← Chapters

လုပ်ဖော်ကိုင်ဖက်ဟောင်း

Vol. 1 Ch. 5

လုပ်ဖော်ကိုင်ဖက်ဟောင်း

Vol. 1 Ch. 5

“ဒီလိုမှပေါ့ကွာ”

လင်းရှန်၏ နှလုံးသည် စိတ်လှုပ်ရှားမှုဖြင့် တဒိန်းဒိန်း ခုန်လှုပ်နေသည်။ ရထားအောက်မှ မြည်ဟီးနေသော စွမ်းအားကို ခံစားရင်း၊ ယခင်ညက အရိပ်များ လျင်မြန်စွာ ပပျောက်သွားသည်။ ဤအခိုက်အတန့်တွင် သူသည် ရထားတစ်စီးလုံးနှင့် တစ်သားတည်းဖြစ်သွားသလို ခံစားရပြီး မယိုင်လဲနိုင်သော ခံစားချက်တစ်ခု သူ့ကိုယ်ထဲသို့ စီးဝင်လာသည်။

“ဂျုံးဂျုံး…ဂျက်ဂျက်… ဂျုံးဂျုံး…ဂျက်ဂျက်…”

တက္ကသိုလ် မြို့တော်ဘူတာအနီးရှိ မြင့်မားသော ရထားလမ်းများပေါ်တွင်၊ ဖုတ်ကောင်အနည်းငယ်သည် စုတ်ပြဲနေသော ယူနီဖောင်းများဖြင့် ရည်ရွယ်ချက်မဲ့စွာ လှည့်လည်နေကြသည်။

ရုတ်တရက်…

ဤသတ္တဝါများသည် ဥမင်လိုဏ်ခေါင်းမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံကို တပြိုင်နက် သတိပြုမိသွားကြသည်။ ၎င်းတို့၏ ခြေအောက်ရှိ ရထားလမ်းများသည်လည်း တုန်ခါလို့လာသည်။

“အာ—အ…”

သူတို့၏ ပုပ်အဲ့သော လည်ချောင်းမှ ထွက်ပေါ်လာသော အသံသည် သစ်ဆွေးတုံးများပွတ်တိုက်သံအလား။

ဖုတ်ကောင်များသည် မမြင်နိုင်သော ကြိုးတစ်မျှင်ဖြင့် ဆွဲယူခံရသည့်နှယ် တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြသည်။ ၎င်းတို့၏ မွဲခြောက်ပြီး အသက်မဲ့သော မျက်လုံးများသည် ဥမင်လိုဏ်ခေါင်း၏ မှောင်မိုက်သော အဝင်ဝသို့ စူးစိုက်ကြည့်နေသည်။

“တူ…တူ”

တွင်းနက်ထဲမှ ဟိန်းဟောက်သံအလား နားကွဲမတတ် ဟွန်းသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ မည်းနက်သော ယန္တရားသားရဲကြီးသည် ရှေးခေတ်အိပ်စက်နေရာမှ နိုးထလာသော စစ်နတ်ဘုရားတစ်ပါးအလား ဥမင်လိုဏ်ခေါင်းမှ ထွက်ပေါ်လာပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသော ဒေါသအမျက်နှင့် စွမ်းအားကို သယ်ဆောင်လာသည်။

“ဂါး…ဂရား”

ဖုတ်ကောင်များသည် ရူးသွပ်နေသော သားရဲများအလား အော်ဟစ်ကာ ရှေ့သို့ ခုန်ဝင်လာကြသည်။ သို့သော် ၎င်းတို့၏ ပုပ်သိုးနေသော ဦးနှောက်များသည် ထိုနားကွဲလုမတတ် အော်မြည်ပြေးဝင်လာသည်က သားကောင်မဟုတ်ပဲ ၁၈,၅၀၀ မြင်းကောင်ရေအားရှိသော သံမဏိခံတပ်ကြီးဖြစ်ကြောင်း နားမလည်နိုင်ခဲ့ပေ။

“ဂျွတ်…ဂျလွတ်…”

အရှိန်တင်လာသော အနန္တရထားသည် တားဆီးမရနိုင်သော အင်အားဖြင့် ဖုတ်ကောင်များကို ဖြတ်တိုက်သွားပြီး၊ ချက်ချင်းဆိုသလို သွေးမိုးရွာသွန်းစေကာ အသားများကို စုတ်ဖြဲပစ်သည်။ ခြေပြတ်လက်ပြတ်များ နေရာအနှံ့ လွင့်စင်သွားသည်။ ရထားမောင်းခန်းအတွင်းမှ လင်းရှန်၏ အကြည့်များ တောက်ပလာပြီး လွန်ခဲ့သော ဆယ်ရက်တာကာလအတွင်း စုပုံထားသော ဖိစီးမှုများသည် ယခုတွင် အပြည့်အဝ လွှတ်ထုတ်လိုက်သကဲ့သို့ ခံစားရသည်။

“မိုက်တယ်ဟေ့” လင်းရှန် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင် အမှောင်ထုကို ဖြတ်ကျော်ကာ အရုဏ်ဦး၏ အလင်းသို့ ခြေလှမ်းလိုက်သည့်နှယ် မကြုံဖူးသော ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ ထင်ရှားသော နိမိတ်လက္ခဏာတစ်ခုဖြစ်၏။ သူ၏ အစီအစဉ်သည် ပထမဆုံး အောင်မြင်သော ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ။

“ဂျုံးဂျုံး…ဂျက်ဂျက်”

လေးလံသော သံမဏိရထားကြီးသည် သံလမ်းပေါ်တွင် အရှိန်ဖြင့် ပြေးလွှားကာ မြို့တွင်းရထားလမ်းဆီ ဦးတည်လာသည်။ လင်းရှန်သည် မြို့ပျက်ကြီးကို လေ့လာကြည့်ရှုရင်း အသုံးဝင်နိုင်သော သတင်းအချက်အလက်များကို အဆက်မပြတ် ရှာဖွေနေသည်။

လမ်းမများပေါ်တွင် လှည့်လည်နေသော ဖုတ်ကောင်များသည် သာမန်လူများအတွက် ခြိမ်းခြောက်နိုင်စွမ်းသိပ်မရှိချေ။ အနည်းဆုံးတော့ သူတို့သည် ဖုတ်ကောင်လှိုင်းလုံးများကို မလှုံ့ဆော်မိခဲ့လျှင်ပေါ့။ သို့သော်၊ ခွေးများ သို့မဟုတ် ဝံပုလွေများကဲ့သို့ သန္ဓေပြောင်းသွားသော ဖုတ်ကောင်များသည် လူသားဖုတ်ကောင်များထက် များစွာ ဒုက္ခပေးတတ်သည်။

“ဒီး..ဒီး…”

လင်းရှန်သည် ချန်ဆီရွှမ်ထံ ဖုန်းခေါ်ရန် ကြိုးစားသော်လည်း၊ သူမ၏ ဖုန်းသည် ထပ်မံခေါ်ဆို၍ မရတော့ချေ။

ဖုန်းခေါ်ဆိုမှု မအောင်မြင်သောအခါ သူသည် ဖုန်းကို သိမ်းထားလိုက်ပြီး သူမကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ရန် ပြင်ဆင်လိုက်သည်။ လင်းရှန်သည် ဆုံးဖြတ်ပြီးသားကို နှစ်ခါပြန်စဉ်းစားတတ်သူမဟုတ်ချေ။ အစီအစဉ်တစ်ခုချမှတ်ပြီးသည်နှင့် သူသည် ယိမ်းယိုင်မသွားတတ်ပေ။ ချန်ဆီရွှမ် အသက်ရှင်နေသေးလျှင် သူ၏ ဦးတည်ချက်ကို ပြောင်းလဲစရာအကြောင်းမရှိ။

မြေအောက်ရထားလမ်းများသည် သူထင်ထားသည်ထက် ပိုမိုလွယ်ကူစွာ သွားလာနိုင်သည်။ အကြောင်းမှာ အရင်ကတည်းက ရထားလမ်းများသည် ပိတ်ဆို့ထားပြီးဖြစ်သည်။ သံလမ်းများပေါ်သို့ ကားများမောင်းနှင်ရန် မည်သူမျှ မိုက်မဲစွာ မကြိုးစားခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်၊ လမ်းတစ်လျှောက် သိသာထင်ရှားသော အတားအဆီးများ မရှိခဲ့ပေ။

ယုရွှီဥယျာဉ်နှင့် အနီးဆုံးရှိ ဘူတာသည် တီယူရှီဘူတာဖြစ်ပြီး၊ ၎င်းသည် ယခင်က လူစည်ကားသော မြေအောက်ရထားဘူတာတစ်ခုဖြစ်ခဲ့သည်။ ရထားသည် မြေအောက်ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်ရောက်လာသောအခါ၊ လင်းရှန်သည် ရထား၏ အမြန်နှုန်းကို တဖြည်းဖြည်း လျှော့ချလိုက်သည်။

အခြေအနေအရ သူသည် မကြာမီတွင် ရထားမှ ဆင်းပြီး ချန်ဆီရွှမ်ကို ရှာဖွေရမည်ဖြစ်သည်။ မတော်တဆ ဆူညံသံများစွာ ဖြစ်ပေါ်စေပြီး ဖုတ်ကောင်များ၏ အာရုံကို ဆွဲဆောင်မိပါက သူ၏ ကယ်ဆယ်ရေးခရီးစဉ်သည် များစွာပိုမိုခက်ခဲသွားပေလိမ့်မည်။

“ကျွီ…”

လင်းရှန်သည် ဘူတာထဲသို့ မဝင်ရောက်တော့ဘဲ ရထားကို အနည်းငယ်ဝေးသောနေရာတွင် ရပ်တန့်လိုက်သည်။

သူသည် ပထမဦးစွာ နံပါတ် ၂ ရထားခန်းသို့ သွားရောက်ခဲ့ပြီး ထိုနေရာတွင် မိန်းကလေးတစ်ဦး ဆက်လက်အိပ်မောကျနေသည်ကို တွေ့ရသည်။ ဒါက သူ့ကို အံ့အားသင့်စေသည်။

“ဘယ်လိုလုပ် ဒီလောက်ကြာအိပ်နိုင်ရတာလဲ”

“ဟေ့”

လင်းရှန် သူမ၏ ပါးကို ဖွဖွပုတ်လိုက်သော်လည်း၊ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ထို့ကြောင့် သူသည် သူမ၏ မျက်နှာကို ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။ သူမ၏ နူးညံ့သော အသားအရေကို ခံစားရသည်။ သွေးအစွန်းအထင်းများရှိနေသော်လည်း သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ကို ဖုံးကွယ်၍မရ။ သူမသည် မုချပင် အလှဘုရားမတစ်ပါးဖြစ်လာမည်မှာ သိသာထင်ရှားသည်။ ဖြစ်နိုင်သည်မှာ ချမ်းသာသော မိသားစုမှ မိန်းကလေးတစ်ဦးဖြစ်ပေလိမ့်မည်။

“ထားလိုက်ပါ၊ အိပ်ပါစေ” လင်းရှန် သူ့ဘာသာ ရေရွတ်လိုက်သည်။

ဘေးကင်းစေရန် နံပါတ် ၃ ရထားခန်းနှင့် နံပါတ် ၁ ရထားခန်းကြားရှိ လမ်းကြောင်းများကို လုံခြုံစွာပိတ်ဆို့လိုက်သည်။ ထို့နောက်၊ သူ၏ ဓားမြှောင်ကို ကိုင်ဆောင်ပြီး၊ ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီးမှ ရထားမှ ဆင်းလာခဲ့သည်။

ရထားလမ်းအတိုင်း လျှောက်သွားပြီးနောက် စင်္ကြန်ပေါ်တက်ကာ ဘူတာထဲသို့ ပြေးဝင်သွားတော့သည်။

---

ယုရွှီဥယျာဉ်၊ အဆောက်အဦး ၃၊ အခန်း ၉၀၁

ချန်ဆီရွှမ်သည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုသည် သူမ၏ မျက်နှာကို ဖြူဖျော့ပြီး အားအင်ကုန်ခမ်းစေခဲ့သည်။ သူမ၏ တစ်ခါက လှပခဲ့သော မျက်နှာသည် အရောင်အသွေးများ လုံးဝမရှိတော့ပေ။

ဤအခိုက်အတန့်တွင်၊ သူမသည် ဆိုဖာထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေပြီး၊ ခေါင်းကို ဒူးပေါ်တင်ထားသည်။

သူမအနီး ပြန့်ကျဲနေသည်မှာ ဂြိုဟ်ပတ်ရထားလမ်းအကြောင်း စာအုပ်များ ဖြစ်သည်။ သူမ၏ မျက်လုံးများသည် ဟာလာဟင်းလင်းဖြစ်နေပြီး၊ ခြောက်သွေ့သော နှုတ်ခမ်းများသည် မရပ်မနား လှုပ်ရှားနေကာ အဆက်မပြတ် ရေရွတ်နေသည်။

“ကျိအန်းလိုင်း… ကုဒ် HX05681… စုစုပေါင်းအရှည် ၁,၂၅၆ ကီလိုမီတာ… ပင်မဘူတာများ: ကျိနင်ဘူတာ၊ ယူပေဘူတာ… ဒုတိယဘူတာများ: ယူရှန်ဘူတာ၊ ပေဝမ်ဘူတာ…”

ယမန်နေ့က သူမ၏ နောက်ဆုံးဖုန်းခေါ်ဆိုမှု အောင်မြင်ခဲ့ပြီးကတည်းက၊ ချန်ဆီရွှမ်သည် အရှိန်ဖြင့် ပြေးလွှားလာမည့် ရထားတစ်စီးအပေါ်တွင် သူမ၏ မျှော်လင့်ချက်အားလုံးကို ထားရှိခဲ့သည်။

သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ အော့အန်ချင်စရာ စိတ်ပျက်မှုသည် သူမ၏ စိတ်နှလုံး၏ နောက်ဆုံးအကြွင်းအကျန်များကို တဖြည်းဖြည်း တိုက်စားလာသည်။

“ပေဝမ်ဘူတာ… ပြုပြင်ထိန်းသိမ်းမှုအပိုင်း…”

သူမ၏ ရေရွတ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး၊ မျက်လုံးများတွင် အနည်းငယ် တုန်ခါမှုတစ်ခု ပေါ်ထွက်လာသည်။

တစ်ခါက သူမ သိပ်ဂရုမထားခဲ့သော ကျောင်းသားတစ်ဦးအကြောင်း စိတ်ထဲတွင် ပေါ်ထွက်လာသည်။

သာမန်မိသားစုမှ လာသူ၊ အမြဲတမ်း နွေးထွေးသော အပြုံးဖြင့်၊ တိတ်ဆိတ်သော သဘာဝ၊ လူမှုဆက်ဆံရေးသိပ်မကောင်းသူ၊ အားကစားတွင်လည်း ထူးချွန်မှုမရှိသူ…

သူ့အကြောင်း အရာအားလုံးသည် သာမန်ဖြစ်ခဲ့သည်။

ထို့နောက် သူ၏ “နောက်ဆုံးရထား” စီမံကိန်းအကြောင်း ပြောဆိုခဲ့သည်ကို သတိရလာသည်။ လေးလံသော ရထားတစ်စီးကို လည်ပတ်ပြီး ဂြိုဟ်ပတ်ရထားလမ်းအတိုင်း ထွက်ပြေးရန် သူ၏ အစီအစဉ်။

ယခု ပြန်စဉ်းစားကြည့်လျှင်… ထိုစိတ်ကူးသည် အဓိပ္ပါယ်မဲ့လွန်းလှသည်မဟုတ်လား။

“သူ ရထားဘယ်လိုမောင်းရမယ်ဆိုတာရော သိရဲ့လား။ ဒီလောက် လောင်စာဆီ ဒါမှမဟုတ် စွမ်းအင်ရှိရင်၊ ကားတစ်စီးမောင်းတာ ပိုလွယ်မယ်မဟုတ်ဘူးလား” ချန်ဆီရွှမ် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ မေးခွန်းတိုင်းသည် သူမဆုပ်ကိုင်ထားသော ယုံကြည်မှုကို ဖြတ်တောက်သည့် ဓားချွန်တစ်ချောင်းအလား။

လမ်းကြောင်းက ပြတ်တောက်နေရင်ရော။ သူမ၏ ကျောင်းသားဟောင်းက ပြုပြင်နိုင်မှာလား။ ဒါမှမဟုတ် နိုင်ငံခြားဘာသာစကားဆရာမတစ်ဦးဖြစ်သော သူမကရော…။

မေးခွန်းများတစ်ခုပြီးတစ်ခု…

ရင်ဆိုင်ရန်မဝံ့ရဲလောက်သော မေးခွန်းများသည် သူမ၏ စိတ်ထဲတွင် ပေါ်ထွက်လာပြီး သူမကို တဖြည်းဖြည်း စားသုံးလာသည်။ သူမ၏ မျှော်လင့်ချက်မှိန်မှိန်လေးသည်လည်း ပိုမိုလွဲမှားစွာ ခံစားလာရသည်။

မျက်ရည်များ သူမ၏ မျက်ဝန်းတွင် စုဝေးလာပြီး၊ တစ်စက်ချင်း ကျဆင်းလာသည်။

သို့သော် ချန်ဆီရွှမ်သည် လက်လျှော့ရန် မရဲသေးပေ။ သူမ၏ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ကိုက်လိုက်ပြီး၊ မျက်ရည်များ သုတ်ကာ ထပ်ခါတလဲလဲ တီးတိုးပြောဆိုနေသည်။

“သူ ကတိပေးခဲ့တယ်… သူ လာမယ်လို့ ပြောခဲ့တယ်…”

“ပေဝမ်ဘူတာ… ပင်မလမ်းတစ်ခု၊ ရောက်ရှိထွက်ခွာလမ်းနှစ်ခု…”

သူမ၏ ရေရွတ်သံသည် လစ်ဟာနေသော ဧည့်ခန်းကို ထပ်မံဖြည့်ဆည်းလာသည်။

“ဒေါက်…ဒေါက်”

ရုတ်တရက် တံခါးခေါက်သံတစ်ခုသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်နှယ် လေထဲတွင် လှိုင်းထသွားသည်။ အခန်းထဲ၏ တိတ်ဆိတ်မှုတွင် ထိုအသံသည် နားစည်ထဲထိဖောက်ဝင်လာသည်။

ချန်ဆီရွှမ်သည် ခေါင်းမော့လိုက်ပြီး၊ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်တစ်ခုက လင်းလက်လာသည်။

သူလား…

ခြေဗလာဖြင့် ဆိုဖာမှထကာ တံခါးဆီသို့ ပြေးသွားသည်။ သို့သော် တံခါးမှန်ပေါက်မှ မကြည့်ဘဲ၊ တုန်ရီသော အသံဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။ “ဘယ်… ဘယ်သူလဲ”

သို့သော် တံခါးတစ်ဖက်မှ တုံ့ပြန်သံသည် သူမမျှော်လင့်ထားသော အသံမဟုတ်ခဲ့ပေ။ ၎င်းသည် သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံဖြစ်သည်။

“ဆရာမချန်၊ ကျုပ်ပါ၊ လျန်ဝေ့။ နှစ်ရက်လောက် ဆရာမကို ဖုန်းခေါ်ကြည့်ပေမယ့် မကိုင်ဘူး။ စိတ်ပူလို့ လာကြည့်တာ”

ထိုအခိုက်အတန့်တွင်၊ ချန်ဆီရွှမ်၏ မျှော်လင့်ချက်သည် တွင်းနက်ထဲသို့ ပြုတ်ကျသွားသည်။

လျန်ဝေ့သည် သူမ၏ ယခင်လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။ တက္ကသိုလ်တွင် အတူလုပ်ကိုင်ခဲ့စဉ်က၊ ထိုသူသည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သော မျက်နှာဖုံးနောက်ကွယ်တွင် အစွယ်များကို ဖုံးကွယ်ထားသူဖြစ်ကြောင်း သိခဲ့ရသည်။ သူ၏ မျက်လုံးများသည် ချန်ဆီရွှမ်အပေါ် မသင့်လျော်စွာ ကြည့်လေ့ရှိပြီး၊ သူသည် ကျောင်းသူများအပေါ် ယုတ်မာခဲ့ဖူးသည်ဟူသော ကောလာဟလများကိုလည်း သူမ ကြားဖူးသည်။ သူသည် အရေခြုံထားသော သားရဲတစ်ကောင်ဖြစ်သည်။

ဤသူသည် အဆက်အသွယ်ကောင်းများရှိခြင်းကြောင့် တက္ကသိုလ်တွင် ရုံးမန်နေဂျာရာထူးသို့ တက်လှမ်းနိုင်ခဲ့ပုံရသည်။ ချန်ဆီရွှမ်သည် သူ့ကို ဘယ်တော့မှ မနှစ်မြို့ခဲ့ဘဲ၊ သူနှင့် ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင် ထားခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ကမ္ဘာပျက်ကပ်တွင် လျန်ဝေ့သည် သူမနှင့် တူညီသော အိမ်ယာ၊ တူညီသော အဆောက်အဦးတွင်ပင် နေထိုင်နေကြောင်း သိရှိခဲ့ရသည်။ ကမ္ဘာပျက်ကပ်ဖြစ်ပြီးကတည်းက၊ လျန်ဝေ့သည် သူမထံ ထပ်ကာထပ်ကာ ဖုန်းခေါ်ဆိုခဲ့သည်။ အစပိုင်းတွင် သူသည် အကျပ်အတည်းအတွင်း လူတိုင်း အတူတကွ စည်းလုံးနေရန် လိုအပ်သည်ဟု အလေးအနက်ဟန်ဆောင်ထားသည်။ သူ့ထံတွင် စားရေရိက္ခာများ ပေါများစွာရှိပြီး၊ သူမလိုအပ်လျှင် မျှဝေပေးမည်ဟု ပြောခဲ့သည်။

သို့သော် တဖြည်းဖြည်း၊ သူ၏ စစ်မှန်သော သဘာဝထွက်ပေါ်လာသည်။ အထူးသဖြင့် ချန်ဆီရွှမ်ထံတွင် ရိက္ခာ ပြတ်လုနီးနေကြောင်း သိရှိပြီးနောက် သူ၏ မျက်နှာဖုံးကျွတ်သွားသည်။ သူမအား သူနှင့် အတူနေရန် မကြာခဏ အကြံပြုလာသည်။

ယခု၊ တံခါးဝတွင် လျန်ဝေ့၏ အသံကို ကြားရသောအခါ၊ ချန်ဆီရွှမ်သည် စိတ်ပျက်မှုကြောင့်ဖြစ်စေ၊ ရွံရှာမှုကြောင့်ဖြစ်စေ အော့အန်ချင်စိတ်ကို ခံစားရသည်။ ဝမ်ဗိုက်ကို တင်းတင်းကျပ်ကျပ် ဖိထားရင်း၊ အေးစက်စွာ တုံ့ပြန်လိုက်သည်။ “ကျွန်မဘာမှ မဖြစ်ဘူး”

“ဒုန်း..ဒုန်း..ဒုန်း”

ခေါက်သံသည် ပိုမိုပြင်းထန်လာသည်။

“ဘာမှမဖြစ်ဘူးဟုတ်လား။ အရင်က မင်း စားစရာ ကုန်တော့မယ်လို့ ပြောခဲ့သေးတယ်မဟုတ်ဘူးလား”

ချန်ဆီရွှမ်သည် တံခါးကို မဖွင့်သေးသောအခါ၊ လျန်ဝေ့သည် အတွင်းကိုကြည့်ရန်ကြိုးစားရင်း တံခါးမှန်ပေါက်သို့ မျက်နှာကပ်လိုက်သည်။ တံခါးပေါ်တွင် သူ၏ အရိပ်ကို မြင်လိုက်ရသောအခါ၊ ချန်ဆီရွှမ်သည် မျက်မှောင်ကြုတ်ကာ အလိုလိုပင် နောက်သို့ ဆုတ်လိုက်သည်။

လျန်ဝေ့၏ မျက်လုံးများသည် သူမ၏ အရိပ်အယောင်ကို မြင်လိုက်ရသောအခါ တောက်ပလာသည်။

“ဆရာမချန်…ဗိုက်ဆာနေလား…ကျုပ်မှာ ပေါင်မုန့်၊ ကွတ်ကီး၊ အမဲသားဘူး၊ ရေသန့်ဘူးတွေ အများကြီးကျန်သေးတယ်။ လိုချင်ရင် အခုချက်ချင်း ယူလာပေးမယ်”

ပေါင်မုန့်၊ ကွတ်ကီး၊ အမဲသားဘူး၊ ရေသန့်ဘူးများ…

ဤအစားအစာများ၏ အမည်များသည် ချန်ဆီရွှမ်၏ နားထဲသို့ ရောက်ရှိလာသောအခါ၊ နှာ၀တွင် မွှေးကြိုင်နေသည့်နှယ် သူမ၏ ဆင်ခြင်တုံတရားကို ပြိုလဲစေရန် သွေးဆောင်လာသည်။

သူမ… နှစ်ရက်လုံး ဘာမှမစားရသေးပေ။

သို့သော် လျန်ဝေ့ထံတွင် ထိုထောက်ပံ့ရေးပစ္စည်းများ အမှန်တကယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တံခါးဖွင့်လိုက်ခြင်းသည် ဤကမ္ဘာပျက်ကပ်ငရဲတွင် သူမကိုယ်သူမ ထိုသူ၏ ကစားစရာအဖြစ် ပြောင်းလဲသွားစေမည်ကို သိရှိထားသည်။

အရှက်နှင့် အသက် ဘယ်ဟာက ပိုအရေးကြီးသနည်း။

အချိန်အတန်ကြာ တုံ့ပြန်မှုမရရှိသောအခါ၊ လျန်ဝေ့၏ နောက်ဆုံးစိတ်ရှည်မှုအပိုင်းအစသည် ပြတ်တောက်သွားသည်။ သူ၏ မျက်နှာအမူအရာသည် မှောင်မိုက်လာပြီး၊ ရုတ်တရက် လက်ဖြင့် တံခါးကို အားပြင်းစွာ ရိုက်လိုက်သည်။

“ဒုန်း…”

“ချန်ဆီရွှမ်၊ မင်းက ဘာမဟုတ်တဲ့ မိန်းမပဲ။ မာနကြီးချင်ယောင်ဆောင်နေတာ ရပ်လိုက်တော့။ ကမ္ဘာကြီးက ငရဲထဲရောက်နေပြီ၊ လူအများစုလည်း သေကုန်ပြီ။ ငါနဲ့ဆက်နေရင်တောင် မင်း ရက်အနည်းငယ်လောက် ပိုရှင်သန်နိုင်သေးတယ်။ ငါက မင်းကို မစားပစ်ပါဘူး။ ဘာကိုကြောက်နေတာလဲ”

“တံခါးဖွင့်လိုက်စမ်း!”

“ဘန်း… ဘန်း… ဘန်း…”

တံခါးခေါက်သံသည် ခြေကန်သံအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကျယ်လောင်သော ထုရိုက်သံများသည် အခန်းတစ်ခုလုံးကို လှုပ်ခါစေသည်။ ချန်ဆီရွှမ်၏ မျက်နှာသည် လူသေအလား ဖြူဖျော့သွားသည်။ သူမ ပြန်လှည့်ပြီး ဗီရိုထဲမှ သစ်သီးလှီးဓားတစ်ချောင်းကို ဆွဲယူကာ ကိုယ်ကာကွယ်ရန်အတွက် ရင်ဘတ်နားတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမ၏ မျက်လုံးများသည် ထိတ်လန့်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာနေ၏။

All Chapters