← Chapters

အခန်း ၄၃-၄၅

Vol. 3 Ch. 43-45

အခန်း ၄၃-၄၅

Vol. 3 Ch. 43-45

အခန်း (၄၃) : အစုလိုက်အပြုံလိုက်သတ်ခြင်း သို့မဟုတ် အပြတ်အသတ်ရှုံးနိမ့်ခြင်း

ကျောင်းသားအများအပြားမှာ ရူးသွပ်စွာအော်ဟစ်နေကြပြီး သူတို့၏မျက်လုံးများတွင်လည်း အားကိုးခြင်း ကျေးဇူးတင်ခြင်းများဖြင့်ပြည့်နှက်နေလေသည်။

အန္တရာယ်မရှိတော့သည်ကိုမြင်မှ ရှုကျန်းဟွားနှင့်အခြားခေါင်းဆောင်များမှာ လေ့ကျင့်ရေးကွင်းသို့ အလောတကြီးဆင်းလာပြီး ရှန်းကျင့်အားပြေးထူကြလေသည်။

"အဟွတ် အဟွတ်....."

ရှန်းကျင့်မှာ သူဝတ်ဆင်ထားသောချပ်ဝတ်နှင့် မျက်နှာဖုံးအားချွတ်လိုက်လေရာ မျက်နှာတွင်သွေးများဖြင့် ပြည့်နှက်နေလေသည်။

"မြန်မြန် ရေနဲ့သဘက်ယူလာခဲ့!"

ဌာနခေါင်းဆောင်မှာအော်ပြောလိုက်လေသည်။

ကျိုးဟောင်အရှေ့မှာရှိနေခြင်းက သူတို့အတွက်တကယ့်ကို အများကြီးလွယ်ကူသွားလေရာ အခြားကိစ္စများလုပ်ဖို့ပင်အချိန်ရသွားလေသည်။

ရှန်းကျင့်မှာလက်ကာပြလိုက်ပြီး နာကျင်မှုအားကြိတ်ခံလိုက်သည်။

"ငါ ငါဘာမှမဖြစ်ဘူး မြန်မြန် ကျောင်းသားတွေကိုအရင်ဘေးလွတ်ရာရွှေ့။ မတော်တဆဖြစ်ရပ်တွေကနေကာကွယ်နိုင်အောင် သူတို့ကိုဝေးရာကိုပို့ထား!"

ထိုအချိန်မှသာ ဌာနခေါင်းဆောင်များမှာအသိဝင်လာလေတော့သည်။ သူတို့သည် ချက်ချင်းပင် ဆရာများကိုစေလွှတ်ကာ လေ့ကျင့်ရေးကွင်းမှထွက်သွားရန် ကျောင်းသားများကိုစုစည်းခိုင်းလေတော့သည်။

ကျောင်းသားအများစုမှာ ထွက်မသွားချင်ကြပေ။ ပြိုင်ဘက်ကင်းပါရမီရှင်မှ အဆင့်မြင့်မိစ္ဆာစစ်သူကြီးများအား သတ်သည်ကို သူတို့မျက်လုံးဖြင့်ကိုယ်တိုင်မြင်ချင်သော်လည်း သိုင်းပညာရှင်များနှင့်ဆရာများ၏ ပြင်းထန်သောဖိအားပေးမှုအောက်၌ နာခံစွာထွက်သွားကြရလေသည်။

လိုဏ်ခေါင်းမှတိုးထွက်လာသော သားရဲစစ်သည်အားလုံးနီးပါးမှာ ကျိုးဟောင်တစ်ယောက်တည်း သတ်လိုက်သောကြောင့် ကျန်ရှိနေသောပြိုင်ပွဲဝင်ကျောင်းသားများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေတော့သည်။

ဌာနမှူးဟုန်မှာ ရှန်းကျင့်အားတွဲထားရင်း သူ့ကိုယ်သူအပြစ်တင်လိုက်သည်

"ဒီလိုကိစ္စဖြစ်မယ်လို့ မထင်ထားဘူး"

ရှန်းကျင့်မှာ ခေါင်းခါရင်း "ဒါ ခင်ဗျားအမှားမဟုတ်ဘူး။ အင်းဆက်မျိုးနွယ်က အခြေစိုက်စခန်းရဲ့ကာကွယ်ရေးခံတပ်ကိုရှောင်ပြီး ကျောင်းထဲဖောက်ဝင်ဖို့ကို သေချာပေါက်အတော်လေးကြိုးစားခဲ့တာ"

ရှန်းကျင့်မှာပြောနေရင်း မိစ္ဆာစစ်သူကြီး ၂ကောင်နှင့်တိုက်ခိုက်နေဆဲဖြစ်သော ကျိုးဟောင်အားကြည့်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်လေသည်။

"သူက အဲဒီပါရမီရှင်ပဲ သူကသေချာပေါက် အဲဒီပြိုင်ဘက်ကင်းပါရမီရှင်ပဲ ကျုပ်ဒီတစ်ခေါက်လာမိတာမှန်သွားတယ် သူ့ရဲ့အရှိန်အဝါကိုကြည့်ရင် သိုင်းပညာရှင်အဆင့်ပဲရှိသေးတယ်လို့ထင်ရပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကတော့ အရမ်းကိုသန်မာတယ် ပြီးတော့ ဒီလိုဓားသိုင်းမျိုး ကျုပ်တစ်ခါမှမမြင်ဖူးဘူး အရိပ်ဓားသိုင်းရဲ့ အရိပ်မျိုးရှိပေမဲ့ သေချာပေါက်ဒါကအများကြီးပိုအားကောင်းတယ်!"

ထိုစကားအားကြားလိုက်ရသောအခါ ဌာနမှူးဟုန်မှာ မလန့်ဘဲမနေနိုင်တော့ပေ။

"နည်းပြ ခင်ဗျား..... ခင်ဗျားပြောတာ သူကသူ့ဓားကိုသုံးပြီး ဒီအဆင့်မြင့်မိစ္ဆာစစ်သူကြီးနှစ်ကောင်ကို ဖိနှိပ်နေတာလို့ ပြောတာလား"

"ဟုတ်တယ်"

ရှန်းကျင့်မှာ လေးပင်စွာခေါင်းညိတ်ပြီးရှင်းပြလိုက်လေသည်။ "သူ့ရဲ့ဓားသိုင်းက အဆင့်မြင့်ပြီးတော့ သူ့ရဲ့လှုပ်ရှားတဲ့သိုင်းကလည်း ခန့်မှန်းလို့မရဘူး။ အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၂ ကောင်က ရက်စက်ပြီးစွမ်းအားကြီးပေမဲ့ သူ့ကိုလိုက်တောင်မမှီဘူး"

"အမှန်ပဲ သူ့လှုပ်ရှားမှုသိုင်းက တကယ်လန့်စရာကောင်းတယ်!"

ဌာနမှူးဟုန်လည်း ရှန်းကျင့်၏စကားအား သဘောတူလိုက်လေသည်။ထို‌ဓားနှင့်ပတ်သက်ပြီးသူသေချာမသိသော်လည်း ဤဆန်းကြယ်သောလှုပ်ရှားမှုသိုင်းကတော့ အထင်ကြီးစရာကောင်းမှန်းတော့ သူသိပေသည်။

မည်သို့ပင်ဖြစ်စေ ဤပြိုင်ဘက်ကင်းပါရမီရှင်တိုက်ခိုက်နေသည်မှာ လေးမိနစ်နီးပါးကြာနေပြီဖြစ်သော်လည်း အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၂ကောင်မှာ သူ့အားအနည်းအကျဥ်းသာ ထိခိုက်အောင်လုပ်နိုင်သေးသည်။

ဘန်း! ဘန်း! ဘန်း!

တိုက်ပွဲကြာလာသည်နှင့်အမျှ မျက်လုံးသုံးလုံးကျားမိစ္ဆာ နှင့် မဟူရာစပါးအုံးမြွေ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာများမှာ ပိုပိုများလာလေတော့သည်။

ထိုသားရဲများမှာအဆက်မပြတ် နာကျင်စွာအော်ဟစ်နေပြီး ကျိုးဟောင်နောက်သို့ရူးသွပ်စွာလိုက်နေလေရာ လေ့ကျင့်ရေးကွင်းပတ်လည်ရှိ အဆောက်အဦးများမှာ အစိတ်စိတ်ကြေမွကုန်လေတော့သည်။

ထိုအရာအားမြင်လိုက်ရသောအခါ ကျိုးဟောင်မှာရင်ထဲတွင်ပင် နာကျင်သွားလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအဆောက်အဦးများဆောက်ရန်ကျောင်းမှအလွန်ကြိုးစားခဲ့ရခြင်းဖြစ်သည်။

"ချီးပဲ ငါလူသိမခံချင်လို့သာမဟုတ်ရင် မင်းတို့ကောင်တွေကိုသတ်ပြီးတာ ကြာလှပြီ ဒါပေမဲ့ မင်းတို့လည်း ဘယ်လောက်မှကြာကြာမခံတော့ပါဘူး!"

သူ့လက်ထဲရှိဓားရှည်မှာ အလွန်ပင်အဆင့်နိမ့်လေရာ အားအနည်းငယ်သာသုံးလို့ရသဖြင့် မိစ္ဆာစစ်သူကြီး ၂ကောင်၏ ကာကွယ်မှုကိုသာချိုးဖောက်နိုင်လေသည်။

ကျိုးဟောင်မှာအားသိပ်မသုံးရဲပေ။ အဘယ့်ကြောင့်ဆိုသော် ဤဓားမှာ သူ့စွမ်းအားအပြည့်ကို ခံနိုင်ရည်မရှိ၍ဖြစ်သည်။ ထို့ကြောင့် သူ့အားကိုထိန်းကာ အချိန်ယူတိုက်နေရခြင်းဖြစ်ပေသည်။

အချိန်ကုန်လာသည်နှင့်အမျှ အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၂ကောင်မှာ နှေးသထက်နှေးလာလေသည်။

၎င်းတို့မှာ အသိဉာဏ်ရှိသောသတ္တဝါများဖြစ်လေရာ တဖြည်းဖြည်းအသိဝင်လာပြီး ပြင်းထန်သောနာကျင်မှုကြောင့် တည်ငြိမ်လာလေသည်။

ထို့ကြောင့် သူတို့၏နောက်ဆုံးတိုက်ခိုက်မှုလွဲချော်သွားသည်နှင့် ချက်ချင်းပင်ဦးတည်ရာပြောင်းကာ လေ့ကျင့်ရေးကွင်းရှိလိုဏ်ခေါင်းဆီသို့ အလျင်အမြန်ပင်ပြေးသွားလေတော့သည်။

ထိုအရာကိုမြင်သောအခါ ကျိုးဟောင်မှာနှာခေါင်းရှုံ့လိုက်ပြီး "မင်းတို့က ထွက်ပြေးချင်တာလား"

အကယ်၍ ဤသားရဲနှစ်ကောင်သာ အစကတည်းက လွတ်မြောက်ဖို့ကြိုးစားခဲ့ပါက ကျိုးဟောင်မှာသူ့သရုပ်မှန်ကိုမဖော်ထုတ်ချင်သည့်အတွက် သူတကယ်ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအခြေအနေကမတူတော့ပေ။

ဝှစ်!

ပြေးလိုက်သွားပြီးနောက် ကျိုးဟောင်မှာလက်ထဲမှဓားရှည်အားမြှောက်လိုက်ပြီး မဟူရာစပါးအုံးမြွေ၏ခေါင်းအား တစ်ချက်တည်းပိုင်းလိုက်လေသည်။

တုံ့ပြန်ရန်နှေးသော မဟူရာစပါးအုံးမြွေမှာ ဒဏ်ရာရထားသော လည်ပင်းအားအခုတ်ခံလိုက်ရပြီး နှစ်ပိုင်းပြတ်သွားလေတော့သည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာ လေ့ကျင့်ရေးကွင်းထဲသို့ ပြင်းထန်စွာပြုတ်ကျသွားလေတော့သည်။

မနီးမဝေးရှိ မျက်လုံးသုံးလုံးကျားမိစ္ဆာမှာ အလွန်ထိတ်လန့်သွားပြီး ဝိဉာဉ်လွင့်သွားသလိုပင်ခံစားလိုက်ရလေရာ လိုဏ်ခေါင်းဆီသို့ ရူးသွပ်စွာပြေးဝင်သွားလေတော့သည်။

မဟူရာစပါးအုံးမြွေအားသတ်ပြီးနောက် ကျိုးဟောင်မှာ မျက်လုံးသုံးလုံးကျားမိစ္ဆာနောက်သို့လိုက်သွားလေသည်။

မျက်လုံးသုံးလုံးကျားမိစ္ဆာ လိုဏ်ခေါင်းထဲခုန်ဝင်သွားသည်ကိုမြင်လိုက်ရသောအခါ ကျိုးဟောင်မှာတွေဝေမနေဘဲ နောက်မှလိုက်သွားလေသည်။

"သတိထား!"

လေ့ကျင့်ရေးကွင်းမှ ရှန်းကျင့်၏အော်သံထွက်ပေါ်လာသော်လည်း ကျိုးဟောင်လုံးဝဂရုမစိုက်ပေ။ လိုဏ်းခေါင်းတစ်လျှောက် မျက်လုံးသုံးလုံးကျားမိစ္ဆာ၏နောက်သို့ လိုက်သွားပြီးနောက် ကျားမိစ္ဆာ၏တင်ပါးအားမြင်လိုက်ရသည့်အခါ လက်ထဲရှိဓားဖြင့်ပိုင်းချလိုက်လေသည်။

ဝေါင်း!!

မျက်လုံးသုံးလုံးကျားမိစ္ဆာမှာ နာကျင်စွာအော်ဟစ်လိုက်လေသည်။

ကျိုးဟောင်မှာ ညှာတာမှုမရှိ ဓားဖြင့်ဆက်လက်ပိုင်းလေရာ အဆုံး၌မျက်လုံးသုံးလုံးကျားမိစ္ဆာမှာ လဲကျသွားလေတော့သည်။

"ဟမ်"

မျက်လုံးသုံးလုံးကျားမိစ္ဆာကိုသတ်ပြီးနောက် ကျိုးဟောင်၏နားများမှာ လှုပ်ရှားသွားလေသည်။ ပထမဆုံးထွက်ပြေးဖို့ကြိုးစားသော သံမဏိချပ်ဝတ်တီကောင်အား သူခံစားမိလိုက်သည်။ ထိုသတ္တဝါမှာ မနှေးလေရာ မြေကြီးကို ရူးသွပ်စွာတူးပြီးထွက်ပြေးနေလေသည်။

ကျိုးဟောင်လည်းတွေဝေမနေဘဲ အရှိန်အပြည့်ဖြင့်နောက်မှလိုက်သွားလေသည်။

၂ မိနစ် ၃ မိနစ်ခန့်ကြာပြီးနောက် သံမဏိချပ်ဝတ်တီကောင်၏ ရောင်ယမ်းနေသောခန္ဓာကိုယ်အားတွေ့လိုက်ရလေသည်။

ကျိုးဟောင်၏အရှိန်အဝါကိုခံစားမိလိုက်သည်နှင့် ထွက်ပြေးနေသောသံမဏိချပ်ဝတ်တီကောင်မှာ စတင်ပြီးအရှိန်တင်လေတော့သည်။

ကံမကောင်းစွာဖြင့် ၎င်းမှာ အဆင့်မြင့်စစ်သူကြီးအဆင့် အင်းဆက်သားရဲတစ်ကောင်သာဖြစ်လေရာ မြေကြီးတူးသွားလျှင်တောင် အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေးစွမ်းအားရှိသော ကျိုးဟောင်ထက်မသာနိုင်ပေ။

မကြာမီပင် သံမဏိချပ်ဝတ်တီကောင်မှာ ကျိုးဟောင်၏ဓားချက်အောက်၌ မရှူမလှသေဆုံးသွားရလေသည်။

ယခုအချိန်တွင် ချူမြို့အထက်တန်းကျောင်းအားတိုက်ခိုက်ခဲ့သော အဆင့်မြင့်စစ်သူကြီးအဆင့် မျိုးနွယ်ခြားသားရဲ ၃ကောင်လုံး ကျိုးဟောင်သတ်လို့သေပြီဖြစ်သည်။

သံမဏိချပ်ဝတ်တီကောင်၏အလောင်းဘေးတွင် မတ်တတ်ရပ်ရင်း ကျိုးဟောင်မှာ ပုံရိပ်ယောင်မျက်နှာပြင်ကိုဖွင့်ပြီး ကံကြမ္မာအမှတ်ကို စစ်ကြည့်လိုက်လေသည်။

ကံကြမ္မာအမှတ် : ၆၇၂၀၀ (လက်ရှိအဆင့် : ကြွယ်ဝများပြားသော ကံကြမ္မာအဆင့်

"မဆိုးပါဘူး!"

အားလုံးပေါင်းပါက မျိုးနွယ်ခြားသားရဲအားလုံးက ကံကြမ္မာအမှတ် ၇သောင်းနီးနီးဖြည့်ဆည်းပေးသွားလေသည်။ ထို့အပြင် ကျိုးဟောင်မှာ "အရိပ်ခုနစ်သွယ်ဓားသိုင်း" ၏စွမ်းအားကိုလည်း စမ်းကြည့်ရန်အခွင့်အရေးရခဲ့ပေသည်။

‌‌ငွေရောင်လျှို့၀ှက်ဆန်းကြယ်သေတ္တာမှ မွမ်းမံပေးထားသောလျှို့ဝှက်ဓားသိုင်းမှာ အမှန်တကယ်ကိုအလွန်စွမ်းအားကြီးပေသည်။ အကျိုးသက်ရောက်မှုများမှာ သူထင်ထားတာထက်ပင် ပို၍သန်မာသေးသည်။

ကျိုးဟောင်မှာ အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၂ကောင်နှင့် စစ်သူကြီးအဆင့် အင်းဆက်သားရဲ ၁ကောင်အားသတ်ရန် တစ်ချိန်လုံး သူ့စွမ်းအားကိုဖိနှိပ်ထားပြီး ဓားသိုင်းကိုသာသုံးခဲ့ခြင်းဖြစ်ပေသည်။

ရုတ်တရက် လိုဏ်ခေါင်းထဲမှလှုပ်ရှားမှုတစ်ခုအား အာရုံခံမိလိုက်လေသည်။

၎င်းမှာ လူသားမဟာဆရာသခင်တစ်ယောက်၏ အရှိန်အဝါပင်ဖြစ်ပေသည်။

....................................................................................

အခန်း (၄၃) ပြီးပါပြီ။

အခန်း (၄၄) : ကိုယ့်ကိုကိုယ်ရှာဖွေခြင်း

ကျိုးဟောင် သည် လေ့ကျင့်ရေးကွင်းမှ လျပ်စီးကဲ့သို့ အမြန်လစ်ထွက်လာခဲ့သည်။

သိပ်မကြာမီ လေ့ကျင့်ရေးကွင်း ၏ ဥမင်ဆီမှ အသွင်အပြင်တခု ခုန်ဆင်းလာခဲ့လေသည်။ ထိုအရာသည် မြေအောက်မဟာမိတ်အဖွဲ့မှ မဟာဆရာသခင်ကျန်းဟုန် ဖြစ်လေသည်။

"သခင် ကျန်း အခြေအနေဘယ်လိုလဲ။ ဒီကျောင်းသား ဒဏ်ရာရသွားသေးလား " ဟု ရှန်းကျင့်မှ အလျင်အမြန်မေးလိုက်လေသည်။

မဟာဆရာသခင် ကျန်း‌ဟုန်သည် ခေါင်းခါလိုက် ပြီး သံမဏိချပ်၀တ်တီကောင်နှင့် မျက်လုံးသုံးလုံးပါ နတ်ဆိုးကျားတို့၏ အလောင်းများကို လေ့ကျင့်ရေးကွင်းပေါ်သို့ ပစ်ချလိုက်သည်။

"ကျွန်တော်ရောက်ပြီးတဲ့ နောက်မှာတော့ အလောင်းတွေကိုပဲ မြင်ခဲ့ရပြီး အဲဒီကျောင်းသားရဲ့ ရုပ်အလောင်းကိုတော့ မတွေ့ခဲ့ရပါဘူး။" ဟု သူကပြောသည်။

သူသည် ပြောသာပြောနေရသော်လည်း မယုံကြည်နိုင်ဖြစ်နေလေသည်။ သူက လေ့ကျင့်ရေးကွင်းပေါ်ရှိ ကြီးမားသော မျိုးနွယ်ခြား သတ္တဝါကြီးများ၏ အလောင်း ၃လောင်းကို ညွှန်ပြပြီး "လောင်ရှန်း ဒါက ချူမြို့အထက်တန်းကျောင်းက ကျောင်းသားတယောက်လုပ်ခဲ့တာသေချာလား" ဟုမေးလိုက်လေသည်။

ဝုန်း ဝုန်း ဝုန်း......

အလင်းတန်းများစွာသည် ကောင်းကင်၌ ပေါ်လာပြီး လေ့ကျင့်ရေးကွင်းပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာကြ‌လေသည်။

ဆင်းသက်လာသောအဖွဲ့၏ခေါင်းဆောင်မှာ ဟွာတုန်းမြို့၏ စစ်ပွဲသခင်ဖြစ်သူ စစ်သေနာပတိကျောက် ဖြစ်‌နေလေသည်။

ချူမြို့ အထက်တန်းကျောင်းမှ အန္တရယ်အချက်ပြမှုကို လက်ခံရရှိပြီးနောက် သူဘာကိုမှ ဂရုမစိုက်ဘဲ အရှိန်ပြင်းပြင်းဖြင့် အမြန်ပြေးလာခဲ့သည်။

သို့သော်လည်း မြို့တစ်ခုလုံးသည် အလွန်ကျယ်ဝန်းပြီး သူ‌နေရာနှင့်ဝေးကွာ‌နေသောကြောင့် သူရောက်ရန် ငါးမိနစ်မှ ခြောက်မိနစ်ခန့် အချိန်ယူခဲ့ရလေသည်။

"လောင်ရှန်း ကျောင်းသားတွေ အထိအခိုက်ဘယ်လောက်ရှိသလဲ "

သူမြေပေါ်သို့ဆင်းဆင်းခြင်း ကျန်းဟုန်နှင့် အလောင်း၃လောင်းကိုတွေ့လိုက်ရသော‌အခါ စိတ်ပူပန်မှုများလျော့ကျသွားသည်။

သူနှင့်အတူနောက်က လိုက်လာသည့် မဟာဆရာသခင်များလည်း ခုမှ သက်ပြင်းချနိုင်ကြလေသည်။ မြို့ထဲတွင် အဆင့်မြင့် မျိုးနွယ်ခြားသတ္တဝါ ၃ကောင် ပေါ်ပေါက်လာခြင်း က‌ သူ့အတွက် စိတ်ပူစရာဖြစ်စေခဲ့သည်။

အမှန်တကယ် ပင် အဆင့်မြင့် နတ်ဆိုးစစ်သူကြီးများနှင့် အင်းဆက်သားရဲကြီးတို့မှာ အဖျက်စွမ်းအားအလွန်ကြီးမားလေသည်။သူတို့ကို တယောက်ယောက်က မတားဆီးနိုင်ခဲ့ပါက ချူမြို့သည် သေချာပေါက် ‌ပျက်စီးသွားမည်ဖြစ်သည်။

နည်းပြ ရှန်းသည် မဟာဆရာသခင်အဆင့်တယောက်ဖြစ်သောကြောင့် သူ၏ အနာကျက်နှုန်းမှာ မြန်ဆန်ပေသည်။ ခုဆို သူသည် ပို၍ပင် သက်သာလာခဲ့ပြီဖြစ်သည်။

သူသည် သက်ပြင်းချလိုက်ပြီး

" ကျောင်းသားတွေကို ရွှေ့ပြောင်း ပြီးသားမို့ အသေအ‌ပျောက်တော့မရှိပါဘူး။ သားရဲစစ်သည်တွေနဲ့ အဆင့်မြင့်မျိုးနွယ်ခြား သတ္တဝါကြီး ၃ကောင်ကို ‌ကျောင်းသားတယောက် က ကူသတ်ပေးခဲ့လို့ပေါ့ မဟုတ်ရင်....."

ဟုပြောလိုက်သည်။

စစ်သေနာပတိချုပ် ကျောက် လည်း စိတ်ပေါ့သွားပြီး " အသေအပျောက်တွေနည်း လို့ တော်ပါသေးရဲ့။ ဒီဘေးအန္တရာယ်ကြီးရဲ့ နောက်ဆက်တွဲတွေအတွက်ကိုလည်း ငါတို့ သေချာပြင်ဆင်ထားရမယ်။ ဒါနဲ့နေစမ်းပါဦး.... " သူပြောရင်း တခုခုမူမမှန်ကြောင်း သတိထားလိုက်မိသည်။

သူသည် ၀င်းလက်နေသောမျက်လုံးများဖြင့် နည်းပြရှန်းကို ကြည့်ပြီး " မင်းခုပြောလိုက်တာ ကျောင်းသားတယောက်က ဒီ အဆင့်မြင့်သားရဲကြီး ၃ကောင်လုံးကိုသတ်သွားတယ်လို့ဆိုလိုချင်တာလား " ဟု မေးလိုက်လေသည်။

တခြားမဟာဆရာသခင်များလည်း လှည့်ကြည့်လာကြပြီး သူတို့၏မျက်နှာတွင် သံသယများဖြင့်ပြည့်နှက်နေလေသည်။

သူတို့သည် နည်းပြ ရှန်းကျင့်သည် ကျောင်းသားတဦးအား ချဲ့ကား၍ အရေးပေးချင်နေသလား ဆိုပြီးထင်နေခဲ့ကြသည်။ နည်းပြရှန်းသည် ထိုသို့ အရေးပေးချင်ရင်တောင်မှ ဒီလောက်ရယ်စရာကောင်းသည့်အရာကိုပြောလိမ့်မည် မဟုတ်ပေ။

အခုရောက်ရှိလာသည့် မဟာဆရာသခင်တွေ အနေနဲ့တောင် ထိုအဆင့်မြင့်သားရဲကြီး ၃ကောင်ကို ချွေးပျံအောင်တိုက်ခိုက်ပြီးမှ အနိုင်ရမည်ဖြစ်လေသည်။

နည်းပြရှန်း က ခပ်ထေ့ထေ့ပြုံးလိုက်ပြီး " စစ်သေနာပတိချုပ် ကျောက်၊ သင် ငါ့ကို မယုံတာ ကို သိပါတယ် ဒါပေမဲ့ သခင် ကျန်းကို ဘယ်သူသတ်သွားသလဲ သင်မေးကြည့်လို့ရပါတယ် " ဟု ပြန်ပြောလေသည်။

ဝှစ် ....

စစ်သေနာပတိချုပ် ကျောက်၊ ပါမောက္ခချုပ် ဟယ်နှင့် အခြား မဟာဆရာသခင်များသည် ကျန်းဟုန်ဘက်သို့လှည့်ကြည့်ကြလေသည်။

ကျန်းဟုန်သည် ထစ်ထစ်ငေါ့ငေ့ါဖြင့် " ဒီမျိုးနွယ်ခြား သားရဲကြီးတွေကို ငါရှင်းလင်းဖို့ မလိုအပ်ခဲ့ဘူး။ ငါဒီကိုအလောတကြီး ရောက်လာခဲ့ပေမဲ့ ငါရောက်သည့်အချိန်မှာ တိုက်ပွဲကပြီးသွားခဲ့ပြီ " ဟု ပြောလေသည်။

သူသည်ပြောနေရင်းနှင့်ပင် သူ့ခေါင်းကိုခါယမ်းပြီး " ငါလည်း ဒါတွေအကုန်လုံးကို ကျောင်းသားလေးတယောက်သတ်ခဲ့တယ်ဆိုတာ ကို မယုံဘူး။ အရမ်းရီစရာကောင်းတယ်" ဟု ထပ်ပြောလေသည်။

စစ်သေနာပတိချုပ်ကျောက်သည် ရှန်းကျင့်ဘက်သို့လှည့်ကြည့်ကာ

" မင် ယန်ကျင်းမြို့မှာ နှစ်အတော်ကြာသွားနေခဲ့တာကြောင့် မင်းရဲ့စရိတ္တတွေပျက်ပြားကုန်ပြီလား။ ဒီလိုမျိူး အဓိပ္ပါယ်မရှိကို လွယ်လွယ်ပြောထွက်တယ်ပေါ့ "

ဟု ဒေါသတကြီး အပြစ်တင်ရှုံ့ချလေသည်။

ဟွာတုန်းတမြို့လုံးတွင်ရှိသော ကျောင်းအားလုံးတွင် အရှေ့ပိုင်းခရိုင်အထက်တန်းကျောင်းကသာအထူးချွန်ဆုံးဖြစ်ပြီး ထိုကျောင်းရှိ ကျောင်းသာများသည် သိုင်းပညာရှင် အဆင့်သို့သာ တက်လှမ်းနိုင်သေးလေသည်။

ချူမြို့အထက်တန်းကျောင်းကတော့ အမြဲတမ်းအောက်ဆုံးအဆင့်တွင်သာရှိခဲ့သည်။ လတ်တလောက ကောလဟာသ ထွက်ပေါ်ခဲ့သည့် ပါရမီရှင် ထူးချွန်ကျောင်းသားသည်တောင် အဆင့်မြင့်ကိုယ်ခံပညာရှင် အဆင့်လို့သာ သံသယ၀င်ခဲ့ကြသည်။

အဆင့်မြင့်ကိုယ်ခံပညာရှင်တယောက်အနေဖြင့် အဆင့်အနည်းငယ်ရှိသည့် နတ်ဆိုးစစ်သည်များကို သတ်နိုင်သည်မှာ ဖြစ်နိုင်သော်လည်း ယခုလို မျိုးနွယ်ခြား အဆင့်မြင့်သားရဲကြီး ၃ကောင်ကို တပြိုင်နက်ထဲ သတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စပင်ဖြစ်သည်။

" လောင်ရှန်း ငါပြောပါတယ် ယန်ကျင်းမြို့ကို မသွားပါနဲ့လို့ "

" ဟုတ်တယ် အဲ့မြို့က စိတ်ထွေပြားစေတယ်။"

"ရှေ့လျောက် ဟွာတုန်းမြို့မှာပဲ နေပါ။"

အခြားမဟာဆရာသခင်များက ဝိုင်းပြောကြလေသည်။

ရှန်းကျင့်ဘေးတွင်ရပ်နေသော ဌာနမှူးဟုန်က စိတ်မထိန်းနိုင်တော့ဘဲ

" နည်းပြကြီးက ညာနေခဲ့တာမဟုတ်ဘူး"

ဟု အော်ပြောလေသည်။

" ဟေ့ အဲ့တာ ဟုန်ဆန်းမှတ်လား"

" ဟုန်ဆန်း မင်းက အရင်က အရမ်းဖြောင့်မတ်ပြီး တခြားသူတွေ လိမ်ရင် မကြိုက်ခဲ့ဘူးလေ။ ခုကျ ဘာလို့ အရှက်မဲ့လိမ်နေရတာလဲ "

ဟု မဟာဆရာသခင်များ က ပြစ်တင် ရှုံ့ချလေသည်။

ရှန်းကျင့်က "တော်လောက်ပြီ" ဟု အော်ပြောလိုက်သည်။ စစ်သေနာပတိချုပ်ကျောက်က လည်း

" ရှန်းဟောင် ဘာမှ ဖုံးကွယ်မနေပဲ မင်းသိတာအကုန်ပြောစမ်း"

ဟု မာန်မဲလိုက်လေသည်။

ရှန်းကျင့်လည်း အကူအညီမဲ့စွာဖြင့် " စစ်သူကြီးချုပ် ကျွန်တော့်ချပ်၀တ်မှာ ရုပ်သံဖမ်းကိရိယာလေးပါပါတယ်။ သင်ကိုယ်တိုင်ပဲကြည့်လိုက်ပါ" ဟုပြောလေသည်။

စစ်သေနာပတိချုပ်ကျောက်အပါအ၀င် အခြားမဟာဆရာသခင်များအားလုံး ရုပ်သံဖမ်းကိရိယာလေးကို စူးစိုက်‌ကြည့်နေကြလေသည်။

ပုံရိပ်များ တဖြည်းဖြည်းပေါ်လာလေသည်။ အစပိုင်းတွင်တော့ လှ‌ပသော အမျိုးသမီးငယ်လေး တဦးကိုတွေ့မြင်ရသောကြောင့် ဟဲပျောင်းနှင့် အခြားအကြီးအကဲများက စိတ်မထိန်းနိုင်လဲ ရယ်မိကြသည်။

သူတို့သည် ရှန်းကျင့်ကို လှောင်ပြောင်ချင်သော်လည်း စစ်သေနာပတိချုပ် ကျောက်က စိုက်ကြည့်နေသောကြောင့် ငြိမ်သွားကြလေသည်။

ရှန်းကျင့်၏ မျက်နှာမှာ နီရဲလာလေသည်။ သူက ရုပ်သံဖမ်းစက်ကို အစကနေ စ၍ မပြချင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုထဲတွင် သူ၏ ကိုယ်ရေးကိုယ်တာများပါနေသောကြောင့်ဖြစ်လေသည်။

ပုံရိပ်များမှာ ဆက်လက်ရွေ့လျားနေပြီး နောက်ဆုံးတွင် အဆင့်မြင့် မျိုးနွယ်ခြား သားရဲကြီး၃ကောင်ပေါ်လာသည့်နေရာသို့ရောက်လာခဲ့လေသည်။

စစ်သူကြီးချုပ်အပါအ၀င် အားလုံး မျက်နှာ အမူအရာများပြောင်းသွားပြီး ရက်စက်ကြုမ်းကြုတ်သော မျက်လုံး ၃လုံးကျားမိစ္ဆာ နှင့် မဟူရာစပါးအုံးမြွေတို့အား စိုက်ကြည့်နေခဲ့သည်။

ထိုသားရဲကြီးများဆီသို့ မကြောက်မရွံ့တိုး၀င်သွားသည့် ရှန်းကျင့်ကို ကြည့်ခြင်းဖြင့် သူဘယ်လောက်သတ္တိရှိကြောင်း သူတို့ရိပ်စားမိလေသည်။

ရုပ်သံထဲတွင် ရှန်းကျင့်သည် လေထဲသို့အကြိမ်ကြိမ်လွင့်စင်သွားပြီး သူ့ပါးစပ်မှ သွေးများထွက်လာသည်ကိုမြင်ရလေသည်။ ထို့ပြင် အကြိမ်ကြိမ်မတ်တပ်ရပ်ဖို့ ပြန်ကြိုးစားသော်လည်း လဲကျသွားခဲ့သည်ကိုလည်း သူတို့တွေ့လိုက်ရသည်။

ဟဲပျောင်းနှင့် အခြားမဟာဆရာသခင်များသည် သူ့အား လေးစားသည့်အမူအရာများပြန်ပြလာကြလေသည်။ ထိုအချိန်၌ ရုပ်သံဖမ်းစက်မှာ ထိခိုက်သွားပုံရပြီး ပုံရိပ်များ မပြတ်မသားဖြစ်လာကာ အသံများထစ်ငေါ့နေလေသည်။

သို့သော်လည်း စစ်သူကြီးချုပ်နှင့် အခြားသူများသည် သာမန်ချပ်၀တ် ၀တ်ထားသည့် ကျောင်းသားယောက်ထရပ်လာကို မြင်လိုက်ကြသည်။ ဒါပေမဲ့ သူသည် အရမ်းမြန်ဆန်လွန်းသောကြောင့် ဘယ်သူမှ သူ့မျက်နှာကို မမြင်လိုက်ကြပေ။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"သူကတကယ်ကြီး ကျောင်းသားတယောက်လား"

မဟာဆရာသခင် တို့၏မျက်လုံးများတွင် ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်မှုများပြည့်နေလေသည်။

"တိတ်တိတ်နေကြစမ်း" ဆိုပြီး စစ်သေနာပတိချုပ်ကျောက် ကဆူညံသံများကို တိတ်စေလိုက်သည်။

နောက်ဆုံးတွင် သာမန်ချပ်၀တ်ဖြင့်ကျောင်းသားလေးက သူ၏ထူးချွန်ပြောင်မြောက်လှသည့် ဓားစွမ်းဖြင့် မျက်လုံးသုံးလုံးကျားမိစ္ဆာနှင့် မဟူရာစပါးအုံးမြွေကြီးတို့ကို တိုကခိုက်တွန်းလှန်နေသည်ကိုမြင်တွေ့လိုက်ရသည်။

ဒ့ါအပြင် ဥမင်လှိုဏ်ခေါင်းထဲ မ၀င်ခင် သူ့လမ်းတယောက်ရှိ သားရဲစစ်သည် အများအပြားကို တိုက်ခိုက်ရှင်းလင်းသွားသည်ကိုလည်းမြင်လိုက်ကြရသည်။

အားလုံးကြည့်ရှူလို့ပြီးချိန်မှာတော့ စစ်သေနာပတိချုပ်ကျောက် အပါအ၀င် အားလုံး တိတ်ဆိတ်နေခဲ့ကြလေသည်။

ရှန်းကျင့်လည်း ဘာတခွန်းမှ ထပ်မပြောတော့ပေ။ သူသည် ဒါကို ဒုတိယအကြိမ်မြောက်ကြည့်ခြင်းဖြစ်သော်လည်း အံ့ဩတုန်လှုပ်နေဆဲဖြစ်လေသည်။

..............................................................................

အခန်း(၄၄) ပြီးပါပြီ။

အခန်း(၄၅) : သူရဲဘောကြောင်ခြင်း

အချိန်တော်ကြာမှ စစ်သေနာပတိချုပ်ကျောက်မှ သက်ပြင်းချပြီး

" မျက်လုံးနဲ့သာ မမြင်တွေရရင် ဒီလိုပါရမီရှင်မျိုးရှိမယ်ဆိုတာ ယုံနိုင်မှာ မဟုတ်ဘူး " ဟုပြောလေသည်။

ဟဲပျောင်းက ခေါင်းငြိမ့်လိုက်ပြီး

" ဟုတ်တယ်။ ဓားရေစွမ်းရည်က ကြောက်ခမန်းလိလိပဲ။ ဒါ့အပြင် သူ့ရဲ့ လှုပ်ရှားဟန်ကလည်း ခန့်မှန်းရအတော်ခက်တယ်"

ဟု ၀င်ပြောလေသည်။

ကျန်းဟုန်ကလည်း ပြုံးလိုက်ပြီး

" ငါလည်းဓားသိုင်းကို ကောင်းစွာ ကျွမ်းကျင်ပြီး ကိုယ်ပိုင် လျှို့ဝှက်ဓားရေးနည်းစနစ်ကို ပါတီထွင်ခဲ့တာပါ။ အစကတော့ ကိုယ့်ကိုယ်ကို အတော်ဂုဏ်ယူခဲ့တာပေမဲ့ ဒီကျောင်းသားရဲ့ ဓားရေးကို မြင်တော့ ငါ့ဓားသိုင်းဟာ ဟန်ချက်ညီမျှမှု မရှိဘဲ အမှိုက်သာသာပဲဆိုတာသိလိုက်ရတယ် " ဆိုပြီး ပြောလေသည်။

အခြား မဟာဆရာသခင်များကလည်းထောက်ခံကြလေသည်။

"ရှန်းဟောင် ငါ မင်းနဲ့ပတ်သတ်ပြီးအထင်မှားခဲတာပဲ"

ဟု စစ်သေနာပတိချုပ်ကျောက် က ရှန်းကျင့်၏ပုခုံးများကို ပုတ်ကာပြောလိုက်သည်။

ရှန်းကျင့် ကခေါင်းခါလိုက်ပြီး " ဒါ စစ်သေနာပတိချုပ်အမှား မဟုတ်ပါဘူး။ ကျွန်တော်ဆိုလည်း ဒီလိုဖြစ်မှာပဲ " ဟု ပြန်ပြောလိုက်သည်။

စစ်သေနာပတိချုပ် ကျောက်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေလေသည်။ " ဒါ ငါတို့လူသားမျိုးနွယ်အတွက် ကောင်းကင်ဘုံက အခွင့်အရေးပေးတာပဲ။ ဒီလိုပေါ်ပေါက်လာတဲ့ ပါရမီရှင်ကို ငါတို့သာ သေချာ ပြုစုပျိုးထောင်လိုက်ရင် သူအသက်ကြီးလာတဲ့အခါ ငါတို့လူသားမျိုးနွယ် ကတခြားမျိုးနွယ်တွေထက် ပိုစွမ်းအားကြီးသွားလိမ့်မယ်။" ဟုပြောလေသည်။

"အမှန်ပဲ။ ငါတို့ သူ့ကို သေချာ ပြုစုပျိုးထောင်ရမယ် " ဟု အခြားမဟာဆရာသခင် အဆင့်များကပါ ထောက်ခံကြလေသည်။

ရှန်းကျင့်က သက်ပြင်းချလိုက်ပြီး " ခေါင်းဆောင် ကျောက်၊ ဒီလို ရုတ်တရက် ချုမြို့အထက်တန်းကျောင်းကို တိုက်ခိုက်လာတာက သူတို့ ပါရမီရှင်နဲ့ပတ်သက်တဲ့ သတင်းကို ရတဲ့ဖြစ်နိုင်‌ခြေရှိတယ်။ဒါကြောင့် ဒီလို အလုံးအရင်းနဲ့ ထိုးဖောက်လာကြတာဖြစ်မယ်" ဟု ပြောလိုက်သည်။

စစ်သေနာပတိချုပ် ကျောက်လည် ခဏလောက်ငြိမ်သွားပြီးနောက် ဒေါသတကြီးတုံ့ပြန်ကာ " မနေ့ညက အင်းစက်မျိုးနွယ်က မြိုရဲ့တောင်ဘက်အခြေစိုက်စခန်းကို တိုက်ခိုက်ပါလိမ့်ဆိုပြီး ငါသံသယ၀င်နေခဲ့တာ။ ခုမှပဲသဘောပေါက်တော့တယ်။ သူတို့ရည်မှန်းချက်က နတ်ဆိုးမျိုးနွယ်တွေ စိမ့်၀င်ကျုးကျော်တာကို မသိအောင် အာရုံလွှဲပေးဖို့ပဲ " ဟုပြောလေသည်။

ဟဲ့‌ပျောင်းကလည်း " စစ်သေနာပတိကျောက် ၊ အင်းစက်နွယ်မျိုးနွယ်ထဲမှာ ကျူးကျော်၀င်ရောက်နေတာကို သိရှိဖို့ခက်တာကတော့ အရိပ်ပိုးကောင်တွေပဲ။ သူတို့စိမ့်၀င်နေတာကို တားဆီးဖို့အတွက် ကတော့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစနစ်ကိုတိုးမြှင့်ဖို့ အလျင်အမြန်ဆောင်ရွက်ရမယ်" ဟုပြောလေသည်။

" ဒါ့အပြင် ဒီတကြိမ် အင်းစက်မျိုးနွယ်တွေ ကျ‌ရှုံးသွားသည့်အတွက်ကြောင့် ပါရမီရှင်၏ အစွမ်းကို သဘောပေါက်သွားလောက်ပြီ။ နောက်တကြိမ်ထပ်မံကျူးကျော်မှုကတော့ပိုပြင်းထန်မှာကို ငါစိတ်ပူမိတယ်" ဟု ထပ်ပြောလေသည်။

ရှန်းကျင့်လည်း စိတ်ထဲတင်းကျပ်လာပြီး စစ်သေနာပတိချုပ်ကျောက်အားလှမ်းကြည့်နေလေသည်။

"စိတ်မပူပါနဲ့ ငါဒါမျိုးထပ်အဖြစ်ခံမှာ မဟုတ်ဘူး "လို့ စစ်သေနာပတိချုပ်ကျောက်က အံကိုကြိတ်ရင်းပြောလိုက်သည်။

ထို့အပြင် ရှန်းကျင့်အား " ရှန်းဟောင် ဒီပါရမီကို ပျိုးထောင်ပေးဖို့ကိစ္စကို မင်းလက်ထဲလွှဲခဲ့မယ်။ကျန်းဟုန်လည်း ချူမြို့ ခံတပ်ကို တချိန်လုံး ထိန်းသိမ်းထားရမယ်။ အကူအညီလိုအပ်ခဲ့ရင်လည်း ချက်ချင်းကူညီဖို့ကြိုးစားရမယ် " ဟု ထပ်ပြောလေသည်။

ကျန်းဟုန်က ခေါင်းငြိမ့်ပြလိုက်သည်။ ဒီကိစ္စ၏ အရေးကြီးပုံကို သူကောင်းကောင်းသိလေသည်။ပါရမီရှင်သာ ၀င်မကူညီခဲ့ပါက ချူမြို့သည် အပျက်အစီးပုံကြီး ဖြစ်သွားနိုင်လေသည်။

ကျောင်းခန်းမ၏မြေညီထပ်တွင် မီးရောင်မှိန်ပြပြလေးသည် ကျောင်းသားအုပ်ပေါ်သို့ ဖြာကျနေလေသည်။ ပထမနှစ်ကျောင်းသားများသာမက တတိယနှစ်ကျောင်းသားများပါ စိတ်လှုပ်ရှားပြီး ထိတ်လန့်နေကြလေသည်။

"ဘယ်လိုတောင်စွမ်းအားကြီးတာလဲ"

" သူအဆင့်မြင့် နတ်ဆိုးစစ်သူကြီးတွေကိုသာမက အင်းစက်သားရဲကြီးတွေကိုပါ ဆက်တိုက်နှိမ်နင်းနေတာ"

" ငါဆုံးဖြတ်လိုက်ပြီ။ ဒီပါရမီရှင်က ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ"

"အပြင်မှာ ရုန်းရင်းဆန်ခတ်အသံတွေရပ်သွားပြီ။တိုက်ပွဲပြီးသွားပြီလား"

ကျောင်းသားများ အသံတိုးတိုးဖြင့်ဆွေးနွေးနေကြလေသည်။

ဆရာဆရာမတွေက တိတ်တိတ်နေဖို့ ဆူပူနေတာတောင်မှ သူတို့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို မရပ်တန့်နိုင်ပေ။လေ့ကျင့်ရေးကွင်းတွင် ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေးကြဖို့သာ စိတ်အားထက်သန်နေကြသည်။

တကယ်တမ်းဆိုရလျှင် ယခုလို ပါရမီရှင် ထွန်းတောက်လာသောကြောင့်သူတို့စိတ်ထဲ ကြိတ်ဂုဏ်ယူနေခဲ့ကြသည်။

သာမန်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် ပြိုင်ပွဲ၀င်ကျောင်းသားများသည် ခန်းမဆောင်၏ပြတင်းနားတွင်ရပ်နေကြလေသည်။

လေ့ကျင့်ရေးကွင်းထဲရှိ ဟိန်းဟောက်သံများ ပျောက်ကွယ်သွားချိန်အထိတောင်သူတို့၏ မျက်နှာဖုံးများကို မချွတ်ကြသေးပေ။

သိပ်မကြာခင်ပင် ကျောင်း၏အကြီးအပိုင်းများရောက်လာကြပြီး " ကျောင်းသားတို့ ဘာမှ မကြောက်နဲ့တော့ မျိုးနွယ်ခြားသားရဲကြီးတွေ အကုန် နှိမ်နင်းခံလိုက်ရပြီ။ မြို့ထဲက ရှိသမျှမဟာဆရာသခင်တွေအကုန် အပြေးရောက်လာကြပြီ။" ဟု ဌာနမှူးမှ အော်ပြောလေသည်။

"ဆရာကျွန်တော်တို့မကြောက်ပါဘူး"

"ဟုတ်ပါတယ်။ သားရဲစစ်သူတကောင်ကိုတောင် ကျွန်တော့်လက်တွေနဲ့ သတ်နိုင်တော့မလို့"

" ဘာမှ ကြောက်စရာမရှိပါဘူး။ ငါတို့မှာ တတိယနှစ်က ပါရမီရှင် ရှိတာပဲ။ နောက်ထပ် အဆင့်မြင့်နတ်ဆိုးစစ်သူကြီးတွေလာရင်တောင်မှ ငါတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"ဟုတ်တယ် အဲ့မျိုးနွယ်ခြား သားရဲကြီးတွေ ဒီလောက်ပဲ အသေအပျောက် ရှိတာကို သူတို့ကံကောင်းတယ်လို့ ယူဆသင့်တယ်"

ကျောင်းသားများသည် ပါရမီရှင်ကို ချီးကျုးမြှောက်ပင့်နေကြပြီး သူတို့သည်လည်း ထိုသားရဲကြီးကို အတူသတ်ဖြတ်ခဲ့သူများ ကဲ့သို့ ဂုဏ်ယူနေကြလေသည်။

ရှုလင်သည် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ပြီးကျိုးဟောင်ကိုရှာနေလေသည်။ သူမသည် စိတ်ပူပင်စွာဖြင့် " ကျန်းယိရေ ကျိူးဟောင်ကိုတွေ့မိသေးလား" မေးလိုက်လေသည်။

ကျန်းယိကလည်း ကျိုးဟောင်ကို‌လိုက်ရှာနေခဲ့ပြီး" အခုအခြေအနေက အရမ်းဖရိုဖရဲဖြစ်‌နေတာပဲ" ဟုပြောလိုက်သည်။

ရှုလင်လည်း တချက်ကြောင်သွားခဲ့ပြီး တကယ်သို့ ကျိုးဟောင်သာ ပါရမီရှင်ဖြစ်နေခဲ့ရင်ဆိုပြီး တွေးလိုက်‌မိလေသည်။ သို့သော်လည်း သူမ ခေါင်းကို ခါလိုက်လေသည်။

ကျိုးဟောင်သည် သွေးအနှစ်သာရ ပထမအဆင့်ကိုတောင် မကျော်ဖြတ်နိုင်သေးတာ ဘယ်လိုလုပ် ပါရမီရှင် ဖြစ်နိုင်မှာလဲ ဆိုပြီး သူမတွေးမိသည်။

သို့သော်လည်း ရှုလင်သည် ကျိုးဟောင်အတွက် စိတ်ပူနေဆဲဖြစ်သည်။နောက်ဆုံးတော့ စိတ်မထိန်းနိုင်ပဲ "ကျိုးဟောင်.....ကျိုးဟောင်" ဆိုပြီး အော်ခေါ်မိလေသည်။

"ငါဒီမှာပါ" ဆိုပြီး ‌ပြတင်းပေါက်ကို ဖြတ်တိုက်သွားသော် လေညင်းနှင့်အတူ ကျိုးဟောင်သည် လူအုပ်ကြားထဲမှ ပေါ်လာခဲ့လေသည်။

ရှုလင်သည် ကျိုးဟောင်ကိုတွေ့လိုက်သောအခါ စိတ်ဆိုးမာန်ဆိုးဖြင့် " နင်ဘယ်တွေရောက်နေတာလဲ" ဟုမေးလိုက်လေသည်။

ငါအဆင့်မြင့်မိစ္ဆာတွေကိုသွားသတ်နေတာပါဆိုပြီး ပြန်ပြောလို့မသင့်ပေ။ ကျိုးဟောင် ရယ်လိုက်ပြီး " ငါအရမ်းကြောက်နေလို့ ခန်းမဆောင်ရဲ့နောက်က အိမ်သာထဲမှာသွားပုန်းနေတာပါ။ပြီးမှ နောက်တံခါးကနေပြန်၀င်လာခဲ့တာ " ဟုပြောလိုက်လေသည်။

သူ့စကားကြောင့် အနားတွင်ရှိသော ကျောင်းသားများထရယ်ကြလေသည်။

"ငကြောက်ကောင်"

"အဆင့်မှီ ချပ်၀တ်ကို ဖြုန်းတီးနေတာပဲ"

" သူက အိမ်သာထဲပုန်းနေကြပဲကို ဘာများထူးဆန်းလို့လဲ "

လှောင်ရယ်သံများ ပျံ့လွင့်လာလေသည်။

ရှုလင်၏ ရူပါအသွင်အပြင်မှာ လုံး၀ထိပ်တန်းဖြစ်သည်။ စောစောက အဆင့်မြင့်သားရဲကြီးများနှင့်ရင်ဆိုင်ခဲ့စဉ်ကလည်း သူမ သည် ပထမဆုံး ထရပ်ပြီး ရင်ဆိုင်ခဲ့သူဖြစ်ပြီး မရေမတွက်နိုင်သော ကျောင်းသားများ၏လေးစားမှုကို ရခဲ့သူဖြစ်သည်။

ထို့ကြောင့်ရှုလင်သည် ကျိုးဟောင် အပေါ် အလွန်အမင်း စိုးရိမ်နေသောပုံဖြစ်နေသောကြောင့် သူတို့သည် ကျိုးဟောင်အား မနာလိုဖြစ်နေလေသည်။

ကျန်းယိက ဒေါသတကြီးဖြင့် " ကျိုးဟောင်ကို လှောင်ရယ်နေတာတွေရပ်စမ်း။ မင်းတို့လည်းကြောက်နေခဲ့ကြတာပဲ။ ရှုလင် ရှေ့ဆုံးကထွက် ရင်ဆိုင်တုန်းက မင်းထဲက သုံးပုံတပုံလောက်ပဲ တုံ့ပြန်ကြသည်။ ရှုလင်နောက်က ပါရမီရှင်ပေါ်လာပြီး ဒီအန္တရာယ်ဆိုးကြီးကို မတားဆီးပေးပါက မင်းတို့အားလုံး ယုန်ထက်မြန်အောင်ထွက်ပြေးကြမှာမှတ်လား " ဟုပြောလိုက်သည်။

ကျိုးဟောင်ကို လှောင်နေသောကျောင်းသားအားလုံး တိတ်ဆိတ်သွားပြီး ပြန် မချေပဝံ့ကြပေ။

ကျန်းယိ ၏ ချပ်ဝတ်တန်ဆာတွင် သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ပြီးနောက် သူတို့ ဘာမှ မပြောနိုင်ပေ။ ရှုခင်သည် ကျိုးဟောင်အားစိုက်ကြည့်နေခဲ့ပြီး ကျောင်းသားများစွာရှေ့တွင် သူမသည် ဘာမှမပြောဖို့ စဉ်းစားထားလေသည်။

..............................................................................

အခန်း(၄၅) ပြီးပါပြီ။

All Chapters