ်သည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ယန်လီလီအပေါ် ကျာ့ထိုက်ဟွာ၏ခံစားချက်ကို ၎င်းတို့နှစ်ဦး မည်သို့မမြင်ဘဲနေလိမ့်မည်နည်း။ ၎င်းတို့သည် ကျာ့ထိုက်ဟွာနှင့် ယန်လီလီတို့ကို အောင်သွယ်ပေးရန်ပင် ကြိုးစားလျက်ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ယန်လီလီနှင့် နီးစပ်ပုံမပေါ်သည်ကို သူတို့တွေ့လိုက်ရသည်။ ၎င်းတို့သည် သာမန်အတန်းဖော်များသာဖြစ်သည်။
ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းဟူသော နာမည်ကို အဘယ်ကြောင့်ကြားဖူးနေသည်ကို မမှတ်မိနိုင်သောကြောင့် ၎င်းကို ဆက်မတွေးတော့ပေ။ ချူးယွင်ဖန်းသည် သာမန်အတန်းဖော်တစ်ဦးဖြစ်သည်။
ချူးယွင်ဖန်းသည် အနည်းနှင့်အများ လိုက်လျောညီထွေမရှိသည့်ပုံပေါက်သည်။ သူသည် သူ့အတန်းဖော်ဟောင်းကို စိတ်ကျေနပ်စေလိုသောကြောင့် မဟုတ်ပါက ကျာ့ထိုက်ဟွာကို ဂရုစိုက်နေမည်မဟုတ်ပေ။
၎င်းတို့သည် ကွင်းလယ်ခေါင်ဆီသို့ အမြန်လျှောက်လာခဲ့ကြသည်။ သူငယ်ချင်းလေးယောက် ပျော်ရွှင်စွာ စကားပြောနေကြရာ တစ်ဖက်တွင်၊ သူတို့နောက်သို့လိုက်နေသော ချူးယွင်ဖန်းသည် လျစ်လျူရှုခံထားရ၏။ ယန်လီလီက မကြာခဏလှည့်၍ စကားပြောလေ့ရှိသော်လည်း တိုတိုတုတ်တုတ်သာတုံ့ပြန်သည်။ သူက အမှန်တကယ်ပင် စိတ်မဝင်စားပေ။
ပွဲရုံဗဟိုကို စတင်ကြည့်ရှုခဲ့ကြသည်။ ကွင်းစင်တာကို ကွင်းအနည်းငယ်ဖြင့် ဖွဲ့စည်းထားသည်။ အလယ်ဗဟိုတွင် အချင်းဝက် နှစ်ပေမှ သုံးရာစတုရန်းမီတာခန့်ရှိသော အားကစားကွင်းတစ်ခုရှိ၍ ယင်းအပေါ်တွင် ကုလားထိုင်အချို့ချထားသည်။ ဤသည်မှာ လက်ရှိပွဲတော်၏ အဓိကနေရာဖြစ်ကာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအတွက် ထိုင်ခုန်များဖြစ်ကြောင်းထင်ရှားသည်။
ဤကွင်းများကို ပြင်ဆင်ရခြင်း အကြောင်းရင်းမှာ ဤစာတမ်းဖတ်ပွဲသည် တာအို၏ ရိုးရှင်းသော ဆွေးနွေးမှုမဟုတ်သောကြောင့်ဖြစ်သည်။ အဆုံးမှာတွင် အကြိတ်အနယ်ပွဲများ၊ ပြိုင်ဆိုင်မှုများရှိလိမ့်မည်။
ဤအမာခံကွင်းအပြင် စတုရန်းမီတာဒါဇင်များစွာရှိသော အချင်းဝက်ရှိသော ကွင်းငယ်များစွာရှိသည်။ ကွင်းငယ်များတွင် တိုက်ခိုက်နေသူ အများအပြားရှိသည်။ ကွင်းတစ်ဝိုက်တွင် ပွဲများကို ကြည့်ရှုသူ အများအပြားရှိသည်။ တိုက်ရိုက်ထုတ်လွှင့်နေသော ကြီးမားသည့် ဖန်သားပြင်ကြီးများလည်းရှိသည်။
လူငယ်များစွာက ၎င်းကို စမ်းကြည့်ရန် စိတ်အားထက်သန်နေကြသည်။ ၎င်းတို့အတွက် ဤအရာသည် ကျော်ကြားရန် အခွင့်အရေးတစ်ခုဖြစ်သည်မှာ သေချာလှသည်။
ဤလူ့အဖွဲ့အစည်းတွင် လူမသိသူမသိနေခြင်းကို အားမပေးကြပေ။ ပို၍ ကျော်ကြားလေလေ ကဏ္ဍပေါင်းစုံမှ ပံ့ပိုးကူညီမှု များလေလေဖြစ်သည်။ လူတစ်ယောက်သည် အရည်အချင်းနှင့် ခွန်အားကို လုံလောက်စွာပြသပါက ၎င်းတို့ကို ပံ့ပိုးကူညီလိုသောသူများ အလိုလိုရှိနေမည်ဖြစ်သည်။
ကျင့်ကြံသူများအတွက် ရင်းအမြစ်များသည် အလွန်အရေးကြီးလှသည်။ ထို့ကြောင့် ၎င်းတို့ အနည်းငယ်မျှ ချို့တဲ့နေ၍မရပေ။ ခန်းမ၏ အလယ်ဗဟိုတွင် သီးသန့်ခန်းများ စီတန်းထားသည်။ အထဲတွင် လူမှုရေးအသင်းအဖွဲ့များ များစွာရှိသည်။ ၎င်းတို့ထဲတွင် ငွေကြေးအဖွဲ့အစည်းများ၊ မိသားစုကြီးများနှင့် ဂိုဏ်းပေါင်းစုံမှ ကြီးမားသော ပုဂ္ဂိုလ်များစွာလည်းရှိသည်။
ဤကျောင်းသားငယ်များသည် ဤကြီးမားသောပုဂ္ဂိုလ်ကြီးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် စိတ်အားထက်သန်ကြသည်။ အားလုံးနီးပါး ၎င်းတို့ကိုယ်တိုင် ဤအဆင့်ထိတတ်နိုင်သည့် ချူးယွင်ဖန်းကဲ့သို့သူမျိုးမဖြစ်နိုင်ပေ။
သို့သော် ချူးယွင်ဖန်းသည် မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ ပြင်ပလောကတွင် ကျောင်းသားများသည် အမှန်တကယ်ပင် ထူးချွန်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အသက်နှစ်ဆယ်အောက်သာ ရှိသေးကာ စွမ်းအင်သန့်စင်ခြင်းအဆင့် သို့မဟုတ် မရီးဒျန်သန့်စင်ခြင်းအဆင့်အထွတ်အထိပ်သို့ရောက်ရှိနေကြသည့်တိုင် သူ့ရှေ့တွင်မူ ၎င်းတို့သည် ဘာမှမဟုတ်ပေ။
သို့သော် ယန်လီလီ၊ မာဝူနှင့် တုယွဲ့အာအတွက် မရီးဒျန်အဆင့်ကျွမ်းကျင်သူများသည် ဒဏ္ဍာရီလာ ကျွမ်းကျင်သူများကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့အတွက် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းကပင် အလွန်အဆင့်မြင့်နေပြီဖြစ်၏။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းကဲ့သို့ပင် ကျာ့ထိုက်ဟွာက အထင်ကြီးပုံအနည်းငယ်မျှ မပေါ်ပေ။
“စီနီယာကျာ့ အစ်ကို့ရဲ့ အရည်အချင်းတွေကို တက်သွားပြီးပြချင်လား။ လီလီက အဲ့လို သိုင်းပညာရှင်မျိုးကို အရမ်းလေးစားတာ” တုယွဲ့အာက ပြောသည်။
ကျာ့ထိုက်ဟွာသည် ဤအချိန်ကို စောင့်နေသည်ထင်ရ၏။ သူက ယန်လီလီကို တစ်ချက်ကြည့်လိုက်သောအခါ သူမသည်လည်း ယင်းကို မြင်ချင်နေသည့်ပုံပေါ်သည်။
“အဲ့တာဆို ငါသွားပြီး ကြိုးစားကြည့်မယ်”
ချူးယွင်ဖန်းက အရာအားလုံးကို မြင်သည့်ပုံပေါ်သည်။ ကျာ့ထိုက်ဟွာသည် ယန်လီလီကို ပိုးပန်းချင်နေသည့်ပုံပေါ်ကာ မာဝူနှင့် တုယွဲ့အာတို့သည် အောင်သွယ်တော်များဖြစ်သည်။
ယန်လီလီ၏ ရှေ့တွင် ကျားထိုက်ဟွာက သဘာဝကျကျ သရုပ်ဆောင်ရန်လိုသည်။
ဤသို့ပြောပြီးနောက် ကျာ့ထိုက်ဟွာက တိုက်ပွဲအဆုံးသတ်ကို အခွင့်ကောင်းယူ၍ စင်မြင့်ပေါ်သို့ တက်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“ကျွန်တော်က ချင်းဟွာတက္ကသိုလ်က ကျားထိုက်ဟွာပါ။ ကွန်တော့်ကို ပညာပေးဖို့ ဘယ်သူစိန်ခေါ်ချင်လဲ”
ကျာ့ထိုက်ဟွာက အနည်းငယ် မာန်မာနကြီးသော်လည်း အရည်အချင်းအချို့ရှိသည်။ သူက သူ့ကို စိန်ခေါ်ရန် တက်လာသောသူတိုင်းကို ချေမှုန်းပစ်ကာ ၎င်းတို့အားလုံးသည် စွမ်းအင်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်တွင်ရှိကြသည်။ ကျာ့ထိုက်ဟွာ၏ ရှေ့တွင် ကွာဟချက်ကြီးကြီးမားမားရှိနေသည်မှာ သိသာလှ၏။
ကျာ့ထိုက်ဟွာသည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးဖြစ်ကြောင်း ချူးယွင်ဖန်းပြောနိုင်သည်။ ကျာ့ထိုက်ဟွာက သူ၏ ပြိုင်ဘက်များကို အလွယ်တကူနှိမ်နင်းပြီးနောက် ကွင်းထဲမှ ထွက်လာသည်။
“စီနီယာကျာ့ အရမ်းမိုက်တာပဲ။ အသီးတွေခုတ်ပစ်နေတာကျနေတာပဲ” တုယွဲ့အာက အနည်းငယ် ပိုပိုကဲကဲပြောလိုက်သည်။
ဝန်ခံရမည်ဆိုလျှင် ၎င်းမှာလုံးလုံးလျားလျား ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း ကျာ့ထိုက်ဟွာသည်မူ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အကြားကွာဟချက်သည် ကောင်းကင်နှင့်မြေကြီးတမျှခြားနား၏။
“ပျင်းဖို့ကောင်း။ ခက်လည်းမခက်ဘူး” ကျာ့ထိုက်ဟွာက မာန်တက်စွာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“ဒါက တက္ကသိုလ်မှာ ကျောင်းတွင်းလေ့ကျင့်တာလောက်တာမရှိဘူး”
“မှန်။ ချင်းဟွာတက္ကသိုလ်က ပြည်ထောင်စုတက္ကသိုလ်ရဲ့ ဒုတိယပဲလေ။ ကျောင်းသားတွေအားလုံးက ပါရမီရှင်တေွပဲ” မာဝူက အခွင့်အရေးကိုယူ၍ပြောသည်။
ကျာ့ထိုက်ဟွာက ယန်လီလီကို ကြည့်လိုက်သောအခါ သူမ အတော်အတန် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် သူ့ လုပ်ဆောင်မှုမှာ အချည်းအနှီးမဖြစ်ဟု တွေးလိုက်သည်။ သို့သော် ကျာ့ထိုက်ဟွာက ချက်ချင်းပင် ချူးယွင်ဖန်း၏ ဘာသိဘာသာအမူအရာကို သတိထားမိသွားသဖြင့် အနည်းငယ်တွေးပြီးနောက် ပြောလိုက်သည်။
“ချူးယွင်ဖန်း ငါထင်တာတော့ မင်းစိတ်ထဲမှာ အကြံရှိပုံရ။ ဘာလို့ စင်ပေါ်တက်ပြီး မစမ်းကြည့်တာလဲ”