ပြန်ပေးသမားလား
Vol. 1 Ch. 7
“ဂျုံးဂျုံး…ဂျက်ဂျက်”
ဝင်ရိုးစွန်းညများ နောက်ပိုင်း ကျိအန်းမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ရထားစက်သံ ထွက်ပေါ်လာခဲ့သည်။ ဤသံမဏိယန္တရားကြီး၏ ဆူညံသံသည် ရထားလမ်းအနီးရှိ အိမ်များတွင် အသံတိတ်ပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သူအချို့၏ အာရုံကို ဖမ်းစားလိုက်သည်။ သိချင်စိတ်များပြည့်နှက်နေသော မျက်လုံးများသည် ကြီးမားသော ရထားကြီးတစ်စီး ဖြတ်သန်းသွားသည်ကို အံ့ဩတကြီး လိုက်ကြည့်နေကြသည်။
ချန်ဆီရွှမ်သည် ပေါင်မုန့်တစ်ထုပ်ကို အလျင်စလိုဝါးမျိုပြီး ရေတစ်ပုလင်းခွဲကျော် တစ်ခါတည်း သောက်လိုက်ပြီးနောက်၊ သေမင်း၏ အေးစက်သော လက်ကမ်းမှ လွတ်မြောက်လာသလို ခံစားလိုက်ရသည်။ ခဏမျှ တိတ်ဆိတ်စွာ ထိုင်နေရင်း ရထား၏ တငြိမ့်ငြိမ့် လှုပ်ရှားမှုကို သိရှိနေသည်။ ဘေးဒုက္ခမှ ခက်ခက်ခဲခဲ လွတ်မြောက်လာသည့် ချိုမြိန်ဝမ်းနည်းဖွယ် ခံစားမှုတစ်ခုက သူမကို လွှမ်းခြုံသွားသည်။
ကြောက်စိတ်များ သက်သာရာရသွားပြီးနောက် ချန်ဆီရွှမ်သည် သူမအား ခိုင်မာသော လုံခြုံမှုပေးနေသည့် သံမဏိရထားတွဲကို စတင်စပ်စုသည်။ ပြတင်းပေါက်များကို ထူထဲသော သံမဏိပြားများဖြင့် ဂဟေဆော်ထားပြီး၊ အပြင်ဘက်ရှုခင်းများ တရိပ်ရိပ် ဖြတ်သန်းသွားသည်ကို အပေါက်ငယ်များမှသာ မြင်နိုင်သည်။ ခရီးသည်တင်ရထားတွဲ၏ မူလထိုင်ခုံများကို ဖယ်ရှားထားပြီး၊ နေထိုင်ရာနေရာအဖြစ် ပြောင်းလဲထားသည်။ ကြမ်းပြင်ပေါ်တွင် ဖျာတစ်ချပ်နှင့် တဲတစ်လုံးရှိပြီး၊ နေရာအများစုကို ရိက္ခာပစ္စည်းများက သိမ်းပိုက်ထားသည်။ ထို့အပြင်၊ ယခင်ခရီးသည်တင်ရထားတွဲမှ အိမ်သာတစ်ခုလည်း ရှိနေသေးသည်။
ကျဉ်းကျပ်ပြီး အနည်းငယ် ရှုပ်ပွနေသော်လည်း၊ ဤပုံစံသည် ထူးဆန်းစွာပင် ပြည့်စုံမှုနှင့် စိတ်သက်သာရာရစေသော လုံခြုံမှုကို ပေးစွမ်းနေသည်။
ဒုတိယရထားတွဲဆီသို့ လှမ်းကြည့်လိုက်သောအခါ၊ ၎င်းတွင် ရေစိုခံအိတ်များဖြင့် ထည့်ထားသော ထောက်ပံ့ရေးပစ္စည်းများ စီထားသော်လည်း နေရာအများစုက ဗလာဖြစ်နေသည်ကို သတိပြုမိသည်။ ထို့နောက်၊ သူမနှုတ်ခမ်းလေး အံ့အားသင့်စွာ ပွင့်ဟသွားသည်။
ဒုတိယရထားတွဲ၏ ထောင့်တစ်နေရာတွင် မိန်းကလေးတစ်ဦး လက်နှင့်ခြေထောက်များ တုပ်နှောင်ခံထားရပြီး မျက်လုံးများ မှိတ်ထားသည်။ သူမ အသက်ရှင်နေသလား၊ သေဆုံးနေသလား မသေချာပေ။
ထိတ်လန့်သွားသဖြင့် ချန်ဆီရွှမ်သည် ပါးစပ်ကို လျင်မြန်စွာ အုပ်လိုက်ပြီး၊ ဤအခြေအနေကို မည်သို့အဓိပ္ပာယ်ဖော်ရမည်မသိဖြစ်နေသည်။
‘ဒီမိန်းကလေးကို လင်းရှန် ပြန်ပေးဆွဲထားတာလား’
သို့သော် ထိုအတွေးသည် ဆီလျှော်မှုမရှိပေ။ ဤကမ္ဘာပျက်ကပ်ပတ်ဝန်းကျင်တွင်၊ မိန်းကလေးတစ်ဦးကို ပြန်ပေးဆွဲခြင်းသည် မည်သည့်တန်ဖိုးရှိမည်နည်း။
‘ဒါမှမဟုတ်…’
သူမ၏ အတွေးများ ထိန်းမရအောင် လွင့်မျောနေစဉ်၊ လင်းရှန်သည် ရထားတွဲအတွင်းသို့ ဝင်ရောက်လာပြီးဖြစ်ကြောင်း သူမ သတိမထားမိခဲ့ပေ။
''ဆရာမချန်''
''အား'' အတွေးထဲ နစ်မျောနေစဉ် ထွက်ပေါ်လာသော သူ၏အသံကြောင့် ချန်ဆီရွှမ် ထိတ်လန့်သွားသည်။ ရင်တုန်ပန်းတုန် လှည့်ကြည့်လိုက်သောအခါ၊ တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသော လင်းရှန်ကို တွေ့လိုက်ရသည်။
''အခု ဝေဒနာတွေ သက်သာလာပြီလား'' သူက မေးသည်။
''သူ… သူက ဘယ်သူလဲ'' ချန်ဆီရွှမ်သည် စိတ်ထဲမသန့်ရှင်းသဖြင့် တုံ့ဆိုင်းစွာ မေးလိုက်ပြီး၊ ဒုတိယရထားတွဲဆီသို့ လက်ညှိုးထိုးပြသည်။
လင်းရှန်သည် သူမ၏ အကြည့်အတိုင်း တုပ်နှောင်ထားသော မိန်းကလေးဆီသို့ ကြည့်လိုက်ပြီး ဖြေသည်၊ ''ငါလည်း သူ့ကို မသိဘူး။ ရုတ်တရက် ငါ့အိမ်ရှေ့မှာ ပေါ်လာပြီး ကယ်ပါယူပါလုပ်နေတာ။ အဲဒီကတည်းက သူ သတိမလည်သေးဘူး။ လုံခြုံရေးအရ၊ သူ့ကို ကြိုးချည်ထားရတာ''
ဤစကားကိုကြားသောအခါ၊ ချန်ဆီရွှမ် သက်ပြင်းချလိုက်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြက်ရယ်ပြုသည့် အပြုံးတစ်ခုပင် ပြုံးလိုက်မိသည်။ သူမသည် လင်းရှန်၏ ရထားပေါ်သို့ ဆန္ဒအလျှောက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ သူမ၏ ကံကြမ္မာသည် မည်သို့ဖြစ်လာစေကာမူ၊ ၎င်းသည် သူမ၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်။ စိုးရိမ်စရာ ဘာရှိမည်နည်း။
''ဒါဆို ကျွန်မတို့ အခု မြို့ကနေ ထွက်တော့မှာလား'' သူမက မေးသည်။
''မဟုတ်သေးဘူး'' လင်းရှန်က ဖြေသည်။ ''လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းတွေ စုဆောင်းရအုံးမယ်။ ပြီးတော့ ရထားရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ချင်သေးတယ်။ ဝင်ရိုးစွန်းညတွေရောက်ဖို့ လေးရက်လောက်ကျန်သေးတယ်။ အချိန်လုံလောက်မှာပါ''
ချန်ဆီရွှမ်သည် သူ့ကို ကြည့်လိုက်ရင်း၊ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။ ''ကျွန်မ ဘာလုပ်ပေးရမလဲ''
သူမသည် ယခု သူနှင့်တစ်ဖွဲ့တည်းဖြစ်နေပြီဖြစ်သဖြင့်၊ ကိုယ်ပိုင်တန်ဖိုးကို သက်သေပြရန် လိုအပ်သည်၊ ရုပ်ကလေးချောရုံသက်သက်သာမဟုတ်ကြောင်း ပြသရမည်ဟု ခံစားရသည်။
''လုပ်စရာတချို့ရှိတယ်'' လင်းရှန်က ပြောသည်။ သူသည် ရထားခေါင်းခန်းမှ ခရီးသွားမှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူပြီး သူမထံ လှမ်းပေးသည်။ ''ငါက ရထားမောင်းရမယ်။ မင်းရဲ့အလုပ်က နေ့စဉ်လမ်းကြောင်း၊ မိုင်အကွာအဝေး၊ ရပ်နားတဲ့နေရာတွေ၊ ရထားရဲ့အခြေအနေတွေကို မှတ်တမ်းတင်ရမယ်။ အမှောင်ဒီရေတွေရဲ့ ပုံစံနဲ့ လွှမ်းခြုံဧရိယာကို အခုထိ မသိရသေးတော့၊ ထွက်ပြေးတဲ့အခါ နေထွက်ချိန်ပြောင်းလဲမှုတွေကိုလည်း မှတ်သားရမယ်။ ဒါက အရေးကြီးတယ်။ ဦးတည်ရာမဲ့ လျှောက်သွားနေမိရင် ဝင်ရိုးစွန်းညကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး''
ချန်ဆီရွှမ် တည်ကြည်စွာ ခေါင်းညိတ်သည်။ ''ဟုတ်ပြီ၊ ဒါကို ကျွန်မ လုပ်နိုင်ပါတယ်''
''ပြီးတော့…'' လင်းရှန်၏ အကြည့်သည် ရထားတွဲအတွင်း ဝေ့ဝဲသွားသည်၊ ''အခုအချိန်မှာ ငါတို့ နှစ်ယောက်ပဲရှိသေးတယ်။ မင်းက ထောက်ပံ့ပစ္စည်းတွေကို စာရင်းပြုစုပြီး စီမံရမယ်။ တလက်စတည်း အဲဒီမိန်းကလေးကို စောင့်ကြည့်ပေးပါ''
ချန်ဆီရွှမ်သည် အိပ်မောကျနေသော မိန်းကလေးဆီသို့ တစ်ချက်ကြည့်လိုက်ပြီး၊ အံ့ဩသွားသည်။ ''ပစ္စည်းရှာဖို့ သွားတဲ့အခါ ကျွန်မကို ခေါ်မသွားဘူးလား''
သူမမပြောထားသော မေးခွန်းမှာ ထင်ရှားသည်။ ‘ရှင် ကျွန်မကို ရထားပေါ်မှာ တစ်ယောက်တည်း ထားခဲ့ရဲလောက်အောင် ယုံကြည်စိတ်ချတာလား’ ဟု ဆိုလိုရင်းပင်။
လင်းရှန် ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။ ''အခု ငါတို့ နှစ်ယောက်ပဲရှိတယ်လို့ မပြောခဲ့ဘူးလား။ ငါတို့ နှစ်ယောက်လုံး ရထားကနေ ထွက်သွားရင်၊ ဘယ်သူက ရထားကို စောင့်ကြည့်မှာလဲ''
သူသည် သူမ၏ မေးခွန်းအဓိပ္ပါယ်ကို သတိပြုမိသော်လည်း၊ ၎င်းကို တိုက်ရိုက်မဖြေခဲ့ပေ။ တကယ်တမ်းတွင်၊ ရထား၏ ဆီတိုင်ကီသည် လုံးဝဗလာဖြစ်နေသည်။ ဝါရင့် ရထားမောင်းသူပင်လျှင် ၎င်းကို စက်နှိုးနိုင်မည်မဟုတ်။ အတွင်းမှသော့ခတ်ထားမှာတို့ဘာတို့ကိုလည်း ကြောက်စရာမလိုချေ။ ရထားတစီးလုံးက သူ့ခြေသူ့လက်ဖြစ်သည်။
ကမ္ဘာပျက်ကပ်တွင်
ကြင်နာနူးညံ့ပုံပေါက်သော ချန်ဆီရွှမ်ကဲ့သို့ လူတစ်ဦးကိုပင် အပြည့်အဝယုံကြည်ရန် မဖြစ်နိုင်ပေ။ သို့သော် ခုချိန်မှာတော့ မျက်နှာပေါ်တွင်ဖြစ်စေ၊ ယုံကြည်မှုအနည်းငယ်တော့ ပြသရပေမည်။
''ဟုတ်ကဲ့၊ နားလည်ပါပြီ'' ချန်ဆီရွှမ်သည် လင်းရှန်က သူမကို ဤမျှယုံကြည်မည်ဟု မမျှော်လင့်ခဲ့ပေ။ လှိုင်းထသော နွေးထွေးမှုတစ်ခု သူမ၏ နှလုံးသားထဲတွင် ပေါ်ထွက်လာပြီး၊ ထူးဆန်းစွာ စိတ်ထိခိုက်သွားသည်။
ယောက်ျားက အလုပ်သွား၊ မိန်းမက အိမ်စောင့် ဟူသော ခံစားချက်မျိုးကို တခဏမျှ ခံစားလိုက်ရသည်။ လင်းရှန်က သူမကျောင်းသားဖြစ်ကြောင်း ပြန်သတိရမိသောအခါ စိတ်ထဲတမျိုးဖြစ်သွားပြန်သည်။
“ဂျုံးဂျုံး…ဂျက်ဂျက်”
''အနန္တရထား'' သည် ကျိအန်းမြို့၏ မြို့တွင်းရထားလမ်းပေါ်တွင် အလွန်နှေးကွေးစွာ တရွတ်ဆွဲသွားလျှက်ရှိသည်။ လင်းရှန်သည် လမ်းတစ်လျှောက်ရှိ ဖြစ်စဉ်များကို သတိထားရင်း မြေပုံပေါ်တွင် မှတ်သားထားသော လိုင်း ၃ တစ်လျှောက် ရှေ့ဆက်ရန် ရည်မှန်းသည်။
【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၁၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁၊ ဆုလာဘ်: ကာကွယ်ရေး +၁】
【လက်ရှိ ယန္တရားနှလုံးသားအဆင့်: အဆင့် ၁ - ၁၇၇/၅၀၀】
【မှတ်ချက်: ယန္တရားနှလုံးသားကို အဆင့်မြှင့်တင်ခြင်းသည် အထူးစွမ်းရည်ဆုလာဘ်များကို ဖွင့်ပေးသည်။ ယန္တရားနှလုံးသားသည် အဆင့် ၃၊ ၆၊ နှင့် ၉ သို့ရောက်ရှိသောအခါ၊ လျှို့ဝှက်ဆန်းကြယ်သော နိုးကြားမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။】
【အခြေခံဂုဏ်သတ္တိများ】
• ခွန်အား: အဆင့် ၁ - ၂၂/၅၀
• အမြန်နှုန်း: အဆင့် ၀ -၂၈/၃၀
• ကာကွယ်ရေး: အဆင့် ၀ - ၁၆/၃၀
【လက်ရှိအခြေခံစွမ်းရည်များ】
• ယန္တရားဝါးမျိုမှု အဆင့် ၁ - ၂၆၆/၃၀၀
• ယန္တရားထုတ်လုပ်မှု အဆင့် ၁ - ၁၁၂/၃၀၀
• ယန္တရားစကင်ဖတ်မှု (အလိုအလျှောက်)
• ယန္တရားပြုပြင်မှု (အလိုအလျှောက်)
• ယန္တရားလည်ပတ်မှု (အလိုအလျှောက်)
【အထူးစွမ်းရည်များ】
• လေအမြောက်အဆင့် ၁ - ၃/၁၀၀
ရထားခန်းအတွင်း၊ လင်းရှန်သည် ချန်ဆီရွှမ်၏ အိမ်မှ ယူလာသော အိမ်သုံးလျှပ်စစ်ပစ္စည်းငယ်များကို စနစ်တကျ ဝါးမျိုရန် စတင်သည်။ ရှေ့ဆက်ရမည့် ခရီးအတွက်၊ သူသည် အမြဲအာရုံစူးစိုက်နေရန်နှင့် သူ၏ ခွန်အားကို မြှင့်တင်ရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ရမည်။
【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၁၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁】
【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၂၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁】
【လက်ရှိ ယန္တရားနှလုံးသားအဆင့်: အဆင့် ၁ - ၁၈၀/၅၀၀】
【ယန္တရားဝါးမျိုမှု အဆင့် ၁ - ၂၆၈/၃၀၀】
''အရမ်းနှေးနေသေးတယ်…''
လင်းရှန်သည် သူ၏လက်ထဲရှိ ပန်းရောင် သစ်သီးဖျော်စက်သည် ပြာမှုန်များအဖြစ် ပြိုကွဲသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အချိန်လုံလောက်မှုရှိခဲ့လျှင်၊ ကားများ သို့မဟုတ် ရထားများကိုပင် ဝါးမျိုခြင်းဖြင့် ယန္တရားရင်းမြစ်အမှတ် ဒါဇင်များစွာ သို့မဟုတ် ရာနှင့်ချီရရှိနိုင်ပေလိမ့်မည်။
ထို့အပြင်၊ ဆံပင်အခြောက်ခံစက်နှင့် ယခင်အတွေ့အကြုံအရ၊ မတူညီသော ပစ္စည်းများကို ဝါးမျိုခြင်းဖြင့် အခြားအထူးစွမ်းရည်များ ပေါ်ထွက်လာနိုင်မလားဟု တွေးမိရင်း စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။
ဤစွမ်းရည်သည် အမှန်တကယ်ပင် သူမတူသော အရာဖြစ်သည်။
သူ၏ ယန္တရားနှလုံးသားစနစ်သည် စက်ယန္တရားများကို ထိန်းချုပ်ပြီး ရထားမောင်းနှင်ရုံသာမက၊ စက်ယန္တရားများကို ဖန်တီးနိုင်သည်။ ၎င်းသည် တီထွင်ဖန်တီးမှုစနစ်တစ်ခုနှင့် တူသည်။ လူသားတို့၏ စက်မှုအဆောက်အအုံများ ပြိုကျသွားသည့် ဤကမ္ဘာပျက်ကပ်လွန်ကာလတွင်၊ ၎င်းသည် နှိုင်းမရနိုင်သော အားသာချက်တစ်ခုဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ၊ ဤစနစ်သည် သူ၏ ဂုဏ်သတ္တိများကို မြှင့်တင်ပေးပြီး စွမ်းရည်အသစ်များကို ပေးအပ်သည်။ အခြားစွမ်းရည်များနှင့် နှိုင်းယှဉ်လျှင်၊ ၎င်း၏ ဘက်စုံအသုံးပြုနိုင်မှုက ဘာနဲ့မှမတူအောင် ထူးခြားသည်။