← Chapters

အခန်း ၇၉-၈၁

Vol. 6 Ch. 79-51

အခန်း ၇၉-၈၁

Vol. 6 Ch. 79-51

အခန်း (၇၉) : ပါရမီရှင်ဘယ်မှာလဲ

ထိုအခိုက်အတန့်တွင် လူနေအိမ်ရာတခုလုံး ပြင်းထန်စွာတုန်ခါလာခဲ့လေသည်။

"အမြန် ဒီနေရာက ထွက်သွားကြတော့။ အမှောင်နတ်ဘုရားအဖွဲ့ရဲ့ အလိုအလျောက်ဖျက်ဆီးရေး စနစ် အသက်ဝင်လာပြီ"

ကျန်းဟုန် ကအလျင်အမြန်သတိပေးလိုက်‌သည်။

သူ့စကားမဆုံးခင်မှာပဲ လူနေအိမ်အဆောက်အအုံများပြိုကျလာခဲ့ပြီး မြေပြင်မှာလည်း ပေါက်ကွဲသံများထွက်‌ပေါ်လာခဲ့သည်။

ကျောင်းသားများသည် ပေါက်ကွဲမှုနှင့် ဆန့်ကျင်ဘက်သို့ အသက်လုပြေးနေကြသော်လည်း အသွင်အပြင်တခုသည် ‌ပေါက်ကွဲနေသည့်ဆီသို့ ဦးတည်ပြေးသွားလေသည်။

"မင်း ရူးနေပြီလား အမြန်ပြန်လာခဲ့စမ်း"

ရှန်းကျင့်က စိုးရိမ်တကြီးအော်ဟစ်သတိပေးလိုက်သည်။

"အဲ့နေရာမှာ သတိမေ့နေတဲ့ အတန်းဖော် ၂ယောက်ရှိသေးတယ်"

ကျိုးဟောင်က လှည့်မကြည့်ဘဲ အသံအက်အက်ဖြင့်ပြန်ပြောလိုက်သည်။

အုန်း အုန်း အုန်း.....

ပေါက်ကွဲသံများနှင့်အတူ အဆောက်အအုံများ တခုပြီးတခု ပြိုကျပျက်စီးသွားလေသည်။

ရှန်းကျင့်က မီးခိုများကြားထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပြေး၀င်သွားသော ပုံရိပ်ကိုစိုးရိမ်တကြီးကြည့်နေမိသည်။

ဝှစ် ဝှစ်

ရုတ်တရက် အရာ၀တ္ထု၂ခုသည် မြှားကဲ့သို့ ပျံထွက်လာခဲ့သည်။ ထိုအချိန်တွင်လည်းအသံအက်အက်ဖြင့်

"ငါ့အတွက် စိတ်မပူပါနဲ့ "

ဟူသော ပြောစကားကိုကျန်းရှင့်ကြားလိုက်ရသည်။

ရှန်းကျင့်မှာ ခုနကပျံထွက်လာသော အရာ၂ခုကိုပြေးကြည့်လိုက်သောအခါ ထိုအရာနှစ်ခုမှာ ကျန်းယိနှင့်ကျိုးဟောင်ဖြစ်နေလေသည်။

ရှန်းကျင့်လည်း သူတို့နှစ်ယောက်ကို ပွေ့ကာ ပေါက်ကွဲနေသော လူနေအိမ်ရာဘက်သို့ တချက်ကြည့်လိုက်ပြီး အံကိုတင်းကာ လွတ်‌ရာသို့ ပြေးထွက်လာခဲ့လေသည်။

ဘမ်း ......

ဆယ်စက္ကန့်လောက်အကြာတွင် ထိုလူနေအိမ်ရာတခုလုံး ပေါက်ကွဲပျက်စီးသွားလေသည်။

"ပါရမီရှင်ဘယ်မှာလဲ"

ဟဲ့ပျောင်း ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များသည် ရှန်းကျင့်နားသို့ပြေးလာပြီးမေးကြလေသည်။

"ငါမသိဘူး"

ရှန်းကျင့်က ခေါင်းခါပြလိုက်သည်။

"မင်းမသိဘူးဆိုတာ ဘာအဓိပ္ပါယ်လဲကွ"

ဟဲ့ပျောင်းက စိတ်ဆိုးပြီးပြောလိုက်သည်။

အမှောင်နတ်ဘုရားအဖွဲ့၏မဟာဆရာသခင်ကို သတ်နိုင်ခဲ့ပြီး မျှော်လင့်ချက်အလားအလာအများကြီးရှိသော ပါရမီရှင်မှာ ယခုဆို ရှင်သလား သေသလားတောင် မသိကြတော့ပေ။

ကျန်းဟုန် နှင့် အခြား မဟာဆရာသခင်များကလည်း ရှန်းကျင့်ကို စိုက်ကြည့်နေခဲ့သည်။

ရှန်းကျင့်မှာ မေ့မြောနေသော ကျိုးဟောင်နှင့်ကျန်းယိတို့ဘေးတွင် စိတ်အားငယ်စွာထိုင်နေခဲ့သည်။

" သူက အမြန်ပြေး၀င်သွားပြီး ဒီကျောင်းသားနှစ်ယောက်ကိုကယ်ထုတ်လာခဲ့တာ။ ပြီးတော့ ငါတို့ သူ့ကို စိတ်မပူဖို့လည်း ပြောသေးတယ်။ အခြေအနေကလည်း အရေးပေါ်ဖြစ်နေတာကြောင့် ငါလည်း အများကြီးမတွေးနိုင်တော့ဘဲ ဒီကျောင်းသားနှစ်ယောက်ကိုသာ ကယ်ထုတ်လာခဲ့ရတယ်"

ရှန်းကျင့်မှ ရှင်းပြနေခဲ့သည်။

"ရှန်းလောင် မင်း အရမ်းမှားတဲ့ ဆုံးဖြတ်ချက်တခုကိုချလိုက်တာပဲကွ"

ဟဲ့ပျောင်းက စိတ်ဆိုးစွာဖြင့်သက်ပြင်းချလိုက်သည်။

"တကယ်လို့ ဒီလိုအရည်အချင်းနဲ့ အလားအလာအများကြီးရှိတဲ့ပါရမီရှင်သာသေသွားခဲ့ရင် ဖြစ်လာမည့် အကျိုးဆက်တွေအတွက် မင်းတာ၀န်ယူနိုင်လား ရှန်းကျင့်...."

ကျန်းဟုန်က ဒေါသတကြီးပြောနေလေသည်။

"ငါ..ငါ နားလည်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းသားနှစ်ယောက်ရဲ့ အသက်အတွက်ငါတုံ့ဆိုင်းနေလို့မရဘူး"

ရှန်းကျင့်က အံကြိတ်ပြီးပြောလေသည်။အခြားမဟာဆရာသခင်များလည်း သက်ပြင်းချရုံပဲတတ်နိုင်ကြသည်။

ထိုအချိန်တွင် စစ်သေနာပတိချုပ်ကျောက်မှာ အလောတကြီးရောက်ရှိလာခဲ့ပြီး အကြောင်းစုံကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်ပြီးရှေ့သို့ထွက်လာခဲ့သည်။

"အားလုံးတော်ကြတော့။ ရှန်းကျင့်ကို အရမ်းအပြစ်တင်မနေကြပါနဲ့။ အဲ့လိုအခြေအနေမျိုးမှာဆိုရင် ငါလည်းခုလိုပဲ ပြုမူမိမှာပဲ"

"ဒါ့အပြင် ပါရမီရှင် က ပေါက်ကွဲနေသည့် နေရာကိုသွားပြီး တစုံတယောက်ကို ကယ်ရဲတယ်ဆိုထဲက သူ့မှာ ပြန်ထွက်လာနိုင်တဲ့ ယုံကြည်မှုမျိုးရှိလို့ပဲ။ ပြီးတော့သူ့မှာ အလွန်အားကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိတာမမေ့ကြနဲ့"

စစ်သေနာပတိချုပ်ကျောက် က အားလုံးကို ဖျန်ဖြေပေးခဲ့သည်။

"ပါရမီရှင် အသက်ရှင်နေဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ရှန်းကျင့် မင်းက လူသားမျိုးနွယ်အတွက် အပြစ်လုပ်မိတဲ့ကောင်ပဲ"

ကျန်းဟုန် ဟဲ့ပျောင်း နှင့် အခြားမဟာဆရာသခင်များက ရှန်းကျင့်ကို မနှစ်မြို့ဟန်ဖြင့် ပြောဆိုနေလေသည်။

အနားတွင်ရှိနေသော ကျောင်းသားများမှာလည်း တိတ်ဆိတ်နေခဲ့လေသည်။

" အဲ့ပါရမီရှင် အသက်ရှင်နေလိမ့်မယ်လို့ ငါယုံကြည်တယ်"

ရှုလင်က ရုတ်တရက်ထပြောလေသည်။

"ငါရောပဲ"

"သူက လွယ်လွယ်နဲ့မသေနိုင်ပါဘူး"

"ဟုတ်တယ် အဲ့ပါရမီရှင်က ငါတို့ ချူမြို့အထက်တန်းကျောင်းကို ကာကွယ်ပေးနေတဲ့တမန်တော်ပဲ သူက လွယ်လွယ်နဲ့မသေနိုင်ပါဘူး"

ချူမြို့အထက်တန်းကျောင်း၏လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများ တယောက်ပြီးတယောက်ထပြောကြလေသည်။

စစ်သေနာပတိချုပ် ကျောက်က ခေါင်းညိတ်ပြလိုက်ပြီး ပျက်စီးသွားသော ‌လူနေအိမ်ရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါ အမှောင်နတ်ဘုရားအဖွဲ့ရဲ့ အခြေစိုက်စခန်းပဲ။ ငါတို့ ၀င်ရောက်ပြီးရှာဖွေကြမယ်။ ငါတို့တခုခုတော့ရှာတွေ့မှာပါ"

စစ်‌သေနာပတိချုပ်ကျောက်ပြောလိုက်သည်။

ညနေပိုင်းတွင်.....

ချုမြို့အထက်တန်းကျောင်း၏ဆေးခန်းအတွင်း၌

ကျိုးဟောင်နှင့် ကျန်းယိတို့သည် ဆူညံသံများကြောင့် နှိုးလာကြသည်။

" ဟမ် ငါ‌တို့ကျောင်းရဲ့ ပါရမီရှင်က အဆင်မြင့်နတ်ဆိုး စစ်သူကြီးတွေကို သတ်ခဲ့တာပါလို့ ငါအရင်ထဲကပြောခဲ့ပါတယ်။ အဲ့တုန်း‌ကမင်းတို့ မယုံခဲ့ဘူးလေ ခုတော့ မင်းတို့ မျက်လုံးနဲ့ ကိုယ်တိုင်တွေ့လိုက်ရတော့ယုံပြီမှတ်လား"

"ဟုတ်တယ် ပါရမီရှင်က အမှောင်နတ်ဘုရားများရဲ့ အခြေစိုက်စခန်းကို တယောက်ထဲရှင်းလင်းပြီးသူတို့ရဲ့ မဟာဆရာသခင်အဆင့် တယောက်ကို သတ်နိုင်ခဲ့တာကွ။ မင်းတို့ယန်ကျင်းလေ့ကျင့်‌ရေးစခန်းက ပါရမီတွေ ဒီလိုမျိုး လုပ်နိုင်လို့လား"

"ငါတို့ကျောင်းရဲ့ ပါရမီရှင်က အမြဲသိုသိုဝှက်ဝှက်ပဲနေတာ။ အကြီးအကျယ်ကပ်ဘေးနဲ့ကြုံလာချိန်မှ ထွက်ပြီး ကယ်တင်ပေးခဲ့တာ။ မင်းတို့ သူ့ကိုအတုယူသင့်တယ်"

ချူမြို့အထက်တန်းကျောင်း၏လေ့ကျင့်ရေးအတန်းမှကျောင်းသားများမှာ ဂုဏ်ယူပြီး တက်ကြွနေကြလေသည်။

ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြား ယန်ကျင်းကျောင်းသားများမှာ သုံးလေး နာရီလောက်ခေါင်းမဖော်နိုင်ကြပေ။ အဓိကတော့ သူတို့အားလုံး ထိတ်လန့်နေကြသေးသောကြောင့်ဖြစ်လေသည်။

ရှုလင်သည် ကျိုးဟောင်နှင့် ကျန်းယိလှုပ်ရှားလာသည်ကို မြင်လိုက်သောအခါ

"ရန်ဖြစ်မနေကြနဲ့တော့။ ကျိူးဟောင်နဲ့ ကျန်းယိ တို့ နိုးလာကြပြီ" လို့ပြောလိုက်လေသည်။

ကျောင်းသားအားလုံးလည်း သူတို့အနားတို့ဝိုင်းလာကြသည်။

"ကျိုးဟောင် ကျန်းယိ မင်းတို့ ဘယ်လိုခံစားရသေးလဲ"

"တနေရာရာကများ နာနေသေးလား"

အားလုံးကစိုးရိမ်တကြီးမေးလိုက်ကြသည်။

အမှန်တကယ်တော့ ကျိုးဟောင် နှင့် ကျန်းယိမှာ အမှောင်နတ်ဘုရားများ၏အခြေစိုက်စခန်းကို ပထမဆူံရှာတွေ့ခဲ့ကြပြီး သူတို့နှစ်ယောက်မှာ အဓိက ပါ၀င်ခဲ့သူများဖြစ်လေသည်။

"ငါအဆင်ပြေပါတယ်"

ကျိုးဟောင်ကပြန်ပြောလိုက်သည်။

ကျန်းယိကလည်းရီဝေနေသေးသော်လည်း ခေါင်းကို ခပ်ဖြေးဖြေးခါပြလိုက်သည်။ ထို့နောက် သူချက်ချင်းသတိ၀င်လာပြီး စိုးရိမ်တကြီးမေးမြန်းလိုက်သည်။

"ငါ့ညီမလေး မင်းတို့ငါ့ညီမလေးကိုရှာတွေ့လား"

ရှုလင်နှင့် ကျောင်းသားအားလုံး ငြိမ်သက်သွားခဲ့သည်။ကျိူးဟောင်လည်း မျက်မှောင်ကြုတ်မိလိုက်သည်။ သူသည် တစ်ချိန်လုံး သတိရှိနေပေမယ့် ကျောင်းသားတွေက ဆေးဌာနကို ပို့ထားသောကြောင့် နောက်ပိုင်း ဘာဆက်ဖြစ်သွားမှန်း သူမသိခဲ့ပေ။

သို့သော်လည်း ရှုလင် နှင့် အခြားသူများ၏ တုံ့ပြန်ပုံများကြောင့် အခြေအနေ အနည်းငယ်ဆိုးရွားနေပုံရကြောင်းသူသတိထားမိသည်။

" အမြန် ငါ့ကိုပြောပြကြပါ....."

ကျန်းယိက စိုးရိမ်တကြီးအော်ဟစ်နေလေသည်။

"ကျန်းယိ ခဏလောက် စိတ်ငြိမ်ငြိမ်ထားပါဦး"

ရှုလင်ကနှစ်သိမ့်ပေးနေခဲ့သည်။

ကျန်းယိကို ထိုစကားကိုကြားသောအခါ မှင်တက်သွားပြီး

"ငါ့ ငါ့ ညီမလေးသေသွားပြီလား" ဟုပြန်မေးခဲ့လေသည်။

ကျိုးဟောင်လည်း မျက်လုံးမှိတ်လိုက်ပြီး အတွေးများမှောင်မိုက်သွားခဲ့သည်။ သူအမှောင်နတ်ဘုရားများနှင့် တိုက်ခိုက်ရင်း အချိန်မဖြုန်းခဲ့သင့်ပေ။ အဆောက်အအုံထဲသို့ ၀င်ပြီး ကျန်းယိညီမလေးကို သာ ဦးစားပေးကယ်ခဲ့သင့်ကြောင်း ကိုယ့်ဟာကိုယ် အပြစ်တင်နေမိသည်။

ထိုအချိန်တွင် ရှုလင်ကပြောလိုက်သည်။

"ကျန်းယိရယ် အရင်မငိုပါနဲ့ဦး မင်းညီမလေးမသေသေးပါဘူး"

"ရှု ရှုလင် မင်းဘာကို ဆိုလိုချင်တာလဲ။ ငါ့ညီမလေး မသေသေးဘူးဟုတ်လား"

ကျန်းယိက ရှုလင်အား လှမ်းကြည့်ပြီး စိုးထိတ်စွာမေးလိုက်သည်။

"ဟုတ်ပါတယ်"

ရှုလင်က ခေါင်းညိတ်ပြလိုက်သည်။

" ဒါ ဒါ ဆို သူမအခုဘယ်မှာလဲ"

ကျန်းယိက ရှုလင်၏လက်မောင်းလေးအား လှမ်းဆွဲပြီးမေးလိုက်သည်။

ရှုလင်လည်း ထိုအခိုက်အတန့်တွင်ဘာပြောရမှန်းစဉ်းစားမရဖြစ်သွားသည်။

"ငါရှင်းပြပါ့မယ်"

ယွင်ယန်က အနားတိုးလာပြီးပြောလေသည်။ကျန်းယိကလည်း ယွင်ယန်ကို ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

"အဲ့တာကဒီလိုပါ။ မင်းနဲ့ ကျိုးဟောင် သတိမေ့သွားချိန်မှာ ကျောင်းရဲ့ ပါရမီရှင်ကပေါ်လာပြီး အမှောင်နတ်ဘုရားအဖွဲ့ကို အနိုင်ယူခဲ့နိုင်တယ်။ သို့သော်လည်း သူတို့ရဲ့ ကိုယ်တိုင်ဖျက်ဆီးရေးစနစ်ကအသက်၀င်လာခဲ့ပြီး လူနေအိမ်ရာတခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့တယ်"

" အဲ့နောက် စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူတွေက အထဲကို ၀င်ရှာခဲ့ပြီး သတ္တုသေတ္တာတခုကိုရှာတွေ့ခဲ့သည်။ အဲ့သေတ္တာထဲမှာ မင်းညီမနဲ့ ပတ်သက်တဲ့ သဲလွန်စတွေပါနေခဲ့တယ်"

ယွင်ယန်ကဖြေးဖြေးချင်းရှင်းပြနေခဲ့သည်။

" ဘာသဲလွန်စတွေရှာတွေ့တာလဲ"

ကျန်းယိကအလောတကြီးမေးလိုက်သည်။

…............................................................................

အခန်း (၇၉) ပြီးပါပြီ။

အခန်း (၈၀) : သွေးယဇ်ပူဇော်ခြင်း

"အခြေအနေအတိအကျတော့ ငါတို့လည်းမသိဘူး။ ဒါပေမဲ့ မင်းညီမလေးကို အမှောင်နတ်ဘုရားအဖွဲ့က မျက်စိကျနေတဲ့အကြောင်းက သူမရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံကြောင့်ဆို‌တာတော့ ငါတို့သေချာသိတယ်။ ကြည့်ရတာ သူမကို သွေးယဇ်ပူဇော်ဖို့ သုံးချင်နေတာဖြစ်မယ်။ သို့ပေမဲ့ အဲ့အတွက်ဆို သူမက သတ်မှတ်ထားတဲ့ အဆင့် တခုတော့ ရောက်နေမှရမယ်"

ယွင်ယန်က ရှင်းပြနေခဲ့သည်။

ကျန်းယိမှာ သွေးယဇ်ပူဇော်ခြင်းအကြောင်း ကြားလိုက်သောအခါ အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့သည်။ သို့သော်လည်း ကျန်စကားများကြောင့် မျက်လုံးပြန်ကျယ်သွားလေသည်။

"ယွင်ယန် မင်း....မင်းဆိုလိုချင်တာက ငါ့ညီမလေးက အရွယ်ရောက်ပြီး သွေးယဇ်ပူဇော်ခြင်းအတွက် သတ်မှတ်စံနှုန်းတွေ မပြည့်မှီခင်အထိ ဘေးကင်းနိုင်တယ် ဟုတ်တယ်မှတ်လား"

"ဟုတ်ပါတယ်"

ယွင်ယန် ၊ ရှုလင် နဲ့ အခြားကျောင်းသားက တညီတညွတ်ထဲ ခေါင်းညိတ်ပြကြသည်။

"ကျန်းယင်းကို ဘယ်နေရာခေါ်သွားလဲ မင်းတို့သိလား"

ကျိုးဟောင်က ၀င်မေးလိုက်သည်။

"အမှောင်နတ်ဘုရားများအဖွဲ့ ရဲ့ ဌာနချုပ်ကိုပါ"

ဆေးဌာနရဲ့ အ၀င်၀ဆီမှ အသံတခုထွက်လာခဲ့သည်။ ကျောင်းသားများကအလိုအလျောက်လမ်းဖယ်ပေးလိုက်ပြီး ရှန်းကျင့်က ရှေ့သို့ လျှောက်လာခဲ့လေသည်။

ကျိူးဟောင် နှင့် ကျန်းယိမှာလည်း အလျင်အမြန်ထရပ်လိုက်လေသည်။

"ရတယ် မင်းတို့ ထဖို့မလိုပါဘူး။ ငါတို့နားလည်သလောက်တော့ အမှောင်နတ်ဘုရားများ အဖွဲ့က မြို့အသီးသီးကနေ သွေးယဇ်ပူဇော်ခြင်းအတွက် လူတွေ လိုက်ပြန်ပေးဆွဲတတ်ကြတယ်။ သူတို့ရဲ့ သွေးယဇ်ပူဇော်ခြင်း‌ပွဲတွေကအရမ်း လျှို့ဝှက်ဆန်းကြယ်တယ်။ သူတို့က ပြန်ပေးဆွဲထားတဲ့ သူတွေကို သူတို့ ဌာနချုပ်ကိုခေါ်သွားကြပြီ သတ်မှတ်ထားတဲ့ စံနှုန်းတွေ ရောက်အောင် လေ့ကျင့်ပေးကြတယ်"

ရှန်းကျင့်က သူတို့အား လက်ကာပြပြီး‌နောက်ပြောပြနေခဲ့သည်။

"ဒါကြောင့် မင်းညီမလေးက သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေ မရောက်ခင်အထိ ဘေးကင်းနေမှာပါ"

နည်းပြရှန်း၏ထိုစကားကိုကြားသောအခါ ကျန်းယိလည်း ပြန်တည်ငြိမ်သွားခဲ့သည်။

"နည်းပြ ရှန်း ကျန်းယင်း နဲ့ အခြား အမှောင်နတ်ဘုရားအဖွဲ့က ဖမ်းသွားသူတွေကို သူတို့လေ့ကျင့်‌ပျိုးထောင်ပေးဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ"

ကျိုးဟောင်ကမေးမြန်းလိုက်သည်။ကျန်းယိလည်းထိုစကားကြောင့် နည်းပြကျန်းကိုစိုးရိမ်တကြီး ပြန်ကြည့်လိုက်သည်။

" ငါသေတော့မသေချာဘူး။ ငါတို့သိတာက သွေးယဇ်ပူဇော်ခြင်းအတွက် လိုအပ်ချက်တွေက တိတိကျကျလုပ်ဖို့လိုတယ်ဆိုတာပဲ။ သူတို့အဖွဲ့ဘက် အဘက်ဘက်ကအထောက်အပံ့တွေရတယ်ဆိုရင်တောင်မှ ပြင်ဆင်ဖို့အနည်းဆုံး ၁နှစ်လောက်တော့ အချိန်ယူဖို့လိုအပ်တယ်"

ကျိုးဟောင်နှင့် ကျန်းယိမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

" ဒါဆိုပြောချင်တာ‌က ငါတို့မှာ အချိန်တစ်နှစ်ပဲရတာပေါ့"

ကျန်းယိကသူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးပြောလိုက်သည်။

"အမှန်ပဲ တကယ်လို့ မင်းညီမလေးကို မင်းကယ်တင်ချင်ရင် တနှစ်အတွင်း မင်းဆရာသခင်အဆင့်ရောက်အောင်ကြိုးစားဖို့လိုလိမ့်မယ်"

ရှန်းကျင့်က ခေါင်းငြိမ့်ပြီးပြောလေသည်။

"ငါကြိုးစားပါ့မယ်"

ကျန်းယိက အံကိုကြိတ်ပြီး အခိုင်အမာဆုံးဖြတ်လိုက်သည်။

ရှန်းကျင့်က စိတ်ထဲတွင် သက်ပြင်းချမိသည်။ သူသည် ကျန်းယိအားမျှော်လင့်ချက်လေးပေးချင်ယုံသာဖြစ်လေသည်။

အမှောင်နတ်ဘုရားများ အဖွဲ့မှာ အလွန်ပင် အစွမ်းထက်လှပေသည်။ လူနေအိမ်ရာရှိ သူ၏ ခံတပ်အသေးလေးတွင်တောင် မဟာဆရာသခင်အဆင့်တယောက်ရှိနေခဲ့ပြီး သူတို့၏ဌာနချုပ်ဆိုလျှင် မည်ကဲ့သို့ အရာများ စောင့်ကြိုနေမည်ကို သူတွေးကြည့်ရင်း ရင်မောနေမိသည်။

ထို့နောက်ရှန်းကျင်းက ကျောင်းသားအားလုံးဘက်ကို လှည့်ကြည့်လိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်သည်။

" မင်းတို့အားလုံး ဒီအမှောင်နတ်ဘုရားများအဖွဲ့အတွက်စစ်ဆင်ရေးမှာ အရမ်းတော်ကြတယ်။ ဒါကြောင့် ကျောင်း နဲ့ စစ်သူကြီးကျောက် သဘက်ခါမှာ မင်းတို့အတွက် ဆုပေးအပ်ခြင်းအခမ်းအနားကျင်းပဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲ့နေ့မှာ စစ်သူကြီးကျောက် နဲ့ မဟာဆရာသခင်ကြီးတွေက မင်းတို့ကို ဆုတံဆိပ်တွေပေးအပ်ချီးမြှင့်လိမ့်မယ်"

"ဘာ ဆုပေးပွဲအခမ်းအနားဟုတ်လား"

" ဒါကတော့ တကယ်မိုက်တာပဲ။ မဟာဆရာသခင်ကြီးတွေကိုယ်တိုင် ဆုတံဆိပ်တွေပေးမှာကွ"

" ရေးးးး ငါတော့ မစောင့်နိုင်တော့ဘူး"

ကျောင်းသားများမှာ အံ့ဩပြီး ပျော်ရွှင်သွားကြလေသည်။

ယွမ်ချန်း ယွင်ယန် နှင့် အခြား ယန်ကျင်းကျောင်းမှာ ကျောင်းသားများတောင်မှ စိတ်လှုပ်ရှားသွားကြသည်။ မဟာဆရာသခင်ကြီးများဆီမှ ဆုတံဆိပ်ချီးမြှင့်ခံရခြင်းမှာ အလွန်ပင် ဂုဏ်ရှိသော အရာဖြစ်လေသည်။

ရှန်းကျင့်က လက်ပြလိုက်သောအခါ ကျောင်းသားအားလုံး ပြန်လည်တိတ်ဆိတ်သွားသည်။

" အရမ်းပျော်မနေကြနဲ့ဦး"

နည်းပြရှန်း ၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး သူ့အသံမှာလည်း လေးလေးနက်နက်ဖြစ်သွားလေသည်။

"ဒီတခေါက် အမှောင်နတ်ဘုရားများအဖွဲ့ရဲ့ ခံတပ်ကို ငါတို့ ရှင်းလိုက်နိုင်တာကြောင့် အမှောင်နတ်ဘုရားများအဖွဲ့ချုပ်က ကျွမ်းကျင်သူ‌များရဲ့အာရုံစိုက်ခြင်းကို ငါတို့ခံရလိမ့်မယ်။ ဒါ့အပြင် မျိုးနွယ်ခြားတွေရဲ့ အာရုံစိုက်‌ခြင်းတွေလည်း ငါတို့ဟွာတုန်းမြို့အပေါ်သက်ရောက်လာလိမ့်မယ်"

"ဒါကြောင့် မကြာခင် ဟွာတုန်းမြို့က ဖိအားအမျိူးမျိုးဒဏ် ခံစားလာရလိမ့်မယ်"

ရှုလင် နှင့်အခြားကျောင်းသားများသည် ထိုစကားကိုကြားသောအခါ နှလုံးခုန်ရပ်မတတ်ဖြစ်သွားကြပြီး စိတ်ထဲလေးလံသွားကြလေသည်။

"ဆုပေးပွဲ ပြီးတဲ့နောက်မှ ငါမင်းတို့ကို ပိုပြီး စည်းကမ်းတင်းကျပ်ပြီး ဖိအားပေး လေ့ကျင့်ပေးမယ်"

နည်းပြရှန်း ကဆက်ပြောလေသည်။ထိုစကားကိုကြားသောအခါကကျောင်းသားအများစုက စောဒက တက်ကြလေသည်။

ယွမ်ချန်း ယွင်ယန် နှင့် အခြားကျောင်းသားများလည်း နည်နည်း မဲ့သွားလေသည်။ နည်းပြရှန်းရဲ့ စည်းကမ်းတင်းကျပ်လှတဲ့ လေ့ကျင့်ရေးများရဲ့ ပြင်းထန်မှုကို သူတို့သိကြလေသည်။

ထိုအရာသာ်ငရဲကျသကဲ့သို့ ပြင်းထန်လှပေသည်။

...

ညအချိန်အေးမြသော လရောင်၏အောက်တွင်

ကျိုးဟောင်သည် ယန်ဥယျာဉ်အိမ်ရာ၏အ၀င်၀တွင် ရပ်ပြီး သူ့အိမ်ထဲရှိ နွေးထွေးသောမီးရောင်များကို ကြည့်ပြီးနောက် ခံစားချက်များကို ထိန်းချုပ်လိုက်သည်။

"ရှောင်ဟောင်ပြန်လာပြီလား။ သွား မြန်မြန်ခြေလက်သန့်စင်လိုက်ဦး။ အစား‌အသောက်တွေ မကြာခင် အဆင့်သင့်ဖြစ်တော့မယ်။ ဒီနေ့မင်း အကြိုက် ငါးကြင်းပေါင်းနဲ့ မျှစ်တို့ဟူး ချက်ထားတယ်"

ကျိုးဟောင်အိမ်ထဲသို့ဝင်လိုက်သည်နှင့် သူ့အမေ က မီးဖိုထဲမှ ရယ်ပြပြီးလှမ်းပြောလိုက်သည်။

" သား မင်းလေ့ကျင့်ရေးအတန်း တက်ပြီး ပင်ပန်းလာခဲ့ပြီလား"

သူ့အဖေကလည်း သတင်းစာဖတ်နေရာမှ လှမ်းမေးလေသည်။

သူတို့သည် သူ့သားလေ့ကျင့်ရေးအတန်းတက်ရသည့်အကြောင်းကို ရှုလင်နှင့်ဖုန်းပြောနေတုန်းက သူတို့ အမှတ်မထင်ကြားလိုက်ကြသည်။ အဲ့အချိန်တုန်းက သူတို့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး စားရသော ညစာကပင် ပို၍အရသာရှိသွားခဲ့သည်။

" သား မ ပင်ပန်းပါဘူး။ အင်ပြည့်အားပြည့်ပါပဲ နည်းပြက သားကို မကြာခင် သွေးအနှစ်သာရ ဒုတိယအဆင့်ကိုရောက်တော့မယ်လို့ပြောတယ်"

ကျိုးဟောင်က လက်ဆေးရင်း ပြန်ပြောလိုက်သည်။

"တကယ်လား..."

သူ့အဖေလည်း ချက်ချင်းသတင်းစာကိုချလိုက်ပြီး အံ့ဩစွာပြန်မေးလေသည်။

"နည်းပြကိုယ်တိုင်ကပြောတာပဲ လိမ်နေတာဖြစ်နိုင်ပါ့မလား"

ကျိုးဟောင်ကပြန်ပြောလိုက်သည်။

" ကောင်းတယ် ကောင်းတယ် ။ သားကြိုးစားပြီး သွေးအနှစ်သာရ ဒုတိယအဆင့်ကို ကျော်ဖြတ်ကြည့်လိုက်ပါ။ အနာဂတ်မှာ သားအတွက် သိုင်းပညာရှင်ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေရလာလိမ့်မယ်"

ကျိုးရွှယ်ကော က စိတ်လှုပ်တရှားပြောလိုက်သည်။

ထိုအချိန်တွင် ဝမ်ရှုယွင်လည်း မီးဖိုချောင်ထဲမှ ပန်းကန် နှစ်ချပ်ကိုင်ပြီးထွက်လာကာ ထမင်းစား စားပွဲပေါ်တွင် ခင်းကျင်းနေသည်။ သူမသည် ကျိုးရွှယ်ကော၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်တော့ မေးခွန်းတချို့လှမ်းမေးလေသည်။

ကျိုးရွှယ်ကောလည်း ကျိုးဟောင်ပြောသလိုပြန်ပြောလိုက်လေသည်။ ၀မ်ရှုယွင်လည်း စိတ်လှုပ်ရှားပျော်ရွှင်သွားပြီး ကျိုးဟောင်၏နဖူးအား အနမ်းလေးလာပေးလေသည်။

"သား မင်းကတော့ တကယ်ကို‌တခုခုပဲဟေ့။ ဟားဟား... နောက်ဆုံးတော့ ငါတို့ မိသားစုမှာ သိုင်းပညာရှင်တယောက်ရှိလာတော့မှာပေါ့"

"သား လူတော်တော်များများက သိုင်းပညာရှင်တယောက်ဖြစ်လာဖို့ အိပ်မက်မက်ခဲ့ကြဖူးတယ်။ မင်းသိုင်းပညာရှင်ဖြစ်လာခဲ့ရင် မျိုးနွယ်ခြားတွေကို သုတ်သင်ပြီး မြို့ကို အလုပ်အကျွေးပြုရမယ်နော်"

ကျိုး‌ရွှယ်ကောက ကျိုးဟောင်ကိုကြည့်ပြီးပြောလေသည်။

"မင်းအဖေလည်း အရင်က သိုင်းပညာရှင်တယောက်ဖြစ်လာဖို့ အိပ်မက်မက်ခဲ့ဖူးတယ်"

"ဟုတ်ကဲ့ပါ ကျွန်တော်သိုင်းပညာရှင်တယောက်ဖြစ်လာအောက်ကြိုးစားပါ့မယ်"

ကျိူးဟောင်လည်း အလျင်အမြန်ပြန်ဖြေလိုက်သည်။သူစကားပြောနေရင်းစိတ်ထဲကြိတ်ရီနေခဲ့သည်။ သူတို့သားက အဆင့်မြင့်နတ်ဆိုးသားရဲများကို အလွယ်တကူသတ်နိုင်နေကြောင်းကို သူတို့သိရှိသွားပါက တလလောက် အိပ်မပျော်ဖြစ်သွားနိုင်လေသည်။

"ကောင်းပြီ။ ငါဒီနေ့ အရမ်းပျော်နေလို့ ငါနဲ့အတူသောက်ပါလား သား"

စားသောက်ပြီးနောက် ၁နာရီခွဲလောက်ကြာတဲ့အထိ ကျိူးရွှယ်ကောက သူ့သားနှင့် အတူသောက်ရင်းစကားပြောနေခဲ့သည်။ ၉:၃၀ လောက်ရောက်မှ အိပ်ယာ၀င်ခဲ့ကြလေသည်။

ကျိုးဟောင်သည် အိပ်ယာပေါ်တွင် လှဲရင်း ပြတင်းပေါက်အပြင်ရှိ ကောင်းကင်မှကြယ်များအားအေးဆေးစွာကြည့်နေခဲ့သည်။

ထိုကဲ့သို့ အေးဆေးနေရခြင်းမှာ သူသည် တောနက်ဧရိယာအား ရှင်းလင်းနိုင်ခဲ့သည့်အပြင် အမှောင်နတ်ဘုရားများအဖွဲ့ရဲ့ခံတပ်ကိုပါ ဖျက်စီးနိုင်ခဲ့သောကြောင့်ဖြစ်လေသည်။

သူသည်ထုံးစံအတိုင်း ဖန်သားပြင်ကိုဖွင့်ကြည့်လိုက်သည်။

ကံကြမ္မာအမှတ် : ၈၉၃,၁၀၀ (လက်ရှိအဆင့်: ကြွယ်၀များပြားသောကံကြမ္မာအမှတ်)

"အမှတ် ၅သောင်းကျော်တောင်လား ဖြစ်နိုင်တာကတော့...."

ကျိုးဟောင်လန့်သွားခဲ့သည်။

သူသည် ကြေးနီရောင် မျက်နှာဖုံးနှင့်လူအကြောင်းတွေးမိသွားသည်။ ထိုသူသည် ကြုမ်းကြုတ်သော သားရဲကြီးအသွင်ပြောင်းလဲသွားခြင်းကြောင့် ကံကြမ္မာအမှတ်များ ရရှိခဲ့ပုံပေါ်သည်။

"အမှောင်နတ်ဘုရားများအဖွဲ့က မကောင်းဆိုးဝါး အဖွဲ့အစည်းပဲ။ ဆော့လ်ဝဲလ်ကတောင်မှ သူတို့ကို မျိုးနွယ်ခြားတွေလို့သတ်မှတ်ထားတာပဲ"

သူကသက်ပြင်းချလိုက်ပြီး ဈေးကွက်စာမျက်နှာမှ လျှို့ဝှက်ဆန်းကြယ်သေတ္တာများရှိသော အပိုင်းကိုနှိပ်လိုက်သည်။

အရင်ကဖွင့်ထားဖူးသော သေတ္တာအဟောင်းစာရင်များ အရင်ပေါ်လာခဲ့ပြီး အများစုမှာ နှင်းဆီပန်းများ၊ ကောင်းကင်ဘုံ ဒင်္ဂါးပြားများ နှင့် အခြားအမှိုက်များသာဖြစ်လေသည်။

"၈၉၀၀၀၀ ငါ့မှာ အမှတ် ၁သန်းပြန်ရတော့မှာပဲ"

သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြန်လည်လင်းလက်လာသည်။

အမှောင်နတ်ဘုရားများအဖွဲ့ ဌာနချုပ်တွင်..

တုနှိုင်းမရအောင်ကြီးမားသော ခန်းမကြီးထဲမှ အသံနက်ကြီးထွက်လာခဲ့သည်။

"ချီးပဲ ချီးပဲ ဒီ‌ဟွာတုန်းမြို့လေးက ငါတို့ အမှောင်နတ်ဘုရားအဖွဲ့ရဲ့ခံတပ်ကို ဖျက်စီးလိုက်တယ်ပေါ့"

"အရိပ်"

"ဟုတ်ကဲ့ပါ ဆရာ"

အမှောင်ရိပ်များ တောက်လောင်နေသော အငွေ့သဏ္ဌာန်ဘောလုံးက ပြန်ဖြေလိုက်သည်။

"ဟွာတုန်းမြို့အပြင်က တိမ်လွှာမြူနှင်း တော်ဝင်မိသားစုကို သွား သတင်းပို့လိုက်စမ်း။ ငါတို့ အမှောင်နတ်ဘုရားများအဖွဲ့က သူတို့နဲ့ပူးပေါင်းမယ်လို့။ ငါတို့တွေအတူတူသာလုပ်မယ်ဆိုရင် ဒီဟွာတုန်း‌မြို့ကို မြေပေါ်ကနေ ပျောက်‌သွားအောင်လုပ်နိုင်တယ်"

..............................................................................

အခန်း(၈၀)ပြီးပါပြီ။

အခန်း (၈၁) : သူထပ်ပြီး ရာသီလာနေပြန်တာလား

ဟွာတုန်းမြို့တောနက်ဧရိယာ အနက်ပိုင်းတွင်ဖြစ်သည်။

ဂါး! ဂါး!

ကျယ်လောင်လှသော ဟိန်းသံများကညအဆက်မပြတ်ထွက်ပေါ်နေသည်။

ဝုန်း

ကြီးမားလှသော သားရဲပေါင်းမျိုးစုံမှာ စိမ်းစိုနေသောရှေးဟောင်းသစ်ပင်ကြီးများကြား လမ်းလျှောက်နေလေရာ မြေပြင်မှာ မရပ်မနားတုန်ခါနေပြီး သမိုင်းမတိုင်မီခေတ်ကိုရောက်နေသလိုပင်။

ရုတ်တရက် ကောင်းကင်ပေါ်တွင် အမဲရောင်အရိပ်တစ်ခုပေါ်လာလေသည်။

မိစ္ဆာသားရဲအများအပြားမှာ စွမ်းအင်အတက်အကျကို ခံစားမိပြီး အော်ဟစ်နေကြသည်။

ထိုအချိန်မှာပင် ပြတ်သားသောအသံတစ်ခုထွက်ပေါ်လာလေသည်။

"အရိပ် မင်းကငါ့ပိုင်နက်ထဲမှာ ဘာလုပ်နေတာလဲ"

အနက်ရောင်အရိပ်မှာ အလျင်အမြန်ပင်သစ်သားအဆောက်အဦးဆီ လွင့်မျောလာပြီး တဖြည်းဖြည်းချင်းငွေ့ရည်ဖွဲ့ကာ အနက်ရောင်ဝတ်ရုံဝတ်ထားသော လူအဖြစ်ပြောင်းလဲသွားလေသည်။

"တိမ်လွှာမြွေပါအရှင်ကို နှုတ်ဆက်ပါတယ်"

အနက်ရောင်လူမှာ တရိုတသေဦးညွှတ်လိုက်သည်။

"ကျွန်တော် ဒီတစ်ခါလာရတာက ဥက္ကဌက အရှင့်ကိုလက်

ဆောင်အကြီးစားပေးချင်လို့ပါ"

အသံကျယ်ကျယ်တစ်ခုထွက်လာကာ မေးလိုက်လေသည်။

"ဘာလက်ဆောင်အကြီးစားလဲ"

အနက်ရောင်လူမှာအလျင်အမြန်ပင်ပြောလိုက်သည်။

"ဟွာတုန်းမြို့ပါ"

ဘုန်း!

သစ်သားအဆောက်အဦးတစ်ခုလုံးတုန်ခါသွားပြီး မီးပုံးကဲ့သို့သောကြီးမားသောမျက်လုံးကြီးနှစ်လုံးက အမှောင်ထုထဲမှ အနက်ရောင်လူအားစိုက်ကြည့်နေလေသည်။

"ဟွာတုန်းမြို့က ငါ့လူတွေကိုအန္တရာယ်ပေးထားတာ ငါဟွာတုန်းမြို့ကိုဖျက်ဆီးပစ်ပါ့မယ်လို့သစ္စာဆိုထားတယ် မင်းလိုချင်တာကိုပြောလိုက် "

အနက်ရောင်လူမှာ ခပ်လွန့်လွန့်ပြုံးလိုက်သည်။

"ဒီကိစ္စပြီးသွားရင် အရှင့်ရဲ့တိမ်လွှာမြွေပါသွေးအနှစ်သာရထဲက တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးရင်ရပါပြီ"

တစ်ဖက်လူမှာနှာခေါင်းရှုံ့လိုက်ပြီး ပတ်ဝန်းကျင်ရှိလေထုမှာ အေးခဲသွားသည်။

"မင်းတို့ဥက္ကဌက အကောင်းကြိုက်တတ်တာပဲ ကောင်းပြီလေ ငါသဘောတူတယ် ဒါပေမဲ့ ဟွာတုန်းမြို့ပျက်စီးမသွားဘူးဆိုရင် ဖြစ်လာမဲ့အကျိုးဆက်ကိုမင်းတို့သိမယ်လို့ ငါယူဆတယ်"

ချူမြို့အထက်တန်းကျောင်း၌

ကလင် ကလင်

စူးရှသော ခေါင်းလောင်းသံနှင့်အတူ ကျောင်းမှာတဖြည်းဖြည်းချင်း တိတ်ဆိတ်သွားလေသည်။

လေ့ကျင့်ရေးအခန်းထဲ၌.....

ကျိုးဟောင်နှင့်အခြားလူများမှာ ပုံရိပ်ယောင်အခန်းများထဲတွင်လှဲနေပြီး အမျိုးမျိုးသောမိစ္ဆာသားရဲများနှင့် အင်းဆက်များကို အဆက်မပြတ်သတ်ဖြတ်နေကြလေသည်။

ယခင်ကနှင့်နှိုင်းယှဉ်ပါက မိစ္ဆာသားရဲနှင့်အင်းဆက်အရေအတွက်မှာ အဆပေါင်းများစွာတိုးလာလေရာ ကျောင်းသားအများစုမှာ အဆက်မပြတ် ညည်းညူနေကြလေသည်။

၁၀ မိနစ်မပြည့်ခင်မှာပင် ပုံရိပ်ယောင်အခန်းများ၏ ၈၀ ရာခိုင်နှုန်းမှာ အနီရောင်ပြောင်းသွားလေသည်။

ကျောင်းသားအများစုမှာ သက်ပြင်းချပြီးအော်ဟစ်နေကြလေသည်။

"ဒါ အရမ်းခက်တာပဲ"

သိပ်မကြာခင်မှာပင် ကျိုးဟောင်၊ ရှုလင်နှင့် ကျန်းယိတို့အဖွဲ့မှာလည်း ချေမှုန်းခံလိုက်ရလေတော့သည်။

"မိစ္ဆာစစ်သည်တွေအရမ်းများတယ် ပြီးတော့အားလုံးက အုပ်စုဖွဲ့နေကြတဲ့ကောင်တွေ လေ့ကျင့်ရေးခက်ခဲမှုအဆင့်က အတော်ကိုတိုးလာတာ"

ရှုလင်မှာ မျက်မှောင်ကြုတ်ကာ အေးစက်နေသော်လည်း သူမ၏မျက်နှာလေးမှာလှပနေဆဲပင်။

ကျိုးဟောင်လည်း သာမန်ကာလျှံကာပင်ဝင်ပြောလိုက်သည်။

"ခက်ခဲမှုအဆင့်ကမြင့်လာတယ် ဒါပေမဲ့အားလုံးရဲ့စွမ်းအားတွေကလည်း အမြန်တိုးတက်လာတာပဲလေ"

ရှုလင်မှာ ဖြည်းညှင်းစွာခေါင်းညိတ်ပြလိုက်သည်။

ထိုစကားမှာအမှန်ပင်ဖြစ်သည်။

ဆုပေးပွဲအခမ်းအနားပြီးဆုံးပြီးနောက်ပိုင်း အရှိန်မြှင့်လာသောလေ့ကျင့်ရေးမှာ အတန်းထဲရှိကျောင်းသားများ၏ တိုက်ခိုက်ရေးစွမ်းရည်အတွေ့အကြုံအား အလွန်ကိုတိုးတက်လာစေသည်။

ထို့အပြင် ပုံရိပ်ယောင်စစ်ဆင်ရေးများ ထမ်းဆောင်ရသည့်အပြင် နည်းပြရှန်းမှာ ကျောင်းသားအားလုံးအတွက် အစွယ်နှင့်တောဝက်လိုမျိုး သန္ဓေပြောင်းသားရဲများကိုပါ ဆက်ပြီးတိုက်ခိုက်နိုင်အောင် စီစဉ်ထားပေးသည်ဖြစ်လေရာ အားလုံး၏စွမ်းအားမှာ သိသိသာသာကိုတိုးတက်လာပေသည်။

အနည်းဆုံးတော့ အဆင့်နိမ့်မိစ္ဆာစစ်သည်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အားလုံးယခင်ကလိုမျိုး ကြောက်လန့်မနေတော့ပေ။

"ဒါနဲ့ ယွမ်ချန်းနဲ့တခြားလူတွေပြောတာ သူတို့ဒီည စိတ်ပြေလက်ပျောက်ဖြစ်အောင် ဘားသွားမယ်တဲ့ နင်တို့လိုက်မှာလား"

ရှုလင်မှာ ကျိုးဟောင်နှင့်ကျန်းယိအားကြည့်ပြီး မေးလိုက်သည်။

ကျန်းယိမှာခေါင်းခါပြလ်ိုက်သည်။

"ငါအိမ်ပဲပြန်ပြီး ဆက်လေ့ကျင့်မှာ"

သူ့ညီမလေး ဘယ်နေရာတွင်ရှိနေမှန်း ယခုအထိမသိရသေးလေရာ သူ့စိတ်ထဲ ဘားသွားချင်စိတ်မရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ကျိုးဟောင်သည်လည်း ခေါင်းခါလာသည်။

"ငါ ဒီညလုပ်စရာရှိသေးတယ်"

ရှုလင်မှာ မျက်လုံးပြူးကာကျိုးဟောင်အား ဖွဖွလေးကန်လိုက်ပြီး သံသယမကင်းသည့်ပုံဖြင့်မေးလိုက်သည်။

"နင်က ဘာလုပ်စရာရှိလို့လဲ"

ကျိုးဟောင်မှာ စိတ်ဆိုးစွာဖြင့်ပြောလိုက်သည်။

"နင့်ကိုပြောပြဖို့ အဆင်မပြေဘူး"

ရှုလင်မှာ တစ်ခုခုကိုတွေးမိသွားဟန်ပေါ်ပြီး သူမ၏မျက်နှာလေးမှာ အနည်းငယ်နီလာလေသည်။

"အရှက်ကိုမရှိဘူး နင်ဘာလို့အဲဒီလိုမရှင်းမရှင်းနေရာတွေကို သွားရဲတာလဲ ငါနင့်ကိုဂရုမစိုက်တော့ဘူး"

စကားဆုံးသည်နှင့် လှည့်ထွက်သွားလေတော့သည်။

"သူမထပ်ပြီး ရာသီလာနေပြန်ပြီလား"

ကျိုးဟောင်မှာ ဘာပြောရမှန်းတောင်မသိတော့ပေ။

ကျောင်းဆင်းပြီးနောက်

ကျိုးဟောင်မှာ ‌အရှေ့ပိုင်းစခန်း၏ ကာကွယ်ရေးခံတပ်ဆီရောက်လာသည်။

သူအမိန့်ပေးစင်တာအားရောက်သည်နှင့် စစ်သေနာပတိချုပ်ကျောက်မျက်မှောင်ကြုတ်နေသည်ကိုတွေ့လိုက်ရလေသည်။

"စစ်သေနာပတိချုပ်ကျောက် ဘာဖြစ်လို့လဲ"

သူရှေ့ကိုလျှောက်လာရင်း မေးလိုက်သည်။

"စီနီယာကျိုး ခင်ဗျားရောက်လာတာအတော်ပဲ"

စစ်သေနာပတိချုပ်ကျောက်မှာ လက်ဆန့်ပြပြီးကျိုးဟောင်အား ထိုင်ရန်အချက်ပြလာသည်။

ကျိုးဟောင်လည်းထိုင်လိုက်သည်။

စစ်သေနာပတိချုပ်ကျောက်မှာ သူ့အားရေနွေးပူတစ်ခုကမ်းပေးလာပြီး အသံဩဩဖြင့်ပြောလာသည်။

"မနေ့က ဧရိယာ ၂၈၃ရဲ့ အစပ်နားမှာ သိုင်းပညာရှင်အဖွဲ့ ၂ဖွဲ့ပျောက်သွားတယ် ဒါပေမဲ့ကျွန်တော်တို့ ရှာဖို့လွှတ်လိုက်တဲ့အဖွဲ့က ဘာမှရှာမတွေ့ခဲ့ဘူး"

"ဒီသိုင်းပညာရှင်အဖွဲ့ ၂ဖွဲ့က အားမနည်းဘူး ၂ဖွဲ့လုံးမှာ ဆရာသခင်အဆင့်ပညာရှင် ၃ယောက်ပါတယ်"

ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရသောအခါ သိချင်လာကာမေးလိုက်သည်။

"ဧရိယာ ၂၈၃က မြို့နဲ့အတော်လေးဝေးတယ် တစ်နေ့ကပဲကျုပ် အဲဒီဧရိယာကိုရှင်းလင်းရေးလုပ်ခဲ့တာ အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်မိစ္ဆာစစ်သူကြီးတွေ အားလုံးနီးပါးသေကုန်ပြီ ဆရာသခင်တစ်ယောက်ရှိရင် သူတို့အဖွဲ့ပျောက်သွားဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

စစ်သေနာပတိချုပ်ကျောက်လည်း ခေါင်းညိတ်ပြလိုက်သည်

"ကျွန်တော်လည်း အဲဒါကိုပဲနားမလည်တာ"

ပြောရင်း စားပွဲအားလက်ဖြ‌င့် ထိလိုက်လေရာ ချက်ချင်းပင် လှိုင်းတွန့်များပေါ်လာပြီး သာမန်စားပွဲမှာ ချက်ချင်းပင် အနီစက်များဖြင့်ပြည့်နေသော အီလက်ထရောနစ် မျက်နှာပြင်တစ်ခုဖြစ်လာလေသည်။

"ပြီးတော့ လွန်ခဲ့တဲ့ ၂နာရီကပဲ ကျွန်တော်တို့ရဲ့ စစ်ရေးသတင်းအချက်အလက်ဌာနက ဧရိယာ ၂၈၃ မှာ ဆိုးဝါးတဲ့စွမ်းအားမြင့်လှိုင်းတစ်ကို ရှာတွေ့လို့ ရဟတ်ယာဉ်တွေအများကြီးလွှတ်ပြီး သွားစုံစမ်းခိုင်းတာ လမ်းမှာတင်ဖျက်ဆီးခံလိုက်ရတယ်"

ထိုစကားအားနားထောင်နေရင်း ကျိုးဟောင်၏အမူအရာမှာ လေးနက်လာလေတော့သည်။

....................................................................................

အခန်း (၈၁) ပြီးပါပြီ။

All Chapters