← Chapters

အခန်း ၄၀-၄၂

Vol. 3 Ch. 40-42

အခန်း ၄၀-၄၂

Vol. 3 Ch. 40-42

အခန်း (၄၀) : ရှုလင် အန္တရာယ်ရှိနေပြီ

ဂီး!

ပထမလွှတ်လိုက်သော အစွယ်နဲ့တောဝက်အား ကျိုးဟောင်သတ်လိုက်ပြီးနောက် သံမဏိလှောင်အိမ်မှ နောက်ထပ်တစ်ကောင်အားထပ်လွှတ်လိုက်လေသည်။ ၎င်း၏နီရဲနေသော မျက်လုံးမှာကြည့်ရုံဖြင့် ကြောက်လန့်စရာကောင်းပေသည်။

ကျိုးဟောင်၏အမူအရာမှာ စိတ်ပူနေပုံပေါ်သော်လည်း တကယ်တမ်း၌ သူ၏စိတ်ထဲတွင် အလွန်တည်ငြိမ်နေလေသည်။သူ့စိတ်ထဲ၌ ဤဒုတိယသားရဲအား ဘယ်လိုသတ်ရမလဲတွေးနေခြင်းဖြစ်သည်။ နှစ်ကြိမ်ဆက်တိုက်ကံကောင်းချင်ယောင်ဆောင်ဖို့ မဖြစ်နိုင်သည်မှာ အသိသာကြီးပေ။

မဟုတ်ပါက အလွယ်တကူသံသယအဝင်ခံရနိုင်ပေသည်။

"ကြည့်ရတာ ငါဒီသားရဲနဲ့ထိပ်တိုက်ရင်ဆိုင်ပြီး ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပြရတော့မယ်ထင်တယ်" သူ့စိတ်ကိုပြင်ဆင်ပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်လေသည်။

သို့သော် ထိုအချိန်မှာပင် ဘယ်ဘက်ခြမ်း၌ ရှုလင်နှင့်တိုက်ခိုက်နေသော အစွယ်နဲ့တောဝက်ထံမှ ရုတ်တရက်ပြင်းထန်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

သန္ဓပြောင်းသွားသည်နှင့် ထိုတောဝက်၏ခန္ဓာကိုယ်မှာ ရုတ်ချည်းဆိုသလိုပင် စက္ကန့်ပိုင်းအတွင်း မီတာပေါင်းများစွာကြီးထွားသွားလေတော့သည်။

"မကောင်းတော့ဘူး! အဲဒီတောဝက်က အဆင့်တက်သွားပြီ!"

ပွဲကြည့်စင်မြင့်ရှိလူများနှင့်စောင့်ကြည့်ရေးမျှော်စင်မှကျောင်းသား အားလုံးလည်း ချက်ချင်းပင်မတ်တတ်ထရပ်မိလိုက်ကြလေသည်။

ရှုလင်၏အမူအရာမှာအနည်းငယ်ပြောင်းလဲသွားသော်လည်း ထိတ်လန့်မနေပေ။အကယ်၍ တောဝက်တစ်ကောင်က အဆင့်တက်သွားသည်ဆိုလျှင်တောင် အဆင့်နိမ့် မိစ္ဆာသားရဲစစ်သည်အဆင့် မရောက်သေးပေ။ တစ်ဖက်တွင်တော့ ရှုလင်မှာသွေးအနှစ်သာရတတိယအဆင့်၏ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်လေရာ သူမ၏ပြိုင်ဘက်ဖြစ်သော တောဝက်အား ကိုင်တွယ်ဖို့ရာ လုံလောက်တာထက်တောင်ပိုနေပေသေးသည်။

ရှုလင်မှာ သူမလက်ထဲရှိဓားရှည်အားသိမ်းလိုက်ကာ တောဝက်ရှေ့မှဆုတ်ခွာရန် အလျင်အမြန်လှုပ်ရှားလိုက်လေသည်။

သို့သော်လည်း တောဝက်၏သန္ဓပြောင်းလဲမှုမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

ဘုန်း!

တောဝက်၏ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ်ထပ်ပြီးကြီးမား‌လာလေသည်။ ၎င်း၏အစွယ်မှာ နှစ်ချောင်းမှလေးချောင်းအထိတိုးလာလေရာ ချွန်ထက်သောဓားသွားများသဖွယ် ပါးစပ်ထဲမှ ငေါထွက်နေလေသည်။

၎င်း၏အနီရောက်မျက်လုံးများမှာ သွေးရောင်တောက်နေပြီး ခန္ဓာကိုယ်ရှိအမွေးအမျှင်များမှာ ရူးသွပ်စွာရှည်လျားလာသည်နှင့်တစ်ပြိုင်နက် အရေခွံမှာလည်းကျုံ့သွားလေသည်။

နဖူးမှ ချိုတစ်ချောင်းပင်ငေါထွက်လာလေသည်။

ဤသည်မှာ အလယ်အလတ်အဆင့် မိစ္ဆာသားရဲစစ်သည်ပင်ဖြစ်သည်။

၎င်းမှာ အလယ်အလတ်အဆင့်ရှိသော ချိုတစ်ချောင်းပါ မိစ္ဆာသားရဲစစ်သည်အဖြစ် သန္ဓေပြောင်းသွားခြင်းဖြစ်ပေသည်။

ယခုဤသတ္တဝါ၏စွမ်းအားမှာ ရှုလင်ကိုင်တွယ်နိုင်သော ကန့်သတ်ချက်ထက် လုံးဝကိုကျော်လွန်သွားပြီဖြစ်သည်။

ပရိတ်သတ်ထဲရှိကျောင်းသားအများစုမှာအော်ဟစ်လာကြကာ တစ်ချို့မိန်းကလေးများဆို မျက်စိများကိုတောင်အုပ်ထားကြလေသည်။

"သမီး!"

ရှုကျန်းဟွားမှာစိတ်ပူစွာဖြင့် ပွဲကြည့်စင်ပေါ်မှလှမ်းအော်လိုက်ပြီး သမီးဖြစ်သူအားကယ်တင်ရန် စင်ပေါ်မှာတစ်ရှိန်ထိုးပြေးဆင်းသွားချင်နေပေသည်။

သို့သော် ထိုအချိန်မှာပင် ရှုကျန်းဟွားဟရှေ့၌ လူတစ်ယောက်ကလာပိတ်ရပ်လိုက်လေသည်။

ထိုလူမှာ ရှန်းကျင့်ပင်ဖြစ်သည်။

ရှုကျန်းဟွား၏မျက်လုံးများမှာ ဒေါသကြောင့်နီရဲနေလေသည်။

"နည်းပြရှန်း အဲဒါကျွန်တော့်သမီးပါ!"

ရှန်းကျင့်မှာမထူးဆန်းသလိုပင်ပြန်ပြောလိုက်လေသည်။

"ဘာလဲ ဒီလိုအလယ်အလတ်အဆင့် မိစ္ဆာသားရဲစစ်သည်လေးလောက်ကို ငါမကိုင်တွယ်နိုင်ဘူးလို့တော့ မထင်ဘူးမလား"

ရှုကျန်းဟွားမှာ နောက်ဆုံးမှအသိပြန်ဝင်လာလေသည်။သူ့ရှေ့မှ နည်းပြရှန်းမှာ အဆင့်မြင့်ဆရာသခင်အဆင့် သိုင်းပညာရှင်ပေ။

"နည်းပြ မဟုတ်မှ......" ရှုကျန်းဟွားမှာပြန်လည်ကာ စိတ်တည်ငြိမ်သွားလေသည်။

"ဟုတ်တယ် ငါစီစဉ်ထားတာ"

ရှန်းကျင့်မှာ တခြားခေါင်းဆောင်များကိုကြည့်လိုက်လေသည်။

"ဘာလို့လန့်နေကြတာလဲ ဆက်ကြည့်ကြ စွမ်းအားဆိုတာ သေရေးရှင်ရေးအခြေအနေမှာပဲ ထွက်ပေါ်လာနိုင်တာ"

ထိုအခါမှသာ ခေါင်းဆောင်များနှင့်အခြားမိဘများမှာ စိတ်သက်သာရာရသွားကြလေတော့သည်။

စင်စစ် ယခုကိစ္စမှာနည်းပြရှန်းစီစဉ်ထားခြင်းပင်ဖြစ်သည်။

"ဟုတ်တယ် ဟုတ်တယ် နည်းပြရှန်းပြောတာမှန်တယ်။ ဖိအားကြီးကြီးမားမားနဲ့ရင်ဆိုင်ရမှ အဆင့်ချိုးဖောက်နိုင်ပြီး ပိုပြီးသန်မာလာနိုင်တာ!"

"ဌာနမှူးရွှီကြည့်ရတာ နည်းပြရှန်းက ခင်ဗျားသမီးကို အရမ်းတန်ဖိုးထားတဲ့ပုံပဲ!"

ရှုကျန်းဟွားမှာ အနေခက်စွာဖြင့်ပြောလိုက်လေသည် "နည်းပြ ခုနက......"

ရှန်းကျင့်မှာ လက်ကာပြလိုက်ပြီး "ငါနားလည်တယ်"

သူတို့ထဲမှလူအနည်းစုစကားပြောနေသည့်အချိန်တွင် လေ့ကျင့်ရေးကွင်းထဲရှိ ရှုလင်၏မျက်နှာမှာ ဖြူဖျော့လာလေတော့သည်။ အလယ်အလတ်အဆင့် သားရဲစစ်သည်အဖြစ် သန္ဓေပြောင်းသွားသော ချိုတစ်ချောင်းပါတောဝက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ရှောင်တိမ်းပြီးခုခံရန် သူမ၏ချပ်ဝတ်ကိုသာ အားကိုးနိုင်တော့သည်။

တစ်ဖက်တွင် ထိုအခြင်းအရာအားမြင်လိုက်သော ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားလေတော့သည်။

အခြားတောဝက်များနှင့်ရင်ဆိုင်ရခြင်းက အဆင်ပြေသော်လည်း ရှုလင်ရင်ဆိုင်နေရသောသားရဲမှာ သန္ဓေပြောင်းသွားသောသားရဲဖြစ်လေသည်။ ထို့အပြင် ၎င်းမှာ အဆင့်နိမ့်သန္ဓေပြောင်းသားရဲမှ အလယ်အလတ်အဆင့် သားရဲစစ်သည်အဖြစ်သန္ဓေပြောင်းသွားခြင်းဖြစ်သည်။

ဤကိစ္စအား တစ်ယောက်ယောက်စီစဉ်ထားသည်မှာ သေချာပေသည်။

"ထပ်ပြီး ငါ့စွမ်းအားကိုထုတ်ပြအောင်ဖိအားပေးဖို့ကြိုးစားပြန်ပြီ!"

ကျိုးဟောင်မှာ ခါးသက်စွာပြုံးလိုက်မိလေသည်။ ဘာတွေဖြစ်နေလဲဆိုတာ သူအလျင်အမြန်ပင်သဘောပေါက်လိုက်ပေပြီ။

ကျောင်း၏ခေါင်းဆောင်များမှာ ကျောင်း၏ပြိုင်ဘက်ကင်းပါရမီရှင်က မည်သူဖြစ်ကြောင်းအတည်ပြုချင်ပုံရသည်။ သို့သော် အဘယ်ကြောင့်ဤမျှရက်စက်သောနည်းလမ်းများကို အသုံးပြုနိုင်လဲမသိပေ။

ဂီး!

ကျိုးဟောင်မှာ တစ်ချိန်လုံး ရှုလင်၏အခြေအနေကိုစောင့်ကြည့်နေရင်း တောဝက်၏ရူးသွပ်စွာတိုက်ခိုက်မှုများကို သက်သောင့်သက်သာကိုင်တွယ်ပြီး ဆက်တိုက်အခြေအနေကိုစဉ်းစားနေလေသည်။

၅စက္ကန့်ကျော် ၆စက္ကန့်အတွင်းမှာပင် ရှုလင်မှာ အန္တရာယ်များလာလေတော့သည်။ သူမမှာ ချိုတစ်ချောင်းပါတောဝက်၏တိုက်ခိုက်မှုအား အကြိမ်ကြိမ်ခံနေရလေရာ သူမဝတ်ဆင်ထားသော အဆင့်မြင့်ချပ်ဝတ်ပင်အက်ကွဲလာလေသည်။

ဘေးတွင်ရှိနေသော သိုင်းပညာရှင်များမှာ မနေနိုင်တော့ဘဲ နားကြပ်မှတစ်ဆင့်လှုပ်ရှားခွင့်ပြုရန် အမိန့်တောင်းလာကြလေသည်။

သို့သော် ရှန်းကျင့်မှာစောင့်ခိုင်းထားဆဲပင်။

ဘုန်း!

နောက်ထပ်ပြင်းထန်စွာတိုက်မိသောအသံမှာ ထပ်မံထွက်ပေါ်လာလေသည်။

ရှုလင်မှာထပ်မံတိုက်ခိုက်ခံလိုက်ရပြီး သတ္တုတန်းနှင့်တိုက်မိသွားလေရာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေသည်။

ပွဲကြည့်စင်မြင့်ပေါ်မှကြည့်နေသော ရှုကျန်းဟွားမှာ ရင်ထဲတွင်နာကျင်နေသော်လည်း သူ၏ဆန္ဒကိုအတင်းအကြပ်ချိုးနှိမ်ကာ စိတ်ထဲမှာသာကျယ်လောင်စွာ အော်ဟစ်နိုင်လေသည်။

"လုပ်စမ်းပါ သမီးလေး!"

ကျိုးဟောင်မှာ ပြေးဝင်လာသောတောဝက်ကိုရှောင်တိမ်းရင်း ရှုလင်ကိုကြည့်ပြီး တိတ်တဆိတ်ခေါင်းယမ်းလိုက်မိလေသည်။

ရှုလင်မှာ သေရေးရှင်ရေးအခြေအနေတွင် ရုတ်တရက်သန်မာလာနိုင်သော လူမျိုးမဟုတ်ပေ။ အကယ်၍ သူမသာထိုကဲ့သို့သောလူမျိုးဖြစ်ပါက တောင်ပိုင်းစခန်း၏တောနက်ဧရိယာရှိ ဝံပုလွေကြီးများနှင့်ရင်ဆိုင်ရကတည်းက နောက်တစ်ဆင့်အားချိုးဖောက်ပြီးလောက်ပေပြီ။

ကျိုးဟောင်မှာ ထိုအချက်အားကောင်းစွာသိလေသည်။

"ကြည့်ရတာ ငါလှုပ်ရှားရတော့မယ်ထင်တယ်!"

ကျိုးဟောင်မှာ ခဏလောက်စဉ်းစားပြီးနောက် ခြေထောက်တွင်အားထည့်ပြီး ဆောင့်လိုက်လေရာ အလွန်သေးငယ်သောကျောက်တုံးတစ်တုံးမှာ ကြောက်မက်ဖွယ်ရာအရှိန်နှုန်းဖြင့် ခုန်ထွက်သွားကာ ချက်ချင်းပင် ချိုတစ်ချောင်းပါတောဝက်၏ ပေါင်ရိုးအား ဖောက်ထွက်သွားလေတော့သည်။

ဘုန်း!

ရှုလင်ထံခုန်အုပ်လာသော ချိုတစ်ချောင်းပါတောဝက်မှာ ယိမ်းထိုးကာမြေကြီးပေါ်ပြုတ်ကျသွားလေတော့သည်။

ရှုလင်မှာ မှင်တက်သွားလေသည်။

စောင့်ကြည့်ရေးမျှော်စင်မှ ကျောင်းသားအများအပြားမှာလည်း မှင်တက်သွားကြလေသည်။

ပွဲကြည့်စင်မြင့်ပေါ်ရှိ ခေါင်းဆောင်များနှင့် ကျောင်းသားမိဘများ၏မျက်လုံးများမှာလည်း ပြူးကျယ်သွားကြလေတော့သည်။

ရှုကျန်းဟွားမှာ ထိုအချိန်မှသာသက်ပြင်းချနိုင်တော့သည်။ သေချာပေါက် သိုင်းပညာရှင်ထဲမှတစ်ယောက်ယောက် လှုပ်ရှားလိုက်ခြင်းဖြစ်မည်ဟု သူယုံကြည်လေသည်။

ရှန်းကျင့်၏မျက်လုံးများမှာအရောင်တောက်သွားပြီး ရှုလင်အနားတွင်ပြိုင်နေသော ကျောင်းသားလေးယောက်ထံသို့ အကြည့်ပို့မိလိုက်လေသည်။

"ဘာစောင့်နေတာလဲ အခွင့်အရေးယူပြီးချိုတစ်ချောင်းပါတောဝက်ကိုသတ်လိုက်တော့လေ!!"

ဘေးတွင်ရပ်နေသော သိုင်းပညာရှင်မှာ မနေနိုင်တော့ဘဲ ရှုလင်အားအော်ပြောလိုက်လေသည်။

ထိုအချိန်မှသာ ရှုလင်မှာအသိပြန်ဝင်လာလေတော့သည်။ သူမသည်အလျင်အမြန်ပင် ခန္ဓာကိုယ်အားဘေးဘက်သို့လှည့်လိုက်ကာ ချိုတစ်ချောင်းပါတောဝက်၏လည်ပင်းအား သူမလက်ထဲမှဓားရှည်ဖြင့်ပိုင်းချလိုက်လေတော့သည်။

ရွှစ်

ကြမ်းကြုတ်သော တောဝက်၏ခေါင်းမှာ ပိုင်းဖြတ်ခံလိုက်ရလေသည်။

"ကောင်းတယ်!"

"လှလိုက်တဲ့အကွက်!"

"ရှုလင်က အရမ်းတော်တာပဲ!"

ထိုမြင်ကွင်းမှာ ကျောင်းသားအများအပြားအား စိတ်လှုပ်ရှားစွာအော်ဟစ်လာသည်အထိ ဖြစ်စေလေသည်။

လူအများအပြားမှာ အော်ဟစ်ကာရှုလင်အား အားပေးနေကြလေသည်။ ဤသတ္တဝါမှာ အလယ်အလတ်အဆင့် သားရဲစစ်သည်ဖြစ်သော ချိုတစ်ချောင်းပါတောဝက်ဖြစ်ပေသည်။ ရှုလင်မှာ ထိုကဲ့သို့သောတည်ရှိမှုအား အမှန်တကယ်ပင် သတ်နိုင်ခဲ့လေသည်။

ရှန့်ကျင်းမှာလည်း ပြုံးနေလေသည်။

ဤတိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲ၏ရည်ရွယ်ချက်မှာ အောင်မြင်သွားပေပြီ။ ယခု သူလုပ်စရာကျန်နေသည်မှာ ထိုပြိုင်ဘက်ကင်းပါရမီရှင်က မည်သူဖြစ်ကြောင်းကို ရှာဖွေရန်သာဖြစ်ပေသည်။

"ရပြီ အဆုံးသတ်လိုက်ကြတော့!" နားကြပ်မှတစ်ဆင့်ပြောလိုက်လေသည်။

ဝှစ်! ဝှစ်!

စောင့်ကြည့်နေသောသိုင်းပညာရှင်များမှာ ချက်ချင်းပင်ဝင်ရောက်တိုက်ခိုက်ကာ တောဝက်များအား တစ်ကောင်ပြီးတစ်ကောင် သတ်လေတော့သည်။

ထိုအချိန်တွင် ရှန့်ကျင်းမှာအရှေ့ထွက်လာပြီး ဖြည်းညှင်းစွာပြောလိုက်လေသည်။

"မမျှော်လင့်တဲ့အခြေအနေကြောင့် တိုက်ခိုက်ရေးစွမ်းရည်ပြိုင်ပွဲကို စောစောအဆုံးသတ်လိုက်ပါတယ်!"

သူ့စကားဆုံးသည်နှင့် အတော်များများမှာ မှင်တက်သွားလေသည်။

တစ်ဖက်တွင် ထိပ်ဆုံးအယောက်၂၀ထဲဝင်ရန်အလားလာရှိသော ပါဝင်ယှဉ်ပြိုင်သူကျောင်းသားများမှာ စတင်ပြီးစိတ်လှုပ်ရှားလာကြလေတော့သည်။

ဝုန်း!

အကဲဖြတ်ပြိုင်ပွဲပြီးဆုံးသွားပြီဟု အားလုံးထင်နေသည့်အချိန်မှာပင် လေ့ကျင့်ရေးကွင်း၏ မြေပြင်မှာတုန်ခါသွားလေတော့သည်......

................................................................................

အခန်း (၄၀) ပြီးပါပြီ။

အခန်း (၄၁) : ရုတ်တရက်ပြောင်းလဲမှု

"ဘာဖြစ်တာလဲ"

"ငလျင်လှုပ်တာလား"

ဘုန်း!!

လေ့ကျင့်ရေးကွင်းရှိ ကျောက်ပြားများမှာ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရပြီး ကျောက်တုံးအများအပြားမှာ ကြေမွသွားလေတော့သည်။

ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက မုန်တိုင်းတစ်ခုပမာပျံ့နှံ့လာလေသည်။

"သံမဏိချပ်ဝတ်တီကောင်ပဲ"

အချက်အလက်အတန်းမှ ထူးချွန်သောကျောင်းသားတစ်ယောက်မှာ အရှိန်ဖြင့်ပေါ်လာသော သတ္တဝါအား ချက်ချင်းဆိုသလိုပင် မှတ်မိသွားလေသည်။

"သံမဏိချပ်ဝတ်တီကောင် အဲဒါဘယ်လိုသားရဲမျိုးလဲ"

ထိုသတ္တဝါအားမှတ်မိသွားသောကျောင်းသား၏မျက်နှာမှာ ရုတ်တရက်လုံးဝဖြူဖျော့သွားလေသည်။

"ဒါ....ဒါက အဆင့်မြင့်စစ်သူကြီးအဆင့် အင်းဆက်သားရဲပဲ!"

ထိုကျောင်းသား၏အသံမှာသိပ်မကျယ်သော်လည်း လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာတော့ တိတ်ဆိတ်သွားလေတော့သည်။

သံမဏိချပ်ဝတ်တီကောင်အားမြင်တွေ့လိုက်ရသည့်အခါ စင်မြင့်ပေါ်ရှိ ကျောင်းခေါင်းဆောင်များနှင့် ကျောင်းသားမိဘများ၏မျက်နှာမှာ ဖြူလျော်သွားလေတော့သည်။

ရှန့်ကျင်း၏ခန္ဓာကိုယ်မှာလည်း တုန်ယင်လာလေသည်။

ဘုန်း! ဘုန်း!

သံမဏိချပ်ဝတ်တီကောင်ပေါ်လာပြီးနောက်ပိုင်းတွင်လည်း လေ့ကျင့်ရေးကွင်း၏ပြင်းထန်စွာတုန်ခါနေမှုကရပ်မသွားခဲ့ပေ။

သံမဏိချပ်ဝတ်တီကောင်၏ အရှေ့ဘက်နှင့် အနောက်ဘက်မှမြေပြင်မှာကွဲထွက်သွားပြီး မီတာ ၁၀၀ ကျော်ရှည်သော မိစ္ဆာသားရဲနှစ်ကောင်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

သူတို့၏ကြောက်မက်ဖွယ်ရာကောင်းပြီး ဆိုးရွားသောအရှိန်အဝါမှာ အမဲရောင်တိမ်တိုက်များသဖွယ် ကွင်းထဲရှိလူတိုင်းအပေါ်လွှမ်းခြုံသွားလေသည်။

ရွှီ! ဝေါင်း!

ထိတ်လန့်စရာကောင်းပြီး ကျယ်လောင်လှသောဟစ်ကြွေးသံမှာ မိုးခြိမ်းသံပမာကောင်းကင်တစ်ခွင် ပျံ့နှံ့သွားလေသည်။ကျောင်းသားအများစု၏မျက်နှာမှာလည်း အရောင်အဆင်းမဲ့သွားကာ စိတ်ထဲတွင်ဘာမှမတွေးနိုင်တော့ဘဲ ဗလာနတ္ထိဖြစ်သွားလေတော့သည်။

စင်မြင့်ပေါ်ရှိကျောင်းခေါင်းဆောင်များနှင့် ကျောင်းသားမိဘများမှာလည်း အလွန်အမင်းဆိုးဆိုးရွားရွားကြောက်လန့်လာလေရာ အချို့ဆို မြေပြင်ပေါ်သို့ဖင်ထိုင်ရက်ပြုတ်ကျပြီး ကြောက်သေးပင်ထွက်နေပြီဖြစ်သည်။

ရှန့်ကျင်းမှာ အစောပိုင်းကပေါ်လာသောမိစ္ဆာသားရဲကြီးနှစ်ကောင်အား စိုက်ကြည့်နေလေသည်။

"မျက်လုံးသုံးလုံးကျားမိစ္ဆာ"

"မဟူရာစပါးအုံးမြွေ"

သူ၏အမူအရာမှာအလွန်အမင်းအကျည်းတန်သွားပြီး "သံမဏိချပ်ဝတ်တီကောင်အပြင် ချူမြို့အထက်တန်းကျောင်းမှာ တကယ်ကြီး နောက်ထပ်စစ်သူကြီးအဆင့်မိစ္ဆာသားရဲ ၂ ကောင်ပေါ်လာတာပဲ!"

အကယ်၍ သံမဏိချပ်ဝတ်တီကောင် တစ်ကောင်ပဲဆိုပါက သူကိုင်တွယ်နိုင်သေးသည်။

မည်သို့ပင်ဖြစ်စေ သံမဏိချပ်ဝတ်တီကောင်၏တိုက်ခိုက်ရေးစွမ်းအားမှာ အရမ်းမမြင့်ဘဲ လိုဏ်ခေါင်းတူးရာတွင်သာ အားသာခြင်းဖြစ်သည်။ သို့သော် မျက်လုံးသုံးလုံးကျားမိစ္ဆာနှင့် မဟူရာစပါးအုံးမြွေအတွက်တော့ သူကသေချာပေါက် ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ဒီမျိုးနွယ်ခြားတွေက လူသားမျိုးနွယ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ဆိုတဲ့ သူတို့ရဲ့ပန်းတိုင်အတွက် အရမ်းဇွဲကောင်းနေကြတာပဲ!!"

ရှန့်ကျင်းမှာလက်သီးကို တင်းကြပ်စွာဆုပ်လိုက်မိပြီး သူ၏မျက်လုံးထဲတွင် ဒေါသရိပ်များဖြင့်ပြည့်နှက်လာလေသည်။ ဤစစ်သူကြီးအဆင့်မိစ္ဆာသားရဲ ၃ကောင်မှာ ချူမြို့အထက်တန်းကျောင်းတွင် ပြိုင်ဘက်ကင်းပါရမီရှင် ပုန်းအောင်နေသည်ဟု သံသယရှိပြီးနောက်ပိုင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းကို သူမသိဘဲနေမည်လော။

ဟူး!!

သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မှုန်မှိုင်းနေသောအမူအရာဖြင့်ပြောလိုက်လေသည်။

"ချက်ချင်းကျောင်းသားတွေကို ကာကွယ်ပြီး ဘေးလွတ်ရာကို‌ရွှေ့ပေးကြ။ တခြားမဟာဆရာသခင်အဆင့်ပညာရှင်တွေရောက်မလာခင် ငါ့အသက်ကိုသုံးပြီး သူတို့နှောင့်နှေးအောင် တားထားပေးမယ်!"

စစ်တပ်မှသိုင်းပညာရှင်များမှာ ရှန့်ကျင်းဆီမှအမိန့်အားကြားလိုက်ရသောအခါ အော်ပြောလိုက်ကြလေသည်။

"နည်းပြ.....ကျွန်တော်တို့လည်းနေခဲ့မယ်!"

"ငါ့အမိန့်ကိုနာခံ!"

ပြောပြီးနောက် ရှန့်ကျင်း၏မျက်လုံးများမှာဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့်ပြည့်နှက်နေပြီး ချက်ချင်းပင်ပြိုင်ကွင်းစင်မြင့်ပေါ်သို့ခုန်ဆင်းသွားလေတော့သည်။

ဘုန်း

သူတစ်ဟုန်ထိုး ရှေ့တက်သွားလိုက်လေသည်။

ကလစ်

အနက်ရောင်ချပ်ဝတ်မှာ ချက်ချင်းပင်သူ့ခန္ဓာကိုယ်အားဖုံးလွှမ်းသွားလေသည်။ လက်တစ်ချက်ဝေ့လိုက်သည်နှင့်

လေထုထဲတွင် တောက်ပသောအရောင်ယှက်သန်းနေသောဓားရှည်တစ်လက်လည်းပေါ်လာလေသည်။

"မျိုးနွယ်ခြားအမှိုက်တွေ သေကြစမ်း!!"

တိုးတိတ်သောကျုံးဝါးသံနှင့်အတူ သူ့တစ်ကိုယ်လုံးရှိအရှိန်အဝါတို့မှာ ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲထွက်လာပြီး အဆင့်မြင့် မဟာဆရာသခင်အဆင့်သိုင်းပညာရှင်တစ်ယောက်၏ စွမ်းအားကြီးသောဖိအားမှာ ပျံ့နှံ့လာလေတော့သည်။

ဝှစ်! ဝှစ်!

မျက်လုံးသုံးလုံးကျားမိစ္ဆာနှင့် မဟူရာစပါးအုံးမြွေမှာ ချက်ချင်းပင်လှည့်ကြည့်လာလေသည်။

ဘုန်း

မဟူရာစပါးအုံးမြွေ၏ကြီးမားသော အမြှီးကြီးမှာ အလင်းသဖွယ်အရှိန်နှုန်းဖြင့် ရှန့်ကျင်းထံရောက်ရှိလာလေသည်။

ရှန့်ကျင်းမှာလေထဲတွင် မာန်ပါပါဖြင့်တစ်ပတ်လှည့်လိုက်ပြီး ထိုတိုက်ခိုက်မှုအားခုခံလိုက်ရလေသည်။သို့သော် သူ့ပြိုင်ဘက်ဆီမချဉ်းကပ်နိုင်ခင်မှာပင် ခြေသည်းတစ်ခုကသူ့အားကုတ်ချလိုက်လေသည်။

ထိုအရာမှာ မျက်လုံးသုံးလုံးကျားမိစ္ဆာပင်ဖြစ်သည်

ဘန်း

ထပ်မံ၍မရှောင်တိမ်းနိုင်သော ရှန့်ကျင်းမှာ ယင်ကောင်တစ်ကောင်သဖွယ်အရိုက်ခံလိုက်ရပြီး လေ့ကျင့်ရေးကွင်းထဲသို့ ပြင်းထန်စွာပြုတ်ကျသွားလေတော့သည်။

ရှန့်ကျင်းမှာ ပါးစပ်ထဲမှသွေးများအားထွေးထုတ်လိုက်ပြီး စစ်တပ်မှသိုင်းပညာရှင်အဖွဲ့ ၂ ဖွဲ့အား စိတ်ဆိုးစွာအော်ပြောလိုက်လေသည်။

"မင်းတို့ဘာတွေစောင့်နေကြတာလဲ မြန်မြန်ကျောင်းသားတွေကို ဘေးလွတ်ရာရွှေ့ကြ!"

ဘန်း! ဘန်း! ဘန်း!

သို့သော်ထိုအချိန်မှာပင် သံမဏိချပ်ဝတ်တီကောင်၊ မျက်လုံးသုံးလုံးကျားမိစ္ဆာနှင့် မဟူရာစပါးအုံးမြွေတို့ဖန်တီးထားသော လိုဏ်ခေါင်းဝင်ပေါက်ထဲမှ သားရဲစစ်သည်ရာချီမှာ တိုးထွက်လာကြလေသည်။

ထိုအခြင်းအရာအားမြင်လိုက်ရသည့်အခါ ရှန့်ကျင်းမှာ မျှော်လင့်ချက်ပျက်သွားလေတော့သည်။

"ပြီးသွားပြီ ချူမြို့အထက်တန်းကျောင်းကတော့ လုံးဝအဆုံးသတ်သွားပြီ!"

"ဝါး ငါမသေချင်သေးဘူး!"

"အဖေ ကျွန်တော့်ကိုမြန်မြန်ကယ်ပါဦး!"

"ဆရာ ကျွန်မတို့ကိုကယ်ပါဦး!"

တစ်ရှိန်ထိုးထွက်လာသောသားရဲစစ်သည်အများအပြားမှာ စောင့်ကြည့်ရေးမျှော်စင်မှကျောင်းသားများအားတိုက်ခိုက်သည့်အပြင် ပြိုင်ပွဲဝင်ကျောင်းသားများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ကြလေသည်။

အချိန်တိုအတွင်း ‌နေရာတိုင်းတွင် သွေးများဖြင့်ပျံ့ကျဲလာလေသည်။

သေ‌ကြေဒဏ်ရာရမှုများလည်း စတင်လာပေပြီ။

"ကျောင်းသားတွေကိုကာကွယ်ပြီး သားရဲတွေကိုသတ်!"

စစ်တပ်မှသိုင်းပညာရှင်အဖွဲ့ ၂ဖွဲ့မှာ ရှေ့သို့ ဦးဆုံးတက်သွားလေရာ အခြားကျောင်းခေါင်းဆောင်များမှာလည်း အသိဝင်လာကြလေတော့သည်။

"အားလုံးကိုခေါ်ထုတ်သွားကြ ကျောင်းသားတွေသေလို့မဖြစ်ဘူး!"

"ငါသေရမယ်ဆိုရင်တောင် ငါနဲ့အတူမိစ္ဆာသားရဲတစ်ကောင်ကို အပါခေါ်သွားမယ်!"

"သတ်ကြ!"

ကျောင်းခေါင်းဆောင်များနှင့်ဆရာများမှာ ရှေ့ထွက်လာကြရင်း စိတ်ဓာတ်များပြင်းထန်လာကြလေသည်။

သို့သော် နောက်ဆုတ်သွားသောလူများလည်းရှိလေသည်။

မိဘအများအပြားမှာ ကြောက်လန့်တကြားထွက်ပြေးကုန်ကြသည်။

ရှန့်ကျင်းမှာခါးသက်စွာပြုံးလိုက်မိသည်။

"မင်းတို့ လွတ်မယ်လို့ တကယ်ထင်နေကြတာလား"

အဆင့်မြင့် စစ်သူကြီးအဆင့်မိစ္ဆာသားရဲနှစ်ကောင်နှင့်တင် ချူမြို့အထက်တန်းကျောင်းအား ဖျက်စီးရန်လုံလောက်ကြောင်းကို သူကောင်းကောင်းသိပေသည်။

ယခုတစ်ကြိမ်တွင် မည်သူမျှမလွတ်မြောက်နိုင်တော့ပေ။

"သတ် တခြားမျိုးနွယ်ကမကောင်းဆိုးဝါးတွေ အကုန်လုံးကိုသတ်!"

ရုတ်တရက် အေးစက်သောအသံတစ်သံထွက်ပေါ်လာလေသည်။

....................................................................................

အခန်း (၄၁) ပြီးပါပြီ။

အခန်း (၄၂) : စွမ်းအားကြီးသော ပညာရှင်

လူတိုင်းနောက်လှည့်ကြည့်လိုက်ရာ ရှုလင်မှာ သိုင်းပညာရှင်အဖွဲ့အားကူညီပြီး သားရဲစစ်သည်များအားသတ်ရန် ရဲရင့်စွာဖြင့်ရှေ့သို့တက်သွားသည်ကိုတွေ့လိုက်ရလေသည်။

အခြားအဆင့်မြင့်ချပ်ဝတ်ဝတ်ဆင်ထားသော ကျောင်းသားများမှာ ခဏလောက်တွေဝေနေပြီးနောက် နောက်မှနီးကပ်စွာလိုက်ပါသွားကြလေသည်။

"ဟဟ ဘယ်လိုဖြစ်ဖြစ် ငါတို့ခုလိုကျင့်ကြံရတဲ့ရည်ရွယ်ချက်က အဲဒီမျိုးနွယ်ခြားတွေကိုသတ်ဖို့ပဲ ငါ့ကိုပါထည့်တွက်လိုက်"

"ငါ့ကိုရောပဲ!"

"ငါ့ကိုမှတ်ထားကြ ငါ့နာမည်ကကျန်းဟယ့်!"

စိတ်ဆွပေးသလိုဖြစ်သွားသော အဆင့်မြင့်ချပ်ဝတ်နှင့်ကျောင်းသားအများစုမှာ တစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်လာရာ တဖြည်းဖြည်းများလာလေသည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှန့်ကျင်း၏မျက်ဝန်းမှာ မျက်ရည်စတို့ဖြင့်ပြည့်နှက်လာလေတော့သည်။

"တော်တယ် အားလုံး!"

သူသည်ကျိုးနေသောနံရိုးဆီမှ နာကျင်မှုကိုသည်းခံပြီး ကြိုးစားမတ်တတ်ရပ်ကာ မိစ္ဆာစစ်သူကြီးထံ ထပ်မံတိုးသွားလေသည်။

သူသာမတ်တတ်ရပ်နေနိုင်သရွေ့ မိစ္ဆာစစ်သူကြီးနှစ်ကောင်မှာ သူ့ကိုပဲအာရုံစိုက်မည်ဖြစ်ကြောင်း သူသိပေသည်။

ဘန်း

မျက်လုံးသုံးလုံးကျားမိစ္ဆာမှာ သူ့အားထပ်မံတိုက်ခိုက်လိုက်လေသည်။

လေးကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် ရှန်းကျင့်၏ခန္ဓာကိုယ်ထဲရှိ အရိုးအားလုံးမှာ ကျိုးလုနီးပါးဖြစ်နေကာ ခန္ဓာကိုယ်အနှံ့သွေးများစီးကျနေလေသည်။ သူအမောတကောအသက်ရှူကာ သူ့ကိုယ်သူပြောလိုက်လေသည်။

"မတ်တတ်ရပ် ငါမတ်တတ်ရပ်မှဖြစ်မယ်"

ဘုန်း!

မျက်လုံးသုံးလုံးကျားမိစ္ဆာမှာ ချက်ချင်းပင် မြေပြင်အားဆောင့်နင်းလိုက်ပြီး မီတာရာကျော်ရှည်သော ခန္ဓာကိုယ်ဖြင့် ရှန်းကျင့်အား ငုံ့ကြည့်နေလေသည်။

"အနှောင့်အယှက်ဖြစ်လိုက်တာ သေစမ်း!"

ကြီးမားသောလက်သည်းကြီးမှာ ရှန်းကျင့်ထံရောက်လာလေသည်။

"ငါသေတော့မှာလား!" ရှန်းကျင့်မှာသက်ပြင်းချလိုက်ပြီး ဤတိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲ ကျင်းပမိသည်ကို အတော်လေးနောင်တရလာလေသည်။ သူသေသွားပါက ကိစ္စမရှိသော်လည်း ကျောင်းသားအများအပြားကိုပါ ဆွဲထည့်မိလေသည်။

ထိုအချိန်မှာပင် လူတစ်ယောက်ကသူ့ရှေ့တွင်ရပ်ပြီး သက်ပြင်းချလိုက်လေသည်။

"လောင်ဟိုင် ကျွန်တော့်တာဝန်ထားလိုက်!"

ရှန်းကျင့်၏မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။

"မင်း မင်း......."

သူ့ခန္ဓာကိုယ်မှာ အလွန်အမင်းနာကျင်နေပြီး မျက်လုံးများမှာသွေးများဖြင့် ပြည့်နှက်နေလေသည်။ ထိုပုဂ္ဂိုလ်အား ဝေဝေဝါးဝါးသာမြင်ရသော်လည်း ဤပုဂ္ဂိုလ်မှာ ကျောင်းတွင်ပုန်းကွယ်နေသော ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ကြောင်း သူသိပေသည်။

"ဟင့်အင်း သူ့ကိုထိပ်တိုက်မတိုက်နဲ့...."

သူပြောလို့မပြီးသေးခင်မှာပင် ကျိုးဟောင်မှာ တိုက်ခိုက်လာသော မျက်လုံးသုံးလုံးကျားမိစ္ဆာ၏ ကြီးမားသောလက်သည်းကြီးအား ရင်ဆိုင်နေရပြီဖြစ်သည်။

ဝှစ်! ဝှစ်! ဝှစ်!

ကျိုးဟောင်လှုပ်ရှားလိုက်သည်နှင့် သူ၏အရိပ်မှာ လေထုထဲမှတစ္ဆေတစ်ကောင်သဖွယ် သုံးကြိမ်တိုင်တိုင်ပေါ်လာလေသည်။

ရွှစ်!

စတုတ္ထအကြိမ်ပေါ်လာသည့်အချိန်တွင် ချွန်ထက်သောဓားသွားအရိပ်မှာ ရုတ်တရက်လက်ခနဲပေါ်လာပြီး မျက်လုံးသုံးလုံးကျားမိစ္ဆာ၏ ကြီးမားသောလက်သည်းကြီးအား တိခနဲခုတ်ဖြတ်လိုက်လေသည်။

ဘန်း

ကြီးမားလှသောလက်သည်း၏တစ်ဝက်မှာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာပြုတ်ကျလာလေသည်။

ဝေါင်း!!

မျက်လုံးသုံးလုံးကျားမိစ္ဆာမှာ နာကျင်စွာဖြင့်အော်ဟစ်လိုက်လေသည်။

ကျိုးဟောင်မှာ မျက်လုံးသုံးလုံးကျားမိစ္ဆာအား ကြည့်တောင်မကြည့်ပေ။သူ၏ပုံရိပ်မှာ ဖျက်ခနဲထပ်မံပေါ်လာလေသည်။ သို့သော် ယခုတစ်ခါတွင်တော့ သားရဲစစ်သည်အများအပြားနှင့်တိုက်ခိုက်နေသော သိုင်းပညာရှင်အဖွဲ့နှင့် ပြိုင်ပွဲဝင်ကျောင်းသားများထံ ဦးတည်သွားခြင်းဖြစ်ပေသည်။

ဝူး! ဝူး! ဝူး!

ကျိုးဟောင်မှာ သိုးအုပ်ထဲဝင်သွားသောဝံပုလွေတစ်ကောင်ပမာ သားရဲစစ်သည်များထံတိုးဝင်သွားလေတော့သည်။

ဓားအလင်းရောင်တစ်ချက်ပေါ်လာတိုင်း အဆင့်မြင့်သားရဲစစ်သည်အလောင်းတစ်လောင်းပြုတ်ကျလာလေရာ စက္ကန့်ပိုင်းအတွင်း အဆင့်မြင့်သားရဲစစ်သည် ၁၀ ကောင်ကျော်မှာ ကျိုးဟောင်၏ဓားချက်အောက်၌ သေဆုံးသွားရလေတော့သည်။ ထိုအခါ ဆရာများ ကျောင်းသားများနှင့် သိုင်းပညာရှင်အဖွဲ့ရင်ဆိုင်နေရသော ဖိအားမှာလည်း အတော်လေးလျော့ကျသွားလေသည်။

‌ရွှီ! ‌ရွှီ!

ထိုအချိန်၌ မဟူရာစပါးအုံးမြွေမှာ သတိဝင်လာပြီဖြစ်လေရာ သူ၏သွေးဆာနေသော ပါးစပ်အားဟကာ ထိုးကိုက်လာလေသည်။

ဤအခြင်းအရာကိုမြင်သောကျိုးဟောင်မှာ ခြေထောက်အားဆောင့်လိုက်လေရာ ခြေထောက်အောက်ရှိမြေကြီးမှာ ပေါက်ကွဲသွားလေသည်။

သူ၏ခန္ဓာကိုယ်မှာ အမြှောက်ဆံတစ်ခုသဖွယ် ပြင်းထန်စွာပျံသန်းသွားပြီး လေထဲတွင် အဆက်မပြတ် အရိပ်များပေါ်လာသည်မှာ "အရိပ်ခုနစ်သွယ်ဓားသိုင်း" အား ထင်ထင်ရှားရှားပြသနေသလိုပင်။

ဝှစ်! ဝှစ်!

၄စက္ကန့်မကျော်မီပင် မဟူရာစပါးအုံးမြွေ၏ အကြေးခွံအပြည့်နှင့် ခန္ဓာကိုယ်၌ နက်ရှိုင်းသောဓားဒဏ်ရာများ ပေါ်လာလေတော့သည်။

မဟူရာစပါးအုံးမြွေမှာ နာကျင်စွာအော်ဟစ်ရင်း ကျိုးဟောင်နောက်သို့ ရူးသွပ်စွာလိုက်လေတော့သည်။ မျက်လုံးသုံးလုံးကျားမိစ္ဆာသည်လည်း အလျင်အမြန်ပင် တိုက်ပွဲထဲပါဝင်လာလေသည်။ သို့သော် သံမဏိချပ်ဝတ်တီကောင်မှာတော့ သူ့ခန္ဓာကိုယ်အားကျုံ့နေလေသည်။

ထိုအချိန်တွင် ရှန်းကျင့်သာမှင်တက်နေရုံမကဘဲ သားရဲစစ်သည်များနှင့်တိုက်ခိုက်နေသော ကျောင်းသားများ၊ ကျောင်းခေါင်းဆောင်များ၊ ဆရာများနှင့် သိုင်းပညာရှင်များပါ ကြက်သေသေနေကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤအရာမှာ အဆင့်မြင့်မိစ္ဆာစစ်သူကြီးတစ်ကောင်ပေ။

ထိုအရာမှာ စွမ်းအားကြီးသော မဟာဆရာသခင်အဆင့် သိုင်းပညာရှင်သာသတ်နိုင်သော ဖြစ်တည်မှုမျိုးပင်ဖြစ်သည်။

အဆုံး၌ အဆင့်မြင့်ချပ်ဝတ်သာဝတ်ထားသော ပါဝင်ယှဉ်ပြိုင်သူကျောင်းသားတစ်ယောက်က အမှန်တကယ်ကိုပင် အဆင့်မြင့်မိစ္ဆာစစ်သူကြီးနှစ်ကောင်အား ကိုင်တွယ်နိုင်သည့်အပြင် ခေါင်းပင်မဖော်နိုင်လောက်အောင်အထိ ဖိနှိပ်ထားနိုင်လေသည်။

ထိုအရာမှာအလွန်ကို မယုံကြည်နိုင်စရာကောင်းလှပေသည်။

"သူပဲ သူကကျောင်းထဲမှာပုန်းနေတဲ့ အဲဒီပြိုင်ဘက်ကင်းပါရမီရှင်ပဲ!"

"ဟဟဟ ငါသိသားပဲ သူလှုပ်ရှားမယ်ဆိုတာ ငါသိသားပဲ!"

ကျောင်းအုပ်ကျန်းမှာ ရူးသွပ်စွာရယ်မောလိုက်လေသည်။

ဒုကျောင်းအုပ်မှာလည်းအတူတူပင်။ စိတ်လှုပ်ရှားလွန်း၍ စကားပင်မပြောနိုင်ပေ။

ယခုအချိန်၌ မည်သူမှသူတို့အားမသရော်ရဲပေ။ အဘယ့်ကြောင့်ဆိုသော် ယခုတိုက်ခိုက်နေသောလူမှာ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ကြောင်း လူတိုင်းသိနေလို့ပင်။

ရွှစ်! ရွှစ်! ရွှစ်!

ကျိုးဟောင်မှာ အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၂ကောင်နှင့်ကစားနေရင်း ရှုလင်နှင့်အခြားကျောင်းသားများရှေ့တွင် အေးဆေးစွာပင်ပေါ်လာပြီး သားရဲစစ်သည်များကိုတောင် ကူရှင်းပေးနေလေသည်။

"အားလုံးတော်တယ်!" ဆိုသောစကားအားလည်း ကျောင်းသားအားလုံးထံအော်ပြောဖို့မမေ့ပေ။

ထူးဆန်းသောမြင်ကွင်းမှာ လေ့ကျင့်ရေးကွင်း၌ ဆက်လက်ဖြစ်ပေါ်နေလေသည်။ မြောက်များစွာသော သားရဲစစ်သည်များမှာ တိုက်ခိုက်နေရင်း အော်ဟစ်ကာ တစ်ဟုန်ထိုးတက်လာလေသည်။ သို့သော် သိုင်းပညာရှင်အဖွဲ့နှင့်ကျောင်းသားများဖြင့်ဖွဲ့စည်းထားသော ကာကွယ်ရေးလိုင်းနားပင် မချဉ်းကပ်နိုင်ပေ။

ကျောင်းသားအများစုမှာ အဆင့်မြင့်ချပ်ဝတ်သာဝတ်ထားသောကျောင်းသားက အေးဆေးစွာပင် အဆင့်မြင့်မိစ္ဆာစစ်သူကြီးနှစ်ကောင်အား တိုက်ခိုက်‌နေရင်း သားရဲစစ်သည်တွေကိုလည်းရှင်းလင်း‌နေသည့်မြင်ကွင်းကိုမြင်ပြီးနောက် စိတ်ပျက်အားငယ်မှုမှသက်သာလေရာ အားလုံးအုတ်အော်သောင်းနင်းဖြစ်လာကြလေတော့သည်။

ယခုလို ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားနှင့် ပြိုင်ဘက်ကင်းပါရမီရှင်မှာ တကယ့်ကို သူတို့ချူမြိုအထက်တန်းကျောင်းကဖြစ်ပေသည်။

"အရမ်းစွမ်းအားကြီးတာပဲ!"

"ငါတို့ကျောင်းမှာ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားကြီးတဲ့ ပညာရှင်ရှိနိုင်မှာလဲ!"

"စီနီယာ ကြိုးစားထား!"

"စီနီယာ သတ်ပစ် အဲဒီမျိုးနွယ်ခြားကောင်တွေကိုသတ်ပစ်!"

.................................................................................

အပိုင်း(၄၂) ပြီးပါပြီ။

All Chapters