အခန်း ၄၆-၄၈
Vol. 4 Ch. 46-48
အခန်း(၄၆) : အသက်စွမ်းအင်မှော်ကျောက်တုံး
မကြာမီပင် စစ်သေနာပတိချုပ် ကျောက်က မဟာဆရာသခင်များအား ခန်းမထဲသို့ ဖိတ်ခေါ်လိုက်သည်။
"ဟွာတုန်းမြို့ရဲ့ ပေါ့လျော့မှုကြောင့် ချူမြို့အထက်တန်းကျောင်း ထိခိုက်ခဲ့ရတဲ့အတွက် ကျောင်းသားအားလုံး တောင်းပန်ပါတယ်"
စစ်သေနာပတိချုပ် ကျောက်က ဦးညွှတ်ပြီးပြောလိုက်သည်။
ဖြောင်း.. ဖြောင်း ..ဖြောင်း
ခန်းမတခုလုံး လက်ခုပ်သံများဖြင့် ပြည့်နှက်သွားလေသည်။ မြို့ရဲ့ ခမ်းနားကြီးကျယ်သော စစ်ခေါင်းဆောင်ကြီး မှ ဦးညွှတ်တောင်းပန်လိမ့်မယ်လို့ ဘယ်သူမှ မမျော်လင့်ထားပေ။
"မြို့ဘက်က ဒီအထိအခိုက်အပျက်အစီးတွေအတွက် တာ၀န်ယူဆောင်ရွက်ပေးပါ့မယ် "
စစ်သေနာပတိချုပ်ကျောက်နှင့် မဟာဆရာသခင်များသည် ထိုစကားများပြောပြီးနောက်ထွက်ခွာသွားလေသည်။ ကျောင်း၏ခေါင်းဆောင်များနှင့် ဆရာ၊ဆရာမ များသည် ကျောင်းသားများကို ခန်းမ မှ စနစ်တကျထွက်ခွာနိုင်ရန် စီစဉ်ပေးလျက်ရှိသည်။
နောက်သုံး၊လေးရက် ကြာပြီးနောက် ကျောင်းတွင် ထိခိုက်သေဆုံးခဲ့သူများအတွက် ၀မ်းနည်းခြင်းအခမ်းအနားကျင်းပခဲ့လေသည်။
ထို့နောက် မျိုးနွယ်ခြားသတ္တဝါများ၏အလောင်းများကို ဖယ်ရှားသန့်ရှင်းရေးပြုလုပ်ကာ အဆောက်အအုံများကိုလည်း စနစ်တကျ ပြန်လည်ပြုပြင်မွမ်းမံကြလေသည်။
ယန်ဥယျာဉ်အိမ်ရာတွင်.....
ကျိုးဟောင်တယောက်ခုတင်ပေါ်တွင်လှဲပြီး သူ၏ဖန်သားပြင်ကို ကြည့်နေခဲ့သည်။
ကံကြမ္မာအမှတ် : ၆၇,၂၀၀( ကြွယ်၀များပြားသောကံကြမ္မာအဆင့်)
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဘာအပြောင်းအလဲမှ မလုပ်ဖြစ်ပေ။ တေထဲသို့ သွားကာ သတ္တဝါဆန်းများကို သတ်ဖြတ်ပြီးအမှတ်စုဆောင်းဖို့အတွက်လည်း သူစိတ်မပါဖြစ်နေခဲ့သည်။
သေဆုံးသွားသော ကျောင်းသားများ၏ မိဘများသည် လျော်ကြေးအမြောက်အမြားရရှိကြသော်လည်း သားသမီး သေဆုံးသွားသည့် ပူဆွေးမှုကိုတော့ မဖြေဖျောက်နိုင်ကြပေ။
ကျိုးဟောင်၏ မိဘများသည် ကျိုးဟောင်ဘာမှ မဖြစ်သည့် အတွက် ၀မ်းသာခဲ့ကြသည်။ လွန်ခဲ့သော ရက်အတွင်း သူတို့မရှိတုန်း ကျိုးဟောင်တခုခုဖြစ်မည်စိုးရိမ်သောကြောင့် သူတို့အလုပ်မှညဘက် စောစောပြန်ခဲ့ကြရသည်။
ဒါက ကျိုးဟောင်ကို ရီရခက်ငိုရခက်ဖြစ်စေသည်။ မဟာဆရာသခင် အဆင့်ရှိတဲ့သူ့ကို ဘယ်သူက အန္တရာယ် ပေးနိုင်မှာလဲ။ သူကသာ အခြားသူများကို ထိခိုက်စေနိုင်သော အနေအထားရှိလေသည်။
သို့သော်လည်း မြို့ထဲတွင် လုံခြုံရေးများ ပိုမိုတင်းကျပ်ထားပြီး လမ်းတိုင်းတွင် လှည့်ကင်းများရှိလေသည်။
ည၁၀နာရီခွဲ လောက်တွင် သူ့မိဘများ အိပ်မောကျနေတော့မှ ကျိုးဟောင်သည် ယန်ဥယျာဉ် အိမ်ရာမှ ထွက်လာခဲ့လေသည်။
သူအိမ်ထဲတွင် အမြဲတမ်းထိုင်မနေနိုင်ပေ။ ကောင်းကင်ဘုံလမ်းကြောင်း ဆော့လ်ဝဲလ်ရှိ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ပစ္စည်းကောင်းများရရှိရန် ကံကြမ္မာအမှတ်စုဆောင်းဖို့လိုအပ်လေသည်။
ယခုသူ့တွင်ရှိသော အမှတ်၆သောင်း က လုံလောက်မှု မရှိသေးပေ။ ဒီတကြိမ်တော့ အမှတ်၁သန်းလောက်ပြန်စုမည်လို့ ကျိုးဟောင်ကြံရွယ်ထားသည်။ ပထမဆုံး သူ ကံကြမ္မာအမှတ် ၁သန်း သုံးပြီး သာမန်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်ခဲ့စဉ်က နဂါးနှင့်ဆင်တို့၏ ဉာဏ်ပညာကျင့်စဉ်ကို ရရှိခဲ့ဖူးလေသည်။
ဒီတကြိမ်တော့ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ဖွင့်ရန် ကြံရွယ်ထားသည်။ငွေရောင်လျှို့၀ှက်ဆန်းကြယ်သေတ္တာထဲက ပစ္စည်းများမှာ သာမန်လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲမှ ပစ္စည်းများထက် ပိုသာမည်က အသေအချာပင်။ သူကံကြမ္မာအမှတ်တသန်းကို အသုံးပြုပြီးဖွင့်ပါက ပိုမိုကောင်းမွန်သော ပစ္စည်းများကို ရရှိနိုင်ဖို့ အခွင့်အလမ်းပိုများလေသည်။
ဒ့ါအပြင် သူ၏အဆင့်ကို ရွှေအဆင့်ရောက်အောင်ပိုမြှင့်ချင်နေပြီး လျှို့ဝှက်ဆန်းကြယ်သေတ္တာတွင် ဘာတွေပြောင်းလဲသွားမလဲ သိချင်နေမိသည်။
ဝှစ်...ဝှစ်...ဝှစ်...
လရောင်အောက် ကျိုးဟောင်တယောက် လျင်မြန်စွာရွေ့လျားနေပြီး တောင်ပိုင်းခရိုင်ကာကွယ်ရေးစည်းအနားပင်ရောက်လာခဲ့လေသည်။
ကလစ်
သူ၏မဟူရာလိပ်ချပ်၀တ်သည် အနီရောင်သို့ပြောင်းလဲသွားကာ သူ့တကိုယ်လုံးဖုံးလွှမ်းသွားလေသည်။
သူဂိတ်၀ရှိ သံမဏိတံခါးနားသို့ရောက်သောအခါ တပ်မှူးချုပ် ချူမှာ ထွက်လာခဲ့လေသည်။သူသည် အနီရောင်ချပ်၀တ်ကို၀တ်ဆင်ထားသောကျိုးဟောင်ကို တချက်ကြည့်လိုက်သည်။
"သံမဏိသွား နဂါးမိကျောင်းကို သတ်ခဲ့တဲ့ စီနီယာကြီး ဟုတ်ပါလား "
တပ်မှူးချုပ် ချူကမေးလိုက်သည်။
ကျိုးဟောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။သူသည် အနီရောင်ချပ်၀တ်ကို ပြောင်း၀တ်ခဲ့ခြင်းက သူ့အားမှတ်မိစေရန်ဖြစ်သည်။
သူဒီလိုလုပ်ခဲ့ရခြင်းမှာ စစ်တပ်၏ အင်အားကို ငှားချင်လို့ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် တောနက်ကြီးမှာ အလွန်ကြီးမားကျယ်ပြန့်ပြီး ဘုရင်အဆင့်မိစ္ဆာများ၊သားရဲကြီးများ၊အင်းစက်များကိုအလွယ်တကူရှာနိုင်ရန် သူ့အတွက်မြေပုံလိုအပ်လေသည်။
"ဆရာကြီး ၊ သင့်ကို ကျုပ်တွေ့ခဲရင် အရှေ့ပိုင်းခရိုင်ကာကွယ်ရေးတပ်ထံ ဖိတ်ခေါ်လာဖို့ စစ်သေနာပတိချုပ် ကျောက်က အမိန့်ပေးထားပါတယ်"
တပ်မှူးချုပ်ချူက အလျင်အမြန်ပြောကြားလိုက်သည်။
"ငါ့ကို အရှေ့ပိုင်းခရိုင်ကာကွယ်ရေးတပ်ကို အရာရှိကျောက်ကဖိတ်ထားတယ်ပေါ့။ဖြစ်နိုင်ရဲ့လား"
ဆိုပြီး ကျိုးဟောင်က အံ့ဩစွာပြန်ပြောလိုက်သည်။
ကျိုးဟောင်သည် ကျောင်းတွင်လုပ်ဆောင်ခဲ့သောအရာများကိုကြည့်ပြီး စစ်သေနာပတိချုပ်ကျောက်အား လေးစားမိခဲ့သည်။
တပ်မှူးချုပ်ချူက အကြောင်းအရင်းကို ချက်ချင်းရှင်းပြလေသည်။ အဘယ့်ကြောင့်ဆိုသော် စစ်သေနာပတိချုပ် ကျောက်သည် အကြီးအကဲအဆင့်ဆရာသခင်များနှင့် အတူလက်တွဲကာ တောနက်ကြီးအတွင်း ရှာဖွေရှင်းလင်းလုပ်ငန်းစဉ်များ ပြုလုပ်ချင်သောကြောင့်ဖြစ်သည်။ သူ၏အဓိကရည်ရွယ်ချက်ကတော့ ပုန်းအောင်းနေသောအရိပ်ပိုးကောင်များကို ရှာဖွေပြီးသုတ်သင်ရန်ဖြစ်လေသည်။
ကျိုးဟောင်ရုတ်တရက်နားလည်သွားခဲ့သည်။ချူမြို့အထက်တန်းကျောင်း တိုက်ခိုက်ခံရသည့်ဖြစ်ရပ်မှာ ဒီအရိပ်ပိုးကောင်များပုန်းအောင်းနေမှုကို ရှာဖွေ မထောက်လှမ်းနိုင်ခဲ့သောကြောင့်ဖြစ်လေသည်။သူတို့ကို မရှင်းလင်းနိုင်ပါက နောင်တွင်မြို့အားအကြီးအကျယ်ထိခိုက်လာစေနိုင်လေသည်။
"သေချာတာပေါ့"
ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည်သူ့နေရာမှ ပျောက်ကွယ်သွားလေသည်။
တပ်မှူးချုပ် ချူသည်လည်း ဒီ မဟာဆရာသခင်ကြီးက အလွန်လျင်မြန်ပြီး ဆုံးဖြတ်ချက်ပြတ်သားသည်လို့တွေးမိကာ ပြုံးနေခဲ့သည်။
အရှေ့ပိုင်းခရိုင်ကာကွယ်ရေးတပ်တွင် အရာရှိကျောက်သည် ကျိူးဟောင်၀င်ရောက်လာသည်ကို ခံစားလိုက်မိသည်။
ဝှစ် ဝှစ် ဝှစ်.....
စစ်သေနာပတိချုပ် ကျောက် အပါအ၀င်အရိပ်ခုနှစ်ခု ရှစ်ခုလောက် ကျိုးဟောင်ရှေ့သို့ လျပ်တပြတ်ရောက်လာခဲ့သည်။ကျိုးဟောင်လည်း ထိတ်လန့်သွားကာ ခုန်ရှောင်လိုက်လေသည်။
ကျိုးဟောင်၏အာရုံမှာ ထက်မြက်လှပြီး ထိုလူများ၏အရှိန်အဝါမှ နှိုင်းယှဉ်မရအောင် စွမ်းအားကြီးကောင်း သူခံစားမိသည်။ထိုသူများမှာ သေချာပေါက် မဟာဆရာသခင်ကြီးဖြစ်မည်လို့ သူကောက်ချက်ချလိုက်သည်။
"ဆရာကြီး၊ နောက်ဆုံးတော့မင်းကိုတွေ့ခွင့်ရပြီ" ဟုရီပြီးပြောလိုက်သည်။
" ဟုတ်တယ် တကယ်ကို ခက်ခဲခဲ့တာ"
" ၂ကြိမ် ၃ ကြိမ်လောက် လိုက်ရှာခဲ့ရပြီးနောက် ခုတော့ ငါတို့သူ့ကို လူကိုယ်တိုင်တွေ့ရပြီ"
ဟဲ့ပျောင်းနှင့် အခြားမဟာဆရာသခင်ကြီးများက ရယ်ပြီးပြောကြလေသည်။
"စစ်သေနာပတိချုပ် မင်းငါ့ကိုတရင်းတနှီးသိနေတာလား"
ဟု ကျိုးဟောင်က တအံ့တဩမေးလိုက်သည်။
စစ်သေနာပတိချုပ်ကျောက်ကအခြေအနေအားလုံးကိုရှင်းပြလိုက်လေသည်။အဲ့တော့မှ ကျိုးဟောင်လည်း သဘောပေါက်သွားခဲ့လေသည်။
သူသံမဏိသွားနဂါး မိကျောင်းကို သတ်ခဲပြီးချိန်ထဲက ဒီမဟာဆရာသခင်များအဖွဲ့သည် သူ့နောက်တောက်လျှောက်လိုက်နေခဲ့ခြင်းဖြစ်သည်။ သူအဲ့ပစ္စည်းများကို ရောင်းမည်သိသောကြောင့် ကုန်သည်အစည်းအရုံးကိုလည်း လိုက်လာခဲ့ကြသေးသည်။
ကျိုးဟောင် အဲ့အချိန်ကရောင်းပြီး အမြန်ထွက်သွားခဲ့ခြင်းက ကံကောင်းထောက်မ တာပဲဆိုပြီး တွေးလိုက်မိသည်။ မဟုတ်ရင် ဒီ မဟာဆရာသခင်များ၏ အာရုံစိုက်မှုကိုခံရပြီး နောင်တွင်အေးအေးဆေးဆေးနေနိုင်ဖို့ သူ့အတွက်မလွယ်တော့ပေ။
" စစ်သေနာပတိချုပ် ကျောက်၊ ကျုပ် တပ်မှူးချုပ် ချူဆီကနေ ရှာဖွေရှင်းလင်းရေး အစီအစဉ်ကိုကြားခဲ့တယ်။ ကျုပ်ကို သေချာလေး ရှင်းပြပါဦး"
ကျိုးဟောင်သည် တခြားမဟာဆရာသခင်ကြီးများနှင့် မိတ်ဖွဲ့မနေဘဲ လိုရင်းကိုတန်းမေးလိုက်လေသည်။
သူ၏အစစ်အမှန် အနေအထားသည် သိုင်းပညာရှင်အဆင့်သာရှိသေးပြီး ဒီမဟာဆရာသခင်ကြီးများနှင့်ရောနှောနေပါက သူ့သရုပ်မှန်ပေါ်ပေါက်သွားမည်ဖြစ်သည်။
"ဟုတ်ပါတယ်။ ဒီမျိုးနွယ်ခြားအင်အားစုတွေက အရမ်းစိတ်ကြီး၀င်လွန်းတယ်။ ငါတို့မြို့က အထက်တန်းကျောင်းကို လာတိုက်တဲ့အတွက် သူတို့ကိုသင်ခန်းစာပြန်ပေးရမယ်။ မဟုတ်ရင် သူတို့တွေပိုပြီး အထိန်းအကွပ်မဲ့ပြုမူလာကြလိမ့်မယ် "
စစ်သေနာပတိချုပ်ကျောက် ချက်ချင်းပြန်ဖြေလေသည်။
" ဒီရှာဖွေရှင်းလင်းရေး အစီအစဉ်မှာတော့ လူတိုင်းကို အုပ်စု လေးခုခွဲပေးမည်။ အုပ်စုတခုမှာ လူ ၂ ယောက်ဆီပါ၀င်ပြီး လမ်းကြောင်း ၄ကြောင်းကို တာ၀န်ယူရမယ်"
ဆိုပြီး အရာရှိကျောက်မှ ပြောနေရင်း ခနလောက်ရပ်ကာ
"ဒါနဲ့ မင်းနာမည်လေး ပြောပါဦး" ဟုမေးလေသည်။
"အရမ်းရိုသေမနေပါနဲ့ ကျွန်တော့်ကို လောင်ကျိုး လို့ပဲ ခေါ်ပါ "
ဟု ကျိုးဟောင်က ပြန်ပြောလိုက်သည်။
"လောင်.... လောင်ကျိုး "
စစ်သေနာပတိချုပ် ကျောက်သည် သူမရင်းနှီးသောနာမည်ဖြစ်သောကြောင့် စိတ်၀င်စားသွားသည်။
"ခင်ဗျားနဲ့ကျုပ်တာ၀န်ကတော့ ဘယ်အဖွဲ့မှာမှ မပါဘဲ သူတို့ ကူညီပေးဖို့ပဲဖြစ်တယ်။ တခြားအဖွဲ့တွေ အန္တရာယ်မကြုံတွေ့ရချိန်မှာတော့ ငါတို့လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ပါတယ်။"
ဆိုပြီး စစ်သေနာပတိချုပ်ကျောက်က ဆက်ပြောလေသည်။
"ကောင်းပြီလေ"
ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်ကခေါင်းညိတ်ပြီးပြောလိုက်သည်။
တခြားမဟာဆရာသခင်ကြီးများသည် အစီအစဉ်ကိုသိရှိပြီးသားဖြစ်သောကြောင့် ဘာမှထပ်မပြောကြပေ။
ထိုအချိန်တွင် စစ်သေနာပတ်ိချုပ် ကျောက်သည် အစိမ်းရောင်ကျောက်တုံးတတုံးကို ထုတ်ပြလိုက်သည်။ထိုကျောက်တုံးမှ အေးမြသောရောင်ဝါများထုတ်လွှတ်နေလေသည်။
"အသက်စွမ်းအင်မှော်ကျောက်တုံး"
ဆိုပြီး တစုံတယောက်က အော်ပြောလိုက်လေသည်။
…..................................................................................
အခန်း(၄၆) ပြီးပါပြီ။
အခန်း(၄၇) : ကံကြမ္မာအမှတ်တွေရေ ငါလာပြီဟေ့
"စစ်သေနာပတိချုပ် ကျောက် မင်းမှာ တကယ့်ကို အဖိုးတန်ရတနာတခုရှိနေတာပဲ"
အရှိန်အဝါကို ခံစားမိလိုက်သောကြောင့် ပါမောက္ခ ချုပ်ဟဲ့ နှင့် အခြား လူများလည်း လှည့်ကြည့်လာကြလေသည်။
ကျိုးဟောင်သည် အသက်စွမ်းအင်မှော်ကျောက်တုံးိုတာကို နားမလည်သော်လည်း ဘာမှတော့ ၀င်မပြောသေးပေ။
"ငါ တောနက်ကြီးထဲမှာ စွန့်စားသွားလားရင်း ဒီတခုကိုကံကောင်းထောက်မစွာနဲ့တွေ့ ခဲ့တာ"
ဆိုပြီး စစ်သေနာပတိချုပ် ကျောက်က အသက်စွမ်းအင်မှော်ကျောက်တုံးအား ကြည့်ပြီးပြောလိုက်လေသည်။
ပါမောက္ခချုပ် ဟဲ့နှင့် အခြားလူများလည်း စစ်သေနာပတိချုပ်ကျောက်အား အားကျစွာကြည့်နေကြလေသည်။
" ဒီအသက်စွမ်းအင်မှော်ကျောက်တုံးက အရမ်းကိုရှားပါးတယ်။ ၎င်းကလူတယောက်ကို ပင်ကို ဗီဇကို မြှင့်တင်ပေးနိုင်ပြီး သက်တမ်းကိုလည်းတိုးပေးနိုင် ယုံသာမက ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးနိုင်သေးတယ်။ ဒီမှော်ကျောက်တုံးနဲ့သာဆိုရင် အထွဋ်အထိပ် မဟာဆရာသခင် အဆင့်ကို ရောက်နိုင်သည့်အပြင် ထိုထက်ပိုမြင့်တဲ့အဆင့်များကိုလည်း တက်လှမ်းနိုင်လိမ့်မည်"
မဟာဆရာသခင် ယွီက စိတ်မထိန်းနိုင်ပဲထုတ်ပြောနေလေသည်။
" ငါ ဒီအသက်စွမ်းအင်မှောက်ကျောက်တုံး အစွမ်းကို အားထားပြီး အဆင့်မြင့်မဟာဆရာသခင် အဆင့်ကို တဖြည်းဖြည်းတက်လှမ်းလာခဲ့တာပဲဖြစ်တယ်။ သို့သော်လည်း ငါရဲ့ စွမ်းရည်က အမြင့်ဆုံးကန့်သတ်ချက်ကိုရောက်နေခဲ့ပြီ။ ဒါကြောင့် ဒီမှော်ကျောက်တုံးကို သုံးပြီး အဆင့်ထပ်တက်ဖို့ကတော့ မလွယ်ကူတော့ဘူး "
စစ်သေနာပတိချုပ် ကျောက်က ခေါင်းကိုညိတ်လျက်ပြောနေလေသည်။
" ငါဒီကျောက်တုံးကို ထုတ်ပြခြင်းက ဒီတခေါက် ရှာဖွေရှင်းလင်းရေး အစီအစဉ်အတွက် ဆုလာဘ်အနေနဲ့ပေးရန်ဖြစ်တယ်"
ဟုတဆက်ထဲထပ်ပြောလေသည်။
ထိုစကားကိုကြားသောအခါ ပါမောက္ခချုပ် ဟဲ့နှင့် အခြားမဟာဆရာသခင်များအားလုံး စိတ်လှုပ်ရှားသွားကြလေသည်။
"စစ်သေနာပတိချုပ် ကျောက်၊ ဒါကို ရနိုင်ဖို့ဘာတွေလိုအပ်သလဲ "
ဟုမဟာဆရာသခင်တယောက်ကမေးလိုက်လေသည်။
မှော်ကျောက်တုံးမှာ တတုံးထဲသာ ရှိပြီး သူတို့အားလုံး ထိုအရာကိုအမှန်တကယ်လိုချင်နေကြလေသည်။
"ဒါကတော့ ရိုးရှင်းပါတယ်။ ငါတို့ရှင်းလင်းရေးအစီအစဉ်မှာ အဖွဲ့လေးဖွဲ့ပါရှိမယ်။ ငါ နဲ့ လောင်ကျိုးကိုပါ ထည့်တွက်မယ်ဆိုရင်တော့ ၆ဖွဲ့ပေါ့။ အရိပ်ပိုးကောင်တွေကို အများဆုံးရှာဖွေသတ်ဖြတ်နိုင်တဲ့အဖွဲ့က မှော်ကျောက်တုံးကို ရမယ်"
စစ်သေနာပတိချုပ် ကျောက် က ပြုံးပြီးပြောလိုက်သည်။
မဟာဆရာသခင်များ အားလုံး သက်ပြင်းချမိကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် မျိုးနွယ်ခြားသားရဲကြီးများကို သတ်ဖြတ်ရာတွင် စစ်သေနာပတိချုပ် ကျောက်နှင့် လောင်ကျိုး(ကျိုးဟောင်) အား ယှဉ်နိုင်သေးသော်လည်း ဒီအရိပ်ပိုးကောင်များကို သတ်သည်ကိစ္စတွင်တော့ မလွယ်ကူတော့ပေ။
အရိပ်ပိုးကောင်များ သည် အင်းစက်မျိုးနွယ်ထဲတွင် အလွန်လျှို့ဝှက်သောသားရဲများဖြစ်ကြသည်ကို သူတို့သိသည်။ မြို့တော်၏ အဆင့်မြင့်ထောက်လှမ်းရေးပစ္စည်းများနှင့်တောင် ရှာဖွေထောက်လှမ်းရန် ခက်ခဲလေသည်။
မဟာဆရာသခင်များသည် သူတို့၏အာရုံခံစွမ်းသက်သက်ကိုသာ အသုံးပြုပြီး ထိုပိုးကောင်များကို ရှာဖွေကြရမည်ဖြစ်လေသည်။
ဒါကြောင့် ထိုအရိပ်အင်းစက်များကို ရှာဖွေသုတ်သင်ခြင်းသည် အသက်စွမ်းအင်မှော်ကျောက်တုံးအားရှာဖွေသကဲ့သို့ ခက်ခဲပေမည်။
ကြိုးစားအားထုတ်မှုနှင့် ကံတရားကိုသာ အားကိုးပြီး ရှာဖွေကြရမည်ဖြစ်ပြီး အင်အားသည် ထိုနေရာတွင် အရေးမပါတော့ပေ။
"အသက်စွမ်းအင်မှော်ကျောက်တုံး က ခန္ဓာကို ပြောင်းလဲပေးနိုင်မှန်း ငါမသိခဲ့ဘူး"
ကျိုးဟောင်တယောက် စိတ်လှုပ်ရှားသွားလေသည်။
ကျိုးဟောင်အဖေ၏ အလုပ်ခွင်သည် ကြမ်းတမ်းလှပြီး ခန္ဓာကိုယ်တွင်မကြာခဏ ဒဏ်ရာများစွာလည်း ရရှိခဲ့လေသည်။
ကျိုးဟောင်သည် သူ့အဖေ၏ ခန္ဓာကိုယ်ကို ကုစားရန် နည်းလမ်းများကို အမြဲစဉ်းစားခဲ့လေသည်။ ယခုတော့ မှော်ကျောက်တုံး၏အံဖွယ်စွမ်းရည်များနှင့် သူ့အဖေကို သူကူညီနိုင်တော့မည်ဖြစ်လေသည်။
"ဘာမေးစရာရှိကြသေးလဲ"
စစ်သေနာပတိချုပ် ကျောက်က မေးလိုက်သည်။ဘယ်သူမှ ဘာမှ ထပ်မမေးကြတော့ပေ။
"ဒါဆို ကောင်းပြီ ငါတို့ ဒီလိုလုပ်ကြမယ်။ ခဏနေရင် စုံစမ်းထောက်လှမ်းရေးဌာနကိုသွားပြီ ငါတို့ချပ်၀တ်ရဲ့လက်မောင်းတပ်ဆင်ဖို့ မြေပုံတွေ သွားယူကြမယ်။ပြီးရင် အားလုံးအဆင်ပြေပြေဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးလိုင်းတခု ထောင်ကြမယ်"
စစ်သေနာပတိချုပ် ကျောက်ကပြောသည်။
ကျိုးဟောင်သည် သူ၏ မဟူရာလိပ်ချပ်၀တ်တွင်အခြားသောချပ်၀တ်များထက် အဆင့်မြင့် ဆက်သွယ်ရေးကိရိယာများပါရှိသောကြောင့် ဆက်သွယ်ရေးလိုင်းကို ပါ၀င်နိုင်ရန် သူ့အတွက် အခက်အခဲမရှိပေ။
ဒီ ဒီ!!!
ဆက်သွယ်ရေးလိုင်း တခုကို တည်ဆောက်လိုက်ကြပြီးလူတိုင်း၏ချပ်၀တ်လက်ထဲရှိ ဖန်သားပြင်တွင်လည်း မြေပုံများရောက်လာကြလေသည်။
ကျိုးဟောင်သည် မြို့၏အပြင်ဘက်တွင်ရှိသောတောနက်ကြီး၏ မြေပုံအားဖွင့်ကြည့်လိုက်လေသည်။
ထိုထဲတွင် သာမန် စစ်သူကြီးအဆင့် နတ်ဆိုးသားရဲများနှင့် အင်းစက်ပိုးကောင်များကို အပြာရောင်စက်ဝိုင်းဖြင့်ဖော်ပြထားပြီး ဘုရင်အဆင့် နတ်ဆိုးသားရဲများနှင့် အင်းစက်ပိုးကောင်များကိုတော့ အနီရောင်စက်ဝိုင်းဖြင့် ပြသထားလေသည်။
ဟွာတုန်းမြို့၏အပြင်ဘက်ရှိတောနက်ကြီးရဲမှာတော့ဘုရင်အဆင့်ထက် ပိုမြင့်သော သားရဲကြီးတော့ မတည်ရှိပေ။
"သွားကြရအောင်"
မဟာဆရာသခင်ကြီးများ တယောက်ပြီးတယောက်ကောင်းကင်သို့ ပျံတက်ထွက်ခွာသွားကြသည်။
အရှေ့ပိုင်းကာကွယ်ရေးတပ်ရှိ တပ်မှူးချုပ် ချူနှင့် တပ်သားများကတော့ အားကျစွာငေးမောကြည့်နေခဲ့ကြသည်။
ဧရိယာ ၂၁၇....
ဤဧရိယာသည် အလွန်မတ်စောက်သော တောင်ကြီးများနှင့် ချောက်များ ရှိသောနေရာဖြစ်လေသည်။
အလွန်အေးစက်သော လေပြင်းနှင့်အတူ ဟိန်းသံများဖုံးလွှမ်းနေတတ်ပြီး တော်ရုံ မဟာဆရာသခင်အဆင့်များပင် မချည်းကပ်ဝံ့ကြပေ။အထူးသဖြင့် ညပိုင်းအချိန်တွင် အမဲလိုက်အဖွဲ့ တဖွဲ့တလေတောင်မှ မရှိတတ်ပေ။
ဝုန်း......
ကျိုးဟောင်သည်ထိုနေရာသို့ဆင်းသက်လာခဲ့သည်။ဟွာတုန်းမြို့ရှိ တောနက်ကြီးတွင် နေရာအပိုင်းအခြား၂၀၀ကျော်ရှိသော်လည်း ထိုအထဲတွင် ဘုရင်အဆင့် နတ်ဆိုးသတ္တဝါများရှိသည့်အပိုင်းမှာ ၃၀ကျော်လောက်သာရှိလေသည်။ထို့အပြင် ရွှံ့နီတောရှိ သံမဏိသွား နဂါးမိကျောင်းကြီးကို တော့ သူ သတ်ခဲ့ပြီးသားဖြစ်လေသည်။
သူတို့နှင့်အနီးဆုံး ဘုရင်အဆင့်နတ်ဆိုးသတ္တဝါရှိသည့်နေရာမှာ ထိုဧရိယာ၂၁၇ ဖြစ်သည်။ကျိုးဟောင်သည် အချိန်ကုန်သက်သာစေရန်ထိုနေရာသို့အရင်တန်းလာခဲ့ခြင်းဖြစ်လေသည်။
"ကံကြမ္မာအမှတ်တွေရေ ငါလာပြီဟေ့"
ဆိုပြီးကျိုးဟောင်က ကြွေးကြော်လိုက်သည်။သူသည် အရိပ်ပိုးကောင်များကို အလောတကြီးမရှာလိုပေ။ အဘယ့်ကြောင့်ဆို သူ့အတွက် ထိုပိုးကောင်များကို အာရုံခံရှာဖွေဖို့ အခက်အခဲရှိလေသည်။
သူ၏သွေးအနှစ်သာရကို ထုတ်လွှတ်ကာ တောင်အောက်သို့ လျင်မြန်စွာ ဆင်းလာခဲ့လေသည်။ ပြင်းထန်ပြီး စွမ်းအားကြီးသော ဖိအားတခုသည် ချိုင့်ဝှမ်းတခုလုံးသို့ ဖုံးလွှမ်းသွားခဲ့သည်။
ဂါး......
အမှောင်ထုထဲမှာ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော အသံတခုထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင်သည် ဘုရင်အဆင့်နတ်ဆိုး၏ သွေးအနံ့ကို အရပ်မျက်နှာ အဘက်ဘက်မှ ပျံ့နှံ့လာကြောင်းအာရုံခံမိသည်။
"အလယ်အလတ် ဘုရင်အဆင့် နတ်ဆိုးသားရဲအတောင်လေးစင်း အရိပ်ကျားသစ်!!"
ကျိုးဟောင်သည် ထိုသားရဲ၏အရိပ်အယောင်ကို မမြင်ရသောကြောင့် မျက်မှောင်ကြုံ့လိုက်သည်။ ထိုအတောင်လေးစင်း နတ်ဆိုးကျားသစ်သည် ပျံသန်းနိုင်သော နတ်ဆိုးမိစ္ဆာဖြစ်ပြီး အလွန်လည်း လျင်မြန်ပေသည်။
ပုံမှန်အားဖြင့် စစ်သေနာပတိချုပ် ကျောက်ကဲ့သို့သော ထိပ်တန်းခေါင်းဆောင်ကြီးများပင် ထိုသားရဲကြီးအား အလောတကြီး မလှုံဆော်ဝံ့ကြပေ။ အထွဋ်အထိပ်မဟာဆရာသခင် တယောက်၏ လျင်မြန်မှုမျိုး မရှိပါက ထိုအတောင်လေးစင်းအရိပ်ကျားသစ်ကို သတ်နိုင်မည် မဟုတ်ပေ။
သေလိုက်စမ်း!!!!!
ရုတ်တရက်ဆိုသလို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အေးစက်ပြီးချွန်ထက်သော လေဓားသွား တချက်သည် ကျိုးဟောင်ဆီသို့ တည့်တည့်တိုး၀င်လာလေသည်။
"ငါမင်း စလှုပ်ရှားတာကို စောင့်နေတာ"
ကျိုးဟောင်က တချက်ပြုံးလိုက်ပြီး သူ့လက်ရှိနေရာမှ မျက်စိတမှတ်အတွင်းပျောက်ကွယ်သွားလေသည်။
ဝုန်းး.....
ထို့နောက် အလွန်ကြီးမားသော မိစ္ဆာကောင်ကြီးရှေ့သို့ရောက်သွားခဲ့လေသည်။ထိုအရာသည် အတောင်လေးစင်း အရိပ်ကျားသစ်ဖြစ်လေသည်။
အရိပ်ကျားသစ်သည် ကျိုးဟောင်ကို မြင်လိုက်သည်နှင့်တပြိုင်နက် သူ၏တောင်ပံများဖြင့် ဓားသွားကဲ့သို့ ပိုင်းဖြတ်လိုက်လေသည်။
သို့သော်လည်း ကျိုးဟောင် က အချိန်မှီတုံ့ပြန်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးအနှစ်သာရတွေ တဟုန်းဟုန်းတောက်လောင်လာပြီး သူလက်ထဲရှိဓားသွားမှာလည်း အလင်းကဲ့သို့လျင်မြန်လာခဲ့လေသည်။
ထို့နောက် အရိပ်ကျားသစ်၏ တောင်ပံ လေးခုလုံးအား တခဏတွင်း ပိုင်းဖြတ်လိုက်လေသည်။
ဝှစ်.......
အတောင်လေးစင်း အရိပ်ကျားသစ်လည်း နာကျင်စွာအော်ဟစ်လိုက်ပြီး ကျိုးဟောင်နားမှ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလေတော့သည်။ သို့သော်လည်း သူ့ ဦးခေါင်းထိပ်၌ ကျိုးဟောင်ရုတ်တရက်ပေါ်လာသောကြောင့် ကြက်သေသေဖြစ်သွားလေသည်။
ပြီးဆုံးသွားခဲ့ပြီး.....
ကျိုးဟောင်၏ ဓားသွားသည် သူ့ရှေ့တွင်ရှိသော အရာအားလုံးကို ဖြတ်ပိုင်းသွားပြီး သေခြင်းတရားနှင့်မိတ်ဆက်ပေးလိုက်လေတော့သည်။
..............................................................................
အခန်း(၄၇)ပြီးပါပြီ။
အခန်း(၄၈) : အဆင့်မြင့်ဘုရင်အဆင့် အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီး
ဝုန်း.....
မီတာ ၅၀၀နီးပါး မြင့်သော အတောင်လေးစင်းအရိပ်ကျားသစ် ခန္ဓာကိုယ်ကြီးသည် ဓားသွားဖြတ်ပိုင်းချသွားပြီးနောက် မြေပေါ်သို့ဘုန်းဘုန်းလဲကျသွားလေသည်။
ကျားသစ်ကြီးသည် သေဆုံးသွားသည့်တိုင်အောင် ပြိုင်ဘက်၏တချက်ထဲဖြင့် အလဲထိုးသွားသည့်အပေါ် မယုံကြည်နိုင်သည့်ပုံရိပ်များကျန်နေခဲ့လေသည်။နောက်ဆုံးတော့ လူတယောက်ကဲ့သို့ အသိဉာဏ်ရှိပြီး ဟွာတုန်းမြို့ တောနက်ကြီးထဲတွင် ရာစုနှစ်တခုကြာကြီးစိုးခဲ့သော အလယ်အလတ်ဘုရင်အဆင့် မိစ္ဆာကြီးမှာ နိဂုံးချုပ်ခဲ့ရလေပြီ။
ကျိုးဟောင်သည်သူ၏ဓားကို ပြန်သိမ်းလိုက်ပြီး မြေပေါ်သို့ဆင်းသက်လိုက်သည်။ အတောင်လေးစင်းအရိပ်ကျားသစ်အလောင်းကြီးကို သူ၏မဟူလိပ်ချပ်၀တ်တွင်ပါရှိသော အထူးအိတ်ထဲသို့ ဆွဲယူထည့်သွင်းလိုက်သည်။
သူ့အနေဖြင့် အလယ်အလတ်ဘုရင်အဆင့် နတ်ဆိုးတကောင်ကို သုတ်သင်ရသည်မှာ မခက်ခဲလှပေ။
နောက်ဆုံးတွင် သူ၏ဘုရင်အဆင့်ဓားရှည် သည် အလွန်ထက်ပြီး အရိပ်ခုနှစ်သွယ်ဓားသိုင်းကို ကောင်းမွန်စွာ သုံးစွဲနိုင်ပြီး အကန့်အသတ်ရောက်လုနီးပါး မဟာဆရာသခင်တယောက်၏စွမ်းရည်မျိုး ပေးစွမ်းလေသည်။
ကျိုးဟောင်သည် ထုံးစံအတိုင်း ဖန်သားပြင်ကိုလှမ်းကြည့်လိုက်သည်။
ကံကြမ္မာအမှတ် : ၁၄၇,၂၀၀(လက်ရှိအဆင့်-ကြွယ်၀များပြားသောကံကြမ္မာအဆင့်)
"မဆိုးဘူး။ အလယ်အလတ်ဘုရင်အဆင့် မိစ္ဆာသားရဲတကောင်က ကံကြမ္မာအမှတ် ၈သောင်းလောက်ရတာပဲ "
ကျိုးဟောင်ပြုံးပြီး မျက်လုံးများကို မြေပုံပေါ်သို့ကြည့်လိုက်သည်။
မြေပုံထဲတွင် အနည်းဆုံး အလယ်အလတ်ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာ အကောင် ၂၀လောက် ဟွာတုန်းမြို့၏တောနက်ထဲတွင်ရှိလေသည်။
ဒါတွေအကုန် သူရှင်းလင်းနိုင်ရင်တော့ ကံကြမ္မာအမှတ်တသန်းလောက် စုဆောင်းနိုင်မည် ဖြစ်လေသည်။
"ငါဆက်သွားရမယ်"
ထိုသို့ပြောပြီးနောက် စိတ်အခြေအနေကောင်းနေသော ကျိုးဟောင်သည် နောက်ဧရိယာတခုလို့ဆက်သွားခဲ့လေသည်။
ကျိုးဟောင်သည် အပြင်းအထန်အမဲလိုက်နေခဲ့ပြီး သူသည် ဧရိယာ ၂၃၁၊ ၂၄၂၊ ၂၇၃ ......များသို့ တခုပြီးတခု ဆက်တိုက်သွားလာနေခဲ့သည်။
အချိန်တနာရီလောက်ကြာပြီးနောက် ဧရိယာ၅ခုလောက်ရှိ အလယ်အလတ်ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာအားလုံး အသတ်ခံလိုက်ကြရလေသည်။
ကျိုးဟောင်သည် တနေရာနှင့် တနေရာ အချိန်ပေးသွားလာမနေခဲ့ရလျှင် ဒီထက်ပို သတ်နိုင်မည်ဖြစ်သည်။
ဂါး......
ဟွာတုန်းမြို့တောနက်ကြီး၏ အနောက်ဘက်ပိုင်းတွင်...
ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာများကို ကွပ်ကဲနေသော"အဆင့်မြင့်ဘုရင်အဆင့် အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီး" သည် သူ့လက်အောက်ရှိ အင်အားကြီးလက်အောက်ငယ်သားများ၏ အရှိန်အဝါများ အလျင်အမြန်ပျောက်ကွယ်နေသည်ကို ခံစားလိုက်ရသည်။
ထို့နောက်ဒေါသတကြီးဖြင့် ပြင်းထန်သော ဟိန်းဟောက်သံများကို ထုတ်ကာ အခြားနတ်ဆိုးဘုရင်များကို စုရုံးစေလေသည်။
အဖွဲလေးဖွဲ့အဖြစ် ခွဲသွားသော မဟာဆရာသခင်ကြီးများသည် မုန်တိုင်းကဲ့သို့ပြင်းထန်သော ဟိန်းဟောက်သံကြီး ကြားလိုက်ကြသည်။
"ဒီဆူညံသံကြီး.... ဒါမကောင်းဘူး။ ဒါအမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးပဲ။ သူအခြား နတ်ဆိုးဘုရင်တွေကို စုရုံးခိုင်းနေတာပဲ"
မဟာဆရာသခင်များ၏ မျက်နှာအမူအရာများသိသိသာသာပြောင်းလဲသွားသည်။ တောနက်ထဲတွင် ဘာတွေ ဖြစ်ပျက်နေလဲသူတို့ မသိသော်လည်း ယခုကဲ့သို့ ဘုရင်အဆင့်နတ်ဆိုးများစုရုံးရန်ဖိတ်ခေါ်ခြင်း က ဟွာတုန်းမြို့ကို တိုက်ခိုက်ရန်ဖြစ်နိုင်ကြောင်းသူတို့မှန်းဆလိုက်သည်။ အရင်တုန်းကလည်း ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ဖူးလေသည်။
ထိုအချိန်တွင် ဆက်သွယ်ရေးလိုင်းထဲမှ စစ်သေနာပတိချုပ်ကျောက်၏အသံ အလျင်အမြန်ထွက်ပေါ်လာခဲ့သည်။
"အဖွဲ့အားလုံး ဧရိယာ ၃၀၁သို့ အမြန်သွားကြပါ။ အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးကို အခြားနတ်ဆိုးဘုရင်များ ဆင့်ခေါ်နေသည့် ဟိန်းဟောက်သံကို အစွမ်းကုန်သုံးပြီး တားဆီးကြပါ"
"သိရှိပါပြီ"
"သတင်းရရှိပါတယ်"
မဟာဆရာသခင်များ တယောက်ပြီးတယောက်ပြန်လည်ဖြေကြားကြလေသည်။သူတို့ အတွက် ဘယ်ဟာကပိုအရေးကြီးသလဲသိရှိကြပြီး အရိပ်ပိုးကောင်များကို ရှာဖွေခြင်းရပ်တန့်ကာ ဧရိယာ ၃၀၁သို့ အမြန်ထွက်ခွါကြလေသည်။
အမှန်တကယ်တော့ သူတို့သည် အဆင့်မြင့်ဘုရင်အဆင့် အမြှီး၇ချောင်း မြွေပါကြီးကို ဖြေရှင်းနိုင်ဖို့မသေချာပေ။ သူတို့သည်ယခုအချိန်တွင် အဖွဲ့လိုက်ရှိသော်ငြား ထိုမိစ္ဆာကြီးအား ကိုင်တွယ်ရန် ခက်ခဲနေသေးသည်။ သူတို့၏အသက်အန္တရာယ်လည်း စိုးရိမ်ရသည်။
သို့သော်လည်း မဟာဆရာသခင်ကြီးများသည် တယောက်မှ နောက်ဆုတ်သွားခြင်းမရှိပေ။
ကျိုးဟောင်လည်း ဆက်သွယ်ရေးလိုင်းမှ အသံကိုကြားလိုက်ရသည်။
"ဘာကြောင့် အဆင့်မြင့်ဘုရင်အဆင့် အမြှီး၇ချောင်း မြွေပါကြီးက အခြားနတ်ဆိုးဘုရင်တွေကိုဆင့်ခေါ်နေတာလဲ"
သူ့ဇဝေဇဝါဖြစ်သွားခဲ့သည်။
သို့သော်လည်း သူချက်ချင်းပင် မြေပုံကို ကြည့်ကာ ဧရိယာ ၃၀၁ သို့ရောက်နိုင်မည့် လမ်းကြောင်းအတိုင်းလာနေခဲ့လေသည်။ သူသည် ဧရိယာ ၃၀၁နှင့်အတော်ဝေးသောနေရာတွင်ရောက်နေခဲ့ခြင်းဖြစ်သည်။
ဧရိယာ ၃၀၁....
၃၀၁ရှိအေးစက်နေသော ရေကန်ကြီးတွင်....
မြူမှုန်များဘေးပတ်လည်တွင်၀န်းရံနေပြီး ရေကန်ကြီး၏အလည်တွင် ကြာပန်းများကဲ့သို့ ကျောက်စိမ်းရောင် သစ်ရွက်များ ဖူးပွင့်နေလေသည်။
စစ်သေနာပတိချုပ် ကျောက်နှင့် မဟာဆရာသခင်ကြီးများ ရောက်ရှိလာစဉ်တွင် အမြှီးခုနှစ်ချောင်း တိမ်လွှာမြွေပါကြီးသည် ထိုအစိမ်းရောင်သစ်ရွက်များပေါ်တွင် မတ်တပ်ရပ် ကာ ကောင်းကင်သို့ ဟိန်းဟောက်သံများ ထုတ်လွှင့်နေလေသည်။
၎င်းသည် အဆင်မပြတ်ကျယ်လောင်စွာ ဟိန်းဟောက်နေခဲ့သည်။
မဟာဆရာသခင်ကြီးများ ပထမဆုံးတဖွဲ့ရောက်ရှိလာသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ အမြှီး၇ချောင်းတိမ်လွှာ မြွေပါကြီးသည် ဟိန်းဟောက်နေခြင်းအား ရပ်တန့်လိုက်ပြီး သူ့တို့အား အေးစက်သောမျက်လုံးများဖြင့်ကြည့်နေလေသည်။
ရွှစ်.....
စစ်သေနာပတိချုပ် ကျောက်အပါအ၀င် ဟဲ့ပျောင်း၏အဖွဲ့မှ မဟာဆရာသခင် ၂ယောက်တို့အား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီး သူတို့ခန္ဓာကိုယ်အား ပစ်မှတ်ထားနေကြောင်းခံစားလိုက်ရသည်။
"နေဦး..."
စစ်သေနာပတိချုပ် ကျောက်သည် အလောတကြီးမတုံပြန်လိုပေ။
အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးမှာအဆင့်မြင့်ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာဖြစ်ပြီး သူ့တွင် အထက်တန်းမျိုးရိုးသွေး ပါရှိပြီး တိုက်ခိုက်စွမ်းရည်မှာလည်း အလွန်အားကောင်းလေသည်။
အထက်တန်းအဆင့်မဟာဆရာသခင်မဆိုထားနှင့် အထွဋ်အထိပ် မဟာဆရာသခင်တောင် သူ့အား အလောတကြီး ရင်ဆိုင်ပါက ယှဉ်နိုင်မည်မဟုတ်ပေ။သူတို့၃ယောက် ပူးပေါင်းတိုက်ခိုက်ရင်တောင် သေခြင်းတရားကို ရှောင်လွှဲနိုင်ရန် ခက်ခဲလှသေးသည်။
ဟဲ့ပျောင်းနှင့် မဟာဆရာသခင် ယွီသည် တည်ငြိမ်နေပုံရသော်လည်း သူတို့စိတ်ထဲတွင်တော့ တုန်လှုပ်နေလေသည်။
ပုံမှန်အခြေအနေတွင်တော့ သူတို့သည် ဒီဧရိယာ ၃၀၁ နားသို့ မလာဝံ့ကြပေ။ဒါ့ပြင် ဒီနေ့ အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးသည် အခြားနတ်ဆိုးဘုရင်များကို စုစည်းရန် ကြိုးစားနေကြောင်း သူတို့နားမလည်သေးပေ။
"စစ်သေနာပတိချုပ် ကျောက်၊ ဒီမိစ္ဆာကြီးက ငါတို့လူစုံမည့်အချိန်ကို မစောင့်ပဲ တိုက်ခိုက်လာမှာကို ငါစိုးရိမ်မိတယ်"
ပါမောက္ခချုပ်ဟဲ့ပျောင်းက သူ့မိုက်နားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
" ငါသိတယ်။ တကယ်လို့ ငါတို့ မလွဲသာပဲစတိုက်ရတော့မယ်ဆိုရင် ငါ့တို့အနားကို အမြန်လာပူပေါင်းပေးပါ။ ဝေးကွာစေနဲ့ "
ဆိုပြီး စစ်သေနာပတိချုပ် ကျောက်က ခေါင်းငြိမ့်ပြီးပြောသည်။
"နားလည်ပါပြီ"
ဟဲ့ပျောင်းကပြောကြားလိုက်သည်။ ကျိုးဟောင်လည်းဆက်သွယ်ရေးစက်မှ ထိုစကားသံများကိုကြားပြီး သက်ပြင်းချမိသည်။
သူတို့သုံးယောက်စကားဆုံးသည်နှင့်တပြိုင်နက် အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးက မျှော်လင့်ထားသလို စတင်တိုက်ခိုက်လေသည်။
အေးစက်နေသောရေကန်ကြီးဆီမှာ ရေဝဲလှိုင်းများ ပျံ့လွင့်လာပြီး ရေခဲအချွန်၃ချောင်းမှာကြောက်မက်ဖွယ်ထိုးထွက်လာလေသည်။ အချိန်ကလေးအတွင်းတွင် ထိုအချွန်များသည် စစ်သူကြီးကျောက် ၊ ဟဲ့ပျောင်းနှင့် အခြားသူများ တိုက်ခိုက်လာလေသည်။
ကလစ်....
စစ်သူကြီးကျောက်နှင့် အခြား၂ယောက်သည် ထိုရေခဲအချွန်များကို မရှောင်တိမ်းဘဲ ရင်ဆိုင်လိုက်ပြီးသူတို့၏ဓားများဖြင့်ပိုင်းချလိုက်သည်။ ထို့နောက် သုံးယောက်သား ကျောချင်းကပ်ကာ အသင့်အနေအထားပြင်ထားလိုက်သည်။
ဝူး ဝူး....
ရေလှိုင်းများသည် ကြီးမားသော လှိုင်းလုံးကြီးအဖြစ်ပူးပေါင်းသွားပြီး ရေခဲနဂါးအသွင်သို့ ပြောင်းလဲသွားသည်။
ထိုရေခဲနဂါးကြီးများသည် စစ်သူကြီးကျောက်နှင့် အခြား ၂ယောက်ကို ဟိန်းဟောက်ပြီး မျိုချရန်ကြိုးစားလေသည်။
"သတိထားကြ"
စစ်သူကြီးကျောက်သည် သတိကောင်းသူဖြစ်ပြီး ရေအိုင်အလယ်ရှိ အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးပျောက်သွားသည်ကို သတိပြုမိသည်။
သို့သော်လည်း ဟဲ့ပျောင်းနှင့် မဟာဆရာသခင်ယွီသည် ပုံမှန်ဆို နိုးနိုးကြားကြားရှိသော်လည်း ရေခဲနဂါးများ၏ရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသောကြောင့် အခြားအရာများအပေါ် သတိမပြုမိချေ။
အုန်း အုန်း အုန်း....
ရေခဲနဂါးကြီးများသည် အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားချိန်တွင် မြေပြင်မှာ ရုတ်တရက်အက်ကွဲလာခဲ့သည်။ထို့နောက် အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီး၏အမြှီးများသည် စစ်သူကြီးကျောက်နှင့် အခြားသူ၂ဦးဆီသို့ နွယ်ပင်များသို့ ရစ်ပတ်လာလေသည်။
ဘမ်း ဘမ်း ဘမ်း....
သူတို့၃ယောက်သည် အဖြူရောင်အမြှီးများအား အလျင်အမြန်ရှောင်တိမ်းလိုက်သည်။ထိုအချိန်တွင် ရေခဲနဂါးကြီးများ တဖန်ပြန်ပေါ်လာပြီး စစ်သူကြီးကျောက်အား တိုက်ခိုက်လေသည်။
"အားလုံးပြန်ဆုတ်ကြ"
စစ်သူကြီးကျောက်က အော်ပြောလိုက်သည်။
အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးသည် အလွန် ဉာဏ်ပြေးပြီး သူတို့အား တယောက်ချင်းစီ အနိုင်ယူရန်ကြိုးစားနေကြောင်း သူသိရှိလိုက်လေသည်။
ဟဲ့ပျောင်းနှင့် မဟာဆရာသခင် ယွီတို့၏ အင်အားသည် အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးကို မယှဉ်နိုင်ပေ။ အချက်ကျကျဆိုလျှင် သူတို့သည် ဒါဇင်နှင့်ချီသောနှာမှုတ်ခြင်း ကိုပင် ခံနိုင်မည်မဟုတ်ပေ။
အခြားမဟာဆရာသခင် နှစ်ယောက်သည် လှည့်ပြီး ထွက်ပြေးသော် လည်း အဖြူရောင်အမြှီးများက သူတို့ကို ရိုက်ချလိုက်လေသည်။
"ပါမောက္ခချုပ်ဟဲ့ ကျုပ်တို့ဒီမှာ"
နောက်ထပ် မဟာဆရာသခင်၂ယောက်ထပ်ရောက်လာခဲ့သည်။ထိုအခြင်းအရာကိုမြင်တော့ သူတို့၂ယောက်လည်း အလျင်အမြန် ၀င်ကူကြလေသည်။
မဟာဆရာသခင်လေးယောက်အတူပူးပေါင်းပြီး အဖြူရောင်အမြှီးများ၏ တိုက်ခိုက်မှုကို တွန်းလှန်နေကြသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စစ်သူကြီးကျောက်သည် ရေခဲနဂါးများကို ချေမှုန်းလိုက် အဖြူရောင်အမြှီးများကို ရှောင်တိမ်းလိုက်ဖြင့် ပင်ပန်းပြီး ခြေကုန်လက်ပန်းကျလာလေသည်။
ပါမောက္ခချုပ် ဟဲ့နှင့် အခြားသူများသည် စစ်သူကြီးကျောက် ရုန်းကန်နေရသည်ကို တွေ့ရသော်လည်း မကူညီနိုင်အားသေးကြပေ။
..............................................................................
အခန်း (၄၈)ပြီးပါပြီ။