← Chapters

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း (၅၈) : သန်း ၁၂၀

ခရိုင်အကြီးအကဲအဖွဲ့သည် ဂိုဒေါင်ဧရိယာသို့ မကြာမီရောက်ရှိလာသည်။

အလယ်အလတ် ဘုရင်အဆင့် နတ်ဆိုးကောင်၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့်၊ ချောင်ယင်းအာ ၏ ဂိုဒေါင်တွင် သိုလှောင်ရန် နေရာအလုံအလောက်မရှိပေ။ ထို့ကြောင့် ခရိုင်အကြီးအကဲ ဝူသည် ကျိုးဟောင်အား အကြီးဆုံးဂိုဒေါင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ချောင်ယင်းအာ၏ဂိုဒေါင်သို့ အပြေးအလွှားလာကြည့်ကြသောသူများသည်လည်း ဂိုဒေါင်အသစ်ဆီသို့လိုက်ပါလာကြသည်။

"ဆရာ ကျွန်တော်သူတို့ကို မောင်းထုတ်လိုက်ရမလား"

ဂိုဒေါင်အ၀င်၀တွင် လူအုပ်ကြီးမှာပြည့်ကျပ်နေသဖြင့် ခရိုင်အကြီးအကဲဝူက တိုးတိုးလေးလာပြောလေသည်။

"ရတယ် မလိုပါဘူး"

ကျိုးဟောင်က လက်ကာပြန်ရင်းပြန်ပြောလေသည်။

ဝုန်းခနဲ မြည်ကာ အလယ်အလတ်ဘုရင်အဆင့် နတ်ဆိုး မိစ္ဆာ အတောင်လေးစင်း အရိပ်ကျားသစ်၏ အလောင်းသည် ဂိုဒေါင်ထဲတွင်ပေါ်လာခဲ့လေသည်။

"ဟာ.... ဒါကြီးက အတောင်လေးစင်း အရိပ်ကျားသစ်ကြီးပါလား"

"ဒီအကောင်ကြီးကို ငါသိတယ်။ ဧရိယာ ၂၁၇က အလယ်အလတ်ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာကြီးပဲ။နောက်ဆုံးအကြိမ် မြို့ကို နတ်ဆိုးသားရဲကြီးတွေလာရောက်တိုက်ခိုက်တုန်းက ထိုသတ္တဝါကြီးကို ငါကိုယ်တိုင်မြင်ခဲ့ဖူးတယ်။အဲ့အချိန်တုန်းက ငါ့မှာ ကြောက်လွန်းလို့ လှုပ်တောင်မလှုပ်နိုင်ခဲ့ဘူး။ ဒီလိုသတ္တဝါကြီးကို စီနီယာကြီး ကသတ်ခဲ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"အထွဋ်အထိပ် မဟာဆရာသခင် အဆင့်ဆိုရင်တောင်မှ ဒါကြီးကတော့ ‌အတော်အထင်ကြီးဖို့ကောင်းတယ်"

" ဟုတ်တယ် ငါတို့ မြေအောက်မဟာမိတ်အဖွဲ့က မဟာဆရာသခင်တောင်မှ အလယ်အလတ်ဘုရင်အဆင့်တကောင်ကို အဲ့လို အနိုင်ယူဖို့မလွယ်ဘူး"

သူတို့အကုန် အံ့အားသင့်နေခဲ့ကြသည်။

ချောင်ယင်းအာနှင့် ခရိုင်အကြီးအကဲဝူ မှာလည်း ကြက်သေသေဖြစ်နေခဲ့လေသည်။သူတို့ထင်ခဲ့သည်မှာ သာမန်ဘုရင်အဆင့်သားရဲတကောင်သာဖြစ်လေသည်။ ခုတော့ အဆင့်မြင့်ဘုရင်အဆင့် နီးပါးရှိသော အတောင်လေးစင်းအရိပ်ကျားသစ်ဖြစ်နေခဲ့လေသည်။

"ဆ..ဆရာ ဈေးကွက်ရဲ့ဈေးနှုန်းအရ အတောင်လေးစင်း အရိပ်ကျားသစ်ဟာ ယွမ်သန်း ၆၀ တန်ကြေးရှိပါတယ်။ ကျွန်တော် ဒါကို ယွမ်သန်း၆၀ပေးမယ်ဆို အဆင်ပြေပါလား "

ခရိုင်အကြီးအကဲ ဝူက သတိထားပြီးပြောလေသည်။

ကျိုးဟောင်သည် ဒီသို့မလာခင်ထဲက မဟာဆရာသခင်ကျန်း အား စာပို့ပြီး တန်ကြေးအား စုံစမ်းထားခဲ့ပြီးဖြစ်သည်။ မဟာဆရာသခင်ကျန်းကလည်း ကျိုးဟောင်၏စာကို ရသည်နှင့် ဈေးကွက်တန်ကြေးကိုပြောပြကာ ထိုဈေးအတိုင်းရမှ ရောင်းရန် ပြောကြားခဲ့သည်။

"ရပါတယ်"

ကျိုးဟောင်က ဈေးအဆင်ပြေသောကြောင့်ခေါင်းငြိမ့်ပြီးပြောလေသည်။

ဂိုဒေါင်ထဲတွင် ရှိသော စက်များနှင့် အလုပ်သမားများသည် ထိုကဲ့သို့ အလောင်းကြီးများအား ကိုင်တွယ်ရန်အတွက် ဖြစ်ပြီး ထိုကဲ့သို့ ကိရိယာအစုံဖြင့်တောင် အတောင်လေးစင်း အရိပ်ကျားသစ်ကြီးအား ‌ကိုင်တွယ်ဖြေရှင်းရန် တနာရီကျော်လောက် အချိန်ယူရလေသည်။

ထို့နောက် ကျိုးဟောင်သည် အလယ်အလတ်ဘုရင်အဆင့်နှင့်ညီမျှသော ကျားမျိုးနွယ် နတ်ဆိုးသားရဲ ကြီးအား ထုတ်ရောင်းလေသည်။ ခရိုင်အကြီးအကဲ ဝူကလည်း ယွမ်သန်း၆၀ ထပ်ပေးလေသည်။

ကျိုးဟောင်သည် သူ့တွင်ရှိသော အကောင်များထုတ်ရောင်းပြီး ယွမ် သန်း၁၂၀ ပိုင်ဆိုင်ခဲ့လေပြီ။

"ဆရာနဲ့အတူ အလုပ်တွဲလုပ်ခွင့်ရတာ ၀မ်းသာပါတယ်"

ချောင်ယင်းအာ ကအနားသို့တိုးလာကာ ပြုံးပြီးလက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းလာခဲ့သည်။

" နောက်အခွင့်ကြုံရင်လည်း အလုပ်ဆက်တွဲလုပ်ကြတာပေါ့"

ကျိုးဟောင်လည်း ပြုံးပြီး လက်ဆွဲ ပြန်နှုတ်ဆက်လိုက်လေသည်။

"ဆရာ့ရဲ့ အထောက်အပံ့တွေအတွက်ကျေးဇူးတင်ပါတယ် ဆရာ"

ချောင်ယင်းအာက ပြုံးပြီးသေချာပြန်ပြောလိုက်သည်။

ကျိုးဟောင်သည် အပြင်ဘက်ရှိ လူအုပ်ကြီးကိုတချက်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ပျံတက်သွားကာ ခဏအတွင်းပျောက်ကွယ်သွားလေသည်။

.....

ကျိုးဟောင် ယန်ဥယျာဉ်အိမ်ရာသို့ပြန်ရောက်သောအခါ အိမ်ခန်းထဲတွင် ဘယ်သူမှ မရှိကြပေ။ ထို့ကြောင့် သူဖုန်းဆက်ကြည့်လိုက်သောအခါ သူ့မိဘများသည် စူပါမားကတ်တွင် ဈေး၀ယ်နေကြောင်းသိလိုက်ရသည်။

ကျိုးဟောင်သည် အသက်စွမ်းအင်မှောက်ကျောက်တုံးအား ရေနွေးတွင် ပျော်၀င်အောင် ပြုလုပ်လိုက်လေသည်။များပြားလှသော အသက်စွမ်းအင်များ ရတွင် ပေါင်းစပ်သွားကာ ရေ၏ အရည်အသွေးမှာလည်း ပြောင်းလဲသွားလေသည်။

မကြာမီတွင် ကျိုးရွှယ်ကောင်နှင့် ၀မ်ရှုယွင်သည် အိတ်ကြီး အိတ်ငယ်ဖြင့်ပြန်ရောက်လာကြသည်။

" ရှောင်ဟောင်ရေ တံခါးဖွင့်ပါဦး"

ကျိုးဟောင်သည် တံခါးဖွင့်ပေးလိုက်ပြီးနောက်

"အဖေနဲ့အမေ ဒီနေ့ ဘာအထိမ်းအမှတ်ရှိလို့ ဒီလောက်အများကြီး ၀ယ်လာကြတာလဲ" ဟုမေးလိုက်သည်။

"ဒီနေ့က ငါတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပဲ။ အရင်တုန်းက ငါတို့တွေကဆင်းရဲခဲ့ကြတော့ မကျင်းပနိုင်ခဲ့ဘူး။ အခုတော့ သားလည်း အောင်မြင်လာပြီဆိုတော့ သားကိုလည်း ဂုဏ်ပြုရင်း မင်းအမေလည်းမွေးနေ့အတွက်လည်း ဂုဏ်ပြုပေးမလို့လေ"

ကျိုးရွှယ်ကောက ပြုံးပြီးပြန်ပြောသည်။

"စကားတော့ အတော်ပြောကောင်းနေတာ ပြီးရင် ငါတ‌ယောက်ထဲပဲချက်ပြုတ်ရမှာမှတ်လား"

၀မ်ရှုယွင်က မထိတထိလေးရန်ပြန်တွေ့လေသည်။

"အမေ ဒီတခါတော့ အဖေ့ကို ချက်ခိုင်းကြည့်ပါလား"

ကျိုးဟောင်ကလည်း ၀င်ထောက်လေသည်။

"ကောင်းပြီလေ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ငါ့ရဲ့ချက်ပြုတ်စွမ်းရည်တွေပြရသေးတာပေါ့"

ကျိုးရွှယ်ကော က အားကျမခံပြန်ပြောလေသည်။

၀မ်ရှုယွင်လည်း အနားယူနိုင်ပြီ‌ဖြစ်သောကြောင့်၀မ်းသာသွားလေသည်။သူမသည် ‌ကျိုးရွှယ်ကောချက်ပြုတ်နေစဉ်အတွင်း ဆိုဖာ‌ပေါ်တွင် အနားယူနေလေသည်။

"အမေ တငုံလောက်သောက်ပါဦး"

ကျိုးဟောင်သည် အသက်စွမ်းအင်မှော်ကျောက်တုံးအစွမ်းတွေပါသော ရေနွေးအားယူလာခဲ့လေသည်။

၀မ်ရှုယွင်လည်း ရေငတ်နေသောကြောင့် တ၀ကြီးသောက်ချလိုက်သည်။ ချက်ချင်းဆိုသလို အေးမြသော အငွေ့အသက်သည် သူမ၏ တကိုယ်လုံးသို့ ပျံ့နှံ့သွားကာ လန်းဆန်းကိုခံစားလိုက်ရလေသည်။ဒါ့အပြင် သူမ၏ ဒဏ်ဖြစ်နေသော ခါးနှင့်ခြေထောက်တွင်ရှိသော ရောဂါများချက်ချင်းပျောက်သွားသလိုခံစားလိုက်ရသည်။

"သား....ဒါ.. ဒါဘာရေလဲဟင်'"

၀မ်ရှုယွင်က အံ့အားသင့်စွာမေးလိုက်လေသည်။

"အမေ ရေအတွက် ဘာမှ မစိုးရိမ်ပါနဲ့ ဒါက တကယ် ကောင်းမွန်တဲ့ပစ္စည်းတခုပါ။ ခုဘယ်လိုခံစားရလဲ အမေ"

ကျိုးဟောင်က ပြန်မေးလိုက်သည်။

"အရမ်း အညောင်းအညာပြေသွားပြီး ဆယ်နှစ်လောက်ပြန်ငယ်သွားသလိုခံစားရတယ်"

၀မ်ရှုယွင်လည်း အပျော်လွန်ပြီး မတ်တပ်ထရပ်လိုက်သည်။

" ကျွန်တော်ဒါကို ခုနက အမေ သောက်တဲ့ရေထဲစိမ်ပြီးတိုက်ခဲ့တာပါ။ အာနိသင်ကတော့ အရမ်းကောင်းတယ်။နောက်ဆို အဖေနဲ့အမေ အလုပ်တွေမရှိတဲ့အချိန် ဒါကို အမြဲရေထဲစိမ်ပြီးသောက်ကြရမယ်နော်။ ဒါနဲ့ဆို အမေတို့ အရင်ကရခဲ့တာဒဏ်တွေကိုအမြန်သက်သာစေပြီး ခန္ဓာကိုယ်ကို အင်အားလည်းတိုးစေလိမ့်မယ်။"

ကျိုးဟောင်က အသက်စွမ်းအင်ကျောက်တုံးအား ထုတ်ပြပြီး စိတ်လှုပ်တရှားပြောလေသည်။

"သား ဒါက အရမ်းကိုဈေးကြီးတယ်မှတ်လား"

၀မ်ရှုယွင်က ချီတုံချတုံဖြစ်သွားလေသည်။

"ဒါကဘယ်လောက်ပဲဈေးကြီးပါစေ အမေ့ကျန်းမာရေးထက်တော့ ပိုအရေးမကြီးပါဘူး"

ကျိုးဟောင်က စဉ်းစားမနေပဲ ပြန်ပြောလိုက်သည်။

ဝမ်ရှုယွင်လည်း အပျော်ကြီးပျော်သွားလေသည်။

"ကောင်းပါပြီ။ ငါ့သားလေး က ငါ့ကိုအရမ်းချစ်လို့ လုပ်ပေးတာ‌ဆိုတော့ ငါလက်ခံလိုက်ပါ့မယ်။ နောက်ဆို ဒါကို အမြဲရေစိမ်ပြီး သောက်မယ်နော်"

၀မ်ရှုယွင်က ပြန်ပြောပြီး ဆိုဖာပေါ်တွင်နားကာ ပီတိဖြာနေခဲ့သည်။

ကျိုးဟောင်သည် သူ့အမေ၏ ခေါင်းပေါ်ရှိ ဆံပင်ဖြူများကို ငေးရင်း ဒီအသက်စွမ်းအင် ကျောက်တုံးနဲ့သာဆို အဖေနဲ့အမေရဲ့ ကျန်းမာရေး ပိုကောင်းလာမှာ အသေအချာပဲလို့ တယောက်ထဲတွေးနေလေသည်။

..............................................................................

အပိုင်း(၅၈)ပြီးပါပြီ။

အခန်း (၅၉) : စခန်းသွင်းလေ့ကျင်းရေး စတင်ခြင်း

ချူမြို့အထက်တန်းကျောင်းတွင်

ရက်အနည်းငယ်ကြာပြီးနောက် ကျောင်းသားအားလုံးစောင့်မျှော်နေသော ဗဟိုလေ့ကျင့်ရေးအတန်း အတွက် ‌ကျောင်းသားနာမည်စာရင်းထွက်လာခဲ့သည်။

တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပွဲတွင် မပါ၀င်ခဲ့သော သွေးအနှစ်သာရ ဒုတိယအဆင့်ရှိကျောင်းသားများ သည် ကျိန်ဆဲသူက ကျိန်ဆဲ၊ နောင်တရသူက ရ ဖြစ်နေကြလေသည်။

" ကြည့်စမ်း အတန်း(၄)က ကျိုးဟောင်ဆိုတဲ့ကောင်တောင် ဒီစာရင်းမှာပါတယ်"

" ဘာ..... ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက ကံကောင်းပြီး သန္ဓေပြောင်းသားရဲကိုသတ်နိုင်ခဲ့တဲ့ကောင်မှတ်လား"

" ဟုတ်တယ် အဲ့ကောင်ပဲ။ ကျောင်းရဲ့အုပ်ချုပ်‌သူတွေကျ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေချလိုက်တာပဲ။ သူ့လိုကောင်ကျ လေ့ကျင့်ရေးအတန်းမှာ ပါ၀င်ခွင့်ရပြီး ငါတို့လို သွေးအနှစ်သာရ ဒုတိယအဆင့်ရှိတဲ့လူတွေကျ မပါရဘူးတဲ့"

"ဟုတ်တယ်။ ဒီတခေါက် လေ့ကျင့်ရေးအတန်းကတော့ ဟိုလိုဒီလိုပဲဖြစ်မယ်ထင်တယ်"

ကျောင်းသား အတော်များများက မနာလိုဖြစ်နေကြလေသည်။ အကြောင်းမှာ ဗဟိုလေ့ကျင့်ရေးအတန်းအတွက် ကျောင်း‌၏ခေါင်းဆောင်များသာမက အစိုးရဌာနရှိခေါင်းဆောင်များကပါ အလွန်ကောင်းမွန်သောကျင့်ကြံရေး နည်းလမ်းများ အထောက်အပံ့ပေးမည်ဖြစ်သောကြောင့်ဖြစ်သည်။

ဒါသည် သူတို့အတွက် ထိပ်ဆုံးသို့တက်လှမ်းနိုင်ဖို့အတွက် အရေးကြီးသော အခွင့်အလမ်းမျိုးဖြစ်နေလေသည်။

လူတိုင်းသည်ထိုအခွင့်အလမ်းမျိုး ကို အမိအရဆုပ်ကိုင်လိုကြသော်လည်း သူတို့သည် ပါ၀င်ယှဉ်ပြိုင်မှု မပြုလုပ်ခဲ့သည့်အတွက် နောင်တများရနေကြလေသည်။

ကလင် ကလင်...

အတန်းများပြီးဆုံးသွားချိန်၌ အတန်းတိုင်းရှိ အတန်းပိုင်ဆရာများသည် စာရင်းတွင် နာမည်ပါသောကျောင်းသားများအား လိုက်ခေါ်နေလေသည်။

ကျိုးဟောင်၊ရှုလင် နှင့် ကျန်းယိတို့ ၃ယောက်သာ အတန်း(၄) ရှိ ကျောင်းသားအားလုံးထဲမှ ရွေးချယ်ခံရခြင်းဖြစ်လေသည်။ သူတို့ထွက်သွားသောအခါ ‌အတန်းထဲရှိ ကျောင်းသားများက အားကျနေခဲ့လေသည်။

"ငါတို့ဘယ်ကိုသွားရမယ်ထင်လဲ"

အတန်းပိုင်ဆရာနောက်တွင်ရှိသော ကျန်းယိက တိုးတိုးလေးမေးသည်။

" ငါလည်းသေချာမသိဘူး"

ကျိုးဟောင်က ခေါင်းခါပြီးပြောလေသည်။

"ငါတို့ပုံရိပ်ယောင်လေ့ကျင့်ရေးကွင်းကို သွားကြရမှာ။ အဲ့တာက အထူးအဆင့်မြင့်နည်းပညာတွေနဲ့ ပြုလုပ်ထားတယ်။ ယန်ကျင်းလေ့ကျင့်ရေးစခန်းက ပစ္စည်းတွေနဲ့ အတူတူပဲလို့ပြောသံကြားတယ်။ အဲ့တာက လူတွေကို တကယ့်တောနက်ကြီးထဲမှာတိုက်ခိုက်နေသကဲ့သို့ခံစားရအောင်စွမ်းဆောင်ပေးတယ်"

ရှုလင်က ကျိုးဟောင်တို့အားကြည့်ပြီးပြောလိုက်သည်။

"ရှုလင်ပြောတာ အမှန်ပဲ။ ‌လေ့ကျင့်ရေးအတန်းကို ငါတို့ အသစ်ဆောက်ထားတဲ့ ပုံရိပ်ယောင်ခန်းမမှာ လေ့ကျင့်ကြရမယ်။ နောက်ဆို မင်းတို့၃ယောက်တနေ့ကို ၅နာရီ အဲ့မှာလေ့ကျင့်ရမယ်။ မင်းတို့ကို သင်ပြပေးမယ့်သူကတော့ နည်းပြဆရာ ရှန်းပဲဖြစ်တယ်"

အတန်းပိုင်ဆရာက သူတို့ဆွေးနွေးနေသည်ကိုကြားသောအခါ နောက်သို့လှည့်ကာ ပြုံးပြီးပြောပြလေသည်။

"မင်းတို့သာ တကယ်ကြိုးစားမယ်ဆိုရင် ဒါကမင်းတို့ဘ၀ကိုပြောင်းလဲသွားစေမယ့် အခွင့်အရေးပဲ"

ထို့နောက်က ကျိုးဟောင်အား အတန်းပိုင်ဆရာလှည့်ကြည့်လိုက်သည်။

"ကျိုးဟောင် မင်းက ဒီ၃ယောက်ထဲမှာ အားအနည်းဆုံးပဲ။ မင်းပိုပြီးကြိုးစားမှရမယ်နော်။ တကယ်လို့ မင်းရဲ့ရလဒ်တွေက တိုးတက်မလာဘဲ ဆိုးရွားနေခဲ့သေးရင်တော့ ဒီလေ့ကျင့်ရေးအတန်းအတွက် အဆင့်မမှီဘူးဆိုပြီး ဖြုတ်ခံရလိမ့်မယ်"

အတန်းပိုင်ဆရာက သတိပေးလိုက်သည်။

"အဆင့်မမှီခဲ့ရင် ဟုတ်လား...."

ကျိုးဟောင်က အံ့ဩပြီးမေးလိုက်သည်။

"အမှန်ပဲ။ ကျောင်းက ဒီလိုလေ့ကျင့်ရေးအတွက် အဖိုးတန်အရင်းအမြစ်တွေ အများကြီးမဖြုန်းတီးလိုဘူး။ ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းမထဲမှာ နေ့စဉ် စမ်းသပ်ခံကြရမယ်။ ပြီးရင် တစ်လတခါ အရေးကြီးတဲ့ စာမေးပွဲလိုမျိုး ‌စမ်းသပ်မှုအကြီးစားကို ဖြေဆိုရမယ်။ အဲ့ထဲမှာ ရလဒ်အဆိုးဆုံးလူကိုတော့ အဆင့်မမှီဘူးဆိုပြီး ထုတ်ပစ်လိမ့်မယ်။"

အတန်းပိုင်ဆရာက လေးလေးနက်နက်ပြောလေသည်။

" မင်းက ကံကောင်းပြီး လေ့ကျင့်ရေးအတန်းထဲ ပါ၀င်ခွင့်ရခဲ့တယ်။တကယ်လို့ မင်းမကြိုးစားဘဲ အခွင့်အ‌ရေးကို အသုံးမချရင်တော့အဆင့်မမှီဘူးဆိုပြီး ပြုတ်မှာပဲ " ဟုထပ်ဆောင်းပြောလေသည်။

"နားလည်ပါပြီ"

ကျိုးဟောင်က ပုခုံးကို တွန့်ပြီးပြောလိုက်သည်။သူသည် အဆင့်မမှီ ဖြစ်မည်ကိုတော့ စိုးရိမ်မနေခဲ့ပေ။

ရှုလင် က ကျိုးဟောင်ကိုကြည့်ကာ သေချာလမ်းပြပေးမယ်ဆိုပြီး တယောက်ထဲတွေးနေခဲ့သည်။သူမသည် ကျိုးဟောင်အပေါ် လက်မလျော့ချင်ပေ။

သိပ်မကြာမီတွင် သူတို့အဖွဲ့သည် အဆောက်အအုံ၅ ၏ လေးလွှာသို့ရောက်လာခဲ့သည်။

ထို့နောက် ကျယ်လွန်းပြီးခမ်းနားသော စာသင်ခန်းကြီးထဲသို့ ၀င်လိုက်သောအခါ နာမည်စာရင်း‌တွင်ပါသော ကျောင်းသား များ စုရုံး ရောက်ရှိနေကြလေသည်။

နာမည်စာရင်းတွင် ပါ၀င်သော ကျောင်းသားများအပြင်နောက်ထပ် ကျောင်းသား ၊ကျောင်းသူ ၅ဦးကိုတွေ့လိုက်ရသည်။

သူတို့၏အသက်အရွယ်သည် ကျိုးဟောင်တို့နှင့်အတူတူဖြစ်သော်လည်း သူတို့ကျောင်းရှိ အခြားအခန်းမှ ကျောင်းသားများနှင့်မတူဘဲ မာနထောင်လွှားပြီး ခက်ထန်သည့်အသွင်အပြင်များရှိလေသည်။

"ကဲအားလုံး လူစုံပြီပဲ။ ဒီလေ့ကျင့်ရေးအတန်းတွင် ချူမြို့အထက်တန်းကျောင်းက ကျောင်းသားစုစုပေါင်း၃၆ယောက်ရှိတယ်။ယန်ကျင်းမြို့ကနေငါခေါ်လာခဲ့တာကျောင်းသားတွေနဲ့ပါဆို အကုန်၄၁ယောက်ထိရှိနေပြီ။"

ကျိုးဟောင်တို့ သူငယ်ချင်း ၃ယောက်အခန်းထဲရောက်‌ပြီး‌သောအခါ နည်းပြရှန်း က လက်ခုပ်တီးပြီးပြောလေသည်။

" ပြောရမယ်ဆိုရင်တော့ မင်းတို့ ၄၁ယောက်လုံး ဒီနေ့ကစပြီး ငါ့ရဲ့ ညွှန်ကြားပြသမှုအောက်မှာ လေ့ကျင့်ကြရမယ်"

သူစကား‌ဆုံးသည်နှင့် ယွမ်ချန်း၊ ယွင်ယန် နှင့် အခြားကျောင်းသားများကို ကြည့်လိုက်သည်။

" အရင်ဆုံး ဒီကျောင်းသား၅ယောက်နဲ့မိတ်ဆက်ပေးပါ‌ရစေ။ သူတို့က ယန်ကျင်းလူရည်ချွန်လေ့ကျင့်ရေးစခန်းက ထူးချွန်ကျောင်းသားတွေပဲ။ သူ့တို့က အလယ်အလတ် သိုင်းပညာရှင်အဆင့်တွေ‌ဖြစ်ပြီး သူတို့၏တိုက်ပွဲစွမ်းရည်ကတော့ အဆင့်မြင့်သိုင်းပညာရှင်အဆင့်ပဲ"

သူပြောပြီးသည်နှင့် ရှုလင်နှင့်ကျန်းယိအပါအ၀င် ကျောင်းသားအားလုံး သူတို့ကို လှည့်ကြည့်ကြလေသည်။

"သူတို့က တကယ်ကြီး ယန်ကျင်းလူရည်ချွန်လေ့ကျင့်ရေးစခန်းကလား"

" အဲ့တာက တစ်မြို့လုံးမှာ အထူးချွန်ဆုံး သင်တန်းကျောင်းပဲ။ မဟာဆရာသခင် အတော်များများ အဲ့က ပျိုးထောင်ပေးခဲ့တာ"

" အဲ့ကျောင်းက အသက် ၁၈နှစ်အောက် သိုင်းပညာရှင်များကို စုဆောင်းခေါ်ယူသေးတယ်"

" သူတို့က အထင်ကြီးဖို့ကောင်းတာပဲ။ ငါတို့နဲ့ အသက်အတူတူလောက်ကို သူတို့က အလယ်အလတ်သိုင်းပညာရှင် အဆင့်ဖြစ်နေပြီ။"

" ဟုတ်တယ် သူတို့က ယန်ကျင်းကျောင်းရဲ့ ထူးချွန်သူတွေ ဖြစ်ထိုက်ပါတယ်"

ကျောင်းသားများက စိတ်လှုပ်ရှားကာ ဆွေးနွေးနေကြပြီး သူတို့၏ အံ့ဩမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

ကျောင်းသား အားလုံးထဲတွင် အထူးချွန်ဆုံးဖြစ်သော ရှုလင်သည်တောင် သွေးအနှစ်သာရ တတိယအဆင့်သာ ရှိသေးသည်။ သူမသည် ထိုထူးချွန်ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက လမင်းကြီးနှင့် ပိုးစုန်းကြူးပမာ ကွာခြားလှသည်။

ဖန်းယွီသည် ထိုအခြင်းအရာများကို မြင်သောအခါ နှုတ်ခမ်းကိုမဲ့လိုက်လေသည်။

"တိုင်းပြည်ရဲ့ လူညံ့တွေ စုနေတာပဲ။ ဗဟုသုတမရှိလိုက်ကြတာ" ဟုပြောလေသည်။

..............................................................................

အခန်း (၅၉) ပြီးပါပြီ။

အခန်း (၆၀) : ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းမ

ဖန်းယွီ၏ အသံမှာသိပ်မကျယ်သော်လည်း ကျောင်းသားအားလုံး ကြားသွားပြီး ဆွေးနွေးနေသံများရပ်တန့်သွားသည်။

ရှုလင် အပါအ၀င် ‌ကျောင်းသားအားလုံး၏ အမူအရာများ ပြောင်းလဲသွားလေသည်။

တချို့ကျောင်းသားများမှာ ဒေါသထွက်နေသော်လည်း အချို့ကတော့ တဖက်ကပြောသည်မှာ မှန်ဟုဆိုပြီး ဂရုမစိုက်ကြပေ။

"တိတ်တိတ်နေကြစမ်း"

နည်းပြရှန်း၏ အသံထွက်ပေါ်လာခဲ့သည်။

ငြင်းခုံနေသံများ လုံး၀တိတ်ဆိတ်သွားလေသည်။

" လေ့ကျင့်ရေးအတန်းရဲ့အဓိက ရည်ရွယ်ချက် ပုံရိပ်ယောင်လေ့ကျင့်ရေးဆိုတာ အားလုံးကြားပြီးထားကြပြီထင်တယ်။ ဒီအဆောက်အအုံက ယန်ကျင်းမြို့ လေ့ကျင့်ခန်းမနှင့်တူအောင်ဆောက်လုပ်ပေးဖို့ ငါခွင့်တောင်းထားတာပဲဖြစ်တယ်။ ဒီပုံရိပ်ယောင် လေ့ကျင့်ရေးကာလအတွင်း သွေးအနှစ်သာရဆေးလုံး၃လုံးနှင့် အထူးအဆင့်မြင့် ပန်းပဲနည်းစနစ်တွေကိုလည်း ကျောင်းက လတိုင်းထောက်ပံ့ပေးဦးမှာပဲဖြစ်တယ်။"

သူ့စကားကြောင့် ကျောင်းသားအားလုံး၏မျက်လုံးများ ၀င်းလက်သွားသည်။သူတို့အားလုံး ဒီကို မလာခင်ကပင် ကျောင်းက အဖိုးတန်ပစ္စည်းများထောက်ပံ့ပေးမည်ကို သိကြသော်လည်း ယခုလို သွေးအနှစ်သာရဆေးလုံး ၃လုံးကို လတိုင်းအလကားပေးသွားမည်ကို မမျှော်လင့်ထားခဲ့ကြပေ။

ဒါ့အပြင်သူတို့အား ပန်းပဲနည်းပညာများကိုပါထောက်ပံ့ပေးဦးမယ်ဖြစ်သည်။ ဈေးကွက်တွင် ပန်းပဲနည်းပညာများသည် ၁၀ယွမ်မှစပြီး ယွမ်၁ထောင်အထိရှိလေသည်။ တချို့အဆင့်မြင့်နည်းပညာများကတော့ ယွမ်၁သောင်းလောက်ထိတန်ကြေးရှ်ိကြသည်။

ချမ်းသာသောမိသားစုမှဆင်းသက်လာတောင် ရှုလင်အတွက်တောင် အဆင့်မြင့် ပန်းပဲနည်းပညာများကို ရရှိရန်ခက်ခဲလေသည်။

အဘယ့်ကြောင့်ဆိုသော် ပန်းပဲနည်းစနစ်များသည် လူတယောက်၏ အခြေအနေ၊အချက်အလက်များပပေါ်မူတည်ပြီး ပြုလုပ်ထားသောကြောင့် ဖြစ်လေသည်။

"ဒီကမ္ဘာမှာ အလကားရယ်လို့ ဘာမှမရှိဘူး။ မင်းတို့ ဗဟိုလေ့ကျင့်ရေး အတန်းကို ပါ၀င်ခွင့်ရှိတယ်ဆိုပြီး ပေါ့ပေါ့လျော့လျော့နေလို့တော့မရဘူး။ နေ့တိုင်း မင်းတို့ လေ့ကျင့်ရေးအတန်းကနေ ရရှိမယ့် အမှတ် တွေကိုမူတည်ပြီး မင်းတို့ကို အဆင့်သတ်မှတ်ပေးမယ်။လကုန်ရင်လည်း နောက်ထပ်စာမေးပွဲတခုထပ်ရှိမယ်။ အဲ့မှာ အမှတ်အနည်းဆုံကျောင်းသား ၃ယောက်ကို အဆင့်မမှီဘူး သတ်မှတ်ပြီးထုတ်ပယ်မယ်။အဲ့တာကိုလည်း တ‌ကျောင်းလုံးကိုတရား၀င်ကြေငြာမယ်"

နည်းပြရှန်းက တည်ကြည်စွာပြောနေလေသည်။

ထို့နောက် သူက " ငါတို့ ဒီနေ့ပဲ အတန်းစတင်ပြီ" ဟုထပ်ပြောလေသည်။

ကျောင်းသားအားလုံး ထိုအရာကိုကြားသောအခါ အမူအရာများပြောင်းလဲကုန်ကြသည်။လေ့ကျင့်ရေးအတန်းကနေ အဆင့်မမှီလို့ အဖြုတ်ခံရခြင်းက အလွန်ရှက်ဖို့ကောင်းလေသည်။ ပိုဆိုးသည်မှာက ထိုအကြောင်းကို တကျောင်းလုံးအား ကြေငြာမည့်အချက်ပင်ဖြစ်ပြီး ဤအရာသည် သူတို့တဘ၀လုံးအတွက် အရှက်ရစရာကြီးဖြစ်သွားနိုင်လေသည်။

ထို့ကြောင့် ကျောင်းသားအားလုံး ပိုကြိုးစားကြမည်ဆိုပြီး သူတို့စိတ်ထဲတွင်ဆုံးဖြတ်လိုက်ကြသည်။ထိုကျောင်းသားအားလုံးထဲတွင် ကျိူးဟောင်နှင့်ပြောင်းရွှေ့ကျောင်းသား ၅ယောက်သာ အေးဆေးနေနိုင်ကြသည်။

"ငါနဲ့လိုက်ခဲ့ကြ..."

နည်းပြ ရှန်း ပြောပြီးသည်နှင့်တပြိုင်နက် စာသင်ခန်းထဲမှ ထွက်လာပြီး အပေါ်ထပ်သို့ တက်သွား‌လေသည်။

တခြားကျောင်းသားများသည်လည်နောက်က လိုက်လာကြသည်။ သို့သော် သူတို့သည် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိတော့ပဲ အဲဒီအစား သူတို့အားလုံး အလွန်အမင်း ထိတ်လန့်နေကြသည်။

၇လွှာရှိ ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းမတွင်..

ကျိုးဟောင်တို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ၎င်းတို့သည် အနာဂတ်သို့ရောက်သွားသလိုခံစားလိုက်ရသည်။ အဆင့်မြင့်နည်းပညာသုံးပစ္စည်းများသည် အခန်း၏နေရာတိုင်းတွင်ရှိပြီး မျက်နှာကျက်သည်လည်း ကြယ်ရောင်စုံသောကောင်းကင်နှင့်တူလေသည်။

ယွမ်ချန်း၊ ယွီယွန် နှင့် ဖန်းယွီတို့ ကတော့ ပုံရိပ်ယောင်လေ့ကျင့်ရေးနှင့်ရင်းနှီးနေကြပြီး တယောက်ပြီးတယောက် ဘဲဥပုံသဏ္ဌာန်ပျ်ိုး‌ထောင်ရေးအခန်းငယ်လေးများကဲ့သို့သော အရာများထဲသို့၀င်သွားကြလေသည်။

" ဒီ ပုံရိပ်ယောင်အခန်းငယ်‌လေးတွေကတော့ မင်းတို့ လေ့ကျင့်ရမယ့် ပစ္စည်းတွေပဲဖြစ်တယ်။ မင်းတို့အဲ့ထဲ၀င်ထိုင်လိုက်တာနဲ့ စက်က မင်းတို့ရဲ့ စိတ်ဝိညာဉ်လှိုင်းတွေကို အလိုအလျောက်စကန်ဖတ်ပေးပြီး ပုံရိပ်ယောင်ကမ္ဘာနဲ့ချိတ်ဆက်ပေးလိမ့်မယ်"

နည်းပြရှန်းက သေချာစွာရှင်းပြလေသည်။

သူသည် စကားဆုံးသည်နှင့် လက်ခုပ်တချက်တီးလိုက်လေသည်။

"ကောင်းပြီ။ အမြန်အထဲ၀င်ကြတော့ ငါမင်းတို့ကို ကျင့်သားရဖို့ အချိန်တခုပေးမယ်။ တိုက်ခိုက်ရေးလေ့ကျင့်ခန်းကို နောက်နာရီ၀က်နေရင် စမယ်။ အမှတ်စုစုပေါင်းက ကိုကြည့်ပြီး မင်းတို့ရလဒ်ကိုသတ်မှတ်ပေးမယ်"

ဝှစ် ဝှစ်....

‌အခြားကျောင်းသားများသည်ထိုစကားကို ကြားသည်နှင့် လေ့ကျင့်ရေးခန်းထဲသို့ အလျင်အမြန်ပြေး၀င်ကြသည်။

ကျိုးဟောင်သည် နောက်ဆုံးမှ နေခဲ့ပြီး ထောင့်တွင်ကျန်ခဲ့သော အခန်းငယ်လေးဆီသို့လှမ်းသွားခဲ့သည်။

နည်းပြ‌ရှန်းပြောပြီးနောက် ကျိုးဟောင်သည် စက်ထဲသို့၀င်လိုက်သည်။ ထို့နောက် သူ၏ပတ်၀န်းကျင် အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားလေသည်။

ကျိုးဟောင်သည် သူ့ကိုယ်ကို ဟွာတုန်းမြို့၏တောနက်ကြီးထဲရောက်နေကြောင်းတွေ့ရှိလိုက်ရသည်။ သူ့ဘေးတွင်တော့ ရှုလင်၊ ကျန်းယိနဲ့ အခြားကျောင်းသားများကိုတွေ့ရလေသည်။ သူတို့အားလုံး ပတ်၀န်းကျင်ကို စူးစမ်းသလိုကြည့်နေကြပြီး စိတ်လှုပ်ရှားနေကြလေသည်။ ယွမ်ချန်း ၊ ယွင်ယန်နှင့် ဖန်းယွီတို့ကသာ တည်ငြိမ်နေကြလေသည်။

" အသစ်လေးတွေချည်းအဖွဲ့လိုက်ပါလား။ သူတို့အနားမှာ ရပ်နေရုံနဲ့တင် အစော်ကားခံရသလို ခံစားရတယ်ကွာ"

" ဟား ဟားး သူတို့ကြည့်ရတာ အဆင့်နိမ့် နတ်ဆိုးစစ်သည်တကောင်နဲ့တောင် မယှဉ်ဆိုင်ခဲ့ဖူးဘူးထင်တယ်။ သူတို့က တကယ်တော့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေးတွေပါပဲ"

" လေ့ကျင့်ရေး စတာနဲ့ ဒီကျောင်းသားတွေ သူတို့ ဘောင်းဘီတွေထဲ သေးပေါက်မိကျမှာ ငါလောင်းရဲတယ်"

" သူတို့ ရူးမတတ်ကြောက်လန့်နေမှာ အသေအချာပဲ"

"ကျွတ် ကျွတ် ကဲ ပွဲကြည့်ပြီး ပျော်လိုက်ကြရအောင်"

ဖန်းယွီနဲ့ အခြား ကျောင်းသားများမှာ ဟွာတုန်းမြို့မှကျောင်းသားများအား လှောင်ရယ်နေကြလေသည်။

ယွမ်ချန်းနှင့် ယွင်ယွန် ကတော့ အနားရှိကျောင်းသားများကိုကြည့်ပြီး ခေါင်းခါနေကြလေသည်။ ဒီလူတွေဟာ တကယ်ပဲ အတွေ့အကြုံနည်းကြလေသည်။

ရှုလင်မှာ အတည်ငြိမ်ဆုံးဖြစ်နေလေသည်။ဒါ့အပြင် သူမသည် အခြားကျောင်းများနှင့် ပူးတွဲလေ့ကျင့်ကာ တောနက်ကြီးထဲရှိ မျိုးနွယ်ခြား သတ္တဝါကြီးများနှင့် သ‌န္ဓေပြောင်းသားရဲများကိုလည်း ရင်ဆိုင်ခဲ့ဖူးလေသည်။

" ဒါက တောင်ပိုင်းခရိုင်ရဲ့အပြင်ဘက် တောနက်ဧရိယာပဲ"

ရှုလင်က ပြောလိုက်သည်။

"ဟုတ်တယ် တောင်ပိုင်းခရိုင်အပြင်ဘက်ပဲ "

ကျိုးဟောင်လည်း လွှတ်ခနဲပြောလိုက်မိသည်။ သူသည် လွန်ခဲ့ရက်‌က ရှာဖွေရှင်းလင်းရေး အစီအစဉ်တွင်ပါ၀င်ခဲ့သောကြောင့် တောနက် ကြီး၏ နေရာများအား မှတ်မိနေလေသည်။

" နင်ဘယ်လိုသိတာလဲ"

ရှုလင်က ကျိုးဟောင်အား ထူးဆန်းသလိုကြည့်ပြီးမေးလိုက်သည်။

"ငါခန့်မှန်းကြည့်တာပါ"

ကျိုးဟောင်က မထူးဆန်းသလိုပြန်ပြောလေသည်။ ရှုလင်ကမျက်ခုံးပင့်တင်ပြီးကြည့်နေလေသည်။

ရွှီး...

ရုတ်တရက် ကောင်းကင်မှ အလင်းတန်းတခု ကျလာခဲ့ပြီး ရှုလင်နှင့်ကျောင်းသားများအား ဖုံးအုပ်သွားလေသည်။ သူတို့၏အ၀တ်အစားများမှာလည်း ချက်ချင်းဆိုသလို တင်းကျပ်သွားလေသည်။

ထိုသို့တင်းကျပ်သွားသောကြောင့် ကျောင်းသူများဖြစ်သော ရှုလင်၊ ယွင်းယန် ၊ ဖန်းယွီ တို့၏ ခန္ဓာကိုယ်ကောက်ကြောင်းများမှာ အထင်းသားဖြစ်သွားလေသည်။

…............................................................................

အခန်း(၆၀) ပြီးပါပြီ။

All Chapters