အခန်း ၈၈-၉၀
Vol. 6 Ch. 88-90
အခန်း (၈၈) : အားလုံးတော်ကြပါပေတယ်
ဘုန်း ဘုန်း.....
အသံလှိုင်းပေါက်ကွဲသံကြီးနှင့်အတူ ကျိုးဟောင်မှာ အနောက်ပိုင်းခရိုင်ခံတပ်ဆီသို့ ဒုံးပျံကဲ့သို့ အလျင်အမြန်ပြေးသွားလေသည်။
သူသည် အနောက်ပိုင်းခရိုင် နှင့် တောင်ပိုင်းခရိုင်အားပိုင်းခြားသော နယ်နိမိတ် စည်းသို့ရောက်သောအခါ အင်းစက်ပိုးကောင်အများအပြားကို လမ်းမပေါ်၌တွေ့လိုက်ရသည်။
စစ်သားအများအပြားသည် အတားအဆီးများကို အမှီခိုပြုပြီး အင်းစက်ပိုးကောင်များအား အသည်းအသန် ပစ်ခတ်တားဆီးနေကြလေသည်။
တင့်ကားများ ရဟတ်ယာဉ်များကလည်း အားကောင်းသေား အင်းစက်ကြီးများကို အဆက်မပြတ်ပစ်ခတ်ဗုံးကြဲတိုက်ခိုက်နေကြရသည်။
ကျိုးဟောင်မှာ အလွန်အမင်း စိတ်ပူနေခဲ့သည်။ အဘယ့်ကြောင့်ဆို သူဒီကိုမလာခင်ထဲက သူ့မိဘများကို ဖုန်းခေါ်နေခဲ့သော်လည်း ခုထိပြန်လည်မဖြေကြားသောကြောင့်ဖြစ်လေသည်။
ဖြူး ဖြူး ဖြူး.......
သူသည် စိတ်ပူနေလျက်နှင့်ပင် အင်းစက်ပိုးကောင်တပ်ကြီးထဲသို့ တဲ့တဲ့တိုး၀င်သွားပြီး များပြားလှသော အင်းစက်ပိုးကောင်များအား သူ့ဓားဖြင့်သုတ်သင်နေလေသည်။
"ဒါ ....ဒါ မဟာဆရာသခင်တယောက်ပဲ"
"ငါတို့အတွက် အကူအညီရောက်လာပြီ ညီကိုတို့ ချီတက်ကြဟေ့"
" ချီတက်ကြဟေ့ ဒီအမှိုက်သာသာပိုးကောင်တွေကို အကုန်သတ်ကြဟေ့...."
စစ်သည်များသည် အစကခက်ခက်ခဲခဲ ခုခံနေကြရသော်လည်း အနီရောင်အသွင်အပြင်တခုသည် အင်းစက်တပ်ထဲသို့တိုး၀င်သွားပြီး အင်းစက်များအား ဟင်းသီးဟင်းရွက်လှီးသကဲ့သို့ ခုတ်ဖြတ်နေသည်ကို မြင်ကြရသောအခါ စိတ်အားပြန်တက်ကြွသွားပြီး ပြန်လည်ထိုးစစ်ဆင်ကြလေသည်။
ကျိုးဟောင်သည် အနောက်ပိုင်းခရိုင်နယ်စပ်စည်းမှ အဓိကလမ်းမကြီးထိရောက်သည်အထိ လမ်းတလျောက်တွင် ရှိသမျှ အင်းစက်များအား ရှင်းလင်းခဲ့သည်။ သူသည် ထောင်သောင်းနှင့်ချီသော အင်းစက်များကို သတ်ဖြတ်ခဲ့ပြီး အနောက်ပိုင်းခရိုင်ကွပ်ကဲရေးစခန်းရောက်မှ ရပ်တန့်လိုက်လေသည်။
အနီရောင်ချပ်၀တ် ၀တ်ဆင်ထားသော တပ်မခေါင်းဆောင် ဂေါင်မှာ အင်းစက်ပိုးကောင်များအရေအတွက် ချက်ချင်းလျော့ကျသွားသည်ကို သိရှိလိုက်ပြီး သူတို့အပေါ်တွင်ကျရောက်နေသော ဖိအားများလျော့နည်းသွားသည် သတိထားလိုက်မိသည်။
ထိုအချိန်မှ သူသည် အနီရောင်ချပ်၀တ်နှင့် ကျိုးဟောင်အားမြင်တွေ့လေသည်။
"စီနီယာကျိုး"
သူ အရိုအသေပေးလိုက်သည်။
ကျိုးဟောင်ကလက်ကာပြလိုက်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။
" တပ်မခေါင်းဆောင်ဂေါင် ချူမြို့အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ယန်ဥယျာဉ်အိမ်ရာက နေထိုင်သူတွေကို ရွှေ့ပြောင်းပြီးပြီလား"
တပ်မခေါင်းဆောင် ဂေါင် မှာ ခဏဆွံအသွားပြီးနောက် ထိုကိစ္စနှင့်ပတ်သတ်၍တာ၀န်ရှိသူအားရှာဖွေပေးလေသည်။
"စီနီယာကျိုး ဒီလူက ကျောင်းသားတွေနဲ့ နေထိုင်သူတွေ ရွှေ့ပြောင်းပေးတဲ့တာ၀န်ရှိသူပါ ။ သူ့ကိုမေးမြန်းလို့ရပါတယ်"
"ဆရာ အနောက်ပိုင်းခရိုင်က နေထိုင်သူအားလုံးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးပါ။ လောလောဆယ်တော့ သူတို့အားလုံး အန္တရာယ်ကင်း မကင်းစစ်ဆေးပေးနေပါတယ်"
ထိုလူက အလျင်အမြန်ပင် အရိုအသေပေးပြီး ဖြေကြားလေသည်။ ထိုစကားကိုကြားမှ ကျိုးဟောင်လည်း သက်ပြင်းချနိုင်တော့သည်။
ယန်ဥယျာဉ်အိမ်ရာတွင် အထူးမြေအောက်ဗုံးခိုစခန်းတခုရှိသည်ကို သူသတိရသွားသည်။ အားလုံးကို ရွှေပြောင်းပြီးသောကြောင့် သူ့မိဘများလည်း ဘေးကင်းနိုင်လေသည်။
ဒါ့အပြင် သူလမ်းတလျှောက်သတ်ဖြတ်လာခဲ့ပြီး အင်းစက်ပိုးကောင်တပ်များသည် ချူမြို့အထက်တန်းကျောင်းနှင့် ယန်ဥယျာဉ်အိမ်ရာဘက်မရောက်သေးကြောင်းသတိပြုမိလေသည်။
"တော်ကြပါပေတယ်"
ကျိူးဟောင်လည်း အမူအရာများ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်ဆရာ ဒါက လည်း ကျွန်တော့်တာ၀န်ရဲ့တစိတ်တပိုင်းပါ"
တပ်သားလေးကလည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီးရိုသေစွာပြန်ဖြေလေသည်။
ကျိုးဟောင်က ပြုံးပြီး တည်ကြည်သော အမူအရာဖြင့်တပ်မခေါင်းဆောင် ဂေါင်အား ကြည့်ပြီးပြောလိုက်သည်။
"စစ်သေနာပတိချုပ်ကျောက် က ကျုပ်ကို အနောက်ပိုင်းခရိုင်အား အကူအညီပေးဖို့စေလွှတ်လိုက်တာပါ။ ကဲ အခုအခြေအနေဘယ်လိုရှိလဲ"
" အခြေအနေက အရမ်းဆိုးတယ်ဆရာ။ ယခုတကြိမ်မှာ အင်းစက်မျိုးကွဲပေါင်း ထောင်သောင်းနှင့်ချီပါ၀င်လာခဲ့တယ်။ ကျွန်တော်စစ်သားတွေအပြင်းအထန်ပျက်စီးထိခိုက်မှုတွေခံစားနေရပြီး သိုင်းပညာရှင်တအရေအတွက်လည်း နည်းပါးနေပါတယ်။ကျွန်တော်တို့တောင့်ခံထားဖို့မလွယ်ဘူး"
တပ်မခေါင်းဆောင် ဂေါင်က သက်ပြင်းချပြီးပြန်ပြောလေသည်။
"သို့သော်လည်း အဓိကပြဿနာက ဟုန်ရှင်းရိပ်သာလမ်းဘက်မှာ ရှိတဲ့ ဒါနှင့်ချီတဲ့ ဘုရင်အဆင့် သားရဲကြီးတွေက အကြီးအကျယ်ပျက်ဆီးမှုတွေကိုဖြစ်စေနေတာပဲ။ မဟာဆရာသခင်အဆင့် အကူအညီမပါဘဲ ဒါကိုဖြေရှင်းဖို့ မလွယ်ကူဘူး"
"ဟုန်ရှင်းရိပ်သာလမ်း"
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်စကားမဆုံးခင်မှာ သူ့ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။
တပ်မခေါင်းဆောင် ဂေါင်လည်း ပြောစရာစကားမဲ့သွားခဲ့လေသည်။ ဒီစီနီယာကျိုးက အလွန်ဆန္ဒစောတတ်တာပဲလို့ သူ့ဟာသူပြန်တွေးနေလေသည်။ သြူစကားမဆုံးခင်ကပင် ကျိုးဟောင်ကထွက်ခွာသွားသောကြောင့်ဖြစ်လေသည်။
"တပ်ရင်း ၁၁၃သို့သတင်းပို့ပါတယ်။ ဟုန်ရှင်းရိပ်သာလမ်းမှာရှိတဲ့ ဘုရင်အဆင့်သားရဲ ၁၀ကောင်ကျော်ကို မဟာဆရာသခင်တယောက်ကရှင်းလင်းလိုက်ပါပြီ။ သတင်းပေးပို့မှုပြီးဆုံးပါပြီ"
ထိုအချိန်မှာပဲ တပ်မခေါင်းဆောင် ဂေါင်၏ နားကြပ်မှ အသံမြည်လာခဲ့လေသည်။
"ဘာဘုရင်အဆင့် နတ်ဆိုးမိစ္ဆာတွေအကုန်အသတ်ခံလိုက်ရပြီ။ ဒါ.....ဒါက"
သူ၏မျက်လုံးများပြူးသွားပြီးအံ့အားသင့်နေခဲ့လေသည်။
"တပ်မခေါင်းဆောင် ဂေါင် ကျွန်တော်တို့ကို အကူအညီပေးနေတဲ့ မဟာဆရာသခင်ကအရမ်းအစွမ်းထက်တာပဲ။ လေးစက္ကန့်လောက်အတွင်း သူဘုရင်အဆင့်နတ်ဆိုးမိစ္ဆာဆယ်ကောင်ကျော်ကိုသတ်ပြီးသွားပြီ။ ဟားဟား ငါတို့မြို့တော့ ကယ်တင်ခံရပြီဟေ့"
"အံဖွယ်ပဲဟေ့..."
"အထင်ကြီးလောက်ပါပေတယ်"
သူ့နားကြပ်မှ ချီးကျူးသံများ ဆက်တိုက်ထွက်လာလေသည်။ ဟုန်ရှင်းရိပ်သာလမ်းတွင် တာ၀န်ကျနေသော တပ်ဖွဲ့များလည်း ပြောစရာစကားမဲ့နေကြပြီး အံ့ဩနေခဲ့ကြသည်။
တပ်မခေါင်းဆောင် ဂေါင်လည်း မှင်တက်နေခဲ့လေသည်။ သူသည် စီနီယာကျိုးအား စကားပြောဖို့ ကြိုးစားနေတဲ့ အချိန်အတွင်းမှာပဲ အနောက်ပိုင်းခရိုင်ရင်ဆိုင်နေရသော ဘုရင်အဆင့်သားရဲကြီးများကို ရှင်းလင်းနိုင်လိမ့်မည်လို့ သူတွေးတောင် မတွေးကြည့်ဖူးပေ။
လေးစက္ကန့်လောက်မှင်တက်နေပြီးနောက် သူအသိပြန်၀င်လာပြီးမေးလိုက်သည်။
" အဲ့ဒီ စီနီယာကျိူး အခုဘယ်မှာလဲ"
"တပ်မခေါင်းဆောင် ဂေါင် စီနီယကျိုးက တောင်ပိုင်းခရိုင်ကို သွားရောက်အကူအညီပေးမယ်လို့ပြောသွားပါတယ်။ ဟုတ်သားပဲ စီနီယာကျိုးက ရာနဲ့ချီတဲ့ ဘုရင်အဆင့် အင်းစက်မိစ္ဆာတွေအကုန်လုံးကို ရှင်းလင်းပေးခဲ့ပါတယ်"
တပ်မခေါင်းဆောင် ဂေါင်မှာလက်ထဲတွင်ကိုင်ထားသောဓားပင်လွတ်ကျသွားလေသည်။
..........
မြို့၏တောင်ပိုင်းခရိုင်တွင်....
အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းမှာတော့ အင်းစက်ပိုးကောင်များကြောင့် ကပ်ဘေးကျရောက်နေခဲ့ရသည်။
ဒက် ဒက် ဒက်....
လမ်းမပေါ်တွင်လည်း အကျိုးအပဲ့အပျက်အစီးများဖြင့်ပြည့်နေလေသည်။သေနတ်သံများတစတစလျော့လာခဲ့ပြီး အင်းစက်ပိုးကောင်များ၏ ဆုတ်ဖြဲခြင်းခံရသော စစ်သားအလောင်းများပြည့်နေလေသည်။
ချပ်၀တ်ဖြင့် သိုင်းပညာရှင်များမှာလည်း အသည်းအသန် ဆုတ်ခွာနေရပြီး အင်းစက်ပိုးကောင်များကို ခုခံဖို့ မြေနေရာအနေအထားပေါ်တွင်သာ အမှီပြုနေရလေသည်။
အဆောက်အအုံပျက်ကြီး၏ထောင့်တနေရာတွင်ကျောင်းသားများဒါဇင်နှင့်ချီတုန်လှုပ်ချောက်ချားနေကြလေသည်။
..............................................................................
အခန်း (၈၈)ပြီးပါပြီ။
အခန်း (၈၉) : အင်းစက်ပိုးကောင်များ၏ ဝိုင်းရံခြင်းကိုခံရခြင်း
ထိုကျောင်းသားများမှာ ယွမ်ချန်း ၊ ယွင်ယန် ပါ၀င်တဲ့ ယန်ကျင်းလေ့ကျင့်ရေးစခန်းမှ ကျောင်းသားများ နှင့် ရှုလင် ပါဝင်သော ချူမြို့အထက်တန်းကျောင်းမှ ကျောင်းသားများဖြစ်နေလေသည်။
"အဲ့တာ တံစဉ်ကဲ့သိုခြေထောက်ပါတဲ့ ပျားနီကောင်တွေပဲ"
"ငါတို့တော့ သွားပြီ.... သွားပြီ"
"ဒီလိုဖြစ်မယ်မှန်းသာသိရင် ငါဘားကိုလိုက်မလာပါဘူး အီးဟီး......"
"မင်းဘာလို့ ငိုနေတာလဲ။ ခုမှတော့နောင်တရနေလဲအပိုပဲ။ ဒါက အထူးသတိပေးချက်ထုတ်ပြန်ထားတဲ့အခြေအနေပဲ ဒီတော့ငါတို့ပုန်းနေလဲမထူးဘူး"
ကျောင်းသားများမှာ တိုးတိုးလေးပြောနေကြသော်လည်း စိုးရိမ်ထိတ်လန့်မှုနှင့် ကြောက်လန့်နေမှုတို့ကို မထိန်းချုပ်ထားနိုင်ကြပေ။
မြို့ကအချက်ပေးချက်မြည်သည့်အချိန်တွင် သူတို့မှာ သီချင်းဆိုခန်းထဲတွင်ရှိနေခဲ့ကြပြီး အကုန်လုံးမှာသောက်ထားကြသောကြောင့် အချက်ပေးသံကို မကြားခဲ့ကြပေ။သူတို့ထွက်လာကြချိန်မှာတော့ မည်သူမှ မရှိကြတော့ပေ။
ဒါ့ကြောင့် သူတို့သည် မြို့အတိုက်ခိုက်ခံရပါက အန္တရာယ်ကင်းရာ မြေအောက်ခန်းထဲသို့ တာ၀န်ယူရွှေ့ပြောင်းပေးတော့ အစိုးရအဖွဲ့များနှင့် မကြုံခဲ့ပဲ ယခုလိုသောင်တင်ကျန်နေခဲ့လေသည်။
ဒါ့အပြင်မြောက်ပိုင်းခံတပ်မှာလည်း အလျင်အမြန်ပြိုပျက်သွားသောကြောင့် သူတို့အတွက် မြေအောက်ခန်းသို့ ပြန်ဆုတ်ဖို့အခွင့်အရေးမရရှိခဲ့ပေ။
"ငါတို့ဘာဆက်လုပ်ကြမလဲ"
ယွင်ယန် နဲ့ ဖန်းယွီက ယွမ်ချန်းအားကြည့်ပြီးမေးလိုက်သည်။ သူတို့ထဲတွင် ယွမ်ချန်းက အသန်မာဆုံးဖြစ်လေသည်။
ယွမ်ချန်းက ပြတင်းပေါက်မှနေ၍အပြင်သို့လှမ်းကြည့်လိုက်သောအခါ အကြီးအကျယ်ဖျက်ဆီးနေကြသော အင်းစက်ပိုးကောင်များကိုမြင်တွေ့လိုက်ရလေသည်။
" ငါတို့အားလုံးအတွက် ချပ်၀တ်တွေ လိုအပ်တယ်။ မဟုတ်ရင် ဘယ်သူမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ယွမ်ချန်းကပြောလေသည်။ ချပ်၀တ်များမပါပါက သိုင်းပညာရှင်တယောက်ဖြစ်လျှင်တောင် အင်တိုက်အားတိုက် တိုက်ခိုက်ရန်မလွယ်ကူလှပေ။
သူတို့မှာ ကျောင်းသားများသာဖြစ်ပြီး ပုံရိပ်ယောင်လေ့ကျင့်ရေးတွင် လေ့ကျင့်ထားသော်လည်း ချပ်၀တ်တန်ဆာများမပါဘဲတိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။
"မြေပေါ်မှာ သေဆုံးနေကြတဲ့ သိုင်းပညာရှင်တွေဆီမှာတော့ ချပ်၀တ်တွေရှိတယ်။ ဒါပေမဲ့ အဲ့တွေကိုယူပေးမယ့် တယောက်ယောက်တော့ရှိဖို့လိုတယ်"
ရှုလင်က နှုတ်ခမ်းကိုကိုက်ပြီးပြောလိုက်သည်။
ယွမ်ချန်း ယွင်ယန် နှင့် အခြား ယန်ကျင်းလူရည်ချွန်များအားလုံး တိတ်ဆိတ်နေကြလေသည်။သူတို့အားလုံးမှာ ချပ်၀တ်များ၀တ်ဆင်ထားကြလေသည်။
သို့သော်လည်း ယခုလိုအခြေအနေတွင် အလောတကြီး အပြင်ထွက်ပါက သေတွင်းထဲသို့ဆင်းသလိုပင်ဖြစ်လေသည်။
အပြင်ဘက်တွင် အင်းစက်သားရဲများ အများအပြားရှိနေရုံသာမက စစ်သူကြီးအဆင့်သားရဲများလည်း လမ်းပေါ်တွင် လှည့်လည်သွားလားနေကြလေသည်။
သူတို့နှင့်ရင်ဆိုင်တွေ့မိပါက အလယ်အလတ်အဆင့် ဆရာသခင်အဆင့် တယောက်တောင်ပင် အစိမ်းလိုက်ဝါးစားခံရနိုင်ခြေရှိလေသည်။အင်းစက်မျိုးနွယ်များ၏ ခွန်အားမှာ နတ်ဆိုးမျိုးနွယ်များထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။
"ဒီနေရာမှာ ငါတို့ကျောင်းရဲ့ ပါရမီရှင်သာရှိနေပါက သူငါတို့အတွက်ရပ်တည်ပေးမှာပဲ"
"ဟုတ်တယ် သူက သေခြင်းတရားကို ကြောက်ရွံ့မနေဘူး"
"ဟူးးးး သူဒီအနီးအနားမှာရှိနေပါစေလို့ မျှော်လင့်မိတယ်"
ကျောင်းသားများက တယောက်တခွန်း ပြောနေကြလေသည်။
ယွမ်ချန်း ယွင်ယန် နှင့် ယန်ကျင်းကျောင်းမှ လူရည်ချွန်များ အမူအရာပျက်သွားကြသည်။ သူတို့သည် ကျောင်းသားများ၏ မထိတထိပြောသောစကားများကို ကြားသော်လည်း အပြင်ထွက်ဖို့ကအလွန်အန္တရာယ်များလေသည်။ သူတို့အားလုံး အသက်အန္တရာယ်ရှိတဲ့အရာမျိုး မလုပ်လိုကြပေ။
ဘုန်း........
တံစဉ်ခြေထောက်နှင့်ပျားနီကောင် အများအပြား အဆောက်အအုံထဲသို့၀င်လာခဲ့ပြီး နေထိုင်သူများအား ရှာဖွေနေလေသည်။ ထိုအထဲမှ ၁၀ကောင်မှာ ဘားဆီသို့ ဦးတည်လာနေလေသည်။ယွမ်ချန်းနှင့် ကျောင်းသားများလည်း ကြောက်ရွံ့များစိတ်လှုပ်ရှားနေကြလေသည်။
ထိုအင်းစက်များမှာ အဆင့်နိမ့် စစ်သည်များဖြစ်ကြသောကြောင့်သူတို့အလွယ်တကူနှိမ်နင်းနိုင်ကြသည်။ သို့သော်သူတို့ ထတိုက်ပါက အပြင်ဘက်တွင်ရှိသောအင်းစက်များ၏အာရုံစိုက်ခြင်းကို ခံရမည်ဖြစ်လေသည်။
ဘမ်း ဘမ်း....
အင်းစက်ပိုးကောင်များက ၀င်ရောက်လာခဲ့ပြီး ခုံများ စားပွဲများ ဝိုင်ပုလင်းများကို ရိုက်ခွဲရှာဖွေနေကြလေသည်။
"ယွမ်ချန်း တုံ့ဆိုင်းမနေနဲ့တော့"
ရှုလင်ကအော်ပြောလိုက်သည်။
"ထွက်သွားကြရအောင်"
ယွမ်ချန်းကပြောလိုက်သည်။ သူတို့ဆက်ပြီးတုံ့ဆိုင်းနေပါက အင်းစက်ပိုးကောင်များသူတို့ကို ရှာတွေ့သွားတော့မည်ဖြစ်လေသည်။
"မင်းတို့အားလုံး ငါတို့နောက်ကနေ ကပ်ပြီးလိုက်လာကြ ဘားအပြင်ရောက်တာနဲ့ အဲ့ဒီချပ်၀တ်တွေကို ကောက်ယူပြီး ကိုယ့်ကိုယ်ကို ကာကွယ်ကြ"
သူ့စကားဆုံးသည်နှင့် ယွမ်ချန်းက သူ့ချပ်၀တ်ကိုအသက်သွင်းလိုက်ပြီး သူ၏ဓားကိုဆွဲထုတ်ကာ ရှေ့တွင်ရှိသော အင်းစက်ကောင်အား သတ်လိုက်လေသည်။ယွင်ယန် နှင့် ဖန်းယွီလည်း ထွက်လာပြီး အတူပူးပေါင်းကာ အင်းစက်များကို သတ်ကြလေသည်။
အခြားအင်းစက်ပိုးကောင်များကလည်း ဆူညံသံများကို အာရုံခံမိပြီး စူးရှသော အသံများဖြင့် ထအော်ကြလေသည်။
ဝှီ ဝှီ ဝှီ
အပြင်ဘက်တွင် ဖျက်ဆီးသောင်းကျန်းနေကြသော အင်းစက်များလည်း ရပ်တန့်သွားပြီးဘားရှိရာသို့ တဟုန်ထိုးပြေးလာကြလေသည်။
"ပြေး ..... ပြေးကြတော့"
ယွမ်ချန်းကအော်ဟစ်လိုက်ပြီး ဘားထဲတွင် ကျန်ရှိနေသေးသော အင်းစက်များဆီသို့ ပြေးသွားလေသည်။
ရှုလင် ကပထမဆုံးထွက်လာခဲ့ပြီး စားပွဲဝိုင်းကိုကောက်ယူကာ လမ်းကြောင်းတွင်ပိတ်နေသော အင်းစက်များကို တွန်းဖယ်လိုက်ပြီး အ၀င်၀တံခါးဆီသို့ပြေးသွားလေသည်။ ကျန်တဲ့ကျောင်းသားများလည်း နောက်ကနေ ကပ်လိုက်လာကြပြီး တံခါးပေါက်ဆီသို့ တတ်နိုင်သမျှအမြန်ဆုံးသွားနေကြလေသည်။
သူတို့အတွက် အချိန်လုပြီးကြိုးစားနေရသောအခိုက်အတန့်ဖြစ်လေသည်။အင်းစက်ပိုးကောင်များအားလုံး အဝိုင်းခံရပါက သူတို့အားလုံးအတွက် အဆုံးသတ်ဖြစ်သွားနိုင်လေသည်။
လမ်းမပေါ်တွင် ချပ်၀တ်တန်ဆာအချို့ပျံ့ကျဲနေလေသည်။ ထိုချပ်၀တ်များမှာ အင်းစက်များကို ခုခံရင်း ကျန်ခဲ့သော သိုင်းပညာရှင်များ၏ ချပ်၀တ်များဖြစ်လေသည်။
ရှုလင် နှင့် ကျောင်းသားများသည် ဘားထဲမှ အလျင်အမြန်ထွက်လာကြပြီး ထိုချပ်၀တ်များ လက်နက်များကို ကောက်ယူလိုက်ကြလေသည်။ ထို့နောက်ချပ်၀တ်များကို အလျင်အမြန်အသက်သွင်းလိုက်ကြပြီး ခန္ဓာကိုယ်ပေါ်တွင်၀တ်ဆင်လိုက်ကြလေသည်။
ထိုအခိုက်အတန့်တွင် အင်းစက်ပိုးကောင် အမြောက်အမြား ဘားအနီးသို့ရောက်ရှိလာခဲ့ပြီး အတင်းခုန်၀င်လာကြလေသည်။
"အားလုံးပဲ အဖွဲ့လိုက်ပုံစံနေရာယူကြ။ အရမ်းထိတ်လန့်မနေကြနဲ့...."
ရှုလင်က တည်ငြိမ်စွာ သတိပေးလိုက်သည်။
ရွှတ် ရွတ် ရွှတ်....
သူမ၏ဓားချက်များ အရှိန်မှန်မှန် ထွက်လာခဲ့ပြီး အင်းစက်စစ်သည် ၃ကောင်အားသတ်လိုက်လေသည်။
ကျောင်းသားများမှာ အစက ဆောက်တည်ရာမရဖြစ်နေကြသော်လည်း နည်းပြရှန်း၏ ငရဲခန်းကဲ့သို့ အပြင်းအထန်လေ့ကျင့်ပေးမှုက သူတို့၏ စွမ်းရည်ကိုတိုးတက်စေခဲ့သည်။ ဒါကြောင့် သူသည် အလျင်အမြန်ပင် အဖွဲ့လိုက် ကာကွယ်ရေးပုံစံ ကို တည်ဆောက်နိုင်ကြလေသည်။
ယွမ်ချန်း နှင့် အခြား ယန်ကျင်းကျောင်းသားများ ဘားထဲမှ ထွက်လာချိန်မှ သူတို့ သက်ပြင်းချနိုင်ကြလေသည်။
"အားလုံး အထပ့်မြင့်အဆောက်အအုံးကြီးဆီ မြန်မြန်ဆုတ်ကြ"
ရှုလင်က စိုးရိမ်တကြီး သတိပေးလေသည်။အခြားကျောင်းသားများလည်း အလျင်အမြန်ဆုတ်ခွာကြလေသည်။
ယွမ်ချန်း ယွင်ယန် နှင့်အခြား ယန်ကျင်းကျောင်းသားများမှာ ပျော့ညံသူများ မဟုတ်သောကြောင့် ရှုလင်နှင့်ပေါင်းကာ တိုး၀င်လာသော အင်းစက်ပိုးကောင်လှိုင်းကြီးကို တားဆီးခုခံနိုင်ကြပြီး အဆောက်အအုံကြီးဆီသို့ ဆုတ်ခွာနိုင်ခဲ့လေသည်။
သို့သော် အင်းစက်ပိုးကောင်များမှာ အလွန်လျင်မြန်ကြသည်။ အထူးသဖြင့် စစ်သူကြီးအဆင့်အင်းစက်ပိုးကောင်များမှာ အမြန်ဆုံးဖြစ်ပြီး သူတို့ ရှုလင်တို့အားတွေ့သည်နှင့် အလျင်အမြန် ပြေး၀င်လာကြလေသည်။
ဆယ်စက္ကန့်လောက်အတွင်းတွင် ကျောင်းသားများအဖွဲ့မှာ အင်းစက်စစ်သူကြီး ၃ကောင်၏ ဖိအားပေးတိုက်ခိုက်ခြင်းကို ရှောင်ရှားရင်း စူပါမားကတ်တခုထဲသို့ ပိတ်မိသွားကြလေသည်။
အင်းစက်ပိုးကောင် အများအပြား နောက်က ကပ်ပါလာကြပြီး မှန်တံခါးများအား အတင်း တွန်းတိုက်နေလေသည်။
"သွားပြီ အားလုံး ပြီးဆုံးသွားပြီ"
"ငါတို့အားလုံးသေကြရတော့မယ်"
"အီးဟီး... ငါမသေချင်သေးဘူး"
တတိယထပ်သို့ လွတ်မြောက်သွားသော ကျောင်းသားများမှာ အောက်ရှိ ရွှံ့နွံပမာပြည့်ကျပ်နေသော အင်းစက်အုပ်ကြီးအား ကြည့်ပြီးငိုနေကြလေသည်။
ယွမ်ချန်း နှင့် အခြား ယန်ကျင်းကျောင်းသားများက အံကို တင်းကာ ဓာတ်လှေကားမှ အမြန်တက်လာသော ပိုးကောင်များအား သတ်ဖြတ်နေလေသည်။
သို့သော်လည်း အင်းစက်အကောင်ရေ ပမာဏမှာ များပြားလွန်းသောကြောင့် ကျောင်းသားများမှာ မောပန်းနွမ်းနယ်လာကြလေသည်။ပျံသန်းလာသော အင်းစက်ပိုးကောင်တကောင်ချင်းအား အနီးရှိစင်များဖြင့် ရိုက်သတ်နေကြလေသည်။
သူတို့အနောက်တွင် ပုန်းနေသော ကျောင်းသားများကလည်း အင်းစက်အများအပြားလာနေသည်ကိုမြင်တွေ့ရသောအခါ ထပြီး ကျုံးဝါးကြလေသည်။
"လာ သူတို့နဲ့ အတူတိုက်ခိုက်ကြရအောင်"
"ငါသေခဲ့ရင်တောင် အဲ့ပိုးကောင်တွေကို ရလောက်အပါခေါ်သွားမယ်ကွ"
တချို့ကျောင်းသားများအား တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီး အံကိုကြိတ်ကာ ပြေးထွက်လာကြလေသည်။
...............................………........................................
အခန်း (၈၉) ပြီးပါပြီ။
အခန်း (၉၀) : ဒီတခါတော့ ငါတို့ အဆုံးသတ်ပြီ
ကျောင်းသားများမှာ ရှေ့သို့ထွက်ချဖို့ ကြိုးစားသည့် အချိန်တွင် စစ်သူကြီးအဆင့် အင်းစက်၃ကောင်က သူတို့ဆီသို့ ခုန်အုပ်လာလေသည်။
ထိုအင်းစက်စစ်သူကြီးများမှာ အရွယ်အစားအလွန်ကြီးမားပြီး သူတို့ခန္ဓာကိုယ်ကြီးများဖြင့် ဓာတ်လှေကားအား ပိတ်ထားလေသည်။
ထိုအခြင်းအရာကို မြင်သောအခါ ခုနက သတ္တိကြွနေသောကျောင်းသားများမှာ ချက်ချင်း အင်အားယုတ်လျော့သွားလေသည်။
ဘမ်း ဘမ်း ဘမ်း.....
ထိုစစ်သူကြီးအဆင့်ပျားနီကောင်ကြီးက သူ၏သံမဏိကဲ့သို့မာကြောသော လက်တံများဖြင့်ရုတ်တရက် ရိုက်လိုက်သောကြောင့် ကျောင်းသား၁၀ယောက်ကျော်လောက်လေထဲသို့လွင့်သွားခဲ့လေသည်။
ယွမ်ချန်း ၊ ယွင်ယန် နှင့် ရှုလင်တို့မှာလည်း အားတင်းပြီး မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားနေကြရသည်။ သူတို့အားလုံး အသက်မဲ့စွာ ပြုံးပြီးပြောလိုက်ကြသည်။
" ဒီတကြိမ်တော့ငါတို့ အဆုံးသတ်ပြီ"
ထိုသို့ပြောပြီးနောက် သူတို့အားလုံး မျက်လုံးများမှိတ်ထားလိုက်ကြသည်။ စစ်သူကြီးအဆင့် အင်းစက်ပိုးကောင်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့အတွက် ခုခံတိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ သူတို့သေမည့်အချိန်ကိုသာ စောင့်စားလိုက်ကြသည်။
ရွှစ်......
ရုတ်တရက် ဓားအလင်းတန်းတခု ထွက်ပေါ်လာခဲ့ပြီးစစ်သူကြီးအဆင့်ပျားနီကောင်ကြီးကို တစစီပိုင်းဖြတ်လိုက်ပြီး အပိုင်းအစများမှာ ယွမ်ချန်း နှင့် ယွင်ယန်ပေါ်သို့ ပြုတ်ကျလာလေသည်။
အခြားအင်းစက်စစ်သူကြီး ၂ကောင် နှင့် အင်းစက်စစ်သည်များလည်း ထက်ပိုင်း အခွဲခံထားရလေသည်။
သေဖို့ပြင်ဆင်ထားသော ကျောင်းသားများလည်းထို အခြင်းအရာကိုမြင်လိုက်ရသောအခါ မှင်တက်သွားကြလေသည်။
"ကျွမ်းကျင်သူရောက်လာတာလား"
"ဒါ ...ဒါ မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူပဲဖြစ်ရမယ်"
"၀မ်းသာလိုက်တာ ငါတို့မသေတော့ဘူးကွ"
ကျောင်းသားအများစုက စိတ်လှုပ်ရှားပြီး ပျော်ရွှင်စွာခုန်ပေါက်နေကြလေသည်။ယွမ်ချန်း ယွင်ယန် နှင့် ရှုလင် တို့မျက်နှာများပေါ်တွင်လည်း ၀မ်းသာမှုများပေါ်လာလေသည်။
"အပြင်ထွက်ပြီး တချက်လောက်ကြည့်ရအောင်"
အချိန်တခုလောက်သူတို့စောင့်ခဲ့သော်လည်း ထိုကျွမ်းကျင်သူ၏အရိပ်အယောင်ကို မမြင်ခဲ့ရပေ။ သူတို့သည် အင်းစက်အသေကောင်များကို နင်းဖြတ်ပြီး စူပါမားကတ်အ၀င်၀သို့ တုံ့ဆိုင်းစွာလျှောက်လာကြလေသည်။
သူတို့အားလုံး အ၀င်၀သို့ရောက်သည်နှင့် ကြက်သေသေဖြစ်သွားခဲ့ကြသည်။ အဘယ့်ကြောင့်ဆို လမ်းမတခုလုံးပေါ်တွင် အင်းစက်အသေကောင်အလောင်းများနှင့် ပြည့်နှက်နေသောကြောင့်ဖြစ်လေသည်။
"အိုကောင်းကင်ဘုံ...... ဒီကျွမ်းကျင်သူက အင်းစက်အကောင်ရေဘယ်လောက်တောင်သတ်ခဲ့တာလဲ"
"ကြည့်ပါဦး ဒီအင်းစက်တွေအကုန်လုံး ၂ပိုင်း အခွဲခံထားရတာပဲ"
"ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်သလဲ"
ရှုလင်နှင့်ကျောင်းသားများမှာ လမ်းမပေါ်ရှိ အင်းစက်များလည်း စူပါမားကတ်ထဲကအင်းစက်များကဲ့သို့ပင် ၂ပိုင်း အခွဲခံထားရသည်ကို တွေ့လိုက်ရသောကြောင့် အံ့ဩနေကြရသည်။
"ဒါက မူလအဆင့်ပဲ"
"သူက သေချာပေါက် မူလအဆင့်ကျွမ်းကျင်သူပဲ"
"ဒါအမှန်ပဲ။ မူလအဆင့်လိုမျိုးကျွမ်းကျင်သူမှသာ ဒါမျိုးလုပ်နိုင်မှာ"
ယွမ်ချန်း နှင့် အခြား ယန်ကျင်းကျောင်းသားများက သူ့ကို စိတ်လှုပ်တရှား အရိုအသေပေးနေကြလေသည်။
မူလအဆင့်မဟာဆရာသခင်တယောက်.....
ဒါကလူသားမျိုးနွယ်၏ ထိပ်ဆုံးတွင်ရှိသော ပြိုင်ဘက်ကင်းကျွမ်းကျင်သူဖြစ်လေသည်။
ထိုအချိန်တွက် ရဟတ်ယာဉ်များ ရောက်လာခဲ့ပြီး စစ်သားများအဖွဲ့လိုက်ရောက်ရှိလာကြလေသည်။
" ကျောင်းသားတွေ မင်းတို့အခုလုံခြုံပါပြီ။ မြောက်ပိုင်းခရိုင်မှာ ရှိတဲ့ အင်းစက်ပိုးကောင်တွေအားလုံး ရှင်းလင်းခံလိုက်ရပြီ။ မင်းတို့ ဒဏ်ရာရထားကြရင် ငါတို့ချက်ချင်း မင်းတို့ကိုဆေးရုံလိုက်ပို့ပေးမယ်"
စစ်သားခေါင်းဆောင်တယောက်က ရဟတ်ယာဉ်ပေါ်မှဆင်းလာပြီး လာပြောလေသည်။
"ဟုတ်ကဲ့"
"ငါတို့တော်တော်များများဒဏ်ရာရထားကြတယ်"
ကျောင်းသားအများစုကပြောကြလေသည်။
ယွမ်ချန်းနှင့် အခြားယန်ကျင်းကျောင်းသားများက အရမ်းသိချင်နေသောကြောင့်မေးလိုက်ကြသည်။
"ဆရာ မြောက်ပိုင်းခရိုင်ကာကွယ်ရေးခံတပ်က ပျက်စီးသွားပြီး မဟုတ်လား။ ကျွန်တော်ကြားတာကတော့ အင်းစက်ပိုးကောင်သန်းချီ ကျူးကျော်၀င်ရောက်လာတယ်လို့ကြားမိတယ်။ အဲ့အင်းစက်တွေအကုန် အသတ်ခံလိုက်ရတာလား"
"မြောက်ပိုင်းခရိုင်က အင်းစက်တွေသာမက အနောက်ပိုင်းခရိုင်ကအင်းစက်တွေကိုပါ စီနီယာကျိုးက ရှင်းလင်းပေးသွားခဲ့တာ။ အခုစီနီယာကျိုးက အရှေ့ပိုင်းခရိုင်ကို အကူအညီပေးဖို့သွားနေပြီ"
"ဘာ သန်းနဲ့ချီတဲ့ အင်းစက်ပိုးကောင်တွေကို လူတယောက်ထဲက သတ်သွားတာ ဟုတ်လား"
ယွမ်ချန်း ယွင်ယန် နှင့် အခြားသူများ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
"ဒါအမှန်ပဲ စီနီယာကျိုးက ဒီအင်းစက်တွေကို မြက်ပင်လေးတွေ ခုတ်သလို ခုတ်ဖြတ်သွားတာကို ငါ့မျက်စိနဲ့ သာ ကိုယ်တိုင်မတွေ့ခဲ့ရင် ယုံနိုင်မှာ မဟုတ်ဘူး။ ဒါကြီးက သာမန်မှမဟုတ်တာ"
စစ်သားက ခေါင်းညိတ်ပြီးရှင်းပြလေသည်။
"ဒီလိုမျိုး အနိုင်ယူဖို့ခက်တဲ့ ကျွမ်းကျင်သူမျိုး မြို့မှာရှိနေသရွေ့ သားရဲလှိုင်းတွေလာတိုက်ခိုက်မှာကို စိတ်ပူနေစရာမလိုတော့ဘူး"
ယွမ်ချန်း နှင့်အားလုံးမှာ အံ့ဩနေကြရသည်။
.....
အရှေ့ပိုင်းခရိုင်ကာကွယ်ရေးစည်းတွင်
ဂါး ဂါး....
နတ်ဆိုးဘုရင်သားရဲများက အပြင်းအထန်တိုက်ခိုက်နေကြလေသည်။ လေဆာတန်းအမြောက်ဖြင့် နတ်ဆိုးဘုရင် အကောင်သုံးဆယ်ကျော်ကို ပစ်သတ်နိုင်ခဲ့သော်လည်း နတ်ဆိုးဘုရင်အမြောက်အမြားကအရှေ့ပိုင်းခရိုင်ကို တိုက်ခိုက်နေကြဆဲဖြစ်လေသည်။ဒါ့အပြင် လေဆာတန်းအမြောက်မှာလည်း တဖြေးဖြေး စွမ်းအင်မလုံလောက်မှုဖြစ်လာလေသည်။
စစ်သေနာပတိချုပ် ကျောက် နှင့် အခြားမဟာဆရာသခင်များမှာ ဒဏ်ရာရထားကြသော်လည်း အံ့ကြိတ်ပြီးခုခံနေကြလေသည်။
ကာကွယ်ရေးခံတပ် လေးခုထဲတွင် အရှေ့ပိုင်းခရိုင်ကာကွယ်ရေးလိုင်းမှာ အစောင့်အရှောက်အကောင်းဆုံး ကာကွယ်ရေးလိုင်းဖြစ်သည်။ သို့သော် ယခုတကြိမ် မိစ္ဆာသားရဲများက အရှေ့ပိုင်းခရိုင်အား အဓိကထား တိုက်ခိုက်နေကြသည်။
ဂါးးးးးး.....
မြေပြင်ကိုတောင်တုန်ဟီးသွားစေသော ဟိန်းဟောက်သံကြီးတခုထွက်လာခဲ့ပြီး မရေမတွက်နိုင်သော နတ်ဆိုးဘုရင်များ နှင့် နတ်ဆိုးစစ်သည်များမှာ ပြန်ဆုတ်သွားကြလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များမှာ ထိုအချင်းအရာကိုမြင်သောအခါ ပျော်ရမယ့်အစား ပို၍ပင် တုန်လှုပ်သွားကြလေသည်။
အကြောင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရှင်သခင်များမှာ မစောင့်နိုင်တော့ပဲ တိုက်ခိုက်တော့မည်ဖြစ်သောကြောင့်ဖြစ်လေသည်။
ထိုအချိန်တွင် အနက်ရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားသော ဧရာမ၀က်ဝံကြီးသည် ခြေလှမ်းအနည်းငယ်ဖြင့်ပင် သံမဏိအကာရံအား ကျော်ဖြတ်လိုက်သည်။
ဂါး
ထိုသားရဲကြီး ဟိန်းဟောက်လိုက်ခြင်းက မြို့တခုလုံးပဲ့တင်သံထပ်သွားပြီး တုန်ခါသွားခဲ့ရသည်။
စစ်သေနာပတိချုပ်ကျောက် ကအံကိုကြိတ်ပြီး အမိန့်ပေးလိုက်သည်။
" ရောင်ခြည်တန်းအမြောက်ကို အသင့်ပြင်ထားကြဟေ့...."
ယခုကဲ့သို့ အရှင်သခင်အဆင့်သားရဲမိစ္ဆာကြီးနှင့်ရင်ဆိုင်ရသောအခါ မဟာဆရာသခင်များမှာ သူ့ရဲ့ပြိုင်ဖက်မဖြစ်နိုင်တော့ပဲ ရောင်ခြည်တန်းအမြောက်ကိုသာ အားကိုးကြရတော့သည်။
သို့သော်လည်း စစ်သေနာပတိချုပ်ကျောက်၏စကားဆုံးသည့်တိုင် လက်နက်ပစ္စည်းဌာနမှ ဘာအသံမှ ပြန်မထွက်လာခဲ့ပေ။
"ရောင်ခြည်တန်းအမြောက်ကို ပြင်ထားတော့လို့"
စစ်သေနာပတိချုပ်ကျောက်က ထပ်အော်ပြောလိုက်သည်။ သို့သော်လည်း ဘာတုံ့ပြန်မှုမှ မလာခဲ့ပေ။ ဟဲ့ပျောင်း ၊ ကျန်းဟုန် နှင့် အခြား မဟာဆရာသခင်များလည်း အံ့အားသင့်နေကြသည်။
"ဘာတွေဖြစ်ကုန်တာလဲ"
ဘမ်း.....
ထိုအချိန်တွင် အရှင်သခင်အဆင့် ၀က်ဝံမိစ္ဆာကြီး၏လက်သည်းများက မြင့်မားပြီးထူထဲသောအကာအကွယ် နံရံကြီးအား တို့ဟူးကဲ့သို့ ဆွဲဖြဲလိုက်လေသည်။ချက်ချင်းပင် တတိယမြောက် ကာကွယ်ရေးလိုင်းမှာ ပြိုလဲသွားခဲ့လေသည်။
"ကျွတ် ကျွတ်... စစ်သေနာပတိချုပ်ကျောက် မင်းတို့ဟွာတုန်းမြို့က ငါတို့အမှောင်နတ်ဘုရားများအဖွဲ့ရဲ့ အမာခံအခြေစိုက်စခန်းကိုဖျက်ဆီးရဲတယ်ပေါ့။ ခုငါတို့ရဲ့လက်စားချေမှုကို ခံစားလိုက်ကြစမ်း...."
စစ်သေနာပတိချုပ်ကျောက်၏ နားကြပ်ထဲမှ အေးစက်သောအသံတခုထွက်ပေါ်လာခဲ့လေသည်။
..............................................................................
အပိုင်း (၉၀)ပြီးပါပြီ။