အခန်း ၃၇-၃၉
Vol. 3 Ch. 37-39
အခန်း (၃၇) : အဓိကပွဲလာပြီ
ဒက် ဒက် ဒက်
ဘုန်း! ဘုန်း! ဘုန်း!
စစ်သားများ၏ သေနတ်ပြောင်းများမှ သိပ်သည်းသောကျည်ဆံများမှာ ပျံထွက်သွားပြီး အစိမ်းရောင်ပိုးကောင်အုပ်အား တစ်စစစီဖျက်ဆီးနေသော သတ္တုမုန်တိုင်းကြီးပမာဖြစ်ပေါ်နေလေသည်။
ခံတပ်နံရံနောက်ကွယ်မှ ခေတ်မီအမြှောက်တပ်မှာလည်း ကျယ်လောင်စွာဟစ်ကြွေးကာ ကြီးမားသောပိုးတောင်မာပျံကောင်များအား အပိုင်းပိုင်းဖောက်ခွဲပစ်နေလေသည်။
တစ်ခဏအတွင်း အင်းဆက်ပိုးမွှားအလောင်းထောင်ချီမှာ မုန်တိုင်းတစ်ခုပမာ ကောင်းကင်ပေါ်မှာပြုတ်ကျလာကြလေသည်။
တပ်မှူးချုပ်ချူနှင့်စခန်းထဲရှိ အခြားသိုင်းပညာရှင်များမှာ ထိုမြင်ကွင်းအားအေးစက်သောအမူအရာဖြင့် စိုက်ကြည့်နေလေသည်။ မျိုးနွယ်ခြားကျူးကျော်သူများအား ခုခံနေရခြင်းမှာ သွေးပူရုံလောက်ပဲရှိသေးကြောင်း သူတို့သေချာသိလေသည်။
ကြီးမားသောတောအုပ်ထဲတွင် ရုတ်တရက် ပြိုးခနဲပြက်ခနဲအလင်းရောင်ပေါ်လာချိန်မှစ၍ သေနတ်သံများကြားနေရသည်မှာ နာရီဝက်ကျော်လောက်ရှိပြီဖြစ်သည်။
တပ်မှူးချုပ်ချူမှာ မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး "မီးမိုးကြိုးပိုးကောင်တွေပဲ မြေပြင်တပ်ဖွဲ့ကို ကာကွယ်ရေးစွမ်းအင်ပိုက်ကွန်ဖွင့်ဖို့ အကြောင်းကြားလိုက်တော့!"
"ဟုတ်ကဲ့!"
မကြာမီပင် ကာကွယ်ရေးခံတပ်တစ်ခုလုံးကိုလွှမ်းခြုံသွားသော အလွန်စူးရှ၍ပြင်းထန်သော အပြာရောင်အလင်းတန်းတစ်ခုက ခံတပ်၃လိုင်းစလုံးမှ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာလေသည်။
ရှဲ ရှဲ ရှဲ
အနက်ရောင်တိမ်တိုက်များကြားမှ လျှပ်စီးများသဖွယ် အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် မျက်စိတစ်မှိတ်အတွင်း တောက်ပသောအလင်းလုံးများအဖြစ်ဖြစ်ပေါ်လာပြီး ထိုးဖောက်တိုက်ခိုက်ကာ အပြာရောင်စွမ်းအင်ပိုက်ကွန်ပေါ်ရောက်ရှိလာလေရာ စွမ်းအင်အလွှာများပင် လှိုင်းထလာလေတော့သည်။
၁၀မိနစ်ကျော်ကြာပြီးနောက် ထိုအလင်းရောင်များမှာ တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။
အုန်း!
ထိုအချိန်မှာပင် ကာကွယ်ရေးခံတပ်အပြင်ဘက်မှ ကာကွယ်ရေးလိုင်းမှာ တုန်ခါသွားလေသည်။
"အဓိကပွဲရောက်လာပြီ!"
တပ်မှူးချုပ်ချူမှာ အေးစက်သောအရောင်အဝါအပြည့်ရှိသော ဓားရှည်အားဆွဲထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်ချည်းဆိုသလိုပင် ချပ်ဝတ်အပြည့်အစုံဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
ဝှစ်! ဝှစ်! ဝှစ်!
အခြားစခန်းမှာ သိုင်းပညာရှင်များမှာလည်း ဓားရှည်များကိုလှုပ်ရှားရင်း လက်နက်အပြည့်အစုံကိုင်ဆောင်ထားကြလေသည်။
ဘုန်း! ဘုန်း! ဘုန်း!
မြေပြင်မှာရုတ်တရက်ပေါက်ကွဲသွားသည်။ အမြင့်မီတာ ၅၀ကျော် ၆၀နီးပါးရှိသော အကြီးစားကင်းမြီးကောက်များမှာ အမြှီးရှည်များကိုထောင်၍ကာကွယ်ရေးခံတပ်ဆီ တစ်ဟုန်ထိုးတက်လာလေသည်။
"အကြီးစားကင်းမြှီးကောက်တွေပဲ ငါနဲ့အတူသူတို့အားလုံးကိုသတ်ကြ" တပ်မှူးချုပ်ချူ၏အသံမှာ ကာကွယ်ရေးခံတပ်တစ်ခွင် ပျံ့နှံ့လာလေသည်။ သူပထမဆုံးခုန်ဆင်းသွားကာ ထောင်နှင့်ချီသောအကြီးစားကင်းမြီးကောက်အုပ်ထဲ တိုးဝင်သွားလေတော့သည်။
"သတ်!"
အခြားသိုင်းပညာရှင်များမှာလည်း မိမိတို့၏အသက်ကိုလျစ်လျူရှူကာ အနောက်မှလိုက်ပါလာကြလေသည်။
အနောက်ပိုင်းကာကွယ်ရေးခံတပ်မှ အမြှောက်တပ်မှာလည်း ဦးတည်ရာပြောင်းကာ ထိုအကြီးစားကင်းမြီးကောက်များအား ပစ်ခတ်တိုက်ခိုက်နေသည်။
ဟွာတုန်းမြို့ မြောက်ပိုင်းစခန်း......
ခံတပ်ကိုစောင့်ကြည့်နေသော စစ်သေနာပတိချုပ်ကျောက်မှာ တောင်ပိုင်းစခန်းမှာ အင်းဆက်မျိုးနွယ်များ၏ တိုက်ခိုက်ခံနေရသည်ဟူသောသတင်းအား သိပြီးပြီဖြစ်သော်လည်း သူ့အမူအရာမှာတည်ငြိမ်နေပြီး မျက်လုံးထဲတွင်စိုးထိတ်နေသောအရိပ်အယောင် စိုးစဉ်းမျှပင်မရှိပေ။
"စစ်သေနာပတိချုပ်၊ အဆင့်(၃) သတိပေးချက်ထုတ်ပြန်ထားတယ်လို့ တပ်မှူးချုပ်ချူကအစီရင်ခံလာပါတယ်" ဝန်ထမ်းအရာရှိမှာ တီးတိုးပြောလိုက်လေသည်။
စစ်သေနာပတိချုပ်ကျောက်လည်းခေါင်းညိတ်ပြလိုက်ပြီး " သိမ်းငှက်အဖွဲ့(၃) ကိုအကူအညီပေးဖို့လွှတ်လိုက်။ ပြီးတော့ သူတို့ကိုသေချာစောင့်ကြည့်ထား။ တကယ်လို့တစ်ခုခုဖြစ်ရင် ချက်ချင်းအစီရင်ခံ!"
"ဟုတ်ကဲ့!"
နှစ်နာရီကျော်ကြာပြီးနောက်
တောင်ပိုင်းကာကွယ်ရေးအခြေစိုက်စခန်း၏ ခံတပ်ရှေ့တွင် အင်းဆက်မျိုးနွယ်အလောင်းများစွာဖြင့် စုပုံနေလေသည်။
သေနတ်သံများလည်းရပ်တန့်သွားပြီဖြစ်သည်။
တပ်မှူးချုပ်ချူနှင့်အခြားသိုင်းပညာရှင်များ၏ ချပ်ဝတ်များတွင် အင်းဆက်မျိုးနွယ်၏ မြောက်များစွာသောခြေလက်များမှထွက်ပေါ်လာသော ရွံရှာဖွယ်သွေးများဖြင့် ပေကျံနေလေသည်။ အနံ့အသက်မှာ မခံနိုင်လောက်အောင်ဆိုးရွားလေရာ အကူအညီပေးရန်အလောတကြီးရောက်လာသော သိမ်းငှက်အဖွဲ့ပင် မခံနိုင်ပေ။
"တပ်မှူးချုပ် ဒီတစ်ခေါက်အင်းဆက်မျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုက တစ်ခုခုတော့မှားနေတယ်"
"ဟုတ်တယ် မိုးကနည်းပြီးမိုးကြိုးကများနေတယ်။အလယ်အလတ် စစ်သူကြီးအဆင့် အင်းဆက်သားရဲတစ်ကောင်တောင်မပါဘူး"
"အရင်တုန်းကဆို အနည်းဆုံးတော့ အဆင့်မြင့်စစ်သူကြီးအဆင့်အင်းဆက်သားရဲတွေနဲ့ရင်ဆိုင်ရတဲ့အပြင် မိစ္ဆာမျိုးနွယ်ကလည ဒီအခွင့်အရေးကိုအသုံးချပြီးတိုက်ခိုက်မှာ။ ဒါပေမဲ့ ဒီတစ်ခေါက် အဲဒီအဆင့်သားရဲတွေ တစ်ကောင်မှမပါဘူး"
အခြားသိုင်းပညာရှင်များမှာလည်း ခေါင်းဆောင်းများကိုချွတ်လိုက်ပြီး မျက်မှောင်ကြုတ်နေကြလေသည်။
တပ်မှူးချုပ်ချူမှာ အကြီးစားကင်းမြီးကောက်တစ်ကောင်၏အလောင်းပေါ်ကို တက်နင်းလိုက်ပြီး အသံဩဩဖြင့်ပြောလိုက်လေသည်။
"တကယ်ပဲ တစ်ခုခုမှားနေတယ် ဒါပေမဲ့ ငါသတင်းအချက်အလက်ဌာနကိုဆက်သွယ်ပြီးပြီ။ ငါတို့ဒီတိုက်ခိုက်မှုကိုခုခံနေတုန်း ဘာမူမမှန်တာမှမရှိဘူးလို့ ပြောသွားခဲ့တယ်"
တပ်မှူးချုပ်ချူမှာထိုစကားပြောလိုက်ရင်း သိမ်းငှက်အဖွဲ့(၃) အားကြည့်လိုက်ပြီး
"ခေါင်းဆောင်ဝမ် ဒီတစ်ကြိမ်ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ ဒီကအသေးစိတ်အခြေအနေကို စစ်သေနာပတိချုပ်ကျောက်ကို အစီရင်ခံပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
"တပ်မှူးချုပ်ချူ စိတ်ချပါ ကျွန်တော်အမှန်တိုင်းပြန်ပြီး အစီရင်ခံလိုက်ပါ့မယ်"
ဆိုပြီး ခေါင်းဆောင်ဝမ်မှာ အလေးပြုလိုက်သည်။
မြို့ထဲရှိနေထိုင်သူများမှာ တောင်ပိုင်းစခန်းမှာ အင်းဆက်မျိုးနွယ်များ၏တိုက်ခိုက်ခံရမှုအား မသိကြပေ။ နောက်တစ်နေ့တွင် ပုံမှန်လိုပင် ကိုယ့်အလုပ်နှင့်ကိုယ်အလုပ်ရှုပ်နေကြလေသည်။
ချူမြို့အထက်တန်းကျောင်းရှိ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွက် စာရင်းပေးသွင်းရသော ၃ရက်တာကာလလည်း အဆုံးသတ်သွားသည်မှာကြာလှပေပြီ။
အဘယ့်ကြောင့်ဆိုသော် ယခုတစ်ခေါက်ပြိုင်ပွဲမှာ ပုံမှန်ဖလားလုပြိုင်ပွဲမဟုတ်ဘဲ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲဖြစ်လေရာ၊ ယခုပြိုင်ပွဲ၏ပိုပေးထားသောဆုကြေးငွေကိုဂရုမစိုက်ဘဲ ဝင်ပြိုင်သည့်အရေအတွက်မှာ ရှေ့ပြိုင်ပွဲတွင်ပါဝင်သော ကျောင်းသားအရေအတွက်၏ ထက်ဝက်ပင်မရှိပေ။
ည ၈ နာရီဝန်းကျင်၌
ပညာရေးဌာန၏ အရေးကြီးပုဂ္ဂိုလ်များမှာ တစ်ယောက်ပြီးတစ်ယောက်အလောတကြီး ရောက်လာကြလေသည်။ပါဝင်ယှဉ်ပြိုင်သော တတိယနှစ်ကျောင်းသားအချို့၏ မိဘများမှာလည်း ရောက်ရှိလာကြလေသည်။
မည်သို့ပင်ဖြစ်စေ ယခုပြိုင်ပွဲမှာတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲဖြစ်ပေရာ မိဘများသာမက ဌာန၏ခေါင်းဆောင်များပါ စိုးရိမ်နေကြလေသည်။
"ဌာနမှူးရွှယ်လည်းလာတာလား"
"ဪ ခေါင်းဆောင်ဝမ် ခင်ဗျားလည်းလာတာလား"
"ဌာနမှူးလီ မတွေ့တာကြာပြီ!"
ဌာနရှိအရေးကြီးပုဂ္ဂိုလ်များနှင့် ကျောင်းသားမိဘများမှာ အချင်းချင်းသိကျွမ်းကြသည်ဖြစ်ရာ ပွဲကြည့်ခုံများရှိသော စင်ပေါ်၌စကားစမြည်ပြောရင်း အချိန်ဖြုန်းနေကြလေသည်။
ထိုအခြေအနေမှာ စစ်ဝတ်စုံဝတ်ဆင်ထားသော တည်ငြိမ်သောအမျိုးသားတစ်ယောက် လမ်းလျှောက်ဝင်လာသည့်အချိန်ထိပင်ဖြစ်သည်။
အရေးကြီးပုဂ္ဂိုလ်များနှင့် မိဘများစကားပြောဆိုနေကြသည်မှာလည်း ချက်ချင်းပင်ရပ်သွားကာ အားလုံး စစ်ဝတ်စုံနှင့်အမျိူသားအားကြည့်နေကြလေသည်။
....................................................................................
အခန်း (၃၇) ပြီးပါပြီ
အခန်း (၃၈) : သန္ဓေပြောင်းသားရဲများ
ရှုလင်၏ဖခင်ဖြစ်သူ ရှုကျန်းဟွားမှာ ထိတ်လန့်သွားပြီး အလျင်အမြန်ပင်ရှေ့တိုးကာ အလေးပြုလိုက်လေသည်။
"နည်းပြရှန်း အပတ်စဉ်၃၃က ရှုကျန်းဟွားအစီရင်ခံပါတယ်"
ရှန်းကျင့်မှာ ရှုကျန်းဟွားအာအံ့ဩတကြီးကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုအားသတိရသွားသလိုသဘောပေါက်ဟန်ဖြင့်ပြောလိုက်လေသည်။
"ငါအခုမှတ်မိပြီ အပတ်စဉ် ၃၃ အဖွဲ့ထဲမှာ မင်းက အဆိုးဆုံးတစ်ယောက်ပဲ"
ရှုကျန်းဟွားလည်းစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်လေသည်။
"နည်းပြ ကျွန်တော့်ကိုမှတ်မိနေဦးမယ်လို့ ထင်မထားဘူး"
"ငါက ငါ့ကျောင်းသားတစ်ယောက်စီတိုင်းကို မှတ်မိတယ် ကျန်းဟွား မင်းရဲ့သမီးကအလားအလာရှိတယ်။ ဒီပြိုင်ပွဲမှာညသူဘယ်လိုစွမ်းဆောင်ရည်မျိုးပြမလဲ ငါတို့ကြည့်ကြတာပေါ့"
ဆိုပြီးရှန်းကျင့်မှာပြုံးလိုက်သည်။
"နည်းပြ ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ်"
ရှုကျန်းဟွားမှာအလျင်အမြန်ပင်ပြန်ပြောလိုက်သည်။
အခြားအရေးကြီးပုဂ္ဂိုလ်များမှာ ဝင်ရောက်မနှောင့်ယှက်ရဲပေ။ မည်သို့ပင်ဖြစ်စေ နည်းပြရှန်းမှာ အဆင့်မြင့်ဆရာသခင်အဆင့်ဖြစ်ပြီး ယန်ကျင်းမြို့မှလာသူဖြစ်လေရာ သူ၏အဆင့်အတန်းမှာ သူတို့ထက်အတော်အတင့် မြင့်ပေသည်။
"ကောင်းပြီ ထိုင်ကြလေ"
အားလုံးမတ်တတ်ရပ်နေကြသည်ကို မြင်လိုက်ရသော ရှန်းကျင့်မှာလက်ကာပြပြီး ထိုင်လိုက်လေတော့သည်။
ဝှစ်!
အရေးကြီးပုဂ္ဂိုလ်အုပ်စုနှင့်မိဘများမှာ တစ်ယောက်ပြီးတစ်ယောက် ထိုင်လိုက်ကြသော်လည်း ကျောင်းအုပ်ကျန်း၊ ဒုကျောင်းအုပ်နှင့် အခြားဆရာများမှာ ထိုင်ရန်အရည်အချင်းမပြည့်မီလေရာ ဘေးဘက်တွင်သာမတ်တတ်ရပ်နေကြရလေသည်။
ရှန့်ကျင်းမှာ ပတ်ဝန်းကျင်အားဝေ့ဝဲကြည့်လိုက်ရာ ကျောင်းသားမိဘအများစု၏စိတ်ပူနေသော အမူအရာများအားတွေ့လိုက်ရသောအခါ သူမပြုံးဘဲမနေနိုင်တော့ပေ။ထို့နောက်
"အားလုံး စိတ်မပူကြပါနဲ့။ဒီတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲရဲ့ ဘေးကင်းလုံခြုံရေးကိုစိတ်ချရအောင် ကျွန်တော်အခြေစိုက်စခန်းရဲ့ ကာကွယ်ရေးခံတပ်ကနေ သိုင်းပညာရှင်အဖွဲ့ ၂ဖွဲ့ကို အထူးအနေနဲ့ရွှေ့ပြောင်းခိုင်းထားပါတယ်။ တခြားသန္ဓေပြောင်းသားရဲတွေအားလုံးကိုလည်း သေချာစစ်ဆေးထားတာမလို့ ဘာမတော်တဆမှုမှဖြစ်မှာမဟုတ်ပါဘူး"
"ပြီးတော့ ပါဝင်ယှဉ်ပြိုင်သူတွေအားလုံးကိုလည်း အဆင့်မြင့်ချပ်ဝတ်တွေပေးမှာပါ"
ရှန်းကျန့်ထံမှ ထိုစကားအားကြားလိုက်ရသောအခါ ဝမ်မင်၊ လီကျိနှင့် အခြားကျောင်းသားမိဘများမှာ သက်ပြင်းချလိုက်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ ပူပန်မှုကတော့ရှိနေဆဲပင်ဖြစ်လေသည်။
သန္ဓေပြောင်းသားရဲများနှင့်တိုက်ခိုက်သည့်ပြိုင်ပွဲတွင် ဘာမဆိုဖြစ်သွားနိုင်လေသည်။
ရှန့်ကျင်းမှာအကြည့်လွှဲလိုက်ပြီးတည်ငြိမ်စွာဖြင့်ပြောလိုက်လေသည်။
"ကျောင်းအုပ်ကျန်း စကြစို့!"
ဘေးဘက်တွင်ရပ်နေသောကျောင်းအုပ်ကျန်းမှာ အလျင်အမြန်ပင်စီစဉ်စရာရှိတာများစီစဉ်ရန် ဆရာများအားအမိန့်ပေးလိုက်လေသည်။
ချွင်! ချွင်!
သိပ်မကြာမီပင် စစ်တပ်မှသိုင်းပညာရှင် အဖွဲ့၏ပို့ဆောင်မှုဖြင့် ကြီးမားသောသံမဏိလှောင်အိမ်ကြီးများမှာ လေ့ကျင့်ရေးကွင်းထဲ၌ ဖြည်းညှင်းစွာပေါ်လာလေသည်။
သံမဏိလှောင်အိမ်ထဲမှ သန္ဓေပြောင်းသားရဲများကိုမြင်လိုက်ရပြီးနောက် ရှုကျန်းဟွားအပါအဝင် မိဘများမှာ သက်ပြင်းချလိုက်မိလေသည်။
"ဒီတော့ သန္ဓေပြောင်းသားရဲက အစွယ်နဲ့တောဝက်ပေါ့"
အစွယ်နှင့်တောဝက်များမှာ အသွင်ပြောင်းသားရဲအားလုံးထဲတွင် သာမန်သားရဲများဖြစ်ကြပြီး အလွန်အမင်းအားနည်းကြလေသည်။
သွေးအနှစ်သာရ တတိယအဆင့်မဆိုထားနှင့် ဒုတိယအဆင့်လောက်သာရှိသော ကျောင်းသားများပင် စွမ်းအားအကုန်သုံးပါက သတ်နိုင်ပေသည်။
ယခုပွဲတွင်ရှိနေသောမိဘများပင် သူတို့ငယ်ရွယ်စဉ်က ဤသားရဲအနည်းအကျဉ်းကိုသတ်ခဲ့ဖူးသောအတွေ့အကြုံရှိကြပေသည်။
ထို့အပြင် ယခုတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲရှိ ကျောင်းသားများအား သိုင်းပညာရှင်များသာဝတ်ဆင်ခွင့်ရှိသော အဆင့်မြင့်ချပ်ဝတ်များပင် ပေးဝတ်ထားလေရာ သူတို့၏အသက်အန္တရာယ်နှင့်ပတ်သက်၍ လုံးဝစိုးရိမ်စရာမရှိဟုပင် ဆိုနိုင်ပေသည်။
"နည်းပြရှန်းက သေချာစီစဉ်ထားတာပဲ!"
"ဟုတ်တယ်။ ရှေ့မှာစောင့်နေတဲ့ စစ်တပ်ကသိုင်းပညာရှင်အဖွဲ့ရယ် ကျောင်းသားတွေကိုပေးထားတဲ့ အဆင့်မြင့်ချပ်ဝတ်ရယ်နဲ့ဆို ဘာအမှားအယွင်းမှဖြစ်မှာမဟုတ်ဘူး!"
"ဝင်ပြိုင်တဲ့ကျောင်းသားတွေ ကောင်းကောင်းစွမ်းရည်ပြဖို့ပဲလိုတယ်"
ဌာနခေါင်းဆောင်များနှင့်မိဘများမှာ ချက်ချင်းပင် နည်းပြရှန်းအား စိတ်အားထက်သန်စွာဖြင့်ချီးကျူးနေကြလေသည်။ အပျော်သဘောအနေနှင့်ကြည့်ရန်လာသော အချို့မိဘများမှာ မိမိတို့၏ကလေးများ ပြိုင်ပွဲအတွက်စာရင်းပေးခွင့်မပြုမိခဲ့တာကိုပင် နောင်တရနေကြလေသည်။
မနက် ၉နာရီခွဲ၌ ပြိုင်ပွဲအတွက်စာရင်းပေးထားသော ကျိုးဟောင်နှင့်အခြားကျောင်းသား ၁၈၄ယောက်မှာ တတိယနှစ်ဆရာ၏ ဦးဆောင်မှုဖြင့် လေ့ကျင့်ရေးကွင်းထဲသို့ရောက်လာကြလေသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားအများအပြားအား စောင့်ကြည့်ရေးစင်များဆီသို့ ဝင်ရောက်ခွင့်လည်းပြုထားလေသည်။
"အား! ဒါ အသွင်ပြောင်းသားရဲပဲ!"
"ငါသိတယ် ဒါကအစွယ်နဲ့တောဝက်။ ဒီသန္ဓေပြောင်းသားရဲက အဆင့်နိမ့်မိစ္ဆာသားရဲအမျိုးအစားထဲမှာပါတယ်"
"သေစမ်း တကယ်လို့သန္ဓေပြောင်းသားရဲနေရာမှာ ဒီကောင်တွေသုံးမယ်မှန်းသိရင် ငါစာရင်းပေးခဲ့ပါတယ်!"
"ဟုတ်တယ် ဒီတစ်ခေါက် ထိပ်ဆုံးအယောက်၂၀ထဲဝင်တဲ့လူတွေအတွက် ဆုကြေးက ၂ဆတောင်ရမှာ။ ဒီလောက်ကောင်းတဲ့အခွင့်အရေးကိုမှ လက်လွတ်သွားရတယ်လို့!"
ကျောင်းသားအများစုမှာ သံမဏိလှောင်အိမ်ထဲမှ သန္ဓေပြောင်းသားရဲများအားမြင်လိုက်ရသောအခါ အံ့ဩသွားကြပြီး သိပ်မကြာမီမှာပင် ရင်ထဲ၌နောင်တတရားတို့ဖြင့် ပြည့်နှက်လာလေတော့သည်။
အစွယ်နှင့်တောဝက်များ၏ပုံစံမှာ ကြမ်းတမ်းပြီးရက်စက်သည့်ပုံပေါ်သော်လည်း ၎င်းတို့အား အချက်အလက်အတန်းချိန်အတွင်းသရုပ်ပြရန်ပင်သုံးလေသည်။
ထို့ကြောင့် ကျောင်းသားအများစုမှာ ထိုသတ္တဝါများနှင့်အလွန်ကျွမ်းဝင်ပြီး လုံးဝမကြောက်ကြပေ။
ကျိုးဟောင်နှင့်အခြားပါဝင်ယှဉ်ပြိုင်သူကျောင်းသားများပင် ကြောက်စိတ်နည်းလာပြီး စိတ်လှုပ်ရှားလာကြလေသည်။
"ဟဟ လတ်စသတ်တော့ အစွယ်နဲ့တောဝက်ပဲ စိတ်ကျေနပ်တဲ့အထိကိုသတ်ပစ်မယ်!"
"ဒီတိုင်းအစွယ်နဲ့တောဝက်ပဲကို အစောကြီးကတည်းကသာသိရင် ပြီးခဲ့တဲ့ရက်တွေတုန်းက အိပ်ရေးပျက်လောက်တဲ့အထိ ဒီလောက်ကြောက်လန့်မနေပါဘူး"
အရှေ့ဆုံးမှလမ်းလျှောက်လာသော တတိယနှစ်ဆရာမှာ ပါဝင်ယှဉ်ပြိုင်သူကျောင်းသားများ စတင်ပြီးစိတ်လက်ပေါ့ပေါ့တန်တန်သဘောထားလာသည်ကိုတွေ့လိုက်ရသောအခါ ဆူလေတော့သည်။
"တကယ်လို့ ဒါကအစွယ်နဲ့တောဝက်ဆိုရင်တောင် မင်းတို့ပေါ့ပေါ့တန်တန်လုပ်လို့မရဘူး!"
"ဟုတ်ကဲ့ ဆရာ"
ကျောင်းသားအများစုမှာ ဝတ်ကျေတမ်းကျေပုံစံဖြင့် ပြန်ဖြေကြလေသည်။
ယခုတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွက် ကျောင်းမှအဆင့်မြင့်ချပ်ဝတ်များအား ထုတ်ပေးမည့်ကိစ္စကို ကြိုတင်သိရှိထားကြလေရာ ထို့ကြောင့်ပင် အချိန်အတော်ကြာစိုးရိမ်နေခဲ့ကြခြင်းဖြစ်သည်။
ယခုသူတို့၏ပြိုင်ဘက်မှာ အစွယ်နဲ့တောဝက်ဖြစ်ကြောင်းသိလိုက်ရသောအခါ ပို၍စိတ်ချသွားသည်မှာ သာမန်ပင်ဖြစ်သည်။
"ပြိုင်ပွဲစည်းကမ်းတွေကတော့ အရမ်းရိုးရှင်းတယ်။ အစွယ်နဲ့တောဝက်များများသတ်လေ မင်းတို့ရဲ့အဆင့်ကပိုမြင့်လေပဲ"
"ပြိုင်ပွဲတစ်ပွဲကို ပြိုင်ပွဲဝင် ၅ယောက်ပြိုင်မယ် အခက်အခဲတစ်ခုခုကြုံရင် အသိပေးလိုက် သိုင်းပညာရှင်တွေက ထွက်လာပြီးကူညီပေးလိမ့်မယ်!" ဒိုင်လူကြီးမှလေးလေးနက်နက်ပြောလိုက်လေသည်။
"သိပါပြီ!"
"အမြန်စကြစို့ အဲဒီအစွယ်နဲ့တောဝက်တွေကိုသတ်ဖို့မစောင့်နိုင်တော့ဘူး!"
ပါဝင်ယှဉ်ပြိုင်သူကျောင်းသားများမှာ လက်သီးများအား ပွတ်သပ်နေလေသည်။
တတိယနှစ်ဆရာမှာ ပြောစရာစကားမရှိဟန်ဖြင့် ခေါင်းသာယမ်းမိလေသည်။ သူလက်ပြလိုက်ပြီးနောက် ဆရာများမှာကျောင်းသားများဝတ်ဆင်ရန် အဆင့်မြင့်ချပ်ဝတ်များယူလာပေးလေသည်။
အဆင့်မြင့်ချပ်ဝတ်များမှာဈေးကြီးသော်လည်း ကျောင်းသားများ၏အသက်ကပိုအရေးကြီးသည်ဟု သတ်မှတ်ထားခြင်းကြောင့်သာ ကျောင်းဘက်မှ ထိုချပ်ဝတ်များအားထုတ်သုံးရန် ဆုံးဖြတ်ခြင်းဖြစ်ပေသည်။
"ဤရှုထောင့်ကကြည့်ပါက ကျောင်းခေါင်းဆောင်များမှာ မည်သည့်အမှားမျှမလုပ်ရဲကြောင်း ပေါ်လွင်ပေသည်"
လေ့ကျင့်ရေးကွင်းပတ်လည်၌ ဖြတ်သန်းသွားရန်မဖြစ်နိုင်သော သတ္တုလက်ရန်းတစ်ခုအပြင်၊ စင်ပေါ်၌အကာအကွယ် ၅ခုလည်းရှိလေသည်။ အကာအကွယ် ၁ခုစီ၏နောက်၌ စစ်တပ်မှသိုင်းပညာရှင်တစ်ယောက်ဆီ မတ်တတ်ရပ်နေလေသည်။
စင်မြင့်ပေါ်မှ နည်းပြရှန်းမှာ ရှေ့ကိုလျှောက်လာပြီး အော်လိုက်လေသည်။
"စတော့!"
................................................................................
အခန်း(၃၈) ပြီးပါပြီ။
အခန်း (၃၉) : ကံကောင်းဝာာလား
ဝီစီမှုတ်သံနှင့်အတူ ရှေ့တွင်ရပ်နေသော လူ၅ယောက်မှာ တစ်ဟုန်ထိုးထွက်လာလေသည်။
ကလစ် ကလစ် ကလစ်
သံမဏိလှောင်အိမ်တံခါး တဖြည်းဖြည်းပွင့်လာသည်နှင့် ခေါင်းဆောင်များမှာ ကျောင်းသားများ၏မျက်နှာများအား ကာကွယ်ပေးထားလေသည်။
ဆာလောင်နေသောအစွယ်နဲ့တောဝက်မှာ နီရဲနေသောမျက်လုံးဖြင့် သူ့ရှေ့မှချပ်ဝတ်ကိုကြည့်ရင်း အသံတိုးတိုးဖြင့် အောိဟစ်လာလေသည်။
ဝှစ်
၎င်းမှာစည်ပိုင်းတစ်လုံးကဲ့သို့ တစ်ဟုန်ထိုးတက်လာလေသည်။
ပထမအဖွဲ့ရှိ ပါဝင်ယှဉ်ပြိုင်သူကျောင်းသားအများစုမှာ ထိတ်လန့်သွားကြလေသည်။ သူတို့မှာအချိန်မီမတုံ့ပြန်နိုင်ဘဲ အစွယ်နဲ့တောဝက်၏ ခုန်အုပ်ခြင်းကို တည့်တည့်ပင်ခံလိုက်ရလေသည်။
ထိုအခြင်းအရာကိုကြည့်ပြီး စောင့်ကြည့်ရေးမျှော်စင်မှကြည့်နေသော ကျောင်းသားများမှာ စရယ်လေတော့သည်။
"ဒီလောက်အားနည်းနေရင်လည်း ဘာလို့လာလေ့ကျင့်နေသေးလဲ မြန်မြန်အိမ်သာပြန်လိုက်တော့!"
"ဟုတ်တယ် ကိုယ်ကိုယ့်ကိုယ်အရှက်ခွဲမနေနဲ့!"
စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များနှင့်မိဘများမှာ ခေါင်းသာယမ်းနေလေတော့သည်။
ယခုအဖွဲ့ထဲရှိကျောင်းသားများမှာ တိုက်ခိုက်ရေးအတွေ့အကြုံ လုံးဝမရှိမှန်း ကြည့်လိုက်ရုံဖြင့်သိသာပေသည်။ ဘေးတွင်ရပ်နေသော ဆရာများမှာ ရှက်၍ခေါင်းသာငုံ့ထားကြလေသည်။
"ဒီတစ်ကြိမ် ဘယ်သူနိုင်မလဲမသိဘူး"
"ငါမှန်းတာမမှားရင်တော့ ဌာနမှူးရှုရဲ့သမီးပဲ ဟုတ်တယ်မလား"
"ဟုတ်တယ် ဌာနမှုးရှုရဲ့သမီးကတကယ်ကို ထူးချွန်တယ်"
ဘေးရှိဆွေးနွေးသံများကိုနားထောင်ရင်း ရှုကျန်းဟွားမှာပြုံးလိုက်လေသည်။ သူသည် နည်းပြရှန်းကိုကြည့်လိုက်ပြီးအလျင်အမြန်ပင် ရိုရိုကျိုးကျိုးဖြင့်ပြောလိုက်လေသည် "နည်းပြကအရမ်းချီးကျူးနေပါပြီ သန္ဓေပြောင်းသားရဲနဲ့တိုက်တဲ့နေရာမှာ ဘာဖြစ်မလဲဆိုတာ ပြောရခက်ပါတယ်"
ရှန်းကျင့်မှာစင်အောက်ရှိပြိုင်ပွဲကိုသာ သာမန်ကာလျှံကာကြည့်ရင်း စကားတစ်ခွန်းမှမပြောပေ။
ကျောင်းသားတစ်ဖွဲ့ပြီးတစ်ဖွဲ့ စင်ပေါ်တက်လာကြသော်လည်း သူတို့စွမ်းရည်မှာတော့ အလွန်ကိုဆိုးဝါးလှလေသည်။
သူတို့ထဲကတစ်ယောက်မှ ယခင်ကသန္ဓေပြောင်းသားရဲနှင့် မတိုက်ခိုက်ဖူးကြရာ အစွယ်နဲ့တောဝက်ဖြင့်ရင်ဆိုင်ရသည့်အခါ သူတို့၏ယုံကြည်မှုများမှာ ချက်ချင်းပင်ပျောက်ကွယ်သွားပြီး အားလုံး ဆိုးဝါးသောအခြေအနေကိုရောက်သွားကြလေသည်။
သွေးအနှစ်သာရဒုတိယအဆင့်ရှိသော ထူးချွန်ကျောင်းသားများ စင်ပေါ်တက်လာသည့်အချိန်မှသာ အခြေအနေကအနည်းငယ်တိုးတက်လာခြင်းဖြစ်သည်။
ကျိုးဟောင်မှာနောက်တွင်မတ်တတ်ရပ်ကာ ပွဲကိုကြည့်ရင်း ခေါင်းခါမိလေသည်။
ရှုလင်သည်လည်းနောက်ဆုံးအတန်းတွင် ရှိနေလေရာ သူမသည်ရှေ့တည့်တည့်ကြည့်ပြီး ခပ်တိုးတိုးပြောလာလေသည်။ "ကျိုးဟောင် ခဏနေငါတို့စတိုက်တဲ့အခါ နင်ထိန်းမထားနိုင်ရင်တောင့်မထားဘဲ ရပ်မယ်ပြောလိုက်။ အဆင့်မြင့်ချပ်ဝတ်ရဲ့ခုခံနိုင်စွမ်းက မြင့်တယ်ဆိုပေမဲ့ အစွယ်နဲ့တောဝက်ရဲ့တိုက်ခိုက်မှုကလည်း အတော်လေးပြင်းထန်တာမလို့ ဒဏ်ရာရသွားနိုင်တယ်"
ကျိုးဟောင်မှာ သူမအားကျေးဇူးတင်စကားပြောတော့မည့်အချိန်မှာပင် ကျန်းယိအကြည့်က သူ့ဆီရောက်လာသည်ကိုတွေ့လိုက်လေရာ ရုတ်တရက်သူပြောတော့မည့်စကားကိုပြောင်းကာ "နင့်ကိုယ်နင်သာအာရုံစိုက်ပါ ဝမ်မင်ကအစွယ်နဲ့တောဝက် ၃ကောင်သတ်ပြီးပြီ သူ့ကိုမရှုံးစေနဲ့!"
ထိုစကားအားကြားလိုက်ရသောအခါရှုလင်မှာ ဒေါသတကြီးဖြင့်အော်လိုက်လေတော့သည်။ "နင်က ကိုယ့်အတွက်ဘာကောင်းလဲမသိတဲ့လူ!"
မကြာမီပင် ရှေ့ကအဖွဲ့များအားလုံး၏ပြိုင်ပွဲများမှာ အဆုံးသတ်သွားပြီး နောက်ဆုံးအဖွဲ့ဖြစ်သော ကျိုးဟောင်တို့အဖွဲ့အလှည့်ကိုရောက်ရှိလာလေသည်။
"သမီး သမီးလုပ်နိုင်တယ်!" ရှုကျန်းဟွာမှာ စင်မြင့်ပေါ်မှအော်ပြောလိုက်လေသည်။
ရှုလင်လည်းပြန်ပြုံးပြလိုက်လေသည်။
"ရှုလင်ပဲ သူကအသန်မာဆုံးပဲ။ သူအစွယ်နဲ့တောဝက် ၄ကောင်လောက်သတ်နိုင်လောက်တယ်!"
"မသေချာသေးပါဘူး သန္ဓေပြောင်းသားရဲနဲ့တိုက်ပွဲမှာ တိုက်ပွဲတွင်းအလိုအလျောက်တုံ့ပြန်မှုက အရမ်းအရေးကြီးတယ်!"
"ဟမ် ကျိုးဟောင် ငန်းသားကိုမှ စားချင်နေတဲ့အဲဒီအကောင်လည်း ပြိုင်ပွဲမှာပါတာပဲ။ သူကရှုလင်နဲ့တစ်ဖွဲ့တည်းတောင်ကျလိုက်သေးတယ်"
"ကျွတ် သူတို့တစ်ဖွဲ့တည်းကျတော့ရောဘာဖြစ်လဲ သူ့စွမ်းရည်ကဒီလောက်ဆိုးဝါးတာ ရှုလင်ကိုပဲပိုပြီးကြည့်ကောင်းအောင်ပံ့ပိုးပေးသလိုဖြစ်မှာကို!"
"စောင့်ကြည့်နေလိုက် အစွယ်နဲ့တောဝက်တစ်ချက်ခုန်အုပ်လိုက်တာနဲ့ သူဒူးထောက်လိမ့်မယ်!"
ပရိတ်သတ်ထဲမှ ကျိုးဟောင်နှင့်အတန်းတူသောကျောင်းသားများမှာ စတင်ဆွေးနွေးနေကြလေသည်။ ကျိုးဟောင်၏ဂုဏ်သတင်းအားကြားဖူးသူတွေလည်း စကားဝိုင်းတွင်ပါလာကြလေသည်။
ပွဲကြည့်စင်မြင့်ပေါ်၌ ရှန့်ကျင်းမှာကျောင်းအုပ်ကျန်းအားကြည့်လိုက်လေရာ ကျောင်းအုပ်ကျန်းမှာ မသိမသာခေါင်းညိတ်ပြပြီး နားကြပ်မှတစ်ဆင့်ခပ်တိုးတိုးပြောလိုက်လေသည်။
မကြာမီ အစွယ်နဲ့တောဝက်များကိုလွှတ်ပေးရန် တာဝန်ယူထားသော စစ်တပ်မှသိုင်းပညာရှင်မှာ သူ့လက်ဖြင့် ထိုးဖောက်မြင်နိုင်သောအမှုန့်အားလက်တစ်ဆုပ်အပြည့် ဖျန်းလိုက်လေသည်။ သံမဏိလှောင်အိမ်ထဲရှိ အစွယ်နဲ့တောဝက်များ၏နီရဲနေသောမျက်လုံးများမှာ ရုတ်တရက်ပြူးကျယ်လာပြီး အစွယ်နဲ့တောဝက်များမှာ ပို၍သွေးဆာကာရူးသွပ်လာလေတော့သည်။
"စတော့!"
ဝီစီသံထွက်လာသည်နှင့် အစွယ်နဲ့တောဝက်များမှာ သံမဏိလှောင်အိမ် ၅ ခုမှ တစ်ရှိန်ထိုးပြေးထွက်လာလေသည်။
ကျိုးဟောင်မှာ အနောက်ဘက်သို့တိမ်းရင်း စိတ်လှုပ်ရှားနေဟန်ဆောင်လိုက်လေသည်။
မလှမ်းမကမ်းရှိ ကျန်းယိ၏မျက်နှာတွင်လည်း ချွေးများဖြင့်ပြည့်နေလေသည်။
သူတို့အဖွဲ့ထဲတွင် ရှုလင်တစ်ယောက်သာ သက်သောင့်သက်သာအခြေအနေတွင် ရှိနေလေသည်။
အစ်!
အစွယ်နဲ့တောဝက်မှာ ခုန်အုပ်တော့မည့်ဆဲဆဲတွင် ကျိုးဟောင်မှာခြေလှမ်းမှားချင်ယောင်ဆောင်ကာ မြေပြင်ပေါ်သို့လှဲချလိုက်လေသည်။ သို့သော်သူလှဲချလိုက်သည်မှာ အံကိုက်ဖြစ်ပြီး သူ့ရှေ့မှဓားရှည်ကိုထောင်ထားမိလျက်သားဖြစ်သွားလေသည်။
အစွယ်နဲ့တောဝက်မှာ တိုက်တိုက်ဆိုင်ဆိုင်ပင်ဓားရှည်ထိပ်သို့ ခုန်အုပ်မိလိုက်လေရာ တစ်ချက်တည်းဖြင့် ကျိုးဟောင်ရင်ဆိုင်နေရသောအစွယ်နဲ့တောဝက်မှာ သေသွားလေတော့သည်။
ပြိုင်ပွဲတစ်လျှောက်လုံး နာရီပေါင်းများစွာကြာပေရာ ကျိုးဟောင်မှာ ပြိုင်ကွင်းအတွင်းဝင်ပြီးနောက် အစွယ်နဲ့တောဝက်ကိုအမြန်ဆုံးသတ်နိုင်သူဖြစ်ပေသည်။
ထို့နောက် ပရိတ်သတ်များကြားတွင် အုတ်အော်သောင်းနင်းဖြစ်လာလေသည်။
"ချီး အဲဒါအလုပ်ဖြစ်တယ်လား!"
"သေစမ်း ဒီကောင့်ကံကဘယ်လိုတောင်ကောင်းတာလဲ!"
"ပြောစရာတောင်မရှိတော့ဘူး အစွယ်နဲ့တောဝက်ကသူ့ဘာသာသေသွားတယ်တဲ့!"
"ဟမ့် ဒီကျိုးဟောင်ကတကယ်ကံကောင်းတယ် ဒါပေမဲ့နောက်ထပ်အစွယ်နဲ့တောဝက်တစ်ကောင်ကို သူဘယ်လိုရင်ဆိုင်မလဲကြည့်ကြတာပေါ့!"
ကျောင်းသားအများစုမှာ ကံကောင်းသောတိုက်ဆိုင်မှုကိုကြည့်ပြီးသက်ပြင်းချကာ ဆွေးနွေးနေကြလေသည်။
စင်မြင့်ပေါ်ရှိခေါင်းဆောင်များနှင့်မိဘများမှာ ကျိုးဟောင်၏ကံကောင်းမှုကိုကြည့်ပြီး သက်ပြင်းချနေလေသည်။
ရှန်းကျင့်မှာ ခေတ္တလောက်မှင်တက်သွားပြီးမျက်မှောင်ကြုတ်လိုက်လေသည်။ "ဒါကတကယ် ကံကောင်းရုံသက်သက်ပဲလား"
သူသည်ထူးထူးခြားခြားမျက်စိရှင်သူဖြစ်လေရာ ကျိုးဟောင်လဲကျသွားသည့်အချိန်တွင် အစွယ်နဲ့တောဝက်ထိုဓားဖျားဆီခုန်အုပ်မိစေရန် ဓားရှည်မှာအချိန်ကိုက်ပြီးမှ ကွက်တိလှုပ်ရှားသွားခြင်းဖြစ်ကြောင်းကို လွယ်လွယ်ကူကူပြောနိုင်ပေသည်။
"ဒါက ပထမဆုံးသတ်တဲ့တစ်ကောင်ဆိုတော့ ကံကောင်းတယ်လို့ပဲသတ်မှတ်ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ ဒုတိယအကြိမ်ဒါမျိုးဖြစ်ရင်တော့ ဒါကကံကောင်းရုံပဲမဖြစ်နိုင်တော့ဘူး!"
ရှန်းကျင့်၏နှုတ်ခမ်းများမှာ အပေါ်ကိုအနည်းငယ်ကွေးတက်သွားလေသည်။ ယခုတစ်ကြိမ် တိုက်ခိုက်ရေးစမ်းသပ်မှု၏တကယ့်ရည်ရွယ်ချက်အား သူမမေ့ခဲ့ပေ.......
....................................................................................
အခန်း (၃၉) ပြီးပါပြီ။