အခန်း ၉၁-၉၃
Vol. 7 Ch. 91-93
အခန်း (၉၁) : မူလအဆင့် ဟန်ဖူ
"အမှောင်နတ်ဘုရားများအဖွဲ့"
စစ်သေနာပတိချုပ်ကျောက်ထံမှ အံကြိတ်ထားရင်း ဒေါသဖြစ်နေသောအသံတစ်ခုထွက်ပေါ်လာလေသည်။
ယခုလိုသေရေးရှင်ရေးအခြေအနေတွင် အမှောင်နတ်ဘုရားများအဖွဲ့မှာ မြို့ထဲရှိရောင်ခြည်တန်းအမြောက်များအား တကယ်ကိုဖျက်ဆီးခဲ့လေသည်။ ဤသည်မှာ သေချာပေါက် သူတို့အားလုံးအား သေကြောင်းကြံခြင်းပေ။
အခြားမဟာဆရာသခင်များမှာလည်း စစ်သေနာပတိချုပ်ကျောက်၏ စကားအားကြားလိုက်ရသောအခါ မှင်တက်သွားကြပြီး အသိပြန်ဝင်လာချိန်တွင်တော့ အားလုံးဒေါသထွက်နေကြလေသည်။
ရောင်ခြည်တန်းအမြောက်များ ဘာကြောင့်အလုပ်မလုပ်မှန်း သူတို့သေချာသိသွားကြပြီဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူတို့မည်မျှဒေါသထွက်သည်ဖြစ်စေ အမှောင်နတ်ဘုရားများကိုမုန်းတီးခြင်းက အသုံးမဝင်ပေ။
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များမှာ ထိုအရာအားနားလည်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့စိတ်ထဲရှိဒေါသများကိုချိုးနှိမ်ပြီး အရှင်သခင်အဆင့်မိစ္ဆာသားရဲကြီးမှာ မြင့်မားသောခံတပ်ဖြစ်သော မြို့နံရံအား ရူးသွပ်စွာဖျက်ဆီးနေသည်ကိုသာ ထိုင်ကြည့်နေရလေသည်။ သူတို့အားလုံး ဖြေရှင်ရန်နည်းလမ်းလည်းမစဥ်းစားနိုင်ပေ။
ဘုန်း!
ထိုအချိန်၌ မိုးကုပ်စက်ဝိုင်းဆီမှ အလင်းတန်းတစ်ခုဖျတ်ခနဲပေါ်လာပြီး စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများ၏ဘေးကို ဆင်းသက်လာလေသည်။
ထိုပုဂ္ဂိုလ်မှာ အပြာရောင်ကာကွယ်ရေးဝတ်စုံအကျပ်ကိုဝတ်ဆင်ထားပြီး မျက်နှာသွယ်သွယ်နှင့် ကလေးတစ်ယောက်ကဲ့သို့သော အသားအရေမျိုးရှိလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်းမည်သည့်အရှိန်အဝါမှမရှိသလိုပင်။ သို့သော် သူမတ်တတ်ရပ်နေရုံဖြင့် တောင်ကြီးတစ်တောင်သဖွယ် လူအများကသူ့အားအားထားပြီး လေးစားစေနိုင်ပေသည်။
"စီ...စီနီယာဟန်"
စစ်သေနာပတိချုပ်ကျောက်မှာ အတန်ကြာမှင်တက်နေပြီးမှ အံ့ဩတကြီးဖြင့် ပျော်ရွှင်စွာအသံထွက်လာလေသည်။
"ဒါက မူလအဆင့်မဟာဆရာသခင် ဟန်ဖူပဲ"
"သူတကယ် အစောကြီးရောက်လာတာပဲ"
"သိပ်ကောင်းတာပဲ"
ဟဲ့ပျောင်းအပါအဝင် အခြားမဟာဆရာသခင်များမှာ စိတ်လှုပ်ရှားလာကြလေသည်။
မူလအဆင့်ရှိသော သိုင်းပညာရှင်တိုင်းသည် လူသားမျိုးနွယ်၏ ပင်မကျောရိုးပင်။ ထိုပုဂ္ဂိုလ်များမှာကြောက်မက်ဖွယ်ရာ မိစ္ဆာအရှင်သခင်များကိုသတ်နိုင်ပြီး ရှေ့တန်းကိုဦးဆောင်ကာ လူသားမျိုးနွယ်အတွက် ကြီးမားသောအထောက်အပံ့အား ပေးနိုင်လေသည်။
ဟန်ဖူမှာ သူ့မျက်စိရှေ့ရှိဆိုးဝါးသောအခြေအနေအားကြည့်ကာ သက်ပြင်းချပြီး ထိတ်လန့်နေသောအသံဖြင့်ပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် မင်းဆီကအရေးပေါ်အချက်ပြချက် ရရချင်း ငါအမြန်ဆုံးလာခဲ့တာပဲ ကံကောင်းလို့ ငါဟွာတုန်းမြို့နားမှာရှိနေလို့ပေါ့ မဟုတ်လို့ကတော့ ခုအခြေအနေကြည့်ရသလောက် ငါအမြန်ဆုံးလာရင်တောင် ဟွာတုန်းမြို့ကတော့ အဆုံးသတ်သွားလောက်ပြီ"
စစ်သေနာပတိချုပ်ကျောက်မှာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်လေသည်။
"တကယ့်ကို အတော်ကံကောင်းတာပါ စီနီယာဟန် အသေးစိတ်ကိုတော့ နောက်မှပြောကြတာပေါ့ အခုမြို့ကအန္တရာယ်ရှိနေပါပြီ ဒီအရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်ကို တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းမှရမယ်"
ဟန်ဖူမှာခေါင်းညိတ်ပြလိုက်ပြီး လျင်မြန်စွာပင်အထူးသတ္တုဖြင့်ပြုလုပ်ထားသော လှံအားထုတ်လိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် အဖွဲ့ပြန်ဖွဲ့ပြီးကာကွယ်ရေးလိုင်းကို အမြန်ဆုံးပြန်တည်ဆောက် ပွင့်နေတဲ့လမ်းကြောင်းတွေကိုပိတ် ဒီမိစ္ဆာအရှင်သခင် ၃ကောင်ကို ငါ့ဆီလွှဲထားလိုက်"
ဟန်ဖူမှာ လျင်မြန်စွာပြောလိုက်လေသည်။
'သိပါပြီ ကျေးဇူးတင်ပါတယ် စီနီယာဟန်"
စစ်သေနာပတိချုပ်ကျောက်မှာ ဟန်ဖူ၏အသံထဲမှာယုံကြည်ချက်ရှိမှုအား ကြားလိုက်ရချိန်မှသာ သက်ပြင်းချနိုင်လေသည်။
ဘုန်း! ဘုန်း!
ချက်ချင်းဆိုသလိုပင် သူ၊ ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ မိစ္ဆာသားရဲအများအပြားအားခုခံရန် ပေါက်နေသောကာကွယ်ရေးခံတပ်ဆီ အလောတကြီးသွားကြလေတော့သည်။
ဟန်ဖူမှာလည်း ကြီးမားသောဝက်ဝံကြီး၏ရှေ့သို့ တိုးသွားလေသည်။
အော်သံခပ်တိုးတိုးနှင့်အတူ ဟန်ဖူမှာလေပေါ်သို့ပျံတက်သွားလေသည်။ သူ့လက်ထဲရှိလှံတံမှလည်း ရုတ်တရက်ဆိုသလိုပင် ရွေရောင်အလင်းတန်းများစွာထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများမှာ ငှက်မွေးများသဖွယ် ဧရာမဝက်ဝံကြီး၏ခန္ဓာကိုယ်အား ထိုးဖောက်သွားလေသည်။
"ဂီး! ဂီး! ဂီး!"
ဧရာမဝက်ဝံကြီး၏ခန္ဓာကိုယ်တွင် အပေါက်များစွာပေါ်လာပြီး နာကျင်စွာအော်ဟစ်လာလေသည်။
အခြားမိစ္ဆာအရှင်သခင် ၂ကောင်ဖြစ်သော ဧရာမမြွေကြီးနှင့်မိကျောင်းကြီးမှာလည်း စတင်လှုပ်ရှားလာကာ ဘေးမှဝိုင်းပြီး နှစ်ဖက်စလုံးမှတိုက်ခိုက်လာလေသည်။
"ဟမ့် ငါ့ကိုဝိုင်းချင်တယ်ပေါ့"
ဟန်ဖူမှာစိတ်ထဲမှသရော်လိုက်လေသည်။ ဟန်ဖူသည် ဧရာမဝက်ဝံကြီး၏ပခုံးပေါ်နင်းလိုက်လေရာ ကျယ်လောင်သောအသံဖြင့် ဒုံးကျည်သဖွယ် ပျံထွက်သွားလေသည်။ ထို့နောက်နောက်ပြန်လှည့်ကာ လှံဖြင့်ထပ်မံထိုးချလိုက်လေသည်။
လှံမှာကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားပြီး ဧရာမမိကျောင်းကြီး၏ခြေထောက်တစ်ဖက်အား အလင်းတိုင်လုံးကြီးတစ်ခုသဖွယ် ထိုးဖောက်သွားလေသည်။
ဧရာမမိကျောင်းကြီးမှာ အော်ဟစ်ကာ ကြာပွတ်ရှည်သဖွယ်အမြှီးကြီးဖြင့် ဟန်ဖူအားရိုက်လာလေသည်။
ဧရာမမိကျောင်းကြီး၏ လျှပ်စီးပမာမြန်ဆန်သော ရိုက်ချက်နှင့်ရင်ဆိုင်ရသည့်အခါ လေထဲတွင်ရှိနေသောဟန်ဖူမှာ အသာအယာပင်ရှောင်လိုက်လေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ မိစ္ဆာသားရဲအများအပြားအားတားဆီးနေကြသော်လည်း သူတို့၏အာရုံမှာ အရှင်သခင်အဆင့် မိစ္ဆာသားရဲ ၃ကောင်နှင့်တိုက်ခိုက်နေသော ဟန်ဖူထံတွင်သာရှိနေဆဲပင်။
"လှလိုက်တဲ့အကွက်"
"ဟဟ မူလအဆင့်မဟာဆရာသခင်တစ်ယောက်လို့ကို မပြောရဘူး"
"မူလအဆင့်သိုင်းပညာရှင်တွေပဲ လေထဲမှာလှုပ်ရှားပြီး ရှောင်တိမ်းနိုင်တာ"
ဟဲ့ပျောင်းနှင့်အခြားမဟာဆရာသခင်များမှာ မချီးကျူးဘဲမနေနိုင်တော့ပေ။
......
ယခုမှ အရှေ့ပိုင်းစခန်း၏ကာကွယ်ရေးခံတပ်ကိုရောက်လာသော ကျိုးဟောင်မှာ နားကြပ်မှအသံတစ်သံအားကြားလိုက်ရလေသည်။ မြို့တံတိုင်းအပြင်ဘက်တွင် မိစ္ဆာသားရဲ ၃ကောင်နှင့်တိုက်ပြီး အခြေအနေဆိုးရွားမနေသော ဟန်ဖူအား သူလှမ်းကြည့်မိလိုက်လေသည်။
"မူလအဆင့်ဆရာသခင်ဆိုတာ ဒီလိုမျိုးလား သူကတကယ်ကိုအရမ်းစွမ်းအားကြီးတာပဲ"
သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာလေသည်။
သူ လျှို့ဝှက်ဆန်းကြယ်သေတ္တာကိုဖွင့်ပြီး"ကောင်းကင်ခွဲနတ်ဘုရားသိုင်း"နှင့် "နတ်ဘုရားသတ်ဓား" အားရခဲ့ပြီး မူလအဆင့်မဟာဆရာသခင်တစ်ယောက်ထက် လုံးဝမနိမ့်ကျသော်လည်း ကျိုးဟောင်မှာ မူလအဆင့်သိုင်းပညာရှင်၏အထောက်အပံ့ရသည်ကိုတော့ ပျော်ရွှင်နေသေးပေသည်။
သူပုံရိပ်ယောင်မျက်နှာပြင်ကိုဖွင့်ပြီး ညာဘက်ထောင့်အောက်ခြေကိုကြည့်လိုက်လေသည်။
ကံကြမ္မာအမှတ် : ၂၂၇၁၃၂၀၀ (လက်ရှိအဆင့် : ပြီးမြောက်နိုင်သော အိပ်မက်များအဆင့်)
အနောက်ပိုင်းနှင့်တောင်ပိုင်းရှိစစ်စခန်းမှ အင်းဆက်မျိုးနွယ်များအား ဖျက်ဆီးပြီးနောက်ပိုင်း ကျိုးဟောင်သည် နောက်ထပ်ကံကြမ္မာအမှတ် ၁၀သန်းကျော်အားရရှိခဲ့လေသည်။
သို့သော် အင်းဆက်မျိုးနွယ်များ၏စွမ်းအားမှာ အဆင့်နိမ့်အင်းဆက်သားရဲများ၏ များပြားသောပမာဏပေါ်တွင်သာ အဓိကမူတည်နေသောကြောင့် ဘုရင်အဆင့်၊ စစ်သူကြီးအဆင့်ရှိသော အင်းဆက်သားရဲများများစားစားမရှိပေ။
မဟုတ်လျှင် အင်းဆက်ပိုးမွှားမျိုးနွယ်၏စစ်တပ်ကိုသတ်ရာမှ ကျိုးဟောင်ရသောကံကြမ္မာအမှတ်မှာ ၁၀သန်းထက်ကျော်ပေလိမ့်မည်။
"ငါဒီတစ်ခေါက်ရွှေတူးမိတာပဲ"
ကျိုးဟောင်မှာစိတ်ထဲမှတွေးကာ ပျော်ရွှင်နေလေသည်။
ကံကြမ္မာအမှတ်သန်း ၂၀ကျော်ရှိသည်ဆိုသည့်အဓိပ္ပာယ်မှာ ကျိုးဟောင် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲမှ ထိပ်တန်းအဆင့်ပစ္စည်းများရနိုင်သည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
ထို့အပြင် အရှေ့ပိုင်းစခန်း၏ ကာကွယ်ရေးခံတပ်အပြင်ဘက်တွင် မိစ္ဆာသားရဲများစွာရှိနေသေးလေရာ အထူးသဖြင့် စစ်သူကြီးအဆင့်မိစ္ဆာသားရဲများမှာပိုများလေသည်။ ထိုသတ္တဝါများမှာ ကျိုးဟောင်အား ကံကြမ္မာအမှတ်အများဆုံးပေးနိုင်သည့် အရာများဖြစ်လေသည်။
..................................................................................
အခန်း(၉၁) ပြီးပါပြီ။
အခန်း (၉၂) : စီနီယာကျိုး ခင်ဗျားကမကောင်းဆိုးဝါးများလား
ဝှစ်!
ကျိုးဟောင်မှာ စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များထံသို့ ရောက်လာလေသည်။
"စီနီယာကျိုး"
"စီနီယာကျိုး ဘာ...ဘာလို့အရှေ့ပိုင်းစခန်းကိုရောက်လာတာလဲ"
"အနောက်ပိုင်းနဲ့မြောက်ပိုင်းက စခန်းတွေရော အခြေအနေဘယ်လိုရှိလဲ"
ဟဲ့ပျောင်းနှင့်အခြားမဟာဆရာသခင်များမှာ စိတ်ပူစွာဖြင့်မေးလိုက်လေသည်။ ယခုတစ်ခေါက်သားရဲများအုပ်စုဖွဲ့တိုက်ခိုက်ခြင်းသည် အင်းဆက်သားရဲများနှင့် မိစ္ဆာသားရဲများပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းကို သူတို့မေ့မသွားပေ။
ကျိုးဟောင်မှာပြုံးပြီးပြောလိုက်လေသည်။
"အဲဒီကကိစ္စတွေက ဖြေရှင်းပြီးသွားပြီ မြောက်ပိုင်းစခန်းမှာ အစွမ်းကြီးတဲ့အင်းဆက်သားရဲတွေ သိပ်မရှိတော့ဘူး"
ထိုစကားအားကြားလိုက်ရသောအခါ စစ်သေနာပတိချုပ်ကျောက်နှင့်အခြားမဟာဆရာသခင်များမှာ ချက်ချင်းပင်စိတ်သက်ရာရသွားကြလေသည်။ မြောက်ပိုင်းနှင့်အနောက်ပိုင်းစခန်း၏ ခံတပ် ၃ခုကိုတိုက်ခိုက်နေသော စွမ်းအားကြီးအင်းဆက်သားရဲနှင့် မိစ္ဆာသားရဲများအား ဖြေရှင်းပြီးပြီဖြစ်သည်။
ယခု အရှေ့ပိုင်းစခန်းရှိ အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်ကိုလည်း စီနီယာဟန်မှတိုက်ခိုက်နေပြီဖြစ်လေရာ ယခုအခြေအနေအတိုင်းဆိုပါက မြို့၏လုံခြုံရေးကို အာမခံနိုင်ပြီဖြစ်သည်။
"စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ် အနောက်ပိုင်းစခန်းကအင်းဆက်တပ်ဖွဲ့တွေကို ရှင်းပြီးပါပြီ"
"စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ် မြောက်ပိုင်းစခန်းကအင်းဆက်တပ်ဖွဲ့တွေကို ရှင်းပြီးပါပြီ"
စခန်းနှစ်ခုမှ စစ်သားများမှာ ကျန်ရှိနေသော အင်းဆက်သားရဲများအား လုံးဝရှင်းလင်းပြီးသွားပြီဖြစ်သည်။
စစ်သေနာပတိချုပ်ကျောက်မှာ မှင်တက်သွားလေသည်။
"တပ်စိတ်မှူးကုန်း တပ်စိတ်မှူးကျူ မင်းတို့အင်းဆက်သားရဲစစ်တပ်ကိုရှင်းပြီးပြီဆိုတာ သေချာရဲ့လား သူတို့ရဲ့အရေအတွက်က တစ်သန်းနီးပါးရှိတာနော်"
"ဟဟ စစ်သေနာပတိချုပ်ကျောက်ကျွန်တော်တို့ကိုကူဖို့လွှတ်လိုက်တဲ့ စီနီယာကျိုးက အရမ်းသတ္တိရှိတယ် အင်းဆက်သားရဲအများစုကို သူတစ်ယောက်တည်းသတ်သွားတာ ကျန်ခဲ့တဲ့ကောင်တွေက ရှင်းပစ်ဖို့လွယ်တဲ့ကောင်တွေပဲ"
"ဟုတ်တယ် စစ်သေနာပတိချုပ်ကိုအနှောင့်အယှက်ပေးမိမှာစိုးလို့သာမဟုတ်ရင် အစောကြီးကတည်းကအစီရင်ခံပါတယ်"
မြောက်ပိုင်းနှင့်အနောက်ပိုင်း၏ကာကွယ်ရေးခံတပ်ကို တာဝန်ယူရသောတပ်စိတ်မှူးကုန်း တပ်စိတ်မှူးကျူတို့မှာရယ်မောကာ ပြောလာလေသည်။
ထိုအခါ စစ်သေနာပတိချုပ်ကျောက်၏အကြည့်မှာ ကျိုးဟောင်ထံဂရောက်သွားပြီးမယုံကြည်နိုင်သလိုမေးလိုက်လေသည်။
"စီ...စီနီယာကျိုး မြောက်ပိုင်းစခန်းကအင်းဆက်သားရဲတွေအကုန်လုံးကို စီနီယာကျိုးသတ်ခဲ့တာလား"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာလည်း ထိုစကားအားကြားသောအခါ ကြက်သေသေသွားကြပြီး ကျိုးဟောင်အားကြည့်လာကြလေသည်။
စစ်သေနာပတိချုပ်ကျောက်ကဲ့သို့ပင် သူတို့အားလုံး၏အတွေးထဲတွင် ကျိုးဟောင်မှာ အင်းဆက်စစ်သူကြီးများကိုသာရှင်းပစ်မည်ဟု တွေးထားခြင်းဖြစ်သည်။
သို့သော်ယခုတော့ ထိုကဲ့သို့ဖြစ်ဟန်မတူပေ။
ကျိုးဟောင်မှာပြုံးကာပြောလိုက်လေသည်။
"ဟုတ်တယ် ကျုပ်အင်းဆက်စစ်သူကြီးတွေကိုသတ်ရတာပျင်းလာလို့ အဲဒီအဆင့်နိမ့်အင်းဆက်သားရဲလေးတွေကိုပါ သတ်ခဲ့တာ"
သူ့စကားဆုံးသွားသောအခါ ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာ လုံးဝကိုကြက်သေသေသွားကြလေသည်။
ယခင်က ကျိုးဟောင်၏အစွမ်းကို သူတို့ကိုယ်တိုင်ကြုံတွေ့ထားရ၍ ကျိုးဟောင်၏စကားအား သံသယမဝင်ကြပေ။ ထို့အပြင် သူတို့စိတ်ထဲတွင် အလွန်စွမ်းအားကြီးသောလူမှာ လိမ်ညာစရာအကြောင်းမရှိဟု ယုံကြည်ထားကြလေသည်
တစ်နည်းပြောရသော် ကျိုးဟောင်တစ်ယောက်တည်းနှင့်ပင် အင်းဆက်သားရဲတစ်သန်းနီးပါးကို သတ်ပြီးပြီဖြစ်သည်။
အရေးကြီးဆုံးမှာ ထိုအရေအတွက်အားသတ်ဖြတ်ချိန်မှာ ၁၀မိနစ်တောင်မကြာခြင်းပေ။
တစ်သန်းနီးပါးရှိသော ပမာဏပင်။
တစ်မိနစ်အတွင်း အင်းဆက်သားရဲထောင်ချီသတ်နိုင်သော မဟာဆရာသခင်အဆင့်ဆိုလျှင်တောင် ယခုလိုအရေအတွက်ကိုသတ်ရန် ၁၅နာရီမှ ၁၆နာရီနီးပါးကြာမြင့်မည်ဖြစ်သည်။
"စီနီယာကျိုး စီနီယာကျိုးက မကောင်းဆိုးဝါးများလား"
"ဒါက အရမ်း....အရမ်း...."
"ကျူပ်တော့အကြွင်းမဲ့ယုံတယ်"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာ ပြောစရာစကားပင်ရှာမတွေ့တော့ပေ။
စစ်သေနာပတိချုပ်ကျောက်မှာလည်း ဘာပြောရမှန်းမသိတော့ပေ။
ကျိုးဟောင်၏စွမ်းဆောင်ချက်မှာ အလွန်ကိုစွမ်းအားကြီးလှပေသည်။ အတိအကျဆိုရသော် သူသည်မူလအဆင့်မဟာဆရာသခင်တစ်ယောက်ထက်တောင် ထူးကဲပေသည်။ မည်သို့ပင်ဖြစ်စေ အကယ်၍သူသာ မူလအဆင့်မဟာဆရာသခင်တစ်ယောက်ဆိုလျှင်တောင် ယခုလိုအချိန်တိုအတွင်း အင်းဆက်သားရဲတစ်သန်းနီးပါးကို သတ်ဖို့မဖြစ်နိုင်သေးပေ။
"အရမ်းမြှောက်ပင့်လွန်းနေပါပြီ ဒါကတကယ်တော့ဘာမှမဟုတ်ပါဘူး ကျုပ်ကဒီတိုင်း ရန်သူတွေကို နယ်မြေကျယ်ကျယ်ထားပြီး သတ်လို့ရတဲ့ လျှို့ဝှက်ဓားသိုင်းတစ်မျိုးသင်ထားရုံပါ"
ကျိုးဟောင်မှာပြောနေရင်းပင် ဓားကိုလွှဲကာသရုပ်ပြလိုက်လေသည်။
ဝှစ်!
ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါတစ်ခုမှာ ထက်မြက်စွာဖျက်ဆီးလိုသောရည်ရွယ်ချက်ဖြင့် လျင်မြန်စွာပျံ့နှံ့သွားလေသည်။
ဓား၏အရှိန်အဝါကြောင့် သူရှေ့တွင်ရှိနေသော မိစ္ဆာစစ်သည်ထောင်ချီနှင့် မိစ္ဆာစစ်သူကြီးရာချီတို့မှာ ချက်ချင်းပင် ထက်ဝက်အပိုင်းခံလိုက်ရလေသည်။
ပြိုကျနေသောတံတိုင်းအမြင့်ကြီးမှာလည်း ချက်ချင်းပင်ရှင်းလင်းသွားလေသည်
စစ်သေနာပတိချုပ်ကျောက်၊ ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာ ထိုမြင်ကွင်းအားမြင်သောအခါ ပါးစပ်အဟောင်းသားနှင့် ကြက်သေသေသွားကြလေတော့သည်။
ဂါး! ဂါး!
သို့သော် ထိုအချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ ကောင်မှာစိတ်ဆိုးစွာဖြင့် အော်ဟစ်လာကြပြီး ရုတ်တရက်ဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်မှအလွန်များပြားသောစွမ်းအားများ တိုးထွက်လာလေသည်။
ဤစွမ်းအားများမှ မီးတောက်များ၊ အဆိပ်ငွေ့များ၊ ရေခဲမြှားများ နှင့်အခြားကြီးမားသောတိုက်ခိုက်မှုပုံစံများအဖြစ် ပြောင်းလဲကာ ကောင်းကင်တစ်ခုလုံးကို လျင်မြန်စွာပျံ့နှံ့သွားပြီး မူလအဆင့်သိုင်းပညာရှင် ဟန်ဖူအားဝါးမျိုသွားလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ ထိတ်လန့်ချိန်တောင်မရလိုက်ပဲ စိုးရိမ်တကြီးအော်ဟစ်လိုက်ကြလေသည်။
"စီနီယာဟန်"
ကျိူးဟောင်သည်လည်း ထိတ်လန့်သွားလေသည်။ မိစ္ဆာအရှင်သခင်တစ်ကောင်ထံမှထွက်ပေါ်လာသော မွေးရာပါနတ်ဘုရားစွမ်းအားမှာ သူအရင်တစ်ခါကသတ်ခဲ့သော အမြီး၇ချောင်းတိမ်လွှာမြွေပါထက်တောင် ပို၍ကြောက်စရာကောင်းမည်ဟု သူမထင်ထားခဲ့ပေ။ သူတို့၏အစွမ်းမှာ အဝေးရှိပတ်ဝန်းကျင်ကိုတောင်သက်ရောက်နိုင်ပေသည်။
ဘုန်း!
ရုတ်တရက်ဆိုသလိုပင် မီးတောက်များ အဆိပ်ငွေ့များနှင့် ရေခဲမြှားများဖြင့်လွှမ်းခြုံထားသော ဧရိယာမှ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာလေသည်။
...................................................................................
အခန်း (၉၂) ပြီးပါပြီ။
အခန်း (၉၃) : တိမ်လွှာမြွေပါဘုရင်
အလင်းရောင်များဖြင့်လွှမ်းခြုံနေသော ဟန်ဖူထွက်ပေါ်လာလေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိအပြာရောင်ကာကွယ်ရေးဝတ်စုံအကျပ်မှာ ပင့်ကူတစ်ကောင်သဖွယ် လက်ပေါင်းများစွာထွက်ပေါ်လာပြီး ဝက်ဝံကြီး၏ခေါင်းအားချုပ်ကိုင်ထားလေသည်။ ထို့နောက် တစ်ချက်ဆွဲလိုက်သည်နှင့် ဟန်ဖူမှာဝန်းရံခံထားရမှုမှ တန်းကာလွတ်မြောက်လာလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ ထိုမြင်ကွင်းကိုမြင်မှသာ သက်ပြင်းချနိုင်တော့သည်။
ဘုန်း!
သို့သော်ထိုအချိန်မှာပင် မီးတောက်များ၊ အဆိပ်များ၊ ရေခဲမြှားများဖြင့်ဖုံးလွှမ်းနေသောဧရိယာ၌ မီတာရာချီကျယ်သောလက်ဝါးပုံသဏ္ဍာန်တစ်ခုဖြစ်ပေါ်လာကာ ဟန်ဖူအားရိုက်ချလိုက်လေသည်။
ထိုရိုက်ချက်ကျရောက်လာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိလေများအားလုံး အေးခဲသွားလေတော့သည်။
ဟန်ဖူမှာလှည့်ကြည့်လိုက်လေရာ မျက်လုံးများမှာအဆမတန်ပြူးကျယ်သွားပြီး ထိတ်လန့်စွာပြောလိုက်လေသည်။
"အ...အဆင့်မြင့်အရှင်သခင်"
သူ့စကားဆုံးသည်နှင့် လက်ဝါးချက်မှာလည်းကျရောက်လာလေတော့သည်။
ဟန်ဖူ၏ခန္ဓာကိုယ်မှာမြေပြင်ပေါ်သို့ပြုတ်ကျလာလေရာ မီတာထောင်ချီနက်သော တွင်းကြီးပင်ဖြစ်ပေါ်သွားလေသည်။
ဘန်း! ဘန်း! ဘန်း!
ဆက်တိုက်ဆိုသလိုပင် အဆင့်၁၀ရှိသော ငလျင်လှုပ်သကဲ့သို့ မြေပြင်မှာတုန်ခါလာလေသည်။
ကျိုးဟောင်နှင့်အခြားလူများမှာ တောနက်ဧရိယာသို့ကြည့်လိုက်လေရာ မီတာထောင်ချီအမြင့်ရှိသော မြွေပါပုံသဏ္ဍာန်သတ္တဝါတစ်ကောင်က ဖြည်းညှင်းစွာလမ်းလျှောက်လာသည်ကို မြင်လိုက်ရလေသည်။
၎င်း၏ခြေတစ်လှမ်းအကွာအဝေးမှာ မီတာတစ်သောင်းနီးပါးရှိပေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တိမ်လွှာမြွေပါဘုရင်မှာ မြို့တံတိုင်းအပြင်သို့ရောက်လာလေသည်။
"အဟွတ် အဟွတ်...ဒါ..ဒါကတိမ်လွှာမြွေပါဘုရင်ပဲ"
ဟန်ဖူမှာ တွင်းနက်ကြီးထဲမှမတ်တတ်ထရပ်ရန်ကြိုးစားနေလေသည်။ သူ့မျက်နှာတွင်သွေးများဖြင့်ပြည့်နေပြီး မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်ပျက်သော အရိပ်အယောင်များပေါ်လာလေသည်။
"စစ်သေနာပတိချုပ်ကျောက် မင်း...မင်းဘာလို့ ဒီလိုအဆင့်ရှိတဲ့မိစ္ဆာသားရဲတစ်ကောင်ကို ရန်သွားစခဲ့တာလဲ"
စစ်သေနာပတိချုပ်ကျောက်၏ခန္ဓာကိုယ်မှာတုန်ယင်နေလေသည်။
"ဒါကမဟုတ်မှ ကျွန်တော်တို့အမြီး၇ချောင်းတိမ်လွှာမြွေပါကိုသတ်ခဲ့လို့များလား အဲဒီသတ္တဝါက တိမ်လွှာမြွေပါဘုရင်ရဲ့ မျိုးဆက်ဖြစ်မယ်ထင်တယ်"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များမှာလည်း နားလည်လာကြလေသည်။ ယခုတစ်ခေါက်သားရဲများအုပ်စုဖွဲ့တိုက်ခိုက်မှုတွင် ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာအရှင်သခင်များပေါ်လာသည်မှာ မထူးဆန်းတော့ပေ။
စင်စစ်သူတို့အား အဆင့်မြင့်အရှင်သခင်အဆင့်သားရဲဖြစ်သော တိမ်လွှာမြွေပါအရှင်သခင်မှ ထိန်းချုပ်နေခြင်းပင်။
"ပြီးသွားပြီ တိမ်လွှာမြွေပါဘုရင်ကဟွာတုန်းမြို့ဧရိယာထဲမှာ အရမ်းစွမ်းအားကြီးတဲ့တည်ရှိမှုမျိုးပဲ မူလအဆင့်သိုင်းပညာရှင်တွေတောင် ဒီလိုသားရဲမျိုးကိုမဆင်မခြင်ရန်သွားမစရဲဘူး ငါတို့ဒီလိုတည်ရှိမှုမျိုးကို ရန်သွားစမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
အစောပိုင်းကမှ မျှော်လင့်ချက်ရောင်ခြည်သန်းလာသော မဟာဆရာသခင်များမှာ ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်ပျက်သုဉ်းသွားကြလေသည်။
မူလအဆင့်သိုင်းပညာရှင်ဖြစ်သော ဟန်ဖူတောင်ဘာမှမလုပ်နိုင်တော့ပေရာ အသက်သေဖို့ကိုထိုင်စောင့်နေရန်သာတတ်နိုင်တော့သည်။
"တကယ်လို့ ရောင်ခြည်တန်းအမြောက်သာဒီမှာရှိနေသေးရင် ကျုပ်တို့အဲဒီလက်နက်ကိုအားထားပြီးသေတဲ့အထိ တိုက်လို့ရတယ် ကံမကောင်းတာက....."
စစ်သေနာပတိချုပ်ကျောက်မှာ အံကြိတ်လိုက်မိလေသည်။ ယခုအချိန်သူ့စိတ်ထဲတွင် အမှောင်နတ်ဘုရားများအဖွဲ့အား အရိုးထိစိမ့်အောင်မုန်းတီးပေသည်။ သို့သော် အကယ်၍ အမှောင်နတ်ဘုရားများအဖွဲ့သာ ရောင်ခြည်တန်းအမြောက်အားမဖျက်ဆီးခဲ့ပါက တိမ်လွှာမြွေပါဘုရင်လည်း မပေါ်လာနိုင်ကြောင်းကို သူသိပေသည်။
မီတာထောင်ချီကြီးမားသောတိမ်လွှာမြွေပါဘုရင်မှာ လူသားပညာရှင်များအား အေးစက်စွာစိုက်ကြည့်နေလေသည်။
"ပုရွတ်ဆိတ်တစ်အုပ်က ငါတိမ်လွှာမြွေပါဘုရင်ရဲ့မျိုးဆက်ကို တကယ်ကြီးသတ်ရဲတာပဲ မင်းတို့တွေကအသက်ရှင်နေရတာကို ပျင်းနေပြီဖြစ်မယ် ဒီနေ့ကစပြီး ဟွာတုန်းမြို့ဆိုတာရှိနေစရာမလိုတော့ဘူး"
ဂါး! ဂါး! ဂါး!
စွမ်းအားကြီးသော အရှင်သခင်အဆင့် မိစ္ဆာသားရဲ ၃ကောင်မှာတစ်ကောင်ပြီးတစ်ကောင် အော်ဟစ်လာကြပြီးနောက် ကျန်ရှိနေသော မိစ္ဆာစစ်သည်သိန်းချီမှာလည်း ပြိုင်တူအော်ဟစ်လာကြလေသည်။
သားရဲများ၏အော်ဟစ်သံများမှာ ကောင်းကင်နှင့်မြေကြီးကိုပါ တုန်ခါသွားစေလေသည်။
"ဟင်း ကြည့်ရတာငါကိုယ်တိုင်လှုပ်ရှားမှရတော့မယ်ထင်တယ် ဒါပေမဲ့အဲဒါလည်းကောင်းပါတယ်လေ အမြီး၇ချောင်းတိမ်လွှာမြွေပါကိုသတ်ခဲ့တဲ့လူကငါပဲလေ။
မင်းကသူ့ရဲ့ဘိုးဘေးဆိုမှတော့ ငါမင်းကိုလည်းသတ်နိုင်တယ်"
ရုတ်တရက်ဆိုသလိုပင် အသံတိုးတိုးတစ်ခု ထွက်ပေါ်လာလေသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုအသံထွက်ပေါ်လာရာဘက်သို့ စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများသာမက တိမ်လွှာမြွေပါဘုရင်၊ မိစ္ဆာအရှင်သခင် ၃ကောင်နှင့် အခြားဘုရင်အဆင့်မိစ္ဆာသားရဲများပါ လှည့်ကြည့်လာကြလေသည်။
အနီရောင်ချပ်ဝတ်နှင့် ကျိုးဟောင်မှာ ရှေ့သို့ဖြေးညှင်းစွာလျှောက်သွားလေသည်။
တိမ်လွှာမြွေပါဘုရင်၏ အေးစက်သောမျက်လုံးများမှာခံစားချက်ကင်းမဲ့နေပြီး အေးစက်စွာပြောလိုက်လေသည်။
"ငါ့မျိုးဆက်ကိုသတ်တာမင်းလား မထင်မရှားပုရွတ်ဆိတ်ကောင်"
"ဟုတ်တယ်"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သော်လည်း သူ့အာရုံမှာကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ ပုံရိပ်ယောင်မျက်နှာပြင်တွင်သာရှိနေလေသည်။
ကံကြမ္မာအမှတ် : ၂၃၄၁၃၂၀၀ (လက်ရှိအဆင့် : ပြီးမြောက်နိုင်သော အိပ်မက်များအဆင့်)
မိနစ်ဝက်အတွင်းမှာပင် သူ၏ကံကြမ္မာအမှတ်များမှာ ၇သိန်းနီးပါး ထပ်တိုးသွားပြီဖြစ်သည်
"ဟဟ မင်းကငါ့ကိုသတ်နိုင်မယ်လို့ တကယ်ထင်နေတာလား"
တိမ်လွှာမြွေပါဘုရင်၏အေးစက်သောအသံတွင် အထင်သေးမှုများဖြင့် ပြည့်နေလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များအားလုံးမှာ ခေါင်းသာခါမိလေသည်။
မူလအဆင့်မဟာဆရာသခင်ဖြစ်သော ဟန်ဖူတောင် တိမ်လွှာမြွေပါဘုရင်၏ပြိုင်ဘက်မဟုတ်ပေ။ စီနီယာကျိုးမှာ အထင်ကြီးလောက်စရာကိစ္စအများအပြားလုပ်ခဲ့သည်ဆိုသော်လည်း အဆင့်မြင့် မိစ္ဆာအရှင်သခင်ဖြစ်သော တိမ်လွှာမြွေပါဘုရင်အား ခုခံနိုင်လိမ့်မည်ဟုတော့ သူတို့မယုံကြည်ကြသေးပေ။
"စီနီယာကျိုး အမြန်ပြန်လာခဲ့ ကျွန်တော်တို့အသေခံတိုက်မယ် စီနီယာကျိုးနဲ့စီနီယာဟန်လွတ်အောင်ပြေးပြီး ဟွာတုန်းမြို့ကိုပြန်တည်ဆောက်ဖို့ပဲလုပ်ပါ"
"ဟုတ်တယ် စီနီယာကျိုး မဆင်မခြင်မလုပ်ပါနဲ့"
"စီနီယာဟန်က မူလအဆင့်သိုင်းပညာရှင်ဆိုတော့ ဘယ်လိုဖြစ်ဖြစ် သူ့မှာနည်းလမ်းတွေအများကြီးရှိမှာပဲ သူနဲ့သာဆိုလွတ်အောင်ပြေးနိုင်လောက်တယ်"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ စိုးရိမ်တကြီးအော်ဟစ်လာကြလေသည်။
ကျိုးဟောင်မှာ ဟွာတုန်းမြို့အားလိုအပ်တာထက်ပိုပြီးကူညီပေးခဲ့ပြီးပြီဖြစ်သည်။ သူဒီနေရာမှာပဲသေသွားရမည့်အဖြစ်ကို သူတို့မမြင်ချင်ပေ။
သို့သော်ကျိုးဟောင်မှာ မတုန်လှုပ်ပေ။ ကျိုးဟောင်မှာ မျက်လုံးဝင့်ပြီးတိမ်လွှာမြွေပါဘုရင်အား မထူးဆန်းသလိုကြည့်ကာ အေးဆေးစွာပင်ပြောလိုက်လေသည်။
"မစမ်းကြည့်ဘဲနဲ့ ဘယ်လိုသိမှာလဲ"
....................................................................................
အခန်း (၉၃) ပြီးပါပြီ။