အခန်း ၃၄-၃၆
Vol. 3 Ch. 34-36
အခန်း(၃၄) : အကြိမ်တထောင်ဆက်တိုက်ကံစမ်းခြင်း
" သိုင်းပညာရှင် ဘ၀သည် အကုန်အကျအရမ်းကြီးကြောင်း လူတွေပြောဆိုကြတာ သံသယ၀င်စရာမလိုတော့ဘူးပဲ။ ပိုက်ဆံအများကြီး အမြန်ရှာနိုင်သော်လည်း အမြန်ပင် ပြန်ကုန်သွားခဲ့တာပဲ။ " ဟု ကျိုးဟောင်တယောက် စဉ်းစားရင်း သက်ပြင်းချကာ ယန်ဥယျာဉ်အိမ်ရာတို့ ပြန်လာခဲ့လေသည်။
အရည်အသွေးအရဆိုလျှင် ကောင်းကင်ဘုံလမ်းကြောင်းစနစ်၏ ကျင့်ကြံရေးစနစ်များသည် အကောင်းဆုံးဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲမှ ရရှိခဲ့သော နဂါးနှင့်ဆင်တို့၏ ဉာဏ်ပညာကျင့်စဉ်သည် သူ့အတွက် လေ့ကျင့်ရန်မလိုအပ်ခဲ့ပဲ ကျွမ်းကျင်တတ်မြောက်နိုင်ခဲ့သည်။
သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သေတ္တာများသည် ကံကြမ္မာအမှတ်များအပေါ်မူတည်နေလေသည်။ ကျိုးဟောင်တွင် ကံကြမ္မာအမှတ်များ ရှိသေးသော်လည်း သူထိုအရာများပေါ်တွင် မျှော်လင့်ချက်များမထားချင်ပေ။
သူ့တွင် ရှေ့လျောက် အစီအစဉ်များရှိပြီး အဆိုးဆုံးအတွက်လည်းပြင်ဆင်ထားလေသည်။ပုံမှန်အခြေအနေအရ ကျိုးဟောင်သည် ကျင့်ကြံရေးနည်းစနစ်များရရန် လျှို့ဝှက်ဆန်းကြယ်သေတ္တာများကို အားကိုးနေရသည်။ သူ၀ယ်လာခဲ့သော ကျင့်စဉ်၂ခုသည်လည်း အရံထားရန်အတွက်ဖြစ်လေသည်။
သူရေချိုးပြီးချိန်လောက်တွင် သူ့မိဘများပြန်ရောက်လာခဲ့သည်။ သူတို့ကြည့်ရတာ အဆင်ပြေနေရပုံရပြီး သူတို့ရင်ဆိုင်နေရသော ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြောင်း ပေါ်လွင်သည်။
"ရှောင်ဟောင် ဒီနေ့ စူပါမားကတ်ကနေ မင်းကြိုက်တဲ့ဟာလေးတွေ၀ယ်လာခဲ့တယ်။ ငါတို့ချက်စားကြရအောင် " ဟု ၀မ်ရှုယွင်ကပြောသည်။ သူမသည် ကြက်သွေးရောင်သွေးနွယ်ပင်နှင့် ကြံ့ချိုကို သူ့သားဆီမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သူ့ခင်ပွန်းဆီမှ သိခဲ့ရလေသည်။
ထိုအခြင်းအရာသည် သူမအား ပို၍စိတ်ချမ်းသာစေလေသည်။ သူ့သားလေး သည် ကြီးပြင်းလာသည်နှင့်အမျှ မိသားစု၀န်ကို ထမ်းလာနိုင်သောကြောင့်ဖြစ်သည်။
သူ့မိဘနှစ်ပါး ပျော်ရွှင်နေသည်ကို ကျိုးဟောင်ကြည့်ပြီး " ဟုတ်ကဲ့ပါ အမေ သား မျှော်နေပါ့မယ်" ဟု ပြောလိုက်သည်။
ကျိုးရွှယ်ကော က " သား ငါတို့ တရုတ်ရိုးရာ စစ်တုရင် မကစားရတာ ကြာပြီ။ တပွဲလောက်ဆော့ကြမလား" ဟု ပြုံးပြီးမေးသည်။ ကျိုးဟောင်က ဆိုဖာပေါ်ထိုင်လိုက်ပြီး " ကောင်းပြီး အဖေ ရှုံးတော့မှ နောင်တမရနဲ့နော် " ဟု ပြောလိုက်သည်။
ထို့နောက် ကျိုးရွှယ်ကောက စစ်တုရင် ကစားရန်ပစ္စည်းများကို ယူလာခဲ့ပြီး ကော်ဖီစားပွဲပေါ်တွင် ခင်းကျင်းလိုက်သည်။
ကျိုးဟောက် က စစ်တုရင်ကစားရင်း ကောင်းကင်ဘုံလမ်းကြောင်းစနစ်၏ စကားပြောခန်းထဲ လျောက်ကြည့်နေလေသည်။
"နောက်ထပ် အထီးကျန်တဲ့နေ့တရက်ပဲ"
"အမြဲဒီလိုပါပဲ ဟိုင်"
" နေ့တိုင်း နှင်းဆီပန်းတွေပဲရနေတယ်။ ဒီသုံးစားမရတဲ့ဆော့လ်ဝဲလ်ကို ဖျက်ပစ်ချင်လာပြီ။"
"ငါနားမလည်တော့ဘူး။ မင်း သာမန်လျှို့ဝှက်ဆန်းကြယ်တွေဖွင့်ပြီး ရတာ အဆင့်နိမ့်နေရင် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို စမ်းကြည့်ပါလား"
.....
"ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာ.."
ကျိုးဟောင်၏ စိတ်၀င်စားမှုမြင့်တက်လာပြီး သူ့ခေါင်းထဲတွမေးခွန်းများပြည့်လာသည်။
ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာဆိုတာဘာလဲ..
ထိုအချိန်မှာပဲ စကားပြောခန်းက အသုံးပြုသူ တယောက် ကလည်း ဒီအရာကိုပဲ ထပ်မေးခဲ့သည်။
အဆင့်မြင့်တခုရောက်နေပုံရတဲ့ အသုံးပြုသူတယောက်က ချက်ချင်းပင် " ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာဆိုတာ အဆင့်ပိုမြင့်တဲ့ လျှို့ဝှက်ဆန်းကြယ်သေတ္တာတခုပဲ။ ငွေရောင်အဆင့်ကို ရောက်နေတဲ့ သူတွေကသာ ဒါကို ဖွင့်နိုင်တယ်။ ငါမင်းကို နည်းလမ်းတွေတော့ အတိအကျမပြောနိုင်ပေမဲ့ ဒီငွေရောင် သေတ္တာကရတဲ့ ပစ္စည်းတွေကတော့ သာမန် သေတ္တာတွေရတဲ့ဟာတွေထက် ပိုကောင်းတယ်။ ဒါ့အပြင် အဲ့ပစ္စည်းတွေကလည်း မင်းဆန္ဒတွေကိုလည်း ဖြည့်ဆည်းပေးနိုင်တယ်" ဟု ရှင်းပြလသည်။
တခြားအသုံးပြုသူများက မေးခွန်းအများအပြား ဝိုင်းမေးကြတော့သော်လည်း ငွေရောင်အဆင့် အသုံးပြုသူကတော့ ဘာမှ ပြန်မဖြေခဲ့ပေ။ ဒါကလည်း ဆော့လ်ဝဲလ်၏ မူဝါဒတခု လည်းဖြစ်နိုင်လေသည်။
" ဒါဆို အဆင့်မြင့်တဲ့ လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေရှိသေးတာပေါ့" ဟု ကျိုးဟောင်ငြိမ်ပြီးစဉ်းစားနေလေသည်။
ထိုအချိန်တွင် ကျိုးရွှယ်ကောက " Chess Mate သား မင်းရှုံးတော့မယ် " ဟု ထပြောလေသည်။ ကျိုးဟောင်လည်း သတိပြန်၀င်လာပြီး ကော်ဖီစားပွဲပေါ်က ကစားကွက်ကိုကြည့်ကာ " အဖေ ဒါ သားအာရုံလွင့်နေချိန် အလစ်တိုက်ခိုက်တာပဲ။ အဖေ့ အားကစားစိတ်ဓာတ်လေး ဘယ်ရောက်သွားလဲ " ဟု ပြန်ပြောလေသည်။
" ဟားဟား... သား မင်းစစ်တုရင်ကစားနေချိန်တော့ အာရုံစိုက်ထားသင့်တယ်။ အခြားအရာတွေ လုပ်ချိန်မှာလည်း အဲ့လို ပဲ သတိထားရမယ် " ဟု ကျိုးရွှယ်ကောက ရယ်ပြီးပြောသည်။ " ကောင်းပြီး သားမှာ တခုခုလုပ်စရာရှိပုံပဲ။ သွား လုပ်စရာရှိတာလုပ်ပါ " ဆိုပြီးပြောသည်။
ကျိုးဟောင် သည် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို အဖြေရှာချင်နေလေသည်။ " ထမင်းစားပြီးမှ ဆက်ဆော့ရအောင် အဖေ " ဟု ပြောလိုက်လေသည်။
ပြီးနောက် သူ့ အခန်းသို့ ပြန်သွားကာ ကောင်းကင်ဘုံလမ်းကြောင်းစနစ်ထဲရှိ သူ၏ကိုယ်ရေးအချက်အလက်စာမျက်နှာတွင်ရှာနေလေသည်။
အဆင့် : ၂၂၀ / ၁၀၀၀ ( ကြေးအဆင့်)
ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်ကိုသိရှိပြီး စတင်သုံးစွဲချိန်ထဲက သူ၏ အဆင့်ကို သတိမထားခဲ့ပေ။
သို့သော်လည်း ဒီနေ့ ငွေရောင်အဆင့် အသုံးပြုသူ၏ အဖြေကို တွေ့ပြီးနောက် အသုံးပြုသူ၏ အဆင့်သတ်မှတ်ချက်မှာလည်း ဒီကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်တွင် အရေးပါကြောင်း ကျိုးဟောင်နားလည်သွားခဲ့သည်။
ကံကောင်းစွာဖြင့် ကျိုးဟောင် သည် အမြဲ စကားပြောခန်းကို ၀င်၀င်ကြည့်သော အကျင့်လေးရှိသည်။ သူသည် သတိပေးချက်များကို မလွတ်ချင်သောကြောင့်ဖြစ်လေသည်။
များသောအားဖြင့် စကားပြောခန်းတွင် တွေ့ရသည်မှာ ကြေးအဆင့်အသုံးပြုသူများသာဖြစ်ပြီး ငွရောင်အဆင့်အသုံးပြုသူများကတော့ ရံဖန်ရံခါ ပေါ်လာတတ်သည်။ ရွှေရောင်အဆင့် အသုံးပြုသူများကိုတော့ သူတခါမှ မတွေ့ဖူးပေ။
"ငါ စုစုပေါင်း ကောင်းကင်ဘုံ ဒင်္ဂါးပြား ၂၂၀အသုံးပြုခဲ့ပြီးသောကြောင့် အတွေ့အကြုံအမှတ် ၂၂၀ရှိနေခဲ့တာပဲ။ ဒါဆို ကောင်းကင်ဘုံ ဒင်္ဂါးပြားတွေ များများပိုသုံးလေ အဆင့်မြန်မြန်တက်နိုင်လေလေပဲဖြစ်မယ်။ " ဟု တွေးကာ သူ၏ အဆင့်သတ်မှတ်ချက်ကိုကြည့်နေလေသည်။
ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်မှာ ဆန်းကြယ်လှသည်။ အထဲတွင် သုံးစွဲရန် လမ်းညွှန်များ မပါရှိသောကြောင့် ကျိုးဟောင် မှာ ကိုယ့်ဟာကိုယ်အဖြေရှာခဲ့ရသည်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျိုးဟောင်သည် အံကို ကြိတ်ကာ ကောင်းကင်ဘုံလမ်းကြောင်းစနစ်၏ ဈေးဆိုင်အခြမ်းကို ဖွင့်ကြည့်လိုက်သည်။
သူ့အကောင့်ထဲတွင် ကောင်းကင်ဘုံဒင်္ဂါးပြား ၁သောင်းကျော် ကျန်ရှိသေးကြောင်းသူတွေ့လိုက်ရသည်။ ထို့နောက် ထိတ်လန့်ဖွယ် ဆုံးဖြတ်ချက် တခု သူချလိုက်သည်။
သူအသက်၀၀ ရှူ လိုက်ပြီး နှိပ်ချလိုက်သည်...
" အကြိမ်တထောင်ဆက်တိုက်ကံစမ်းခြင်း"
သို့သော် သူ၏ ကံကြမ္မာအမှတ်များကိုတော့ အသုံးမပြုခဲ့ပေ။
ဝှစ် ဝှစ် ဝှစ်......
လျှို့ဝှက်ဆန်းကြယ်သေတ္တာများ ဆက်တိုက်ပွင့်လာသော်လည်း ရလာသောပစ္စည်းများမှာတော့ အမှိုက်သာသာပင် ဖြစ်လေသည်။
ကျိုးဟောင် တယောက် သေတ္တာများဖွင့်ရင်း အလုပ်များနေချိန်တွင် အခြားသော အသုံးပြုများ က သူ၏ လှုပ်ရှားမှုများကို သတိထားမိလာကြလေသည်။
တကြိမ်ထဲဖြင့် သေတ္တာ ၁၀၀ဆက်တိုက် ဖွင့်သူများမှာ အနည်းအကျည်း ရှိသော်လည်း သေတ္တာ ၁၀၀၀ဖွင့်သူမှာတော့ မရှိသလောက်ရှားပါးလေသည်။
သေတ္တာ၁ထောင်ဖွင့်ရန် ကောင်းကင်ဘုံဒင်္ဂါးပြား ၁သောင်းလိုအပ်လေသည်။ ထိုအရာသည် ပိုက်ဆံ ယွမ် ၁သန်းနှင့် ညီမျှလေသည်။ ဒါသည် အလွန်များပြားသော ငွေပမာဏဖြစ်လေသည်။
"တောက် ဘယ်လိုချမ်းသာတဲ့ခွေးကောင်လဲ။ သေတ္တာ၁၀၀၀ဖွင့်ဖို့ ဘယ်လိုသတ္တိတွေများရလာလဲ"
" ငါထင်တာတော့ ချမ်းသာရင် ဘာမဆိုလုပ်နိုင်တာပဲ။ဘယ်လောက်မိုက်လိုက်သလဲ"
" ဟမ်.. အကြိမ်တထောင် ဆက်တိုက်ကံစမ်းလည်း အကုန်လုံးကအမှိုက်တွေပဲ ဖြစ်မှာ။ ဘာမှ အားကျစရာမရှိပါဘူး"
"ဒါ နောက်ဆုံး အကြိမ်က ရှားပါး ပစ္စည်း ရခဲ့တဲ့ အသုံးပြုသူမှတ်လား"
"ဟမ် အဲ့ဒါသူလား။ ငါသူကံစမ်းတာကိုဆက်တိုက်ကြည့်နေရတာ။ သူတော့ အမှိုက်တွေ တပုံတခေါင်းကြီးရသွားပြီပဲ။ သူအမြဲတော့ ကံမကောင်းနိုင်ပါဘူး"
....
ရုတ်တရက် ပင် စကားပြောခန်းထဲတွင် ဆွေးနွေးမှုများ ပြည့်လာလေသည်။
ယခုလို လျှို့ဝှက်ဆန်းကြယ်သေတ္တာများ ဆက်တိုက်ဖွင့်ခြင်းသည် သူ့အပေါ် မနာလိုမှုနှင့် လှောင်ပြောင်မှုများဖြစ်လာလိမ့်မည် ကျိုးဟောင်မထင်ထားခဲပေ။
သေတ္တာများကို ဖွင့်ခြင်းဖြင့်ရလာသော ကောင်းကင်ဘုံဒင်္ဂါးပြား ကို ပြန်သုံးပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာများကို ဆက်ဖွင့်နေခဲ့သည်။
ကောင်းကင်ဘုံဒင်္ဂါးပြားများကို အကုန် သုံးပြီးနောက် သူသည် သူ၏ကိုယ်ရေးစာမျက်နှာသို အမြန်ပြန်ကြည့်လိုက်သောအခါ သူ၏အဆင့်ပြောင်းလဲသွားကြောင်းတွေ့လိုက်ရသည်။
၁၁၇၃၀ / ၁၀,၀၀၀၀၀ (ငွေအဆင့်)
"ငွေအဆင့်…။ သို့သော် နောက်တစ်ဆင့်အတွက် လိုအပ်ချက်သည်လည်း အဆတစ်ရာ တိုးလာခဲ့ပဲ။ မယုံနိုင်စရာပဲ.. ငါ နောက်တစ်ဆင့်တက်ချင်ရင် ကောင်းကင်ဘုံ ဒင်္ဂါးတစ်သန်းလောက်သုံးရလိမ့်မယ်!" ဒါကိုမြင်တော့ ကျိုးဟောင် ဟာ သက်ပြင်းချပြီး ဆော့ဖ်ဝဲလ်ရဲ့ ဆိုင်ခန်းဆီသို့ ပြန်သွားခဲ့သည်။
အမှန်တော့ ဖန်သားမျက်နှာပြင် က ပြောင်းလဲသွားပြီး ညာဘက်တွင် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာအသစ်တစ်ခု ပေါ်လာလေသည်။
"ဒါက ငွေရောင် လျှို့ဝှက်ဆန်းကြယ်သေတ္တာ ဖြစ်ရမယ်!"
ကျိုးဟောင် သည် လျှို့ဝှက်ဆန်းကြယ်သေတ္တာ၏ အညွှန်းကို အလျင်အမြန်ဖွင့်ပြီး ၎င်းကို ဂရုတစိုက်ဖတ်ကြည့်နေလေသည်။
..............................................................................
အခန်း(၃၄)ပြီးပါပြီ။
အခန်း (၃၅) : လျှို့ဝှက်ဆန်းကြယ်သေတ္တာ၏ စည်းမျဉ်းအသစ်
ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာ တစ်ဘူးလျှင် ဒင်္ဂါး ၁၀၀၀၀ ပေးရသည်။ နှင်းဆီပန်းများ၊ ကောင်းကင်ဘုံ ဒင်္ဂါးများ ကဲ့သို့သော ပစ္စည်းများ အရင်တိုင်းပါ၀င်ဆဲဖြစ်ပြီး လက်နက်များ၊ကျင့်ကြံခြင်းနည်းစနစ်နှင့် ဆေး၀ါးများနှင့်ပတ်သက်၍ စည်းမျဉ်းများကိုတော့ ပြောင်းလဲထားလေသည်။
အသုံးပြုသူသည် ၎င်းတို့ပိုင်ဆိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်များ၊ လက်နက်များနှင့် ဆေးပြားများအကြောင်း အချက်အလက်များကို ဖြည့်စွက်ရမည်ဖြစ်ပြီး စနစ်သည် ပြုပြင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးမည်ဖြစ်သည်။
စည်းမျဥ်းများကို မိတ်ဆက်ပေးမှုမှာ များများစားစားမရှိသဖြင့် ကျိုးဟောင်အတွက် ပို၍ပင် အဖြေရှာရခက်လာသည်။ သူပိုင်ဆိုင်သည့် လက်နက်များ၊ ကျင့်ကြံခြင်းနည်းစနစ်များနှင့် ဆေးပြားများအကြောင်းကို အချက်အလက်များ ဖြည့်စွက်ရမည်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
ခဏလောက်စဉ်းစားပြီးနောက် သူသည် ယွမ် ၂ သန်းတန်ဖိုးရှိသည့် ကောင်းကင်ဘုံ ဒင်္ဂါးများ ကို ရိုးရိုးရှင်းရှင်းဝယ်လိုက်သည်။ ထိုကဲ့သို့ ပမာဏသည် ကျိုးဟောင်၏ ယခုအခြေအနေအတွက်တော့ အခက်အခဲမရှိပေ။
" ဘာဖြစ်နိုင်မလဲ ဆိုတာ ငါတခေါက်အရင်ဖွင့်ကြည့်တာပေါ့"
ဟု ကျိုးဟောင်ကပြောလိုက်သည်။ ကံကြမ္မာအမှတ်များ အလွန်အရေးကြီးသောကြောင့် ယခုအချိန်တွင် သူအသုံးပြုရန် အစီအစဉ်မရှိပေ။
၀ယ်ယူမှု အောင်မြင်ပါသည်။
ထို့နောက်ကျိုးဟောင် သည် အေးဆေးစွာ ဖန်သားပြင်ကို နှိပ်လိုက်သည်။
" ဒင် !! ကျေးဇူးပြု၍ သင်၏ ကျင့်ကြံခြင်းနည်းစနစ်များ၊ လက်နက်များနှင့် ဆေးဝါးများအကြောင်းကို ဖြည့်စွက်ပါ "
"သွေးအသွင်ပြောင်း နည်းစနစ်၊ အရိပ်မဲ့ဓားသိုင်း၊ ထိပ်တန်းအဆင့် သွေးအနှစ်သာရပေါက်ကွဲခြင်းဆေးလုံး၊ မဟူရာလိပ်ချပ်၀တ်၊ နဂါးနှင့်ဆင်တို့၏ ဉာဏ်ပညာများ နည်းစနစ် "
ဆိုပြီး သူပိုင်ဆိုင်သော ကျင့်ကြံခြင်းနည်းစနစ်များ၊ လက်နက်များနှင့်ဆေးဝါးများကို ဖြည့်စွက်လိုက်သည်။
ကလစ်.....
စစ်ဆေးခြင်းများ မပြီးခင်မှာပဲ လျှို့ဝှက်ဆန်းကြယ်သေတ္တာ က လည်နေခဲ့လေသည်။ ထိုအရာကို ကျိုးဟောင်က နှိပ်လိုက်ပြီး သူ့မျက်လုံးကိုဖွင့်ကာ သေချာကြည့်နေခဲ့လေသည်။
ကျိုးဟောင် စနစ်ထဲကို ဖြည့်စွက်ခဲ့သော ကျင့်ကြံခြင်းနည်းစနစ်များ၊ လက်နက်များ နှင့်ဆေးပြားများအပေါ် မူတည် ပြီး သူရရှိနိုင်သော ပစ္စည်းဆုလာဘ်များကို စနစ်မှ ဖော်ပြလာလေသည်။
ကျင့်ကြံခြင်းနည်းစနစ် : " သွေးအသွင်ပြောင်းအနုပညာ" - " သွေးလောင်ကျွမ်းခြင်းအနုပညာ" - " အလုံးစုံပြောင်းလဲခြင်း သုံးဆင့် မြင့်မြတ်သောသွေးအနုပညာ" - "အလုံးစုံပြောင်းလဲခြင်း ကိုးဆင့် ရွှေကိုယ်ထည် အနုပညာ"
အရိပ်မဲ့ဓားသိုင်း : " တံလျှပ်ပမာ ပိုင်းဖြတ်ခြင်း" - " အရိပ်ခုနှစ်သွယ်ဓားသိုင်း" - "ကောင်းကင်ကိုပိုင်းခြမ်းနိုင်သော နတ်တို့၏နည်းစနစ်"
နဂါးနှင့် ဆင်တို့၏ ဉာဏ်ပညာနည်းစနစ် : " နဂါးနှင့်ဆင်တို့၏ဉာဏ်ပညာကျင့်စဉ် အဆင့် သုံးဆယ့်ခြောက်"
လက်နက်များ : မဟူရာလိပ်ချပ်၀တ် - မဟူရာလိပ်ကြေးခွံ - မြင့်မြတ်သော မဟူလိပ်ချပ်၀တ်
ဆေးဝါးများ : ထိပ်တန်းအဆင့် သွေးအနှစ်သာရပေါက်ကွဲဆေးလုံး _ မြင့်မြတ်သောသွေးအနှစ်သာရဆေးလုံး _ မူလအစ သွေးအနှစ်သာရဆေးလုံး။
အထက်ပါအရာများကို မြင်ပြီးနောက် ကျိုးဟောင်စိတ်လှုပ်ရှားသွားလေသည်။
ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာ၏ အညွှန်းတွင် ဖော်ပြထားသော အဆင့်မြှင့်တင်မှုများသည် သူပိုင်ဆိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်များ၊ ဆေး၀ါးများနှင့် လက်နက်များ၏ အဆင့်များကို တိုးမြှင့်ပေးကြောင်း ဖော်ပြထားသည်။ မတူညီသော အဆင့်ရှိသည့် ပစ္စည်းများအတွက် ရရှိနိုင်ခြေမှာလည်း ကွဲပြားသွားလေသည်။
အဆင့်ပိုမြင့်လေ ရရှိနိုင်ခြေနည်းလေ ဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်းသိသွားလေသည်။
"ဟား ဟား!! ဒီအတိုင်းဆို ငါ့အတွက် သိပ်မခက်ခဲဘူးပဲ "
ဆိုပြီး ကျိုးဟောင်မှာ ပျော်ရွှင်နေလေသည်။သာမန် လျှို့ဝှက်ဆန်းကြယ်သေတ္တာများကို ဖွင့်စဉ်က ရရှိနိုင်သော ပစ္စည်းများမှာ ခန့်မှန်းမရဘဲ ကျပန်းစနစ်ဖြင့်သာ ရရှိခဲ့လေသည်။ ကံတရားပေါ်လည်းအများကြီးမူတည်ခဲ့ရသည်။
တစ်ခါတရံမှာ အလွန်ကံကောင်းခဲ့မယ်ဆိုရင်တောင်မှ သူတို့နဲ့ လိုက်ဖက်တဲ့ အရာတစ်ခုကို ရရှိနိုင်မည်မဟုတ်ပေ။
ဥပမာ၊ နောက်ဆုံးအကြိမ် ကျိုးဟောင် ရရှိခဲ့သော သွေးအနှစ်သာရပေါက်ကွဲဆေးလုံး သည် သူ့အတွက် တန်ဖိုးအနည်းငယ်သာရှိပြီး ဝှက်ဖဲအဖြစ်သာ အသုံးပြုနိုင်သည်။ ဒါပေမယ့် အခုတော့ မတူညီတော့ပဲ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာဖြင့် သူနှစ်သက်သော သို့မဟုတ် လိုအပ်သော ထိပ်တန်းပစ္စည်းများကို ဖွင့်ရန် ရွေးချယ်နိုင်လေသည်။
"သို့သော်လည်း တစ်ဘူးလျှင် ကောင်းကင်ဘုံဒင်္ဂါး ၁သောင်းကျသင့်မှာပဲ။ဒါက ယွမ် ၁သန်းနှင့်ညီမျှတဲ့ပမာဏပဲ။ တော်တော်တန်ဖိုးကြီးတယ် "
ဟု တွေးကာချက်ချင်းပဲ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ၀ယ်ယူလိုက်လေသည်။
သူ့ကံကြမ္မာအမှတ်များကို တချက်ကြည့်လိုက်လေည်။ ကံကြမ္မာအမှတ်များ- ၅၃,၀၀၀(ကြွယ်၀များပြားသောကံကြမ္မာအဆင့်)
သေသေချာချာစဉ်းစားပြီးနောက် သူ သေတ္တာကိုအရင်ဖွင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ကံကြမ္မာအမှတ် ၅သောင်းကျော်ဖြင့် ဘာရနိုင်မလဲ သူသိချင်မိသည်။ သူလျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်ပြီး ဘာကိုမျှော်လင့်ရမလဲလည်း အကြမ်းဖျင်းစဉ်းစားထားလေသည်။
အားလုံးချင့်ချိန်ပြီးနောက် သူ့ကံကြမ္မာအမှတ်များကို အသုံးပြုပြီး သေတ္တာကို ချက်ချင်းဖွင့်လိုက်လေသည်။
ဝုန်းး....
သာမန် လျှို့ဝှက်ဆန်းကြယ်သေတ္တာများနှင့် မတူဘဲ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်လိုက်သောအခါတွင် ပို၍ပင် တောက်ပနေခဲ့သည်။ ဖန်သားပြင်တစ်ခုလုံးတွင် ငွေရောင်သေတ္တာတစ်ခု ပေါ်လာသည်။ လျင်မြန်စွာ လည်ပတ်ပြီးနောက် ပေါက်ကွဲသွားခဲ့သည်။
"ဒင်!! ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်လှစ်ပြီး ရှားပါးအဆင့် ကျင့်ကြံခြင်းနည်းစနစ် "အရိပ်ခုနှစ်သွယ်ဓားသိုင်း" ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ဤပစ္စည်းကို သင့်အိတ်ထဲတွင် ထည့်ထားသည်။ ကျေးဇူးပြု၍ မှတ်သားထားပါ။”
ထိုအချိန်မှာပဲ ဆော့လ်ဝဲလ် က ကြေငြာချက်တခု ထုတ်ပြန်လိုက်သည်။ " ဂုဏ်ပြုပါတယ် "ငါက သာမန်လူတယောက်ပါ" ဆိုတဲ့အသုံးပြုသူ။ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကနေ ဒုတိယအဆင့်ရှားပါးကျင့်ကြံခြင်းနည်းစနစ် ကို ရရှိခဲ့လေပြီ။"
ထိုကြေငြာချက်သည် ငွေရောင်အဆင့်နှင့်အထက်သူများဆီရောက်ရှိသွားခဲ့လေသည်။ ကြေးအဆင့်အသုံးပြုသူများနှင့်မတူဘဲ ငွေရောင်အဆင့်အသုံးပြုသူများသည် ရံဖန်ရံခါမှ စကားပြောခန်းထဲပေါ်လာတတ်ကြသည်။
သို့သော်လည်း ယခုကြေငြာချက်ကြောင့် ငွေရောင်အဆင့်သာမက ရွှေရောင်အဆင့်အသုံးပြုသူများပါ လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
"အဲ့ဒါဘယ်သူလဲ။ သူတကယ်ကြီးငွေရောင်သေတ္တာကနေ ဒုတိယအဆင့် ပစ္စည်းတခုရခဲ့တာလား"
"ငွေရောင်အဆင့်သေတ္တာကနေ ပစ္စည်းကောင်းတွေရရှိနိုင်ချေမြင့်သော်လည်း များသောအားဖြင့် ပထမအဆင့် ပစ္စည်းတွေသာရတတ်တာပါ။ ခုတော့သူကဒုတိယအဆင့်ပစ္စည်းရခဲ့ယုံသာမက ကျင့်ကြံရေးနည်းစနစ်တခုပါဖြစ်နေသေးတယ်။"
" သူသေတ္တာဘယ်လောက်ဖွင့်ခဲ့သလဲတော့ ငါမသိဘူး။ ဒါပေမဲ့ ဒုတိယအဆင့် ပစ္စည်းတခုကိုရခဲ့တာတော့ တော်တော်ကံတရားမျက်နှာသာပေးတာပဲ။"
"ငါတော်တော် မနာလိုဖြစ်မိတယ်။ငွေရောင်အဆင့်လျှို့ဝှက်ဆန်းကြယ်သေတ္တာက လိုချင်စရာတွေအပြည့်ပဲ။"
" ငါသူ့ကိုသိတယ်။ သူက သာမန်လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေကို အခု၁ထောင်ဆက်တိုက်ဖွင့်ခဲ့သူပဲ။ ဒါ့အပြင်အရင်ကလည်းရှားပါး ပစ္စည်းနှစ်ခုရခဲ့သေးတယ်။ ဒါကသူပထမဆုံးအကြိမ် ငွေရောင်အဆင့်သေတ္တာကိုပြောင်းဖွင့်ပုံရတယ်။"
"စောက်ရေးမပါတာ ပထမဆုံးအကြိမ်နဲ့တင်ရှားပါး ပစ္စည်းရတယ်ပေါ့"
တခြားတဖက်တွင်တော့ ကျိုးဟောင်သည် ငွေရောင်နှင့် ရွှေရောင် အသုံးပြုသူတို့၏ မနာလိုမှုများကို မသိရှိသေးပေ။ သူသည် "အရိပ်ခုနှစ်သွယ်ဓားသိုင်း" ကို ရရှိခဲ့ခြင်းကြောင့် စိတ်လှုပ်ရှားနေလေသည်။
နောက်ဆုံးတော့ သူ၏ကံကြမ္မာအမှတ် ၅သောင်းကျော်ကို အကုန်သုံးစွဲခဲ့လေသည်။ ထိုသို့သုံးစွဲပြီး ဒုတိယအဆင့် အထူးကျင့်စဉ်တခုကို ရရှိအောင် လုပ်နိုင်ခဲ့လေသည်။ သူသိရမည်က အရိပ်မဲ့ဓားသိုင်းတွင် အဆင့်၃ဆင့်သာရှိသည့်အချက်ပင်ဖြစ်လေသည်။
" အမှတ် ၅သောင်းလောက်နဲ့ ဒုတိယအဆင့် ကျင့်စဉ်တခုကို ရနိုင်မယ်ဆိုတာ ကြိုသိခဲ့ရင် ကံကြမ္မာအမှတ်တွေများများပိုစုပြီးမှ ဖောက်ခဲ့မှာပဲ"
ဟု တွေးနေလေသည်။ကျိုးဟောင် သည် "အရိပ်ခုနှစ်သွယ်ဓားသိုင်း" နှင့် "ကောင်းကင်ကိုပိုင်းခြမ်းနိုင်သော နတ်တို့၏နည်းစနစ်" ကို နှိုင်းယှဉ်ကြည့်ပြီး စိတ်လှုပ်ရှားနေလေသည်။နာမည်နှင့်တင် တော်တော်အထင်ကြီးစရာကောင်းလှပေသည်။
သူက ခဏလောက်ပဲ စဉ်းစားခဲ့ပြီး သူ၏ ကံကြမ္မာ အမှတ်များကို စမ်းသပ်ရန် ငွေရောင်လျှို့ဝှက်ချက်သေတ္တာကို ဖွင့်ခဲ့ခြင်းဖြစ်သည်။
သူသည် သူ၏ကိုယ်ရေးကိုယ်တာစာမျက်နှာသို့သွားကာ “အရိပ်ခုနစ်သွယ်ဓားသိုင်း” ကို အမြန်ထုတ်လိုက်သည်။
ရွှမ်း.....ဆိုသော အသံတစ်ခုဖြင့် “အရိပ်ခုနစ်သွယ်ဓားသိုင်း” ကျင့်ကြံရေးနည်းစနစ်၏ အတွေ့အကြုံ၊ နားလည်နိုင်စွမ်းနှင့် နက်နဲမှုများစွာသည် သူ့စိတ်ထဲသို့ တိုးဝင်လာလေသည်။
ကျိုးဟောင်သည် မထိန်းချုပ်နိုင်ပဲ ဓားသိုင်းကိုထကျင့်မိလေသည်။ သူ့လက်ထဲတွင် ဓား မရှိသော်လည်း သူ့ခြေကွက်များမှာ ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် သူ့အခန်းတလျောက် ရွေ့လျားနေခဲ့လေသည်။
စက္ကန့်၀က်အတွင်း မှာပင် သူသည် လျပ်စီးလက်သကဲ့သို့ ၇ကြိမ်လောက်ဖြစ်သွားခဲ့သည်။ သူ့လက်လှုပ်ရှားလိုက်တိုင်း လေဟာနယ်ကို ခွဲမတတ်ဖြစ်ဖြစ်သွားလေသည်။
"ထင်ထားသလိုပဲ ဆော့လ်ဝဲလ်ကပေးတဲ့ ကျင့်စဉ်တွေက တော်တော်အဆင့်မြင့်တယ်။ ဒါနဲ့ယှဉ်ရင် အရိပ်မဲ့ဓားသိုင်းက အမှိုက်သာသာပဲ "
ဟုပြောကာ ကျိုးဟောင်၏မျက်လုံးများတွင် ရွှင်လန်းမှုများပြည့်နေခဲ့သည်။
သူသည် အရိပ်မဲ့ဓားသိုင်းကို ၀ယ်စဉ်က လမ်းညွှန်ချက်ကို ဖတ်ကြည့်ခဲ့သည်။ တကယ်လို့ အရိပ်မဲ့ဓားကို နောက်ဆုံးအကန့်အသတ်ထိကျင့်ကြံနိုင်ပါက သူ၏ ဓားဖြင့် ပုံရိပ်ယောင်ကဲ့သို့ အရာများပြုလုပ်နိုင်မည်ဖြစ်သည်။ နောက်ဆုံးအကန့်အသတ်ထိ ကျွမ်းကျင်ခဲ့ပါက သူသည် တစ္ဆေတကောင်ကဲ့သို့ မှန်းဆ၍မရအောင် မြန်ဆန်လာမည်ဖြစ်သည်။
"ငါထင်ခဲ့တာက ဘုရင်အဆင့် နတ်ဆိုး သံမဏိသွား နဂါး မိကျောင်းကို ရောင်းချနိုင်ခဲ့ပါက အချိန်တခုအထိ ပိုက်ဆံအခက်မခဲမရှိလောက်ဘူး ထင်ခဲ့တာ။ ခုကြည့်ရတာ ငါတော့ ပိုက်ဆံများများပိုရှာရတော့မယ်"
ဟု ကျိုးဟောင်တွေးနေခဲ့သည်။
ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာ တခုတောင် ယွမ်၁သန်း ကျသင့်နေသည်။ ဒီလိုသာ ဆက်သွားရင် သူ့ပိုက်ဆံတွေဟာ ဘယ်လောက်မှ မကြာခင် ကုန်သွားမည်ဖြစ်လေသည်။ ဒါ့ထက် ဆော့လ်ဝဲလ်ထဲရှိ သူ၏အဆင့်ကိုလည်း ပိုမြှင့်ရန်လိုသေးသည်။
..............................................................................
အခန်း(၃၅) ပြီးပါပြီ။
အခန်း(၃၆) : အဆင့်(၃) သတိပေးချက်
"ရှောင်ဟောင် ထွက်လာပြီးထမင်းလာစား"
ဧည့်ခန်းဆီမှ ကျိုးရွှယ်ကောရဲ့အသံမှာလွင့်ပျံလာလေသည်။
"လာပြီ"
ကျိုးဟောင်မှပြန်အော်လိုက်ကာ သူ့ကိုယ်သူပြင်ဆင်ပြီးအိပ်ခန်းထဲမှ အမြန်ထွက်လာလေသည်။
အမေဖြစ်သူဝမ်ရှုယွင်မှာ ထမင်းချက်ရာတွင်အလွန်မြန်သည့်အပြင် ပါဝင်ပစ္စည်းအားလုံးကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ဘယ်လောက်မှအပင်ပန်းမခံလိုက်ရပေ။
ထမင်းစားနေစဉ် ဝမ်ရှုယွင်မှာပြုံးပြီးပြောလိုက်သည်။
"အဖေကြီး ဖြစ်နိုင်ရင်အလုပ်ထွက်လိုက်ပါတော့လား။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ အခက်အခဲလည်းရှိတော့တာမှမဟုတ်တာ ကိုယ့်ကိုယ်ကိုယ်အပင်ပန်းမခံပါနဲ့တော့"
ကျိုးဟောင်လည်း အလျင်အမြန်ပင်အခွင့်အရေးကိုအသုံးချကာ ခေါင်းညိတ်ပြီးထောက်ခံလိုက်လေသည်။
"အမေပြောတာမှန်တယ် အဖေ မြန်မြန်အလုပ်ထွက်ပြီး အိမ်မှာပဲနားပါတော့"
ကျိုးရွှယ်ကောမှာ အရက်တစ်ကျိုက်သောက်လိုက်ပြီး ကျိုးဟောင်ကိုစိတ်ဆိုးစွာ စိုက်ကြည့်လာလေသည်။
"သား ဝင်မပါနဲ့ တကယ်လို့ငါအလုပ်မလုပ်ရင် ဘယ်သူကဒီမိသားစုကို ထောက်ပံ့မလဲ။ ဒါပေမဲ့ မင်းအမေပြောတာမှန်ပါတယ်လေ။ အလုပ်တော့ပြောင်းရမယ် ရက်ပိုင်းလောက်နေရင် ငါခေါင်းဆောင်တွေနဲ့ စကားပြောလိုက်မယ်"
ကျိုးရွှယ်ကောလိုက်လျောသည်ကို မြင်လိုက်ရတော့
ကျိုးဟောင်မှာ ပျော်ရွှင်သွားလေတော့သည်။ သူ့အဖေ၏အလုပ်မှာအလွန်ပင်ပန်းသည့်အလုပ်ဖြစ်လေရာ အလုပ်ဒဏ်ပိပြီးသေဆုံးသွားသူတွေတောင်ရှိလေသည်။
"သား များများစား" ဝမ်ရှုယွင်မှာပြောရင်း ကျိုးဟောင်ပန်းကန်ထဲသို့ အသားများဆက်တိုက်ထည့်ပေးနေလေသည်။
ကျိုးဟောင်မှာငြင်းဆိုခြင်းမပြုပဲ ပြုံးသာနေလေသည်။
ကျိုးဟောင်မှာနှစ်ရက်ဆက်တိုက် စိတ်အခြေအနေကောင်းနေလေရာ အတန်းထဲတွင်သီချင်းပင် ခပ်တိုးတိုးညည်းနေလေသည်။
ရှေ့ခုံတွင်ထိုင်နေသော ရှုလင်မှာကျိုးဟောင်၏ယခုလိုပုံစံအား သဘောမကျပေ။
"တကယ်လို့ နင်သိုင်းပညာမှာမတိုးတက်လာရင် နောက်မှာကျန်ခဲ့လိမ့်မယ် အပျင်းထူကောင်"
ရှုလင်မှာတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွက်စာရင်းပေးထားပြီးပြီဖြစ်သလို ပထမနေရာရစေရမည်ဟုလည်း အခိုင်အမာပြောထားပြီးပြီဖြစ်သည်။
သိုသော်ထိုကိစ္စမှာလည်း ကျောင်းရှိပုန်းကွယ်နေသောပါရမီရှင်က မလှုပ်ရှားလာမှသာ ဖြစ်နိုင်မှာဖြစ်သည်။
ကျိုးဟောင်မှာ ခပ်လွန့်လွန့်ပြုံးပြီးပြန်ပြောလိုက်လေသည်။
"ရှုလင် ငါလည်းပွဲမှာပါဖို့စာရင်းပေးထားပြီးပါပြီ"
"ဟဟ'"
ရှုလင်ဘာမှမပြောနိုင်သေးခင်မှာပင် သူမဘေးခုံရှိအတန်းဖော် လီယွင်မှာမနေနိုင်ဘဲထရယ်လေတော့သည်။
နောက်ဘက်သို့လှည့်လိုက်သော်လည်း လီယွင်မှာပြုံးနေဆဲပင်။
"ကျိုးဟောင် နင်ကိုယ့်အခြေအနေကိုယ်သိသင့်တယ်မဟုတ်ဘူးလား ပြီးခဲ့တဲ့ပြိုင်ပွဲဖြစ်ဖြစ် ဒါမှမဟုတ် အခုတစ်ခေါက်တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲမှာပဲဖြစ်ဖြစ် နင်အနည်းဆုံးတော့ သွေးအနှစ်သာရပထမအဆင့်လောက်ရောက်နေမှ စာရင်းပေးလို့ရမှာ...."
ရှုလင်ရဲ့မျက်နှာမှာမှောင်မဲသွားလေတော့သည်။သူမနောက်လှည့်ပြီး ကျိုးဟောင်ကိုအပြစ်ပြောတော့မည့်အချိန်မှာပင် ရုတ်တရက်မှင်တက်သွားလေသည်။
"ကျိုးဟောင် နင့်ရဲ့သွေးအနှစ်သာရကဘယ်လိုဖြစ်တာလဲ"
ကျိုးဟောင်မှာမထူးဆန်းသလိုပင်
"ငါမနေ့ညက ကံကောင်းပြီးသွေးအနှစ်သာရပထမအဆင့်ဆီကို ထိုးဖောက်နိုင်သွားတာပါ"
လီယွင်မှာရယ်နေရာမှ ရပ်သွားလေသည်။
"နင် နင်တကယ်ကြီး ထိုးဖောက်နိုင်သွားတာလား"
ရှုလင်မှာမျက်မှောင်ကြုတ်သွားပြီး "ဒါကဒီတိုင်း သွေးအနှစ်သာရပထမအဆင့်ပဲကို ဘာမှအံ့ဩစရာမရှိဘူး"
လီယွင်လည်း ရှိုးတိုးရှန်းတန်းဖြင့်ပြောလိုက်လေသည်။ "ဟုတ်တယ် ဟုတ်တယ် ဒါကဘာမှမဟုတ်ဘူး"
ရှုလင်မှာလီယွင့်ကို လျစ်လျူရှုလိုက်ပြီး ကျိုးဟောင်အားကြည့်ကာ
"နင်ထပ်ပြီး သွေးပေါင်းစပ်ဆေးလုံး ထပ်သုံးပြန်ပြီမလား။ သွေးပေါင်းစပ်ဆေးလုံး ၂လုံးသုံးရင်သွေးအနှစ်သာရပထမအဆင့်ရောက်နိုင်တယ်ဆိုပေမဲ့ အခုလိုအဆင့်ထိုးဖောက်ပြီးတဲ့အခြေအနေမှာ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွက် စာရင်းပေးသင့်တယ်လို့ နင်တကယ်ထင်လား။ သတ်သေမဲ့လူတောင် ဒီအလုပ်မျိုးမလုပ်လောက်ဘူး"
ရှုလင်မှာ ကျိုးဟောင်ပြီးခဲ့သောပြိုင်ပွဲမှ ပိုက်ဆံအများကြီးရခဲ့ကြောင်း သူမသိထားသည်ဖြစ်လေရာ ထိုငွေများအား သွေးပေါင်းစပ်ဆေးလုံးဝယ်ရန်အသုံးပြုလိုက်ခြင်းဖြစ်နိုင်သည်ဟု ယူဆလိုက်ခြင်းဖြစ်ပေသည်။
ကျိုးဟောင်မှာ ရှုလင်၏မထီမဲ့မြင်ပြုသောအပြုအမူအား အသားကျနေပြီဖြစ်လေသည်။ သူမသည် စေတနာထားပြီးပြောခြင်းဖြစ်ကြောင်း သူသိပေသည်။
"ဆရာတွေဘေးမှာရှိနေတာ ဘာမှမဖြစ်လောက်ပါဘူး ငါကဒီပြိုင်ပွဲကိုဒီတိုင်းလေ့ကျင့်ရေးအနေနဲ့ပဲသဘောထားတာပါ"
ကျိုးဟောင်မှာ သာမန်ကာလျှံကာပင်ပြောလိုက်ပြီး ရှုလင်နှင့်အကြည့်ချင်းဖလှယ်လိုက်လေသည်။
"နင်ပဲပြောတယ်မဟုတ်ဘူးလား ငါကြိုးစားရမယ်လို့"
ရှုလင်မှာချက်ချင်းပင် စိတ်ပျက်ဟန်ဖြင့်မျက်လုံးကို အပေါ်လှန်လိုက်ပြီး
"ငါနင့်ကိုကြိုးစားဖို့ပြောတာ သေဖို့မဟုတ်ဘူး... ထားလိုက်တော့ ငါနင့်ကြောင့်စိတ်ရှုပ်မခံနိုင်ဘူး"
သို့သော် ကျောင်းဆင်းတော့မည့်အချိန်မှာပင် ရှုလင်မှာထပ်ပြောလာလေသည်။
"ပြီးရင်လေ့ကျင့်ရေးကွင်းကိုသွား ငါနင့်ကိုလှုပ်ရှားမှုတစ်ချို့သင်ပေးမယ်"
ကျိုးဟောင်မှာ တိတ်တိတ်လေးခိုးရယ်လိုက်လေသည်။ ရှုလင်၏ တကယ့်ပင်ကိုစရိုက်အား သူသိပြီးသားဖြစ်ပြီး သူမသည် စိတ်ထားနူးညံ့ပြီးအပြောဆိုးသောမိန်းကလေးသာဖြစ်သည်။
"မလိုပါဘူး ငါ့မှာလုပ်စရာကိစ္စရှိသေးတယ်"
သူလက်ခါပြပြီးငြင်းလိုက်လေသည်။ထိုစကားမှာ အမှန်ပင်ဖြစ်သည်။ ဘုရင်အဆင့်ဓားရှည်ပြီးမြောက်ရန် သူ့ထံတွင် တကယ်ကိုလုပ်စရာကိစ္စရှိပေသည်။
"ဝက်ကိုရေချိုးပေးရတာ ရေနဲ့ဆပ်ပြာအလကားကုန်တာပဲအဖက်တင်တယ်"
ထိုစကားအားအေးစက်စွာပြောလိုက်ပြီးနောက် ရှုလင်မှာလှည့်ထွက်သွားလေတော့သည်။
ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။
ကျိုးဟောင်သည်ညနေခင်း၌ မုတ်ဆိတ်နှင့်လူ၏ဆိုင်ဆီသွားကာ ဓားသွန်းလုပ်ခနှင့်ပစ္စည်းဖိုးအနေဖြင့် ယွမ် ၄ သန်းကျော်ပေးခဲ့ပြီးနောက် သူ၏ဓားရှည်အားယူလာလေတော့သည်။
"ဧည့်သည် ဒီဓားရှည်က အဆင့်နိမ့်ဘုရင်အဆင့်သားရဲတွေရဲ့ ခုခံမှုကိုအလွယ်တကူချိုးဖျက်နိုင်တယ်။ တကယ်လို့ဧည့်သည်စမ်းကြည့်ချင်ရင် ကျွန်တော်ချက်ချင်းစီစဉ်ပေးပါ့မယ်....." မုတ်ဆိတ်နှင့်ဆိုင်ရှင်မှပြောလိုက်လေသည်။
"မလိုဘူး"
ကျိုးဟောင်မှာလက်ခါပြလိုက်ပြီး ဓားရှည်၏လက်ကိုင်အားဆတ်ခနဲလှုပ်ရှားကာယမ်းလိုက်လေသည်။
"ဝီ"
ဓားရှည်မှာတုန်ခါသွားပြီးအသံမြည်သွားလေသည်။
"မဆိုးပါဘူး"
ကျိုးဟောင်မှာပြုံးလိုက်လေသည်။ ဤဓားရှည်သည် သူယမ်းလိုက်သောအားကိုခံနိုင်သည်ဆိုကတည်းက ဓားအရည်အသွေးမှာ အမှန်တကယ်ကိုဘုရင်အဆင့်ရောက်နေ၍ဖြစ်သည်။သူချက်ချင်းပင်ဆိုင်ထဲမှ လှည့်ထွက်လာလိုက်သည်။
မုတ်ဆိတ်နှင့်ဆိုင်ပိုင်ရှင်မှာ မှင်တက်သွားလေသည်။ ထိုဓားမှာ ဘုရင်အဆင့်ဓားဖြစ်သည်။ အဆင့်မြင့်ဆရာသခင်အဆင့်ပညာရှင်တစ်ယောက်က စွမ်းအားအပြည့်ဖြင့် ဓားကိုယမ်းလျှင်တောင် ဓားသွားအားတုန်ခါစေသည်အထိမဖြစ်နိုင်ပေ။
အဆုံးသတ်၌ ဤဧည့်သည်၏ကြုံသလိုယမ်းချက်ကပင် ဓားအားကွေးမလိုအထိဖြစ်သွာစေလေသည်။
"သူက မဟာဆရာသခင်အဆင့်များလား"
ထိုအရာအားတွေးမိပြီးနောက် ဆိုင်ပိုင်ရှင်မှာအလွန်ကို စိတ်လှုပ်ရှားသွားလေတော့သည်။ သူတကယ်ကို မဟာဆရာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်အား လက်နက်သွန်းလုပ်ပေးခဲ့ခြင်းပင်။
ဟွာတုန်းမြို့ တောင်ပိုင်းစခန်းကာကွယ်ရေးခံတပ်၌.....
တပ်မှူးချုပ်ချူမှာ ခံတပ်နံရံ၏အမြင့်တွင်ရပ်ပြီး အဝေးရှိစိမ်းစိုနေသောသစ်တောအားကြည့်နေလေသည်။
"ခုတစ်လောတစ်ခုခုဖြစ်သေးလား" သူဝတ်ဆင်ထားသော နားကြပ်မှတစ်ဆင့်မေးလိုက်သည်
"တပ်မှူးချုပ်ကိုအစီရင်ခံပါတယ် မြို့ကာကွယ်ရေးခံတပ်မှာ အားလုံးပုံမှန်ပါပဲ ပြင်ပမျိုးနွယ်တွေ ကျူးကျော်ဝင်ရောက်တာမျိုးတွေမရှိပါဘူး"
တပ်မှူးချုပ်ချူမှာမျက်မှောင်ကြုတ်လိုက်ပြီး
"သေချာလား"
"ဟုတ်ပါတယ် တပ်မှူးချုပ်။ ထောက်လှမ်းရေးကိရိယာမှာ ပုံမှန်မဟုတ်တာမျိုးတွေဘာမှမတွေ့ရပါဘူး"
နားကြပ်ထဲမှအသံထွက်ပေါ်လာလေသည်။
"ဆက်ပြီး သတိဝီရိယနဲ့နေကြ။အခြေစိုက်စခန်းကို တခြားမျိုးနွယ်တစ်ကောင်တစ်မြီးတောင်မှ ကျူးကျော်စေလို့မဖြစ်ဘူး!"
တပ်မှူးချုပ်ချူမှာ အေးစက်စွာပြောလိုက်လေသည်။
အခြားမျိုးနွယ်များ မြို့ထဲထိုးဖောက်ဝင်ရောက်ရန် နည်းလမ်းပေါင်းစုံရှိပေသည်။အထူးသဖြင့် အင်းဆက်မျိုးနွယ်များအား စောင့်ကြပ်ရန်ခက်ခဲလှပေသည်။
ထိုမျိုးနွယ်ကြောင့် လူသားမျိုးနွယ်များ၏အခြေစိုက်စခန်းများမှာ ဒုက္ခမျိုးစုံကြုံခဲ့ရသည်။
သို့သော် ကံမကောင်းစွာဖြင့် ထောက်လှမ်းသူများမှာ အင်းဆက်မျိုးနွယ်များ၏သတင်းစုဆောင်းမှုအား မတားနိုင်သလို ထိန်းလည်းမထိန်းချုပ်နိုင်ပေ။
ဝီ....
ရုတ်တရက် စိမ်းစိုနေသောသစ်တောမှာ လှုပ်ခါသွားလေသည်။
တပ်မှူးချုပ်ချူ၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး ရှာဖွေရေးမီးအကြီးများထွန်းရန် သူ့လူများအား အမိန့်ပေးလိုက်လေသည်။
မီးရောင်မှာ နေရာအနှံ့ဖြန့်ကျက်သွားလေသည်။
အစိမ်းရောင်ပိုးကောင်များမှာ စိမ်းစိုနေသောသစ်တောထဲမှ တစ်ရှိန်ထိုးတိုးထွက်လာလေသည်။
"သူတို့ကိုလျှပ်စစ်ကွန်ယက်နဲ့ ကြားဖြတ်တိုက်"
တပ်မှူးချုပ်ချူမှာ သက်ပြင်းချလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ အစိမ်းရောင်အင်းဆက်များ အခြေစိုက်စခန်းကိုတိုက်ခိုက်သည်မှာ သာမန်ပင်ဖြစ်သည်။သို့သော် သူအမိန့်ပေးပြီးသည်နှင့် သူ့မျက်ဆံများမှာလှုပ်ရှားသွားလေတော့သည်။ အလင်းရောင်အတိုင်းလိုက်ကြည့်ပြီးနောက် အစိမ်းရောင်ပိုးကောင်များ၏နောက်တွင် ကြီးမားသောအရိပ်အား မြင်တွေ့လိုက်ရလေသည်။
"ပိုးတောင်မာပျံတွေပဲ အဆင့် (၃) သတိပေးချက်ထုတ်လိုက်တော့
ဒီ ဒီ
ခံတပ်မှ ကျယ်လောင်လှသောအချက်ပေးသံထွက်ပေါ်လာလေသည်။
အချိန်တိုအတောအတွင်းမှာပင် အိပ်စက်နေသောတပ်သားများမှာ တစ်ယောက်ပြီးတစ်ယောက်နိုးလာကြပြီး လက်နက်အပြည့်အစုံဖြင့် ကာကွယ်ရေးခံတပ်ပေါ်သို့ အလောတကြီးတက်လာကြလေတော့သည်။
....................................................................................
အခန်း(၃၆) ပြီးပါပြီ။