အခန်း ၈၅-၈၇
Vol. 6 Ch. 85-87
အခန်း (၈၅) : ၁၀ကြိမ်ဆက်တိုက်ဖွင့်ခြင်း
အသုံးပြုသူ "ငါကသာမန်လူပါပဲ" မှ ဆက်တိုက်ဖွင့်လျှို့၀ှက်ဆန်းကြယ်သေတ္တာ ၁၀လုံးအား ဖွင့်လိုက်သည်ကို အတည်ပြုပြီးနောက် သူတို့အားလုံးကြက်သေသေသွားကြလေသည်။
ငွေရောင်သေတ္တာမှ ရှားပါးအဆင့်ပစ္စည်းရရန်ရာခိုင်နှုန်းမှာ မဆိုစလောက်မြင့်သည်ဆိုသော်လည်း သာမန်သေတ္တာများနှင့်ယှဉ်လျှင် ထိုရာခိုင်နှုန်းမှာ အနည်းငယ်မျှသာဖြစ်သည်။ ရှားပါးအဆင့်ပစ္စည်းများမှာ ဆက်တိုက်ဖွင့်လျှို့၀ှက်ဆန်းကြယ်သေတ္တာ ၁၀လုံးအားဖွင့်လျှင်တောင် ရရှိရန်အင်မတန်ခက်ခဲပေသည်။ ဆက်တိုက်ဖွင့်လျှို့၀ှက်ဆန်းကြယ်သေတ္တာ အလုံး၁၀၀လောက်ဖွင့်မှသာ ကြုံတောင့်ကြုံခဲ ရှားပါးအဆင့်ပစ္စည်းတစ်ခုလောက်ရခြင်းဖြစ်သည်။
သို့သော် ယခုတစ်ခေါက်တွင်တော့ လူတစ်ယောက်မှာ ဆက်တိုက်ဖွင့်ပဟေဠိသေတ္တာ ၁၀လုံးမှ ရှားပါးအဆင့်ပစ္စည်း ၃မျိုးအား တကယ်ကြီးရရှိသွားလေသည်။ ထို့အပြင် ထိုပစ္စည်း ၃မျိုးထဲမှ ၁မျိုးမှာ ရှားပါးမှုအဆင့်တတိယနေရာတွင်ရှိနေသော ပစ္စည်းဖြစ်ပေသည်။
ဤကိစ္စမှာ အလွန်အထင်ကြီးစရာပေ။
အချိန်တိုအတွင်း ငွေအဆင့်နှင့်ရွှေအဆင့်အသုံးပြုသူများမှာ စကားပြောခန်းသို့ရောက်လာကြလေသည်။ ထိုအထဲတွင် ငွေဖြူအဆင့်အသုံးပြုအချို့ပင် ပါသေးသည်။
"မိုက်လိုက်တာ"
"ဒီ "ငါကသာမန်လူပါပဲ" ဆိုတဲ့တစ်ယောက်က အရမ်းကံကောင်းလွန်းတာ မဟုတ်ဘူးလား သူတကယ်ကြီး ဆက်တိုက်ဖွင့်လျှို့၀ှက်ဆန်းကြယ်သေတ္တာ ၁၀လုံးကနေ ရှားပါးအဆင့်ပစ္စည်း ၃ခုတောင်ရသွားတာလား ချီးပဲငါ ဆက်တိုက်ဖွင့်လျှို့၀ှက်ဆန်းကြယ်သေတ္တာ အလုံး၁၀၀ဖွင့်တာ ရှားပါးပစ္စည်းတစ်ခုတောင်မရခဲ့ဘူး"
"အရမ်းအားကျတာပဲ"
"ငါမှတ်မိသလောက် ပြီးခဲ့တဲ့တစ်ခေါက်က ရှားပါးအဆင့်ကျင့်ကြံရေးသိုင်းရသွားတာလည်းသူပဲ သူတကယ်စနစ်ကို ဟက်ပြီးယူနေတာများလား"
"ငါလည်း အဲဒီလိုပဲထင်တယ်"
"တော်ပြီ သံသယဝင်မနေနဲ့တော့ တကယ်လို့ဒီဆော့ဖ်ဝဲလ်က ဟက်လို့ရရင် နေ့တိုင်းရှားပါးအဆင့်ပစ္စည်းတွေရတဲ့လူတွေရှိနေမှာပေါ့ ဒီလူကကံအရမ်းကောင်းတဲ့လူဖြစ်မယ်"
ကျိုးဟောင်မှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်ပြီးနောက် ဆော့ဖ်ဝဲလ်ထဲတွင် နောက်ထပ်ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုဖန်တီးမိသည်ကို သူမသိပေ။
ထိုအချိန်တွင် ရှားပါးအဆင့်ပစ္စည်း ၃မျိုးအားတွေ့လိုက်ရ၍ ကျိုးဟောင်မှာကြက်သေသေနေလေသည်။
ယခုတစ်ခေါက်တွင် လျှို့၀ှက်ဆန်းကြယ်သေတ္တာအားဖွင့်ရန် ကံကြမ္မာအမှတ် ၃သန်းနီးပါးသုံးခဲ့သည်သော်လည်း ရှားပါးအဆင့်ပစ္စည်းတစ်ခုလောက်သာရမည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ သို့သော် ဤဆက်တိုက်ဖွင့်သေတ္တာ ၁၀လုံးမှ ရှားပါးအဆင့်ပစ္စည်း ၃မျိုးရမည်ဟု သူမထင်ထားပေ။
ကျိုးဟောင်မှာ အသိပြန်ဝင်လာပြီးနောက် အလျင်အမြန်ပင် သူ့ကိုယ်ပိုင်စာမျက်နှာကိုသွားပြီး အိတ်အားဖွင့်လိုက်လေသည်။ အိတ်ထဲရှိပစ္စည်း ၃မျိုးကိုကြည့်ပြီး သူစိတ်လှုပ်ရှားလာလေသည်။
"ကြွယ်ဝသောကံကြမ္မာဆိုတဲ့အဆင့်အတိုင်းပဲ တကယ်ကိုအံ့ဩစရာကောင်းတယ်"
"လက်ခံရယူမည်...."
ကျိုးဟောင်မှာတွေဝေမနေဘဲ ပစ္စည်းများအား လက်ခံရယူမည်ဟူသော နေရာအားနှိပ်လိုက်လေသည်။
ဝှစ်!
ကျယ်ပြန့်သောအာကာသမှ တိုးထွက်လာသော မမြင်ရသည့်စွမ်းအင်တစ်ခုက ကျိုးဟောင်အား ချက်ချင်းပင်လွှမ်းခြုံသွားလေသည်။
ကျိုးဟောင်ရရှိခဲ့သော တတိယအဆင့် "ကောင်းကင်ခွဲနတ်ဘုရားသိုင်း" မှာ ချက်ချင်းပင်ကျိုးဟောင်အား လျှို့ဝှက်ဆန်းကြယ်သော အတွေ့အကြုံအမြောက်အမြား ရရှိသွားစေသလိုပင်။
ဓားအိမ်မှထွက်လာတော့မည့် နတ်ဘုရားဓားတစ်လက်ကဲ့သို့ပင် သူ၏အမြင်မှာစူးရှလာပြီး အရှိန်အဝါမှာလည်းပြိုင်ဘက်မရှိအောင် ထက်မြက်လာလေသည်။
သူ့လက်ထဲရှိဘုရင်အဆင့်ဓားမှာလည်း ရုတ်တရက်ပြောင်းလဲလာလေသည်။
ဓားပေါ်တွင် အကြေးခွံများကဲ့သို့သော ထူးဆန်းသောမျဉ်းများဖြင့်ဖုံးလွှမ်းလာပြီး လက်ကိုင်ပေါ်တွင် အပြာရောင်ရေစက်မှာ တဖြည်းဖြည်းချင်းငွေ့ရည်ဖွဲ့လာပြီး ထိုအရာမှာလက်ကိုင်ထဲသို့ နစ်မြုပ်သွားလေသည်။ ထိုအပြာရောင်အစက်၏မျက်နှာပြင်မှာ အဆက်မပြတ်ပြောင်းလဲနေလေရာ အလွန်သိမ်မွေ့နူးညံ့နေသလိုပင်။
ကျိုးဟောင်မှာလက်သီးဖွဖွဆုပ်ကာ ဓားမှတိုးထွက်လာသောစွမ်းအင်အား ခံစားလိုက်လေရာ သူ့ကိုယ်တွင်းရှိသွေးအနှစ်သာရပင်တုန်ခါလာသလိုပင်။
သူသည် ဝေဝေဝါးဝါးဖြင့်သူရှေ့ရှိ လေဟာနယ်ဆီ ဓားဖြင့်ယမ်းလိုက်လေသည်။
ရွှစ်!
သူရှေ့ရှိလေဟာနယ်မှာ ဖန်ခွက်ပေါ်တွင် အက်ကြောင်းများထသကဲ့သို့ အက်ကွဲကြောင်းများပေါ်လာပြီး အလျင်အမြန်ပင်ပြန်ပျောက်သွားလေသည်။
"ဒါက ဒုတိယအဆင့်ရှိတဲ့ဓားလား"
ကျိုးဟောင်မှာ မျက်လုံးပြူးသွားလေသည်။ သူအစောပိုင်းက တကယ့်ကိုကြုံသလို လက်ယမ်းလိုက်ခြင်းသာဖြစ်ပေသည်။ သို့သော် လေဟာနယ်တွင် တကယ်ကြီးအက်ကွဲကြောင်းထသွားလေသည်။
ထို့အပြင် ဤဓားတွင် သူ၏စွမ်းအားကိုဖိနှိပ်ထားသော ချိတ်တံဆိပ်တစ်ခုရှိပုံပေါ်သည့် ခံစားချက်မျိုးလည်း ကျိုးဟောင်ခံစားနေရပေသည်။
" "ကောင်းကင်ခွဲနတ်ဘုရားသိုင်း" ကိုဒီဓားနဲ့သာတွဲသုံးလိုက်ရင် ဘယ်လောက်တောင် စွမ်းအားကြီးမလဲမသိဘူး"
ကျိုးဟောင် တကယ်ကိုစမ်းကြည့်ချင်ပေသည်။ ယခုတစ်ခေါက်ငွေရောင်သေတ္တာဖွင့်ရာမှ သူအကျိုးအများကြီးရခဲ့သည်။
သူလိုချင်သောတတိယအဆင့်ကျင့်ကြံရေးသိုင်း မရခဲ့သော်လည်းသူရခဲ့သောလက်နက်နှင့် "ကောင်းကင်ခွဲနတ်ဘုရားသိုင်း"မှာ သူ့အားအံ့အားသင့်စေပေသည်။
"ဟူး"
ကျိုးဟောင်မှာစိတ်ခံစားချက်များကိုထိန်းချုပ်ရင်း သူ့ရှေ့တွင်မျောနေသောဆေးလုံးအားကြည့်လိုက်လေသည်။
ဤဆေးလုံးမှာ လုံးဝန်းပြီးသာမန်ပုံစံပင်ဖြစ်ကာ နှလုံးသားထဲထိစိမ့်ဝင်နိုင်သော ရနံ့မျိုးရှိပေသည်။ တစ်ချက်ရှူလိုက်ရုံဖြင့် သက်တောင့်သက်သာခံစားချက်မျိုးပေးစွမ်းလေသည်။
နတ်ဘုရားသွေးဆေးလုံး : အဆင့်မြင့်ရှေးဟောင်းအကူဆေးလုံး လူတစ်ယောက်၏ သွေးအနှစ်သာရအလားအလာကို ကြီးမားစွာတိုးမြှင့်ပေးနိုင်သည်။ သောက်သုံးပြီးနောက် မည်သည့်ဆိုးကျိုးမှမရှိပဲ ချက်ချင်းပင်ခွန်အားနှစ်ဆင့်တိုးစေပြီး ဆေးအာနိသင်မှာ တစ်နာရီခံသည်။
မှတ်ချက် : ဆေးလုံး၏အကျိုးသက်ရောက်မှုမှာ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ကျင့်ကြံရေးအဆင့်ကိုတိုးမြှင့်ပေးနိုင်သော အလားအလာရှိသည်။
သတင်းအချက်အလက်များပေါ်လာသည်နှင့် ကျိုးဟောင်၏မျက်လုံးတွင် ပျော်ရွှင်နေသောအရိပ်အယောင်များ ပေါ်လာလေသည်။
နတ်ဘုရားသွေးဆေးလုံး၏ ဆေးအစွမ်းမှာ သွေးတိုးပွားဆေးလုံးထက် အဆပေါင်းများစွာပိုကောင်းလေသည်။ အသုံးပြုသူအား စွမ်းအား ၂ဆင့်တိုးမြှင့်ပေးရုံသာမက သောက်သုံးလိုက်ပါက ကျင့်ကြံရေးအဆင့်တိုးလာနိုင်သော အခွင့်အရေးပင်ရှိသည်။
ဘုန်း! ဘုန်း! ဘုန်း!
ရုတ်တရက် အဝေးရှိမြို့ဆီမှ ကျယ်လောင်သောအမြောက်သံထွက်ပေါ်လာလေသည်။
ကျိုးဟောင်၏စိတ်လှုပ်ရှားမှုမှာ ချက်ချင်းပင်နှောင့်ယှက်ခံလိုက်ရလေသည်။ သူအဝေးမှမြို့အားလှမ်းကြည့်လိုက်လေသည်။ ထို့နောက် လက်ထဲရှိဆေးလုံးအားအိတ်ထဲပစ်ထည့်လိုက်ကာ ဓားကိုလည်းပြန်သိမ်းပြီး မြို့ဆီသို့အလျင်အမြန်ပြန်သွားလေတော့သည်။
ကျိုးဟောင်မှာ ယခုတစ်ကြိမ် လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်ခြင်းမှ အကျိုးကျေးဇူးအများအပြားရလိုက်လေရာ မူလကသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုကို ခုခံရန် သူ့စွမ်းရည်အားယုံကြည်မှုမရှိသော်လည်း ယခုတော့ သူ့ထံတွင် ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်သည်။
....................................................................................
အခန်း (၈၅) ပြီးပါပြီ။
အခန်း (၈၆) : ဘယ်သူ ငါတို့ကိုကူညီနိုင်မလဲ
ဟွာတုန်းမြို့အရှေ့ပိုင်းစခန်း၏ စစ်စခန်း၌.....
မိစ္ဆာစစ်သူကြီးနှင့် မိစ္ဆာစစ်သည်အများအပြားမှာ ကာကွယ်ရေးခံတပ်အား ပြင်းထန်စွာတိုက်ခိုက်နေကြလေသည်။
ဒက် ဒက် ဒက်
စက်သေနတ်များမှထွက်လာသော ကျည်ဆံများမှာ မရေမတွက်နိုင်သော မိစ္ဆာစစ်သည်များအား သတ်ပစ်နေလေရာ မိစ္ဆာပေါင်းစုံ၏ခြေလက်များနှင့် သွေးများမှာ နေရာအနှံ့ပျံကျဲနေပြီး သိပ်မကြာမီမှာပင် ခံတပ်အပြင်ဘက်တွင် အလောင်းများစုပုံလာလေသည်။
သို့သော်မိစ္ဆာစစ်သည်များမှာ အလွန်များပြားလှပြီး သူတို့၏အရှိန်မှာလည်းအလွန်လျင်မြန်လေသည်။
ကာကွယ်ရေးခံတပ်ပထမလိုင်းရှိစစ်သားများမှာ ၅မိနစ်မပြည့်မီမှာပင် ဒုတိယလိုင်းသို့ဆုတ်လာရလေသည်။
ကာကွယ်ရေးခံတပ်၏ မြင့်မားသောနံရံပေါ်တွင်....
သိပ်မဝေးလှသောအကွာအဝေးတွင်ရှိ သော ကြီးမားသော အရှင်သခင်အဆင့်မိစ္ဆာသားရဲအားကြည့်ရင်း စစ်သေနာပတိချုပ်ကျောက်၏မျက်နှာမှာ မဲမှောင်နေလေသည်။ လက်ရှိအချိန်တွင် မိစ္ဆာစစ်သူကြီးများနှင့် မိစ္ဆာစစ်သည်များသာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
သို့သော် အခြေအနေမှာသိပ်မကောင်းပေ။
"စီနီယာကျိုးရဲ့တည်နေရာနဲ့ပတ်သက်ပြီး ဘာသတင်းထူးလဲ"
နားကြပ်မှတစ်ဆင့်မေးလိုက်သည်။
"စစ်သေနာပတိချုပ် အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်ရဲ့စွမ်းအားက အရမ်းစွမ်းအားကြီးလွန်းတော့ သူတို့ရဲ့စွမ်းအားက မြို့ပြင်ဧရိယာကိုဖုံးလွှမ်းပြီးတော့ ကျွန်တော်တို့ရဲ့ထောက်လှမ်းရေး ကိုအပြင်းအထန်အနှောင့်အယှက်ပေးနေပါတယ်"
ထိုစကားအားကြားသောအခါ စစ်သေနာပတိချုပ်ကျောက်၏အမူအရာမှာ ပို၍ပင်မှုန်မှိုင်းသွားလေသည်။ အစောပိုင်းကစီနီယာကျိုးအား မသွားရန်မရမက မတားလိုက်မိခြင်းကို သူနောင်တရနေလေသည်။
"စစ်သေနာပတိချုပ်ကိုအစီရင်ခံပါတယ် ခံတပ်ရဲ့ဒုတိယလိုင်းလည်း ပျက်စီးပါတော့မယ် ထိခိုက်ဒဏ်ရာရတဲ့စစ်သားအရေအတွက်လည်းတိုးလာပါတယ် မဟာဆရာသခင်တွေ စလှုပ်ရှားဖို့တောင်းဆိုပါတယ်"
တစ်ဖက်မှတပ်မှူးချုပ်များ၏ စိုးရိမ်နေသောအသံမှာ သူ့နားကြပ်ထဲမှထွက်ပေါ်လာလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာ မတွေးဘဲပြောလိုက်သည်။
"တောင်းဆိုချက်ကို ငြင်းပယ်တယ်"
မူလအဆင့်မဟာဆရာသခင်များရောက်ရန်မှာ အနည်းဆုံးမိနစ် ၂၀လောက်ကြာမည်ဖြစ်သည့်အပြင် မဟာဆရာသခင်များမှာ ကာကွယ်ရေးခံတပ်၏နောက်ဆုံးလိုင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မိစ္ဆာဘုရင်များပါ တိုက်ခိုက်လာပြီဖြစ်သည်။ အကယ်၍သူတို့သာ မဟာဆရာသခင်များအား အလျင်အမြန်စေလွှတ်လိုက်ပါက ရေငတ်ပြေအောင်အဆိပ်သောက်သည်နှင့်မခြားတော့ပေ။
ဝှီ! ဝှီ!
အောက်ရှိစစ်သားအများစုမှာ မိစ္ဆာသားရဲများ၏ အပိုင်းပိုင်းဆွဲဖြဲခြင်းကို ခံနေရပေသည်။ တစ်ခါတစ်ရံ မိစ္ဆာစစ်သူကြီးများမှာ နံရံအမြင့်ပေါ်ခုန်တက်လာကြသော်လည်း အမြှောက်ဖြင့်အပိုင်းပိုင်းဖြစ်အောင် ပစ်ချခြင်းခံရလေသည်။
"ရွှီ!"
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ နားကွဲမတတ်ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာလေသည်။
ပျံသန်းမိစ္ဆာသားရဲအများအပြားမှာ မြို့ကာကွယ်ရေးခံတပ်၏ အထက်ကောင်းကင်သို့ ပျံတက်လာကြလေသည်။
ကလစ်
မြင့်မားသောနံရံပေါ်တွင် သတ္တုသေနတ်ပြောင်းဝအများအပြား ပေါ်လာလေသည်။
ဒက် ဒက် ဒက်
စက်သေနတ်များကဲ့သို့ပင် ဤသေနတ်ပြောင်းဝများမှထွက်လာသော ကျည်ဆံများမှာ ပျံသန်းမိစ္ဆာသားရဲများအပေါ်မိုးရွာချသကဲ့သို့ တဝေါဝေါကျနေလေသည်။ အချိန်တိုအတွင်း မိစ္ဆာသားရဲအလောင်းများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ဝုန်း
မြေပြင်မှာရုတ်တရက်ပေါက်ကွဲသွားပြီးနောက် ဒုတိယခံတပ်လိုင်း၏အရှေ့တွင် စည်ပိုင်းအရွယ်ကင်းမြီးကောက်များ ပေါ်လာပြီး စစ်သားများအား အပိုင်းပိုင်းဖြစ်အောင်တိုက်ခိုက်နေလေရာ သွေးများမှာ မြစ်တစ်ခုသဖွယ်စီးဆင်းနေလေတော့သည်။
"အင်းဆက်ပိုးမွှားမျိုးနွယ်တွေ မင်းတို့ပါတကယ်ပါလာတာပဲ"
စစ်သေနာပတိချုပ်ကျောက်မှာ အံကြိတ်လိုက်မိသည်။
မိစ္ဆာသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုအတွင်း အင်းဆက်မျိုးနွယ်များမှာလည်း သေချာပေါက်နောက်တွင်နေခဲ့မည်မဟုတ်ကြောင်း သူသေချာသိပေသည်။
"ဟဲ့ပျောင်း ကျန်းဟုန် မင်းတို့ မြေအောက်လိုဏ်ခေါင်းကနေ သံမဏိချပ်ဝတ်တီကောင်တွေ မြို့ထဲဝင်မလာနိုင်အောင် သေချာစောင့်ကြ"
"ဟုတ်ကဲ့ စစ်သေနာပတိချုပ်"
ဂါး! ဂါး!
အင်းဆက်သားရဲအများအပြားပေါ်လာသည်နှင့် အနောက်တွင်စောင့်နေသော အရှင်သခင်အဆင့်မိစ္ဆာသားရဲများမှာ ရုတ်တရက် ကျယ်လောင်စွာထအော်လာလေသည်။
ဘုရင်အဆင့်မိစ္ဆာသားရဲများမှာလည်း တစ်ကောင်ပြီးတစ်ကောင် နောက်မှလိုက်အော်လာလေသည်။
ဘုန်း! ဘုန်း!
လျှပ်တစ်ပြက်အတွင်းမှာပင် ဘုရင်အဆင့်မိစ္ဆာသားရဲ ၁၀ကောင်မှာမြို့ဆီဦးတည်လာလေတော့သည်။
"မကြာခင်စတော့မယ် လေဆာအမြောက်တွေပြင်ထားကြတော့"
ချပ်ဝတ်ဝတ်ဆင်ထားသော စစ်သေနာပတိချုပ်ကျောက်မှာ သူ့လက်ထဲမှအလွန်ထက်ရှသော ဓားအားဆွဲထုတ်လိုက်လေသည်။
မြို့ထဲရှိ မြင့်မားသောအဆောက်အဦးထိပ်ရှိ ကြီးမားသောလေဆာလက်နက်များမှာ စတင်အသက်ဝင်လာလေတော့သည်။
"ပစ်"
ဘုရင်အဆင့်မိစ္ဆာသားရဲများမှာအလွန်လျင်မြန်လှလေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခံတပ်၏ဒုတိယလိုင်းဆီရောက်လာလေသည်။ စစ်သေနာပတိချုပ်ကျောက်မှာ ချက်ချင်းပင်အမိန့်ပေးလိုက်သည်။
ရွှီ! ရွှီ! ရွှီ!
လေဆာအလင်းတန်းများမှာ ချက်ခြင်းပင်အသက်ဝင်လာလေသည်။
တစ်ခဏအတွင်းမှာပင် လေဆာအလင်းတန်းများမှာ ဘုရင်အဆင့်မိစ္ဆာသားရဲ ၇ကောင် ၈ ကောင်လောက်၏ ခေါင်းထဲသို့ဖောက်ဝင်သွားပြီဖြစ်သည်။ သို့သော် အချို့ပစ်ချက်များမှာတော့ လွဲချော်နေဆဲပင်။
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလက်နက်အပြည့်အစုံနှင့် မဟာဆရာသခင်များမှာ အလောတကြီးဆင်းလာပြီး ကျန်ရှိနေသော ဘုရင်အဆင့်မိစ္ဆာသားရဲများအား သတ်ဖြတ်နေကြလေသည်။
ကောင်းကင်တွင်မူ ပျံသန်းမိစ္ဆာသားရဲအများအပြားမှာရှိနေကြဆဲပင်ဖြစ်သည်။
အမြှောက်ပစ်အားမှာ ပြင်းထန်သော်လည်း ပျံသန်းမိစ္ဆာသားရဲများ၏ အကြောက်အလန့်မရှိရှေ့တိုးလာမှုအောက်တွင် ရာနှင့်ချီသောမိစ္ဆာသားရဲများမှာ ကောင်းကင်ရှိကာကွယ်ရေးခံတပ်ကိုဖြတ်ကာ မြို့ဆီသို့ပျံသန်းလာနေကြဆဲပင်။
စစ်သေနာပတိချုပ်ကျောက်မှာ ဘာမှမတတ်နိုင်ဘဲ ပျံသန်းမိစ္ဆာသားရဲများဗြောင်းဆန်အောင်ဖျက်ဆီးနေသည်ကိုသာ ကြည့်နေရလေသည်။
"စစ်သေနာပတိချုပ်ကိုအစီရင်ခံပါတယ် အရှေ့ပိုင်းစခန်းနဲ့ မြောက်ပိုင်းစခန်းရဲ့ ကာကွယ်ရေးခံတပ်မှာ အင်းဆက်မျိုးနွယ်တွေအများကြီးပေါ်လာပါတယ် အရေအတွက်က သန်းနဲ့ချီရှိပါတယ် လက်ရှိမှာ အဲဒီမှာရှိတဲ့ကာကွယ်ရေးလိုင်း ၂ခု ၃ခုနီးပါးက ပျက်စီးခါနီးဖြစ်နေပါပြီ အကူအညီတောင်းခံပါတယ်"
ဒဏ်ရာရနေသော ဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်အား သတ်ပြီးပြီးချင်းမှာပင် စစ်သေနာပတိချုပ်ကျောက်မှာ နားကြပ်မှတစ်ဆင့် အရေးပေါ်အကူအညီတောင်းသံအားကြားလိုက်ရလေသည်။
ဘုန်း! ဘုန်း! ဘုန်း!
မြို့တောင်ပိုင်းစခန်း၏ ကာကွယ်ရေးခံတပ်တွင် အမြောက်သံများမှာအဆက်မပြတ်ထွက်ပေါ်နေလေသည်။
သို့သော် မြင့်မားသောနံရံအပြင်ဘက်ရှိ ကာကွယ်ရေး ၃လိုင်းမှာ လုံးဝပျက်စီးသွားပြီဖြစ်သည်။ စစ်သားများ၊ မိစ္ဆာသားရဲများနှင့် သန္ဓေပြောင်းသားရဲအလောင်းများမှာ နံရံအပြင်ဘက်တွင်စုပုံနေပြီး သွေးနံ့များမှာ နေရာအနှံ့လှိုင်နေလေသည်။
ဂါး! ဂါး!
အလယ်အလတ် ဘုရင်အဆင့်မိစ္ဆာသားရဲ ၇ကောင် ၈ကောင်လောက်မှာ မြို့နံရံအားရူးသွပ်စွာ တိုက်ခိုက်နေကြလေသည်။
၁၀စက္ကန့်ကျော်အတွင်းမှာပင် မီတာပေါင်းရာချီမြင့်သောသတ္တုနံရံ၏ သုံးပုံပုံတစ်ပုံမှာ ပြိုကျသွားပြီဖြစ်သည်။
"သတ် သတ် ငါတို့သေရရင်တောင် မြို့ထဲကိုမိစ္ဆာသားရဲတစ်ကောင်တောင် ပေးဝင်လို့မရဘူး"
"ချီးပဲ မိစ္ဆာမျိုးနွယ်တွေ ငါ့ကိုကျော်ဖို့စဉ်းတောင်မစဉ်းစားနဲ့ကွ"
"သတ် ဒီမကောင်းဆိုးဝါးတွေကိုသတ်"
နံရံပြိုကျသွားပြီးနောက် မြို့ထဲနှင့်စစ်တပ်ထဲမှသိုင်းပညာရှင်အများစုမှာ အုံကြွလာကြလေသည်။ သူတို့၏ခန္ဓာကိုယ်များကို ကာကွယ်ရေးဒိုင်းအနေနှင့်အသုံးပြုကာ မိစ္ဆာသားရဲများ၏တိုက်ခိုက်မှုအား ကြံ့ကြံ့ခံကာကွယ်နေကြလေသည်။
ကျန်ရှိနေသောစစ်သားများမှာ ကျည်ဆံကုန်သွားပြီးနောက်ပိုင်း လက်ဗလာဖြင့် မိစ္ဆာသားရဲများထံခုန်ဝင်ကာ တိုက်ခိုက်နေကြလေသည်။
"တပ်မှူးချုပ် မြန်မြန် ကျွန်တော်တို့တောင့်မခံနိုင်တော့ဘူး အကူအညီတောင်းခံပါတယ်"
တပ်မှူးချုပ်ချူ၏နားကြပ်တွင် တိုက်ခိုက်သံများကိုသာအဆက်မပြတ်ကြားနေရသည်။ ကြုံးဝါးတိုက်ခိုက်နေရင်း သူဝတ်ဆင်ထားသောချပ်ဝတ်တွင်လည်း သွေးများဖြင့်ဖုံးလွှမ်းနေလေသည်။
"ငါတို့ ဘယ်ကနေအကူအညီရမှာလဲ အနောက်ပိုင်းစခန်းရဲ့ ကာကွယ်ရေးလိုင်းက ပျက်စီးသွားပြီ အင်းဆက်မျိုးနွယ်အများကြီးက မြို့ထဲကိုကျူးကျော်လာကြပြီ ပြီးတော့အရှေ့ပိုင်းစခန်းက စစ်သေနာပတိချုပ်ရဲ့ ဖိအားကပိုတောင်ကြီးသေးတယ် အရှင်သခင်အဆင့်မိစ္ဆာသားရဲတွေကငါတို့ကို ငမ်းငမ်းတက်စောင့်ကြည့်နေတာ ပြော ဘယ်သူကလာကူညီနိုင်မှာလဲ"
နားကြပ်ထဲမှအသံများမှာ ချက်ချင်းပင်တိတ်ကျသွားပြီး မိစ္ဆာသားရဲများ၏အော်ဟစ်သံများကိုသာ ကြားနေရလေသည်။
"ဒီအချိန်မှာ ငါတို့အသက်စွန့်တိုက်ဖို့ပဲရှိတယ် သတ်ကြ"
"သတ်ကြ"
ဤတိုက်ပွဲတွင် မည်သူမှနောက်ဆုတ်ခြင်းမရှိပေ။
မြို့အဆုံးသတ်သွားသည်နှင့် သူတို့နေထိုင်ရာအိမ်ကိုဆုံးရှုံးလိုက်ရမည်ကို အားလုံးသိကြပေသည်။
ဘန်း! ဘန်း!
ဘုရင်အဆင့်မိစ္ဆာသားရဲ ၇ကောင် ၈ကောင်၏ရူးသွပ်စွာတိုက်ခိုက်မှုအောက်တွင် တံတိုင်းကြီးမှာ တဖြည်းဖြည်းပြိုကျလာပြီး မြောက်မြားစွာသော မိစ္ဆာစစ်သည်များမှာ ပြိုကျရာနေရာသို့ အတင်းတိုးဝင်လာကြလေသည်။
တပ်မှူးချုပ်ချူမှာထိုအရာအားမြင်သောအခါ မျှော်လင့်ချက်ပျက်သုဥ်းသွားသလိုခံစားလိုက်ရလေသည်။
"ပြီးသွားပြီ"
ရွှစ်! ရွှစ်!
သို့သော် ထိုအချိန်မှာပင် ကောင်းကင်တွင်ဓားအလင်းရောင်တစ်ခု ရုတ်တရက်ပေါ်လာလေသည်။
....................................................................................
အခန်း (၈၆) ပြီးပါပြီ။
အခန်း (၈၇) : ငါ့မိဘတွေအန္တရာယ်ရှိနေပြီ
ကောင်းကင်တစ်ခုလုံးတွင် ချက်ချင်းဆိုသလိုပင် ဓားအလင်းရောင်များဖြင့် ဖုံးလွှမ်းသွားလေသည်။ နံရံပြိုကျသွားသောနေရာအား အလောတကြီးစုပြုံလာသော မိစ္ဆာစစ်သည်များမှာ ချက်ချင်းပင်ထက်ရှသော ဓားအလင်းရောင်၏ အပိုင်းပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရလေသည်။
ဘုရင်အဆင့်မိစ္ဆာသားရဲ ၃ကောင်မှာ တုံ့ပြန်ချိန်တောင်ရှိဘဲ ခန္ဓာကိုယ်မှာ နှစ်ခြမ်းဖြစ်ကာကျယ်လောင်လှသော အသံဖြင့်မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။၎င်းတို့၏ကြီးမားသော ခန္ဓာကိုယ်ကြီးများမှာ နံရံ၏ပွင့်နေသောနေရာအား ပိတ်ပေးလိုက်သလိုပင်။
ထိုမြင်ကွင်းအားမြင်သောအခါ တပ်မှူးချုပ်ချူနှင့် သိုင်းပညာရှင်အဖွဲ့မှာမှင်တက်သွားကြလေသည်။
မကြာမီပင် သူတို့၏မြင်ကွင်းထဲတွင် အနီရောင်ချပ်ဝတ်ဝတ်ထားသော လူတစ်ယောက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အသံတစ်သံကိုပါကြားလိုက်ရလေသည်။
"တောင်းပန်ပါတယ် ငါလာတာနောက်ကျသွားတယ်"
ပထမဆုံးသတိဝင်လာသူမှာ တပ်မှူးချုပ် ချူဖြစ်သည်။ သူသည်ပျော်ရွှင်စွာခုန်ပေါက်လိုက်လေသည်။
"ဒါ စီနီယာကျိုးပဲ စီနီယာကျိုးအသက်ရှင်နေသေးတယ်"
အခြားသိုင်းပညာရှင်များလည်း သတိပြန်ဝင်လာပြီး ပျော်ရွှင်သွားကြလေသည်။
ဂါး! ဂါး!
ကျန်ရှိနေသော ဘုရင်အဆင့်မိစ္ဆာသားရဲ ၅ကောင်မှာ ဒေါသတကြီးအော်ဟစ်လာကြလေသည်။
ကျိုးဟောင်မှာဝေ့ဝဲကြည့်ပြီး အမိန့်ပေးလိုက်လေသည်။
"မင်းတို့တွေ မိစ္ဆာစစ်သည်တွေကို အမြန်ရှင်းကြ ငါဒီကောင်တွေကို အရင်ရှင်းလိုက်မယ်"
"စီနီယာကျိုး ဂရုစိုက်......"
တပ်မှူးချုပ်ချူ၏စကားမဆုံးမီပင် ကျိုးဟောင်မှာဖျက်ခနဲပျောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အလယ်အလတ်ဘုရင်အဆင့်မိစ္ဆာသားရဲ ၅ ကောင်မှာ ပြုတ်ကျလာလေတော့သည်။
ကျိုးဟောင်မှာ နေရာမှတစ်လှမ်းမှမရွှေ့လိုက်သလိုပင်။
သိုင်းပညာရှင်များအားလုံးမှာလည်း မှင်တက်နေကြလေသည်။
"သူ....သူအဲဒီသတ္တဝါတွေကိုဒီတိုင်းပဲသတ်လိုက်တာလား"
"အဲဒါတွေက အလယ်အလတ်ဘုရင်အဆင့်မိစ္ဆာသားရဲတွေလေ"
အားလုံးမှာ သူတို့မျက်လုံးသူတို့မယုံနိုင်ကြပေ။
သူတို့ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ကျိုးဟောင်၏ပုံရိပ်မှာ နောက်တစ်ကြိမ်ပျောက်ကွယ်သွားလေသည်။
ဓားအလင်းရောင်များမှာ နေရာအနှံ့ပျံ့နှံ့သွားပြီး အချင်းချင်းချိတ်ဆက်သွားကာ မိစ္ဆာစစ်သူကြီးအများအပြား၏ ဘေးတွင် စူးရှသောကြယ်ရောင်များကဲ့သို့ ရိပ်ခနဲလင်းလက်သွားလေသည်။
မိနစ်ဝက်မပြည့်ခင်အချိန်မှာပင် မြို့နံရံအပြင်ဘက်ရှိ မိစ္ဆာစစ်သူကြီးထောင်ချီမှာ ပြုတ်ကျလာလေသည်။
သောင်းနှင့်ချီသောမိစ္ဆာစစ်သည်များမှာ အလွန်ထိတ်လန့်လာကြလေသည်။သူတို့အား မိစ္ဆာဘုရင်များနှင့် မိစ္ဆာစစ်သူကြီးများမကူညီပါက သူတို့တွင် နံရံအားတိုက်ရန်အချိန်မရှိပေရာ တစ်ကောင်ပြီးတစ်ကောင် ပြန်လှည့်ပြေးလေတော့သည်။
ကျိုးဟောင်မှာ ထိုအရာအားမြင်သောအခါ တပ်မှူးချုပ်ချူအားလှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"တောင်ပိုင်းစခန်းကို ထိန်းထားဖို့ မင်းတို့တွေလက်ထဲ လွှဲထားခဲ့လို့ရတယ်မလား"
တပ်မှူးချုပ်ချူနှင့်အခြားသိုင်းပညာရှင်များမှာ ကျိုးဟောင်၏သတ်ဖြတ်မှုကိုကြည့်ပြီး မှင်တက်နေကြဆဲပင်။
ကျိုးဟောင်မှာခေါင်းအသာယမ်းပြီး ပုံရိပ်ယောင်မျက်နှာပြင်အားကြည့်လိုက်လေရာ ချက်ချင်းပင်ထိတ်လန့်သွားလေသည်။
ကံကြမ္မာအမှတ် : ၁၁၅၇၀၀၀၀၀ (လက်ရှိအဆင့် : ပြီးမြောက်နိုင်သော အိပ်မက်များအဆင့်)
သူ၏ကံကြမ္မာအမှတ်မှာ တကယ်ကြီး ၁၀သန်းကျော်သွားပေပြီ။
ထို့အပြင်အဆင့်မှာလည်း နောက်တစ်ဆင့်ကိုတိုးမြင့်သွားသည့်ပုံပင်။
"ဟဟ မိစ္ဆာသားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုက တကယ်ကြီး ကံကြမ္မာအမှတ်တွေစုဆောင်းဖို့ အကောင်းဆုံးအခွင့်အရေးပဲ"
ကျိုးဟောင်မှာသတိဝင်လာကာ စိတ်လှုပ်ရှားလာလေသည်။
ပုံမှန်အားဖြင့် သူသည်တောနက်ထဲတွင် အဆင့်မြင့်မိစ္ဆာစစ်သူကြီးတစ်ကောင်အား သတ်လိုပါက ဟိုဒီပြေးလွှားကာရှာရပေသည်။ ထို့အပြင် သူအများကြီးသတ်လိုက်လျှင်လည်း အခြားမိစ္ဆာစစ်သူကြီးများမှာ သေချာပေါက်ထွက်ပြေးကြကုန်မှာပင်။
မိစ္ဆာဘုရင်များကတော့ ဉာဏ်ရည်ရှိသော သတ္တဝါများဖြစ်ကြလေရာ သူအငွေ့အသက်အား အဝေးမှခံစားမိရုံဖြင့် ရူးသွပ်စွာထွက်ပြေးကြမည်ဖြစ်သည်။
ထို့ကြောင့် ကံကြမ္မာအမှတ် ၁၀သန်းရဖို့မဆိုထားနှင့် ၁သန်းရဖို့တောင် အတော်ခက်လေသည်။
သို့သော် မိစ္ဆာများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုမှာတော့ မတူပေ။
အုပ်စုဖွဲ့တိုက်ခိုက်မှုအတွင်း မိစ္ဆာစစ်သူကြီးများနှင့် မိစ္ဆာဘုရင်များမှာ အားလုံးစုဝေးနေကြမည်ဖြစ်ပြီး မိစ္ဆာအရှင်သခင်တစ်ကောင်၏ ဦးဆောင်မှုဖြင့် လုံးဝထွက်မပြေးရဲပေ။ ထို့ကြောင့် ဤကိစ္စမှာ ကျိုးဟောင်အားကံကြမ္မာအမှတ်များကို ရူးသွပ်စွာစုဆောင်းရန် အခွင့်အရေးပေးလိုက်သလိုပင်။
ယခုအချိန်တွင် တောင်ပိုင်းစခန်းရှိမိစ္ဆာစစ်သည်စစ်တပ်အားသတ်ရုံဖြင့် ကံကြမ္မာအမှတ် ၁၀ သန်းကျော်ရသွားပြီဖြစ်လေရာ အကယ်၍သူသာ ယခုတစ်ခေါက်မြို့ကိုတိုက်ခိုက်လာသော မိစ္ဆာသားရဲများနှင့် အင်းဆက်များအားလုံးကို သတ်နိုင်မည်ဆိုပါက......
တွေးရင်း ကျိုးဟောင်၏မျက်လုံးများမှာအရောင်တောက်လာလေသည်။ သူအခုချက်ချင်းပင် အရှေ့ပိုင်းစခန်းကိုသွားပြီး မိစ္ဆာသားရဲများကိုသွားသတ်ချင်နေပြီဖြစ်သည်။
"စီနီယာကျိုး စီနီယာကျိုး....ကြားရင်ပြန်ဖြေပါဦး"
ထိုအချိန်၌ ကြိုးမဲ့ချန်နယ်မှပြတ်တောင်းပြတ်တောင်းအသံတစ်ခုထွက်ပေါ်လာပြီး ကျိုးဟောင်၏အတွေးစမှာလည်း ပြတ်တောက်သွားလေသည်။
စစ်သေနာပတိချုပ်ကျောက်၏အသံအားကြားသောအခါ ကျိုးဟောင်မှာအမြန်ပင်ပြန်ဖြေလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် အဲဒီဘက်မှာအခြေအနေဘယ်လိုရှိလဲ"
"သိပ်ကောင်းတာပဲ စီနီယာကျိုး ခင်ဗျားမသေသေးဘူး"
"ဘုရားရေ စီနီယာကျိုး ခင်ဗျားအသက်ရှင်နေသေးတယ်"
"စစ်ရေးသတင်းအချက်အလက်ဌာနကနောက်ဆုံးတော့ သူတို့တာဝန်ကျေသွားပြီ"
ဟဲ့ပျောင်းနှင့် ကျန်းဟုန်၏ပျော်ရွှင်နေသောအသံမှာ ကြိုးမဲ့ချန်နယ်မှတစ်ဆင့် ထွက်ပေါ်လာလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာ အလျင်အမြန်ပင်ပြန်ဖြေလိုက်သည်။
"စီနီယာကျိုး လောလောဆယ်တော့အရှေ့ပိုင်းစခန်းကထိန်းထားနိုင်သေးတယ် ခင်ဗျားဘယ်မှာလဲ"
ကျိုးဟောင်မှာပြန်ပြောလိုက်လေသည်။
"ကျုပ် တောင်ပိုင်းစခန်းမှာ မိစ္ဆာသားရဲစစ်တပ်ကိုမောင်းထုတ်ပြီးလို့ ခင်ဗျားတို့ရဲ့အရှေ့ပိုင်းစခန်းဆီ လာတော့မလို့"
"ဘာရယ် တောင်ပိုင်းစခန်းကမိစ္ဆာသားရဲစစ်တပ်ကို မောင်းထုတ်လိုက်နိုင်ပြီလား"
"စီနီယာကျိုး အသက်ရှည်ပါစေ"
"ဟဟ စီနီယာကျိုးကတကယ့်ကို အမြဲတမ်းရဲစွမ်းသတ္တိကတော့အပြည့်ပဲ"
ဟဲ့ပျောင်း ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ ပျော်ရွှင်စွာအော်ပြောလိုက်ကြလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာလည်း အလွန်အမင်းပျော်ရွှင်နေလေရာ သူ့အသံထဲရှိစိတ်ပူပန်မှုပင် သိသိသာသာလျော့သွားသလိုပင်။
"စီနီယာကျိုး မြောက်ပိုင်းနဲ့ အနောက်ပိုင်းရဲ့ နယ်စပ်ကာကွယ်ရေးခံတပ်တွေလည်း ပျက်စီးကုန်ပြီ အင်းဆက်မျိုးနွယ်တွေအများကြီးလည်း မြို့ထဲကိုဝင်လာကြပြီ ကျွန်တော်လူလွှတ်ပြီးကူခိုင်းလို့မရလို့ ခင်ဗျားပဲသွားပြီး ကူညီပေးနိုင်မလား"
"ဘာ အနောက်ပိုင်းစခန်းရဲ့ခံတပ်လည်း ပျက်စီးသွားပြီလို့ပြောတာလား"
ကျိုးဟောင်၏ ခန္ဓာကိုယ်မှာတုန်ယင်လာလေသည်။
"မြို့ထဲမှာ နေတဲ့လူတွေကရော"
စစ်သေနာပတိချုပ်ကျောက်မှာ ကျိုးဟောင်စိတ်ပူနေမှန်းသိလေရာ အလျင်အမြန်ပင်ပြန်ဖြေလိုက်လေသည်။
"စီနီယာကျိုး စိတ်ချပါနေထိုင်သူအများစုကို မြေအောက်စခန်းဆီရွှေ့ပြောင်းပြီးပါပြီ ဒါပေမဲ့အနည်းစုကတော့ကျန်နေသေးတယ်...."
ကျိုးဟောင်မှာ ဖြတ်ပြောလိုက်လေသည်။
"ကျုပ် အခုချက်ချင်းပဲသွားလိုက်မယ်"
စကားဆုံးသည်နှင့် ကျိုးဟောင်၏ပုံရိပ်မှာ ထိုနေရာမှပျောက်ကွယ်သွားလေသည်။
ချူမြို့အထက်တန်းကျောင်း၊ ယန်ဥယျာဉ်အိမ်ရာ၊ သို့မဟုတ် သူ့မိဘများအလုပ်လုပ်သောကုမ္ပဏီ အားလုံးမှာ အနောက်ပိုင်းစခန်းတွင်တည်ရှိနေခြင်းပေ။
ယခု အနောက်ပိုင်းစခန်း၏ကာကွယ်ရေးခံတပ်မှာ ပျက်စီးသွားပြီဖြစ်ပြီး အင်းဆက်သားရဲအများအပြားမှာ ဗြောင်းဆန်အောင်ဖျက်ဆီးနေကြလေရာ သူ့မိဘများတွင် အန္တရာယ်ရှိနေပြီဖြစ်သည်။
....................................................................................
အခန်း (၈၇) ပြီးပါပြီ။