အခန်း ၇၀-၇၂
Vol. 5 Ch. 70-72
အခန်း (၇၀) : အမှောင်နတ်ဘုရားများ
ရှာဖွေရှင်းလင်းရေး အစီအစဉ်ပြီးဆုံးသွားခဲ့သော်လည်း မဟာဆရာသခင်များသည် အရှေ့ပိုင်းစစ်ဌာနချုပ်၌ မကြာခဏ စုရုံးကြလေသည်။ ပထမအချက်အနေဖြင့် သူတို့သည် လျှို့ဝှက်ကျင့်စဉ်များ နည်းစနစ်များကို ဆွေးနွေးကြရန်ဖြစ်ပြီး ဒုတိယအနေနှင့် တခုခုဖြစ်လာပါက အတူတကွပူးပေါင်းဆောင်ရွက်ရန်ဖြစ်လေသည်။
သို့သော်လည်း လွန်ခဲ့သော ရက်တွေထဲက ဟဲပျောင်းနှင့် ကျန်းဟုန်တို့ကို မတွေ့ခဲ့ရပေ။
"သခင်ကျိုး ဟဲ့ပျောင်းနဲ့အခြားလူတွေက မြို့ထဲမှာပုန်းနေတဲ့ အမှောင်နတ်ဘုရားများဆိုတဲ့အဖွဲ့ကို ရှာဖွေနေကြတယ်"
စစ်သူကြီးကျောက် ကျိုးဟောင်အား လေးစားသောအမူအရာဖြင့်ရှင်းပြလေသည်။
"အမှောင်နတ်ဘုရားများ...."
ကျိုးဟောင်သည်ထိုကဲ့သို့ အဖွဲ့အစည်းမျိုးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ အမှောင်နတ်ဘုရားများအဖွဲ့က အလွန်ကြီးမားတဲ့ မြေအောက်အဖွဲ့အစည်းတခုဖြစ်ပြီး မြို့တိုင်းလိုလိုမှာရှိနေတယ်။ သူ့တို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကြီးမားလာဖို့အတွက် လူသားမျိုးနွယ်တွေကို သစ္စာဖောက်ပြီး မျိုးနွယ်ခြားတွေနဲ့ မကောင်းမှုတွေကို လျှို့ဝှက်ဆောင်ရွက်နေကြတယ်။ဒါ့အပြင် သူတို့က အခြားနတ်ဆိုးမျိုးစုံနဲ့အမြဲစုရုံးပြီး သန္ဓေပြောင်းလူသားတွေအတွက် ယဇ်ပူဇော်တာမျိုးတွေလုပ်ကြတယ်"
စစ်သူကြီးကျောက်မှာ ပြောနေရင်း ဒေါသသံများပါလာလေသည်။
"ဒီကမ္ဘာပေါ်က အဖွဲ့အစည်းတိုင်းက အမှောင်နတ်ဘုရားများအဖွဲ့ကို အလွန်မုန်းတီးကြတယ်။ သို့သော်လည်း သူတို့က မျိုးနွယ်ခြားတွေဆီက အကူအညီကြောင့် အလွန်လျှို့ဝှက်ပြီး ရှာဖွေကခက်ခဲတယ်"
စစ်သူကြီးကျောက်က ဆက်လက်ပြောပြလေသည်။
"အတိတ်မှာတုန်းက မြို့ရဲ့တောနက်ဧရိယာထဲမှာနတ်ဆိုးဘုရင်အဆင့်မိစ္ဆာတွေအများအပြားရှိနေခဲ့တယ်။ ငါတို့ အမှောင်နတ်ဘုရားအဖွဲ့ကိုရှာဖွေဖို့ကြိုးစားတာနဲ့ အဲ့ဒီနတ်ဆိုးတွေက မြို့ကိုလာရောက်တိုက်ခိုက်တာကြောင့် ငါတို့ အလောတကြီးဆောင်ရွက်လို့မရခဲ့ဘူး"
စစ်သူကြီးကျောက်က အံကိုကြီတ်ရင်းပြောပြနေခဲ့သည်။
"သို့သော်လည်း ဒီတခါတော့ စီနီယာကျိုးက ထိုနတ်ဆိုးဘုရင်များကို ရှင်းလင်းပေးတဲ့အကျိုးကျေးဇူးကြောင့် မြို့ပေါ်ကျရောက်နေတဲ့ဖိအားလည်းလျော့သွားခဲ့ပြီ။ ဒါကြောင့် ဟဲပျောင်းနှင့် အခြားလူတွေကို ဒီတခါတော့ အမှောင်နတ်ဘုရားများအဖွဲ့အပေါ် သေချာပစ်မှတ်ထားရှာဖွေနေကြတာပဲဖြစ်တယ်"
ထိုစကားသောကြားသောအခါ ကျိုးဟောင်သဘောပေါက်သွားခဲ့သည်။
လူသားတွေပျက်စီးရေးကိုဆောင်ရွက်နေတဲ့ ယုတ်ညံ့တဲ့အဖွဲ့စည်းတခုရှိနေခြင်းကို သူသိရှိသွားခဲ့လေသည်။
"စစ်သူကြီးကျောက် အမှောင်နတ်ဘုရားများအဖွဲ့ရဲ့အင်အားကရောဘယ်လိုရှိလဲ"
ကျိုးဟောင်ကမေးမြန်းလိုက်သည်။
"သူတို့က အရမ်းသန်မာတယ်။”
စစ်သူကြီး ကျောက်၏ အမူအရာမှာ လေးနက်သည်။
“သူတို့ဟာ မျိုးနွယ်ခြားတွေဆီက ရတနာတွေနဲ့ နည်းစနစ်တွေကို အဆက်မပြတ် ရယူနေတာကြောင့် သူတို့ရဲ့ ခွန်အားဟာ အလွန်လျင်မြန်စွာ တိုးတက်လာကြတယ်။ သို့သော် အရာရာတိုင်းမှာ ကောင်းကျိုးနှင့် ဆိုးကျိုးများ ဒွန်တွဲနေတတ်တယ်။ သူတို့၏ ခွန်အားတိုးလာမှုသည် လျင်မြန်လွန်းသော်လည်း သူတို့၏ အခြေခံကျင့်ကြံရေးအုတ်မြစ်ကို မတည်မငြိမ်ဖြစ်စေခဲ့တယ်"
"ဒါကြောင့်သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်မျှသာဖြစ်တယ်။ အများစုမှာ ကျွန်ုပ်တို့၏ မဟာဆရာသခင်များနှင့် မူလအဆင့်မဟာဆရာသခင်ကျိုးရှန် ကိုပင် တိုက်ခိုက်နိုင်ရန် မျိုးနွယ်ခြားများမှ ပေးအပ်ထားသော တန်ခိုးကြီးရတနာများကို အားကိုးနေကြရတယ်"
"အဲ့ဒါကြောင့် သူတို့က အမြဲပုန်းကွယ်နေကြပြီး အခြားအဖွဲ့အစည်းများနှင့် ယှဉ်မတိုက်လေသောကြောင့် လူလုံးထွက်မပြကြပေ"
စစ်သူကြီးကျောက်က ခဏနောက်နားပြီး သက်ပြင်းချလိုက်လေသည်။ ထို့နောက်သူက ဆက်ပြီးရှင်းပြလေသည်။
"ဒီလိုအခြေအနေဆိုပေမဲ့ လိုက်လံစုံစမ်းမည့် အဆင့်မြင့်ဆရာသခင်တယောက်အတွက်တောင်အန္တရာယ်ရှိနေနိုင်သေးတယ်။ဒါကြောင့် ဟဲ့ပျောင်းနဲ့ မဟာဆရာခင်တွေက အဖွဲ့လိုက်ရှာဖွေစုံစမ်းကြခြင်းဖြစ်တယ်"
ထိုစကားကိုကြားတော့ ကျိုးဟောင် မျက်မှောင်ကြုတ်လိုက်လေသည်။ စစ်သူကြီးကျောက်ပြောသလို အဆင့်မြင့်မဟာဆရာသခင်တွေကို အန္တရာယ်ရှိလို့ မစေလွှတ်နိုင်ခဲ့ရင် ဒီအမှောင်နတ်ဘုရားများအဖွဲ့ရဲ့အစွမ်းက ပေါ့သေးသေးတော့ မဖြစ်နိုင်ပေ။
မြို့ထဲတွင် ထိုကဲ့သို့ အန္တရာယ်ပေးနိုင်သောအဖွဲ့ရှိနေခြင်းက အချိန်ကိုက်ဗုံးတလုံးရှိနေသကဲ့သို့ဖြစ်လေသည်။
"စစ်သူကြီးကျောက် ဒီအမှောင်နတ်ဘုရားများအဖွဲ့ သတင်းရတာနဲ့ ကျုပ်ကိုအချိန်မှီ အကြောင်းကြားပေးပါ"
ကျိုးဟောင်က ပြောကြားလိုက်သည်။
"ကျေးဇူးပါ စီနီယာကျိုး။ ခင်ဗျားရဲ့အကူအညီနဲ့သာဆို ဒီအမှောင်နတ်ဘုရားများအဖွဲ့က ခြိမ်းခြောက်မှုတခု မဖြစ်နိုင်တော့ဘူး။ ကျုပ်တခုခုသတင်းထူးတာနဲ့ ဒီကြိုးမဲ့ဆက်သွယ်ရေးစက်ကနေ တဆင့်အကြောင်းကြားပါ့မယ်"
စစ်သူကြီးကျောက်က ၀မ်းသာအားရပြန်ပြောလေသည်။
"ကောင်းပါပြီ"
ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်သည်။ ဟွာတုန်းမြို့သည် သူကြီးပြင်းခဲ့သော မြို့လေးဖြစ်သောကြောင့် သူမြို့အတွက်အကူအညီပေးချင်ပေးခဲ့သည်။ ယခုလိုမြို့အားကာကွယ်နိုင်သရွေ့ သူ့မိသားစုကိုလည်း ကာကွယ်နိုင်သကဲ့သို့ဖြစ်လေသည်။
ချူမြို့အထက်တန်းကျောင်း၌...
ပုံရိပ်ယောင်လေ့ကျင့်ရေးအတန်းတွင် လွန်ခဲ့ရက်တွေအတွင်း ကျိုးဟောင်၏စွမ်းဆောင်ချက်များမှာ သာမန်မျှသာဖြစ်လေသည်။ ကံကောင်းစွာဖြင့် ရှုလင် နှင့် ကျန်းယိတို့ဖြင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်ခဲ့ပြီး အောက်ဆုံးအဆင့်မရောက်အောင်စွမ်းဆောင်နိုင်ခဲ့သည်။
ဟူး ဟူး...
ရှုလင်နှင့် ကျန်းယိတို့သည် နတ်ဆိုးစစ်သည်များကို သတ်ပြီးနောက် သက်ပြင်းချကာ အနားယူရန်မြေပြင်ပေါ်သို့ထိုင်ချလိုက်ကြသည်။
ရက်အတော်ကြာ ကျိုးဟောင်အားစကားမပြောသော ရှုလင်သည် ကျိုးဟောင်၏စိတ်ပျံ့လွင့်နေသော အမူအရာကို မြင်လိုက်သောအခါ
" ကျိုးဟောင် နင်လည်း ဒီအဖွဲ့ရဲ့ အဖွဲ့၀င်တယောက်ပဲ ။ဒီထက်ပိုပြီး နည်းနည်းအလေးအနက်ထားလို့မရဘူးလား" ဟုပြောလိုက်လေသည်။
"တောင်းပန်ပါတယ် ငါစိတ်တွေရှုပ်ထွေးနေလို့ပါ"
ကျိုးဟောင်က အလျင်အမြန်ပြန်ပြောလိုက်လေသည်။စစ်သူကြီးကျောက် ဆီမှ မြို့ထဲတွင်အမှောင်နတ်ဘုရားများအဖွဲ့ရှိသောအကြောင်းကို ကြားခဲ့ပြီးနောက် ထိုအဖွဲ့နှင့်ပတ်သက်သည့် သတင်းများကို သူအသေးစိတ် မေးမြန်းခဲ့လေသည်။
အချက်အလက်များသည် သူ့အား အတော်တုန်လှုပ်စေခဲ့လေသည်။ အမှောင်နတ်ဘုရားများအဖွဲ့၏ လုပ်ရပ်အချို့သည် ရူးနှမ်းနေသော လုပ်ရပ်များပင်ဖြစ်ပြီး သူတို့ လူသားမျိုးနွယ်ကို ဆန့်ကျင်နေသည်ဟူသောစကား ကတောင် လျော့ပြောထားသောစကားပင်ဆိုရပေမည်။
ဒါ့အပြင်သူတို့သည် နောက်ဆုံးအကြိမ် ပါရမီရှင်ထူးချွန်သူ၏ သတင်းအချက်အလက်များ မျိုးနွယ်ခြားများဆီသို့ ပေါက်ကြားစေသည့် သူများဖြစ်ကြသည်။
ထိုအချက်သည် ကျိုးဟောင်အား ပို၍သတိထားစရာဖြစ်စေခဲ့သည်။ အမှောင်နတ်ဘုရားအဖွဲ့၀င်များ အနားတွင် သူ့သရုပ်မှန် မပေါ်ပေါက်လိုပေ။
တကယ်လို့သာ သူ့အချက်အလက်များပေါက်ကြားသွားပါက နောက်ဆက်တွဲအခြေအနေများမှာ မတွေးဝံ့စရာပင်ဖြစ်လေသည်။
သူကိုယ်တိုင်က အလွန်အင်အားကြီးသော ဖြစ်တည်မှုအဆင့်ရောက်နေပြီး ဘာကိုမှရင်ဆိုင်ရန်မကြောက်ရွံ့သော်လည်း သူ့အနားတွင်ရှိသော လူများ အထူးသဖြင့် သူ့မိဘများကတော့ အမှောင်နတ်ဘုရားများအဖွဲ့၏အငြိုးထားခြင်းကိုခံရနိုင်လေသည်။
ဒါ့အပြင် သူ့မိဘများသည် အလုပ်သို့ သွားရောက်လိုအပ်ပြီး သူ့အနားတွင်သူတို့ အမြဲမရှိနိုင်ပေ။
"သတိထားစမ်းပါ ဒါတောနက်ဧရိယာကြီးပဲ။ နင်ဒီလိုဆက်လုပ်နေမယ်ဆိုရင် အဖွဲ့ကနေထွက်လိုက်တော့"
ရှုလင်က ကျိုးဟောင်ကိုကြည့်ပြီး ပြောနေလေသည်။
"ရှုလင် အဲ့လိုတော့ မပြောပါနဲ့။ ကျိုးဟောင်လည်း ငါတို့ကို အများကြီး ကူညီခဲ့တာပဲ"
ကျန်းယိမှ ရှုလင်အား အလျင်အမြန်၀င်တားလေသည်။
ရှုလင်က ဘာမှ ဆက်မပြောတော့ဘဲ နှာခေါင်းလေးရှုံ့သွားလေသည်။ သူမပြောတာ လွန်သွားကြောင်းလည်း သူမ နားလည်လေသည်။
ကျိုးဟောင်သည် ရှုလင်ကအပြောဆိုးသော်လည်း စိတ်ထားကောင်းသည်ကို သိသောကြောင့် ဘာမှ ပြန်မပြောပေ။ တကယ်လည်း သူ့မှာ စိတ်ရှုပ်စရာများနေခဲ့လေသည်။
"ငါ အခုက စပြီး အာရံစိုက်ထားပါ့မယ်"
ကျိုးဟောင်ကပြောလိုက်သည်။
"ငါစောင့်ကြည့်နေမယ်"
ရှုလင်က မတ်တပ်ရပ်ပြီးပြောလိုက်သည်။
ထို့နောက်ကျိုးဟောင်သည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသလိုပြုမူနေခြင်းကို စွန့်လွှတ်လိုက်ပြီး သူ့၏တိုက်ခိုက်ရေး စွမ်းရည်အချို့ကို ထုတ်ပြလိုက်သောကြောင့် ရှုလင်းလည်း အံ့ဩသွားလေသည်။
ကျောင်းဆင်းချိန်ရောက်တော့ ကျန်းယိက ကျိုးဟောင်ကို လှမ်းတားလိုက်သည်။
..............................................................................
အခန်း (၇၀) ပြီးပါပြီ။
အခန်း (၇၁) : ငြင်းခုံခြင်း
"ကျန်းယိ ဘာဖြစ်လို့လဲ"
ကျိုးဟောင်မှာ သိချင်စိတ်ဖြင့်မေးလိုက်သည်။
ကျန်းယိမှာ ခေါင်းကုတ်နေလေသည်။
"ကျိုးဟောင် တကယ်တော့ဒီလိုကွ မနက်ဖြန်ငါ့ညီမလေးမွေးနေ့ရှိတာ အဲဒါမင်းပြီးခဲ့တဲ့ အကဲဖြတ်ပြိုင်ပွဲတွေမှာ ငါ့ကိုကူညီပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ ငါမင်းကိုထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ပြုံးလိုက်လေသည်။
"ရတာပေါ့ ပြောကာမှပဲ ငါမင်းညီမလေးကိုတောင်မတွေ့ဖူးဘူးပဲ။ ဒါနဲ့ မင်းရှုလင်ကိုပါဖိတ်လိုက်ပါလား ။ သူတို့နှစ်ယောက်လုံးက မိန်းကလေးတွေဆိုတော့ သူပါတော့ ပိုအဆင်ပြေတာပေါ့"
"ငါကရှုလင်နဲ့ မရင်းနှီးဘူးလေ...."
ကျန်းယိမှာ ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်လေသည်။
"အဲဒီလိုမဟုတ်ပါဘူး ပြီးခဲ့တဲ့ရက်က လေ့ကျင့်ရေးတုန်း အတူပူးပေါင်းလုပ်ပြီး ငါတို့အားလုံးအတော်လေးရင်းနှီးလာတာပဲကို စိတ်မပူစမ်းပါနဲ့ မင်းသာသူ့ကိုဖိတ်ရင် သူသေချာပေါက်လိုက်မှာ"
ကျိုးဟောင်ပြောသည့်အတိုင်းပင် ရှုလင်အား ကျန်းယိ၏ညီမလေးမွေးနေ့ပွဲသို့ဖိတ်သည့်အချိန်တွင် သူမသည်စဉ်းတောင်မစဉ်းစားဘဲသဘောတူလိုက်ပြီး ပွဲလုပ်ဖို့နေရာစီစဉ်ပေးမည်ပင်ပြောလာလေသည်။
ကျန်းယိမှာ ခဏလောက်တွေဝေနေပြီးနောက် သဘောတူလိုက်လေသည်။
ကျန်းယိတွင် ယခင်က ပိုက်ဆံသိပ်မရှိသော်လည်း ယခုမူ သူ၏ငွေကြေးအခြေအနေက ပိုကောင်းလာပြီဖြစ်လေရာ ဤနှစ်တွင် သူ့ညီမလေးအတွက် အကောင်းဆုံးလက်ဆောင်ကို သူပေးချင်လေသည်။
နောက်တစ်နေ့နေ့လယ်ခင်းတွင် ကျိုးဟောင်မှာ ချိန်းဆိုထားသော သယ့်ရန်အိမ်တော်ကို တန်းသွားလေသည်။
သူရောက်သွားသည့်အချိန်တွင် သူတို့အတန်းထဲရှိအခြားကျောင်းသားများပါရှိနေသည်ကို သိလိုက်ရသည်။ ယွမ်ချန်း ယွင်ယန်နှင့် အခြားယန်ကျင်းမှပါရမီရှင်များတောင် ရှိနေလေသည်။
ဤကိစ္စမှာ ရှုလင်စီစဉ်ထားခြင်းဖြစ်ကြောင်း ပြောနေစရာတောင်မလိုပေ။
သူအလျင်အမြန်ပင် ရှုလင်အရှေ့သို့လျှောက်သွားပြီး ခပ်တိုးတိုးမေးလိုက်လေသည်။
"ရှုလင် နင်ဘာလို့လူတွေဒီလောက်အများကြီး ဖိတ်ထားတာလဲ"
ရှုလင်မှာ ကျိုးဟောင်အားရှင်းပြလိုက်သည်။
"ကျန်းယိမနေ့ကငါ့ကိုပြောတာ သူ့ညီမလေးက ငယ်ငယ်ကတည်းက သူ့ကိုယ်သူသိမ်ငယ်နေတာတဲ့ အဲဒါကြောင့်ကျောင်းမှာသူငယ်ချင်းတောင်မရှိဘူးပြောတယ်။ အဲဒါကြောင့် သူကဒီတစ်ခေါက် ငါ့ကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းအောင်စီစဉ်ခိုင်းထားတာ"
"ငါစဉ်းစားနေတာ ငါတို့အရင်ကလည်းတစ်ခါမှ စုဝေးပွဲမျိုးမလုပ်ဖူးဘူးဆိုတော့ ဒီအခွင့်အရေးကိုအသုံးချပြီး အားလုံးကိုဖိတ်လိုက်တာ"
ကျိုးဟောင်မှာ သဘောပေါက်သွားပြီးနောက် ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
"ယွမ်ချန်းနဲ့တခြားလူတွေကရော တကယ်ကြီးနင်ဖိတ်တာကို လက်ခံကြတယ်လား"
ရှုလင်မှာပြုံးပြီးပြန်ပြောလိုက်သည်။
"ယွမ်ချန်းနဲ့ယွင်ယန်က အတော်လေးပြောလို့ဆိုလို့ကောင်းတယ်။ ဖန်းယွီ လိန်ကျင်းဖုန်းနဲ့တခြားနှစ်ယောက်ကတော့ ယွမ်ချန်းဖျောင်းဖျပြီးခေါ်လာတာနေမှာပေါ့"
ကျိုးဟောင်မှာ သိမ်းသွင်းခံလိုက်ရလေသည်။ ရှုလင်သည် တိုက်ခိုက်ရေးစွမ်းရည်နှင့်ပတ်သက်ပြီး ပါရမီသိပ်မပါသော်လည်း လူများနှင့်ဆက်ဆံသည့်နေရာတွင်တော့ သူမအဖေ၏အမွေအားဆက်ခံထားပေသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူမသည်ယွမ်ချန်း၊ ယွင်ယန်တို့နှင့် ရင်းနှီးအောင်လုပ်နိုင်ပေသည်။
သေချာပေါက် သူ မသိသည့်ကိစ္စမှာတော့ ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများရောက်လာဖို့ တကယ်တမ်းတာဝန်ယူခဲ့သည့်လူမှာ နည်းပြရှန်းဆိုတာကိုပင်။
အချိန်ကျော်သွားသော်လည်း ကျန်းယိနှင့် သူ့ညီမလေးမှာရောက်မလာသေးပေ။
မူလကဆူညံနေသော ခန်းမကျယ်ကြီးမှာ တဖြည်းဖြည်း ဂနာမငြိမ်ဖြစ်လာလေသည်။
မည်သို့ပင်ဖြစ်စေ ဤကျောင်းသားများမှာ ရှုလင်ဖိတ်လို့သာလာရောက်ကြခြင်းဖြစ်သည်။
"ရှုလင် ကျန်းယိရော သူဘာလို့ခုထိမရောက်လာသေးတာလဲ"
"ငါတို့ဒီကို သူ့ညီမမွေးနေ့ပွဲအတွက်လာတာမဟုတ်ဘူးလား သူကဘာလို့စောစောမလာတာလဲ"
"ဟုတ်တယ် နေ့လယ် ၁ နာရီတောင်ထိုးတော့မယ် ငါတို့နေ့လယ်ကျအတန်းရှိသေးတယ်"
ကျောင်းသားအများစုမှာ မြည်တွန်တောက်တီးလာကြလေသည်။
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားယန်ကျင်းမှပါရမီရှင်များမှာ ဘာမှမပြောပေ။
ဖန်းယွီမှာ အခွင့်အရေးကိုအမိအရသုံးကာ သရော်လိုက်လေသည်။
"ဒီလောက်လေးကိုတောင် သည်းမခံနိုင်ရင် နောက်ကိုအများကြီးအောင်မြင်နိုင်မှာမဟုတ်ဘူး"
လိန်ကျင်းဖုန် ကလည်း ဝင်ပြောလာလေသည်။
"အစ်မဖန်းပြောတာအမှန်ပဲ တောနက်ထဲကမျိုးနွယ်ခြားတွေနဲ့တိုက်ပွဲမှာဆို စိတ်ရှည်မှုကအရေးအကြီးဆုံးပဲ ငါတို့စောင့်တာဘယ်လောက်မှတောင်မရှိသေးဘူး မင်းတို့တွေကစိတ်မရှည်ဖြစ်နေကြပြီ။ ချူမြို့အထက်တန်းကျောင်းလူတွေလို့မပြောရဘူး"
အခြားကျောင်းသားများမှာ ယခင်ကတည်းက ဖန်းယွီနှင့်လိန်ကျင်းဖုန်းကို သဘောမကျကြပေ။
ပြီးခဲ့သောရက်ပိုင်းက ပုံရိပ်ယောင်တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်မှုအတွင်း သူတို့ ၂ယောက်မှာ မကြာခဏအမှားရှာပြီး မဆုံးနိုင်အောင်လှောင်ပြောင်နေကြခြင်းပေ။ ကြည့်ရသည်မှာ ပြီးခဲ့သည့်တစ်ခေါက်က ရှုလင်နှင့်ကျိုးဟောင်အားရှုံးခဲ့သည့်အရှက်ကွဲမှုကို သူတို့အပေါ်ပုံချချင်နေသည့်ပုံပင်။
ယခု ဖန်းယွီနှင့်လိန်ကျင်းဖုန်း၏စကားအားကြားလိုက်ရသောအခါ သူတို့သည်ချက်ချင်းပင်ပေါက်ကွဲကာ ဆူညံလာလေသည်။
"ငါတို့ချူမြို့အထက်တန်းကျောင်းက ရှုလင်ကိုတောင် မကျော်နိုင်သေးတဲ့အချိန်မှာ အဲဒီစိတ်ရှည်မှုဆိုတာက ဘာအသုံးဝင်လို့လဲ"
"ဟဟ သူတို့က အဲဒီယန်ကျင်းလေ့ကျင့်ရေးစခန်းလို့ခေါ်တဲ့နေရာကလာတာမဟုတ်ဘူးလား။ ငါ့အမြင်တော့ သူတို့ကယန်ကျင်းလေ့ကျင့်ရေးစခန်းမှာ အောက်ဆုံးအဆင့်မှာရှိတဲ့ အမှိုက်တွေပဲဖြစ်မယ်"
"ဟုတ်ပ တကယ်လို့သူတို့သာတကယ့်ပါရမီရှင်တွေဆိုရင် နည်းပြရှန်းက သူတို့ကိုဘာလို့ ဒီပြောင်းလာခိုင်းမှာလဲ"
ကျောင်းသားများမှာ စိတ်ဆိုးစွာဖြင့် အော်ဟစ်နေကြလေသည်။
ဖန်းယွီနှင့်လိန်ကျင်းဖုန်မှာ ဟွာတုန်းမြို့ကိုအပြောင်းခံလိုက်ရသည့်ကိစ္စနှင့်ပတ်သက်ပြီး ယခင်ကတည်းကသဘောမကျလေရာ ထိုစကားအားကြားလိုက်ရသောအခါ ချက်ချင်းပင်ဒေါသအကြီးအကျယ်ထွက်လာလေသည်။
"ငါတို့ကအမှိုက်တွေလား ။ ဟာသပဲ လာခဲ့လိုက် ငါ့လက်တောင်မသုံးပဲ မင်းတို့ကိုတိုက်ပြမယ်"
"နင်တို့လို အဖြစ်မရှိတဲ့ဟာတွေက ငါတို့နဲ့စကားပြောနိုင်တာကိုပဲဂုဏ်ယူရမှာ ဘာပဲဖြစ်ဖြစ် နင်တို့က မိစ္ဆာစစ်သည်လေးတစ်ကောင်တောင်မှပဲ မကိုင်တွယ်နိုင်တဲ့ဟာတွေကို"
"ဘယ်လိုဇာတ်လမ်းဆင်ရမလဲပဲသိတဲ့ အမှိုက်တစ်စု"
အခြားကျောင်းသားများမှာ သူတို့နဲ့အပပြိုင်ထပ်အော်ပြောလာလေသည်။
"ဟုတ်တယ် ငါတို့ကမင်းတို့ကိုမနိုင်ဘူး ဒါပေမဲ့ငါတို့ကျောင်းက ပါရမီရှင်ကတော့ မင်းတို့ကိုလက်တစ်ချောင်းနဲ့တောင် အသာလေးအနိုင်ယူလို့ရတယ်"
"ဟုတ်တယ် ငါတို့ချူမြို့အထက်တန်းကျောင်းကို အထင်မသေးနဲ့။ မင်းတို့အဲဒီပါရမီရှင်ရဲ့အစွမ်းကိုမြင်ရရင် မင်းတို့ထင်နေသလောက် မင်းတို့ကကြီးမြတ်မနေဘူးဆိုတာ သိသွားလိမ့်မယ်"
"ငါတို့ချူမြို့အထက်တန်းကျောင်းက ပါရမီရှင်ရဲ့မျက်လုံးထဲမှာ မင်းတို့ကမိစ္ဆာစစ်သည်တွေလောက်တောင် အဆင့်မရှိဘူး"
ခန်းမကျယ်ကြီးမှာ ချက်ချင်းပင်ဆူညံသံများနှင့်ပြည့်လာပြီး တိုက်ခိုက်တော့မည့်အရိပ်အယောင်များပင်ပေါ်လာတော့သည်။
ရှုလင်မှာခေါင်းကိုက်လာသလိုပင်ခံစားလာရသည်။ သူမအလျင်အမြန်ပင်ကြားမှဝင်တားသော်လည်းအသုံးမဝင်ပေ။
ကျိုးဟောင်မှာလည်း ဘာလုပ်ရမှန်းမသိပေ။ ဤအဖွဲ့နှစ်ခုမှာဆုံလိုက်သည်နှင့် မနားတမ်းရန်ဖြစ်နေကြခြင်းပေ။
"ဟဟ ထပ်ပြီးဇာတ်လမ်းတွေထွင်နေပြန်ပြီ"
"အဆင့်မြင့်မိစ္ဆာစစ်သူကြီး ၃ကောင်ကို သတ်ခဲ့တယ်ဆိုတဲ့ အဲဒီပါရမီရှင်ဘယ်မှာလဲ သူ့ကိုထွက်လာခိုင်းပြီး အစွမ်းပြခိုင်းလိုက်လေ"
"ဇာတ်လမ်းထွင်ပြီးပြောတဲ့နေရာမှာတော့ ငါတို့ကတကယ်ကို ချူမြို့အထက်တန်းကျောင်းကကျောင်းသားတွေကို မှီဖို့အဝေးကြီးလိုသေးတယ်"
လိန်ကျင်ဖုန်မှာ ရူးသွပ်စွာရယ်မောနေပြီး ဖန်းယွီမှာအထင်သေးသလိုကြည့်နေလေသည်။
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ ခေါင်းသာတိတ်တဆိတ်ယမ်းမိကြသည်။
ချူမြို့အထက်တန်းကျောင်းရှိကျောင်းသားများမှာ ထိုပါရမီရှင်အကြောင်းမကြာခဏပြောသည်ကို သူတို့ကြားနေရသည်ဖြစ်သော်လည်း ဤကျောင်းပြောင်း ကျောင်းသား ၅ယောက်မဆိုထားနှင့် ယန်ကျင်လေ့ကျင့်ရေးအခြေစိုက်စခန်း၏ နည်းပြချုပ်ပင် ထိုအကြောင်းအရာအားမယုံပေ။
"ကျိုးဟောင် ကျန်းယိဆီမြန်မြန်ဖုန်းဆက်လိုက်"
ရှုလင်မှာ ကျိုးဟောင်အားလောလိုက်သည်။
ကျိုးဟောင်မှာ တကယ်တမ်း ကျန်းယိအားဖုန်းခေါ်ထားသည် ကြာလှပြီဖြစ်သည်။ သို့သော်တစ်ဖက်က ဖုန်းမကိုင်ပေ။
သူလက်ဖြန့်ပြီးတစ်ခုခုပြောတော့မည့်အချိန်မှာပင် ပူပန်နေသောအသွင်နှင့် ကျန်းယိမှာ အခန်းတံခါးဝတွင်ပေါ်လာသည်ကိုတွေ့လိုက်ရလေသည်။
အခန်းထဲရှိအခြားကျောင်းသားများမှာလည်း ရန်ဖြစ်နေကြခြင်းမှရပ်သွားလေသည်။
ကျန်းယိမှာ ပြိုလဲလုနီးပါးပုံစံဖြစ်နေမှန်းကြည့်လိုက်ရုံဖြင့် သိသာလေသည်။
....................................................................................
အခန်း (၇၁) ပြီးပါပြီ။
အခန်း (၇၂) : တစ်ယောက်ယောက်ကတော့လိမ်နေပြီ
"ကျန်းယိ ဘာဖြစ်လို့လဲ"
ကျိုးဟောင်မှာ လက်ထဲတွင်ကိတ်တစ်လုံးကိုင်ထားပြီး မျက်လုံးများနီရဲနေသော ကျန်းယိဆီပြေးသွားပြီး မေးလိုက်သည်။
ကျန်းယိမှာ သူ့ရင်ထဲရှိပူပင်မှုကိုမျိုသိပ်ပြီးအံကြိတ်ကာပြန်ဖြေလာသည်။
"ငါ ငါ့ညီမလေး ပျောက်သွားတယ်"
"ပျောက်သွားတယ် ဟုတ်လား"
ကျိုးဟောင်မှာ မှင်တက်သွားလေသည်။
အခြားကျောင်းသားများမှာလည်း ပဟေဠိဖြစ်သွားကြသည်။
ထိုအခိုက် ရှုလင်မှာအနားကိုလျှောက်လုပြီး နှစ်သိမ့်လေသည်။
"ကျန်းယိ စိတ်မပူနဲ့ နင့်ညီမလေးကကျောင်းမှာရှိနေသေးတာ ဒါမှမဟုတ် တစ်နေရာရာသွားတာဖြစ်မှာပေါ့"
ကျန်းယိမှာခေါင်းကိုလေးပင်စွာခါလိုက်သည်။
"မဟုတ်ဘူး လုံးဝမဟုတ်ဘူး ငါ့ညီမလေးမှာ ဘာသူငယ်ချင်းမှမရှိဘူး။ ကျောင်းကလွဲရင်သူအိမ်မှာပဲနေတာ ငါနေရာအနှံ့ရှာပြီးပြီ"
"ဒါဆို ဒီနေ့သယ့်ရန်စားသောက်ဆိုင်မှာ မွေးနေ့ပွဲလုပ်မဲ့အကြောင်း နင့်ညီမလေးကိုပြောခဲ့သေးလား"
ရှုလင်က ထပ်မေးလိုက်လေသည်။
"မပြောခဲ့ဘူး ငါ့ညီမလေးကိုအံ့ဩသွားအောင်လို့ ငါမပြောပြထားဘူး။ ဒါပေမဲ့ ဒီနေ့နေ့လယ်ကျောင်းမှာ ငါ့ကိုစောင့်နေဖို့တော့ ပြောထားတယ်"
"ငါ့ညီမလေးကအရမ်းစကားနားထောင်တာ ဒါပေမဲ့ငါကျောင်းကိုသွားခဲ့ပြီးပြီသူ့ကိုမတွေ့ဘူး အိမ်ပြန်သွားတော့လည်း အိမ်မှာသူ့ကိုမတွေ့ဘူး"
ကျန်းယိမှာ စိတ်ပူစွာဖြင့်ပြောလိုက်သည်။
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများလည်း သူတို့နားကိုလျှောက်လာကြသည်။ သူတို့ကြားထဲမှ ယွင်ယန်မှာတည်ငြိမ်စွာဖြင့်မေးလိုက်သည်။
"ကျန်းယိ နင့်ညီမလေးတစ်ခုခုဖြစ်နေပြီလို့ နင်ထင်လို့လား မဟုတ်ရင် နင်သူ့ကိုရှာမတွေ့ရင်တောင် ဒီလိုပုံစံတော့ဖြစ်နေမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား"
သူ့စကားဆုံးသည်နှင့် ကျိုးဟောင်၊ ရှုလင်အပါအဝင် အခြားသူများမှာလှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
အမှန်ပေ။
ကျန်းယိမှာ ပုံမှန်ဆိုလျှင်တည်ငြိမ်သူဖြစ်ပြီး သူ့ခံစားချက်အားထုတ်ပြခဲသည်။ အကြောင်းပြချက်မရှိပါက သူဒီလိုလုပ်မည်မဟုတ်ပေ။
ဝှစ်! ဝှစ်! ဝှစ်!
ကျောင်းသားအများစုမှာ ကျန်းယိအားကြည့်နေကြလေသည်။
ကျန်းယိမှာချက်ချင်းပင်ထငိုလေတော့သည်။
"ဟုတ်တယ် ငါ့အထင်သူတစ်ခုခုဖြစ်နေပြီထင်တယ် ငါအရင်ကကိစ္စနဲ့ပတ်သက်ပြီးစိတ်ပူခဲ့ရတာ ဒါပေမဲ့ဒီလိုထပ်ဖြစ်လာမယ်လို့ မထင်ထားဘူး"
ကျိုးဟောင်မှာလေးလေးနက်နက် ထမေးလိုက်လေသည်။
"ကျန်းယိ စိတ်အေးအေးထား ဘာဖြစ်တာလဲ ဒီမှာငါတို့လူတွေအများကြီးရှိနေတာပဲ ငါတို့ကျိန်းသေပေါက် မင်းညီမလေးကို ကူညီနိုင်မှာပါ"
"ဟုတ်တယ် ဟုတ်တယ် ကျန်းယိ စိတ်မပူနဲ့"
"ဟုတ်တယ် ဒီမှာငါတို့လူတွေဒီလောက်များတာ"
"အားလုံးက အတန်းဖော်တွေပဲ ဘာမဆိုအတူဖြေရှင်းလို့ရတာပဲ"
ကျောင်းသားအားလုံးမှာ ကျန်းယိအားနှစ်သိမ့်နေကြလေသည်။
ကျန်းယိမှာမျက်ရည်မကျအောင်ထိန်းနေသော်လည်းမရပေ။
"အားလုံးငါ့ကြောင့်ပါ ငါမကောင်းလို့ဖြစ်တာ အရင်က သွေးအနှစ်သာရဆေးလုံးဝယ်ဖို့ ငါ့ညီမလေးကိုခေါ်သွားတာ လမ်းမှာလူတစ်ယောက်နဲ့တိုက်မိခဲ့တယ် ။ သူပြောတာငါ့ညီမရဲ့အခြေခံအုတ်မြစ်ကကောင်းတာမလို့ သူ့ကိုလေ့ကျင့်ပေးဖို့တစ်နေရာကိုခေါ်သွားချင်တယ်တဲ့ ဒါပေမဲ့ငါငြင်းခဲ့တယ်"
"အဲဒါပြီးတော့ အဲဒီလူကငါ့ညီမလေးအခြေအနေကိုနည်းမျိုးစုံနဲ့ပတ်မေးတယ် ငါတို့အိမ်အထိတောင်ရောက်လာတာ အဲဒီအချိန်တုန်းက တစ်ခုခုမှားနေတယ်ဆိုတာကို ငါသတိထားမိပေမဲ့ ပိုက်ဆံစုချင်တာမလို့ သူမလာတော့လောက်ဘူးထင်ပြီး အိမ်မပြောင်းခဲ့ဘူး"
ယွင်ယန်မှာချက်ချင်းပင် ထပြောလိုက်သည်။
"မင်းပြောချင်တာ အဲဒီလူကမင်းညီမလေးကိုခေါ်သွားတယ်လို့လား"
"ဟုတ်တယ် သူမဟုတ်ရင် ငါ့ညီမလေးကအကြောင်းအရင်းမရှိပျောက်သွားမှာမဟုတ်ဘူး"
ကျန်းယိမှာ အံကြိတ်လိုက်မိသည်။
"မင်း အဲဒီလူရဲ့ပုံစံကိုမှတ်မိသေးလား သူနဲ့ပတ်သက်ပြီးတခြားဟာသိသေးလား"
ယွင်ယန်မှမေးလိုက်သည်။
ကျန်းယိမှာငိုပြီး ခေါင်းခါပြလိုက်သည်။
"သူနဲ့ပတ်သက်ပြီး ငါဘာမှမသိဘူး အားလုံးငါ့အမှားပါ ငါပေါ့လျော့မိတာ"
ကျိုးဟောင်မှာထပ်မေးလိုက်သည်။
"ကျန်းယိ မင်းညီမလေးဒီမနက်အထိ ကျောင်းမှာရှိသေးလား"
"ရှိတယ်"
"တစ်နည်းပြောရရင် သူနေ့လယ်မှခေါ်သွားခံရတာပေါ့ မင်းသူ့အတန်းဖော်တွေကို မေးပြီးပြီလား"
"မေးပြီးပြီ သူတို့ပြောတာတော့ ငါ့ညီမလေးကသန့်စင်ခန်းကိုထွက်သွားတယ်တဲ့ အဲဒီကတည်းက သူ့ကိုမတွေ့တော့တာတဲ့"
ထိုစကားအားကြားပြီးနောက် ရှုလင်မှာချက်ချင်းထပြောလိုက်သည်။
"ကျန်းယိ ငါတို့အားလုံးနင့်ညီမလေးကျောင်းကိုသွားပြီး ထပ်စစ်ဆေးကြည့်ရအောင်"
အခြားကျောင်းသားများမှာလည်း ခေါင်းညိတ်လိုက်ကြသည်။
ကျန်းယိမှာအသိစိတ်ဝင်လာပြီး အလျင်အမြန်ပင် ရှုလင်နှင့်အခြားလူများအား သူ့ညီမလေး၏ကျောင်းသို့ခေါ်သွားလေသည်။
ကျန်းယင်း၏ကျောင်းသို့ရောက်သောအခါ ရှုလင်မှာ သူမအဖေကိုဖုန်းဆက်ပြီး ဆရာဆရာမအချို့အားအကြောင်းကြားခိုင်းလိုက်လေသည်။ ကျောင်း၏ပူးပေါင်းပေးမှုဖြင့် သူမအတန်းတိုင်းရှိကျောင်းသားများအား ဒုတိယအကြိမ်လိုက်လံမေးမြန်းလေသည်။
သို့သော် သူတို့ရလာသောအဖြေမှာ ကျန်းယင်း၏အတန်းဖော်များ ကျန်းယိအားပြောသည့်စကားနှင့်တစ်ထပ်တည်းနီးပါးကျနေပေသည်။
ထို့နောက် သူတို့နောက်တစ်ကြိမ် တစ်ကျောင်းလုံးအနှံ့ပတ်ရှာကြသည်။သို့သော်လည်း ကျန်းယင်းနှင့်ပတ်သက်သော မည်သည့်သဲလွန်စကိုမှမတွေ့ရပေ။
"ကျန်းယင်းရဲ့အတန်းက ကျောင်းသားတစ်ချို့ကတော့ လိမ်နေတာဖြစ်ရမယ်"
တစ်ဖွဲ့လုံးဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် ယွင်ယန်မှတည်ငြိမ်စွာပြောလိုက်သည်။
ကျိုးဟောင်၊ ရှုလင်နှင့် အခြားသူများမှာ ယွင်ယန်အားကြည့်နေကြလေသည်။
ယွင်ယန်မှာခပ်ဖြေးဖြေးပြောပြလာသည်။
"အရမ်းရိုးရှင်းတယ်လေ ငါတို့အခုတင်ကျောင်းရဲ့စာသင်ခန်းနဲ့ သန့်စင်ခန်းတွေကို စစ်ဆေးတုန်းက ကျန်းယင်းရဲ့အတန်းက စာသင်ခန်းနဲ့သိပ်မဝေးတာကို ငါသတိထားမိခဲ့တယ်။ တကယ်လို့ကျန်းယင်းသာ တကယ်ကြီးသန့်စင်ခန်းကနေခေါ်သွားခံရရင် သူ့ကိုတစ်ယောက်မှမမြင်လိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူး"
ယွမ်ချန်းမှာခေါင်းအသာယမ်းရင်းဝင်ပြောလာသည်။
"အတိအကျကြီးတော့မဟုတ်ဘူး။ တကယ်လို့ အဲဒီလူကသာ ဆရာသခင်အဆင့်ပညာရှင်ဆို ကျန်းယင်းရဲ့အတန်းထဲကလူတွေ သတိထားမိမှာမဟုတ်ဘူး"
ယွင်ယန်မှာပြုံးပြီးပြန်ပြောလိုက်သည်။
"ကျန်းယိပြောသလို အဲဒီလူကသေချာစုံစမ်းပြီး သူတို့နေရာကိုတောင်ရောက်လာဖူးတယ်တဲ့ တကယ်လို့တဖက်လူကသာသန်မာတယ်ဆိုရင် သူဒီလိုလုပ်စရာမလိုဘူးလေ"
အခြားကျောင်းသားများမှာလည်း ယွင်ယန်၏စကားမှာ အဓိပ္ပာယ်ရှိသလိုခံစားလိုက်ရလေသည်။
ကျိုးဟောင်မှာယွင်ယန့်ကိုကြည့်ပြီးမေးလိုက်သည်။
"ပြောချင်တာက ဘယ်သူလိမ်နေမှန်း မင်းသိတယ်ပေါ့"
.................................................................................
အခန်း (၇၂) ပြီးပါပြီ။