← Chapters

အခန်း ၃၁-၃၃

Vol. 3 Ch. 31-33

အခန်း ၃၁-၃၃

Vol. 3 Ch. 31-33

အခန်း(၃၁) : ကြီးကြပ်ရေးမှူးအ‌ဆင့်သို့ တက်လှမ်းခြင်း

" ခရိုင်အကြီးအကဲ ဝူ ရောက်ပြီဟေ့... "

ကြီးကြပ်ရေးမှူး ဟန်သည် ခရိုင်အကြီးအကဲ ဝူထောင်ကို မြင်လိုက်သောအခါ ကြိုဆိုရန်ရှေ့သို့တိုးသွားလေသည်။ ယန်ရွှယ်လည်း အတူလိုက်ပါလာပြီး အပြုံးဖြင့် " မြို့တော်၀န် ဝူ" ဆိုပြီးကြိုဆိုလေသည်။

သို့သော်လည်း ဝူထောင်သည် သူတို့နှစ်ယောက်အား လျစ်လျူရူလိုက်ပြီး ကျိုးဟောင်ဆီသာ တန်းသွားလေသည်။

ထို့နောက် ဝူထောင်သည် စိတ်လှုပ်ရှားစွာဖြင့် " မိတ်ဆွေ တစ်ခုလောက်မေးပါစေ။ မနေ့က ရွှံ့နီတောမှာ အဆင့်နိမ့် နတ်ဆိုးစစ်သူကြီးတွေဖြစ်တဲ့ အနီရောင်စပါးအုံးမြွေ နဲ့ သံမဏိသွား မိချောင်းကို သတ်ခဲ့တာ မင်းလား " မေးလိုက်လေသည်။

ကျိုးဟောင် ခနလောက်တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်ပြီး " ဟုတ်ပါတယ် တခုခုများ အမှားအယွင်းရှိလား " မေးလိုက်လေသည်။

ဝူထောင်သည် စိတ်လှုပ်ရှားလွန်း၍လက်များပါ တုန်ရီလာလေသည်။ " အဲ့ဒါဆို သံမဏိသွား နဂါး မိကျောင်းကိုရော သတ်ခဲ့တာလား " ဆိုပြီး ထပ်မေးလေသည်။

ကျိုးဟောင်သည် ဝူထောင်အား တချက်ကြည့်လိုက်ပြီး ထိတ်လန့်သွား၍ သွားမဖြေနိုင်ခဲ့ပေ။

အနောက်တွင်ရှိနေသော ကြီးကြပ်ရေးမှူး ဟန်နှင့် ယန်ရွှယ်လည်း မှင်တက်သွားလေသည်။ သူတို့ပြောနေသည်မှာ သံမဏိသွား နဂါး မိကျောင်း အကြောင်းပင်ဖြစ်လေသည်။ ထိုမိစ္ဆာမှာ ဘုရင်အဆင့် နတ်ဆိုးသတ္တဝါဆိုးကြီးဖြစ်လေသည်။

ထိုကဲ့သို့ စွမ်းအားကြီး‌သော မိစ္ဆာကြီးကို အဆင့်မြင့် မဟာဆရာသခင် အဆင့်မှ သာ သတ်နိုင်မည်ဖြစ်လေသည်။

ဒါဆို ဒီပုဂ္ဂိုလ်က အဆင့်မြင့်မဟာဆရာသခင် တယောက်လား.........

သူတို့နှစ်ယောက် စိတ်ဓာတ်ကျသွားကြလေသည်။ သို့သော်လည်း ကျိုးဟောင် ပြန်မဖြေတာကို မြင်သောအခါ ယန်ရွှယ်က " အမ်! ! ခရိုင်အကြီးအကဲ ဝူ အထင်များ မှားနေသလား။ သူက သံမဏိသွား နဂါး မိကျောင်း ကို သတ်ခဲ့သူဆိုတာ သေချာရဲ့လား " ဆိုပြီး ပြောလေသည်။

ကြီးကြပ်ရေးမှူး ဟန်လည်း အမြန်တိုးလာပြီး " ဟူတ်ပါတယ် ခရိုင်အကြီးအကဲ ဝူ အထင်မှားတာဖြစ်မယ် " ဆိုပြီး ပြောလေသည်။

" ပါးစပ် ပိတ်ထားကြစမ်း " ဟု ခရိုင်အကြီးအကဲ ဝူက ဒေါသတကြီးပြောလေသည်။

ကျိုးဟောင်လည်း ကြီးကြပ်ရေးမှူး ဟန်နှင့် ယန်ရွှယ်ကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် အားငယ်နေသော ချောင်ယင်းအာ ဘက် တချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး " ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါဒါကိုတော့ ရောင်းဖို့လိုတာပဲ။ ဟုတ်တယ် ငါ သံမဏိသွား နဂါးမိကျောင်း ကို သတ်ခဲ့တယ်။"

သူစကားဆုံးသည်နှင့် ဂိုဒေါင်ထဲရှိ လုပ်သားများကို " ဖယ်ကြတော့ " ဆိုပြီး အော်လိုက်လေသည်။လုပ်သားများလည်း နောက်သို့ မြန်မြန်ဖယ်လိုက်ကြလေသည်။

ကျိုးဟောင်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။

ဝုန်းးးး

မီတာ ၃ရာကျော် ရှည်သော သံမဏိသွား နဂါး မိကျောင်းကြီး ပေါ်ပေါက်လာပြီး ဂိုထောင်လည်းပေါက်ထွက်သွားခဲ့လေသည်။

သံမဏိသွားမိကျောင်းကြီးမှာ သေဆုံးနေသော်လည်း သူ့ရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါကတော့ မပျောက်ကွယ်သေးပေ။ မိကျောင်းကြီးပေါ်ပေါက်လာသည် နှင့်တပြိုင်နက် နတ်ဆိုးမီးပွားများ လျှံထွက်လာလေသည်။ ဘေးနားရှိ လူအုပ်ကြီး၏ မျက်နှာများမှာ ဖြူဖျော့သွားပြီး မတ်တပ်တောင်ကောင်းကောင်း မရပ်နိုင်ကြတော့ပေ။

ကြီးကြပ်ရေမှူး ဟန် နှင့် ယန်ရွှယ်လည်း ကြောက်လန့်သွားပြီး ရုတ်တရက်ထွက်ပေါ်လာသော မိကျောင်းကြီးအား စိုက်ကြည့်နေမိလေသည်။

" ဘယ်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

" သူ တကယ်ကြီး သံမဏိသွား နဂါးမိကျောင်းကြီးကို သတ်ခဲ့တာလား..."

သူတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ၊ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေလေသည်။

သံမဏိသွား နဂါးမိကျောင်း ကြီး ထွက်ပေါ်လာမှုကြောင့် သူတို့စိတ်ထဲရှိ မျှော်လင့်ချင် ကောက်ရိုးတမျှင်မှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။

အဆင့်မြင့်မဟာဆရာသခင်တယောက်!!

သူတို့သည့် အဆင့်မြင့် မဟာဆရာသခင် တယောက်ကို စော်ကားမိခဲ့လေပြီ။

အားငယ်နေသော ချောင်ယင်းအာလည်း သံမဏိသွားနဂါးမိကျောင်း အလောင်းကြီးကို ကြည့်ကာ အံ့ဩမှင်တက်နေလေသည်။

သူမ ရရှိခဲ့သောဖောက်သည်သည် သံမဏိသွား နဂါးမိကျောင်းကြီး ကိုသတ်နိုင်စွမ်းရှိသူဖြစ်မည်ဟု သူမ မထင်ထားခဲ့ပေ။

မြတ်စွာဘုရား!!!

အဲဒါက ဘုရင်အဆင့် နတ်ဆိုးသားရဲပဲ။ ဟွာတုန်းမြို့တစ်ခုလုံးတွင် ဘုရင်အဆင့် နတ်ဆိုးသားရဲကို သတ်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဒဏ္ဍာရီသဖွယ်ထင်ရှားကျော်ကြားသော စစ်သေနာပတိချုပ်ကျောက် သာ ဖြစ်လေသည်။

ချောင်ယင်းအာသည် ထိုသို့ တွေးမိရုံနှင့်တင် စိတ်တွေထွေပြားသွားလေသည်။ ဝူထောင်သည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး အသံတုန်ရီစွာဖြင့် " ဟုတ်...ဟုတ်တယ် ဒါ သံမဏိသွား နဂါး မိကျောင်းပဲ။ မင်း....မင်း က အထွတ်အထိပ် မဟာဆရာသခင် တယောက်ပဲ" ဆိုပြီးပြောလိုက်လေသည်။

"ဘာ အထွတ်အထိပ် မဟာဆရာသခင်....."

ကြီးကြပ်ရေးမှူး ဟန်နှင့် ယန်ရွှယ်တို့၏မျက်နှာများမှာ ထပ်မံ ဖြူဖျော့သွားလေသည်။အထူးသဖြင့် ယန်ရွှယ်တယောက် တကိုယ်လုံး တုန်ရီနေလေသည်။

ဖြန်း.....

ရုတ်တရက်ဆိုသလို ကြီးကြပ်ရေးမှူးဟန်က ယန်ရွှယ်၏ပါးအား ရိုက်‌လိုက်လေသည်။ ထို့နောက် သူသည် ဝူထောင် ရှေ့သို့ တွားသွားပြီး ဝူထောင် ၏‌ခြေထောက်ကို ပွေ့ဖက်ကာ "ခရိုင်အကြီးအကဲ ဝူ ၊ ဒါတွေအားလုံးက ယန်ရွှယ် ရဲ့ အပြစ်ပါ။ သူမက ချောင်ယင်းအာရဲ့ ဂိုဒေါင်ထဲသို့ ဝင်ခိုင်းစေခဲ့တာပါ။ ဒါတွေအားလုံး ငါနဲ့မဆိုင်ပါဘူး"

ဝူထောင် က ကြီးကြပ်ရေးမှူးကို ပြင်းပြင်းထန်ထန် ကန်ထုတ်ပြီး “ဖယ်စမ်းကွာ” ဆိုပြီးရွံရှာစွာ ပြောလေသည်။

ကြီးကြပ်ရေးမှူး ဟန်လည်း ကျိုးဟောင်ဆီသို့ တဖန် တွားသွားပြီး ခယကာ " ဒါကျွန်တော့်အမှားတွေပါ ကျေးဇူးပြု၍ခွင့်လွှတ်ပါ ။" ဆိုပြီးတောင်းပန်လေသည်။

ကျိုးဟောင်သည် အသံမာမာဖြင့် " မိန်းမပျို ယင်းအာ ဒါက မင်းဂိုထောင်လေ။ မဆိုင်တဲ့သူတွေကိုနှင်ထုတ်လိုက်ပါ" ဆိုပြီးပြောလိုက်လေသည်။

ဝူထောင်လည်း ချက်ချင်းပင် " ဟုတ်တယ် မိန်းမပျိုလေး ယင်းအာ အစောင့်တွေကို ခေါ်လိုက်ပါ " ဆိုပြီး ၀င်ပြောလေသည်။

ချောင်ယင်းအာသည် ကြောင်တောင်ဖြစ်နေရာမှ ထိုစကားသံကြောင့် သတိပြန်၀င်လာ‌လေသည်။ကြီးကြပ်ရေးမှူး ဟန် သည် သူ့အား ပေးခဲ့သော ဖိအားများကိုပြန်မြင်ယောင်လားပြီး အံကိုကြိတ်ပြီး "သူတို့ကို ဆွဲထုတ်သွားကြစမ်း" ဆိုပြီး အော်ပြောလိုက်လေသည်။

ရုတ်တရက်ဆိုသလို အစောင့်လေးယောက် ရောက်လာပြီး ကြီးကြပ်ရေးမှူးဟန်နှင့် ယန်ရွှယ်အား ဆွဲထုတ်သွားကြလေသည်။

ဝူထောင် ကပြုံးလိုက်ပြီး " မိန်းမပျိုလေး ယင်းအာ၊ အခုကစပြီး မင်းက ကုန်သည်များအစည်းအရုံး၏၁၂ထပ်ကို ကြီးကြပ်‌ရမယ့် ကြီးကြပ်ရေးမှူးပဲ။" ဆိုပြီးပြောလေသည်။

ချောင်ယင်းအာလည်း ထပ်မံ မှင်တက်သွားပြန်သည်။

" ကျွန်မ က ကြီးကြပ်ရေးမှူး ......."

ဝူထောင်က အေးဆေးစွာခေါင်းညိတ်ပြလိုက်သည်။ကျိုးဟောင်လည်း ထိုအချင်းအရာကို လျစ်လျူရူထားလိုက်လေသည်။

ကျိုးဟောင်က တည်ကြည်စွာဖြင့် " မိန်းမပျိုလေး ယင်းအာ သင် သံမဏိသွား နဂါး မိကျောင်းကို ဘယ်လောက်ပေးနိုင်မလဲ" မေးလေသည်။

ချောင်ယင်းအာလည်း ခဏလောက်ငြိမ်သက်သွားလေသည်။ဝူထောင်သည် ယင်းအာ အား မျက်လုံးဖြင့် အချက်ပြသော်လည်း သူမမှာ မတုံပြန်လာသောကြောင့် သူကိုယ်တိုင်ပင် " ဆရာ သံမဏိသွား နဂါးမိကျောင်းသည် အဆင့်နိမ့် ဘုရင်အဆင့် မိစ္ဆာဖြစ်သော်လည်း သူ၏အကာအကွယ်ကတော့ အလယ်အလတ် ဘုရင်အဆင့် မိစ္ဆာတကောင် လောက် အစွမ်းထက်သည်။ ကျွန်တော်တို့ ကုန်သည်များအစည်းအရုံးက ၎င်းအတွက် ယွမ် ၄၅သန်းပေးပါမယ် ဘယ်လိုသဘောရပါသလဲ" ပြောလိုက်လေသည်။

ချောင်ယင်းအာလည်း သတိပြန်၀င်လာပြီး ကြက်ကလေးတကောင်ကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။

ထိုစကားကိုကြားတော့ ကျိုးဟောင် ခဏလောက်စဉ်းစားသွားလေသည်။ ဘုရင်အဆင့်နတ်ဆိုးမိစ္ဆာတကောင်၏တန်ကြေးသည် ယွမ် သန်း ၂၀နဲ့ ၃၀ကြားရှိလေသည်။ ဝူထောင်နှင့် ချောင်ယင်းအာ ကမ်းလှမ်းသော ယွမ် ၄၅ သန်းဆိုသည့် ပမာဏမှာ မဆိုးလှပေ။

"ကောင်းပြီ ‌ဒါဆိုလည်း ယွမ် ၄၅သန်းပေါ့။ အနီရောင်သွေးစပါးအုံးနှင့် သံမဏိသွား မိကျောင်း အပါဆို ရင်တော့ ယွမ် ၅၂.၂ သန်းပေါ့" ဆိုပြီး ကျိုးဟောင်ပြောလိုက်လေသည်။

ချောင်ယင်းအာသည် သက်ပြင်းတချက်ချလိုက်ပြီး " ဟုတ်ပါတယ် " ပြောလေသည်။ ထို့နောက် သူမ၏ ပိုက်ဆံကတ်ကိုထုတ်လိုက်‌လေသည်။

ကျိုးဟောင်လည်း ပိုက်ဆံကတ်ကို ထုတ်ကာ နံပါတ်တချို့နှိပ်ပြီး ချောင်ယင်းအာ ၏ကတ်နှင့် တံဆိပ်ရိုက်နှိက်‌လိုက်လေသည်။ ထို့နောက် သူ၏ကတ်ထဲတွင် ယွမ် ၅၀သန်းကျော်‌ထိ ရှိလာခဲ့လေပြီ။

ကျိုးဟောင်လည်း ပြုံးကာ သူ၏လက်ကိုဆန့်ထုတ်ပြီး " မင်းနဲ့အလုပ်တွဲလုပ်ရတာ ကောင်းပါတယ်။" ပြောလိုက်လေသည်။

ချောင်ယင်းအာလည်း သူမ၏လက်သွယ်သွယ်လေးကို အမြန်ကမ်းကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး " အလားတူပဲ " ဆိုပြီး ပြန်ပြောလိုက်လေသည်။

ထို့နောက် သတိထားကာ "ဆရာသခင် ငါတို့အနာဂတ်မှာ လည်း အတူတူ အလုပ်တွဲလုပ်ခွင့်ရနိုင်မလား " မေးလိုက်လေသည်။

..............................................................................

အခန်း(၃၁) ပြီးပါပြီ။

အခန်း(၃၂) : ထပ်မံထွန်းလင်းလာသော ‌မျှော်လင့်ချက် ရောင်ခြည်

ချောင်ယင်းအာ ပြောစကားကြောင့် ဝူထောင် ရင်ထဲတင်းကျပ်ကျပ်ဖြစ်သွားလေသည်။

ဒါက အထွဋ်အထိပ် မဟာဆရာသခင်တယောက်ဖြစ်သည်။ စီးပွားရေး အရ ပူးပေါင်းတယ်ဆိုရင်တောင် အခြားသော အခွင့်အလမ်းများလည်း ရရှိနိုင်လေသည်။

ကျိုးဟောင်က ပြုံးပြီး "ဒါပေါ့ဗျာ" ဆိုပြီးပြောလိုက်သည်။ချောင်ယင်းအာက ချိုသာသော အပြုံးလေးဖြင့် " ကျေးဇူးတင်ပါတယ်။" ပြန်ပြောလိုက်သည်။

ကျိုးဟောင်လည်း ထိုအပြုံးလေးကို ကြည့်ကာ " အစစအရာရာ အဆင်ပြေပါစေ" ပြောပြီးနောက် ခြေထောက်တချက်ပုတ်ကာ ကောင်းကင်သို့ပျံတက်သွားခဲ့သည်။

သူထွက်သွားပြီး ၁၀စက္ကန့်လောက်ကြာသောအခါ

ဝုန်း ဝုန်း ဝုန်း......

စွမ်းအားကြီးများသော အသွင်အပြင်များ တခုပြီးတခုရောက်ရှိလာသည်။ ထိုထဲတွင် ပတ်၀န်းကျင်ကို ဖိအားပေးလွှမ်းမိုးနိုင်သော ကိုယ်ရှိန်ကိုယ်ဝါတခုလည်းပါ၀င်လေသည်။

"ဘယ်မှာလဲ အထွဋ်အထိပ်မဟာဆရာသခင် စီနီယာကြီး"

သူတို့သည် ဟွာတုန်းမြို့၏ မဟာဆရာသခင်များဖြစ်ကြသည်။ကုန်သည်များ အစည်းအရုံး ဧရိယာဘီတွင် ဖြစ်ပျက်သွားသော ကိစ္စကို သူတို့မသိအောင်ဖုံးကွယ်ထားလို့မလွယ်ပေ။ သူတို့သည် သတင်းကြားသည်နှင့် ချက်ချင်း အလောတကြီးပြေးလာကြလေသည်။

စစ်သေနာပတိချုပ် ကျောက် သည် ပါမောက္ခချုပ် ဟဲ့အားကြည့်လိုက်သည်။ ပါမောက္ခချုပ် ဟဲ့ကလည်း ခေါင်းညိတ်ပြလိုက်သည်။ဝူထောင်သည် မြေအောက်မဟာမိတ်အဖွဲ့စင်တာတွင် သူထားထားသော သူလျှိုဖြစ်လေသည်။ သို့သော် အခုချိန်တွင်တော့ သူ့လူဖြစ်သည့်အကြောင်း မဖော်ပြချင်သေးပေ။

မြေအောက်မဟာမိတ်အဖွဲ့စင်တာမှ မဟာဆရာသခင် ကျန်းသည် ဝူထောင်ကို စိုက်ကြည့်လိုက်ပြီး " ပြောစမ်း မဟာဆရာသခင်ကြီး ဘယ်မှာလဲ " မေးလိုက်လေသည်။

ဝူထောင်လည်း အလျင်အမြန်ပင် " စီနီယာကြီးက ခုတင်ထွက်သွားပါပြီ" ဟု ပြောလိုက်လေသည်။မဟာဆရာသခင် ကျန်း၏ အမူအရာပြောင်းလဲသွားပြီး " ဘာ!! ဘာလို့ မင်း သူ့ကို မတားထားတာလဲ" ဟု မေးလေသည်။

ဝူထောင်လည်း ပြုံးမဲ့မဲ့ဖြစ်သွားလေသည်။စစ်သေနာပတိချုပ် ကျောက် က " ကျန်းဟောင် မင်း အပြုအမူတွေ သတိထားစမ်း။ဝူထောင်ကို အပြစ်မပြောပါနဲ့ဦး။ တကယ်လို့ ငါတို့ဆိုရင်တောင် မဟာဆရာသခင်ကြီးကို ထွက်မသွားအောင် ဆွဲထားနိုင်ဖို့ မလွယ်ဘူး" ဟု ၀င်ပြောလေသည်။

ကျန်းဟောင်လည်း ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ သူလည်း စိတ်လောနေခဲ့ခြင်းဖြစ်ပေသည်။ သူတို့ဆွေးနွေနေကြသည့်သူမှာ အထွဋ်အထိပ် မဟာဆရာသခင်‌တယောက်ဖြစ်ပြီး မနေ့ကထိ ဘယ်လိုရှာဖွေကမှန်းမသိခဲ့ကြပေ။

ခုတော့ မြေအောက်မဟာမိတ်အဖွဲ့စင်တာကို ပစ္စည်း လာရောင်းလိမ့်မည်ဟု ဘယ်သူက ‌ထင်မည်နည်း။

ကျန်းဟောင် သည် ဤရှားပါးပြီး အဖိုးတန်သောအခွင့်အရေးကို ဆုပ်ကိုင်ချင်ခဲ့သည်။ တခြားမဟာဆရာသခင်တွေလည်း စိတ်‌လောနေကြပေလို့မည်။သို့သော် သူတို့သည်ထိန်းချုပ်ထားနိုင်ကြလေသည်။

စစ်သေနာပတိချုပ်ကျောက် က ဝူထောင် ကို ပြုံးပြပြီး "ခရိုင်မှူး ဝူ ဘာဖြစ်တာလဲ ပြောပြပေးပါလား။" ဟု မေးလိုက်သောအခါ ဝူထောင်က အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်လေသည်။

"အဲဒီမတိုင်ခင် ဘာတွေဖြစ်ခဲ့လဲ‌တော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကြီးကြပ်ရေးမှူး ချောင်တော့ သိ လိမ့်မယ်။” ဟု ပြောလိုက်‌လေသည်။စစ်‌သေနာပတိချုပ် ကျောက် ရှေ့တွင် ဘာကိုမှ မဖုံးကွယ်ဝံ့ပေ။

စစ်သေနာပတိချုပ် ကျောက်က ချောင်ယင်းအာ အားကြည့်လိုက်သည်။ ချောင်ယင်းအာလည်း စိတ်လှုပ်ရှားမှုကို ထိန်းပြီး ဖြစ်ကြောင်း ကုန်စင်အားပြောပြလိုက်လေသည်။

ကျန်းဟောင်လည်း ထိုစကားတွေကြားသောအခါ ဒေ့တကြီး ကျိန်ဆဲလေသည်။ " အဲ့ဒီ အရူးနှစ်ကောင် ဟန်နှင့် ယန်က မဟာဆရာသခင်ကြီးကို စွပ်စွဲရဲတယ်ပေါ့။တော်တော် အတင့်ရဲတာပဲ။ ဝူထောင် မင်းလက်အောက်ငယ်သားတွေကို ဘယ်လို ကွပ်ကဲနေတာလဲ " ဟု ဒေါသတကြီးပြောလေသည်။

ဝူထောင်လည်း အလျင်အမြန်ပင် " ကျွန်တော့် အမှားပါ"ဟု တောင်းပန်လိုက်လေသည်။

တခြားမဟာဆရာသခင်များ မှာ ကြိတ်ရီနေကြလေသည်။ အခွင့်အရေးသည် သူတို့ ရှေ့သို့ဆိုက်ရောက်လာသော်လည်း မြေအောက်မဟာမိတ်အဖွဲ့စင်တာက ဆိုးရွားအောင်လုပ်လိုက်လေပြီ။

သူတို့စိုးရိမ်ကြသည် အထွဋ်အထိပ် မဟာဆရာသခင်ကြီး စိတ်ပျက်သွား မည်ကိုပင် ဖြစ်သည်။ကျန်းဟောင်လည်း အံကိုကြိတ်ကာ စိတ်ပူနေမိလေသည်။

ထိုအရာကိုမြင်တော့ ဝူထောင်သည် အလျင်အမြန်ပင် " သခင် ကျန်း စီနီယာမဟာဆရာသခင်ကြီးက ထွက်မသွားခင် ကြီးကြပ်ရေးမှူး ချောင်နှင့် တွဲလုပ်ဦးမည် ဟု ပြောသွား‌ခဲ့ပါတယ် " ဆိုပြီးပြောလိုက်‌လေသည်။

ထိုစကားကို ကြားသော ကျန်းဟောင် မျက်လုံးများပြူးသွားလေသည်။ ထို့နောက် အမူအရာကို ထိန်းကာ ချောင်ယင်းအာ အား ချိုသာစွာပြုံးပြလိုက်ပြီး " ကြီးကြပ်ရေးမှူး ‌ချောင် မဟုတ်သေးပါဘူး ညီမလေး ချောင် ဒါ အမှန်ပဲလား။ စီနီယာကြီးက တကယ် မင်းနဲ့ အလုပ်အတူလုပ်မယ် ပြောသွားတာလား " ဟုမေးလိုက်လေသည်။

ချောင်ယင်းအာ သည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ နောက်ဆုံးတွင်၊ ထိုသူသည်မဟာဆရာသခင်တယောက်ဖြစ်ပြီး သူ၏စကားများဖြင့် ဟွာတုန်းမြို့တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သော စွမ်းအားကြီးသောတည်ရှိမှုတစ်ခုဖြစ်လေသည်။

သူမအ‌ပေါ်ဘာကြောင့်စိတ်အားထက်သန်ခဲ့သလဲ သူ မ မသိပေ။

သို့သော်၊ သူတို့နှစ်ယောက် အခက်အခဲတခု ကို အခုပဲ အတူတူ ကြုံခဲ့ရတာ‌တော့ အမှန်ပင်ဖြစ်သည်။ "အကြီးအကဲ ကျန်း၊ ခရိုင်မှူး ဝူပြောတာ မှန်ပါတယ်။ အဲဒီ့မဟာဆရာသခင်ကြီး မထွက်သွားခင်မှာ သူက ကျွန်မနဲ့ အလုပ်ထပ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။”ဆိုပြီး ပြောလိုက်လေသည်။

"ဟားဟား၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်!" ကျန်းဟောင်က မထိန်းနိုင်ဘဲ ရယ်မောလိုက်‌လေသည်။ အစကတော့ သူ့မဟာဆရာသခင်ကြီးကို စိတ်ပျက်‌စေမိပြီထင်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီကြီးကြပ်ရေးမှူး‌လေးကြောင့် အခွင့်အလမ်းသစ်ပေါ်လာမယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။

ဒါလိုအပ်နေတဲ့ မျှော်လင့်ချက်ရောင်ခြည်ပဲ။

တခြား မဟာဆရာသခင်များ ကတုံပြန်လာကြပြီး ရှေ့သို့တိုးလာကြသည်။

"ညီမလေး ‌ချောင်က အရမ်းလှတာပဲ။ ငါတို့ မိသားစုမှာ ဒီလို လှတဲ့ ကြီးကြပ်ရေးမှူး မရှိဘူး။"

"ညီမလေး ချောင် မြေအောက်မဟာမိတ်အဖွဲ့စင်တာက မင်းလို မိန်းမလေးကို ဖိနှိပ် ဖို့ လုပ်တာ တကယ် အကြည်းတန်တဲ့အမှားပဲ။ လာပါ ငါ့စီမှာ လာလုပ်ပါ။ ဘယ်သူမှ မင်းကို ရန်စရဲမှာ မဟုတ်ဘူး။"

ဟဲ‌ပျောင်း က သူ့မျက်လုံးဖြင့် ဝူထောင်အားအချက်ပြလိုက်လေသည်။ ဝူထောင်တယောက်ပြုံးမဲ့မဲ့ ဖြစ်သွားလေသည်။ သူသည် ထိုကဲ့သို စကားဝိုင်းထဲသို့ ၀င်မစွတ်ဖက်ရဲပေ။

စစ်သေနာပတိချုပ် ကျောက်က ဘာမှ မပြောဘဲ ကြည့်ပဲကြည့်နေပြီး သူဆုံးဖြတ်တစ်ခုချက်ချလိုက်သည်။ မဟာဆရာသခင်ကြီး ဟွာတုန်းမြို့မှာ နေချင်နေသရွေ့ ဒါဟာ မြို့ရဲ့ ဂုဏ်ကျက်သရေတိုးစေမှာပဲဖြစ်လေသည်။

ဘေးမှာ ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးလည်း ထိုအဖြစ်အပျက်ကို ကြည့်ကာ အံ့ဩမှင်တက်နေကြသည်။ မဟာဆရာသခင်ကြီးတွေ ပြန်သွားမှပဲ သူတို့ စိတ်အေးသွားရလေသည်။

ဂိုဒေါင်အတွင်းရှိ ကြီးမားသော သံမဏိသွား နဂါး မိကျောင်းကြီး ကို ကြည့်ပြီး သက်ပြင်းချမိကြသည်။

"ဘယ်လို အဖြစ်အပျက်တွေလဲ!"

"ဟုတ်တယ်၊ ဒါက ချောင်ယင်းအာ ရဲ့ကံကောင်းလွန်းတာပဲမဟုတ်လား။ သူမဟာ အထွဋ်အထိပ်အဆင့် မဟာဆရာသခင် ဖြစ်လာတဲ့ ဖောက်သည်တစ်ဦးကို လက်ခံရရှိခဲ့တာပါပဲ။"

"ကဲ ဘာတတ်နိုင်မှာလဲ ။ သူမကံတရားပဲလေ။"

"ငါတော့ ကြီးကြပ်ရေးမှူးဟန်နဲ့ ယန်ရွှယ်တော့ ဒီတချိန်လက်‌စားပြန်ချေနိုင်တော့မယ်မထင်ဘူး။"

"မဟာဆရာသခင်တယောက်ကို စော်ကားပြီးနောက် သူတို့ ပြန်လာနိုင်ဦးမယ် မင်းမျှော်လင့်နေတာလား။ မြေအောက်မဟာမိတ်အဖွဲ့စင်တာက သူတို့ကို ပြန်လက်ခံမှာ မဟုတ်ဘူး။"

"ငါတော့ ဒီနေ့တော်တော် အမြင်ကျယ်သွားတယ် မဟာဆရာသခင်ကြီးတွေကို တနေရာထဲစုတွေ့လိုက်ရလို့လေ။"

" ဟုတ်တယ် အမှန်ပဲ။"

လူအုပ်ကြီးက တယောက်တပေါက်ပြောနေကြလေသည်။ ခရိုင်အကြီးအကဲ ဝူတို့ ပြန်သွားပြီးသည့်တိုင်အောင် ချောင်ယင်းအာတယောက် စိတ် မတည်ငြိမ်နိုင်သေးပေ။

အခုနာရီ၀က်တွင်း ကြုံတွေခဲ့ရသော အတွေ့အကြုံသည် သူမ၏ အသက် ၂၀ကျော် သက်တမ်းတလျောက် ကြုံတွေရတာထက်တောင် ပိုစိတ်လှုပ်ရှားရလေသည်။

ဂိုဒေါင်အ၀င်၀ တွင်ရပ်ပြီး ကောင်းကင်ကြီးကို ကြည့်ကာ " ငါ တသက်တော့ မင်းရဲ့ အကြင်နာထားမှု တွေကို ပြန်ဆပ်နိုင်မယ်ဆို ရင် ပြန်ဆပ်ချင်ပါတယ်" ဟု ချောင်ယင်းအာတယောက် ကျေးဇူးတင်စွာပြောလိုက်လေသည်။

..............................................................................

အခန်း(၃၂)ပြီးပါပြီ။

အခန်း(၃၃) : လက်နက်များထုဆစ်ခြင်း

မြေအောက်မဟာမိတ်အဖွဲ့ စင်တာမှ ထွက်ခွာပြီးနောက် ကျိုးဟောင်တယောက် ယန်ဥယျာဉ်အိမ်ရာသို့ တန်းမပြန်ခဲ့ပေသည်။ ထိုအစား သိုင်းပညာရှင်များ အစည်းအရုံးသို့သာ ဦးတည်ခဲ့လေသည်။

ပစ္စည်းတွေရောင်းတဲ့ အချိန်မှာ ဖြစ်ခဲ့သော မတော်တဆမှုသည် သူ့အတွက် သေးငယ်တဲ့ စွက်ဖက်မှုတစ်ခုသာ ဖြစ်သည်။ ချောင်ယင်းအာ ကို သူထောက်ခံကူညီရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ဖိအားများကြားမှ သူမသည် သူ့အတွက် ရပ်တည်‌ပေးခဲ့သောကြောင့်ဖြစ်လေသည်။

ထိုသို့သော အလုပ်ကြိုးစားသူသည် အမှန်ပင် သူ၏အကူအညီနှင့် ထိုက်တန်ပေသည်။

မှန်လှည့်တံခါးရှေ့မှာ ရပ်ပြီး ခံ့ညားထည်ဝါတဲ့ အထပ်မြင့် အဆောက်အအုံကို ကြည့်ရင်း ခံစားချက်များစွာဖြင့်ကျိုးဟောင် သက်ပြင်းချလိုက်သည်။သိုင်းပညာရှင်များအစည်းအရုံး က တကယ်ကြွယ်၀ချမ်းသာပေသည်။

သိုင်းပညာရှင်များ အစည်းအရုံး သည် ပစ္စည်းဝယ်ယူမှုနှင့် လက်နက်ထုတ်လုပ်ခြင်းဆိုင်ရာအချက်များတွင် မြေအောက်မဟာမိတ်စင်တာ ထက် သာလွန်ယုံသာမက ၎င်းတို့၏ ကျင့်ကြံရေးနည်းစနစ်၊ တိုက်ခိုက်ရေးနည်းပညာများနှင့် ဆေး၀ါးများသည်လည်း မြေအောက်မဟာမိတ်စင်တာထက် များစွာသာလွန်လှသည်။

ကျိုးဟောင် ဒီကို အလောတကြီး လာခဲ့ခြင်းသည် လက်နက်များပြုလုပ်ဖို့သာမက သွေးအနှစ်သာရတိုးတက်စေမည့်ကျင့်စဉ်များကို ရှာဖွေရန်အပြင် အထူးလျှို့ဝှက် ကျင့်စဉ်များလည်း ရရှိဖို့ဖြစ်လေသည်။

နောက်ဆုံး တော့ သူသည် ယွမ် သန်း၅၀ကျော် ကိုင်ဆိုင်ကာ လာခဲ့နိုင်ပြီဖြစ်သည်။ ထိုပိုက်ဆံများ ဒီအတိုင်း အကျိုးမရှိ မသိမ်းထားဘဲ သူ့စွမ်းအားများတိုးတက်ဖို့အတွက် အသုံးချလိုက်သည်မှာ ပို၍သင့်တော်ပေသည်။

ပတ်၀န်းကျင်တွင် သိုင်းပညာရှင်များ ဝင်ချည် ထွက်ချည် သွားလာ‌နေကြသည်ကို သူမြင်တွေ့ရသည်။တဖက်လှည့်ပတ်ကြည့်ပြီးနောက် သူအ၀င်တံခါးဆီသို့လျှောက်သွားခဲ့သည်။

ဒီး.......ဆိုသည့်အသံနှင့်အတူ မှန်လှည့်ပတ်ထားသော တံခါးကို ဝင်လိုက်ပြီးနောက် အပေါ်တွင်ရှိ‌သောစကင်ဖတ်စက်နှစ်ခုသည် ချက်ချင်းစကင်န်ဖတ်လာခဲ့သည်။

"တီ!! သင်သည် သိုင်းပညာရှင် တယောက်တွင်ရှိသင့်သော ခွန်အားသတ်မှတ်ချက် ပြည့်မှီပါသည်။ သိုင်းပညာရှင်များ အစည်းအရုံးမှ ကြိုဆိုပါတယ်" ဟူသော အမျိုးသမီး တယောက်အသံဖြင့် ပြောကြားသည်ကို ကြားလိုက်ရသည်။

သိုင်းပညာရှင်များ အစည်းအရုံးသည် မြေအောက်မဟာမိတ်အဖွဲ့စင်တာ ထက် လုံခြုံရေးအရ ပိုမိုတင်းကျပ်သည်။ အဆောက်အဦးထဲသို့ ဝင်ရန် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားမျိုးရှိဖို့ လိုအပ်လေသည်။

ပထမထပ်ရှိ ကျယ်ဝန်းသော ခန်းမကြီးထဲတွင် လူသိပ်မရှိပေ။ ဘယ်ဘက်တွင် ဧည့်ခံကောင်တာတစ်ခုရှိပြီး ညာဘက်တွင် ခရုပတ်မှန်ဓာတ်လှေကားရှိသည်။

ကျိုးဟောင်သည် ဧည့်ကြိုကောင်တာသို့လျှောက်သွားလေသည်။ လှပပြီးသပ်ရပ်စွာ ၀တ်ဆင်ထားသော ၀န်ထမ်းသည် သူ့အား " ဆရာ ဘာများအကူညီပေးရမလဲ‌" မေးလေသည်။

" ငါကျင့်ကြံရေးနည်းလမ်းတွေနဲ့ လျှို့ဝှက် နည်းစနစ်တွေ ၀ယ်ချင်တယ်။ပြီးတော့ လက်နက်လည်း ထုဆစ်ချင်တယ်" ဟု ကျိုးဟောင်က တိုးတိုးလေးပြောလိုက်လေသည်။

"ကျင့်ကြံရေးစနစ်နှင့် လျှို့ဝှက်နည်းပညာများကို ၁၅ လွှာတွင်ရောင်းချပြီး ၈ လွှာတွင်လက်နက်များပြုလုပ်ရန်ပစ္စည်းများကိုဆရာတွေ့နိုင်ပါသည်။ ကျေးဇူးပြု၍ လက်နက်ပြုလုပ်ရန် သို့မဟုတ် ကျင့်ကြံရေးနည်းစနစ်များဝယ်ယူရန်အတွက် သိုင်းပညာရှင်များအစည်းအရုံးသို့ ဦးစွာစာရင်းသွင်းရန် လိုအပ်ကြောင်း သတိပြုပါ” ဟု အမျိုးသမီး၀န်ထမ်း‌လေးက ပြုံးပြုံးလေးပြောသည်။

ကျိုးဟောင်က မျက်မှောင်ကြုတ်လိုက်လေသည်။ သိုင်းပညာရှင်များအစည်းအရုံး မှာ တင်းကျပ်တဲ့ မူဝါဒတွေ ရှိတယ် ဆိုတာ သူ ကြားဖူးခဲ့တာ ကြာပါပြီ။ အခုတော့ ကောလဟာလတွေက အမှန်တကယ်ဖြစ်ကြောင်း သိလိုက်ရလေသည်။

အမျိုးသမီးဝန်ဆောင်မှုဝန်ထမ်းက ကျိုးဟောင် ရဲ့တုံ့ပြန်မှုကိုမြင်တဲ့အခါ သူမက " ဆရာ၊ စိတ်မပူပါနဲ့။ သိုင်းပညာရှင်များအစည်းအရုံးက ၎င်း၏အဖွဲ့ဝင်များအပေါ် ကန့်သတ်ချက်အနည်းငယ်သာရှိပါသည်။ ထို့အပြင်၊ အသင်းဝင်မှတ်ပုံတင်ခြင်းသည်လည်း သင့်၏ အခြေခံအချက်အလက်အချို့ကိုသာ ပေးဆောင်ရန် လိုအပ်မည်ဖြစ်သည်။" ဟု ရှင်းပြလေသည်။

ကျိုးဟောင်က တုံ့ဆိုင်းနေဆဲဖြစ်ပြီး " ငါရဲ့ နိုင်ငံသား အထောက်အထား‌ကတ်ရော လိုသလား" မေးလိုက်သည်။ သူ၏ ကိုယ်ရေးအချက်အလက်များကို မပေါက်ကြားလိုပေ။

၀န်ထမ်းမလေး က " သာမန် လက်နက်ပြုလုပ်ခြင်းနှင့် ကျင့်ကြံရေးနည်းစနစ်တွေ၀ယ်ရန်အတွက်ဆိုရင်‌တော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အဆင့်မြင့် ကျင့်ကြံရေးနည်းလမ်းတွေနဲ့ လျှို့ဝှက် နည်းပညာတွေ ၀ယ်မယ်ဆိုရင်တော့ ပြည်ထောင်စုထောက်ခံချက်နဲ့ နိုင်ငံသားအ‌ထောက်အထားတွေလိုအပ်ပါတယ်။" ဟု ရှင်းပြလေသည်။

ကျိုးဟောင် နားလည်သွားခဲ့လေပြီ။ သိုင်းပညာရှင်များ အစည်းအရုံး သည် ပြင်ပမှ လာ၀ယ်သူများကို စီစစ်ပြီးရောင်းချကြောင်း သိရှိလိုက်ရသည်။

တွေးကြည့်လျှင်ထိုသို့ ပြုလုပ်ခြင်းမှာ မှန်ကန်သည်။ သိုင်းပညာရှင်များအတွက် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက် နည်းပညာများသည် အခြားသောအရာများထက် ပို အရေးပါလေသည်။

" ငါ ဘယ်မှာစာရင်းသွင်းရမလဲ"

" ဒါတွေလုပ်ပေးတဲ့ အထူးကောင်တာက ဒုတိယထပ်မှာပါ"

ကျိုးဟောင်လည်း ဒုတိယထပ်သို့ အလျင်အမြန်တက်လာပြီး ကောင်တာကို ရှာတွေ့သွားသည်။

၀န်ထမ်းမလေး ပြောသလိုပင် စာရင်းသွင်းလုပ်ငန်းစဉ်မှာ အရမ်းရိုးရှင်းလှသည်။ ကျိုးဟောင်သည် ခွန်အားအနည်းငယ် စမ်းသပ်ခံရပြီး ‌အခြေခံအချက်အလက်သာ ‌ဖြည့်ခဲ့ရလေသည်။ သူ့ကိုယ်ရေးအချက်အလက်အကုန်တော့ မလိုအပ်ခဲ့ပေ။

ကျိုးဟောင်သည် နာမည်အတုတခုသုံးကာ အဖွဲ့၀င်ကို ပြုလုပ်နိုင်ခဲ့ပြီး ၈လွှာသို့ ဓာတ်လှေကားဖြင့်တက်သွားလေသည်။

အစည်းအရုံးထဲက စ၀င်သည့် အချိန်ထဲက လူများသတိမထားမိစေရန် သူ၏ အနီရောင်ချပ်၀တ်ကို အနက်ရောင်သို့ပြောင်းလဲခဲ့သည်။

အနက်ရောင်ချပ်၀တ်နှင့်ကျိုးဟောင်သည် လက်နက်ပစ္စည်းဆိုင်သို့ရောက်လာခဲ့သည်။ပါးသိုင်းမွှေးနှင့်လူကြီးက ကျိုးဟောင်အား ပြုံးပြပြီး " ဆရာ လက်နက်ပြုလုပ်ချင်လို့လား " မေးလိုက်လေသည်။

"ဟုတ်ပါတယ် ဓားတချောင်းလုပ်ချင်လို့ပါ" ဟု ကျိုးဟောင်မှ ပြန်ဖြေလိုက်ပြီး အပြာရောင်သွေးဝံပုလွေ ဦးချိုနှင့် ဂျိုတချောင်းပါ ကြံ့ချိုတို့ကို ထုတ်ပြလိုက်သည်။

ပါးသိုင်းမွှေးနှင့် ဆိုင်ရှင်က တချက်ကြည့်ကာ ပြုံးပြီး" ဒါတွေက အဆင့်မြင့် စစ်သူကြီးအဆင့် ပစ္စည်းတွေပဲ။ ဒီလို ပစ္စည်းမျိုးတွေနဲ့ဆိုရင်တော့ ဘုရင်အဆင့်ဓားရှည်ကိုပြုလုပ်တာ ပိုသင့်တော်မယ်" ဟုပြောလိုက်သည်။

‌

ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်လေသည်။ဘုရင်အဆင့်ဓားရှည်တလက်သည် သူ့အတွက် ခဏတာတော့လုံလောက်မှုရှိလေသည်။

"ဘယ်လောက်ကြာမလဲ" ကျိုးဟောင်ပြန်မေးလိုက်သည်။ " နှစ်ရက်လောက်တော့ ကြာနိုင်ပါတယ်။ ဒါပေမဲ့ ပစ္စည်းစရိတ်၊ လက်ခနှင့် ကုန်ကျစရိတ်တွေပေါင်းရင်တော့ ယွမ် ၄သန်းလောက်ကုန်ကျလိမ့်မယ်" ဟု ဆိုင်ရှင်က မဝံ့မရဲပြောလိုက်သည်။

ကျိုးဟောင်က ချက်ချင်းပင် " အဆင်ပြေပါတယ်" ပြောလိုက်လေသည်။ ဆိုင်ရှင်လည်း ၀မ်းသာအားရဖြင့် " ဟုတ်ကဲ့ပါဆရာ။ ဆရာ့ရဲ့အဖွဲ့၀င်ကတ်ကို အသုံးပြုလို့ရပါတယ်။ ပစ္စည်းရတဲ့အခါ ကတ်ကနေ အချက်ပြစာ၀င်လာပါလိမ့်မယ်။ ထိုအချိန်ကျ လာရောက်ငွေပေးချေပြီးထုတ်ယူနိုင်ပါတယ်။" ဆိုပြီးပြောလေသည်။

ကျိုးဟောင်သည် သူ့အား ဆိုင်ရှင်ကလိမ်လည်မည်ကို မစိုးရိမိပေ။ အဘယ့်ကြောင့်ဆိုသော် သိုင်းပညာရှင်များ အစည်းအရုံးသည် ဆိုင်ရှင်များအတွက် တင်းကျသော မူဝါဒများရှိပြီး ဆိုင်ရှင်သည် ၀ယ်သူ၏ပစ္စည်းများ ကို ခိုးယူထွက်ပြေးပါက သိုင်းပညာရှင်များ အစည်းအရုံးသည် အချိန်တိုအတွင်း လိုက်လံဖမ်းဆီးနိုင်လေသည်။

အကယ်၍ မဖမ်းဆီးနိုင်ခဲ့ရင်လည်း သိုင်းပညာရှင်များအစည်းအရုံးသည် အဖွဲ့၀င်များ အား လျော်ကြေးအပြည့်အ၀ပြန်ပေးလေသည်။

ထို့နောက်ကျိုးဟောင်သည် ၁၅ လွှာသို့တက်လာခဲ့သည်။

သူသည် ပြင်ပအဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် သာမန် ကျင့်ကြံ‌ခြင်းနည်းစနစ်များနှင့် လျှို့ဝှက်ပညာများကိုသာ ဝယ်ယူနိုင်ခဲ့သည်။

သို့သော် ဤနေရာတွင် သူဝယ်နိုင်သော နည်းပညာများသည် ကျောင်းရှိ အခြေခံ ကျင့်ကြံခြင်းနည်းစနစ်များထက် များစွာ သာလွန်နေသေးသည်။ သို့သော် သာမန်ကျင့်ကြံခြင်း နည်းစနစ်များနှင့် လျှို့ဝှက်နည်းပညာများမှာ ရွေးချယ်ရန် များပြားလွန်းလှ‌ပေသည်။ ရွေးချယ်စရာများကို ကြည့်ရင်း ကျိုးဟောင်တယောက် ခေါင်းပူလာသလို ခံစားလိုက်ရသည်။

၁၀ မိနစ်ကျော်ကြာ ရှာဖွေပြီးနောက် သွေးအနှစ်သာရကို မြှင့်တင်သည့် ကျင့်ကြံခြင်းနည်းစနစ်—သွေးအသွင်ပြောင်းခြင်းအနုပညာကို ဝယ်ရန် ဆုံးဖြတ်ခဲ့လေသည်။

နာမည်က တော်တော်ဆန်းသော်လည်း အဲ့ဒါသည် သာမန်သွေးအနှစ်သာရ ကျင့်စဉ်တခုသာဖြစ်လေသည်။ကျင်ကြံရေးနည်းစနစ်သာမက လျှို့ဝှက် ဓားသိုင်းပညာ တခုဖြစ်သည့် အရိပ်မဲ့ဓားသိုင်းကိုပါ ၀ယ်ယူခဲ့သည်။

သာမန်ကျင်ကြံရေး နည်းစနစ်တခုနှင့် လျှို့ဝှက် နည်းပညာတခုသည် သူ့အား ယွမ် ၆သန်းကျော် ကုန်ကျစေခဲ့သည်။

ကျိုးဟောင် သည် သိုင်းပညာရှင်များ အစည်းအရုံးကထွက်ခွာလိုက်ချိန်မှ ငွေကုန်ခြင်းကြောင့် ရရှိသည့် ခေါင်းကိုက်မှုမှာ‌ ပြေလျော့သွားလေသည်။

ယွမ်၆သန်းသည် နည်းစနစ်နှစ်ခုအတွက် ကုန်ကျစရိတ်သာ ဖြစ်ပြီး လက်နက်ထုဆစ်ခြင်းအတွက် ကျသင့်ငွေပါ ထပ်ပေါင်းရင် ယွမ် ၁၀.၃ သန်းကျော် သူသုံးစွဲခဲ့လေသည်။

..............................................................................

အခန်း (၃၃) ပြီးပါပြီ။

All Chapters