အခန်း ၅၂-၅၄
Vol. 4 Ch. 52-54
အခန်း (၅၂) ကံကြမ္မာအမှတ်၏အသုံးပြုပုံအသစ်
"မိစ္ဆာသားရဲတွေအကုန် ဘယ်ရောက်ကုန်တာလဲ။ အင်းဆက်သားရဲတွေရော"
အနီရောင်ဧရိယာအားလုံးကို မွှေနှောက်ပြီးနောက် ကျိုးဟောင်မှာကြက်သေသေသွားလေသည်။ သူ အလျင်အမြန်ပင်စစ်သေနာပတိချုပ်ကျောက်နှင့် အခြားသူများထံ ကြိုးမဲ့ချန်နယ်မှတစ်ဆင့်ဆက်သွယ်လိုက်လေသည်။
စစ်သေနာပတိချုပ်ကျောက်မှာ ပြုံးပြီးပြောလိုက်လေသည်။
"စီနီယာကျိုး ခင်ဗျားသိပြီးလောက်ပါပြီ ဒါပေမဲ့မြို့ပြင်တောနက်ထဲမှာ အဆင့်မြင့်မိစ္ဆာဘုရင်အဆင့်တစ်ကောင် သေသွားတာနဲ့ တခြားဧရိယာကမိစ္ဆာဘုရင်တွေက အဲဒီသေဆုံးမှုကိုအာရုံခံပြီး သူတို့ရဲ့နေရာကို တစ်နေရာပြီးတစ်နေရာရွှေ့တတ်ကြတယ်"
"အဲဒီမိစ္ဆာဘုရင်တွေ ဒီမြွေပါဆီလာရင်း သေချာပေါက်အမြှီး၇ချောင်းတိမ်လွှာမြွေပါ သေသွားတာကိုအာရုံခံမိပြီးနောက် ကြောက်လန့်ပြီးထွက်ပြေးသွားကြတာနေမယ်"
ကျိုးဟောင်မှာချက်ချင်းပင် သဘောပေါက်ပြီးပြောလိုက်လေသည်။
"ဒီမိစ္ဆာဘုရင်တွေက အရမ်းသူရဲဘောကြောင်တာပဲ"
တစ်ဖက်မှ ကျိုးဟုန်၏ရယ်သံထွက်ပေါ်လာလေသည်။
"စီနီယာကျိုး အဓိကကတော့ ခင်ဗျားကအရမ်းသတ္တိရှိလို့လေ။ တခြားမိစ္ဆာဘုရင်တွေက အမြှီး၇ချောင်းတိမ်လွှာမြွေပါ ဒီလောက်အမြန်သေသွားတာကိုသိပြီး တအားကြောက်သွားကြတာဖြစ်မယ်"
"ဟုတ်တယ် ဘုရင်အဆင့်မိစ္ဆာသားရဲတွေက လူသားနဲ့မခြားတဲ့ဉာဏ်ရည်ရှိတဲ့သတ္တဝါတွေ။ သူတို့ကအန္တရာယ်နဲ့ပတ်သက်လာရင် ပိုလို့တောင်အာရုံခံကောင်းသေးတယ်။ စွမ်းအားကြီးတဲ့တည်ရှိမှုမျိုးဖြစ်တဲ့ အမြှီး၇ချောင်းတိမ်လွှာမြွေပါတောင် ဒီလောက်အမြန်အသတ်ခံလိုက်ရတာ သူတို့ဘယ်လိုလုပ်ထွက်မပြေးဘဲနေမလဲ"
ဟယ့်ပျောင်းရဲ့အသံလည်းထွက်ပေါ်လာလေသည်။
ကျိုးဟောင်မှာမတတ်နိုင်စွာပဲပြောလိုက်လေသည်။
"ကောင်းပြီလေ ကျုပ်ကမိစ္ဆာဘုရင်တွေထပ်သတ်ဖို့စဉ်းစားနေတာကို.."
ထိုစကားကြားသော် ဟယ့်ပျောင်းမှာမြှောက်ပင့်ပြီးပြောလိုက်လေသည်။
"စီနီယာကျိုး အခြားအထွတ်အထိပ်အဆင့်မဟာဆရာသခင်တွေအတွက် မိစ္ဆာဘုရင်တစ်ကောင်သတ်ဖို့တောင် အတော်ခက်တာ ထပ်ပြောရရင် သူတို့အဲဒီသတ္တဝါတွေနဲ့ရင်ဆိုင်ရရင်တောင် အရမ်းသတိထားကြရမှာ အဲဒါကိုတောင်ခင်ဗျားက မိစ္ဆာဘုရင်တွေအမြန်ထွက်ပြေးသွားတာကို မကျေမနပ်ဖြစ်နေသေးတယ်"
အခြားမဟာဆရာသခင်များ၏အသံလည်းထွက်ပေါ်လာလေသည်။
သူတို့စကားပြောနေရင်း အကြောင်းအရာမှာ အမြှီး ၇ချောင်းတိမ်လွှာမြွေပါ၏အလောင်းအကြောင်းကို ရောက်သွားလေရာ ပျားတူအုံအားတုတ်နှင့်ထိုးမိသလိုပေ။
မဟာဆရာသခင်အဖွဲ့မှာ ချက်ချင်းပင်စိတ်လှုပ်ရှားစွာငြင်းခုံနေသောအခြေအနေကိုရောက်သွားလေတော့သည်။ စစ်သေနာပတိချုပ်ကျောက်ပင် အလောင်းအကြောင်းမမေးဘဲမနေနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဤအရာမှာအဆင့်မြင့်မိစ္ဆာဘုရင်၏အလောင်းဖြစ်ပေရာ ပစ္စည်းများမှာအလွန်အဖိုးတန်ပေသည်။
ပြောစရာစကားမဲ့နေသောကျိုးဟောင်မှာ ကြိုးမဲ့ချန်နယ်ကိုယာယီပိတ်ထားရုံသာတတ်နိုင်လေသည်။ သူသည် စိမ်းစိုနေသောတောအုပ်ထဲတွင် မတ်တတ်ရပ်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။
မိစ္ဆာဘုရင်နှင့် ဘုရင်အဆင့်ပိုးမွှားသားရဲ များမှာအားလုံးထွက်ပြေးသွားကြပြီး မိစ္ဆာစစ်သူကြီးများသာကျန်ခဲ့လေသည်။ သို့သော် ထိုအကောင်များအားသတ်လျှင်တောင် ကံကြမ္မာအမှတ်တိုးနှုန်းမှာ အလွန်နှေး၍ ကျိုးဟောင်မှာ ထိုသတ္တဝါများအား စိတ်ထဲတောင်မထည့်ပေ။
"ထားလိုက်တော့ ငါအရိပ်ပိုးကောင်တွေကိုအရင်ရှာရမယ်"
ကျိုးဟောင်မှာခေါင်းခါရင်း သက်ပြင်းချလိုက်လေသည်။
သူတောနက်ဧရိယာထဲလျှောက်သွားနေရင်း မိုးကုပ်စက်ဝိုင်းမှာ တဖြည်းဖြည်းတောက်ပလာသော်လည်း ကျိုးဟောင်မှာမူ အရိပ်ပိုးကောင်တစ်ကောင်တောင်မတွေ့သေးပေ။
"ဒီအရိပ်ပိုးကောင်တွေက အာရုံခံဖို့အရမ်းခက်တာပဲ"
ကျိုးဟောင်မှာအရိပ်ပိုးကောင်များကိုရှာရင်းငြီးငွေလာပြီဖြစ်သည်။ သူ၏သွေးအနှစ်သာရမှာ အားကောင်းပြီး သူ၏အာရုံခံစွမ်းရည်မှာလည်း စစ်သေနာပတိချုပ်ကျောက်နှင့်အခြားပညာရှင်များထက် အများကြီးသာလွန်ပေသည်။
သို့သော် ထိုသို့ဆိုလျှင်တောင် သူထိုသတ္တဝါများနှင့်ပတ်သက်သော သဲလွန်စတစ်ခုတောင်ရှာမတွေ့သေးပေ။
သူကြိုးမဲ့ချန်နယ်ကိုဖွင့်ပြီး စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများအား အခြေအနေမေးလိုက်လေရာ အားလုံးလည်းမထူးမခြားနားပင်။
"နေတောင်ထွက်တော့မယ် အရိပ်ပိုးကောင်တွေက နေ့ဘက်ဆိုပိုတောင်ရှာရခက်သေးတယ် ညကျမှဆက်ရှာကြတာပေါ့"
စစ်သေနာပတိချုပ်ကျောက်မှာအကြံပေးလိုက်လေသည်။
အရိပ်ပိုးကောင်များအား အလွယ်တကူသာရှာတွေ့နိုင်ပါက အစောကြီးကတည်းက လူသားမျိုးနွယ်၏သုတ်သင်ခြင်းကို ခံနေရလောက်ပြီဖြစ်သည်။
ထို့ကြောင့်စစ်သေနာပတိချုပ်ကျောက်မှာ ရှင်းလင်းရေးတာဝန်ကိုအဆိုပြုတုန်းက စိတ်ကိုအသင့်ပြင်ဆင်ခဲ့ပြီးမှသာ တင်ပြခဲ့ခြင်းဖြစ်သည်ာ
"ခင်ဗျားတို့အရင်ပြန်နှင့် ကျုပ်ဆက်ရှာလိုက်မယ်"
ကျိုးဟောင်မှာလက်လျှော့လိုသော ဆန္ဒမရှိပေ။ မည်သို့ပင်ဖြစ်စေ အသက်စွမ်းအင်ကျောက်တုံးမှာ သူ့အဖေ၏ကျန်းမာရေးအတွက် အလွန်အကျိုးပြုမည်ဟု သူခံစားနေရလေသည်။
ကောင်းကင်မှာလည်း တဖြည်းဖြည်းလင်းလာပေပြီ။
ကြယ်များကိုလည်းမမြင်ရတော့ပေ။ ကျိုးဟောင်မှာ အတော်ကြာကြာဆက်ရှာနေသော်လည်း ယခုအထိဘာမှမတွေ့သေးပေ။
စပါးအုန်းမြွေတစ်ကောင်ကိုသတ်ပြီးနောက် မီတာရာချီရှည်သော ရှေးဟောင်းသစ်ပင်၏ကိုင်းပေါ်တွင်ထိုင်နေရင်း မျက်မှောင်ကြုတ်ကာတွေးနေလေသည်။
သို့သော် သူအတန်ကြာစဉ်းစားပြီးတာတောင် ဘာသဲလွန်စမှစဉ်းစားမရပေ။
"ထားလိုက်တော့ ငါလောလို့မရဘူး မနက်ဖြန်ဆက်ရှာတာပေါ့"
မနက်ပိုင်းအတန်းရှိသေး၍ တောနက်ထဲမှာဆက်နေလို့မရပေ။
မြို့ဆီသို့ပြန်လာသောလမ်း၌ ကျိုးဟောင်မှာလုပ်နေကျအတိုင်း ပုံရိပ်ယောင်ဖန်သားပြင်အား ဖွင့်ကြည့်လိုက်လေသည်။ ဖန်သားပြင်ပေါ်မှ ကံကြမ္မာအမှတ် ၇သိန်းခွဲမှာ သူ့စိတ်ကိုပျော်ရွှင်စေလေသည်။
"နေဦး ငါဘယ်လိုဖြစ်ပြီးငါ့ကံကြမ္မာအမှတ်တွေကိုမေ့နေတာလဲ"
သူရုတ်တရက်လမ်းမှာရပ်လိုက်ပြီး ပုံရိပ်ယောင်မျက်နှာပြင်အား စိုက်ကြည့်နေလေသည်။
ကံကြမ္မာအမှတ်များမှာ လူ့ကံအားတိုးမြှင့်ပေးနိုင်လေသည်။
ထို့အပြင် အရိပ်ပိုးကောင်များကိုရှာဖွေရာတွင် ကံတရားလည်းလိုသေးသည်။
"ငါစမ်းကြည့်ပြီး အလုပ်ဖြစ်မဖြစ်ကြည့်ရမယ်"
လျှို့ဝှက်ဆန်းကြယ်သေတ္တာနှင့်ပတ်သက်၍ တွေ့ကြုံရပြီးနောက်ပိုင်း သူ့ကံကြမ္မာအမှတ်များနှင့် ပတ်သက်၍ အလွန်အမင်းယုံကြည်ချက်ရှိလေသည်။ သို့သော် ကံကြမ္မာအမှတ်များမှာ အတော်လေးအကုန်မြန်သည်ကို သိထား၍ လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်သည့်နေရာမှလွဲ အခြားကိစ္စများတွင်သုံးခဲပေသည်။
"ငါအရင်ဆုံး ၁၀၀သုံးကြည့်မယ်"
အတွေးတစ်ချက်နှင့်ပင် ကံကြမ္မာအမှတ်၁၀၀မှာ ချက်ချင်းလျော့သွားလေသည်။
သူချက်ချင်းပင်တောနက်ဧရိယာထဲပြန်သွားကာ စတင်ရှာလေတော့သည်။
၁၀မိနစ်ကျော်ကြာပြီးအထိ ဘာမှဖြစ်မလာပေ။
ခဏလောက်တွေဝေနေပြီးနောက် ကျိုးဟောင်မှာ တစ်မိနစ်ကိုကံကြမ္မာအမှတ် ၁၀၀ ဆက်သုံးနေလေသည်။
"ငါနောက်ထပ်နာရီဝက်ပဲ ဒီလိုဆက်လုပ်တော့မယ် ဘာမှရှာတွေ့တွေ့ မတွေ့တွေ့ မြို့ကိုပြန်မယ်"
သူတွေးရင်းအရှိန်မြှင့်လိုက်လေသည်။
သူ့ကံကြမ္မာအမှတ်တွေ ကုန်နေသည်နှင့်အမျှ ကျိုးဟောင်မှာဦးတည်ရာမဲ့နေသော ယင်ကောင်တစ်ကောင်ပမာ ဦးတည်ချက်မရှိ ဧရိယာ၂၇၅ တစ်ဝိုက်နေရာအနှံ့ ရှာဖွေနေလေသည်။
သိပ်မကြာခင် မိနစ် ၂၀ကျော်ကုန်သွားလေသည်။
ကျိုးဟောင်မှာ ဧရိယာ၂၇၅၏အစွန်အဖျား၌ ရပ်ပြီးအနည်းငယ် မှင်တက်နေလေသည်။
"ငါဘယ်လိုဖြစ်ပြီး ဒီနေရာမှာအဆုံးသတ်သွားတာလဲ"
သူတစ်ကိုယ်တည်းရေရွတ်လိုက်လေသည်။ ခရိုင် ၂၇၅က အတော်လေးကြီးမားသော သင်္ချိုင်းကြီးဖြစ်ပေသည်။ လွန်ခဲ့သောဆယ်စုနှစ်ကျော်က ဤနေရာတွင် ကြီးမားသောစစ်ပွဲတစ်ခုဖြစ်ပွားခဲ့လေသည်။
မိစ္ဆာသားရဲများ၊ ပိုးမွှားများနှင့် သားရဲအရိုးများအား မြေအောက်တွင်ရှိနေသလို လူသားသိုင်းပညာရှင်များ၏အလောင်းများလည်းရှိပေသည်။
သို့သော် ယခုတွင်မူထိုနေရာမှာ ကြီးမားသောတွင်းကြီးဖြစ်နေပြီး အရိုးများမှာ ရေညှိများစွာဖြင့်ကပ်တွယ်နေပေပြီ။
"အရိပ်ပိုးကောင်တွေက ဒီမှာပုန်းနေတာများလား"
စိတ်ထဲတွင် အတွေးတစ်ခုမှာဖြတ်ခနဲပေါ်လာလေသည်။ သေချာစဉ်းစားပြီးနောက် ထိုအရာမှာတကယ်ဖြစ်နိုင်မှန်း သူသဘောပေါက်သွားလေသည်။
ထိုအချိန်တုန်းက စစ်ပွဲပြီးနောက် မြောက်များစွာသော မိစ္ဆာသားရဲများနှင့်အင်းဆက်သားရဲများ သေကျေပျက်စီးခဲ့ကြလေရာ ထိုနေရာ၌ရှုပ်ထွေးနေသောစွမ်းအားများ စုပုံစေခဲ့လေသည်။
အခြား မိစ္ဆာသားရဲများနှင့် အင်းဆက်သားရဲများလည်း ဤနေရာကိုမလာကြသည်မှာ ၁၀စုနှစ်တစ်ခုကျော်ပြီဖြစ်သလို လူသားပညာရှင်များမှာလည်း ဤနေရာကိုခြေချခဲပေသည်။
အဘယ့်ကြောင့်ဆိုသော် ဤနေရာရှိရှုပ်ထွေးနေသောစွမ်းအင်က သူတို့၏အာရုံခံနိုင်စွမ်းအား အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်သည်။
ပိုသန်မာသောလူမှာ သူ၏အရှိန်အဝါပေါ်တွင်ပို၍ကိုးစားပေသည်။
ထိုအခြင်းအရာကိုတွေးပြီး ကျိုးဟောင်မှာတွေဝေမနေတော့ပေ။ သူတစ်လှမ်းတိုးလိုက်လေရာ တွင်း၏အလယ်ကိုရောက်သွားလေသည်။ ကျိုးဟောင်မှာပတ်ဝန်းကျင်အား အာရုံခံရန် သူ၏သွေးအနှစ်သာရကိုမသုံးဘဲ မြေပြင်အားတိုက်ရိုက်တိုက်ခိုက်လိုက်လေတော့သည်။
....................................................................................
အခန်း(၅၂) ပြီးပါပြီ။
အခန်း (၅၃) : ဗဟိုလေ့ကျင့်ရေးအတန်း
ဘန်း.. ဘန်း .....ဘန်း
စွမ်းအားကြီးသောခွန်အားအောက်တွင် မြေပြင်မှာအဆက်မပြတ် ပေါက်ကွဲလာလေသည်။
ဂျစ်!
ရုတ်တရက် စူးရှသောအသံတစ်ခုမှာ နားကြပ်ထဲမှတိုးထွက်လာလေသည်။
ကျိုးဟောင်၏ခန္ဓာကိုယ်ပေါ်ရှိ မဟူရာလိပ်ချပ်ဝတ်၏ ကာကွယ်ရေးမှာ အလိုအလျောက်အားနည်းလာသော်လည်း ကျိုးဟောင်၏မျက်နှာတွင်တော့ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေလေသည်။
"ဟဟ သူတို့တကယ်ကြီးဒီမှာပုန်းနေတာပဲ"
ကျိုးဟောင်မှာ ရယ်မောရင်းတိုက်ခိုက်မှုအကြိမ်ရေကိုလည်း တိုးလိုက်လေသည်။
ဝှစ်! ဝှစ်! ဝှစ်!
ချက်ချင်းဆိုသလိုပင် အရိပ်ပိုးကောင်များမှာ မြေကြီးထဲမှတိုးထွက်လာပြီး ကျိုးဟောင်ထံ ဝိုင်းအုံလာလေတော့သည်။
ကျိုးဟောင်မှာချက်ချင်းပင် သူ့ဓားအားထုတ်ကာ အရိပ်ပိုးကောင်များကို အသားကုန်ဖျက်ဆီးလေတော့သည်။
ဝှီ! ဝှီ! ဝှီ!
အရိပ်ပိုးကောင်များမှာ မူလကတည်းက အတော်လေးအားနည်းသော သတ္တဝါများဖြစ်လေရာ ကျိုးဟောင်နှင့်ရင်ဆိုင်ရသည့်အချိန်တွင် သူတို့တွင်ခုခံနိုင်သောအင်အား စိုးစဉ်းမျှပင်မရှိဘဲ ထိတ်ထိတ်ပျာပျာဖြင့် ထွက်ပြေးရုံသာတတ်နိုင်တော့သည်။
သူတို့၏အရှိန်မှာမြန်သော်လည်း ကျိုးဟောင်မှာအာရုံမပြောင်းဘဲ အလွယ်တကူပင်လိုက်မီလေသည်။
ကျိုးဟောင်လက်ထဲရှိဓားမှာ အညှာအတာမဲ့စွာ လှုပ်ရှားသွားပြီး အရိပ်ပိုးကောင် ၁၀ကောင်ကျော်မှာ ပြုတ်ကျပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေလေတော့သည်။
မိနစ်ဝက်ပင်မပြည့်သေးမီ ကျိုးဟောင်မှာ အရိပ်ပိုးကောင်ရာကျော်သတ်ပြီးပြီဖြစ်သည်။
သို့သော် အရိပ်ပိုးကောင်များမှာ အလွန်ဉာဏ်ကောင်းကြ၍ ဦးတည်ရာအနှံ့ထွက်ပြေးကြလေရာ ကျိုးဟောင်ပင် သူတို့ထဲမှတစ်ချို့တစ်ဝက်နောက်ကိုသာ လိုက်နိုင်လေသည်။
"ဟဟ ဆက်ပြေးကြစမ်း မင်းတို့ကောင်တွေ ဘယ်ပြေးနိုင်မလဲ ငါကြည့်ချင်သေးတယ်"
သူစိတ်ထဲတွင် လှောင်ပြောင်လိုက်လေသည်။ ယခုတစ်ခေါက်အရိပ်ပိုးကောင်များ၏ ပုန်းခိုရာနေရာကိုရှာတွေ့ခြင်းမှာ သူ၏ကံကြမ္မာအမှတ်ကြောင့်ဖြစ်ကြောင်း ကျိုးဟောင်အပြည့်အဝနားလည်ပေသည်။
ထို့ကြောင့် အရိပ်ပိုးကောင်များ လွတ်မြောက်သွားမည်ကို သူလုံးဝဂရုမစိုက်ပေ။
အရိပ်ပိုးကောင်အလောင်းများကို သိမ်းဆည်းရေးအိတ်ထဲထည့်ပြီးနောက် ကျိုးဟောင်မှာပျော်ရွှင်စွာဖြင့် အခြေစိုက်စခန်းကိုပြန်လာခဲ့သည်။
ယခုလိုအရိပ်ပိုးကောင်အများအပြားကို သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ယခုတစ်ခေါက်ရှင်းလင်းရေးတာဝန်တွင် ကျိုးဟောင်မှာ သေချာပေါက် ပထမနေရာရမည်ဖြစ်သည်။
အသက်စွမ်းအင်မှော်ကျောက်တုံး၏အကူအညီနှင့် သူ့ဖခင်နှင့်မိခင်ဖြစ်သူ၏ကျန်းမာရေးလည်း တိုးတက်လာနိုင်ပေသည်။ ကျိုးဟောင်မှာထိုအကြောင်းကိုတွေးရင်း သူ့အရှိန်ကိုတိုးလိုက်လေသည်။
ချူမြို့အထက်တန်းကျောင်း၌......
ကျောင်းပေါ်သို့ တောက်ပသောနေအလင်းရောင်ဖြာကျလာသည်နှင့် ကျောင်းခေါင်းလောင်းသံမှာ တစ်ကျောင်းလုံးကို ပျံ့နှံ့လာလေတော့သည်။
ပြတ်သားသောကျောင်းခေါင်းလောင်းသံမှာ ပြီးခဲ့သောရက်ပိုင်းက မျိုးနွယ်ခြားတို့၏ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသော ဝမ်းနည်းမှုတို့အား ပပျောက်သွားစေပုံရသည်။ တဖြည်းဖြည်းနှင့် အတန်းတိုင်းတွင် ရယ်သံများဖြင့် ဆူညံလာလေတော့သည်။
ကျိုးဟောင်မှာအိမ်ပြန်ရောက်ပြီးနောက် အလျင်အမြန်ပင်ရေချိုးလိုက်လေသည်။ ထို့နောက် ကျောင်းသို့အလောတကြီးထွက်ခဲ့ပြီး ကျောင်းတက်ခေါင်းလောင်းသံမြည်နေဆဲမှာပင် စာသင်ခန်းထဲသို့ ရောက်လာခဲ့သည်။
သူထိုင်လိုက်သည်နှင့် အတန်းပိုင်ဆရာမှာ အခန်းတံခါးဝတွင်ပေါ်လာလေသည်။
"ကြေညာစရာကိစ္စရှိတယ်။ ငါတို့ကျောင်းမှာပြိုင်ဘက်ကင်းပါရမီရှင် ထွက်ပေါ်လာတဲ့ကိစ္စကြောင့် ပညာရေးဌာနခေါင်းဆောင်တွေနဲ့ နည်းပြရှန်းတို့သေချာတိုင်ပင်စဉ်းစားပြီးတဲ့နောက်မှာ တတိယနှစ်ကျောင်းသားတွေအတွက် အထူးအနေနဲ့ ဗဟိုလေ့ကျင့်ရေးအတန်းစီစဉ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်ကို ဒီလေ့ကျင့်ရေးအတန်းကကျောင်းသားတွေက အထူးအခွင့်အရေးတွေလည်းရမဲ့အပြင် ထောက်ပံ့ပေးမဲ့အရင်းအမြစ်တွေလည်း တိုးလာမှာ"
အတန်းပိုင်ဆရာ၏စကားဆုံးသည်နှင့် အတန်းထဲတင် ပွက်လောရိုက်လာလေတော့သည်။
မကြာမီပင် ကျောင်းသားတစ်ယောက်မှာစိတ်မရှည်စွာအော်လိုက်လေသည်။
"ဆရာ ဒီလေ့ကျင့်ရေးအတန်းကို ဘယ်လိုဝင်ရမှာလဲ"
အတန်းပိုင်ဆရာမှာ လက်ဝါးချင်းပူးလိုက်ပြီး ဆက်ပြောလိုက်လေသည်။
"မင်းတို့က ပြီးခဲ့တဲ့တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲမှာပါခဲ့ပြီး သန္ဓေပြောင်းသားရဲတစ်ကောင်သတ်ခဲ့တာနဲ့ ဒီအတန်းထဲကိုတိုက်ရိုက်ဝင်လို့ရတယ်။ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲမှာ မပါခဲ့တဲ့တခြားကျောင်းသားတွေကလည်း သွေးအနှစ်သာရဒုတိယအဆင့်ရှိရင် စာရင်းသွင်းလို့ရတယ်"
ထိုကိစ္စအားပြောပြီးနောက် အတန်းပိုင်ဆရာမှာလှည့်ထွက်သွားပြီး အတန်းထဲရှိကျောင်းသားများမှာတော့ ဆူညံစွာဖြင့်ကျန်ခဲ့လေတော့သည်။
"အား....တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲမှာပါခဲ့ရင် တန်းဝင်လို့ရမှာကို နောင်တတောင်ရတယ်"
"သွေးအနှစ်သာရဒုတိယအဆင့်ရောက်နေတဲ့လူတွေလည်း စာရင်းပေးလို့ရတယ်လို့ပြောသွားတယ်မလား ငါတို့မှာအခွင့်အရေးရှိသေးတယ်လေ"
"စာရင်းပေးရင်တောင် သေချာပေါက်လက်ခံပေးမှာမှမဟုတ်တာ"
ကျောင်းသားအများစု၏ရင်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေလေတော့သည်။ ပြီးခဲ့တဲ့တစ်ခေါက် တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွင်း သွေးအနှစ်သာရပထမအဆင့် ရောက်ရှိသူမပြောနှင့် သွေးအနှစ်သာရဒုတိယအဆင့်ရောက်နေသော ကျောင်းသားများပင် သူတို့၏လုံခြုံရေးကိုစိတ်ပူ၍ ပြိုင်ပွဲဝင်ရန် စာရင်းမပေးခဲ့ကြပေ။
မူလကတော့သူတို့မှာ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွင်း ကျောင်းမှာမျိုးနွယ်ခြားများတိုက်ခိုက်မှုကိုခံခဲ့ရသည်ဆိုသောအကြောင်းကိုကြားသည့်အချိန်တုန်းက ဝင်မပြိုင်ခဲ့မိသည်ကို ကြိတ်ဝမ်းသာနေကြခြင်းဖြစ်သည်။
သို့ပေမဲ့ယခုတော့ ဗဟိုလေ့ကျင့်ရေးအတန်းအကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံး မှင်တက်သွားကြလေတော့သည်။
ယခုတစ်ခေါက် ဗဟိုလေ့ကျင့်ရေးအတန်းမှာ သူတို့အနာဂတ်အတွက်အများကြီးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း အားလုံးသိကြလေသည်။ ထို့အပြင် ဗဟိုလေ့ကျင့်ရေးအတန်း၏ တာဝန်ခံမှာ အဆင့်မြင့်မဟာဆရာသခင်အဆင့်ရှိသူ နည်းပြရှန်းဖြစ်ဖို့များသည်။
ထို့ကြောင့် ကျိူးဟောင်တို့၏အတန်း(၄) တင် ယခုလိုတုံ့ပြန်သည်မဟုတ်ဘဲ ကျန်အခန်းရှိ ကျောင်းသားများလည်း သောကရောက်နေကြခြင်းဖြစ်သည်။
"ကျိုးဟောင် အဲဒီကံကောင်းတဲ့ခွေးကောင်၊ သူဒီတစ်ခေါက်က ကျိန်းသေကံကောင်းသွားတာ"
"ဟုတ်တယ် အဲဒါက ဗဟိုလေ့ကျင့်ရေးအတန်းလေ။ ထပ်ပြောရရင် ဒီအတန်းကပညာရေးဌာနရဲ့ခေါင်းဆောင်တွေက စီစဉ်ထားတာ။ အတန်းအတွက် သူတို့ထောက်ပံ့ပေးတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေအားလုံးနဲ့ဆို ဝက်တောင်မှပဲ အဆင့်ချိုးဖောက်ပြီးသိုင်းပညာရှင်ဖြစ်လာနိုင်တယ်"
ကျောင်းသားအများစုမှာ ကျိုးဟောင်ကိုအားကျသလိုကြည့်နေကြလေသည်။
ရှုလင်မှာမနေနိုင်ဘဲ နောက်လှည့်ကြည့်ပြီးပြောလိုက်လေသည်။
"ကျိုးဟောင် နင်ဒီအခွင့်အရေးကို သေချာအသုံးချပြီး ကြိုးစားရမယ်"
ကျိုးဟောင်မှာ ပခုံးတွန့်ပြီးပြောလိုက်လေသည်။
"သိပါပြီ"
အခြားကျောင်းသားများမှာ ဗဟိုလေ့ကျင့်ရေးအတန်းကိုအထင်ကြီးနေကြသော်လည်း သူကတော့ဂရုမစိုက်ပေ။
စွမ်းအားအနေနှင့်ပြောရလျှင် သူသည် နည်းပြရှန်းအား အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
အရင်းအမြစ်အနေနဲ့ပြောရလျှင်လည်း သူ့သိမ်းဆည်းရေးအိတ်ထဲရှိ အမြှီး၇ချောင်းတိမ်လွှာမြွေပါအလောင်းနှင့်ပင် မြောက်များစွာသော ကျင့်ကြံရေးဆေးလုံးများဖြင့် လဲလှယ်နိုင်ပေသည်။
ကျိုးဟောင်၏ပျင်းရိပြီး ဂရုမစိုက်ဟန်အမူအရာကိုတွေ့လိုက်သောအခါ ရှုလင်မှာဒေါသတကြီးဖြင့်ပြောလိုက်လေသည်။
"ငါနင်ကြောင့်နဲ့ စိတ်ရှုပ်ခံမနေတော့ဘူး"
ရှုလင်၏ဘေးခုံရှိ အတန်းဖော်လီယွင်မှာဘေးမှကြည့်ရင်း ခိုးရယ်နေရင်း ရှူလင်ကအပြောဆိုးပြီး စိတ်ထားနူးညံ့ကြောင်းကိုလည်း သတိရလိုက်လေသည်။
....................................................................................
အခန်း (၅၃) ပြီးပါပြီ။
အခန်း (၅၄) : မင်းကသေချာပေါက် နံပါတ်တစ်ဖြစ်မှာ
ကျောင်းခေါင်းဆောင်အစည်းအဝေးခန်းထဲ၌
ကျောင်းအုပ်ကျန်းမှာ အတန်းပေါင်းစုံမှရွေးထုတ်ထားသောအမည်စာရင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ တွေးတောနေလေသည်။
"နည်းပြရှန်း ပြီးခဲ့တဲ့တစ်ခေါက် တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲအတွင်း သွေးအနှစ်သာရဒုတိယအဆင့်ရောက်ပြီး ဝင်မပြိုင်ကြတဲ့ထူးချွန်ကျောင်းသားအများကြီးရှိတယ်။ ခင်ဗျားသူတို့ကို အခွင့်အရေးပေးလို့မရဘူးလား"
ရှန်းကျင့်မှာမထူးဆန်းသလိုပင်ပြန်ပြောလိုက်လေသည်။
"တကယ်လို့သူတို့်မှာ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရဲတဲ့သတ္တိတောင်မရှိရင် ထူးချွန်နေလည်း ပျိုးထောင်ပေးဖို့မထိုက်တန်ဘူး"
"ဒါပေမဲ့....."
ကျောင်းအုပ်ကျန်းမှာ ထိုကျောင်းသားများအား အခွင့်အရေးပေးရန်ရှန်းကျင့်အား ဆက်ဖျောင်းဖျလိုသော်လည်း ရှန်းကျင့်မှာ ဖြတ်ပြောလိုက်လေသည်။
"ကောင်းပြီ ကျောင်းအုပ်ကျန်း စာရင်းထဲမှာပါတဲ့ကျောင်းသားတွေကို ပျိုးထောင်ပေးကြတာပေါ့။ ဒီကျောင်းသားတွေအပြင် ကျုပ်အထူးအနေနဲ့ ယန်ကျင်းလူရည်ချွန်လေ့ကျင့်ရေးစခန်းက ပါရမီရှင်အနည်းအကျဉ်းကိုလည်း ပြောင်းလာခိုင်းထားတယ်။ သူတို့ရှိနေရင် ချူမြို့အထက်တန်းကျောင်းက ကလေးတွေလည်း ပိုကြိုးစားလာကြမယ်လို့ ကျုပ်ယုံတယ်"
"ယန်ကျင်းလူရည်ချွန်လေ့ကျင့်ရေးစခန်းလား"
ဒုကျောင်းအုပ်နှင့် ဌာနမှူးဟုန်မှာ မှင်တက်သွားကြလေသည်။
ဌာနမှူးဟုန်မှအရင်ဆုံးစပြောလာလေသည်။
"နည်းပြ ပြိုင်ဘက်ကင်းပါရမီရှင်ကလွဲလို့ ချူမြို့အထက်တန်းကျောင်းက တခြားထူးချွန်ကျောင်းသားတွေက ရှုလင်ရဲ့အဆင့်လောက်ပဲရှိကြတာ။ တကယ်လို့ ကျွန်တော်တို့သာ ဒီကျောင်းသားတွေကို ယန်ကျင်းလူရည်ချွန်လေ့ကျင့်ရေးစခန်းက ပါရမီရှင်တွေနဲ့ အတူနေခိုင်းလိုက်ရင် သိပ်အဆင်မပြေမှာစိုးရတယ်"
"ဟုတ်တယ် နည်းပြရှန်း ကျွန်တော်ကြားတာတော့ အဲဒီစခန်းကပါရမီရှင်တွေအားလုံးက အနည်းဆုံးသိုင်းပညာရှင်အဆင့်ရောက်နေကြပြီလို့ကြားတယ်။ သူတို့ထဲကအထူးချွန်ဆုံးလူဆို အလယ်အလတ်အဆင့်ရောက်နေပြီလို့တောင်ကြားတယ် ပြီးတော့သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားကလည်း အဆင့်မြင့်သိုင်းပညာရှင်တွေနဲ့တောင်ယှဉ်နိုင်တယ်တဲ့"
ဒုကျောင်းအုပ်လည်းမနေနိုင်ဘဲဝင်ပြောလာလေသည်။
"ဒီလိုပါရမီရှင်တွေကိုလာခွင့်ပြုလိုက်ရင် ရှုလင်နဲ့တခြားကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို လျော့ကျသွားစေနိုင်တယ်"
နည်းပြရှန်းမှာခေါင်းခါပြီးပြောလိုက်လေသည်။
" ထူးချွန်တဲ့ ပါရမီရှင်တွေနဲ့အတူရှိနေမှသာ အမြန်ရင့်ကျက်လာနိုင်မှာ။ တကယ်လို့ ဒီလိုထိုးနှက်မှုလေးကိုတောင် ခံနိုင်ရည်မရှိရင် သူတို့မှာအလားအလာကောင်းဖို့ ကံမပါလာလို့ပဲ"
"ကောင်းပြီ"
နည်းပြရှန်း၏ဆုံးဖြတ်ချက်မှာ ခိုင်မာနေသည်ကိုမြင်လိုက်ရသောအခါ ကျောင်းအုပ်ကျန်းနှင့်ဒုကျောင်းအုပ်တို့မှာ ဆက်မဖျောင်းဖျတော့ပေ။
ထိုနေ့တစ်နေ့လုံး အတန်းအားလုံးတွင် ဗဟိုလေကျင့်ရေးအတန်းအကြောင်းကိုသာဆွေးနွေးနေကြပြီး စာသင်ရန်စိတ်မဝင်စားကြပေ။
ကျိုးဟောင်ကတော့ အသက်စွမ်းအင်မှော်ကျောက်တုံးအကြောင်းတွေးနေတာဖြစ်သည်။ သူကျောင်းဆင်းချိန် အမြန်ရောက်ချင်နေပြီဖြစ်သည်။ ကျောင်းဆင်းသည်နှင့် ကျိုးဟောင်မှာချက်ချင်းပင် အနီရောင်ချပ်ဝတ်ကိုလဲလှယ်ဝတ်ဆင်ကာ မြို့အရှေ့ပိုင်းရှိ ကာကွယ်ရေးခံတပ်ဆီ အလောတကြီးထွက်သွားလေတော့သည်။
"စီနီယာကျိုး"
"စီနီယာကျိုး"
သူစစ်တပ်စခန်းထဲဝင်သွားသည်နှင့် တပ်မှူးချုပ်များနှင့် ခေါင်းဆောင်များမှာ တလေးတစားဦးညွှတ်လိုက်ကြလေသည်။
စစ်သေနာပတိချုပ်ကျောက်၊ ဟယ့်ပျောင်းနှင့် အခြားမဟာဆရာသခင်များမှာ ဆူဆူညံညံသံများကြား၍ အပြင်သို့အလောတကြီးထွက်လာကြလေသည်။
"ဟဟ စီနီယာကျိုး ကျွန်တော်တို့ခင်ဗျားကိုစောင့်နေတာ"
ကျန်းဟုန်မှာရယ်မောရင်းပြောလိုက်လေသည်။
မနေ့ညကကျိုးဟောင်ကြောင့်သာမဟုတ်လျှင် သူတို့တစ်ယောက်မှ အမြှီး၇ချောင်းတိမ်လွှာမြွေပါလက်ထဲမှ အထိအခိုက်မရှိ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
စစ်သေနာပတိချုပ်ကျောက်လည်းပြုံးပြီးရှေ့တိုးလာလေသည်။
"ဒီညတော့ ဘာမတော်တဆမှုမှမရှိတော့ပါဘူး။ ကျွန်တော်တို့အဲဒီအရိပ်ပိုးကောင်တွေကို အာရုံစိုက်ပြီးရှာလို့ရပြီ"
"ဟုတ်တယ် မနေ့ညကအရိပ်ပိုးကောင်တစ်ကောင်တောင်မှ မတွေ့ခဲ့ရဘူး။ ကံမကောင်းလိုက်တာ ဒီနေ့တော့မနေ့ကထက်ကံကောင်းမယ်ထင်တာပဲ"
ဟယ့်ပျောင်းမှာ မနေနိုင်ဘဲပြောလိုက်မိလေသည်။
ထိုစကားအား မဟာဆရာသခင်တစ်ယောက်ကြားသောအခါ မနေနိုင်တော့ဘဲကျိုးဟောင်အားကြည့်ကာမေးလိုက်လေသည်။
"စီနီယာကျိုး မနေ့ညကတစ်ယောက်တည်းကျန်ခဲ့တာ တစ်ခုခုရခဲ့သေးလား"
အခြားမဟာဆရာသခင်များမှာလည်း မေးလိုက်သောပုဂ္ဂိုလ်အားစိုက်ကြည့်နေလေသည်။
ဤမေးခွန်းမှာ အနာပေါ်ဆားဖြူးလိုက်ခြင်း မဟုတ်ပေလော။
အကယ်၍ စီနီယာကျိုးသာတစ်ခုခုရခဲ့ပါက သူတို့အားပြောပြပြီးလောက်ပြီဖြစ်သည်။
ထိုပုဂ္ဂိုလ်လည်း မေးမိတာကိုပင်နောင်တရသွားလေသည်။
သို့သော်ကျိုးဟောင်ကပြုံးလိုက်ပြီး သူ့လက်ကိုဝှေ့ယမ်းလိုက်လေသည်။
ဘုတ် ဘုတ် ဘုတ်
စစ်တပ်စခန်းမြေပြင်ပေါ်တွင် အရိပ်ပိုးကောင်များ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များမှာ ချက်ချင်းပင်ကြက်သေသေသွားကြတော့သည်။
"ဒီ......ဒီလောက်တောင်များတယ်"
"စီ.......စီနီယာကျိုး ခင်ဗျားမဟုတ်မှ အရိပ်ပိုးကောင်အသိုက်ကို ရှာတွေ့လာတာလား"
ဟယ့်ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ ကျိုးဟောင်အားပြိုင်တူကြည့်လိုက်ကြလေသည်။
ကျိုးဟောင်မှာခေါင်းညိတ်ပြပြီး ခပ်ဖွဖွချောင်းဆိုးလိုက်သည်။
"ကျုပ်ကံကောင်းလို့ ဧရိယာ ၂၇၅ မှာပုန်းနေတဲ့အရိပ်ပိုးကောင်အသိုက်ကို တွေ့ခဲ့တာ"
"ဘာရယ်"
"မိုက်လိုက်တာ"
"တော်လိုက်တာ"
ဟယ့်ပျောင်းနှင့် အခြားဆရာသခင်များမှာ လက်မထောင်ပြလိုက်ကြသည်။
ဧရိယာ ၂၇၅ မှာဘယ်လိုနေရာမျိုးဖြစ်ကြောင်း သူတို့အားလုံးသိလေသည်။ ထိုကဲ့သို့သော ဧရိယာမျိုး၌ လူတစ်ယောက်၏အာရုံခံစွမ်းရည်မှာ ပြောရလျှင်အသုံးမဝင်ပေ။
ထို့အပြင် ထိုနေရာကိုသွားသော မည်သည့်မဟာဆရာသခင်မဆို သူတို့၏စွမ်းအားမှာ အလွန်အမင်းအားနည်းသွားမည်ဖြစ်သည်။ ထိုအခြေအနေတွင် တိုက်ခိုက်ခံရသည်နှင့်ဒဏ်ရာရလွယ်ပေသည်။
ထို့ကြောင့် အထွတ်အထိပ်အဆင့်မဟာဆရာသခင်အပါအဝင် မဟာဆရာသခင်အနည်းစုသာ ဧရိယာ၂၇၅ ဆီသို့သွားရဲကြလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာလည်း အံ့ဩတကြီးဖြင့်သက်ပြင်းချလိုက်လေသည်။
"စီနီယာကျိုးရဲ့သတ္တိနဲ့ယုံကြည်ချက်ကတော့ တကယ့်လေးစားစရာပဲ"
ကျိုးဟောင်မှာ လက်ခါပြလိုက်ပြီးပြောလိုက်လေသည်။
"ကံမကောင်းတာက အဲဒီအရိပ်ပိုးကောင်တွေက ထွက်ပြေးတာအရမ်းမြန်တယ် ကျုပ်အကုန်လုံးကိုမသတ်လိုက်နိုင်ဘူး။ ကျုပ်စွမ်းအားက ခုထိမလုံလောက်သေးဘူး"
ထိုစကားကိုကြားသောအခါ ဟယ့်ပျောင်း၊ ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာ ပြောစရာစကားပင်မဲ့သွားကြလေသည်။
အရိပ်ပိုးကောင်များမှာ အလွန်မြန်လေရာ အကယ်၍ဤမဟာဆရာခင်များက သူတို့အားတွေ့လျှင်တောင် အများဆုံးမှ ၂ကောင် ၃ကောင်သာ သတ်နိုင်မည်ဖြစ်သည်။
သို့သော် စီနီယာကျိုးမှာအကောင်ရာချီသတ်ခဲ့တာတောင် သူ့စွမ်းအားကိုမလုံလောက်ဘူးဟုပြောနေပေသည်။
စစ်သေနာပတိချုပ်ကျောက်မှာလည်း စိတ်ထဲရှုပ်ထွေးသွားလေတော့သည်။ အကယ်၍ ကျိုးဟောင်၏စွမ်းအားမှာ မလုံလောက်ဘူးဆိုလျှင် သူတို့၏စွမ်းအားကိုရော မည်သို့ပြောရမည်နည်း
"အဟွတ် အဟွတ် စီနီယာကျိုး ခင်ဗျားအရိပ်ပိုးကောင်ရာကျော်ကို သတ်ခဲ့တာ။ ကြည့်ရတာ ဒီပြိုင်ပွဲရဲ့ပထမနေရာကို သေချာပေါက် ခင်ဗျားပဲရမှာပဲ"
မဟာဆရာသခင်ယွီကပြောလိုက်သည်။
ကျိုးဟောင်မှာ အလျင်အမြန်ပင်နှိမ့်ချစွာပြောလိုက်လေသည်။
"အသေအချာကြီးတော့လည်းမဟုတ်ပါဘူး။ အရိပ်ပိုးကောင်တွေ အများကြီးရှိပါသေးတယ်။ လူတိုင်းမှာအခွင့်အရေးရှိပါသေးတယ်"
ကျိုးဟောင်ပြောလိုက်သော်လည်း သူ့အသံထဲရှိ စိတ်အေးလက်အေးရှိမှုကို အားလုံးအာရုံခံနိုင်လေသည်။
စစ်သေနာပတိချုပ်ကျောက်မှာရယ်မောလိုက်ပြီးပြောလိုက်လေသည်။
"စီနီယာကျိုး ခင်ဗျားမှာကံရောစွမ်အားရောရှိတယ်။ မဟုတ်ရင် ကျုပ်တို့သာဆိုရင် အရိပ်ပိုးကောင်အသိုက်ကို ရှာတွေ့ရင်တောင် ဒီလောက်အများကြီးသတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အားလုံးပဲ ဒီညဆက်ပြီး ကြိုးစားလိုက်ကြပါဦး။ ဘာပဲဖြစ်ဖြစ် အရိပ်ပိုးကောင်တစ်ကောင်လျော့လည်း မြို့ကရင်ဆိုင်နေရတဲ့ အန္တရာယ်တစ်ဆင့်လျော့တယ်"
"ဟုတ်တယ် စစ်သေနာပတိချုပ်ကျောက်ပြောတာမှန်တယ်"
"သဘောတူတယ်"
ဟယ့်ပျောင်းနှင့်အခြားလူများလည်း ဝင်ပြောလိုက်လေသည်။
သူတို့အားလုံး အသက်စွမ်းအင်မှော်ကျောက်တုံးကို အလွန်လိုချင်သော်လည်း သူတို့ကျိုးဟောင်နဲ့မပြိုင်နိုင်မှန်းသိကြလေသည်။ သို့သော် ကျိုးဟောင်သာ ထိုကျောက်တုံးအားရမည်ဆိုပါက သူတို့ဝမ်းသာပေသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်က မနေ့ညကသူတို့အသက်အား ကယ်ခဲ့သည်မဟုတ်ပေလော။
ချက်ချင်းပင် မဟာဆရာသခင်အဖွဲ့မှာ တောနက်ဧရိယာထဲသို့ ထပ်မံဝင်ရောက်သွားလေတော့သည်။
....................................................................................
အခန်း (၅၄) ပြီးပါပြီ။