အခန်း ၉၄-၉၆
Vol. 7 Ch. 94-96
အခန်း (၉၄) : အနိုင်ယူခြင်း
ကျိုးဟောင်မှာပြောနေရင်းပင် ကျင့်ကြံရေးသိုင်းများ ဆေးလုံးများနှင့် လက်နက်များဟူသော အကွက်များအား လျင်မြန်စွာဖြည့်နေလေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကံကြမ္မာအမှတ်သန်း ၂၀ကျော်အားသုံးလိုက်လေသည်။
"စနစ်ကငါ့ကိုစိတ်မပျက်စေဖို့တော့ မျှော်လင့်တာပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါ့အဆင့်က "ပြည့်မြောက်နိုင်သောအိပ်မက်များ" အဆင့်ကိုရောက်နေပြီပဲကို"
ထိုအချိန်တွင် ကျိုးဟောင်မှာအသက်ပြင်းပြင်းရှုလိုက်လေရာ နှလုံးခုန်သံပင်မြန်လာလေသည်။ ထို့နောက် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာအားလေးနက်စွာ စိုက်ကြည့်နေလေသည်။
"ဆက်တိုက်ဖွင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာ ၁၀လုံး"
ထိုနေရာအားနှိပ်လိုက်သည်နှင့် ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှာ ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားကာ လျင်မြန်စွာလည်ပတ်လာပြီး ပေါက်ကွဲထွက်လာလေသည်။
"ဒင်.. ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ထိပ်တန်းအဆင့်ကျင့်ကြံရေးသိုင်း "ပြောင်းလဲခြင်းကိုးသွယ် ရွှေခန္ဓာသိုင်း" အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်။
"ဒင်... ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ထိပ်တန်းအဆင့်လက်နက် "မဟူရာလိပ် နတ်ဘုရားလိပ်ချပ်ဝတ်" အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်။
"ဒင်.. နှင်းဆီပန်း ၁ထောင် အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်"
"ဒင်... ကောင်းကင်ဘုံဒင်္ဂါးပြား ၁ထောင် အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်"
""ဒင်... ထိပ်တန်းအဆင့်ရှားပါးဆေးလုံး "အာဒိကပ္ပသွေးဆေးလုံး"အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်"
"....."
"ပစ္စည်းများအား သင့်အိတ်ထဲတွင်သိမ်းဆည်းပြီးပါပြီ ကျေးဇူးပြုပြီးမှတ်သားထားပေးပါ"
စနစ်ကြေညာချက်မှ သူ့အားတောက်လျှောက်သတိပေးနေလေသည်။
တစ်ချိန်တည်းမှာပင် စနစ်ထဲ၌ လူသိရှင်ကြားကြေညာချက်တစ်ခု ပေါ်လာလေသည်။
"ငွေပဟေဠိသေတ္တာမှ တတိယအဆင့်ကျင့်ကြံရေးသိုင်းရရှိသွားသည့်အတွက် "ငါကသာမန်လူပါပဲ" အားဂုဏ်ပြုပါသည်"
"တတိယအဆင့်လက်နက်ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်"
"တတိယအဆင့်ဆေးလုံးရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်"
နာရီဝက်အတွင်းမှာပင် စနစ်မှကြေညာချက် ၃ခုအားဆက်တိုက်ပို့လာလေသည်။
"ချီးပဲ ထပ်လာပြန်ပြီ ဒီ "ငါကသာမန်လူပါပဲ" "
"ဘာလဲဟ ဒီကောင်လူမှဟုတ်ရဲ့လား ဘယ်လိုဖြစ်ပြီး ရှားပါးအဆင့်ပစ္စည်း ၃ခုတောင်ရတာလဲ"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒီလူကတကယ်ပဲဘာတွေများလုပ်လို့လဲ"
"ငါတကယ်မနာလိုဖြစ်တာကိုဝန်ခံတယ် ဘာလဲဟ ဘာလို့လဲ ငါတစ်ခုတောင်မရတဲ့အချိန်မှာ သူကဘာလို့ရှားပါးအဆင့်ပစ္စည်းတွေ ဒီလောက်အများကြီးရနေတာလဲ"
ယခုတစ်ကြိမ်တွင် ဆော့ဖ်ဝဲလ်ထဲရှိ အသုံးပြုသူအများအပြားမှာ အုတ်အော်သောင်းနင်းဖြစ်နေပြီဖြစ်သည်။
ကျိုးဟောင်မှာ တစ်နေ့တည်းဖြင့် ရှားပါးအဆင့်ပစ္စည်း ၆ခုအားရရှိခဲ့ခြင်းဖြစ်သည်။
ကျိုးဟောင်မှာ အသုံးပြုသူအများအပြားအား အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေတာဖြစ်သည်။
သို့သော်ယခုအချိန်တွင် သူ့မှာထိုကိစ္စအား ဂရုစိုက်ရန်အချိန်မရှိသေးပေ။
ရှားပါးအဆင့်ပစ္စည်း ၃ခုရပြီးနောက် သူသက်ပြင်းချလိုက်မိသည်။
"ငါ ကံကြမ္မာအမှတ်သန်း၂၀ကျော်သုံးလိုက်တာ ငါ့ရည်မှန်းချက်ပြည့်သွားတာပဲ တန်ပါတယ်"
ကျိုးဟောင်မှာ လက်ရှိအခြေအနေကိုမမေ့ပေ။ အလျင်အမြန်ပင်ကိုယ်ပိုင်စာမျက်နှာအားဖွင့်ကာ ပစ္စည်း ၃ခုအား ယူရန်ပြင်လိုက်လေသည်။
ကျိုးဟောင်မှာ "ပြောင်းလဲမှုကိုးသွယ် ရွှေခန္ဓာသိုင်း" ဆိုသောနေရာအား နှိပ်လိုက်ပြီးနောက် အချက်အလက်များမှာ အလျင်အမြန်ပင်ဝင်ရောက်လာလေသည်။
"ပြောင်းလဲမှုကိုးသွယ် ရွှေခန္ဓာသိုင်း" သည်ရှေးဟောင်းအာဒိကပ္ပခေတ်မှ ပြိုင်ဘက်ကင်းရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှု ကျင့်ကြံရေးသိုင်းဖြစ်သည်။ ဤကျင့်ကြံရေးသိုင်းမှာ အလွန်စွမ်းအားကြီးပြီးကြောက်မက်ဖွယ်ကောင်းသည်။ သာမန်လျှို့ဝှက်ဆန်းကြယ်သေတ္တာတွင် ပြောင်းလဲမှု ၃သွယ်အထိပါပြီး ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာတွင် ပြောင်းလဲမှု ၆သွယ်အထိသာပါသည်။ မှတ်သားထားရန်"
ထိုအချက်အလက်အားသိလိုက်ရသောအခါ ကျိုးဟောင်မှာချက်ချင်းပင် ကျိန်ဆဲလိုက်မိသည်။
"ချီး ဒါကအလိမ်အညာပဲ"
"လူသားတွေက အမြဲတမ်းအရှက်မရှိကြွားဝါနေကြတာ ဒါပေမဲ့သူတို့ရဲ့ဇာတ်သိမ်းကတော့ များသောအားဖြင့် အတော်ဆိုးဝါးကြတယ် ဒီနေ့တခြားလူသားပညာရှင်တွေလိုပဲ မင်းလည်းငါ့လက်ထဲမှာသေရမယ်"
တိမ်လွှာမြွေပါဘုရင်၏အသံမှာ ထပ်မံထွက်ပေါ်လာလေသည်။
စကားဆုံးသည်နှင့် သူ၏ကြီးမားသောလက်သည်းကြီးအားမြှောက်ကာ ကုတ်ချလိုက်လေသည်။
ဘုန်း!
ကြောက်မက်ဖွယ်ရာဖိအားမှာ ကောင်းကင်မှဆင်းသက်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေထုမှာ အေးခဲသွားလေသည်။
ကျိုးဟောင်မှာ ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်အား တောင်ကြီးတစ်လုံးကဖိထားသလိုခံစားချက်နှင့်အတူ အဆုံးမရှိနစ်မြုပ်သွားသလိုခံစားလိုက်ရလေသည်။
ကျိုးဟောင်မှာ အချက်အလက်များကိုစစ်ဆေးပြီး ဆက်မကျိန်ဆဲနိုင်ခင်မှာပင် "ပြောင်းလဲမှုကိုးသွယ် ရွှေခန္ဓာသိုင်း(မပြည့်စုံသောသိုင်း)"၊ မဟူရာလိပ်နတ်ဘုရားလိပ်ချပ်ဝတ်နှင့် အာဒိကပ္ပသွေးဆေးလုံးတို့အားအလျင်အမြန်ပင်လက်ခံလိုက်ရလေသည်။
ဘုန်း!
ထိုအချိန်တွင် တိမ်လွှာမြွေပါဘုရင်၏ကြီးမားသောလက်သည်းကြီးမှာလည်း သူ့ထံသို့ကျရောက်လာလေသည်။
"စီနီယာကျိုး"
"သေစမ်း ချီးပဲ"
"တိမ်လွှာမြွေပါဘုရင်"
စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ မူလကကျိုးဟောင်ရပ်နေသောနေရာမှာ ချက်ချင်းဆိုသလိုပင်ကြီးမားသောတွင်းကြီးတစ်ခုဖြစ်သွားသည်ကိုကြည့်နေကြပြီး သူတို့အားလုံးရင်ကွဲသလိုခံစားလိုက်ရပေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာမူလအဆင့်ပညာရှင်မဟုတ်သလို စွမ်းအားကြီးသောကာကွယ်ရေးချပ်ဝတ်လည်းမရှိပေရာ တိမ်လွှာမြွေပါဘုရင်၏တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသည့်အချိန်တွင် မခုခံနိုင်သည်မှာသာမန်ပင်ဖြစ်သည်။
ဟန်ဖူမှာလည်းလက်ရှိတွင်ဒဏ်ရာအပြင်းအထန်ရထားလေရာ ကျိုးဟောင်အားကယ်ရန်အင်အားမရှိပေ။ တိမ်လွှာမြွေပါဘုရင်၏ကြီးမားသောလက်သည်းကြီးအောက်တွင် ပညာရှင်တစ်ယောက်သေဆုံးသွားသည်ကို ထိုင်ကြည့်နေရုံသာတတ်နိုင်သည်။
တွင်းနက်ကြီးထဲတွင် ကျိုးဟောင်၏ခန္ဓာကိုယ်ပေါ်ရှိ မဟူရာလိပ်ချပ်ဝတ်မှာ ချက်ချင်းပင်အသွင်ပြောင်းသွားလေသည်။ အထူးကျုံ့နိုင်ဆန့်နိုင်သောဝတ်စုံမှာ ချက်ချင်းဆိုသလိုပင် ရှေးဟောင်းလိပ်ခွံပုံစံများဖြင့် ပြည့်နှက်လာလေသည်။ ထိုပုံစံမှ လိပ်နတ်ဘုရားတစ်ပါးမှ နေနှင့်လ၏အနှစ်သာရများအား ဆုပ်ယူနေသကဲ့သို့ ရှေးဟောင်းအရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေလေသည်။
တစ်ချိန်တည်းမှာပင် နဂါးနှင့်ဆင်ဉာဏ်ပညာသိုင်းမှာ ကျိုးဟောင်၏သွေးအနှစ်သာရအား ရူးသွပ်စွာအသွင်ပြောင်းလာစေလေသည်။ ကျိုးဟောင်၏အရိုးများ သွေးကြောများမှာ ချက်ချင်းဆိုသလိုပင် ရွှေရောင်မှိုင်းမှိုင်းဖြင့် ဖုံးလွမ်းသွားပြီး သွေးများမှာလည်းမာကျူရီကဲ့သို့ စေးပျစ်လာလေသည်။ နှလုံးခုန်နှုန်းမှာလည်းအလွန်ကိုနှေးကွေးလာလေသည်။ သို့သော် နှလုံးတစ်ချက်ခုန်တိုင်း ဘေးပတ်ဝန်းကျင်ရှိလေထုပါတုန်ခါလာလေသည်။
"ပထမအသွင်ပြောင်းမှု"
ကြီးမားသောလက်သည်းကြီးအောက်တွင် ကျိုးဟောင်မှာအော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိအရိုးအားလုံးမှာ အက်ကွဲသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှလည်း ရှေးဟောင်းနဂါးနှင့်ဆင်တို့ထက် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်ခုထွက်ပေါ်လာလေသည်။
"ဒုတိယအသွင်ပြောင်းမှု"
သူ့ကိုယ်တွင်းရှိသွေးများမှာ အလျင်အမြန်လည်ပတ်လာပြီး တဖြည်းဖြည်းချင်း ဆူပွက်လာလေသည်။ အရိုးနှင့်သွေးကြောများအားဖုံးလွှမ်းနေသော ရွှေရောင်မှိုင်းမှိုင်း၏အရောင်မှာ ပို၍ပင်နက်ရှိုင်းလာလေသည်။
"တတိယအသွင်ပြောင်းမှု"
စေးပျစ်နေသောသွေးများမှာ ရွှေရောင်မှိုင်းမှိုင်းနှင့်ရောနှောလာလေသည်။ ၎င်းမှာဆူပွက်လာသည်နှင့် ဧရာမအားတစ်ခုကတိုးထွက်လာလေရာ ရှေးဟောင်းနဂါးတစ်ကောင်နိုးထလာသလိုပင်။ ကျိုးဟောင်၏အရိုးနှင့်သွေးကြောများမှာ တဖြည်းဖြည်းချင်းရွှေရောင်သန်းလာလေသည်။
ဘုန်း!
ကျိုးဟောင်မှာ တတိယပြောင်းလဲမှုပြီးသည်နှင့် လက်သီးအားမြှောက်ကာ ဖွဖွလေးထိုးလိုက်လေသည်။ ဆူနာမီမုန်တိုင်းကဲ့သို့သောအထွတ်အထိပ်ခွန်အားတစ်ခုမှာ တိမ်လွှာမြွေပါဘုရင်၏ကြီးမားသောလက်သည်းကြီးအား ထိုးဖောက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ပြိုင်ဘင်ကင်းသောကြောက်မက်ဖွယ်ရာအင်အားတစ်ခုလည်းပျံ့နှံ့လာလေသည်။
....................................................................................
အခန်း (၉၄) ပြီးပါပြီ။
အခန်း (၉၅) : စီနီယာကျိုး ကျွန်တော်တို့ခင်ဗျားရဲ့စီးနင်းခံသားရဲဖြစ်ချင်ပါတယ်
မီတာထောင်ချီကြီးမားသော တိမ်လွှာမြွေပါဘုရင်မှာ မီတာပေါင်းရာချီသို့လွှင့်ပစ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထက် ၁၀ဆကြီးမားသော တူကြီးနှင့်အထုခံလိုက်ရသလို ခံစားလိုက်ရလေသည်။
အခြားစွမ်းအားကြီး အရှင်သခင်အဆင့် မိစ္ဆာသားရဲ ၃ကောင်မှာလည်း ပေါက်ကွဲမှုပြီးနောက် လွင့်ထွက်သွားလေရာ တိမ်လွှာမြွေပါဘုရင်၏ဘေးရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
အခြားသိန်းနှင့်ချီသော မိစ္ဆာသားရဲများမှာလည်း ကြောက်မက်ဖွယ်ရာဖိအားကြောင့် ချက်ချင်းပင်အသားစများအဖြစ် ကြေမွသွားလေသည်။ ဘုရင်အဆင့်မိစ္ဆာသားရဲများသာ လွင့်ထွက်သွားပြီး အသားစမဖြစ်သွားခြင်းဖြစ်သည်။ မြင့်မားသောကာကွယ်ရေးတံတိုင်းမှာလည်း လေပူဖောင်းတစ်လုံးပမာ ပြိုကျသွားလေသည်။
သို့သော် ကျိုးဟောင်မှာသူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများကိုတော့ ပေါက်ကွဲမှု၏နောက်ဆက်တွဲအကျိုးသက်ရောက်မှုအားမသက်ရောက်စေပေ။
ထို့နောက်ကျိုးဟောင်မှာ တွင်းနက်ထဲမှခုန်ထွက်လာပြီး မြေပြင်ပေါ်သို့ဖြည်းညှင်းစွာဆင်းသက်လိုက်လေသည်။
ကျိုးဟောင်မှာခြေဖျားထိပ်ဖြင့် မြေပြင်ပေါ်သို့ခပ်ဖွဖွဆောင့်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းသူ၏ခန္ဓာကိုယ်မှာ တိမ်လွှာမြွေပါဘုရင်၏ကြီးမားသောခန္ဓာကိုယ်ကြီးရှေ့တွင်ပေါ်လာလေသည်။ ကျိုးဟောင်မှာ သွေးများဖြင့်ဖုံးလွှမ်းနေသော တိမ်လွှာမြွေပါဘုရင်အားကြည့်ကာ မထူးဆန်းသလိုပြောလိုက်လေသည်။
"တိမ်လွှာမြွေပါဘုရင် ကြည့်ရတာမင်းလည်းမင်းရဲ့မျိုးဆက်လိုအားနည်းတာပဲ မင်းတို့နှစ်ကောင်လုံးက လက်သီးတစ်ချက်လေးကိုတောင်မခံနိုင်တဲ့အမှိုက်သာသာကောင်တွေပဲ"
တိမ်လွှာမြွေပါဘုရင်မှာ ချက်ချင်းပင်ဒေါသတကြီးဖြင့် မီတာထောင်ချီကြီးသော ခန္ဓာကိုယ်ကြီးအား လဲကျနေရာမှထရန်ကြိုးစားလာလေသည်။
"ပုရွတ်ဆိတ်ကောင်...."
စကားသံထွက်လာသည်နှင့် ကျိုးဟောင်မှာလက်ထဲမှဓားဖြင့် ပိုင်းချလိုက်လေသည်။
ဝှစ်!
မီတာရာကျော်အရှည်ရှိသောအက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်ရာသတ်ဖြတ်လိုသောအရှိန်အဝါတစ်ခုမှာ တိမ်လွှာမြွေပါဘုရင်အား လွှမ်းခြုံသွားလေသည်။
"ပုရွတ်ဆိတ်ကောင် မင်းငါ့ကိုဒီလိုလုပ်ရဲတယ်...."
တိမ်လွှာမြွေပါဘုရင်၏စကားမဆုံးခင်မှာပင် သူ၏ခေါင်းနှင့်ကိုယ်မှာတစ်စစီဖြစ်ကာပြုတ်ကျလာပြီး ကျိုးဟောင်၏ရှေ့သို့လိမ့်လာလေသည်။
ဖြောင်း!
ကျိုးဟောင်မှာ ပိုးဟပ်တစ်ကောင်အားတက်နင်းလိုက်သကဲ့သို့ တိမ်လွှာမြွေပါဘုရင်၏၏ဦးခေါင်းအား ခြေထောက်ဖြင့် နင်းခြေပစ်လိုက်လေသည်။
အခြားအရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်မှာ ထိုကြောက်မက်ဖွယ်ရာမြင်ကွင်းကြောင့် အလွန်အမင်းထိတ်လန့်ကာ လိပ်ပြာလွင့်သွားသလိုပင်ခံစားလိုက်ရလေရာ အလုအယက်ဖြင့် ထိတ်ထိတ်ပျာပျာထွက်ပြေးကြလေတော့သည်။
ရွှစ်! ရွှစ်!
ထိုအချိန်တွင် ဓားအလင်းရောင်တစ်ချက်ပေါ်လာပြီး သူတို့ခန္ဓာကိုယ်အား နှစ်ပိုင်းပိုင်းလိုက်လေသည်။
တောနက်ဧရိယာတစ်ခုလုံးမှာလည်း သွေးများဖြင့်ဖုံးလွှမ်းသွားလေသည်။
ခြိမ်းခြောက်မှုအများဆုံး တိမ်လွှာမြွေပါဘုရင်နှင့် အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်အားသတ်ပြီးနောက် ကျိုးဟောင်မှာနောက်လှည့်ကာ ဘုရင်အဆင့်မိစ္ဆာသားရဲ ၁၀ကောင်ကျော်ထံသို့ လျှောက်သွားလေသည်။
ဘုရင်အဆင့်မိစ္ဆာသားရဲများမှာ ဉာဏ်ရည်ရှိကြလေရာ ယခုအချိန်တွင်နည်းနည်းလေးတောင်မလှုပ်ရဲဘဲ မြေကြီးပေါ်တွင်ဝပ်နေကြလေသည်။
"ချမ်းသာပေးပါ ကျွန်တော်တို့ကိုချမ်းသာပေးပါ"
"စီနီယာကျိုး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးကျွန်တော်တို့ကိုချမ်းသာပေးပါ ကျွန်တော်တို့ခင်ဗျားရဲ့စီးနင်းခံသားရဲဖြစ်ပေးပါ့မယ်"
"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့ တစ်သက်လုံး ခင်ဗျားရဲ့စီးနင်းခံသားရဲဖြစ်ချင်ပါတယ်"
ကျိုးဟောင်မှာ မိစ္ဆာဘုရင်များ၏ အသနားခံသံကိုကြားသောအခါ သရော်လိုက်လေသည်။
"မင်းတို့တွေဒီလောက်များတာ ငါစီးဖို့သားရဲကဒီလောက်အများကြီးမလိုဘူး"
"ကျွန်တော့်ကိုရွေးပါ ကျွန်တော်ကအနူးညံ့ဆုံးနဲ့ထိုင်ရတာ သက်သောင့်သက်သာအရှိဆုံးပဲ"
"ကျွန်တော်...ကျွန်တော်ကစီးနင်းခံသားရဲဖြစ်ဖို့မွေးဖွားလာတာပါ"
"ဆရာ ကျွန်တော့်ကိုကြည့်ပါ ကျွန်တော့်ကျောပေါ်ကအမွေးကအရမ်းနူးညံ့တယ် ကျွန်တော့်ကိုယ်ပေါ်မှာ ကုန်းနှီးတောင်ထားလို့ရပါတယ်"
ဘုရင်အဆင့်မိစ္ဆာသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင်အော်ဟစ်နေကြလေသည်။
ထိုအချိန်တွင် ဟန်ဖူ စစ်သေနာပတိချုပ်ကျောက်၊ ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားသူများမှာ သစ်သားရုပ်များပမာ မြေပြင်ပေါ်တွင် မလှုပ်မယှက်ရပ်နေကြလေသည်။
သူတို့စိတ်ထဲတွင်ရှိနေသောတစ်ခုတည်းသောအရာမှာ ကျိုးဟောင်မှာသူတို့မျှော်လင့်ထားတာထက် လုံးဝကိုကျော်လွန်နေသည်ဟူသော အချက်ပင်ဖြစ်သည်။ ကျိုးဟောင်မှာမသေရုံသာမက ပြောမပြနိုင်လောက်အောင်စွမ်းအားကြီးသော အဆင့်မြင့်အရှင်သခင်အဆင့်ရှိသော တိမ်လွှာမြွေပါဘုရင်ကိုတောင် အလွယ်တကူသတ်ပစ်လိုက်ပြီး ယခု ဘုရင်အဆင့်မိစ္ဆာသားရဲများမှာ သူ့အားကြောက်လန့်လွန်း၍ ကျိုးဟောင်၏စီးနင်းခံသားရဲဖြစ်ရန်ပင် တောင်းဆိုနေကြလေသည်။
လွန်ခဲ့သော ၁၀စက္ကန့်ကဖြစ်ခဲ့သောကိစ္စမှာ အိပ်မက်တစ်ခုပမာပေ။
ပထမဆုံးအသိဝင်လာသူမှာ ဟန်ဖူဖြစ်သည်။ သူသည် ကြီးမားသောဘုရင်အဆင့်မိစ္ဆာသားရဲ ၁၀ကောင်ကျော်၏ရှေ့တွင်ရပ်နေသော အနီရောင်ပုံရိပ်အား စိုက်ကြည့်နေမိလေသည်။
"နဝမမြောက် မူလအဆင့်မဟာဆရာသခင်တစ်ယောက် ဒီစီနီယာက သေချာပေါက်အထွတ်အထိပ်အဆင့်ကိုရောက်နေတဲ့ နဝမြောက်မူလအဆင့်မဟာဆရာသခင်တစ်ယောက်ပဲ"
ဟန်ဖူ၏မျက်နှာပေါ်တွင် လေးစားအားကျမှုများပေါ်လာပြီး ရူးသွပ်စွာအော်ဟစ်လာလေသည်။
ထိုအခါမှ စစ်သေနာပတိချုပ်ကျောက်နှင့်အခြားမဟာဆရာသခင်များလည်း သတိဝင်လာလေသည်။ သူတို့အားလုံး၏မျက်လုံးထဲတွင် ဇဝေဇဝါအရိပ်အယောင်များဖြင့် ဟန်ဖူအားကြည့်နေကြလေသည်။
"စီနီယာဟန် နဝမမြောက်မူလအဆင့်မဟာဆရာသခင်ဆိုတာဘာလဲ"
စစ်သေနာပတိချုပ်ကျောက်မှာ မနေနိုင်ဘဲထုတ်မေးလိုက်လေသည်။
ဟန်ဖူမှာ စစ်သေနာပတိချုပ်ကျောက်အားကြည့်ကာ အသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"မူလအဆင့်မှာ ပထမအဆင့်ကနေ နဝမအဆင့်အထိ အဆင့် ၉ ဆင့်ရှိတယ် ပြီးတော့ မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့ အဆင့်တစ်ဆင့်ချင်းစီကြားက စွမ်းအားကွာခြားချက်က အရမ်းကိုကြီးတယ်"
"ငါ့လို တတိယမြောက်မူလအဆင့်ပညာရှင်တစ်ယောက်က အဆင့်နိမ့်အရှင်သခင်အဆင့်မိစ္ဆာသားရဲတွေ၊ အင်းဆက်တွေနဲ့ စက်ရုပ်မျိုးနွယ်ရဲ့ မူလအဆင့်ပညာရှင်တွေကို အလွယ်တကူကိုင်တွယ်နိုင်သလို ရှင်းလည်းရှင်းပစ်နိုင်တယ် ပြီးတော့ တတိယနဲ့ ဆဠမအဆင့်ကြားက မူလအဆင့်မဟာဆရာသခင်တွေက အလယ်အလတ် အရှင်သခင်အဆင့်သားရဲတွေကိုသတ်နိုင်တယ် တစ်ချို့တိုက်ခိုက်ရေးစွမ်းအားအရမ်းကောင်းတဲ့လူတွေဆို အဆင့်မြင့်အရှင်သခင်အဆင့်မိစ္ဆာသားရဲတွေနဲ့တောင် ရင်ဆိုင်နိုင်တယ်"
ထိုစကားအားကြားပြီးနောက် မဟာဆရာသခင်များမှာ သဘောပေါက်သွားကြလေသည်။
ထိုလူများကြားထဲမှ ကျိုးဟောင်မှာမနေနိုင်ဘဲထမေးလိုက်မိသည်။
"စီနီယာဟန် ကျွန်တော်တို့နိုင်ငံမှာ နဝမမြောက်မူလအဆင့်ပညာရှင် ဘယ်နှစ်ယောက်လောက်ရှိလဲပြောပြလို့ရမလား"
စစ်သေနာပတိချုပ်ကျောက်မှာ ကျိုးဟောင်အားကြည့်နေလေသည်။ ကျိုးဟောင်မှာ ယခုလိုသတင်းအချက်အလက်မျိုးကို မေးဖို့ရာမသင့်တော်ဟု သူ့စိတ်ထဲတွင်မတွေးပေ။
သို့သော်ဟန်ဖူမှာ စိတ်ထဲမထားဘဲ ခေါင်းယမ်းရင်းပြောလိုက်လေသည်။
"မူလအဆင့်ပညာရှင်တွေအတွက်က နည်းနည်းလေးအဆင့်တက်ဖို့တောင် အတော်လေးခက်တယ် သူတို့အဆင့်တက်ဖို့ဆို တန်ဖိုးကြီးအရင်းအမြစ်တွေအများကြီးလိုတယ် ဒါပေမဲ့ဒီအရင်းအမြစ်တွေအများစုက မျိုးနွယ်ခြားတွေရဲ့လက်ထဲမှာ အဲဒါကြောင့်ကျုပ်တို့နိုင်ငံမပြောနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တောင် မူလအဆင့်ကိုချိုးဖောက်နိုင်တဲ့ ပညာရှင်များများစားစားမရှိဘူး"
ဟန်ဖူမှာ သက်ပြင်းချပြီးဆက်ပြောလေသည်။
"ဆဠမအဆင့်အထက်ရှိတဲ့ မူလအဆင့်ပညာရှင်အရေအတွက်ဆိုရင် ပိုလို့တောင်နည်းသေးတယ် အဆင့်မြင့်အရှင်သခင်အဆင့်မိစ္ဆာသားရဲတွေကို လွယ်လွယ်သတ်နိုင်တဲ့ နဝမမြောက်မူလအဆင့်မဟာဆရာသခင်တွေဆိုရင် ဖီးနစ်ငှက်မွေးနဲ့ ချီလင်ချိုလောက်ကိုရှားတယ်"
မဟာဆရာသခင်များမှာ ကြက်သေသေပြီး ကျိုးဟောင်အားကြည့်နေကြလေသည်။
....................................................................................
အခန်း (၉၅) ပြီးပါပြီ။
အခန်း (၉၆) : ငါက န၀မအဆင့်ရှိတဲ့ မူလအဆင့်ကျွမ်းကျင်သူလား
"စီနီယာကျိုးက လူသားမျိုးနွယ်ရဲ့ အထွဋ်အထိပ်ကိုရောက်နေပြီလို့ဆိုလိုချင်တာလား"
သူတို့အားလုံး မယုံကြည်နိုင်ဖြစ်နေကြသည်။ဒီအချိန်ကာလတွေအတွင်း သူတို့သည် စီနီယာကျိုး နှင့်အတူ တောနက်ဧရိယာထဲတွင် ရှာဖွေရှင်းလင်းရေးများ လုပ်ခဲ့ကြလေသည်။
စီနီယာကျိုး၏စွမ်းဆောင်ချက်များအရ သူသည် အလွန်သန်မာကြောင်းသက်သေပြထားပြီးဖြစ်သော်လည်း သူတို့က စီနီယာကျိုးကို အထွဋ်အထိပ်မဟာဆရာသခင်တယောက်လို့သာ ထင်ခဲ့ကြလေသည်။
ယခုမူ သူတို့သည် စီနီယာကျိုးက န၀မအဆင့်ထိရောက်နေတဲ့ အထွဋ်အထိပ်မဟာဆရာသခင်ဖြစ်ကြောင်း ကြားလိုက်ရလေသည်။
ထိုသတင်းမှာ သူတို့အတွက် ကျိုးဟောင်က တိမ်လွှာမြွေပါအရှင်သခင်ကြီးအား သတ်ဖြတ်လိုက်တုန်းကကဲ့သို့ပင် တုန်လှုပ်သွားစေသည်။
စစ်သေနာပတိချုပ် ကျောက်နှင့် အခြားသူများ၏ လေသံကိုကြားသောအခါ ဟန်ဖူက ဆတ်ခနဲ့ ပြန်ပြောလိုက်သည်။
"ဘာလဲ မင်းတို့က မယုံတာလား။ ငါ ဟန်ဖူ တတိယအဆင့် မူလမဟာဆရာသခင်တယောက်ဖြစ်ပြီး န၀မအဆင့်ရောက်နေတဲ့ကျွမ်းကျင်သူကို မြင်တာနဲ့ မသိဘူးထင်နေတာလား"
"မဟုတ်ပါဘူး စီနီယာဟန် ကျွန်တော်တို့မယုံနိုင်ဖြစ်နေကြလို့ပါ"
စစ်သေနာပတိချုပ် ကျောက်က အလျှင်အမြန်ပြန်ပြောလိုက်သည်။
"ဟုတ် ဟုတ်ပါတယ် ကျွန်တော်တို့ စီနီယာကျိုး နဲ့ အချိန်အတော်ကြာ ဆက်ဆံခဲ့ကြပေမဲ့ ခုလိုစွမ်းအားအမြောက်အမြားထုတ်သုံးတာမျိုး မမြင်ခဲ့ဖူးလို့ပါ"
ဟဲ့ပျောင်း ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များကလည်း အမြန်ပြန်ဖြေကြလေသည်။
" အထွဋ်အထိပ် န၀မအဆင့်ရောက်နေတဲ့ မူလအဆင့်ကျွမ်းကျင်သူတွေက ငါတို့လူသားမျိုးနွယ်အတွက် အဖိုးတန်ရတနာတွေပဲ။ ဒါကြောင့်သူတို့က ပေါ်ပေါ်ထင်ထင်သိပ်မနေကြဘူး။ စီနီယာကျိုးကလည်း သူ့စွမ်းအားတွေကို တမင်တကာချိုးနှိမ်ထားရတာကလည်း မျိုးနွယ်ခြားတွေရဲ့ အာရုံစိုက်ခံရမှာ မလိုလားလို့ဖြစ်မယ်"
ဟန်ဖူ က စစ်သေနာပတိချုပ် ကျောက်တို့အား ကြည့်ပြီးပြောလိုက်လေသည်။
"ဟုတ်တယ် စီနီယာ ဟန်ပြောတာ အမှန်ပဲ"
ဟဲ့ပျောင်း ကျန်းဟုန်နှင့် အခြားလူများက ဒီကာလအတွင်း ကျိုးဟောင်၏ စွမ်းဆောင်ရည်များကို ပြန်စဉ်းစားမိပြီး သဘောပေါက်သွားကြသည်။
စီနီယာကျိုးမှာ အထွဋ်အထိပ် န၀မအဆင့် မူလမဟာဆရာသခင် ဖြစ်နေသောကြောင့် တောနက်ဧရိယာကြီးအား အလျင်အမြန်ရှင်းလင်းနိုင်ယုံသာမကအမြှီး၇ချောင်း တိမ်လွှာမြွေပါ ကို အလွယ်တကူသတ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
"ဒီလို အထွဋ်အထိပ် န၀မအဆင့်ရှိတဲ့ မူလအဆင့်မဟာဆရာသခင်ရှိနေခြင်းက ဟွာတုန်းမြို့အတွက် ဂုဏ်ယူစရာပါပဲ"
ဟန်ဖူ ကပြောနေရင်းနှင့်ပင် မနာလိုဖြစ်နေလေသည်။
" ငါတောင်မှ အထွဋ်အထိပ် န၀မအဆင့် မူလအဆင့်မဟာဆရာသခင်နဲ့ မဆက်သွယ်ခဲ့ဖူးဘူး။ မင်းတို့က အတူတူတွဲလုပ်ခဲ့ကြတာဆိုတော့ အတော်ကံကောင်းတဲ့ကောင်တွေပဲ"
ဟန်ဖူ ကဆက်ပြောနေခဲ့သည်။
"စီနီယာဟန် ပြောသလိုပဲ ကျွန်တော်တို့က အတော်ကံကောင်းကြတာပဲ"
စစ်သေနာပတိချုပ် ကျောက်နှင့် မဟာဆရာသခင်များမှာ တယောက်ကိုတယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
"ဟုတ်တယ် အမှန်တကယ်ကို ကံကောင်းကြတာ"
......
ကျိုးဟောင်သည် တိမ်လွှာမြွေပါအရှင်သခင်ကြီးအား သတ်ပစ်လိုက်ပြီးနောက် သူ့ကို အထွဋ်အထိပ် န၀မအဆင့် မူလမဟာဆရာသခင်တယောက်အဖြစ် မှားယွင်းသတ်မှတ်လိုက်ကြသည်ကို မသိရှိသေးပေ။
ထိုအချိန်တွင် သူသည် သူ့ရှေ့တွင်ရှိသော ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာ ၅၂ကောင်ကိုကြည့်ပြီး တခုခုကိုစဥ်းစားနေခဲ့သည်။
ကျိုးဟောင်သည် ဖန်သားပြင်၏ညာဘက်ထောင့်ရှိ ကံကြမ္မာအမှတ်များကို ကြည့်လိုက်သည်။
ကံကြမ္မာအမှတ်များ : ၄၂၇,၁၉,၆၀၀ (လက်ရှိအဆင့်: ပြီးမြောက်သော အိပ်မက်များအဆင့်)
ထောင်သောင်းနှင့်ချီသော မိစ္ဆာသားရဲများနှင့် အရှင်သခင်မိစ္ဆာကြီး ၃ကောင်ကို သတ်ဖြတ်ပြီးနောက် သူ၏ကံကြမ္မာအမှတ်များမှာ သန်း၄၀ ကျော်အထိရှိနေခဲ့လေသည်။
ထို့ကြောင့် သူ့တွင် အချိန်အတိုင်းအတာတခုလောက်အထိ ကံကြမ္မာအမှတ်များ ပြတ်လပ်တာမျိုး မဖြစ်နိုင်တော့ပေ။
တကယ်အခုရှိနေတဲ့ နတ်ဆိုးဘုရင် ၅၂ကောင်အား သတ်လိုက်ပါက သူ့အတွက် ကံကြမ္မာအမှတ် ၆သန်းလောက်ရရှိနိုင်လေသည်။ ကံကြမ္မာအမှတ် သန်း ၄၀နှင့် ယှဉ်ရင် ဒီအမှတ် ၆သန်းက ကိတ်မုန့်ပေါ်ရှိ ယိုတုံးလေးတတုံးစာလောက်သာရှိလေသည်။
ဒါကြောင့် ထို နတ်ဆိုးဘုရင်များကို ကိုင်တွယ်ရန် အနည်းငယ်စဉ်းစားရခက်နေလေသည်။
အချိန်တခုလောက် တုံ့ဆိုင်းနေခဲ့ပြီးနောက် ကျိုးဟောင်သည် တီးတိုးစကားပြောနေကြသော စစ်သေနာပတိချုပ်ကျောက်သို့ဘက်သို့လှည့်ကြည့်လိုက်သည်။ ထို့နောက် ဝုန်းခနဲ သူတို့ရှေ့သို့သွားလိုက်လေသည်။
"စီနီယာကျိုး"
"စီနီယာကျိုး"
စစ်သေနာပတိချုပ်ကျောက်နှင့် အခြား မဟာဆရာသခင်များက အရိုအသေပေးကြလေသည်။
"စီနီယာကျိုး .. ဟွာတုန်းမြို့မှာ မင်းလို အထွဋ်အထိပ် န၀မအဆင့် မူလမဟာဆရာသခင်တယောက်ရှိနေမှန်း သိခဲ့ရရင် အခုလောက်စိုးရိမ်မိခဲ့မှာ မဟုတ်ဘူး"
ဟန်ဖူက ရှေ့သို့လှမ်းလာပြီး နှုတ်ဆက်လိုက်သည်။
" ငါလား... န၀မအဆင့်ရှိတဲ့ မူလမဟာဆရာသခင်တယောက်လား...."
ကျိုးဟောင်လည်း အံ့ဩသွားခဲ့သည်။သူသည် မူလမဟာဆရာသခင်အဆင့်ရှိမှန်း သိထားသော်လည်း ဟန်ဖူဆိုလိုချင်သော န၀မအဆင့်ရှိသူဆိုသည်ကိုတော့ နားမလည်ခဲ့ပေ။
"စီနီယာ ဟန် ၊ စစ်သေနာပတိချုပ်ကျောက်....."
သူက ဇေဝေဇေဝါဖြစ်နေသောကြောင့် မေးရန်ခေါ်လိုက်သည်။
ဟန်ဖူက အလျင်အမြန်ပင် လက်ကာပြလိုက်ပြီးပြောလေသည်။
"သခင်ကျိုး ကျုပ်ကို ဟန်ဖူ ဒါမှ မဟုတ် လောင်ဟန်လို့သာ ခေါ်ပါ"
" ဟုတ်တယ် စီနီယာကျိုး မင်းအရမ်းယဉ်ကျေးမနေပါနဲ့တော့။ အခုကစပြီး ကျွန်တော့်ကို ကျောက်လောင်လို့သာခေါ်ပါ"
စစ်သေနာပတိချုပ် ကျောက်က ခေါင်းညိတ်ရင်းထောက်ခံနေလေသည်။
ကျိုးဟောင်လည်း ပါးစပ် အဟောင်းသားဖြစ်သွားပြီး စစ်သေနာပတိချုပ် ကျောက်မှာ ရုတ်တရက် ဘာကြောင့် အရမ်း ရိုကျိုးနေသလဲဆိုတာ နားမလည်နိုင်ဖြစ်နေလေသည်။
ကျိုးဟောင်လည်း စောစောက နတ်ဆိုးအရှင်သခင်အား သတ်ဖြတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်မည်လို့ တွေးမိလိုက်သည်။ ဒါကလည်း တခုတည်းသောဖြစ်နိုင်ချေဖြစ်လေသည်။ ကျိုးဟောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး သူ့လေသံကိုပြောင်းကာပြောလိုက်သည်။
" လောင်ဟန် ၊ ကျောက်လောင် မင်းတို့ ဒီနတ်ဆိုးဘုရင်နဲ့ပတ်သတ်ပြီး ဘာတွေ စဉ်းစားထားတာရှိလဲ"
"ဒီကောင်တွေကိုအကုန်ထပ်သတ်ဖို့က နည်းနည်း သနားစရာကောင်းနေသလားလို့တွေးမိတယ်။ ဒီတခေါက် သားရဲလှိုင်း တိုက်ခိုက်မှုကတဆင့် နတ်ဆိုးသားရဲ ပစ္စည်းအများအပြား စုဆောင်းနိုင်ခဲ့ပြီးပြီ။ ဒီ၅၂ကောင်ထပ်သတ်ဖို့ကျ အဓိပ္ပါယ်မရှိတော့သလိုပဲ"
ကျိုးဟောင်ကဆက်ပြောလိုက်သည်။
"ဟုတ်တယ် စီနီယာကျိုးပြောသလိုပဲ ဒီပစ္စည်းတွေ အများအပြား စုဆောင်းမိချိန်မှာ ဒီနတ်ဆိုး ဘုရင် ၅၂ကိုသတ်လိုက်ဖို့ကျ ဖြုန်းတီးသလိုဖြစ်နေတယ်။ သူတို့ဆီကနေ အကျိုးအမြတ်ရနိုင်မယ့် အခြားနည်းလမ်းတခုကိုစဉ်းစားကြမယ်"
ဟန်ဖူကလည်းထောက်ခံလေသည်။
ထိုစကားကိုကြားသောအခါ ကျိုးဟောင်၊ စစ်သေနာပတိချုပ် ကျောက် နှင့် အခြားသူများကသ ဟန်ဖူ ကို ကြည့်လိုက်ကြသည်။ အမြော်အမြင်နှင့် အတွေ့အကြုံအရ မူလအဆင့်သို့ ရောက်ရှိခဲ့သော ပါရမီရှင်များသည် သူတို့ထက် များစွာသာလွန်ကြောင်း ထင်ရှားလေသည်။
.................…...........................................................
အခန်း (၉၆) ပြီးပါပြီ။