အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
အခန်း(၆၅၅) တိုက်ပွဲ
ဤမြင်ကွင်းကို မြင်သောအခါ ယန်လီလီက ကျယ်လောင်စွာအော်လိုက်မိသည်။ သူမသည် ထိုသူများက မည်သူများဖြစ်ကြောင်းမသိသော်လည်း အမှန်ပင် စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြောင်းသိသည်။ ၎င်းသည် ကြီးမားသော စက်ခရင်ပေါ်၌ ပြသနေခြင်းဖြစ်သော်လည်း ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါများမှာမူ မြင်ကွင်းတစ်ခုလုံးကိုဖိနှိပ်ထားနိုင်လုလောက်သည်။ လူတိုင်းက ယင်းမှာ ကျွမ်းကျင်သူများဖြစ်ကြောင်း ပြောနိုင်သည်။ ၎င်းတို့ထုတ်လွှတ်ထားသော ရောင်ဝါများသည် တစ်ချက်တည်းကြည့်ရုံဖြင့်ပင် လူတစ်ယောက်ကို တုန်လှုပ်သွားစေနိုင်သည်။
မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ရောင်ဝါက သဘာဝနှင့် ချိတ်ဆက်သွားသည်မှာ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ကွာခြားလှသည်။ ၎င်း၏ အငွေ့အသက်ငယ်များကပင် ကြီးမားသော ကွာဟချက်ကို ပြနိုင်သည်။
ထို့ကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက ပြည်ထောင်စုတွင် အလွန်အမင်းနေရာရထားခြင်းဖြစ်သည်။ လူသားများသည် သာမန်ထက် ထူးခြားကြသောကြောင့် မွေးခြားခြင်းနယ်မြေအဆင့်သို့မရောက်မချင်း အမှန်တကယ်စတင်ကြလိမ့်မည်မဟုတ်ပေ။
“အဲဒီလူတွေ…” ယန်လီလီနှင့် တုယွဲ့အာ တို့ကဲ့သို့ပင် မာဝူသည် ယောက်ျားလေးတစ်ယောက်အနေဖြင့် ထိုကိစ္စများကို အမြဲအာရုံစိုက်ခဲ့သည်။ သူသည် ချူးယွင်းဖန်းအနီးပတ်ဝန်းကျင်ရှိ လူများ၏ လက္ခဏာများကို ချက်ချင်းမှတ်မိသည်။
၎င်းတို့အားလုံးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျော်ကြားခဲ့ကြကာ ၎င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့ကြသည်။ အရေးအကြီးဆုံးမှာ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ" ယန်လီလီသည် သူမ၏ နှင်းဖြူလက်ဖဝါးဖြင့် ပါးစပ်ကို အုပ်ကာ အော်လိုက်သည်။ မာဝူက မိတ်ဆက်ပြီးမှသာ ဤလေးယောက်က မည်သို့ လူမျိုးဖြစ်ကြောင်း သိလိုက်ကြသည်။
တုယွဲ့အာသည် စိတ်ရှုပ်ထွေးစွာကြည့်နေသည်။ ချူးယွင်ဖန်းကို မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလေးယောက်က ပစ်မှတ်ထားနေသည်ကို အံ့ဩရုံသာမက ပိုအရေးကြီးသည်မှာ ချူးယွင်ဖန်း၏အဆင့်သည် သူ့ပြိုင်ဘက်များထက် အဆင့်မနိမ့်လောက်သည်ကိုလည်း သဘောပေါက်လိုက်သည်။
သာမန်လူတစ်ယောက်က မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်လေးယောက်ကို တပြိုင်နက်တည်း စော်ကားမိရန် မဖြစ်နိုင်ပေ။
နတ်နဂါးသည် ပုရွက်ဆိတ်၏ရန်စကို ဂရုမစိုက်သကဲ့သို့ နဂါးမပျော်လျှင် ပုရွက်ဆိတ်ကို နှိပ်စက်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် လူတိုင်း၏အကြည့်အောက်တွင် ချူးယွင်ဖန်း သည် လက်နှစ်ဖက်ကို နောက်သို့ယှက်လျက် ကွင်းအလယ်တွင် ရပ်နေသည်။
“ဒါက ပိုအဆင်ပြေတယ်။ မင်းတို့ အားအကုန်သုံးလည်း ပျက်စီးမှာကို ဘာမှ စိတ်ပူနေစရာ မလိုဘူး”
"ချူးယွင်ဖန်း မင်း အခုထိ ယုံကြည်မှုရှိနေတုန်းပဲ။ မင်းကို ငါလေးစားတယ်။ ဒါပေမယ့် ဒီအချိန်မှာ အေးအေးဆေးဆေး ဟန်ဆောင်နေတာက အသုံးမဝင်ဘူး” ကျားဟန်ဟိုင်က ပြောသည်။
၎င်းတို့လေးယောက်ထဲတွင် ကျားဟန်ဟိုင်သည် ချူးယွင်ဖန်းနှင့် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးမရှိပေ။ သူသည် သူသည် ချီရှောင်ဟွား ပြောခဲ့သည့်အကျိုးအတွက် သက်သက်ကူညီရန် လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူကသာလျှင် ချူးယွင်ဖန်း၏ တည်ငြိမ်မှုကို ချီးကျူချင်သေး၏။
“ဘယ်လောက်တောင် အသက်ဝင်တဲ့ မြင်ကွင်းလဲ။”
ဤအခိုက်အတန့်တွင် အဝေးမှ သိမ်မွေ့သော ရှုတ်ချသံကို ကြားလိုက်ရသည်။ ခဏအကြာတွင် ချောမောလှပသော လူတစ်ယောက် ပျံတက်လာသည်။ ဤအဖြူရောင်ဝတ်ထားသော ပုဂ္ဂိုလ်က ကွင်းထဲသို့ ပြေးဝင်လာသည်။ ထိုမှသာ အားလုံးက အဖြူရောင် ၀တ်စုံရှည်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးဖြစ်ကြောင်း လူတိုင်းသိခဲ့ကြသည်။ သူမကြည့်ရသည်မှာ အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ထင်ရ၏။ သူမသည် သွယ်လျ၍ အရပ်ရှည်ကာ မျက်နှာသည်လည်း မက်မွန်ပွင့်လေးတစ်ဖွင့်နှယ်လှပသည်။ သို့သော်လည်း သူမသည် ဒေါသအရိပ်အမြွက်မျှမရှိဘဲ အာဏာကို ဆုပ်ကိုင်ထားသည်။
“တွေ့ဆုံပွဲက အစောကြီးစနေပြီလား" ကောင်မလေးက စင်ပေါ်သို့ တက်လာပြီးနောက် တင်းမာနေပြီဖြစ်သော အနေအထားကို ကြည့်၍ ပြောလိုက်သည်။
“အင်း၊ အဲတာ ငါ့နတ်ဘုရားမ လျို့ချင်းချင်းပဲ” စင်အောက်က တစ်စုံတစ်ယောက်က အံ့သြစွာ အော်ဟစ်လိုက်သည်။ ထိုလူက ကောင်မလေးကို ချက်ချင်းမှတ်မိသည်။ သူမကို မြောက်ပိုင်းတက္ကသိုလ်၏ နံပါတ်တစ် ကျောင်းဝင်းအလှဟု လူသိများသည်။ သူမသည် တစ်ချိန်တည်းတွင် လှပကာ စွမ်းအားကြီးသဖြင့် အမှန်တကယ်ပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်သည်။
virtual network တွင် လျို့ချင်းချင်းသည် စိတ်ကူးမယဉ်နိုင်သော လူကြိုက်များမှုပမာဏကို ပိုင်ဆိုင်ထားသည်။ တစ်ချိန်တည်း၌ပင် သူမသည် ဤတွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကြီးမားသောရိုက်ချက်များထဲမှ တစ်ဦးလည်းဖြစ်သည်။
"လျို့ချင်းချင်းလည်း ဒီကို ရောက်နေပြီလား။ ချူးယွင်ဖန်းကိုဝိုင်းရံဖို့ ရောက်လာတာများလား၊ ဒီလိုဖြစ်လာရင် ဒုက္ခရောက်လိမ့်မယ်။”
ဤသံသယသည် လူအများ၏ စိတ်နှလုံးထဲတွင် ပေါ်လာသည်။ ဤပွဲတွင် ပါဝင်သည့် ကြီးမားသော ရိုက်ချက်အနည်းငယ်သာ ရှိသော်လည်း ၎င်းတို့ အားလုံးကသာ ချူးယွင်ဖန်းကို ဝိုင်းရံကြလျှင် ချူးယွင်ဖန်းအတွက် အလွန်အဆင်မပြေဖြစ်လာပေလိမ့်မည်။
"ဘာလို့လဲ။ နင်လည်း ငါ့ကို ဒုက္ခပေးမလို့လား” ချူးယွင်ဖန်းက လျို့ချင်းချင်းကို ခပ်ပါးပါးပြုံး၍ပြောလိုက်သည်။
လျို့ချင်းချင်းက ကြင်နာသော အပြုံးဖြင့် တုံ့ပြန်ခဲ့၏။
"နင့်ကိစ္စက ငါနဲ့ မဆိုင်ပါဘူး။ တွေ့ဆုံပွဲမှာ ပါဖို့ ငါရောက်လာတာ”
လျို့ချင်းချင်းသည် ထိုဖိတ်ကြားချက်ကို အမှန်တကယ်စိတ်မဝင်စားကြောင်း မည်သူမျှမသိခဲ့ကြသော်လည်း၊ အနည်းဆုံးတော့ သူမသည် ယခုအချိန်တွင် ယင်းဖိတ်စာနှင့်ပတ်သက်၍ ပါဝင်လိုခြင်းမရှိကြောင်းကို ယခုသိလိုက်ကြရသည်။ ထို့ကြောင့် ချီရှောင်ဟွားတစ်ယောက် စိတ်သက်သာရာရသွား၏။ ချီရှောင်ဟွားအတွက်မူ ချူးယွင်ဖန်းကို ဖြုတ်ချခြင်းသည် သေချာသောအရာဖြစ်သည်။ သို့သော် ဖိတ်စာအတွက် အခြားသူများ လာတိုက်မည်ကို သူစိုးရိမ်နေသေး၏။
ဝမ်ချီနှင့် ဟွမ်ကျန်ကျွင်းတို့က ချူးယွင်ဖန်းကို ပစ်မှတ်ထားနေသည်မှာ ထင်ရှားသည်။ အကယ်၍ တိုက်ခိုက်သူသည် အခြားသူတစ်ဦးဖြစ်ခဲ့ပါက ၎င်းတို့က မုချပါဝင်မည်မဟုတ်ပေ။
"ဒါပေမယ့် အခုချိန်ကစပြီး လေ့ကျင့်ဖို့က တကယ်ကောင်းပါ့မလား။ ငါသိသလောက်တော့ မရောက်သေးတဲ့သူတွေ အများကြီးပဲ” လျို့ချင်းချင်းက ဖြည်းညှင်းစွာပြောသည်။
“ဒီကိစ္စက ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ငါ့ကိုယ်ရေးကိုယ်တာကိစ္စပါပဲ။ သူနဲ့တိုက်ပြီးရင်တော့ ပွဲတော်က ပုံမှန်အတိုင်းဆက်သွားလိမ့်မယ်” ချီရှောင်ဟွားက ခေါင်းကိုခါ၍ ပြောသည်။
“ဒါဆို နင်တို့ကောင်တွေဆက်လုပ်ပါ။ ငါက ဒီကို ပွဲကြည့်ဖို့ရောက်လာတာ” လျို့ချင်းချင်းသည် ဤနေရာသို့ ပွဲကြည့်ရန်ရောက်လာသကဲ့သို့ ပြုမူလိုက်သည်။ သို့သော် လျို့ချင်းချင်းသည် ချူးယွင်ဖန်းကို ဆက်တိုက်ကြည့်နေ၏။
သူမသည် ချီရှောင်ဟွားကို ကောင်းစွာသိသည်။ သူသည် ယုံကြည်မှုမရှိဘဲ မည်သည့်အရာကိုမျှ လုပ်မည့်သူမျိုးမဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းနှင့်တိုက်ခိုက်ရန် ဤမျှ စီစဥ်ထားခြင်းက ချူးယွင်ဖန်းကို ကိုင်တွယ်ရန် မည်မျှခက်ခဲကြောင်းကို ထင်သာစေသည်။ လျို့ချင်းချင်းက ဤလတ်တလောမှနာမည်ကြီးလာသည့် တက်သစ်စကြယ်ပွင့်သည် အမှန်ပင် ထိုသို့သော အမျိုးအစားထဲတွင်ရှိမရှိ သိချင်လာသည်။
“ဘယ်သူမှ မပါချင်တော့ဘူးဆိုတော့ ငါဆက်မထိန်းထားတော့ဘူး” ချူးယွင်ဖန်းက ပြုံး၍ ပြောသည်။
“ဘယ်သူနဲ့အရင်စရမလဲ။ အမ်…ငါမင်းနဲ့အရင်စမယ် ဝမ်ချီ”
ချူးယွင်ဖန်းက အော်လိုက်သောအခါ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်များထွက်ပေါ်လာသည်။ ကမ္ဘာကြီးတစ်ခုလုံး၏ ဝိဉာဥ်စွမ်းအင်များ တစ်ဟုန်ထိုးတိုးမြင့်လာကာ သူသည် ကြီးမားသော မုန်တိုင်း၏ ဗဟိုချက်ကဲ့သို့ပင်ထင်ရ၏။
“မွေးဖွားခြင်းနယ်မြေအဆင့်၊ သူကတကယ်မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီ”
ဤအခိုက်အတန့်တွင် လူတိုင်းအံ့အားသင့်သွားကြသည်။ လူအများက မွေးဖွားခြင်းနယ်မြေအဆင့်သို့ သူ့တက်လှမ်းနှင့်ပြီးဟု ခန့်မှန်းခဲ့ကြသည်။ မဟုတ်လျှင် ချီရှောင်ဟွားက ဤမျှထိ အလေးအနက်ထားမည်မဟုတ်ပေ။
ထို့ကြောင့် ချူးယွင်ဖန်းက သူ၏ စစ်မှန်သော စွမ်းအင်များထုတ်လွှင့်လိုက်သောအခါတွင် လူတိုင်းထိတ်လန့်သွားကြ၏။
လူတိုင်းက သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ကြရသည်။ ချူးယွင်ဖန်းသည် ဖိတ်စာကို လက်ခံရန်ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သောကြောင့် သူ၏ ခွန်အားကို ဆက်လက်ဖုံးကွယ်မထားတော့ပေ။ သူ့ခွန်အားကိုပြသရန် ယခုထက်ပိုကောင်းသော အခွင့်အရေးမရှိတော့ပေ။
ဤမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလေးယောက်က ချူးယွင်ဖန်းကို ဝိုင်းရံထားချိန်၌ မိမိကိုယ်မိမိကာကွယ်ရန်မစဥ်းစားဘဲ သူ၏ စွမ်းအားကို ပြသလာလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။
“ချူးယွင်ဖန်း ငါက အရင်အတိုင်းပဲလို့ မင်းတကယ်ထင်နေတာလား” ဝမ်ချီက ကြိမ်းဝါးလိုက်သည်။ သူ့အသံသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်လုံးနှယ်ပျံ့နှံ့လာ၏။
ခွန်အားအရဆိုလျှင် ဝမ်ချီသည် ထိုအချိန်က ချူးယွင်ဖန်းကိုတိုက်ခိုက်ဖူးသည်ထက် များစွာပို၍ သန်မာလာသည်။
အခန်း(၆၅၆) ဝမ်ချီကိုအနိုင်ယူခြင်း
ယခုတင် မိမိ၏ စစ်မှန်သော စွမ်းအားကို ပြသလိုက်သည့် ချူးယွင်ဖန်းကို မျက်နှာချင်းဆိုင်ကာ ဝမ်ချီ၏ အမူအရာသည်လေးနက်လာသည်။ ဝမ်ချီသည် ထိုစဥ်က ချူးယွင်ဖန်း အနိုင်ယူခဲ့သည်ကို ကောင်းစွာမှတ်မိနေသေးသည်။ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းသွားခြင်းသည် အလွန်ထင်သာမြင်သာလှသည်။ ၎င်းတို့သည် လုံးလုံးလျားလျားကွဲပြားသောအဆင့်နှစ်ခုဖြစ်၏။
လူတိုင်းက ထိုအဆင့်နှစ်ခုကြားမှ ကွာဟချက်ကို ရှင်းလင်းစွာမြင်နိုင်သည်။ ထိုစဥ်ကချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းနှင့်ပြီးဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့မရောက်သေးပေ။ ထို့အပြင် ယခုမူ ဤသို့အဆင့်တက်လာပြီးနောက် မျှော်လင့်ထားသကဲ့သို့ပင် သူ့ခွန်အားက ပို၍ တိုးတက်ကာ ကြောက်မက်ဖွယ်ကောင်းလာသည်။ ခန်းမတစ်ခုလုံးတွင် ချူးယွင်ဖန်းထံမှ ဖြာထွက်လာသည့်ဖိအားကို ခံစားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ချီသည် ထိုစဥ်ကကဲ့သို့ မာန်တက်နေသော အရူးမျိုးမဟုတ်တော့ပေ။ ထိုစဥ်က သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်ကာစအဆင့်ရှိသေးကာ သူ့စွမ်းအားကို မည်သို့အသုံးပြု၍မည်ကို ကောင်းစွာမသိသေးပေ။
ယခုမူ ကိစ္စများအားလုံးပြောင်းလဲသွားပြီဖြစ်၏။ ချူးယွင်ဖန်းက ဝမ်ချီကို ပထမဆုံးပြိုင်ဘက်အဖြစ်တိုက်ခိုက်တော့မည်ကိုကြည့်လျှင် ဝမ်ချီကို ပန်းသီးပုတ်တစ်လုံးကဲ့သို့ သဘောထားနေကြောင်းသိသာသည်။
ဝမ်ချီ၏ နှလုံးသားထဲမှ ဒေါသသည် ချက်ချင်းပင် ပြင်းထန်စွာပေါက်ကွဲလာသည်။
“မိုးကြိုးမီးစည်းချိပ်”
ဘွန်း
ဝမ်ချီ၏ လက်ထဲမှ လက်သီးတစ်လုံးသည် မိုးကြိုးစည်းချိပ်ဖြင့်ပေါက်ကွဲ၍ ကျန်တစ်လုံးသည် မီးစည်းချိပ်ဖြင့် ပေါက်ကွဲသွားသည်။ ၎င်းတို့နှစ်ခုကို စုပေါင်းလိုက်သောအခါ တိုက်ခိုက်မှု၏ စွမ်းအားသည် အလွန်အမင်းအဆုံးမဲ့လှသည်။ မရေမတွက်နိုင်လောက်သည်အထိ များပြားလှသော မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်များ၏ တန်ပြန်တိုက်ခိုက်မှုနှင့် ပတ်ဝန်းကျင်ရှိ ဝိဉာဥ်စွမ်းအင်များတစ်ဟုန်ထိုးမြင့်တက်လာမှုတို့သည် ချူးယွင်ဖန်းကို ဖျက်ဆီးပစ်တော့မည့် ကြီးမားသော စည်းချိပ်တစ်ခုအသွင်ပြောင်းသွားသည်။ ဝမ်ချီက ချူးယွင်ဖန်းသည် အလွန် စွမ်းအားကြီးကာ ကိုင်တွယ်ရခက်ကြောင်းသိထားသောကြောင့် စတင်တိုက်ခိုက်သည့် အခိုက်အတန့်၌ပင် စွမ်းအားအနည်းငယ်မျှ ထိန်ချန်မထားဘဲ တိုက်ခိုက်ခဲ့သည်။ မိုးကြိုးမီးစည်းချိတ်စွမ်းအားများကို ရင်ဆိုင်နေရသော်လည်း ချူးယွင်ဖန်းက အနည်းငယ်မျှ ကြောက်လန့်သွားခြင်းမရှိပေ။
“ကလေးကစားတဲ့အကွက်တွေ။ မင်းတော့ သေပြီ”
ချူးယွင်ဖန်း၏ ခြေထောက်တစ်ဖက်ရုတ်တရက် ထွက်ပေါ်လာရာ လေထုကိုခွင်း၍ မုန်တိုင်းတစ်လုံးကဲ့သို့ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံး ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ပေါက်ကွဲသွား၏။ ၎င်းသည် နတ်တောင်တန်းကြီးကို ကန်ချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်လောက်သော ဓားခုတ်ကောင်တစ်ကောင်၏ ကန်ချက်နှင့်ဆင်တူသည်။
ထိုရိုးရှင်းသော ကန်ချက်တစ်ခုတည်းဖြင့် ချူးယွင်ဖန်းသည် လူတိုင်း၏ မျက်စိရှေ့တွင် မိုးကြိုးမီးစည်းချိပ်ကို ဖျက်ဆီးပစ်လိုက်သည်။ မရေမတွက်နိုင်ဖွယ်များပြားလှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ မူလက မိုးကြိုးမီးစည်းချိပ်၏ ထိန်းချုပ်မှုအောက်တွင် စည်းချိပ်အတွင်းထဲမှ ချီစွမ်းအင်ပမာဏသည် ပုံမှန်ဖြစ်၏။ ယခုမူ ချူးယွင်ဖန်းသည် ထိုကန်ချက်တစ်ချက်တည်းဖြင့် ယင်းကို ဖျက်ဆီးပစ်လိုက်သည်။
စည်းချိပ်အတွင်းမှ ချီစွမ်းအင်များ ကြောက်မက်ဖွယ်ကောင်းစွာ ပေါက်ကွဲထွက်လာကာ အဘက်ဘက်သို့ စွမ်းအင်များစွာ ပျံ့နှံ့သွားသည်။
“ချီးပဲ”
ထိုအခိုက်အတန့်တွင် ဝမ်ချီက သူ့ထံသို့ ပြန်ကန်ထွက်လာသည့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ မိုးကြိုးမီးစည်းချိပ် ပျက်ဆီးသွားကာ ချီစွမ်းအင်ပေါက်ကွဲမှုက သူ့ထံသို့ ပြန်ကန်လာခြင်းဖြစ်သည်။
ကန်ချက်တစ်ချက်တည်းဖြင့် စည်းချိပ်ပေါက်ကွဲသွားပြီးသည့်နောက်တွင် ချူးယွင်ဖန်း၏ အရှိန်က လျော့ကျမသွားသေးပေ။ ကန်ချက်ကြောင့်ဖြစ်ပေါ်လာသော သူ့ခြေထောက်၏ စွမ်းအားသည် ချက်ချင်းပင် ဝမ်ချီကို တိုက်ရိုက်ထိမှန်သွား၏။ ယခင်ကနှင့်ယှဥ်လျှင် ဝမ်ချီသည် အလွန်အမင်း တိုးတက်လာခဲ့ကာ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ပင် ရောက်နေ၍ ခွန်အားသည်လည်း အနှိုင်းမဲ့နေပြီဖြစ်သည်။ ယခင်ကနှင့်ယှဥ်လျှင် သူ၏ ခွန်အားသည် အနည်းဆုံး ထက်ဝက်မျှ တိုးတက်လာ၏။
သို့သော် ချူးယွင်ဖန်း၏ ခွန်အားသည် ထက်ဝက်မျှတိုးတက်လာခြင်းမဟုတ်ဘဲ အဆပေါင်းများစွာ တိုးတက်လာခြင်းဖြစ်သည်။ အချိန်တိုအတွင်းတွင် ချူးယွင်ဖန်းနှင့် ဝမ်ချီတို့အကြားမှ ကွာဟချက်က ကျုံ့မသွားဘဲ ပို၍ ကျယ်ပြန့်လာသည်။
“သေစမ်း”
ဤအခိုက်အတန့်တွင် ချီရှောင်ဟွားနှင့် အခြားသူများသည် ဤကိစ္စများက အဆင်မပြေနေကြောင်း နားလည်သွားသည်။ ဝမ်ချီက ချူးယွင်ဖန်းကို တစ်ကြိမ်ရှုံးနိမ့်ဖူးခဲ့သည့်အကြောင်း ၎င်းတို့က သိထားကြသော်လည်း မည်ကဲ့သို့ရှုံးနိမ့်ခဲ့ကြသည်ကို မသိကြပေ။ ဝမ်ချီသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၍ ထိုးချက်တစ်ချက်ကိုတော့ ခံနိုင်လိမ့်မည်ဟု ၎င်းတို့ တွေးခဲ့ကြသည်။ သို့သော် ယခုမူ သူက ဤမျှထိ အင်အားနည်းနေကြောင်း ၎င်းတို့ နားလည်သွား၏။
ကန်ချက်တစ်ချက်တည်းဖြင့်ပင် ချူးယွင်ဖန်းသည် ဝမ်ချီကို အနိုင်ယူနိုင်ခဲ့သည်။
ချူးယွင်ဖန်းကို ဝိုင်းထားသော အခြားသုံးယောက်သည်မူ ကန်ချက်က ဝမ်ချီကို ထိသွားသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းနောက်ကျသွားပြီဖြစ်၍ ကူကယ်ရာမဲ့စွာဖြင့်သာ ငေးကြည့်နေမိကြသည်။
ဘမ်း
ထိုအခိုက်အတန့်တွင် ဝမ်ချီက အံကို ကြိတ်၍ ရင်ဘတ်ကို လက်မောင်းဖြင့်ကာကာ ခုခံလိုက်သည်။ ချူးယွင်ဖန်း၏ ကန်ချက်က သူ့လက်မောင်းပေါ်သို့ တိုက်ရိုက်ထိမှန်သွားသော်လည်း ရင်ဘတ်သို့ မထိခဲ့ပေ။
ကျယ်လောင်သောအသံကြီးတစ်ခု ပေါ်ထွက်လာပြီးနောက် ဝမ်ချီသည် အနောက်သို့ ပေအနည်းငယ်ခန့်လွင့်ထွက်သွားသည်။ သူ့ခြေထောက်များသည် သစ်ပင်ဟောင်း၏ အမြစ်များကဲ့သို့ မြေကြီးကို ခိုင်မြဲစွာကုပ်တွယ်ထားသည်။ သို့သော် နောက်သို့ ပေအနည်းငယ်ခန့်လွင့်ထွက်သွားရသေးကာ ထိုအခါမှ သူ့ကိုယ်သူ ဟန်ချက်ထိန်းနိုင်ခဲ့သည်။ ထို့နောက် ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ကန်ချက်မှ ခွန်အားသည် ယခင်ကထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှဿည်။ ချူးယွင်ဖန်းသည် နတ်နှံကောင်ကန်ချက်ကို ပြီးပြည့်စုံအဆင့်အထိ ကျင့်ကြံထားခဲ့ပြီးဖြစ်၏။
ကန်ချက်ကြောင့်ဖြစ်ပေါ်လာသည့် လေဖြင့် ထိမှန်သွားသည်ကပင် ဝမ်ချီကို အရိုးများအားလုံး ကျိုးကြေသွားတော့မည့်အလား ခံစားရစေသည်။ ထို့နောက် ပါးစပ်ထဲမှ သတ္ထုအရသာမျိုးရလိုက်ကာ သွေးတစ်ပွက်အန်ထွက်လာသည်။
“အား မင်း မတားနိုင်လိုက်ဘူးလား။ ဒါပေမယ့် အဲ့တာအကုန်ပဲ” ချူးယွင်ဖန်းက အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
“သူ့ကို တားကြ” ချီရှောင်ဟွားက ကြုံးဝါး၏။
ဟွမ်ကျန်ကျွင်းနှင့် ကျားဟိုန်ဟိုင်တို့က ချက်ချင်း ချူးယွင်ဖန်းကို နှစ်ဖက်နှစ်ချက်စီမှ ဝိုင်းရံလိုက်ကြသည်။ ဝမ်ချီနှင့် နှိုင်းယှဥ်လျှင် ဟွမ်ကျန်ကျွင်းနှင့် ကျားဟန်ဟိုင်တို့က ပို၍ သန်မာ၏။ ၎င်းတို့ အားလုံး မွေးဖွားခြင်းနယ်မြေဒုတိယအဆင့်သို့ တက်လှမ်းခဲ့ကြပြီးဖြစ်ကာ အဆင့်တူမဟုတ်သည်မှာ သိသာလှသည်။
သို့သော် ၎င်းတို့က ချူးယွင်ဖန်းကို ခုန်အုပ်တိုက်ခိုက်လိုက်သောအခိုက်အတန့်၌ ချူးယွင်ဖန်းပျောက်ကွယ်သွားသည်ကို ၎င်းတို့က သတိထားမိလိုက်ကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ ပုံရိပ်ယောင်ကိုသာ ခုန်အုပ်နိုင်ခဲ့ကြသည်။ စက်ခရင်ကြီးထက်တွင် ပျောက်ကွယ်သွားသော ချူးယွင်ဖန်းက ဝမ်ချီ၏ ဘေး၌ ပြန်ပေါ်လာသည်။
“ချီးပဲ”
ဝမ်ချီက သူ့ကိုယ်ပေါ်သို့ သက်ရောက်လာသည့် ပြင်းထန်သော ဖိအားကို ချက်ချင်းခံစာလိုက်မိသဖြင့် ပြန်လည်ခုခံရန် ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် ရှည်လျားသော ခြေထောက်က သူ့မျက်နှာထက်သို့ ရောက်လာ၏။
အဝေးမှကြည့်လျှင် လေထုတစ်ခုလုံး နှစ်ပိုင်းကွဲ၍ ကောင်းကင်တစ်ခုလုံး ထက်ခြမ်းကွဲသွားပြီဟု ထင်ရ၏။ ထိုကန်ချက်သည် အလွန်သန်မာလှသောကြောင့် တိုက်ခိုက်မှု၏ အင်အားမည်မျှပြင်းသည်ကို သိနိုင်သည်။
ဘမ်း
ကန်ချက်က ဝမ်ချီကိုတိုက်ရိုက်ထိမှန်သွားရာ၊ ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ ချက်ချင်း လွင့်ထွက်သွား၏။
ဝမ်ချီက ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ နောက်ထပ်သွေးတစ်ပွက်အန်ထွက်လာကာ သွေးများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ သူ့တစ်ကိုယ်လုံးသည်လည်း ဒုံးကျည်တစ်စင်းကဲ့သို့ လွင့်ထွက်သွား၏။
ဘမ်း
မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် သူ့အရိုးများအားလုံး ကြိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအရာများအားလုံးကို ဖော်ပြရန်အချိန်များစွာကြာမြင့်သော်လည်း ၎င်းတို့အားလုံးသည် အသက်အနည်းငယ်ရှုစာကာလတွင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။ လူအုပ်က ချက်ချင်းပင် ချူးယွင်ဖန်း၏ ပြင်းထန်သော မွေးဖွားခြင်းနယ်မြေအဆင့် စွမ်းအင်များအောက်၌ နစ်မြုပ်သွားသည်။ လူအုပ်က အဆင်သင့်မဖြစ်သေးခင်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၍ ရလဒ်က လူအုပ်ကို ပို၍ပင် ထိတ်လန့်သွားစေသည်။
မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းပြီးသည့် ဝမ်ချီသည် ကန်ချက်နှစ်ချက်တည်းဖြင့်ပင်
ရှံးနိမ့်သွား၏။ သူသည် ကွင်းပြင်သို့ကန်ထုတ်ခံလိုက်ရပြီးနောက် ချက်ချင်းအပြင်းအထန် ဒဏ်ရာရသွားကာ တိုက်ခိုက်ရေးစွမ်းအားများအားလုံးကုန်ဆုံးသွားရသည်။
ဤအရာများအားလုံးသည် မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ဝမ်ချီရှုံးနိမ့်ပြီး၍ ကွင်းထဲမှ လွင့်ထွက်သွားသောအခါမှသာ လူအုပ်ကြီးက အသိပြန်ဝင်လာခဲ့သည်။ ချူးယွင်ဖန်းကို ဝိုင်းရံထားသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလေးဦးသည် ချက်ချင်းပင် ထောင့်၌ နေရာယူလိုက်ကြသည်။
အခန်း(၆၅၇) ဘုရင်အဆင့် ခွန်အား
ယခုအချိန်မှာသာ ကွင်းအောက်မှ ပရိသတ်များက အသိပြန်ဝင်လာကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလေးဦးအနက် တစ်ဦးဖြစ်သည့် ဝမ်ချီသည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
"အရမ်းမြန်တယ်"
"အရမ်းသန်မာလွန်းတယ်။ ချူးယွင်ဖန်းက အရမ်းကြောက်စရာကောင်းတာပဲ။ ချီရှောင်ဟွားလိုမျိုးလူမျိုးကတောင် ချူးယွင်ဖန်းကို ကိုင်တွယ်ဖို့ အခြားမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသုံးယောက်လိုနေတာ အံ့သြစရာမဟုတ်ဘူး”
"ဒါက အရမ်းမြန်တာပဲ အကုန်မပြီးခင်မှာ ဘာဖြစ်သွားလဲဆိုတာတောင် သေချာမမြင်လိုက်ရဘူး"
လူများစွာသည် ဖြစ်ပျက်ခဲ့သောအရာကိုမမေ့နိုင်ကြသေးပေ။ ဤသည်မှာ ၎င်းတို့ထင်ခဲ့ကြသည့် တိုက်ပွဲနှင့် လားလားမျှမတူပေ။ ၎င်းတို့ စိတ်ကူးထားသည့်မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်များကြား ကြီးကျယ်ခမ်းနား၍ ပြင်းထန်သော တိုက်ပွဲမျိုးဖြစ်မလာခဲ့ပေ။
ဤအရာက လူများစွာ၏ လောကအမြင်နှင့် ခံယူချက်များကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ သို့သော် ပို၍ပင် လေးလေးနက်နက် တွေးတောနေသူများ ရှိသည်။ မျှော်လင့်ထားသည့် ပြင်းထန်သောတိုက်ပွဲ မဖြစ်ခဲ့ရသည့် အကြောင်းရင်းတစ်ခုသာ ရှိသည်။ အကြောင်းမှာ ချူးယွင်ဖန်းက ဝမ်ချီထက် အလွန်အမင်း စွမ်းအားကြီးလွန်းသောကြောင့်ဖြစ်သည်။
ဝမ်ချီက အင်အားနည်းသည်ဟုပြော၍မရနိုင်ပေ။ သူ၏ မိုးကြိုးမီးစည်းချိပ်မှ ထုတ်လွှတ်သော စွမ်းအားသည် လူတိုင်း ခံစားနိုင်သော အရာဖြစ်သည်။ သို့သော် ချူးယွင်ဖန်းနှင့် ယှဉ်ပြိုင်ရာတွင် ဝမ်ချီသည် လုံးဝမယှဥ်နိုင်ခဲ့ပေ။ သူသည် လုံးလုံးလျားလျားရှုံးနိမ့်ခဲ့ခြင်းဖြစ်၏။ ဤတိုက်ပါဲတွင် စစ်မှန်သော အဓိပ္ပါယ်ရှိသည်ဟုပင် ပြော၍မရနိုင်ပေ။
"ဒီလောက်နာမည်ကြီးခဲ့တဲ့ ချူးယွင်ဖန်းက တကယ်ကို ကိုင်တွယ်ဖို့ မလွယ်ဘူးပဲ"
"ဒီတိုက်ပွဲမှာ ချူးယွင်ဖန်းရှုံးခဲ့ရင်တောင် သိုင်းကွက်နည်းနည်းနဲ့ ဝမ်ချီကို ဖြုတ်ချနိုင်သေးတယ်။ ဒီစွမ်းအားက ဘယ်သူ့ကိုမဆို ထိတ်လန့်စေလောက်အောင်ပဲ”
ထိုအချိန်တွင် ယန်လီလီသည် ၎င်းကို မယုံရဲခဲ့ပေ။ အနည်းငယ်လှုပ်ရှားရုံဖြင့် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူကို စင်မြင့်ထက်မှာ လွင့်ထွက်သွားစေနိုင်သူမှာ သူမသိထားသည့် သာမန်ချူးယွင်ဖန်းဖြစ်သည်။ ဤခံစားချက်သည် အိပ်မက်တစ်ခုကဲ့ပင် မယုံကြည်ချင်စဖွယ်ကောင်းလှသည်။
ယန်လီလီ၏ စိတ်ထဲတွင် သာမန် ချူးယွင်ဖန်း၏ ပုံရိပ်သည် ကွဲအက်သွားခဲ့သည်။ သူ့ကို မတွေ့ရသည်မှာ နှစ်အနည်းငယ်ကြာပြီးနောက်၊ သူသည် ဤကဲ့သို့သော သားရဲအဖြစ် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။ ယန်လီလီသည် ကမ္ဘာကြီး၏အရေးကိစ္စများကို ဂရုမစိုက်ခဲ့သော်ငြား ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူကို အနိုင်ယူနိုင်သည်ဟူသောအရာ၏ ဆိုလိုရင်းကို သူမနားလည်သည်။ ဤသည်မှာ သူ၏အနာဂတ်သည် အကန့်အသတ်မရှိဟု ဆိုလိုခြင်းဖြစ်၏။
"ဒီ ချူးယွင်ဖန်းက အရမ်းတော်တယ်။ သူ ကျာ့ထိုက်ဟွာကို အထင်သေးနေတာ အံ့သြစရာမဟုတ်ဘူးပဲ။ ကျာ့ထိုက်ဟွာနဲ့ ငါတို့က သူ့မျက်လုံးထဲမှာ လူပြက်တွေချည်းပဲ” တုယွဲ့အာက မကျေနပ်ဖြစ်လျက် ပြောသည်။ ‘သူအရမ်းတော်ရင် စောစောက ဘာလို့မပြောတာလဲ။ ဘာမှမပြောဘဲ၊ ငါတို့ကိုကြည့်နေတာ အရူးလို့သဘောထားနေတာမဟုတ်ဘူးလား’
အကယ်၍ ဤတိုက်ပွဲကြီးကြောင့်သာ မဟုတ်ပါက၊ ၎င်းတို့သည် အမှောင်ထဲတွင်သာရှိနေမည်ဖြစ်၍ ကျေနပ်နေပေလိမ့်မည်။ ယခုအချိန်မျှသာ သူတို့ မည်မျှထိမှားယွင်းသွားကြောင်းသိလိုက်ရသည်။
ယခုအချိန်တွင် စင်ပေါ်၌ထိုင်နေသော လျို့ချင်းချင်းက လုံးလုံးလျားလျား ထိတ်လန့်သွားသည်။ သူမသည် စင်မြင့်အစွန်းရှိ ထိုင်ခုံမှ ခုန်ဆင်းလုနီးပါးဖြစ်နေ၏။
လျို့ချင်းချင်းသည် ဝမ်ချီကို နှိမ်နှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ပထမဆုံးသိုင်းကွက်ရာချီမျှမလုပ်ပါက ထိုကဲ့သို့ ဝမ်ချီကို ကြေကွဲဖွယ်ရှုံးနိမ့်စေနိုင်ရန် လက်တွေ့တွင် မဖြစ်နိုင်ပေ။သို့သော် ချူးယွင်ဖန်းသည် ဘုရင်အဆင့်နီးပါးရှိသည့် တိုက်ပွဲတွင် အစွမ်းအစကိုပြသကာ လွယ်ကူစွာပြုလုပ်နိုင်ခဲ့သည်။
ယခုအချိန်တွင် လျို့ချင်းချင်းသည် ဝန်းရံမှုတွင် ပါဝင်ခြင်းမရှိသည့်အတွက် ဝမ်းသာမိနေသည်။ ဤသည်မှာ သူမက ဖိတ်စာကတ်ကို မလိုချင်ခြင်းကြောင့်မဟုတ်ပေ။ အခြေအနေကို မသေချာသေးသဖြင့် လုပ်ဆောင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ ပြန်တွေးကြည့်လိုက်ပြီးနောက် လျို့ချင်းချင်းသည် ဤသည်မှာ ပညာရှိဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းသဘောပေါက်လိုက်သည်။
ထိုသို့သောလူသည် သူမကို လုံးလုံးလျားလျား သတ်ပစ်လိမ့်မည်။ ဒဏ်ရာရ၍မသတ်လျှင် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာပေလိမ့်မည်။ ထို့နောက် သူမသည် သူမ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ထိုသူကို သတိထားနေရမည်ဖြစ်၏။
ထိုအချိန်တွင် ချူးယွင်ဖန်းက သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်ပြီးနောက် လှောင်ပြောင်၍ ပြောသည်။
“ငါ နောက်တစ်ယောက်ကို ကိုင်တွယ်ပြီးတာနဲ့ မင်းအလှည့်ပဲ” ချူးယွင်ဖန်းက ခေါင်းကို လှည့်၍ ချီရှောင်ဟွားကို ကြည့်လိုက်သည်။
ချီရှောင်ဟွားသည် လက်ပိုက်၍ ချူးယွင်ဖန်းကို ရယ်မောကာ ကြည့်လိုက်သည်။
"ငါ မင်းကို တကယ်လျှော့တွက်ခဲ့တာ ငါဝန်ခံတယ်။ ဒါပေမယ့် မင်းရဲ့ ခွန်အားကိုပဲ အပြစ်တင်ရမှာပေါ့။ ဝမ်ချီကို အနိုင်ယူဖို့ လုံလောက်ပေမယ့် ငါနဲ့ ပြိုင်ဖို့ကတော့ အရမ်းဝေးနေသေးတယ်ကွ”
ထိုအခိုက်တွင် ဟွမ်ကျန်ကျွင်းက ချူးယွင်ဖန်းကဆီသို့ ခုန်အုပ်တိုက်ခိုက်လိုက်သည်။
ချွင်း
ဟွမ်ကျန်ကျွင်းသည် ထက်မြက်သောဓားကိုထုတ်၍ မထင်မှတ်ဖွယ်ကောင်းသော ဓားရောင်ဝါကိုထုတ်လွှတ်လိုက်သည်။ ဓားရောင်ခြည်သည် ချူးယွင်ဖန်းဆီသို့ မုန်တိုင်းတစ်ခုလို ထိုးဆင်းသွားသည်။ ဝမ်ချီနှင့် ယှဉ်လျှင် ဟွမ်ကျန်ကျွင်းက သိသိသာသာ သန်မာသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ ဒုတိယအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်သဖြင့် သိသိသာသာ သန်မာလှ၏။
မွေးဖွားခြင်းနယ်မြေအဆင့်၏ အဆင့်တိုင်းသည် တံခါးခုံတစ်ခုနှင့်တူသည်။
"မင်း ဒီနည်းလမ်းကို သုံးမှာလား" ချူးယွင်ဖန်းက အေးစက်စွာပြောပြီးနောက် ဓားကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
သူ့လက်ဖဝါးမှ ကျောက်စိမ်းရောင် ခပ်မှိန်မှိန်အလင်းတန်းတစ်ခု ဖြာထွက်နေ၏။
ထို့နောက် ချူးယွင်ဖန်းက ဓားအလင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်ကို အားလုံးက စောင့်ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် လက်ဗလာဖြင့် ဓားအလင်းကို ရင်ဆိုင်လိုက်ခြင်းဖြစ်သည်။
“မဖြစ်နိုင်ဘူး။ သူဘာလို့ဒီလိုလုပ်တာလဲ”
လူအများက အံ့အားသင့်စွာ အော်ဟစ်ခဲ့ကြသည်။ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုသည် ချူးယွင်ဖန်း ရူးသွပ်သွားပြီဟု ထင်လိုက်ကြခြင်းဖြစ်သည်။
‘လက်ဗလာနဲ့ ဓားအလင်းကို ဘာလို့ တိုက်ရဲတာလဲ။ သူ့ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာနေပါစေ သာမာန်လူတစ်ယောက်ပဲလေ။ သူက နတ်လက်နက်ကို ဘယ်လိုလုပ်တိုက်နိုင်မှာလဲ”
ယခုမူ ချူးယွင်ဖန်းသည် ၎င်းတို့၏ ယခင်က ယုံကြည်ချက်များအားလုံးကို ပြောင်းပြန်လှန်ပစ်တော့မည်ဖြစ်သည်။ ချူးယွင်ဖန်းက လက်ဖဝါးဖြင့် ဓားအလင်းကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသကဲ့သို့ပင် ပေါက်ကွဲသံများအဆက်မပြတ်ထွက်ပေါ်လာကာ ချူးယွင်ဖန်း၏လက်ဖဝါးမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။
ထို့နောက် ချူးယွင်ဖန်းက ထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းကို ဖမ်းကိုင်လိုက်သောအခါ ဓားအလင်းက တစ်လက်မချင်းကွဲထွက်သွားသည်ကို လူတိုင်း၏ မျက်လုံးရှေ့တွင် မြင်လိုက်ရ၏။ ချူးယွင်ဖန်း၏လက်သည် သံမဏိနှင့် သံအရိုးများဖြင့် ပြုလုပ်ထားသကဲ့သို့ ဓားအလင်းကို အတင်းဆွဲကိုင်ကာ ဖမ်းလိုက်ခြင်းဖြစ်သည်။
“သူတကယ်လုပ်လိုက်တာလား။ သူက မွန်းစတားလား”
“မွန်းစတားတစ်ကောင်ပဲ။ သေချာတာ သူက မွန်းစတားတစ်ကောင်ပဲ”
"ဒါပဲလား။ တောက်ပြောင်နေပေမယ့် လက်တွေ့မကျဘူး။ ဒီလိုအဆင့်မြင့်ဓားသိုင်းကို သုံးတာ ရှက်သင့်တယ်” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ဓားအလင်းကို ခွဲထုတ်ပြီးနောက် ချူးယွင်ဖန်းက ရုတ်တရက် အော်လိုက်သည်။ ထို့နောက် လက်ဖြင့် ဓားအလင်းကို ကိုင်လျက် ပစ်ထုတ်လိုက်သည်။ ထိုအခါ ဟန်ကျန်ကျွင်းဆီသို့ ဓားမိုးများရွာချလာ၏။
ဟွမ်ကျန်ကျွင်းအံ့သြသွားသည်။ သူ့တိုက်ခိုက်မှုကို ဤသို့နည်းဖြင့် တားဆီးလိမ့်မည်ဟု သူတစ်ခါမျှ မတွေးထားခဲ့ဖူးပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကိုသံမဏိဖြင့် ပြုလုပ်ထားသလော။
သို့သော် ဟွမ်ကျန်ကျွင်းသည် ဤကိစ္စကို စဉ်းစားရန် အချိန်မရှိပေ။ ချူးယွင်ဖန်းက သူ၏ မွေးဖွားခြင်းနယ်မြေအဆင့် ဓားအလင်းကို ဖမ်းလိုက်ပြီးနောက် ၎င်းသည် သူ့ဆီသို့ ပြန်လည်ရောက်ရှိလာ၏။
"သက်တံ့ပျံဓား"
ဟွမ်ကျန်ကျွင်းက ဟိန်းဟောက်၍ ဓားကို ထိုးသွင်းလိုက်ရာ သူ့ခန္ဓာကိုယ်သည် တုန်လှုပ်ခြောက်ခြားဖွယ်ဓားအလင်းအဖြစ်ပြောင်းလဲသွားသည်။ ဓားအလင်းသည် အစောပိုင်းက သူခုတ်ပိုင်းပစ်ခဲ့သည့် ဓားချက်ကြောင့်ဖြစ်ပေါ်လာသော ဓားမိုးကို ရပ်တန့်ပစ်လိုက်သည်။
ဟင့်အင်း
စစ်မှန်သော စွမ်းအင်များ အချင်းအချင်းတိုက်မိပြီးနောက် တောက်ပသော မီးရှူးမီးပန်းများကဲ့သို့ လေထဲတွင် ဆက်တိုက်ပေါက်ကွဲသွားသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဟွမ်ကျန်ကျွင်းသည် ချူးယွင်ဖန်းက သူ့ဓားချက်အောက်တွင် ရှိနေကြောင်းမြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။