အခန်း ၁၀၀-၁၀၂
Vol. 7 Ch. 100-102
အခန်း (၁၀၀) : သားရဲလှိုင်းတိုက်ခိုက်မှု မပြီးဆုံးသေးပါ
နောက်တနေ့ ကောင်းကင်မှ အလင်းရောင်ဖျော့ဖျော့ရေးကျရောက်လာချိန်တွင် မြေအောက်ခိုလှုံရေးစခန်းတံခါးများ တခုပြီး တခုပွင့်လာခဲ့လေသည်။
မရေမတွက်နိုင်သော နေထိုင်သူအများအပြားတိုးဝှေ့ထွက်လာကြလေသည်။ သားရဲလှိုင်းတိုက်ခိုက်မှုကြီးကြောင့် မြောက်ပိုင်းခရိုင်မှာ အထိအခိုက်အပျက်စီးဆုံးဖြစ်ခဲ့ပြီး အနောက်ပိုင်းခရိုင်မှာလည်း အလားတူပင်ဖြစ်သည်။
တောင်ပိုင်း နှင့် အရှေ့ပိုင်းခရိုင်များကတော့ ကာကွယ်ရေးလိုင်းများ ပြိုပျက်သွားခဲ့ယုံသာရှိပြီး မြို့ထဲရှိအဆောက်အအုံများကတော့ အကောင်းပကတိရှိနေသေးသည်။
သို့သော်လည်း အစိုးရက ဒီဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုအားလုံးကို လျော်ကြေးပေးမယ်လို့ မကြာမီကကြေညာခဲ့သည်။ ထို့ကြောင့် လူအများစု၏ နေအိမ်များ ပျက်စီးသွားကြသော်လည်း ဝမ်းနည်းပူဆွေးခြင်းမရှိဘဲ ၎င်းတို့၏ နေအိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် အစိုးရနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ချူမြို့အထက်တန်းကျောင်းတွင်
ကလင် ကလင် ကလင်...
ကျောင်းခေါင်းလောင်းမှာ စူးရှစွာမြည်နေခဲ့သည်။ သားရဲလှိုင်းတိုက်ခိုက်မှုကပ်ဘေးကြီးကြောင့် စိတ်ခြောက်ခြားနေဆဲဖြစ်သော ကျောင်းသားအများအပြား သည် ဆရာများ၏ ညွှန်ကြားပေးချက်အောက်တွင် အခန်းထဲသို့အသီးသီး၀င်လာကြလေသည်။
အထူးလေ့ကျင့်ရေးအတန်းရှေ့တွင် ကျိုးဟောင် ၊ ရှုလင် ၊ ယွမ်ချန်း နှင့် အခြားကျောင်းသားများမှာ အစီအရီ တန်းစီနေကြလေသည်။
သို့သော်လည်း သူတို့အများစုမှာ တီးတိုးပြောနေကြလေသည်။
" မင်းတို့ကြားပြီးပြီလား။ မြို့ကိုလာတိုက်တဲ့ သားရဲလှိုင်းကို အမြန်ဖြေရှင်းနိုင်ခဲ့တာ စီနီယာကျိုးကြောင့်တဲ့"
"စီနီယာကျိုး ... အနောက်ပိုင်းခရိုင်မှာရှိတဲ့ အင်းစက်သားရဲတွေအကုန်လုံးကို သတ်ခဲ့တာလည်း သူများလား"
"ဟုတ်တယ် ဟုတ်တယ် သူပဲ။ သူ့ကြောင့်သာမဟုတ်ရင် ငါတို့လွတ်လာပြီး ဒီလိုအေးဆေးစကားပြောနေနိုင်မှာမဟုတ်ဘူး"
"အမှန်ပဲ သူကကယ်ခဲ့လို့ ငါတို့တွေ အင်းစက်ခွေးသားတွေရဲ့အစာမဖြစ်တာ"
"ကံဆိုးချင်တော့ ငါတို့သူ့ကိုသေချာတွေ့ပြီး ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး"
"စီနီယာကျိုးလို အဆင့်နဲ့ ကျွမ်းကျင်သူတယောက်ကို ငါတို့အလွယ်တကူတွေ့လို့ရမယ်ထင်နေတာလား"
ကျိုးဟောင် သည် လူအုပ်ထဲတွင် ရပ်ကာ ကျောင်းသားများ၏ ဆွေးနွေးမှုကို နားထောင်နေခဲ့သည်။ သူသည် အနည်းငယ်ပင် ကြည်နူးမိသွားသည်။ အားလုံးက လေးစားကြည်ညိုကြတဲ့ စီနီယာကျိုး ဆိုတာကို သူသာဖြစ်ကြောင်း သူတို့သိရင် သူတို့ပါးစပ်အဟောင်းသားဖြစ်သွားလိမ့်မည်။
ထိုအခိုက်တွင် ရှုလင်းသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
"ကျိုးဟောင် သားရဲလှိုင်းတွေ တိုက်ခိုက်ခံရတုန်းက မင်းဘယ်ရောက်နေတာလဲ"
မွေးပျံ့သောရနံ့လေးတခုက သူ၏နှာခေါင်းထဲ၀င်လာခဲ့သည်။သူသည် ရှုလင်းအား မျက်လုံးထောင့်မှ ခိုးကြည့်လိုက်သည်။ ရှုလင်၏စွဲမက်ဖွယ်ညှပ်ရိုးလေးအောက်မှ အသားစိုင်မို့မို့လေးများကြောင့် ကျိုးဟောင်မျက်လုံးပြူးသွားလေသည်။
ရှုလင်လည်း ကျိုးဟောင်၏ မူမမှန်ဖြစ်နေသော အမူအရာကြောင့် သူမကိုယ်ကိုယ်ပြန်စမ်းသပ်လိုက်မိပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ကျိုးဟောင်အား ကန်လိုက်လေသည်။
"နှာဘူးကောင်ဘယ်ကိုလိုက်ကြည့်နေတာလဲ"
သူမက စိတ်ဆိုးသံလေးဖြင့်ပြောလိုက်သည်။သို့သော်လည်း သူမက အသံကိုနှိမ့်ပြောခဲ့လေသည်။ အဘယ့်ကြောင့်ဆို အနောက်တွင်ကျောင်းသားအများအပြားရပ်နေသောကြောင့်ဖြစ်လေသည်။
" ရှုလင် နင်ငါ့ကိုဒါအတွက်တော့ အပြစ်မတင်နဲ့လေ။ နင့်ရဲ့ဟာက အတော်ကြီးတာကိုး။ ငါမရည်ရွယ်ဘဲမြင်သွားတာဆိုပေမဲ့ ငါဘယ်လိုမျက်စိအကြည့်လွှဲနိုင်ပါ့မလဲ"
ကျိုးဟောင်က ရိုးရိုးသားသားပြန်ပြောလိုက်သည်။
"နင်.... အဲ့တာကိုဘာလို့ဆက်ပြောနေတာလဲ အရူးကောင်"
ရှုလင်၏မျက်နှာလေးမှာနီရဲသွားပြီး ကျိုးဟောင်အားထပ်ကန်လိုက်လေသည်။
"ကောင်းပြီ ငါတောင်းပန်ပါတယ် ထပ်မကန်ပါနဲ့တော့။ နင်ကအခု သိုင်းပညာရှင်အဆင့်ဖြစ်နေပြီ နင့်ကန်ချက်တွေက အရမ်းနာတယ်ဟ"
ကျိုးဟောင်က အမြန်တောင်းပန်လိုက်သည်။
" ဟမ်.. နင်အကြည့်မလွှဲမချင်းငါဆက်ကန်နေမှာပဲ "
ရှုလင်က ကြိမ်းမောင်းလိုက်သည်။
ကျိုးဟောင်ကချက်ချင်းပဲ ရှုလင်အာရုံပြောင်းအောင် စကားလမ်းကြောင်းလွှဲလိုက်ရသည်။
" သားရဲလှိုင်းတွေ လာတိုက်တုန်းက ငါအိမ်နားမှာပဲရှိနေခဲ့တာ။ အဲ့တာကြောင့် ချက်ချင်းပဲ မြေအောက်ခိုလှုံရေးစခန်းထဲသွားနိုင်ခဲ့တာ။ နင်တို့ရော အဲ့တုန်းက မြောက်ပိုင်းခရိုင်က ဘားမှာလား"
အဖြစ်အပျက်များကို ပြန်တွေးမိပြီး ရှုလင်က ကျိုးဟောင်အား စိုးထိတ်စွာကြည့်လိုက်သည်။
"ကံကောင်းတယ် နင်မလိုက်လာခဲ့တော်သေးတယ်။ မဟုတ်ရင် ၀မ်းနည်းစရာအဖြစ်အပျက်တွေဖြစ်ကုန်မှာ။နင့်အင်အားနဲ့ဆို ငါတို့ထွက်ပြေးဖို့ကြိုးစားစဉ် နင်နောက်မှာကျန်ခဲ့ပြီး အန္တရာယ်ကြုံနေရလိမ့်မယ်"
"ဟီး ဟီး ကံတရားကိုကျေးဇူးတင်ရမယ်"
ကျိုးဟောင်က ကံကောင်းချင်ယောင်ဆောင်နေခဲ့လေသည်။ ရှုလင်ကဆက်ပြောမလို့လုပ်နေစဉ်မှာပဲ နည်းပြရှန်းက ၀င်လာခဲ့လေသည်။
အခန်းထဲက တီးတိုးပြောသံများလည်းတိတ်သွားပြီး ကျောင်းသားအားလုံး ခါးများကို မတ်လိုက်ကြသည်။
ရှန်းကျင့်က အားလုံးကို တချက်ကြည့်လိုက်ပြီး ကျောင်းသားအားလုံး အစုံအလင်တွေ့ရတော့မှ သူ့မျက်နှာမှ စိုးရိမ်မှုများလျော့သွားလေသည်။
"နောက်တခါ ကျောင်းသားတွေ စုဝေးပွဲလုပ်ချင်ရင် ငါ့ဆီကိုအရင်ခွင်တောင်းရမယ်။ ဒီတခါက စီနီယာကျိုး အမြန်ရောက်လာပြီး ကူညီပေးခဲ့လို့တော်သေးတယ်။ နောက်တခါ ဒီလိုကံမကောင်းရင် တစ်တန်းလုံးထိခိုက်သွားနိုင်တယ် "
နည်းပြရှန်းက ယွမ်ချန်းကို ကြည့်ကာပြောလိုက်သည်။
" ဟုတ်ကဲ့ပါ နည်းပြ"
ယွမ်ချန်းလည်း ညိုးငယ်စွာပြန်ဖြေလေသည်။တခြားကျောင်းသားများလည်း ငြိမ်ကုပ်နေလေသည်။
"ကျောင်းသားများ ..... မြို့ကတော့ သားရဲလှိုင်းတိုက်ခိုက်မှုကနေ ဘေးကင်းသွားခဲ့ပြီ ဒါပေမဲ့ ငါတို့ လေ့ကျင့်ရေးအတန်းအတွက်တော့ မပြီးဆုံးသေးဘူး"
နည်းပြရှန်းက ဖြေးညှင်းစွာပြောလိုက်သည်။
ကျောင်းသားများမှာ နည်းပြရှန်း ဘာဆိုလိုချင်မှန်း နားမလည်ကြပေ။
" စီနီယာကျိုးရဲ့ ပါ၀င်ကူညီပေးမှုကြောင့် ဒီသားရဲလှိုင်းတိုက်ခိုက်မှုမှာပါ၀င်တဲ့ နတ်ဆိုးမိစ္ဆာတွေနဲ့ အင်းစက်ပိုးကောင်တွေ အကုန် ရှင်းလင်းခံလိုက်ရပြီ။ ဒါ့အပြင် မြို့အပြင်က တောနက်ဧရိယာထဲမှာလည်း နတ်ဆိုးသားရဲ နဲ့ အင်းစက်အရေအတွက်မှာလည်း ၈၀ရာခိုင်နှုန်းအထိရှင်းလင်းသွားခဲ့ပြီ"
"စစ်သူကြီးအဆင့်အထက်ရှိတဲ့ မျိုးနွယ်ခြားတွေအကုန်လည်း ရှင်းလင်းခံလိုက်ရပြီ။ ဒါ့ကြောင့် စစ်တပ်မှ စစ်သေနာပတိချုပ် ကျောက်နဲ့ မဟာဆရာသခင်များက သဘက်ခါကျရင် တောနက်ဧရိယာထဲမှာ အမြစ်ပြတ်ရှင်းလင်းရေး စစ်ဆင်ရေးကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်"
နည်းပြရှန်း ကခဏလောက်ရပ်ပြီးနောက် ဆက်ပြောခဲ့သည်။
" တတိယနှစ်နှင့်အထက် ကျောင်းသားအားလုံးထိုစစ်ဆင်ရေးမှာ ပါ၀င်ကြရမယ်"
သူ့စကားကြောင့် ကျောင်းသားအားလုံးမှင်တက်သွားကြသည်။
..............................................................................
အခန်း(၁၀၀) ပြီးပါပြီ။
အခန်း (၁၀၁) : ဒါကအရမ်းရူးတာပဲ"
"ဘာရယ် ကျွန်တော်တို့တတိယနှစ်ကကျောင်းသားတွေကိုပါ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးမှာ ပါခိုင်းစေချင်နေတာလား"
"ဒါကအရမ်း ရူးတာပဲ"
"ဟုတ်တယ် မိစ္ဆာစစ်သူကြီးတွေနဲ့အင်းဆက်မျိုးနွယ်တွေအားလုံး အသတ်ခံလိုက်ရပြီဆိုရင်တောင် အဲဒီမှာအဆင့်မြင့် မိစ္ဆာစစ်သည်တွေကျန်သေးတယ် ကျွန်တော်တို့တတိယနှစ်ကျောင်းသားတွေက သိုင်းပညာရှင်အဆင့်တောင်မရောက်သေးတာ ဒီကိစ္စထဲဝင်ပါရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်မနေဘူးလား"
သူတို့တုံ့ပြန်လာသည့်အချိန်တွင် လေ့ကျင့်ရေးအခန်းတစ်ခုလုံး ဆူညံသံများနှင့် ပြည့်နှက်သွားလေသည်။
နည်းပြရှန်းမှာမျက်မှောင်ကြုတ်ပြီး ထအော်လိုက်လေသည်။
"တိတ်ကြစမ်း"
ထို့နောက်အားလုံးကို ဝေ့ကြည့်ကာအေးစက်စွာဖြင့်ပြောလိုက်လေသည်။
"စစ်တပ်ထဲက စစ်သေနာပတိချုပ်ကျောက်နဲ့မဟာဆရာသခင်တွေဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်က သေချာစဉ်းစားပြီးမှဆုံးဖြတ်ထားတာ ။မင်းတို့တတိယနှစ်ကျောင်းသားအများစုက တောနက်ထဲကတကယ့်တိုက်ပွဲတွေမှာ မပါဖူးသေးဘူး။ ပြီးတော့ဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးက တကယ့်တိုက်ပွဲအတွက် အခွင့်အရေးကောင်းပဲ"
"မိစ္ဆာစစ်သူကြီးတွေအားလုံးကိုရှင်းပစ်ပြီးတာတောင် ကြောက်နေသေးရင် မင်းတို့ဘဝမှာ ဘာမှဖြစ်မြောက်လာမှာမဟုတ်ဘူး"
ယခုအခြေအနေတွင် နည်းပြရှန်းမှာဒေါသထွက်နေပြီဖြစ်သည်။
"တခြားအထက်တန်းကျောင်းက ကျောင်းသားတွေငြင်းတယ်ဆိုရင်တောင် ငါနားလည်သေးတယ် ဒါပေမဲ့မင်းတို့တွေက ပုံရိပ်ယောင်တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်မှုကာလကို ဖြတ်ကျော်ပြီးလို့ အလကားရတဲ့သွေးအနှစ်သာရဆေးလုံးကိုလည်းသုံးပြီးပြီ။ ဒါကိုတောင်မှ တောနက်ဧရိယာထဲသွားဖို့ကြောက်နေသေးရင် ဒါဆိုမင်းတို့တွေက စိတ်ပျက်စရာကောင်းတဲ့လူတစ်စုသာသာပဲ"
ကျောင်းသားများမှာ ချက်ချင်းပင်အသံတိတ်သွားကြလေသည်။
နည်းပြရှန်း၏အေးစက်နေသောအသံမှာ ထပ်မံထွက်ပေါ်လာလေသည်။
"မျိုးနွယ်ခြားတွေနဲ့ တကယ်မတိုက်ဖူးဘဲနဲ့ မင်းတို့ဘယ်တော့မှရင့်ကျက်နိုင်မှာမဟုတ်ဘူး"
"အခုငါ့ကိုပြော မင်းတို့ထွက်ချင်ရင် ငါမင်းတို့နှုတ်ထွက်ခွင့်လျှောက်လွှာရအောင်လုပ်ပေးမယ်"
သို့သော် မည်သူ့ထံကမှအသံထွက်မလာပေ။
အကယ်၍သူတို့သာ ဤအချိန်တွင်ထွက်ဝံ့ပါက လေ့ကျင့်ရေးအတန်းမှကန်ထုတ်ခံရမည်ဖြစ်ကြောင်း သူတို့အားလုံးသိပေသည်။
"ကောင်းပြီ ဘယ်သူမှမထွက်ချင်ဘူးဆိုမှတော့ ဒါဆိုချူမြို့အထက်တန်းကျောင်းရဲ့ ဗဟိုလေ့ကျင့်ရေးအတန်းမှာပါတဲ့ကျောင်းသားအားလုံး ဒီစစ်ဆင်ရေးမှာပါမယ်လို့သတ်မှတ်လိုက်ပြီ ရလဒ်ကိုစုစုပေါင်းအမှတ်နဲ့တွက်မယ်"
နည်းပြရှန်းမှာကျောင်းသားအုပ်စုကိုကြည့်ပြီး မထူးဆန်းသလိုပြောလိုက်လေသည်။
"မှတ်ထား ဒါကပုံရိပ်ယောင်တိုက်ပွဲမဟုတ်ဘူး တောနက်ထဲကတကယ့်တိုက်ပွဲပဲ လမ်းတစ်ဝက်ရောက်မှနောင်တရရင်တောင် ရှေ့ဆက်သွားနေရဦးမှာပဲ"
"ကြိုတင်ပြင်ဆင်ချိန် ၂ရက်ကိုအသုံးချပြီး ကိုယ့်အဖွဲ့နဲ့ကိုယ်ပူးပေါင်းဆောင်ရွက်ပါ တခြားအထက်တန်းကျောင်းတွေမှာ မင်းတို့လောက်အရင်းအမြစ်အများကြီးမရှိဘူး"
ထိုစကားဆုံးသည်နှင့် နည်းပြရှန်းမှာအော်ပြောလိုက်လေသည်။
"အခု သွားပြီးလေ့ကျင့်ရေးစကြတော့"
ဝှစ်! ဝှစ်!
ကျိုးဟောင်နှင့် အခြားကျောင်းသားများမှာ အလျင်အမြန်ပင်ပုံရိပ်ယောင်အခန်းထဲဝင်ကာ ချက်ချင်းဆိုသလိုပင်ပုံရိပ်ယောင်လေ့ကျင့်ရေးအားစကြလေတော့သည်။
ထိုအခြင်းအရာကိုမြင်သော နည်းပြရှန်းမှာ ခေါင်းသာယမ်းရင်း စာသင်ခန်းထဲမှထွက်သွားလေသည်။ သူတံခါးပေါက်ကိုရောက်သည်နှင့် ကျောင်းအုပ်ကျန်း၊ ဒုကျောင်းအုပ်နှင့် ဌာနမှူးဟုန်တို့အား တွေ့လိုက်ရလေသည်။
"ဟင်း ကျုပ်အထင်တော့စစ်တပ်ဘက်က ဒီဆုံးဖြတ်ချက်က အရမ်းကိုလောလွန်းတယ်ထင်တာပဲ"
ကျောင်းအုပ်ကျန်းမှာ ခေါင်းယမ်းရင်းသက်ပြင်းသာချမိလေသည်။
"ဒီကျောင်းသားတွေက လုံးဝမပြင်ဆင်ရသေးဘူး"
နည်းပြရှန်းမှာခါးသီးစွာပြုံးလိုက်လေသည်။
"ကျောင်းအုပ်ကျန်း သားရဲတွေ ကျုပ်တို့မြို့ကိုတိုက်တုန်းက ပြင်ဆင်ချိန်ပေးခဲ့လို့လား"
ထိုစကားအားကြားသောအခါ ဌာနမှူးဟုန်မှာနှာခေါင်းရှုံ့ကာပြောလိုက်လေသည်။
"အခက်အခဲဆိုတာမရှိရင် ဒီကျောင်းသားတွေဘယ်တော့မှ ရင့်ကျက်မှာမဟုတ်ဘူး ကျုပ်အထင်တော့စစ်တပ်ရဲ့ဒီတစ်ခေါက် ဆုံးဖြတ်ချက်က အရမ်းကိုရှေ့ရေးကိုကြိုမြင်တယ်လို့ပဲထင်တယ်"
ဒုကျောင်းအုပ်မှာပြုံးလိုက်လေသည်။
"တကယ်တော့ ကျွန်တော်သူတို့ကိုအရမ်းအားကျတယ် မျိုးနွယ်ခြားတွေရဲ့အကြောင်းဆိုတာထက် တောနက်ထဲမှာတခြားကောင်းတဲ့ပစ္စည်းတွေ အများကြီးရှိတယ် စစ်ဆင်ရေးမှာဒီကျောင်းသားတွေကို ပါဝင်ခိုင်းတာက ပြောရရင်စစ်တပ်ကသူတို့ကိုအခွင့်အရေးပေးတာပဲ"
မျက်စိတစ်မှိတ်အတွင်း အချိန် ၂ရက်တာမှာကုန်ဆုံးသွားလေသည်။
ဟွာတုန်းမြို့၏ တောင်ပိုင်းစခန်း၌....
သတ္တုတံခါး၏ရှေ့တွင် ဘတ်စ်ကားများမှာ တစ်စီးပြီးတစ်စီးဆိုက်လာကြလေသည်။
တစ်မြို့လုံးတွင်အထက်တန်းကျောင်း ၁၆ ကျောင်းရှိပြီး ချူမြို့အထက်တန်းကျောင်းအပါအဝင် ၈ကျောင်းမှာ တောင်ပိုင်းစခန်းသို့ နေရာချပေးခံရခြင်းပေ။
သို့သော် ၄ကျောင်းသာစစ်ဆင်ရေးတွင် ပါဝင်လိုပြီး ထို ၄ကျောင်းမှလည်း တတိယနှစ်ကျောင်းသားအရေအတွက်၏ ၃ပုံပုံ၁ပုံသာလာပေသည်။
ကျန်ရှိနေသောကျောင်းသားအများစုမှာ တောနက်ဧရိယာကိုသွားပြီး မျိုးနွယ်ခြားများကိုတိုက်ရန်ကြောက်ကြလေသည်။ ထို့အပြင် သူတို့၏မိဘများမှာလည်း သူတို့၏ကလေးများအား မစွန့်စားစေလိုပေ။
မည်သို့ပင်ဖြစ်စေ တောနက်ဧရိယာထဲသွားပါက အသက်အန္တရာယ်ရှိနိုင်ပေသည်။
မကြာမီပင် ကျောင်းသားထောင်ကျော်မှာ ဘတ်စ်ကားပေါ်မှတစ်ယောက်ပြီးတစ်ယောက်ဆင်းလာကြလေသည်။
ချူမြို့အထက်တန်းကျောင်း၏ ဗဟိုလေ့ကျင့်ရေးအတန်းမှကျောင်းသားများမှလွဲ၍ အခြားကျောင်းသားများ၏မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများဖြင့်ပြည့်နေပြီး ခန္ဓာကိုယ်များပင်တုန်ယင်နေလေသည်။ အချို့မှာမြေပေါ်တွင်ထိုင်ချကာ အော်တောင်နေပေသည်။
"ငါအိမ်ပြန်ချင်တယ်"
ဘတ်စ်ကားနှင့်သိပ်မဝေးသောနေရာတွင် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော သိုင်းပညာရှင် ၁၀ဖွဲ့ရှိလေသည်။ ထိုအဖွဲ့များမှာ စစ်ဆင်ရေးတွင်ပါဝင်ခွင့်ရှိသော မဟာမိတ်စင်တာနှင့် အခြားအဖွဲ့များမှငှားရမ်းထားသော ကြေးစားအဖွဲ့များဖြစ်သည်။
"ငါရယ်ရလို့သေတော့မယ် အဲဒီစစ်တပ်ထဲကအရေးပါတဲ့လူတွေက ဘာတွေတွေးနေကြတာလဲ သူတို့တကယ်ကြီးဒီကျောင်းသားတွေကို တောနက်ထဲလာခွင့်ပြုတာပဲ"
"ဟုတ်တယ် ငါလည်းလုံးဝနားမလည်ဘူး သန္ဓေပြောင်းသားရဲတစ်ကောင်တောင်မသတ်ဖူးတဲ့ကျောင်းသားတစ်အုပ်က ဘယ်လိုလုပ်ပြီးမိစ္ဆာစစ်သည်တွေနဲ့ တိုက်နိုင်မှာလဲ"
"ဟမ့် တောနက်ဧရိယာထဲမှာပစ္စည်းကောင်းတွေအများကြီးရှိတာ ဒီကျောင်းသားတွေက တကယ်ကံကောင်းတာပဲ"
သိုင်းပညာရှင်အဖွဲ့များမှာ သရော်နေကြလေသည်။
သိပ်မကြာခင်မှာပင် တောင်ပိုင်းကာကွယ်ရေးစခန်းတွင်ရှိနေသောတပ်မှူးချုပ်ချူမှာ ရှေ့သို့လျှောက်လာကာအလေးပြုပြီး ရှန်းကျင့်အားလက်ဆွဲနှုတ်ဆက်လာလေသည်။
"နည်းပြရှန်း ခင်ဗျားဦးဆောင်တဲ့လေ့ကျင့်ရေးအတန်းကကျောင်းသားတွေက တကယ့်ကိုတခြားကျောင်းသားတွေနဲ့မတူဘူးပဲ"
ရှန်းကျင့်မှာ မထူးဆန်းသလိုပင်ပြောလိုက်လေသည်။
"ဒီတိုင်း အမြင်ကောင်းရုံသက်သက်ပါ ဒီရက်တွေအတောအတွင်းလေ့ကျင့်ထားတာက အကျိုးရှိမရှိကတော့ တောနက်ထဲရောက်တဲ့အခါ သူတို့ရဲ့တကယ့်စွမ်းဆောင်ရည်ကို ကြည့်ရမှာပဲ"
....................................................................................
အခန်း (၁၀၁) ပြီးပါပြီ။
အခန်း (၁၀၂) : မှန်ကူကွက်မြက်စိမ်းလား
ထိုအပြောနှင့်အတူ အသံခပ်တိုးတိုးဖြင့်မေးလိုက်လေသည်။
"တောနက်ဧရိယာထဲမှာ လုံခြုံရေးကရောဘယ်လိုလဲ"
"စိတ်ချပါ ဧရိယာတိုင်းကိုစောင့်ကြည့်နေပါတယ် စစ်တပ်စခန်းထဲကမဟာဆရာသခင်တွေအားလုံးလည်း ဝင်ဖို့စီစဉ်ထားတယ် ပြီးတော့ဒီတစ်ခေါက်သူတို့ဝတ်ထားတဲ့ အဆင့်မြင့်ချပ်ဝတ်တွေအားလုံးက T-3 အမျိုးအစားတွေ ဒီအမျိုးအစားကအဆင့်နိမ့် မိစ္ဆာစစ်သူကြီးတွေရဲ့တိုက်ခိုက်မှုကိုတောင်ခံနိုင်တယ်"
တပ်မှူးချုပ်ချူမှာ အပြုံးဖြင့်ပြောလိုက်လေသည်။
"ဒါဆိုကောင်းတယ်"
ရှန့်ကျင်းမှာစိတ်သက်သာရာရသွားသော်လည်း တွေဝေစွာဖြင့်မေးလိုက်လေသည်။
"တပ်မှူးချုပ်ချူ တောနက်ဧရိယာထဲမှာ မိစ္ဆာစစ်သူကြီးတွေမရှိဘူးဆိုတာ သေချာရဲ့လား"
တပ်မှူးချုပ်ချူမှာလည်း ကူကယ်ရာမဲ့စွာပြောလိုက်လေသည်။
"စီနီယာကျိုး ကိုယ်တိုင်ဧရိယာတိုင်းကိုစစ်ဆေးထားတာ သူကအရမ်းသိုသိပ်တဲ့နေရာမှာ ပုန်းနေပါတယ်ဆိုတဲ့ အရိပ်ပိုးကောင်တွေကိုတောင် အလွတ်ပေးတာမဟုတ်ဘူး"
ထိုစကားအားကြားလိုက်မှသာ ရှန့်ကျင်းမှာ လုံးဝစိတ်အေးသွားကာ ပြုံးပြီးပြောလာလေသည်။
"စီနီယာကျိုးစစ်ဆေးထားတယ်ဆိုရင် သေချာပေါက်ဘာမတော်တဆမှဖြစ်မှာမဟုတ်ဘူး"
တပ်မှူးချုပ်ချူမှာ ရှန်းကျင့်၏ပခုံးအားပုတ်ကာ လက်မှနာရီကိုငုံ့ကြည့်လိုက်လေသည်။
"၁၀ မိနစ်ကျန်သေးတယ် ညွှန်ကြားချင်တာမျိုးရှိရင်ကျောင်းသားတွေကို အခုမြန်မြန်မှာလိုက်တော့ တောနက်ထဲဝင်သွားပြီဆိုတာနဲ့ အနှောင့်အယှက်မပေးမိစေနဲ့"
"သိပါပြီ"
သူ့စကားဆုံးသည်နှင့် ရှန်းကျင့်မှာနောက်လှည့်ကာ ကျောင်းသားများရှေ့သို့ ပြန်လျှောက်သွားလေသည်။
"ဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးမှာ မင်းတို့တစ်ယောက်ကို အနည်းဆုံးမိစ္ဆာစစ်သည် ၃ကောင်သတ်ရမယ် တကယ်လို့သတ်မှတ်ထားတဲ့နှုန်းထားမပြည့်ရင် မင်းတို့ကိုယ့်အရည်အချင်းကိုယ်သိပြီး လေ့ကျင့်ရေးအတန်းက ထွက်ဖို့ပြင်ထားကြ"
သူ၏အသံမှာမတိုးလှပေရာ အခြားအတန်းနှင့်အထက်တန်းကျောင်းများကပါ ကြားရလေသည်။
"ချီးပဲ ဒီလူကဘယ်အထက်တန်းကျောင်းကလဲ ရက်စက်လိုက်တာ"
"မိစ္ဆာစစ်သည် ၃ကောင်သတ်ရမယ် သူတို့ကရူးနေတာပဲ ကျောင်းသားတွေကိုအန္တရာယ်တောထဲတွန်းပို့ရတဲ့အထိ ဒီလောက်ထိဂုဏ်မက်နေတာလား"
"ငါသူတို့ကိုသိတယ် သူတို့ကချူမြိုအထက်တန်းကျောင်းရဲ့ဗဟိုလေ့ကျင့်ရေးအတန်းကဖြစ်မယ် ပြောတာတော့ယန်ကျင်းမြို့ကပုံရိပ်ယောင်အခန်းတွေကိုတောင် တင်သွင်းထားတယ်ဆိုပဲ"
"သိပြီ အဆင့်နိမ့်မိစ္ဆာစစ်သည် ၃ကောင်သတ်ခိုင်းရဲတာ မထူးဆန်းတော့ဘူး ဒါပေမဲ့လည်း သူကအဆင်အခြင်မဲ့သေးတာပဲ"
"ငါ့အထင်တော့ လူကြားကောင်းအောင်ပြောနေတာပဲထင်တယ် တကယ်လို့မိစ္ဆာစစ်သည်တွေသာ သတ်ရလွယ်ရင် သိုင်းပညာရှင်တွေချမ်းသာနေတာ ကြာလှပေါ့"
အခြားကျောင်းသားများမှာလည်း ဆွေးနွေးနေကြလေသည်။
"အဆင့်မြင့်ချပ်ဝတ်တွေ ဝေပေးလိုက်တော့"
ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာလေသည်။ အဆင့်မြင့်ချပ်ဝတ်များကိုကိုင်ထားသော စစ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် ကျောင်းသားတိုင်း၏ရှေ့သို့ရောက်လာလေသည်။
မလှမ်းမကမ်းရှိသိုင်းပညာရှင်အဖွဲ့မှာ ထိုမြင်ကွင်းအားကြည့်ပြီး အံ့အားသင့်သွားကြလေသည်။
"ချီးပဲ တကယ်ကြီး T-3 ကာကွယ်ရေးချပ်ဝတ်တွေဟ"
"ဒါက အဆင့်မြင့်ချပ်ဝတ်ပဲ သာမန်မိစ္တာစစ်သူကြီးတွေရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ် စစ်တပ်ကအရမ်းရက်ရောတာပဲ"
"ကျောင်းသားအုပ်စုကိုပေးတာ ဖြုန်းတီးတာပဲ ငါတို့ကိုလည်းပေးလောက်မယ်ထင်တယ်"
ဤသိုင်းပညာရှင်အဖွဲ့များမှာ စိတ်ထဲတွင်မကျေနပ်ကြပေ။ ဤအဆင့်မြင့်ချပ်ဝတ်များမှာ ဈေးကြီးရုံသာမက ဝယ်ယူ၍လည်းမရနိုင်ပေရာ သေချာသောအဆက်အသွယ်မရှိဘဲ ရရန်မှာမဖြစ်နိုင်ပေ။
လေ့ကျင့်ရေးအတန်းမှ ကျိုးဟောင်၊ ရှုလင်၊ ယွမ်ချန်းနှင့်အခြားလူများမှာလည်း ချပ်ဝတ်များ၏ကွာခြားချက်ကိုသတိထားမိလေသည်။
"ဒါကT-3 ချပ်ဝတ်ပဲ ကြည့်ရတာစစ်တပ်က အလောတကြီးဆုံးဖြတ်လိုက်တာမဟုတ်ဘူးပဲ ငါတို့ကျောင်းသားတွေရဲ့လုံခြုံရေးကိုတော့ ဂရုစိုက်သေးတယ်"
ယွင်ယန်နှင့်အခြားပါရမီရှင်များမှာလည်း အထက်တန်းစားမိသားစုများမှလာသူများဖြစ်ကြလေရာ တစ်ချက်ကြည့်ရုံဖြင့် ချပ်ဝတ်၏အဆင့်အားသိပေသည်။
အခြားကျောင်းသားများမှာလည်း ချပ်ဝတ်ကိုသိသွားကြလေရာ သူတို့၏အမူအရာများမှာ ချက်ချင်းကိုစိတ်အေးသွားလေတော့သည်။
ဝုန်း!
ထိုအချိန်၌ လေးလံသောသတ္တုတံခါးကြီးမှာ ဖြည်းညှင်းစွာပွင့်လာလေသည်။
"ဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးမှာ တောနက်ထဲမှာ အဖွဲ့တွေအချင်းချင်းတိုက်ခိုက်တာကို တားမြစ်ထားတယ် တကယ်လို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဖြစ်တယ်ကြားရင် ဖြစ်တဲ့အဖွဲ့ကပြင်းပြင်းထန်ထန်အပြစ်ပေးခံရမယ်"
ပထမဆုံးထွက်ခွာရသူများမှာ သိုင်းပညာရှင်အဖွဲ့များဖြစ်သည်။ တပ်မှူးချုပ်ချူ၏အသံထွက်ပေါ်လာသည်နှင့် ကျောင်းသားအများစုမှာ စိတ်ထဲတွင်တုန်လှုပ်လာကြလေသည်။ သူတို့၏အတွေးစများမှာလည်း ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။
အထက်တန်းကျောင်း ၄ကျောင်းမှ ကျောင်းသားပေါင်း ၁ထောင်ကျော်မှာ လည်းတန်းစီပြီးနောက်မှ နီးကပ်စွာလိုက်ပါသွားကြလေသည်။
သူတို့တောင်ပိုင်းစခန်းမှထွက်လိုက်သည်နှင့် မြို့တံတိုင်းနှင့်ကာကွယ်ရေးခံတပ် ၃ခုအား သားရဲများမှအုပ်စုဖွဲ့တိုက်ခိုက်ထားရာမှကျန်ရှိသော လက်စလက်နများမှာ ကျောင်းသားတိုင်း၏ရှေ့တွင် အထင်းသားပေါ်လာလေသည်။
မိစ္ဆာသားရဲအလောင်းအများအပြားကို ရှင်းလင်းပြီးပြီဖြစ်သော်လည်း မြေပြင်ပေါ်ရှိသွေးများမှာမခြောက်သေးပေ။ ရံဖန်ရံခါ ဆိုးရွားသောအနံ့အသက်များထွက်ပေါ်နေလေသည်။ ကာကွယ်ရေးခံတပ် ၃လိုင်းတွင် မရှင်းလင်းရသေးသောအပျက်အစီးအပိုင်းအစများစွာလည်း ရှိနေလေသည်။
"အော့..."
အချို့ကျောင်းသားများမှာ မနေနိုင်ဘဲပျို့တက်လာကြလေသည်။
ဘေးနှစ်ဖက်တွင်ရပ်နေသော စစ်သားများမှာ ရှေ့ကိုသာကြည့်နေကြလေသည်။
လေ့ကျင့်ရေးအတန်းအဖွဲ့ထဲမှ ကျောင်းသားအားလုံးမှာ ဘာသံမှမထွက်ပေ။ စစ်ပွဲလက်ကျန်အစအနကိုကြည့်ရုံဖြင့် သားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုမှာ မည်မျှဆိုးဝါးကြောင်းတွေးကြည့်လို့ရပေသည်။ အထူးသဖြင့် တံတိုင်းအမြင့်ကြီးပေါ်မှ ကြီးမားသောလက်သည်းရာကြီးပင်ဖြစ်သည်။ ထိုအရာမှာ အလွန်ထိတ်လန့်စရာပေ။
"စီနီယာကျိုးကြောင့်သာမဟုတ်ရင် ဒီတစ်ခေါက် သားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် တံတိုင်းကိုကျော်ပြီးမြို့ထဲထိရောက်လာမဲ့ အကျိုးဆက်ကိုတွေးတောင်မတွေးရဲဘူး"
"စီနီယာကျိုးတင်မကဘူး မြို့ကစစ်သားတွေလည်း လေးစားထိုက်တာပဲ"
"ဟုတ်တယ် သူတို့အသက်ကိုရင်းပြီး သားရဲတွေရဲ့တိုက်ခိုက်မှုကိုခုခံပေးခဲ့တာ"
တောနက်ဧရိယာထဲ မီတာပေါင်းထောင်ချီဝင်လာပြီးနောက်မှ ကျောင်းသားအများစုမှာအသိဝင်လာပြီး သက်ပြင်းချလာကြလေသည်။
ကျိုးဟောင်မှာ ကျန်းယိနှင့်ရှုလင်အားကြည့်ကာ ဘယ်ဧရိယာကိုရှင်းကြမလဲဟု မေးတော့မည့်အချိန်မှာပင် အသံတစ်သံအားကြားလိုက်ရလေသည်။
"ရှုလင် ပြီးခဲ့တဲ့အခေါက်ပုံရိပ်ယောင် တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်မှုမှာတုန်းက ငါတို့နင့်ကိုရှုံးခဲ့တယ် ဒီတစ်ခေါက် တကယ့်တောနက်ဧရိယာထဲမှာ နင်ထပ်ပြိုင်ရဲလား"
ပြောလိုက်သောသူမှာဖန်းယွီဖြစ်ပြီး သူမ၏မျက်လုံးထဲတွင် မလိုမုန်းထားသောအမူအရာများဖြင့်ပြည့်နေလေသည်။
ရှုလင်မှာမျက်မှောင်ကြုတ်သွားလေသည်။
"ကောင်းပြီလေ ပြိုင်ကြတာပေါ့ နင့်ကိုကြောက်နေစရာမှမလိုတာ ဒါပေမဲ့ လောင်းကြေးတစ်ခုခုတော့ရှိရမယ်မလား မဟုတ်ရင်တော့ ငါတို့စိတ်မဝင်စားဘူး"
ကျိုးဟောင်မှာ မထူးဆန်းသလိုပင်ပြောလိုက်လေသည်။
ဖန်းယွီမှာနှာခေါင်းရှုံ့ကာ လက်ဖဝါးအားဖြန့်လိုက်လေရာ သူမ၏လက်ထဲတွင်အရွက်လေးရွက်ပါသောအပင်တစ်ခုပေါ်လာလေသည်။ ထိုအရွက်ပေါ်တွင် လူသားတစ်ယောက်၏သွေးကြောများနှင့်ဆင်သော သွေးရောင်အကြောများရှိနေလေသည်။
"မှန်ကူကွက် မြက်စိမ်း"
ရှုလင်မှာ ကျိုးဟောင်အားအပြစ်တင် တော့မည့်အချိန်မှာပင် အရွက်လေးရွက်ပါသောအပင်အားမြင်လိုက်ရသောအခါ အံ့အားမသင့်ဘဲမနေနိုင်တော့ပေ။
အခြားကျောင်းသားများမှာလည်း ထိုအပင်အားစိုက်ကြည့်နေကြလေသည်။
ကျိုးဟောင်မှာအံ့အားသင့်စွာဖြင့်ပြောလိုက်လေသည်။
"ရှုလင် ဒါကသွေးအနှစ်သာရကိုအကြီးအကျယ်တိုးမြှင့်ပေးပြီး သိုင်းပညာရှင်အဆင့်ကိုချိုးဖောက်နိုင်တဲ့အလားအလာကို မြှင့်တင်ပေးတဲ့ မှန်ကူကွက်မြက်စိမ်းမလား"
ရှုလင်မှာခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်တယ် မှန်ကူကွက်မြက်စိမ်းက အဆင့်မြင့်ကျင့်ကြံရေးအရင်းအမြစ်မဟုတ်ပေမဲ့ ရှာတွေ့ဖို့တော့ အတော်ခက်တယ် ပြီးတော့ များသောအားဖြင့်က ဒီအပင်မှာအရွက် ၃ရွက်ပဲပါတာ ဒါပေမဲ့ဒီတစ်ခုမှာက ၄ရွက်ပါတယ် စားလိုက်ရင်အကျိုးသက်ရောက်မှုကလည်း ပိုကောင်းမှာပဲ"
သူမ၏အသံတွင် အားကျမှုများဖြင့်ပြည့်နေလေသည်။
....................................................................................
အခန်း (၁၀၂) ပြီးပါပြီ။