လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး
Vol. 1 Ch. 4
''ဂျိ…ဂျိ''
ကျောရိုးတစ်လျှောက် စိမ့်သွားလောက်အောင် ထိတ်လန့်ဖွယ်အော်သံတစ်ခု ပဲ့တင်ထွက်ပေါ်လာသည်။ ဤမြင်ကွင်းကို ကြည့်ရှုနေရင်း လင်းရှန်၏မျက်နှာက မှောင်မိုက်လာသည်။ ထိုမိန်းကလေးသည် အလွန်ငယ်ရွယ်နေသေးသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း မရေမတွက်နိုင်သော စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်များကို သူမြင်တွေ့ခဲ့ရသော်လည်း၊ သနားစိတ်ကို မထိန်းချုပ်နိုင်သေးပါ။
ထိုမိန်းကလေးသည် ထိတ်လန့်ဖွယ်ပိုးကောင်၏ ဝါးမျိုခြင်းခံရတော့မည်ဟု ထင်မှတ်လိုက်စဉ်မှာပင်၊ သူမ၏ခန္ဓာကိုယ်မှ မမြင်နိုင်သော လှိုင်းတစ်ခု ရုတ်ချည်းပေါက်ကွဲထွက်လာသည်။ နားအူသွားစေသော အသံက အပြင်ဘက်သို့ ပထမဆုံးရိုက်ခတ်သည်။ လင်းရှန်တုံ့ပြန်ရန်အချိန်မရှိခင်မှာပင်၊ သူ့ရှေ့ရှိတံခါးနှင့်အတူ သူ့တစ်ကိုယ်လုံး နောက်ပြန်လွင့်စင်ထွက်သွားသည်။
“ဘုန်း…”
ချက်ချင်းဆိုသလို၊ အခန်းအတွင်းရှိ မှန်ချပ်များအားလုံး ကွဲထွက်သွားပြီး၊ ပရိဘောဂများသည် အစိတ်အပိုင်းများအဖြစ် ကွဲအက်သွားသည်။
လင်းရှန်သည် လှိုင်းလုံးတစ်ခုဖြင့် ရိုက်ခတ်ခံရပြီး ဧည့်ခန်းပြတင်းပေါက်၏ သံဇကာများပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်မိမှ ရပ်တန့်သွားသည်။ သူ၏နားများ တစီစီမြည်လျှက် ခတ္တမျှ ဦးတည်ရာမသိဖြစ်သွားသည်။
ကံကောင်းစွာဖြင့်၊ သူ၏ခန္ဓာကိုယ်သည် စွမ်းအားဖြည့်တင်းထားပြီးဖြစ်သည်။ မဟုတ်လျှင် သူသည် နေရာတွင်ပင် သတိလစ်သွားပေလိမ့်မည်။
ရုတ်တရက်ဖြစ်ပေါ်လာသည့် ပြင်းထန်သောအပြောင်းအလဲသည် အဆောက်အအုံတစ်ခုလုံးကို လှုပ်ခါစေသည်။ ချက်ချင်းဆိုသလို၊ ဆူညံသောအော်ဟစ်သံများ ထွက်ပေါ်လာပြီး၊ ဖုတ်ကောင်အုပ်စုများသည် တိုက်ခန်းများဆီသို့ စီးဝင်လာသည်။
''ချီးထဲမှ''
လင်းရှန်သည် ကြိုးစား ထရပ်လိုက်ရင်း တီးတိုးဆဲဆိုလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ မသိလိုက်ပဲ အထဲရောက်နေသော ဦးလေးလီအလောင်းကောင်ကြီးက ယိုင်ထိုးယိုင်ထိုး ဝင်ရောက်လာခဲ့သည်။
လင်းရှန် ဓါတ်မီးဖြင့် ထိုးလိုက်သောအခါ ဦးလေးလီသည် လေးဘက်ထောက်ကာ ရုတ်တရက်လျှင်မြန်စွာ ရွေ့လျားသွားသည်။ အလောင်းကောင်ကြီးသည် ထူးဆန်းသော အသံနက်ကြီးဖြင့် အော်ဟစ်ရင်း ကြမ်းပြင်မှ ခုန်ထွက်လာသည်။ ၎င်း၏ ပုတ်အဲ့နေသော ခန္ဓာကိုယ်ကြီးက သူ့ထံ ပစ်လွင့်လာခြင်းဖြစ်သည်။
လင်းရှန် အသက်ပြင်းပြင်းရှူလိုက်ရင်း သူ၏သွေးများကို ပြင်းထန်စွာ စီးဆင်းစေသည်။ သူသည် ဗီဇအလျှောက် လျှင်မြန်စွာ နောက်ဆုတ်လိုက်ပြီး လက်ကိုမြှောက်ကာ လေအမြောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။
“ရွှစ်”
ထိတ်လန့်မှုနှင့် ဒေါသဖြင့် လှုံ့ဆော်ထားသော လင်းရှန်သည် ၎င်း၏ခွန်အားအားလုံးကို ထိုတိုက်ခိုက်မှုထဲသို့ လောင်းထည့်လိုက်မိသည်။ မမြင်ရသော လေဓါးသွားတစ်ချောင်းက ပေါက်ကွဲအားအပြည့်ဖြင့် ထွက်ပေါ်လာသည်။
''ဖွမ်း…''
ချက်ချင်းဆိုသလို၊ အပုတ်ရည်များ နေရာအနှံ့ဖျန်းထွက်သွားသည်။ အလောင်းကောင်ကြီး၏ မျက်နှာကို တိုက်ရိုက်ထိမှန်သွားပြီး ဦးခေါင်းပွင့်ထွက်သွားခြင်းဖြစ်သည်။ အလောင်းကြီးက ဘေးသို့ လိမ့်ထွက်သွားပြီး အသားပုတ်အပိုင်းအစများ ပြန့်ကျဲသွားသည်။
လင်းရှန်သည် ထိတ်လန့်နေသော်လည်း တွန့်ဆုတ်မနေပဲ ဓါးမြှောင်ဖြင့် ရှေ့ကိုခုန်ဝင်သွားသည်။ အစကတည်းက သူလုံး၀မျက်လုံးမလွှဲခဲ့သော ပိုးကောင်ကြီးကို ဓါးမြှောင်ဖြင့် တဆုံးထိုးစိုက်လိုက်လေသည်။
“စွပ်”
“ရှီး…”
အနက်ရောင်ပိုးကောင်သည် ထိတ်လန့်ဖွယ်အော်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ခြေထောက်များစွာက ရူးသွပ်စွာ ကန်ကျောက်နေသည်။ လင်းရှန်သည် ကြမ်းပြင်တိုင်စိုက်ဝင်နေသော ဓါးမြှောင်၏ အရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူသတိကြီးစွာ ထားနေသည့်တိုင် ပိုးကောင်ကြီးသည် တစ်ပတ်လှည့်ကာ မိမိကိုယ်ကိုယ် ဖြတ်တောက်ပစ်လိုက်ပြီး ကျန်တစ်ပိုင်းက အရိပ်ထဲသို့ တွားသွားပျောက်ကွယ်သွားသည်။
''အဲ့ဒါက ဒီလောက်တောင် ဉာဏ်ကောင်းတာလား''
လင်းရှန် တီးတိုးဆဲဆိုလိုက်သည်။ ဆူညံမှုကြောင့် နှိုးဆွခံလိုက်ရသော ဖုတ်ကောင်များထဲမှ အုပ်စုတစ်ခုက သူတို့ တိုက်ခန်းအနီး ရောက်ရှိလာလေပြီ။ သူ အချိန်မဆွဲတော့ဘဲ ကျောပိုးအိတ်ကို ဆွဲယူပြီး၊ ရနိုင်သမျှ ထောက်ပံ့ပစ္စည်းများကို သိမ်းကျုံးထည့်သွင်းကာ စင်္ကြံဆီသို့ ကြည့်လိုက်သည်။
ထိုမိန်းကလေးသည် ကြမ်းပြင်ပေါ်တွင် မလှုပ်မရှက် လဲလျောင်းနေသည်။ ဤမျှသောကြီးမားသော ဆူညံမှုကို ဖြစ်ပေါ်စေပြီးနောက်ပင်၊ သူမသည် သတိလစ်နေဆဲလား။
လင်းရှန်၏စိတ်သည် အလျင်အမြန်လည်ပတ်လာသည်။ ၎င်းကို ခန့်မှန်းရန် မခက်ခဲပါ။ ဤမိန်းကလေးသည် စွမ်းအားရှင်တစ်ဦးဖြစ်နိုင်သည်။ သို့သော် သူမသည် သူ့ကို အဘယ်ကြောင့် လာရှာသနည်း။ နားမလည်နိုင်သဖြင့် ခေါင်းကိုသာခါယမ်းလိုက်ရသည်။ အရင်ဆုံး သူမကို ကယ်တင်ပြီး မေးခွန်းများကို နောက်မှဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
လင်းရှန် မိန်းကလေးကို ပွေ့ချီကာ အရေးပေါ်လှေကားထစ်များမှ ပြေးဆင်းလိုက်သည်။
သူ၏ တိုက်ခန်း ဟောင်းလောင်းပွင့်သွားပြီဖြစ်၍ မြေအောက်ဥမင်လိုဏ်ခေါင်းများဆီသို့ ထိုးဖောက်ဝင်ရောက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပါ။ ဖုတ်ကောင်များစွာသည် လှေကားထစ်များအတွင်းသို့ စီးဝင်လာပြီး သူ့နောက်ကို ပြေးလွှားလိုက်ပါလာကြသည်။
“ရွှစ်…ရွှစ်…”
လင်းရှန်သည် လမ်းတစ်လျှောက်လုံး ဖုတ်ကောင်များကို ဖယ်ရှားရန် လေအမြောက်ကို ထပ်ခါတလဲလဲအသုံးပြုခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ အနန္တရထားသို့ ရောက်ရှိလာသည်။ ရထာကိုယ်ထည်ပေါ်တွင် လက်ကိုတင်လိုက်ရာ၊ ယန္တရားနှလုံးသားသည် အသက်ဝင်လာပြီး စက်ခေါင်းတံခါးကို ဖွင့်လိုက်သည်။
လင်းရှန်သည် မိန်းမငယ်ကို အတွင်းသို့တွန်းပို့လိုက်ပြီးနောက်၊ သူကိုယ်တိုင်လည်း အလျှင်အမြန် တက်ရောက်လိုက်သည်။
“ဂျိန်း…”
လေးလံသော စက်ခေါင်းတံခါးပိတ်သွားပြီး၊ စင်္ကြံအတွင်းရှိ မီးများ လင်းလက်လာသည်။ လင်းရှန်သည် သံမဏိနံရံတွင် မှီထားရင်း၊ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
''ဂါး…ဂရား…''
ဖုတ်ကောင်အုပ်စုသည် ရှေ့သို့တက်လာပြီး၊ မိနစ်အနည်းငယ်အတွင်း ရထားကို ဝိုင်းရံလိုက်သည်။ မရေမတွက်နိုင်သော လက်သည်းများသည် ရထားကိုယ်ထည်ပေါ်တွင် ကုတ်ခြစ်နေပြီး၊ နားထဲတွင် စူးရှသောအသံများကို ဖြစ်ပေါ်စေသည်။
ဖုတ်ကောင်များမသိခဲ့သည်မှာ၊ ၎င်းတို့ရှေ့ရှိ ဧရာမသံမဏိသတ္တဝါကြီးသည် တန်ချိန်ရာနှင့်ချီလေးလံပြီး ၎င်း၏အပါးဆုံးသံချပ်ကာပြားသည်ပင် ၄၀ မီလီမီတာထူသည်။ သာမန်ကျည်ဆံများပင် အရာမထင်နိုင်သလို၊ ဖုတ်ကောင်များ၏ ပုပ်ရိနေသော လက်သည်းများကမူ ပို၍ပင်မဖြစ်နိုင်ပါ။
လင်းရှန်သည် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး၊ ပထမတွဲသို့ရွှေ့သွားကာ ကာရံထားသော ဇကာတစ်ခုကို ဆွဲတင်လိုက်သည်။ ရထား၏အတွင်းမီးများသည် အပြင်ဘက်ရှိ ဖုတ်ကောင်များ၏ အသက်မဲ့သော မျက်နှာများကို လင်းထိန်စေသည်။
“ဖတ်…”
သူသည် ဇကာကို ပြန်ဆွဲချလိုက်သည်။
ကံကောင်းစွာဖြင့် ယနေ့မနက်တွင်ပင် ရထား၏သံချပ်ကာတပ်ဆင်မှုကို ပြီးမြောက်အောင်မြင်ခဲ့သည်။ သူက သေချာစေရန် အမြန်စစ်ဆေးမှုတစ်ခုပြုလုပ်ပြီးနောက် ရထား၏အတွင်းမီးများအားလုံးကို ပိတ်လိုက်သည်။
ထို့နောက်၊ စက်ခေါင်းခန်းသို့ ပြန်သွားကာ အနက်ရောင်အဝေးထိန်းကိရိယာတစ်ခုကို ထုတ်ယူလိုက်သည်။ ဥမင်လိုဏ်ခေါင်း၏ တစ်ဖက်တွင် အဝေးထိန်းစပီကာကြီးတစ်ခုရှိသည်။ ရထားစထွက်ချိန်တွင် ဖုတ်ကောင်များကို လှည့်စားရန် ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
“ဒီး…ဒီး…ဒီး”
ဝေးကွာသောနေရာမှ ဆူညံသောအသံတစ်ခု ပဲ့တင်ထွက်ပေါ်လာပြီး၊ ဖုတ်ကောင်များကို ရူးသွပ်စွာ ပြေးလွှားသွားစေသည်။
ခဏအကြာတွင်၊ ရထား၏အပြင်ဘက်တွင် ခြစ်သံများသည် တဖြည်းဖြည်းတိတ်ဆိတ်သွားသည်။
ရထားအတွင်းတွင်…
လင်းရှန် သက်ပြင်းချလိုက်သည်။ ဖုန်းဓာတ်မီးကို ဖွင့်လိုက်ပြီး၊ မိန်းမငယ်၏အခြေအနေကို စတင်စစ်ဆေးလိုက်သည်။
အံ့သြစရာကောင်းသည်မှာ၊ ထိုမိန်းကလေးတွင် ပြင်ပဒဏ်ရာတစ်ခုမျှမရှိခဲ့ပါ။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးများသည် သူမ၏ သွေးများ ဟုတ်ပုံမရချေ…
ဤမိန်းကလေး… သူမတွင် ထူးဆန်းသည့်အရာတစ်ခုခု ရှိနေသည်မှာ သေချာသည်။
လင်းရှန်သည် အိပ်ပျော်နေသော မိန်းကလေးကို စူးစိုက်ကြည့်ရင်း၊ အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။ သူမ၏ရုတ်တရက်ပေါ်ထွက်လာမှုသည် သူ၏အစီအစဉ်များကို လုံးဝအနှောင့်အယှက်ဖြစ်စေခဲ့သည်။ အရေးကြီးဆုံးပြဿနာမှာ သူ၏ဗီဇခံစားမှုဖြစ်သည်။ ဤမိန်းကလေးသည် ထူးခြားသောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ သေချာသည်။ မဟုတ်လျှင်၊ အန္တရာယ်များလှသော ညအချိန်တွင် သူ့တံခါး၀ဆီ ခြစ်ရာတစ်ခုမှပင်မရှိပဲ ရောက်ရှိလာရန် မဖြစ်နိုင်ပါ။
ဤကဲ့သို့သော မိန်းကလေးတစ်ဦးကို ခေါ်ဆောင်သွားခြင်းသည် အလားအလာရှိသော အန္တရာယ်တစ်ခုဖြစ်သည်။ အချိန်မရွေးပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့်တူသည်။
ခဏမျှ စဉ်းစားပြီးနောက်၊ လင်းရှန်သည် ကြိုးတချို့ကို ယူလိုက်ပြီး အိပ်ပျော်နေသော မိန်းကလေး၏လက်နှင့်ခြေထောက်များကို လုံခြုံစွာ ချည်နှောင်လိုက်သည်။ ထို့နောက်၊ သူမကို နံပါတ် ၂ တွဲသို့ သယ်ဆောင်သွားပြီး၊ စောင်တစ်ထည်ပေါ်တွင် လှဲလျောင်းစေကာ အနားယူစေသည်။
အရာအားလုံးပြီးစီးပြီးနောက်၊ သူသည် နံပါတ် ၁ တွဲသို့ ပြန်လည်ရောက်ရှိပြီး နောက်ထပ်လုပ်ဆောင်ရမည့်အဆင့်များကို စဉ်းစားလိုက်သည်။
မျက်ခုံးများကို တွန့်ကွေးလျက် လင်းရှန်သည် မြေပုံကို ပြန်လည်ဖြန့်ခင်းကာ ထပ်မံရှာဖွေလိုက်သည်။
''မနက်ဖြန်မှာ ရထားကိုစတင်ပြီး လိုင်း ၃ အတိုင်း ဆရာမချန်ကို ခေါ်ဖို့သွားရင် အဲ့ဒါ ပိုနီးတယ်မဟုတ်လား''
ဤအကြံသည် ရဲရင့်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင်၊ လမ်းတစ်လျှောက်ရှိ အန္တရာယ်များကို များစွာလျှော့ချနိုင်ပြီး၊ တစ်ချိန်တည်းမှာပင် ရထားအင်ဂျင်၏စွမ်းရည်များကို စမ်းသပ်နိုင်သည်။
သေချာစွာဖြင့်၊ မြေပုံကို စစ်ဆေးပြီးနောက် ချန်ဆီရွှမ်နေထိုင်ရာ အိမ်ရာသည် အနီးဆုံးမြေအောက်ရထားဘူတာမှ ၃၀၀ မီတာထက်မပိုကြောင်း သိရှိလိုက်သည်။
''အဟင်း...''
သူ တစ်ချက်ပြုံးလိုက်ပြီး ရေရွတ်လိုက်သည်၊ ''တကယ့်ကို အကောင်းဆုံးနေရာပဲ၊ ဆရာမချန်။ ဒီအိမ်ရာကို ရွေးလိုက်တာ တကယ်ကိုမမှားဘူး''
ထိုညသည် အိပ်မပျော်သည့်ညတစ်ညဖြစ်သည်။ လင်းရှန်သည် ပထမဆုံးအကြိမ်အဖြစ် အနန္တရထားပေါ်တွင် ညအိပ်လိုက်ရသည်။ သူ၏လက်ဖြင့်တည်ဆောက်ထားသော သံမဏိခံတပ်သည် သူ့ကို သိသာထင်ရှားသော လုံခြုံမှုကို ပေးစွမ်းခဲ့သော်လည်း၊ ထိုည၏အပြောင်းအလဲများသည် သူ့ကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
ဤသည်မှာ သူ၏ပထမဆုံး “ထိတ်လန့်ဖွယ်ည” နှင့် တွေ့ဆုံမှုဖြစ်သည်။ ၎င်းသည် ထိတ်လန့်ဖွယ်ပိုးကောင်တစ်ကောင်သာဖြစ်သော်လည်း၊ ထိုအရာသည် အလွန်ရွံရှာဖွယ်ဖြစ်သည်။ ဒါတင်မက ၎င်းသည် ဖုတ်ကောင်များထက် များစွာဉာဏ်ရည်ထက်မြက်သည်မှာ ထင်ရှားသည်။ ထို့အပြင်၊ ယခုအခါ သူ၏ရထားတွဲထဲတွင် လျှို့ဝှက်ဆန်းကြယ်သော မိန်းမငယ်တစ်ဦး လှဲလျောင်းနေသည်။ ဤအခြေအနေများအောက်တွင် သူသည် မည်သို့ပင် အေးအေးဆေးဆေး အိပ်ပျော်နိုင်မည်နည်း။
နေ့လည် ၂:၀၀ နာရီတွင်၊ နေ့အလင်းရောက်ရှိလာမှုသည် မျှော်လင့်ထားသည်ထက် တစ်နာရီအကျနောက်ကျသွားသည်။
လင်းရှန်သည် မြေအောက်ရထားဥမင်လိုဏ်ခေါင်းအတွင်း၌ ဆက်လက်ရှိနေပြီး၊ မည်းမှောင်သောအမှောင်ထုဖြင့် ဝိုင်းရံထားသော်လည်း၊ သူ၏နာရီသည် အပြင်ဘက်တွင် နေ့အချိန်ဖြစ်ပြီဟု ညွှန်ပြထားသည်။
အနန္တရထား၏ ယာဉ်မောင်းထိုင်ခုံတွင်ထိုင်ရင်း၊ သူ၏မျက်လုံးများတွင် မှိန်ဖျော့ဖျော့အလင်းတစ်ခု လှစ်ခနဲဖြတ်သွားသည်။ ဧရာမစက်ယန္တရား၏အငွေ့အသက်နှင့် သူ ဆက်သွယ်လိုက်လေပြီ။
“ဂျုံး…”
တာဘိုအားသွင်းစက်သည် အသက်ဝင်လာပြီး ဆူညံစွာ မြည်ဟည်းလာသည်။ ရထားဘီးနှင့် ချိတ်ဆက်ထားသော ကော်နတင်းရော့ဒ်တံများက စူးရှသောသတ္တုသံများကို ထုတ်လွှတ်လာသည်။ ဟော်ရီဇုန်ဂိတ်စနစ်ဖွင့်လိုက်သည်။
“ကလစ်”
ပယင်းရောင် ရှေ့မီးများသည် မှောင်မိုက်သောမြေအောက်ရထားဥမင်လိုဏ်ခေါင်းကို ချက်ချင်းလင်းထိန်စေပြီး၊ နေ့အလင်းကဲ့သို့ တောက်ပလာသည်။
လင်းရှန်၏အကြည့်သည် စူးရှလာသည်။
''အချိန်ကျပြီ မိတ်ဆွေကြီးရေ…''
“ဂျုံးဂျုံး…ဂျက်ဂျက်…”
ဆယ်စုနှစ်များစွာ အိပ်မောကျနေသော ဧရာမသံမဏိသတ္တဝါကြီး ပြန်လည်အသက်ဝင်လာသည်။ ဖုန်မှုန့်များနှင့် သံချေးများသည် ၎င်း၏ဘောင်မှ လျှောကျသွားပြီး အနန္တရထားသည် သံချပ်ကာတွဲသုံးတွဲကို ဆွဲယူကာ ပြုပြင်ထိန်းသိမ်းရေးလမ်းကြောင်းမှ ပင်မမြေအောက်ရထားလမ်းကြောင်းသို့ တဖြည်းဖြည်း ခွဲထွက်သွားသည်။ ရထားကြီးသည် ရှေ့တွင်ရှိသော အနက်ရောင်မြူခိုးများကို ဝါးမျိုလျက် ကမ္ဘာမြေကြီးကို တုန်ခါစေသော မြည်ဟည်းသံဖြင့် ရှေ့သို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။